အပိုင်း ၁၂၉
Viewers 14k

 

 

အခန်း(၁၂၉) - တော်တော်လေး ကောက်ကျစ်စဥ်းလဲတာပဲ

 

လျန့်ယိုရှောင်နှင့် ရှစ်မိသားစုရဲ့ တတိယသားရဲ့ ထိတ်လန့်သည့် အမူအရာကိုတွေ့တော့ ရှစ်ချင်းလျို့က ပြုံးခဲ့သည်။

 

ထို့နောက် သူမရဲ့ ခင်ပွန်းကို ကြည့်လိုက်သည်။

 

သူ့မျက်လုံးတွေက တည်ငြိမ်နေကာ အပြုံးလေး လစ်ဟပြထားသည်။

 

ထင်သည့်အတိုင်း သူမ ခင်ပွန်းက ထိတ်လန့်မနေပေ။

 

သူမက ရှစ်မိသားစုရဲ့ တတိယသားကို ပြောလိုက်သည်။ "ကျွန်မ ပြောခဲ့တာတွေက ရှင်နဲ့ ရှစ်မိသားစုရဲ့ စတုတ္ထသားကို ပိုအကျိုးရှိစေတယ်။"

 

သူမက ထပ်ပြောခဲ့သည်။ "ဝူမိသားစုရဲ့ တရားမဝင်သမီးနဲ့ လက်ထပ်ပြီးရင် ရှစ်မိသားစုရဲ့စတုတ္ထသား ဘယ်လောက်တောင် အကျိုးအမြတ်ရမလဲဆိုတာ ရှစ်မိသားစု သိပါစေ။"

 

ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေက သူမ ရောက်ခါစက ကမ္ဘာမြေဗုံးဖြင့် ခြိမ်းခြောက်ခဲ့တာကြောင့် သူမရှေ့မှာ အားနည်းချင်ယောင်ဆောင်နေတာ ဖြစ်သည်။

 

သူမက သူတို့ကို အရင်ဆုံး မျက်ကလူးဆန်ပျာ ဖြစ်အောင်လုပ်ခဲ့သည်။

 

မဟုတ်ပါက ရှစ်မိသားစုရဲ့ တိုက်ခိုက်စွမ်းရည်က အသေးအမွှား မဟုတ်ပေ။

 

ရှစ်သခင်မကြီးနှင့် တခြားလူတွေ ဒေါသပုန်ထသည့်အခါ သူတို့က ရှောင်သခင်မကြီးထက် အားမနည်းပေ။

 

ရှစ်မိသားစုရဲ့ တတိယသားက ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ ငါ့ညီကို သူသဘောကျမယ့် အကျိုးအမြတ်တွေနဲ့ ရှင်းပြလိုက်မယ်၊ သူ သေချာပေါက် စကားနားထောင်လိမ့်မယ်။"

 

ရှစ်မိသားစုက အရှုံးမရှိသည့်အပြင် ဝူမိသားစုကိုပါ အမြတ်ထုတ်နိုင်ဦးမည်။ ဘာကြောင့် မလုပ်စရာ အကြောင်းရှိမည်နည်း။

 

လျန့်ယိုရှောင်က သူ့အတွက်သူ လက်ဖက်ရည် တစ်ခွက် ငှဲ့ထည့်ပြီး သိချင်စွာဖြင့် ရှစ်ချင်းလျို့ကို မေးခဲ့သည်။ "ဒါဆို မြို့တော်ကလူတွေကျတော့ ဘယ်လိုလုပ်မှာလဲ၊ စောစောက ငါပြောခဲ့တဲ့နည်းကို သုံးမှာလား။"

 

အဲလိုဆိုရင်တော့ စိတ်ဝင်စားဖို့ မကောင်းပေ။

 

အရေးကြီးတာကို ရှောင်ယွမ်ရှစ်ကို အကြီးအကျယ် ခေါင်းကိုက်စေမှာ မဟုတ်ပေ။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ရှင့်နည်းလမ်းက ယုတ္တိရှိပါတယ်၊ ဒါပေမဲ့ အဓိက ဇာတ်ကောင်ကို ပြောင်းရမယ်။"

 

လျန့်ယိုရှောင်က ရှုပ်ထွေးသွားခဲ့သည်။ "အဓိကဇာတ်ကောင်၊ ဘာပြောချင်တာလဲ။"

 

ရှစ်မိသားစုရဲ့ တတိယသားကလည်း သူမကို ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။

 

ဒီတစ်ခါတော့ ရှောင်ဟန်ကျန့်လည်း သူမ ပြောတာ နားမလည်ပေ။

 

ရှစ်ချင်းလျို့က သူတို့ကို ဆက်လက်ပြီး ဝေခွဲမရဖြစ်အောင် မလုပ်ပေ။ "အမျိုးသမီးနေရာမှာ အမျိုးသားပြောင်းမှာ၊ မြို့တော်ကလူတွေကိုတော့ တူညီတဲ့နည်းလမ်းသုံးပြီး ရှင်းမှာ၊ ပြီးရင် သူများတွေ ဖမ်းမိအောင်လုပ်မှာ၊ စစ်သူကြီးရှောင်က အမျိုးသမီးတွေကို စိတ်မဝင်စားဘဲ အမျိုးသားတွေကို စိတ်ဝင်စားတဲ့အကြောင်း တစ်မြို့လုံး သိသွားပါစေ။"

 

သူမက တခစ်ခစ်ရယ်ခဲ့သည်။ "အကြီးတန်းစစ်သူကြီးမှာ အဲလိုဝါသနာရှိနေမှတော့ သူ့ဂုဏ်သိက္ခာ တော်တော်ထိခိုက်မှာပဲ၊ အနာဂတ်မှာ ဘုရင်ကြီးနဲ့ တော်ဝင်ခုံရုံးအရာရှိတွေက စစ်သူကြီးရှောင်က ဒီလိုတွေစိတ်ဝင်စားတာလားဆိုပြီး တွေးကုန်လိမ့်မယ်၊ သူ့မိတ်ဆွေတွေလည်း စိတ်မသက်မသာဖြစ်ပြီး သူတို့ကို အန္တရာယ်ပေးမှာ ကြောက်ကုန်လိမ့်မယ်၊ ပြီးတော့ စစ်တပ်မှာ အများဆုံးရှိတာက ဘာလဲ၊ အမျိုးသားတွေပေါ့၊ နောက်တစ်ခါ စစ်သူကြီးရှောင် တပ်စခန်းကိုသွားရင် သူက သူတို့ကို လက်တင်မှာကို ကြောက်ကြလိမ့်မယ်၊ အဲလိုမျိုး သဘောကျစိတ်ဝင်စားတဲ့ အမျိုးသားတွေကလည်း သူ့ဆီ ချည်းကပ်လိမ့်မယ်၊ ဒါက သူ့ကို လုံးဝ မသက်မသာ ဖြစ်စေလိမ့်မယ်၊ ဒါ့အပြင် ဒီအကြောင်းကို စစ်သူကြီးစံအိမ်က အမျိုးသမီးသိသွားရင် မရွံရှာဘဲနေပါ့မလား၊ ဒါက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ။"

 

"ဖွီး။" လျန့်ယိုရှောင်က သောက်နေသည့် လက်ဖက်ရည်ပင် ထွေးထုတ်မိလိုက်သည်။ "ဘုရားရေ မင်းက အံ့ဖွယ်ပဲ။"

 

ဒီကိစ္စသာ တကယ်ဖြစ်သွားရင် စစ်သူကြီးရှောင်ရဲ့ ဂုဏ်သတင်း ဘယ်လောက်ထိခိုက်သွားမလဲ မသိပေ။

 

ဒီအကြံဉာဏ်က ယုတ်မာသော်လည်း သူသဘောကျသည်။

 

တွေးကြည့်ရုံနဲ့တင် အလွန် စိတ်လှုပ်ရှားဖို့ကောင်းသည်။

 

ရှစ်မိသားစုရဲ့ တတိယာသားက ဆွံ့အနေခဲ့သည်။

 

အရိုးထဲထိစိမ့်အောင် အေးစက်သွားခဲ့သည်။

 

အနာဂတ်မှာ လူတိုင်းကို ဆန့်ကျင်ရင်တောင် သူမကိုတော့ မဆန့်ကျင်မိဖို့ သူဆုံးဖြတ်လိုက်သည်။

 

မဟုတ်ပါက သူဘယ်လိုသေသွားလဲဆိုတာတောင် မသိရဘဲ နေဦးမည်။

 

အရမ်းကောက်ကျစ်တာပဲ။ တော်တော်လေး ကောက်ကျစ်စဥ်းလဲတာပဲ။

 

ရှောင်ယွမ်ရှစ်အတွက်သာ စိတ်ထဲက ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပေးလိုက်သည်။

 

ရှောင်ဟန်ကျန့်လည်း အစက ကြက်သေသေသွားပေမယ့် နောက်တော့ သူ့မျက်လုံးထဲက အပြုံးတွေက ပိုထင်ရှားလာခဲ့သည်။

 

သူ့ဇနီးက ဘယ်လိုလုပ် အဲလောက် ကောက်ကျစ်စဥ်းလဲပြီး ချစ်ဖို့ကောင်းတာလဲ။

 

အကယ်၍ ဒီကိစ္စသာ အောင်မြင်သွားပါက သူရဲ့ ဆန်ကုန်မြေလေးအဖေက အရင်က ရှောင်မိသားစုဟောင်းရဲ့ ပြဿနာကောင်တွေ ပြဿနာရှာခဲ့တာထက် ပိုဆိုးမည်ဖြစ်သည်။

 

ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေက ခဏတော့ သူ့ဘဝကို ဂုဏ်သိက္ခာရှိရှိ နေနိုင်မည် မဟုတ်တော့ပေ။

 

သူသွားသည့်နေရာတိုင်း လူတွေကသူ့ကို ထူးဆန်းကာ ရွံရှာသည့် အကြည့်ဖြင့် ကြည့်ကြလိမ့်မည်။

 

ထိုအမျိုးသမီးရဲ့ သူ့ဆန်ကုန်မြေလေးအဖေကို မောင်ပိုင်စီးလိုသောစိတ်က ထူးထူးခြားခြား စိုးမိုးခြယ်လှယ်တတ်သည်။

 

သူမသာ ဒီကိစ္စကို သိသွားပါက ရွံရှာကာသေသွားနိုင်သည်။

 

အကယ်၍ သူ့ရဲ့ဆန်ကုန်မြေလေူအဖေသာ တခြားမိန်းမနှင့် ရှိပါက သူမ ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။

 

သို့ပေမယ့် အဓိကဇာတ်ကောင် ပြောင်းသွားပါက ထိုအမျိုးသမီး မည်သို့ လုပ်မည်နည်း။

 

တစ်ယောက်ယောက်က သူ့ကို အကောက်ကြံတာကို သိရင်တောင် သူမက သူ့ကို ရွံရှာနေဦးမည်ဖြစ်သည်။

 

သူ့ကိုမြင်သည့်အခါတိုင်း ရွံရှာနေကာ အနာဂတ်မှာလည်း တစ်ခန်းတည်း နေလိုမည် မဟုတ်ပေ။

 

သူ့ဆန်ကုန်မြေလေးအဖေရဲ့ အကျင့်စရိုက်အရ သူမကို မှတ်ချက်တချို့ ပြောလိမ့်မည်။

 

သူတို့နှစ်ယောက်ကြားက ချစ်ခြင်းက ရွှေထက် ခိုင်မာသည်ဟု ပြောတာကြောင့် သူတို့ကြားက ဆက်ဆံရေး ထိခိုက်သွားလိမ့်မည်။

 

သူ့ဇနီးပြောသလိုပင် ခဲတစ်လုံးနှင့် ငှက်များစွာကို ပစ်နိုင်တာဖြစ်သည်။

 

အဓိကအချက်က သူ့ဆန်ကုန်မြေလေးအဖေတို့လင်မယားက သူတို့ကို အာရုံမစိုက်နိုင်ပေ။

 

သူတို့လည်း ခဏ အနားရနိုင်သည်။

 

သူ့ဆန်ကုန်မြေလေးအဖေ လင်မယားက သူ့ဇနီးကို သတ်ဖြတ်ချင်နေသည်။

 

ဒါဟာ သူ သည်းမခံနိုင်သည့် ကိစ္စရပ် ဖြစ်သည်။

 

ထို့ကြောင့် ဒါက ကောက်ကျစ်စဥ်းလဲသည့် အကြံဖြစ်သော်လည်း သူ သဘောကျသည်။

 

သူ့ဆန်ကုန်မြေလေးအဖေ လင်မယားကို လူတွေရဲ့ တုံ့ပြန်မှုကို အရင်ခံစားရစေချင်သည်။

 

သူ့ဆန်ကုန်မြေလေးအဖေက တခြားလူတွေဆီကနေ ထောက်ပံ့မှုတချို့ ရထားကြောင်း သူသိသည်။

 

အကယ်၍ ဒီကိစ္စသာ အောင်မြင်သွားရင် သူ့ဂုဏ်သတင်း လုံးဝ ပျက်စီးသွားတာမျိုးတော့ မဟုတ်ပေ။

 

သို့ပေမယ့်လည်း အရေးပါအရာရှိကြီး ဖြစ်ဖို့ အဟန့်အတား ဖြစ်သွားနိုင်သည်။

 

သူ့ဆန်ကုန်မြေလေးအဖေက မှူးမတ်ကြီး ဖြစ်ချင်တာကြောင့် သူ့အိပ်မက်ကို တားဆီးနိုင်သည်။

 

လျန့်ယိုရှောင်က ရှစ်ချင်းလျို့ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ဒါဆို ဘယ်အချိန်လုပ်မှာလဲ။"

 

ဒီလူက သူမ ခင်ပွန်းထက်တောင် ပိုစိတ်လှုပ်ရှားနေတာပဲဟု ရှစ်ချင်းလျို့က တွေးလိုက်သည်။ မသိသည့် လူတွေက ရှောင်ယွမ်ရှစ်က သူ့ရဲ့ ဆန်ကုန်မြေလေးအဖေဟု ထင်နေကြကုန်ဦးမည်။

 

"အခု ဒါက ကျွန်မတို့ရဲ့ လုပ်နိုင်စွမ်းကို ကျော်နေတယ်၊ မြို့တော်မှာ အသိမှ မရှိတာ ဘယ်လိုလုပ်ရမှာလဲ၊ စစ်သူကြီးရှောင်ကို အောင်အောင်မြင်မြင် ဆွဲချနိုင်မယ်ဆိုရင်တောင် အဲလို လုပ်ရဲမယ့်လူကို ရှာရဦးမယ်။"

 

သူမက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေကို ဆွဲချချင်သော်လည်း အပြစ်မဲ့သည့်လူတွေကို ဝင်မပါစေချင်ပေ။

 

ဥပမာအားဖြင့် ဝူမိသားစုရဲ့ တရားမဝင်သမီးက သူမ ခင်ပွန်းကို ကြိုက်မနေဘဲ လုယူဖို့ မရည်ရွယ်ပါက သူမက ရှစ်မိသားစုရဲ့ စတုတ္ထသားကို ပါဝင်ခိုင်းမည် မဟုတ်ပေ။

 

"နောက်တစ်ခါ အခွင့်ရှိမှ ထပ်ပြောကြတာပေါ့။"

 

အကယ်၍ သူမ လုပ်နိုင်တယ်ဆိုရင်တောင် ဒီလူနှင့် ရှစ်မိသားစုရဲ့ တတိယသားကို သူမရဲ့ လျှို့ဝှက်ကဒ်ကို ထုတ်မပြနိုင်ပေ။

 

ဒါ့အပြင် မြို့တော်ကလူတွေ လုပ်နိုင်မည်ဟု သူမ မထင်ပေ။

 

ရှောင်ယွမ်ရှစ်က အကြီးတန်းစစ်သူကြီးဖြစ်ကာ စစ်တပ်မှာ အာဏာကြီးသူ ဖြစ်သည်။

 

သူ့ကိုဆွဲချရတာခက်ပြီး သူ့ကိုတိုက်ခိုက်ရဲမည့်လူကို ရှာရတာလည်း စိတ်ခေါ်မှု တစ်ရပ် ဖြစ်သည်။

 

အခု သူတို့ မလုပ်နိုင်သေးတာ နှမြောဖို့ကောင်းသည်။

 

မဟုတ်ပါက ဒါက ပွဲအကြီးကြီးဖြစ်သွားနိုင်သည်။ တွေးကြည့်ရုံဖြင့် သူမကို စိတ်လှုပ်ရှားစေသည်။

 

လျန့်ယိုရှောင်က အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ "ဒါဆို ဘယ်လောက်တောင် စောင့်ရဦးမှာလဲ။"

 

သူက ပွဲကြည့်ရတာကြိုက်ပြီး အထူးသဖြင့် ရှောင်ယွမ်ရှစ်က မကောင်းသည့်လူဖြစ်နေတာကြောင့် ဖြစ်သည်။

 

ပထမဇနီးကို မှီခိုပြီးမှ ကျေးဇူးကန်းသည့်လူကို သူသိပ်မုန်းသည်။

 

ရှစ်ချင်းလျို့ ပြောတာတွေကို သူ မယုံသင်္ကာ မဖြစ်ပေ။

 

သူရွာထဲမှာ ပတ်မေးနိုင်သလို လူလွှတ်ကာလည်း စုံစမ်းနိုင်သည်။

 

ရှစ်ချင်းလျို့က သူ့ကို မျက်လုံးလည်ပြလိုက်သည်။ "ကျွန်မလည်း မြန်မြန်လုပ်ချင်တာပါပဲ၊ ဒါပေမဲ့ တတ်မှမတတ်နိုင်တာကို။"

 

ရှောင်ဟန်ကျန့်က ခေါင်းငုံ့ကာ စဥ်းစားလိုက်သည်။ ဘယ်လိုလုပ်ရမလဲ။

 

သူလည်း နည်းနည်းတော့ စိတ်မရှည်ဖြစ်နေသည်။

 

မြို့တော်ကလူတွေ သူ့ဇနီးပြောသည့် တာဝန်နှစ်ချက်ကို မလုပ်ဆောင်နိုင်တာ သေချာသည်။

 

သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူပြန်လည်မွေးဖွားလာတာက မကြာသေးပေ။

 

သူ့မှာ သူ့ဆန်ကုန်မြေလေးအဖေနှင့် တိုက်ခိုက်ဖို့ အတွေ့အကြုံအများကြီး မစုစည်းရသေးပေ။

 

ထို့ကြောင့် သူ့ဆန်ကုန်မြေလေးအဖေရဲ့ ရန်သူတွေကို ရှာတာမျိုး စသည့်တခြားနည်းလမ်းရှာရမည်။