အပိုင်း(၁၄၈) - သင်အိပ်ပျော်သွားတဲ့အခါ တစ်ယောက်ယောက်က ခေါင်းအုံးပေးလိမ့်မည်
ရှီလွေ့က နောက်ထပ်အထက်တန်းလွှာ သခင်လေးနှစ်ယောက်ကို အိမ်ကိုခေါ်လာခဲ့သည်။
လျန့်ယိုရှောင်က လက်ဖက်ရည်ကို ဇိမ်ပြေပြေသောက်ကာ မုန့်ကို ဇိမ်ရှိရှိ ဝါးနေတာ တွေ့လိုက်လေသည်။
ပိုင်မိသားစုရဲ့ လက်ဖက်ရည်ဆိုင်ကြောင့် ကုန်းဖူလက်ဖက်ရည်က မြို့တော်မှာ
ရေပန်းစားလာခဲ့သည်။
ရှီလွေ့က ဝင်ထိုင်ကာ သူ့အတွက်သူ လက်ဖက်ရည် ငှဲ့ခဲ့သည်။
"ယို့ရှောင် မင်းရဲ့ ခြေထောက်တွေ မကျိုးသေးပါလား။"
လျန့်ယိုရှောင်က မျက်ခုံးပင့်ခဲ့သည်။ "မင်းခြေထောက်တောင် မကျိုးသေးတာ၊ ငါက ဘာကိစ္စ ကျိုးရမှာလဲ၊
မင်းက ဘာလာလုပ်တာလဲ။"
သူက ပြောပြီးနောက် သူတို့ သုံးယောက်ထံသို့ မုန့်ချိုခဲတွေ ပစ်ပေးလိုက်လေသည်။
ရှီလွေ့က တစ်ခုယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။
သူ့မျက်လုံးတွေက လက်သွားခဲ့သည်။ "ဒါ ဘာအစာသွပ်မုန့်လဲ၊
စားကောင်းလိုက်တာ။"
လျန့်ယိုရှောင်က ပြုံးကာ ပြောခဲ့သည်။ "ဒါ အစာသွပ်မုန့် မဟုတ်ဘူး၊ မုန့်ချိုခဲ။"
ရှီလွေ့က ကြက်သေသေသွားခဲ့သည်။ "သကြားလိုမျိုးလား။"
သူက ကျိုထားသည့် သကြား၊ သကြားညိုနှင့် သကြားဝါသာ စားဖူးသည်။
ဒီလို သကြားပုံစံမျိုးတော့ သူ တစ်ခါမှ မစားဖူးပေ။
လျန့်ယိုရှောင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ မင်းကြိုက်ရင် မင်းအတွက် လူလွှတ်ပြီး
တစ်ထုပ် ပို့ခိုင်းလိုက်မယ်။"
သူက ရှစ်ချင်းလျို့ဆီက မုန့်ချိုခဲတွေ၊ နို့သကြားတွေနှင့် သစ်သီးသကြားတွေ
ယူလာခဲ့သည်။ နန်ရှီမြို့ရဲ့ ကြာဇံ၊ နှမ်းဆော့စသည်တို့ကိုလည်း
ယူလာခဲ့သည်။
သို့ပေမယ့် သူက ကြီးမားလေးလံသည့် ပစ္စည်းတွေ သယ်မလာဘဲ ပြန်လာခဲ့သည်။
ကုန်းကြောင်းဖြင့် သယ်သည့်ပစ္စည်းက နှေးကာ ရက်အနည်းငယ်နောက်ကျပြီးမှ မြို့တော်ကို ရောက်မှာဖြစ်သည်။
ရှီလွေ့က ချိုသည့် အစားအစာတွေကို စားရတာကြိုက်သည်။
သူက အေးဆေးစွာ ပြောခဲ့သည်။ "ဒါပေါ့၊ ငါ့ကို တစ်ထုပ် ထပ်ပေးပါဦး၊
အဖွားစားဖို့လည်း ယူသွားချင်လို့။"
သူ့အဖွားနှင့် အမေကို ပေးနိုင်မည့် အရာရှိပါက သူက ချန်လှပ်မထားပေ။
ထို့ကြောင့် အပြင်မှာ ဘာတွေပဲဖြစ်နေပါစေ၊ သူ့အဖေ ဘယ်လောက်ပဲ
ဒေါသထွက်ပါစေ သူအေးအေးဆေးဆေး နေနိုင်တာ ဖြစ်သည်။
"ကိစ္စမရှိဘူး။" လျန့်ယိုရှောင်က
သဘောတူခဲ့သည်။
သက်ကြီးရွယ်အိုတွေနှင့် အတူတူနေရတာက အိမ်မှာ ရတနာရှိနေတာနှင့်တူသည်
ဟူသော တရုတ်ဆိုရိုးအတိုင်း ဖြစ်သည်။ သူတို့ခြေထောက် ကျိုး မကျိုးက သူတို့အဖွားကို ကောင်းကောင်း
ချော့နိုင်ခြင်း မချော့နိုင်ခြင်းအပေါ် မူတည်သည်။ ရှီလွေ့က အဓိကအကြောင်းကို ပြောလိုက်သည်။
"မင်း မာကျောက်တွေ ယူပြန်လာတယ်ဆို၊ ဆော့ရတာ ပျော်ဖို့ကောင်းလား။"
မနေ့က လျန်သခင်ကြီးက သူ့အဖိုးနှင့် မာကျောက် ကစားခဲ့သည်။
အစက သူ့အဖိုးက အလွန်အထင်အမြင်သေးကာ ထိုကိစ္စကြောင့် သူ့ရဲ့
ကြီးမားသည့် ရည်မှန်းချက်ကို အာရုံစိုက်မှု လျော့ကျသွားနိုင်သည်ဟု ထင်ခဲ့သည်။
ဒါပေမဲ့ နောက်ဆုံးတော့လည်း သူ့မိသားစုရဲ့ တိုက်တွန်းချက် မပါဘဲ
သူ့အဖိုးက သူ့မိတ်ဆွေသုံးယောက်ဖြင့် တစ်ညလုံး မာကျောက်ကစားခဲ့လေသည်။
ထို့ကြောင့်ပဲ သူက မာကျောက်အကြောင်း သိချင်လာတာ ဖြစ်သည်။
လျန့်ယိုရှောင်က ခပ်ဟဟရယ်ကာ ပြောခဲ့သည်။ "ဒါပေါ့ ပျော်ဖို့ကောင်းတာပေါ့၊ မဟုတ်ရင် ငါ့အဖိုးက
စိတ်ဝင်းစားပါ့မလား၊ အခု ငါတို့လေးယောက်ရှိတယ်ဆိုတော့ မင်းတို့ အကျွမ်းတဝင်ရှိသွားအောင်
ပွဲအနည်းငယ် ကစားရအောင်လေ။"
ရှီလွေ့က ဒီကိစ္စအတွက်လာတာဖြစ်သည်။ "ဒါဆိုလည်း စရအောင်။"
ဒီလိုဖြင့် သူတို့လေးယောက် မာကျောက် ကစားခဲ့လေသည်။
ရှေးခေတ်မှာ ဖျော်ဖြေရေးက အလွန်နည်းပါးသည်။
ရှီလွေ့နှင့် ကျန်သည့် နှစ်ယောက်ကလည်း မာကျောက် ကစားခြင်းကို
ကြိုက်သွားခဲ့လေသည်။
ထို့နောက် လျန့်ယိုရှောင်က အိတ်ထဲက ဖဲချပ်တွေထုတ်ကာ
တုံတီကျူ၊ ကျာ့ကျင်းဟွား စသည့် ဖဲကစားနည်းတွေ သင်ပေးခဲ့သည်။
ရှီလွေ့က မာကျောက်ထက် ကျာ့ကျင်းဟွားကို ပိုသဘောကျနေသည်။
သူက လျန့်ယိုရှောင်ဆီမှာ ငွေ ၁၀၀ကျော်
ရှုံးပြီးတာတောင် စိတ်လှုပ်ရှားဖို့ကောင်းသည်ဟု ထင်နေဆဲ ဖြစ်သည်။
ဒီလိုဖြင့် ရှီလွေ့က လျန်မိသားစုအိမ်ကို မာကျောက် စကားဖို့
ရက်အနည်းငယ် ထပ်လာခဲ့သည်။ ဒီနေ့တော့ နေ့လည်ပိုင်း မာကျောက်ကစားပြီး ညစာ စားပြီးနောက်
လျန့်ယိုရှောင်က အတူတူ လိုက်ပါလာသည့် အထက်တန်းလွှာက သခင်လေးတွေကို
ပြန်လွှတ်ခဲ့သည်။
သူနှင့် ရှီလွေ့သာ ကျန်ခဲ့သည်။
ရှီလွေ့ကလည်း အထက်တန်းလွှာက ဖြစ်တာကြောင့် မတုံးအပေ။
"မင်းပြောစရာရှိလို့လား။"
လျန့်ယိုရှောင်က ပြုံးကာ ပြောခဲ့သည်။ "ငါတို့ ဒီလို စကားမပြောရတာ ကြာပြီမလား၊ ငါက စီးပွားရေး
လုပ်ချင်ပေမယ့် ငါ့အဖေက ငြင်းပယ်ခဲ့တယ်ကွာ၊ အဲ့တာနဲ့ ငါလည်း တအားစိတ်ညစ်ပြီး
ငါ့ရဲ့ ရင်တွင်းခံစားချက်တွေကို မင်းကို မျှဝေချင်လို့ပါကွာ။"
ရှီလွေ့က သူ့ကို ကူကယ်ရာမဲ့သည့်အကြည့်တစ်ချက် ပေးခဲ့သည်။
"ညီကိုရေ မင်းကိုတော့ ဒါနဲ့ပတ်သက်ပြီး ငါလည်း အကူအညီ မပေးနိုင်ဘူးကွ၊ ငါလည်း စီးပွားရေးလောကထဲ
စွန့်စားမယ်ဆိုရင်တော့ ငါ့အဖေလည်း ငါ့ကို ရိုက်မှာပဲ။"
လျန့်ယိုရှောင်က ခွက်မြှောက်ကာ တစ်ငုံသောက်လိုက်သည်။ "ထားပါတော့၊ ဒီဒေါသထွက်စရာ ကိစ္စကို
မပြောတော့ဘူး။"
မတော်တဆ မေးခွန်းမေးလို့ရမည့် အခွင့်အရေးကို သူတွေ့သွားခဲ့သည်။
"ဒါနဲ့ စကားမစပ် မင်းနဲ့ ရှောင်မိသားစုရဲ့ ဆက်ဆံရေး အဆင်ပြေလား။"
ရှီလွေ့က မဲ့ရွဲ့လိုက်သည်။ "မင်းမေကြီးတော်ကို အဆင်ပြေပါလား၊
ပြီးခဲ့တဲ့လက ငါ့လူတွေက ရှောင်ယွမ်ရှစ်ရဲ့ ယောက်ဖကို ရိုက်နှက်ခဲ့တာ၊
အဲ့တာ ရှောင်ယွမ်ရှစ်က ငါ့အဖေကို ချွန်လိုက်လို့ ငါကြိမ်လုံးစာ
နှစ်ချက် မိခဲ့တယ်။"
ပြန်တွေးမိရုံဖြင့် သူ့ကို ဒေါသထွက်စေသည်။
လျန့်ယိုရှောင်ရဲ့ အပြုံးတွေက ပိုနက်နဲသွားခဲ့သည်။ "မင်းက သူ့ယောက်ဖကို ဘာလို့ သွားရိုက်တာလဲ။"
ရှီလွေ့က အထင်အမြင်သေးစွာ ပြောခဲ့သည်။ "အဲကောင်က အထူးပညာရပ်သင်ကျောင်းမှာတုန်းက
သိပ်မောက်မာတာလေ၊ သူ့ကိုယ်သူ အနာဂတ်မှာ တိုက်ခိုက်ရေးစာသင်သားဖြစ်လာမယ်ထင်နေတာ၊ သူက
အထူးပညာရပ်သင်ကျောင်းက တခြားအထက်တန်းလွှာတွေနဲ့ ငါ့ကို အထင်သေးနေတာ၊ ငါက စားသောက်ဆိုင်မှာ
ရံဖန်ရံခါ သောက်ရင်း သူနဲ့ ဆုံတော့ အထင်သေးစွာပြောခဲ့တယ်၊ ငါ့လို အထက်တန်းလွှာက ကောင်က
သောက်စားပျော်ပါးတာကလွဲရင် ဘာမှ မသိဘူးလို့ သူက ပြောရဲတယ်၊ ငါ့မိသားစုနောက်ခံကြောင့်သာ
မဟုတ်ရင် ငါက ဘာမှ မဟုတ်ဘူးတဲ့၊ ငါလည်း ဒေါသထွက်လာတာနဲ့ ငါ့လူတွေနဲ့ သူ့ကို ဆော်ခိုင်းပြီး
စာရေးတဲ့လက်ကို ချိုးပစ်ခဲ့တယ်။"
လျန့်ယိုရှောင်က သူနှင့် ဘုံရန်သူရှိနေတာကို သိခဲ့သည်။ "အကျင့်စာရိတ္တ မကောင်းလို့ ကျောင်းကထုတ်ခံခဲ့ရတဲ့ကောင်က
ငါတို့ကိုများ ဘာကောင်မှ မဟုတ်ဘူးလို့ ပြောရဲသေးတယ်၊ ဘယ်ကရတဲ့ သတ္တိတွေလဲ။"
ရှီလွေ့က ခနဲ့ခဲ့သည်။ "ရှောင်ယွမ်ရှစ် ပေးတဲ့ သတ္တိတွေပေါ့။"
လျန့်ယိုရှောင်က သိချင်စွာ မေးခဲ့သည်။ "ရှောင်ယွမ်ရှစ်က မင်းကို ဘယ်လို ချောက်တွန်းလိုက်လို့
မင်းက အရိုက်ခံလိုက်ရတာလဲ။"
ကိစ္စကြီးကြီးမားမား မဟုတ်ဘူးဟု ပြောကာ ရှီသခင်မကြီး ကာကွယ်ပေးခဲ့တာကြောင့်
ကြိမ်ဖြင့် ၂ချက်သာ အရိုက်ခံခဲ့ရတာ ဖြစ်သည်။ ရှီလွေ့က ဒေါသထွက်စွာ ပြောခဲ့သည်။
"ငါ အပြင်ထွက်တဲ့ တစ်နေ့မှာကွာ မိန်းမတစ်ယောက်က လမ်းပေါ်မှာ ငါ့ခြေထောက်ကိုဖက်ပြီး
ငါနဲ့ ရတဲ့ ကလေးလွယ်ထားရပါတယ်လို့ လာပြောတာ၊ ငါက အပြစ်တင်ခံရရုံသာမက မမေးမမြန်းနဲ့
ငါ့အဖေ ဆော်တဲ့ ကြိမ်ဒဏ် ၂ချက်လည်း ခံရသေးတယ်၊ ကံကောင်းလို့ ငါ့အဖွား အချိန်မှီရောက်လာလို့ပေါ့၊
မဟုတ်ရင်တော့ အနည်းဆုံးတော့ ၁၀ချက်ပဲ။"
"ထွီး။" လျန့်ယိုရှောင်က ပါးစပ်ထဲက
ဝိုင်တွေပင် ပြန်ထွက်ခဲ့လေသည်။ "မင်းက အဲ့မိန်းမကို မသိဘူးလား။"
ရှီလွေ့က သူ့ကို မျက်လုံး လည်ပြခဲ့သည်။ "မသိပါဘူး၊ အဲလိုရုပ်ဆိုးမကို
ငါချစ်မိရင် ထူးဆန်းနေဦးမယ်။"
ဒါ့အပြင် သူက ဘယ်အမျိုးသမီးကိုမှ စိတ်မဝင်စားဖူးပေ။
သူက သောက်စားပျော်ပါးဖို့သာ ကြိုက်သည်။
လျန့်ယိုရှောင်က မြူးထူးစွာ မေးခဲ့သည်။ "ရှောင်ယွမ်ရှစ်က လုပ်တဲ့လူလို့ မင်းရှာတွေ့ခဲ့တာလား။"
သင် အိပ်ပျော်သွားတဲ့အခါ တစ်ယောက်ယောက်က ခေါင်းအုံးပေးလိမ့်မည်။
ရှီလွေ့က ပြန်ဖြေခဲ့သည်။ "သူ့မိန်းမ လုပ်တာ၊ စုံစမ်းတုန်းက
အခက်အခဲ အနှောက်အယှက်တွေ အများကြီးရှိခဲ့တယ်၊ အဲမိန်းမက ပြဿနာတွေ အများကြီးဖန်တီးခဲ့ပြီး
ပါဝင်ခဲ့တဲ့ ကြားလူတွေ များတယ်၊ တကယ်တော့ သွားစုံစမ်းခဲ့တဲ့လူက ငါ့အဖေရဲ့လူတွေ၊ သက်သေတွေအများကြီးရပြီးမှ
ရှာတွေ့ခဲ့တာ၊ တခြားမင်းစိုးရာဇာ မိသားစုတွေဆို ဒီကိစ္စရဲ့ နောက်ကွယ်က လူကို ရှာတွေ့မှာ
မဟုတ်ဘူး။"
သူက ထပ်ခနဲ့ခဲ့သည်။ "ဘာပဲဖြစ်ဖြစ် ဒီအကြွေးကို ငါက ရှောင်ယွမ်ရှစ်နဲ့ရှင်းမှာ၊
သူ့ထောက်ပံ့မှုမရှိရင် သူ့မိန်းမက ဒီလို လုပ်ရဲမလား။"
လျန့်ယိုရှောင်က မေးခဲ့သည်။ "မင်း လက်စားမချေခဲ့ဘူးလား။"
ရှီလွေ့က ဒေါသထွက်စွာပြောခဲ့သည်။ "မလုပ်ရသေးဘူးလေ၊ ငါ့အဖေက
အပြင်ထွက်ပြီး ပြဿနာ မရှာဖို့ ပြောထားတယ်။"
လျန့်ယိုရှောင်က မျက်ခုံးပင့်ခဲ့သည်။ "မင်းထပ်ပြီး လှည့်စားခံရပြန်ပြီ၊ မင်းအဖေက မင်းဒေါသဖြေရအောင်
မကူညီပေးဘူးလား။"
လျန့်ယိုရှောင်က သက်ပြင်းချခဲ့သည်။ "ငါက သူ့ယောက်ဖကို လက်ချိုးပစ်ပြီး အရင်ဆုံး ပြဿနာရှာတဲ့လူလို့
အဖေက ပြောတယ်၊ အနာဂတ်မှာ သူက စုတ်တံကော လက်နက်ပါ မကိုင်နိုင်တော့မှာ မလို့ ငါက အကျိုးဆက်ကို
ခံရသင့်တယ်တဲ့၊ သူက စကားနဲ့သာ ဒီလိုပြောပေမယ့် ဒီကိစ္စကို ဒီတိုင်း မထားလောက်ပါဘူး၊
ရှောင်ယွမ်ရှစ်က မကြာခင်က ဘုရင်ကြီးရဲ့ အလေးပေးတာ ခံနေရတော့ ငါ့မိသားစုလည်း လှုပ်ရှားဖို့ခက်နေတာ၊
ငါက စေ့စပ်ပွဲတောင် မလုပ်ရသေးဘူး၊ ဒီကိစ္စကြီးကြောင့် ငါ့ကို ဘယ်မိသားစုကောင်းက သူတို့သမီးနဲ့
လက်ထပ်ခွင့်ပေးတော့မှာလဲ။"
ဒီကိစ္စမဖြစ်လည်း ဘယ်မိသားစုကောင်းကမှ သူတို့သမီးကို မင်းနဲ့
လက်မထပ်ပေးပါဘူးကွာဟု လျန့်ယိုရှောင်က တစ်ယောက်တည်း တွေးခဲ့သည်။
သို့ပေမယ့် ရှောင်ယွမ်ရှစ်ရဲ့ ဇနီးက ရက်စက်တာထက် ပိုပြီး အလွန်လည်း
သတ္တိရှိသည်။
သူမ မောင်လေးအတွက် ရှီလွေ့ကို ဝင်နှောင့်ယှက်ရဲသည်။
သူမက မောင်လေးဖြစ်သူကို တော်တော်လေး တန်ဖိုးထားဟန်တူသည်။
ရှစ်ချင်းလျို့ကိုသတ်ပြီး ရှောင်ဟန်ကျန့်ကို ဖျက်စီးချင်တာလည်း
မဆန်းတော့ပေ။ သူမက လက်စားချေချင်နေဆဲ ဖြစ်သည်။
ရှစ်ချင်းလျို့က ရှောင်မိသားစုဟောင်းကို သွေးထိုးပေးပြီး ပြဿနာရှာခိုင်းကာ
သူမ မောင်လေးကို ကျောင်းထုတ်ခံရအောင် လုပ်ခဲ့သည်။
သို့ပေမယ့် ထိုအမျိုးသမီးက သိပ်ကို အတွေ့အကြုံနုသေးသည်။
ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်ရဲ့ အချစ်ရဆုံး သခင်လေးကို နှောင့်ယှက်ခဲ့သည့်လူကို သူတို့က ရှာမတွေ့နိုင်ဘူးဟု သူမက တကယ်ပဲ ထင်နေသလား။