အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၁၂
ဆေးပေးခန်းထဲက ကြောက်လန့်စရာ အဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက်
လေးယောက်အဖွဲ့လေးသည် သူတို့နောက်ကို လိုက်နေသည့် သရဲများကို ကျော်ဖြတ်ကာ ကျောင်းအုပ်ကြီးရုံးခန်း၊
အနုပညာအခန်းနှင့် သိပ္ပံစမ်းသပ်ခန်းတို့ကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မနက်ခင်းအစောပိုင်းမှာပင်
နာ့နန်အထက်တန်းကျောင်းမှ လွတ်မြောက်လာနိုင်ခဲ့ကြသည်။
လေးလံလှသည့် သံဂိတ်တံခါးကြီး ပွင့်လာသည်နှင့်
ဝမ်ယွီထုံသည် သူ့အစ်မ ဝမ်ချူးယွဲ့၏ လက်ကို ဆွဲကာ နီရဲနေသည့် မျက်နှာဖြင့် အမောတကောပြေးထွက်လာခဲ့သည်။
ဝမ်ယန်ချဲနှင့် ကျိုးကျီယွဲ့ကတော့ မျက်နှာအမူအရာပြောင်းလဲမှု မရှိဘဲ ဝမ်ညီအစ်မ အနောက်မှ
အေးဆေး စကားတပြောပြောနှင့် လမ်းလျှောက်ထွက်လာခဲ့ကြသည်။
သရဲအိမ်ထဲ မဝင်သည့် မိန်းကလေးငယ် တစ်ချို့က ကျိုးကျီယွဲ့၏
ဆွဲဆောင်မှုကို ခံလိုက်ရကာ တီးတိုးပြောနေကြသည်။
"အစ်ကို ဝမ်ရဲ့ ဘေးက ဘယ်သူလဲ။ ငါတို့အသိုင်းအဝိုင်းထဲမှာ
ဒီလိုအမျိုးကောင်းသားလေး ရှိတယ်လား။ ပုံစံကတော့ အမိုက်စားပဲ။ အကြည့်တွေကလဲ သေလောက်တယ်"
" နင်က တာဇံမို့မကြားဖူးတာ ဖြစ်ရမယ်။ သူ့ကိုတောင်မသိဘူလားး။
သူက ကျိုးမိသားစုရဲ့ ဒုတိယသခင်လေး။ ကျိုးကျီခိုင်းရဲ့ညီပဲ။ ငါကြားဖူးတာတော့ သူငယ်ငယ်ကတည်းက
M နိုင်ငံမှာ ကျောင်းတက်နေတယ် လို့ပဲ နောက် အစ်ကိုဖြစ်တဲ့ ကျိုးကျီခိုင်း ဆုံးသွားပြီးနောက်မှ
M နိုင်ငံက ပြန်လာတာတဲ့"
"ဘယ်လို?? ကျိုးမိသားစုကတဲ့လားး" ရွှေဝါရောင်
ဆံပင်နှင့် မိန်းကလေးက မယုံကြည်နိုင်စွာပြောလိုက်သည်။
ကျိုးမိသားစု ဆိုတာ မြို့တော်Aမှာ ရာဇဝင်သမိုင်းနဲ့
မျိုးရိုးစဉ်ဆက်အလိုက် ချမ်းသာခဲ့ကြတဲ့သူတွေလေ။ ခိုင်မာတဲ့ ကျောထောက်နောက်ခံရှိပြီး
အိမ်ခြံမြေလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာလုပ်ငန်း၊ ဇီဝဆေးဖော်စပ်ခြင်းလုပ်ငန်းနဲ့ တစ်ခြား
စက်မှု လုပ်ငန်းတွေ အများအပြားမှာ ရှယ်ယာဝင်လုပ်ကိုင်နေသည့် မိသားစုကြီးပေါ့။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပြသနာတစ်ချို့ကြောင့်
လုပ်ငန်းတွေ ကျဆင်းခဲ့ပြီး နောက်ပိုင်း ကျိုးမိသားစုက လူမြင်ကွင်းထဲ သိပ်ပေါ်မလာတော့ပေ။
သွမ့်ရီက ဝမ်ချုးယွဲ့တို့ကို တွေ့တာနဲ့ မက်မွန်သီးမျက်လုံးများဖြင့်
ပြုံးကာ ချက်ချင်း နှုတ်ဆက်လိုက်သည်။ " ကွန်ဂရက်ကျူလေးရှင်းပါ။ ဒီညတော့ ကျွန်တော့်ရဲ့
စူပါအပန်းဖြေရွက်လှေကလေးကို လွဲပေးလိုက်ရတော့မယ် ထင်ပါတယ်" ဟု ပြောပြီး သူ့အကြည့်တွေက
အမျိုးသမီးနှစ်ဦးဆီကနေ ကျိုးကျီယွဲ့နှင့် ဝမ်ယန်ချဲတို့ဆီ ရောက်သွားကာ ပြုံးလိုက်သည်။
"ဒီညကျွန်တော့်အိမ်ရာမှာ ကျင်းပတဲ့ ပွဲသေးသေးလေးက
ဒီလို နာမည်ကြီးတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ကျွန်တော် သေချာဧည့်မခံမိတာလေးတွေ
ရှိရင် နားလည်ပေးပါလို့ ပြောချင်ပါတယ်။ အခု ကျွန်တော်တို့အားလုံး ကျန်သေးတဲ့ ညလယ်စာ
စားပွဲအစီအစဉ်ကို ဆက်သွားလိုက်ကြမလား"
ဝမ်ယန်ချဲ ခေါင်းငြိမ့်လိုက်သည်။ သူ့မှာလည်း သွမ့်ရိနှင့်
စီးပွားရေးကိစ္စ ဆွေးနွေးရန် အစီအစဉ်ရှိ၍ဖြစ်သည်။
"ကျွန်တော်ကတော့ ဒီည မဖြစ်နိုင်တော့ပါဘူး။
အိမ်မှာ ကိစ္စလေး ရှိလို့ပါ" ကျိုးကျီယွဲ့က ယဉ်ကျေးစွာ ငြင်းလိုက်သည်။
"ဟုတ်ပါတယ် အိမ်မှာ ကလေးက စောင့်နေလို့ပါ"
ဟု ဝမ်ယွီထုံက ပြောလိုက်ပြီး အမြန်ထွက်သွားချင်နေ၍ ကျိုးကျီယွဲ့ လက်ကို ဆွဲလိုက်သည်။
"သွားစို့ သွားစို့ ကျွန်မ ပြန်ချင်လှပြီ"
သွမ့်ရိ တစ်ယောက် တွဲထားသည့် လက်ကို ကြည့်ကာ မယုံကြည်နိုင်စွာ
မေးလိုက်သည်။ "အိမ်ပြန်မယ်? ကလေးး? ကလေး စောင့်နေတယ်?"
ထိုစကား ကြားရသည့် လူတိုင်းကလည်း ကြောင်အသွားကြသည်။
"လူချမ်းသာတွေရဲ့ ဘယ်လို အတင်းအဖျင်းမျိုးလဲဟ"
'ဘယ်တုန်းက ဝမ်ယွီထုံနဲ့ ကျိုးကျီယွဲ့ လက်ထပ်လိုက်ကြတာလဲ။
ဘယ်တုန်းက ကလေးယူလိုက်ကြတာလဲ?'
သရဲအိမ်ကနေ အခုမှ ထွက်လာသည့် စုဟန်လည်း နေရာမှာတင်
ရပ်တန့်သွားကာ သူ့မျက်နှာက မဲမှောင်လာသည်။
လူတိုင်း သူ့ခေါင်းပေါ်လှမ်းကြည့်နေသည့်ပုံက သူ့ခေါင်းပေါ်
မြက်ခင်းစိမ်းများ ပေါက်နေသည့်နှယ်။
'အချိန်ကို တွက်ကြည့်လိုက်မည်ဆိုလျင် စေ့စပ်ပွဲ
မဖျက်ခင်ကတည်းက ကျိုးကျီယွဲ့ နဲ့ တွဲနေတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် ကလေးတစ်ယောက်က
ထွက်လာမှာတုန်း။'
"ကျွတ် ကျွတ် သူတို့နှစ်ယောက်က စေ့စပ်ပွဲ
မပျက်ခင်ကတည်းက ဖောက်ပြန်နေကြတာပေါ့"
"ဝမ်ယွီထုံကတော့ လှေနံ နှစ်ဖက်နင်းခဲ့တာပဲ။
အခုတစ်ယောက်ကတော့ အရင် တစ်ယောက် ထက်ပိုသာပါတယ်လေ"
ကျိုးကျီယွဲ့လည်း ဝမ်ယန်ချဲနှင့် သွမ့်ရိကို နှုတ်ဆက်လိုက်ကာ
အိမ်ပြန်ရန် လောနေသည့် ဝမ်ယွီထုံ၏ ဆွဲခေါ်ရာနောက် ပါသွားသည်။ "မြန်မြန် မြန်မြန်
ကလေးက အရမ်းငိုနေလောက်ပြီ"
ညအပြန်လမ်းမှာတော့ ကျိုးကျီယွဲ့ကိုယ်တိုင်မောင်းသည့်
အနက်ရောင်စူပါကားလေးသည် ကျိုးစံအိမ်ကို အရှိန်ဖြင့်ဦးတည်နေ၏။
မနက်ခင်း ၁၂ ခွဲ လောက်မှာ နှစ်ဦးသား အိမ်ပြန်ရောက်လာခဲ့သည်။
သို့သော် မျှော်လင့်ထားသည့် ကလေးငိုသံကိုတော့ မကြားရချေ။ ကျိုးရှောင်ယွီလေးက ဧည့်ခန်းထဲက
တွားသွားဖျာပေါ်ဝယ် လှဲနေပြီး ဘဲရုပ်လေး နှင့်ဆော့နေသည်။ ကလေး၏ မျက်လုံးကတော့ အိပ်ချင်နေပြီး
ပင်ပန်းသည့်ပုံပေါက်နေသည်။
အိမ်တော်ထိန်းစန်လည်း ဝမ်ယွီထုံ ပြန်လာသည်ကို
တွေ့လိုက်ရတော့ အသက်ကယ် ကောက်ရိုးမျှင်လေး တွေ့လိုက်ရသည့်နှယ် ဝမ်းသာသွားသည်။ လူအိုကြီးရဲ့
အသွေးအသားတွေကလည်း တစ်ညလုံး မအိပ်ရသေး၍ ပင်ပန်းနေပြီဖြစ်သည်။
စကားနားမလည်ဘဲ သူ့စိတ်အခြေအနေအတိုင်းသာ ပြုမူတတ်သည့်
ကလေးကို ထိန်းရတာက အလွန် ခက်ခဲလှသည်။
"မဒမ် ပြန်လာပြီပဲ " အိမ်တော်ထိန်းစန်
မျက်ရည်များဖြင့်ကြိုဆိုလိုက်သည်။
"သခင်လေးက ၁၁ နာရီ ပြန်နိုးလာကတည်းက လုံး
ဝပြန်သိပ်လို့မရဘူး။ ကျွန်တော်တို့ ဘယ်လောက် ချော့သိပ်သိပ် မရလို့ ဧည့်ခန်းထဲ ခေါ်လာပြီး
ဆော့ခိုင်းထားရတယ်"
ဝမ်ယွီထုံလည်း စိတ်ညစ်သွားရသည်။ ဒီကောင်လေးက ဘာလို့
ဒီလောက် ခေါင်းမာရတာလဲ။ သူမ ကလေးရှေ့ ဒူးတုပ်ထိုင်လိုက်သည်။ "ရှောင်ယွီ မေမေ ပြန်လာပြီ
လာ မေမေ့ဆီလာ"
ကျိုးရှောင်ယွီလေး ခေါင်းမော့ကြည့်လာသည်။ နေ့ခင်းအလင်းရောင်လိုမျိုး
တောက်ပတတ်သည့် မျက်နှာလေးနှင့် စပျစ်သီးရောင် မျက်လုံးလေးက အခုချိန်မှာတော့ အားလျော့နေကာ
တောက်ပသည့် ဆံပင်ကောက်လေးတွေကလည်း ညိုးကျနေသည်။ ကလေးက အတော်လေး ပင်ပန်းနေပြီဖြစ်သည်။
ဝမ်ယွီထုံ ကလေးကို ကောက်ချီလိုက်ကာ ကလေးရဲ့ ခေါင်းကို
သူမ ပုခုံးပေါ်တင်လိုက်ပြီး ကျောကို အသာ ပွတ်သပ်ပေးကာ ချော့သိပ်လိုက်သည်။
"ကလေးလေးက လိမ္မာလိုက်တာ အိပ်တော့နော်။ သားနိုးလာတဲ့အခါ
မေမေက အပြင်ကိုကစားဖို့ ခေါ်သွားပေးမယ် ဘယ်သွားချင်လဲ"
ရင်းနှီးသည့်အသံနှင့် ရင်းနှီးသည့်ကိုယ်နံ့ကို
ရလိုက်၍ ရှောင်ယွီလေး ဝမ်းနည်းစွာ မျက်နှာ မဲ့လာပြီး ဝမ်ယွီထုံလက်မောင်းထဲ လွမ်းဆွတ်စွာ
တိုးဝေ့လာပုံက ဘာလို့ သူ့ကို ထားခဲ့တာလဲဟု တီးတိုးမေးနေသည့်ဟန်ပင်။
ရှောင်ယွီလေး သူမှာ ရှိသမျှ စွမ်းအား အကုန် သုံးပြီး
ဖြစ်၍ သူ့ကိုယ်ကို ဘောလုံးလေးလို ကွေးပြီး ခြေလက်တွေက အားလျော့လာကာ မျက်ခွံကလည်း လေးသထက်လေးလာသည်။
ကျိုးရှောင်ယွီ အိပ်သွားတာကို တွေ့မှ ကလေးထိန်းနှင့်
အိမ်ရှိ အလုပ်သမား အားလုံး တိတ်တဆိတ် သက်ပြင်း ချနိုင်တော့ကာ ဧည့်ခန်းရှိမီးလဲ ပိတ်ပြီး
ညမီး အလင်း မှိန်မှိန်လေးကိုသာ ဖွင့်ထားလိုက်ကြသည်။
ကျိုးကျီယွဲ့ကတော့ အမှောင်ထဲကနေ ကလေးချီရင်း ရှေ့နောက်
လမ်းလျှောက်နေသည့် ဝမ်ယွီထုံကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
အနှီ အမျိုးသမီးက ပါတီမှာ ဝတ်သည့် ဝတ်စုံကိုသာ
ဝတ်ထားဆဲဖြစ်ပြီး ရှည်လျားသည့် ဆံပင်တွေက ရေတံခွန်ကဲ့သို့ ကျဆင်းနေသည်။ သေးသွယ်သည့်
ခါးနှင့် ဝတ်ထားသည့် စကပ်အကွဲကနေ ကျောက်စိမ်းကဲ့သို့ ဖြူစင်သည့် ခြေတံသွယ်သွယ်လေးကိုပါ
မြင်နေရသည်။
ကျိုးကျီယွဲ့ သူ၏ သွယ်လျသည့် လက်ချောင်းများဖြင့်
သူ့မေးကို ပွတ်လိုက်ကာ တစ်ဖက်ကို အသာ အကြည့် လွဲလိုက်သည်။
ဒီညတော့ သူတစ်ခု သေသေချာချာ သိလိုက်ရသည်။ ဒီ ဝမ်ယွီထုံ
ဆိုတဲ့ အမျိုးသမီးက သူ့ အရင်ဘဝ အိပ်မက်ထဲက အမျိုးသမီး ဝမ်ယွီထုံနှင့် လုံးဝ မတူပေ။
အမှန်သာ အိပ်မက်ထဲက သူနှင့် အပြင်က သူနှင့် မတူခဲ့လျင်
ဤအမျိုးသမီးကို သူသေချာ ပြန်လည် ဆန်းစစ်ရမည်။
ကျိုးရှောင်ယွီကတော့ တော်တော်လေး အိပ်ချင်နေပြီဖြစ်၍
ဝမ်ယွီထုံ၏ လက်ပေါ်မှာပဲ အိပ်ပျော်သွားတော့သည်။
ဝမ်ယွီထုံ ကျိုးကျီယွဲ့ဘက် လှည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြီး
"ဂွတ်နိုက် " ဟု တီးတိုး နှုတ်ဆက်ဟန်ပြုကာ ကျိုးရှောင်ယွီကို ဖက်ရင်း အပေါ်ထပ်ကို
တက်သွားလိုက်သည်။
ကျိုးကျီယွဲ့ကတော့ ဘာမှ ပြန်မပြောပဲ ဝမ်ယွီထုံ၏
အနက်ရောင်စကပ် လှေကားထောင့်နား ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်သည်။
ဝမ်ယွီထုံ သူမအခန်းထဲ ရောက်တော့ ရှောင်ယွီလေးကို
သူ့အိပ်ရာပေါ်ချလိုက်သည်။ ပင်ပန်းနေသည့်ကလေးလေးက အနည်းငယ် မျက်မှောင်ကြုံ့သွားကာ ပါးစပ်လေးဟလာပြီး
ဝက်ကလေးတွေလို ချစ်စရာ ဟောက်သံသေးသေးပြုလိုက်သည်။
ဝမ်ယွီထုံ ကလေးကိုကြည့်ပြီး နှုတ်ခမ်းထောင့်များ
တွန့်ကွေးသွားသည်။ နောက် ကျိုးရှောင်ယွီ၏ မျက်ခုံးလေးတွေကို သူမလက်ချောင်းများဖြင့်
အသာအယာပွတ်သပ်ပေးလိုက်ရာ တွန့်ကွေးနေသည့် ကလေး၏ မျက်ခုံးများက ပြန်လည်ဖြေလျော့လာသည်။
ကလေးအိပ်သွားပြီးနောက် ဝမ်ယွီထုံ ရေချိုးခန်းကို
သွားကာ ခေါင်းလျှော်ရေချိုးလိုက်သည်။ ဆံပင် သုတ်နေရင်း ဖုန်းကို ကြည့်လိုက်စဉ် သူမ၏
WeChat မှာ လွန်ခဲ့သည့် တစ်နာရီအတွင်း မက်ဆေ့ပေါင်း ရာချီ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းစခရင်ကို ဖွင့်ကြည့်လိုက်ရာ မက်ဆေ့အများစုက
သူမနှင့် သိကျွမ်းသူများနှင့် သိပ်မရင်းနှီးသည့်သူငယ်ချင်းများထံမှ ဖြစ်ပြီး ကျိုးကျီယွဲ့
နှင့် ဘယ်လို ပတ်သတ်လဲ စပ်စုချင်နေကြသည့် မေးခွန်းများကို မေးထားကြသည်။
သူမတို့ကိစ္စက အသိုင်းအဝိုင်းထဲမှာ လူသိချင်ဆုံးအကြောင်းအရာဖြစ်နေသည်။
အဓိကအချက်က ဝမ်ယွီထုံနှင့် ကျိုးကျီယွဲ့တို့က လုံးဝ မဖြစ်နိုင်သည့် သူတွေ ဖြစ်နေကြတာကိုးး။
တစ်ဦးက မိန်းကလေးတန်မဲ့ အရင်က စေ့စပ်ထားသည့်သူကို
နှစ်တွေအကြာကြီး တွယ်ကပ်နေသည့် နာမည်ဆိုးနှင့်ကျော်ကြားနေသည့်သူ။ နောက် တစ်ဦးကလည်း
နှစ်အတော်အတန်ကြာ ကိုယ်ထင်မပြသည့် လူတွေရဲ့ ပါးစပ်အပြောမှာပဲ ပါလာတတ်သည့် ကျိုးမိသားစု၏
လျို့ဝှက်ဆန်းကျယ် ဆက်ခံသူ။
ဘယ်လိုပဲကြည့်ကြည့် သည်အခြေအနေက ပုံမှန်မဟုတ်ပေ။
ထို့ကြောင့် တစ်ယောက်ယောက်ရှင်းပြမှ ရပေလိမ့်မည်။
ဝမ်ယွီထုံလည်း ဝမ်မောင်နှမ တို့၏ "လက်ဖက်ရည်သောက်ကြမယ်
" WeChat စကားပြောခန်းထဲ ဝင်လိုက်သည်စဥ် ဝမ်ချူးယွဲ့ ပို့ထားသည့် မက်ဆေ့များကို
မြင်လိုက်သည်။
[ဝမ်ချူးယွဲ့ - အိမ်ပြန်ရောက်ပြီလား]
[ဝမ်ချူးယွဲ့ - နင်ပြန်သွားပြီး နောက် ပါတီထဲကလူတွေ
ငါ့ဆီ ဝိုင်းအုံလာကြတာ...]
[ ဝမ်ချူးယွဲ့ - ဒါနဲ့ ငါလဲ ကလေးက ကျိုးကျီယွဲ့
အစ်ကို ရဲ့ ကလေးဖြစ်ပြီး နင်နဲ့ ကျိုးကျီယွဲ့က သမီးရည်းစားတွေပါ လောလောဆယ်တော့ အတူတူနေကြတယ်
လို့ ပြောလိုက်တယ် ]
[ဝမ်ယွီထုံ - ဘယ်လို???သမီးရည်းစားတွေ]
ဝမ်ယွီထုံ တစ်ယောက် မျက်နှာ အိုသလိုခံစားလိုက်ရသည်။
သူ့တို့က သမီးရည်းစား အဆင့်တောင်မဟုတ်သေးတာကို။ နှစ်ယောက်သားကလည်း ဖြူဖြူစင်စင်ပါပဲနော်။
[ဝမ်ချူးယွဲ့ - ဟီဟီးးး ကျိုးမိသားစုက နင့်ကို
လူသိရှင်ကြား မင်္ဂလာပွဲမလုပ်ပေးသေးတာကို မကျေနပ်ဘူး။ မင်္ဂလာပွဲလုပ်ပြီးမှ အမှန်ကို
ပြောလိုက်လဲ ပြသနာ မရှိပါဘူး]
[ဝမ်ယန်ချဲ - ဟုတ်တယ်]
ဝမ်ယွီထုံ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ တာ့တာ
ပြနေသည့် ကြောင် အီမိုဂျီလေးကို ဂရုထဲ ပို့လိုက်ပြီး ဖုန်းကို ကုတင်ပေါ်ပစ်လိုက်သည်။
နောက် ဆံပင် ခြောက်သွားအောင် လေမှုတ်လိုက်ပြီး
မီးပိတ်ကာ အိပ်ရာပေါ်က စောင်ထဲ ဝင်ကွေးလိုက်သည်။နောက် ခေါင်းအုံးပေါ် မျက်နှာ အပ်လိုက်ပြီး
ခေါင်းအုံး ကို လက်သီးဖြင့် ထုရိုက်လိုက်သည်။ သူမ၏နှလုံးသားထဲမှာ နှင်းဆီများ ပွင့်နေသည်ဟု
ထင်ရသည်။
သူမ မျက်လုံးမှိတ်လိုက်သည်နှင့် ယနေ့ညဖြစ်ပျက်ခဲ့သည်များကို
အလို အလျောက် ပြန်မြင်ယောင်လာသည်။ သူမ နားရွက်နား ဖြတ်သွားသည့် လေငွေ့နွေးနွေးလေးး၊
ထိုအမျိုးသား၏ အားသန်လှသည့် လက်ဖဝါးက သူမ၏ ခါးကို လာကိုင်သည့် အထိအတွေ့များးးးး
သူမအရင်က သည်လိုမျိုး တစ်ခါမျှ မခံစားခဲ့ဖူး၍
ခန္ဓာကိုယ်ပူနွေးလာကာ ကြက်သီးပင် အနည်းငယ် ထလာ သည်။
'ဒါပေမယ့် ဝမ်ချူးယွဲ့ ပြောတာလဲ မှန်တာပဲ။ သူတို့အကြောင်း
လူသိရှင်ကြား ဘာမှ ထုတ်ပြောသေးတာ မဟုတ်ဘူးး'
အတော်လေးကြာမှ ခေါင်းအုံးမျက်နှာအပ်ရာမှ ပြန်လှည့်လိုက်သည်။
သူမပါးတွေ က နီရဲနေကာ သူမနှလုံးခုန်သံကိုပင် သူမပြန်ကြားနေရသည်။
နောက်တစ်နေ့ရောက်တော့ မနက်ခင်းနေရောင်ခြည်လေးက
သူမကုတင်ခေါင်းရင်း ပြတင်းပေါက်ကနေ ဝင်ရောက်လာကာ တစ်ခန်းလုံး နွေးထွေးသွားသည်။
ကျိုးရှောင်ယွီလေးလည်း ပထမဆုံးအနေဖြင့် အိပ်ရာမထနိုင်ပဲ
ကိုးနာရီလောက်မှသာ နိုးလာကာ ဝမ်းလျားမှောက်နေပြီး သူ့ကုတင် စည်းရိုးကို လက်ဖြင့် ထုရိုက်နေ၏။
"ကူးးးးဂူးးးး"
ဝမ်ယွီထုံလည်း နိုးလာပြီးမျက်လုံးလေးကို ပွတ်လိုက်စဉ်
ကလေး ကုတင်ပေါ်မှာ ဘောလုံးလေးလို လှဲလျောင်းနေသည့်
ရှောင်ယွီလေးက ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွီထုံလည်း ကလေး ကုတင်နား တွားသွားလိုက်ပြီး
ကျိုးရှောင်ယွီကို ချီလိုက်ကာ သူမ ကုတင်ပေါ်တင်လိုက်သည်။
" ဂွတ်မောနင်း ရှောင်ယွီလေးရေ "
ကျိုးရှောင်ယွီကတော့ မနေ့ညက ဝမ်းနည်းစရာတွေကို
မေ့သွားသည့်နှယ် တောက်ပနေကာ သူ့လက်သီးလေးကို ပျော်ရွှင်စွာ ဝေ့ရမ်းနေသည်။
ဝမ်ယွီထုံလည်း မနေ့ညက တစ်ညလုံး အိပ်မက်မက်ကာ ကောင်းကောင်း
မအိပ်ရ၍ ဝါးးး သန်းလိုက်သည်။
ကျိုးရှောင်ယွီကတော့ ဝမ်ယွီထုံ ဝါးးးသန်းနေသည်ကို
အခွင့်ကောင်းယူကာ သူမလက်ကို ရုတ်တရက် ဆွဲယူပြီး သူ့ပါးစပ်ထဲထည့်ကာ ကိုက်လိုက်စဉ် သွားရည်တွေက
ပါးစပ်ထောင့်ကနေစီးကျလာသည်။
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ "မေမေ့ လက်ချောင်းတွေတော့
မကိုက်နဲ့လေ။ ဘတ်တီးရီစယား ပိုးတွေ အများကြီးရှိတယ် ဘတ်တီးရီးယားပိုးတွေက သားသားရဲ့
ဗိုက်ထဲ ရောက်သွားပြီး ဗိုက်နာ လိမ့်မယ်" ဟု ပြောလိုက်သည်။
ဝမ်ယွီထုံ သူမလက်ကို ကလေး ပါးစပ်မှ ထုတ်ယူရန်
ကြိုးစားလိုက်စဉ် 'ဟမ် တစ်ခုခု ထူးခြားနေသလိုပဲ!!!'
သူမရဲ့ လက်ချောင်းတွေက မာမာချွန်ချွန်လေးကို စမ်းမိလိုက်သည်။
ကလေးရဲ့ ပါးစပ်ကို ဖြဲကြည့်လိုက်တော့ သူမ မျက်လုံးတွေ အရောင် တောက်သွားသည်။
အဖြူရောင် သေးသေးချွန်ချွန်သွားလေးက ကျိုးရှောင်ယွီ၏
အောက်မေးရိုး အလယ်၏ ဘယ်ဘက်မှ ပေါက်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်ယွီထုံ တအံ့တဩဖြင့် ပျော်ရွှင်သွားသည်။
"ရှောင်ယွီလေး နောက်ဆုံးတော့ သွားပေါက်ပြီ"