Chapter : 11 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [8] )
Viewers 3k

Chapter : 11 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [8] )


ရှန့်ချန့်ယန်သည် စားသောက်နေပြီဖြစ်၏။ သေဆုံးသူသည် အဓိက နေရာတွင် ထိုင်လျက် သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်စွန်းတစ်စ ရှိနေသည်။ ရှည်လျားသော သူမ၏ ဆံပင်ရှည်များအား ရှောင်ရင်း ဟိုင်ရိသည် ရှန့်ချန့်ယန်ဘေးတွင် ပစ်ထိုင်ချလိုက်၏။ ရှန့်ချန့်ယန် : "ခင်ဗျား အ‌အော်ခံလိုက်ရတာလား" ဟိုင်ရိ : "မင်း သိနေတာလား" ရှန့်ချန့်ယန်: "သူ(မ)က ခင်ဗျားကို သူ(မ)ချစ်သူကို သတ်တဲ့ လူသတ်သမားလို့ ထင်နိုင်တယ်" ဟိုင်ရိ : "ငါတော့ စိတ်အားငယ်တော့မလို ဖြစ်သွားပြီ" ရှန့်ချန့်ယန် : "ခင်ဗျား သူ(မ)ကို ပိုပျော်ချင်တယ်ဆိုရင် သူ့ကို ပြောပြလို့ရတယ်" ဟိုင်ရိ ရယ်လိုက်ပြီး လှည့်ကြည့်လိုက်သောအခါ သေဆုံးသူ၏ အကြည့်က သူ့အပေါ် စူးစိုက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် မည်သည့်အရာကိုမျှ ဆိုလိုသည်ဟု သူ မထင်သော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခပ်ရေးရေး ခံစားလိုက်ရသည်။ သူသည် သေဆုံးသူကို သေချာစွာ စစ်ဆေးကြည့်ရှုပြီး ရေရွတ်လိုက်သည်။ "သူ့ဆံပင်... ပိုရှည်လာတာလား" သေဆုံးသူအား ပေါ့ပေါ့ပါးပါးတစ်ချက် ဝေ့ကြည့်ပြီးနောက် ရှန့်ချန့်ယန်က ကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ ပြောလိုက်သည်။ "ဖြစ်နိုင်တယ်" ဟိုင်ရိ : "ဘာလို့လဲ၊ သူ သတ်ခဲ့လို့လား" ရှန့်ချန့်ယန်လည်း သိပ်မသေချာသလိုဖြစ်နေ၏။ သူ့၏မျက်ခုံးများတွန့်ကွေးသွားပြီး သူ့အကြည့်က သေဆုံးသူအပေါ် ကျရောက်နေခဲ့သည်။ ဒါက သဲလွန်စတစ်ခု ဖြစ်ရမည်။ ဖျင်ကျယ့်၏အဖွဲ့သည် သေဆုံးခြင်းက လွှမ်းမိုးထားသောမျက်နှာထားဖြင့် ဝင်လာသည်။ "မနေ့ညက နှစ်ယောက်သေသွားတယ်!" ရွှယ်ချွမ်းက သူတို့နောက်မှ လိုက်ဝင်လာပြီး ဟိုင်ရိနှင့် ရှန့်ချန့်ယန်တို့ ရောက်နေသည်ကို မြင်သောအခါ အံ့အားသင့်စွာ ကြည့်လိုက်၏။ "ဒီလောက်အစောကြီးလား၊ ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား" ဖျင်ကျယ့်က ထိုင်ခုံတစ်နေရာ ရှာတွေ့လိုက်သည်။ "ဘယ်သူက ကောင်းကောင်းအိပ်ပျော်နိုင်မှာလဲ၊ ကြောက်စိတ်က ညတစ်ဝက်လောက် အိပ်မပျော်အောင် လုပ်နေတာ" ယင်းနှင့်ဆန့်ကျင်ဘက် ဟိုင်ရိကမူ အရာအားလုံး အဆင်ပြေနေဆဲဟု ခံစားရ၏။ သို့သော်လည်း သူတို့သည် ယခုအချီတွင် လူသတ်သမားများကို မဲပေးဖယ်ရှားနိုင်ပါ့မလားဟု သူ အနည်းငယ် သံသယဝင်နေမိသည်။ လူနှစ်ယောက်သေဆုံးသွားပြီဖြစ်ရာ ထိုနှစ်ယောက်၏ အချိန်ဇယားများလည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် သူတို့၏ ဇာတ်ညွှန်းတွင် အရေးကြီးသော သဲလွန်စများ ရှိခဲ့လျှင်ပင် ၎င်းတို့ကို နောက်ထပ် ဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။ ( TN : အချိန်ဇယားဆိုတာက ကွယ်လွန်သူနဲ့ ဘယ်အချိန် နောက်ဆုံးတွေ့ခဲ့တယ်တို့ သူတို့က ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘာလုပ်နေခဲ့တယ်တို့ အချိန်အတိအကျနဲ့ Alibi သဘောမျိုးပါ) ဟိုင်ရိ : "လူသတ်သမားတွေက သတ်ပြီးပြီဆိုတော့ အဲဒီနှစ်ယောက်ရဲ့ အချိန်ဇယားတွေနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမလဲ" ရှန့်ချန့်ယန် : "သူတို့ရဲ့ အချိန်ဇယားတွေမှာ အရေးကြီးတဲ့ သဲလွန်စတွေရှိရင် ကျွန်တော်တို့ကို သက်သေအဖြစ် ပေးလိမ့်မယ်" ဟိုင်ရိ : "ဒါဆို လူသတ်သမားတွေက အလကားသတ်လိုက်သလို မဖြစ်ဘူးလား" "ဘာလို့ အဲလို ပြောတာလဲ" ရှန့်ချန့်ယန်က မေးခွန်းထုတ်လိုက်သည်။ "သက်သေတွေက ငါတို့ရဲ့ ဖြစ်နိုင်ချေတွေကို စမ်းသပ်တယ်၊ သတ်ဖြတ်မှုတွေက ငါတို့ရဲ့ စိတ်အခြေအနေကို စမ်းသပ်တယ်'' ဖျင်ကျယ့်က ရယ်မောလိုက်ရင်း ပြောလိုက်တယ်။ "ဆယ်လီကြီး၊ မင်း တကယ်ကို နားလည်တာပဲ၊ ကစားတာ ဘယ်လောက်ကြာပြီလဲ" ဤခေါင်းစဉ်ကို ဆွေးနွေးလိုက်သည်နှင့် ရှန့်ချန့်ယန်၏ မျက်နှာထားမှာ အနည်းငယ် အေးစက်သွားကာ ပြောင်းလဲသွားခဲ့သည်။ ဖျင်ကျယ့်က ကိုယ့်ဘာသာကိုယ် ဆက်ပြောနေ၏။ "ငါကတော့ ကစားတာ တစ်နှစ်တောင် မပြည့်သေးဘူး" ဟိုင်ရိသည် ရှန့်ချန့်ယန် ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်နှစ်ကျော်သွားပြီဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။ ဤနေရာတွင် သူသည် အကြာဆုံးနေဖူးသူဟု သတ်မှတ်ခံရပြီလား။ သူသည် သေခြင်းနှင့် အလွန်နီးစပ်နေပြီလား။ ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ကြည့်လိုက်ရာ ရှန့်ချန့်ယန်က "ဘာလဲ" ဟု မေးလိုက်သည်။ ဟိုင်ရိသည် ခေါင်းခါလိုက်ပြီး ခေါင်းငုံ့ကာ ဆက်သာစားနေ၏။ ရွှယ်ချွမ်း : "ဒီရောက်တာ နှစ်တစ်ဝက်ပဲရှိသေးတယ်၊ ဒါ ကျွန်မရဲ့ ပဉ္စမမြောက်ဂိမ်းပဲ" သူမသည် ငွေကြေးချို့တဲ့သည့်ပုံမရပေ။ ဟိုင်ရိ : "မင်း ဘယ်နှစ်မှတ်လိုသေးလဲ" ရွှယ်ချွမ်း : "ရှင့်ရဲ့မေးခွန်းက အရမ်းစောတယ်၊ ကျွန်မမှာ ဆယ်ဂဏန်းပေါင်းအများကြီး လိုသေးတယ်" ဟိုင်ရိသည် လျိုကျဲဆီမှ အမှတ် ၆၆,၀၀၀ စုဆောင်းပြီးနောက် သေဆုံးမှုတောင်းဆိုချက်ကို တင်သွင်းနိုင်ကြောင်း ကြားသိခဲ့ရသည်။ အတည်ပြုပြီးသည်နှင့် သူတို့ သေဆုံးနိုင်မည်ဖြစ်၏။ ဟိုင်ရိ ထိုအရေအတွက်ကို ပထမဆုံးကြားသိရသောအခါ သိသာထင်ရှားသော ပမာဏဟု မခံစားခဲ့ရသော်လည်း၊ လူအများစုသည် သူတို့၏ အမှတ်များအတွက် ဤနေရာတွင် တစ်နှစ်၊နှစ်နှစ် နေထိုင်ခဲ့ကြပုံရသည်။ ရွှယ်ချွမ်းက မေးလာ၏။ "ရှင်ရော" ဟိုင်ရိက ပြန်ဖြေလိုက်သည်။ "၆၀,၀၀၀ ကျော် လိုသေးတယ်"


သူ နောက်နေသည်ဟု ထင်ကာ လူတိုင်း တပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။ ဟိုင်ရိသည် သူ့နောက်မှ ချန်ဇယ်၏ ငိုရှိုက်သံများကို ကြားနေရဆဲဖြစ်ပြီး ထိုငိုသံများကြောင့် ဖြစ်ပေါ်လာသော ရင်တွင်းနာကျင်မှုသည် သူ့ကို အစာမဝင်နိုင်စေရန် အနှောင့်အယှက်ပေးနေခဲ့၏။


သို့သော်လည်း ရွှယ်ချွမ်းက သူမ၏ မျက်နှာထားတွင် အပြောင်းအလဲများစွာမရှိဘဲ ဆက်လက်မေးနေသည်။ "ရှင်က ကပြားလား" "မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော့် အမေက မွန်ဂိုလူမျိုးပါ" ဟိုင်ရိက စိတ်ပျံ့လွင့်လျှက် ပြန်ဖြေလိုက်၏။ ဤအိမ်ရှိ လူလေးယောက်ထဲမှ တစ်ဦးမှာ လူသတ်သမား သို့မဟုတ် အပေါင်းအပါဖြစ်ကြောင်း သူ့စိတ်ထဲတွင် မလွဲမသွေ ပေါ်လာခဲ့သည်။ ဟိုင်ရိသည် ညမမှောင်မီ အမှုကို ဖြေရှင်းရမည်ဟု ကိုယ့်ဘာသာကိုယ် စဉ်းစားမိ၏။ နောက်ထပ်နှစ်ဦး ထပ်မံသေဆုံးလျှင် လူသတ်သမားသည် မနက်ဖြန် အနိုင်ရသွားလိမ့်မည်။ ဤသို့ စဉ်းစားမိသောအခါ အချိန်က ရုတ်တရက် ကျဉ်းမြောင်းလာသည်။ ရှန့်ချန့်ယန်က ဟင်းချိုကို အပြီးသတ်လိုက်ပြီး ဟိုင်ရိကို တစ်ချက်ကြည့်လိုက်၏။ "တစ်ခုခု စားဦးလေ" ဟိုင်ရိတွင် သူ့လောက် အစာစားချင်စိတ် မရှိခဲ့ပေ။ သူက မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်၏။ "သက်သေရှာဖို့ ဒုတိယထပ်ကို သွားတော့မယ်" ရွှယ်ချွမ်းက ပြုံးလိုက်ပြီး မေးလိုက်သည်။ "ဘာလို့ အလျင်လိုနေတာလဲ" ဟိုင်ရိသည် လှည့်ကြည့်ကာ သူမကို သေချာစူးစမ်းလိုက်သည်။ "ဒီည နောက်ထပ်နှစ်ယောက်သေရင် လူသုံးယောက်ပဲ ကျန်တော့မှာ၊ အဲဒီသုံးယောက်ထဲမှာ နှစ်ယောက်က လူသတ်သမားတွေ၊ လူသတ်သမားနှစ်ယောက်က အဲဒီလူကို တိုက်ရိုက် မဲပေးဖယ်ရှားနိုင်တယ်၊ မနက်ဖြန်အထိ ဆွဲဆန့်နေရင် ငါတို့ ဒီအချီ ရှုံးသွားလိမ့်မယ်" ရွှယ်ချွမ်းသည် ခဏမျှ ကြောင်ငေးကြည့်နေသည်။ "ကျွန်မသိတယ်လေ၊ ကျွန်မက ရှင့်ကို တားနေတာမှ မဟုတ်တာ၊ ရှင် ကောင်းကောင်းမစားရသေးဘဲ ဘာလို့ ဒီလောက် အလျင်လိုနေတာလဲလို့ မေးချင်တာ" သို့သော် ဟိုင်ရိသည် သူမကို စတင်သံသယဝင်နေပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုးထွင်းသိမြင်မှုသည် သိပ်အဓိပ္ပာယ်မရှိတတ်ပေ။ ဟိုင်ရိ ပထမဆုံးရှာဖွေခဲ့သော အခန်းသည် ရွှယ်ချွမ်း၏အခန်းဖြစ်ပြီး ထိုစဉ်ကပင် သူ သူမကို သံသယဝင်နေခဲ့သည်။ ယုတ္တိနည်းကျကျ စဉ်းစားလျှင် အကျိုးမပေးသော အခြေအနေမျိုး၌ လူကောင်းတစ်ယောက်သည် စိုးရိမ်ပူပန်နေသင့်သည် မဟုတ်လား။ ချန်ဇယ်သည် ဟိုင်ရိ ထွက်သွားစဉ်က ကြမ်းပြင်ပေါ်တွင် ငိုကြွေးနေဆဲဖြစ်သော်လည်း ၎င်းမှာ တိတ်ဆိတ်စွာ မျက်ရည်ကျခြင်းသာဖြစ်ပြီး ကျယ်လောင်စွာ ငိုယိုခြင်း မဟုတ်ပေ။ သူမတွင် နတ်သမီးတစ်ပါးကို အမှတ်ရစေမည့် အလွန်သန့်စင်ပြီး လှပသော ရုပ်ရည်ရှိသည်။ ဟိုင်ရိသည် ကုန်းလိုက်ကာ အဝတ်အစားလဲပြီးနောက် အိတ်ကပ်များကို အလိုလိုစမ်းကြည့်လိုက်သည်တွင် တစ်သျှူးများ မရှိတော့သည်ကို တွေ့ရှိလိုက်ရ၏။ "အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ နောက်ဆုံးမှာမင်းတို့ ပြန်ဆုံတွေ့ကြလိမ့်မယ်" ပြောလိုက်ရုံသာ တတ်နိုင်ခဲ့သည်။ ချန်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ထွက်သွားတဲ့သူက ရှင့်ရည်းစားဆိုရင် ဘယ်လိုလုပ်မလဲ" "ငါ မိန်းမတွေကို မကြိုက်ဘူး..." ဟိုင်ရိက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "ထားလိုက်ပါ၊ ငါ့ရည်းစားသာ သေသွားရင် မင်းလိုပဲ ငါလည်း စိတ်ဆိုးမှာပါ" ဟိုင်ရိ : "ငါ့မှာ တခြားအတွေးတွေ မရှိပါဘူး၊ အဲဒီလူက အသက်ရှင်နေတယ်လေ၊ ဒီတော့ တခြားအတွေးတွေတော့ မရှိနိုင်ပါဘူး" ချန်ဇယ် : "ကျွန်မတို့နှစ်ယောက်က ချစ်ခြင်းမေတ္တာအတွက် သေခဲ့ကြတာ၊ ဒါပေမယ့် သူက အခု ကိုယ့်ဘာသာကိုယ် ပြန်သွားပြီ" ဟိုင်ရိသည် သူမ၏ ပခုံးကို ပုတ်ရန် အလိုလို ရွေ့သွားခဲ့သော်လည်း ခုနက ဖြစ်ခဲ့သည်များကို စဉ်းစားမိသောအခါ သူ့ကိုယ်သူ ရပ်တန့်လိုက်သည်။ ချန်ဇယ်သည် ဆုံးရှုံးမှုကို တွေ့ကြုံနေရသည်။ ဟိုင်ရိ : "ငါတို့ ပြန်သွားပြီး နေချင်ရင် ဘယ်အချိန်မဆို ပြန်သွားလို့ရတယ်လို့ ကြားတယ်။ မင်းရဲ့ ရွေးချယ်မှုပါပဲ" ချန်ဇယ်က ရုတ်တရက် မေးလိုက်သည်။ "ရှင်လူသတ်သမား မဟုတ်ဘူးမလား" ဟိုင်ရိက ‌ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး" ချန်ဇယ်က ပြောလာသည်။ "ကျွန်မလည်း မဟုတ်ဘူး" ဟိုင်ရိသည် သူမ၏ အတွေး‌ပြောင်းလဲမှုကို သိပ်မလိုက်နိုင်ခဲ့ပေ။ သူတို့ ဘာလို့ ရုတ်တရက် ဒီအကြောင်း ပြောနေကြတာလဲ... ချန်ဇယ် : "လူသုံးယောက်ပဲ ကျန်တော့တယ်၊ တစ်ယောက်ယောက်က သူ့ရဲ့အသက်ကို လိုချင်နေတယ်" ဟိုင်ရိသည် သူမ ရုတ်တရက် ဂီယာပြောင်းပြီး လက်စားချေရန် စတင်ကြံစည်နေသည်ဟု ခံစားရသည်။ သူ မတ်တပ်ရပ်လိုက်၏။ "ဟုတ်ပြီ၊ ကောင်းကောင်း ကစားပါ" ရှန့်ချန့်ယန် ထွက်လာသောအခါ သူတို့နှစ်ဦး စကားပြောနေသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။ သူသည် ထိုထူးဆန်းသော ဝတ်စုံကို ဝတ်ထားဆဲဖြစ်သော်လည်း သူတို့ အကျင့်ရသွားပြီဖြစ်သောကြောင့် မျက်စိနောက်စရာ မကောင်းတော့ပေ။ ချန်ဇယ်သည် ရှန့်ချန့်ယန်ကို စိုက်ကြည့်နေပြီး သူ့ကို အကဲဖြတ်နေပုံရသည်။ ရှန့်ချန့်ယန်သည် မူလက သူမကို ဂရုမစိုက်ခဲ့သော်လည်း ချန်ဇယ်က သူ့ဆီသို့ လျှောက်လာသောအခါ သူမ၏အကြည့်သည် သူ့အပေါ်တွင် စွဲမြဲနေ၏။ "ဘာလဲ" ရှန့်ချန့်ယန်ကမေးလိုက်သည်။ "ကျွန်တော့် လက်မှတ်လိုချင်လို့လား"


🌟🌟🌟