Chapter 7
မိုက်ကီရယ်ပင် ကြောက်ရွံ့ခဲ့ရသည့် ချည်ရုပ်လေးတစ်ရုပ် ဖြစ်ပေသည်။ သူသည် ထူးဆန်းသော ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသော်လည်း၊ သူ့မျက်စိရှေ့တွင် မြည်တမ်းငိုယိုနေသော ထိုမျှသာမန် အရုပ်ကလေးကို ကြောက်ရွံ့နေမိသည့်အချက်က ထူးဆန်းနေသည်။
"ကျွန်တော် တကယ်ကြီး ဘာမှမဟုတ်ပါဘူး... ကျွန်တော်က သံသယဖြစ်စရာကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး…!"
ယောလ်၏ သေးငယ်သော ပါးစပ်လေးသည် လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် အရာအားလုံးကို အလျင်စလို ပြောနေခဲ့သော်လည်း၊ သူသည် ယုံကြည်လောက်သူတစ်ယောက် မဟုတ်ကြောင်း သူ့ကိုယ်သူ သိရှိပေသည်။
သို့သော် သူသည် အမှန်တရား အားလုံးကို မပြောပြနိုင်ပေ။ ဤလောကကြီးသည် တကယ်တမ်းတွင် “သွေးနီရောင် ထောင်" ဟုခေါ်သည့် BL ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး၊ ထိုဝတ္ထုကို ပိုင်ဆိုင်ရန် ကံဆိုးသူတစ်ဦး ဖြစ်နေခြင်းပင်။
မိုက်ကီရယ် သူ့ပါးစပ်ကို ဆွဲဖြဲပစ်မည်ဟု တကယ်ပြောလာပါက သူသည် အရာအားလုံးကို ပြောပြလိုက်မည်ပင်။
သူ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ဤသည်မှာ ဝတ္ထုထဲက ကမ္ဘာဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇာတ်ကောင်များသာ ဖြစ်သည်ဟု ပြောပြလိုက်ပါက အထူးသဖြင့် မိုက်ကီရယ်သည် ရှုပ်ထွေးသွားပေလိမ့်မည်။ မိုက်ကီရယ်သည် ယခုချက်ချင်းပင် ရူးသွပ်သူအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း သူသိပေသည်။
"ကျွန်တော် ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး။ ကျွန်တော် မူးပြီး နိုးလာတော့ ဒီပုံစံဖြစ်နေတာ။ တကယ်ပါဗျာ!"
ယောလ်တစ်ယောက် "အမှန်ပါဗျာ" ဟု ဆယ်ကြိမ်ထပ်မနည်း ထပ်ခါတလဲလဲ ပြောဆိုကာ ရှင်းပြနိုင်သည့် အပိုင်းများကိုသာ အကျဉ်းချုပ်၍ ပြောပြခဲ့သည်။ ၎င်းသည် လိမ်ညာခြင်းမဟုတ်ပါ။ အမှန်တကယ်တွင် ယောလ်မှာ အရက်သောက်ပြီးနောက် မျက်လုံးဖွင့်လိုက်ချိန်၌ အရုပ်တစ်ရုပ်အဖြစ် ရောက်ရှိနေခဲ့သည်။
"ငါတို့ ဒါကို ယုံမယ်လို့ မင်းထင်နေလား”
"ယုံစရာမလိုပါဘူး ဒါပေမဲ့ ကျွန်တော့်ကို သွားခွင့်ပြုပါလားဟင်...? ကျွန်တော့်ကိုယ်ခန္ဓာကို ပြန်ရှာရဦးမယ်"
ယောလ်သည် တောက်နေသော မျက်လုံးပြာလေးများဖြင့် သတိထားကာ မေးမြန်းလိုက်သည်။ မိုက်ကီရယ် သူ့ကိုယ်ခန္ဓာကို ရှာဖွေသွားမည်ဖြစ်ကြောင်း ရိုးသားစွာ ပြောပြပါက မိုက်ကီရယ် သူ့ကို သွားခွင့်ပြုလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
"ဘာလို့ ငါက အဲ့လို လုပ်ပေးရမှာလဲ?”
"ဗျာ...?"
သို့သော် ပြန်လာသော အဖြေမှာ အေးစက်စက်ပင်။ ယောလ်တစ်ယောက် မိုက်ကီရယ်သည် အရုပ်များနှင့် ကစားရသော ဝါသနာပါသူ မဟုတ်သော်လည်း ထိုလူကြီးက သူ့ကို အဘယ်ကြောင့် ဖမ်းထားလိုသည်ကို နားမလည်ပေ။ သူ့ကို အန်နာဘဲလ်လို ပြခန်းထဲ၌ ပြသထားမည်လည်း မဟုတ်ပေ။
"ဟုတ်ကဲ့... ခင်ဗျားမှာ ကျွန်တော့်ကို ဖမ်းထားစရာ အကြောင်းမရှိပါဘူးနော် ဟုတ်တယ်မလား...?"
"မင်းကို လွှတ်ပေးစရာ အကြောင်းလည်းမရှိဘူး”
"ဟုတ်တာပေါ့၊ ဒါပေမဲ့ အဲဒါက ခင်ဗျား ကျွန်တော့်ကို ဖမ်းထားရမယ်လို့ မဆိုလိုပါဘူးလေ"
"ငါ့လက်ထဲ ရောက်လာတဲ့အရာတွေကို လွှင့်ပစ်ချင်ပစ်မယ် မပစ်ချင် မပစ်ဘူး အဲ့ဒါ ငါ့သဘော မဟုတ်ဘူးလား?"
၎င်းသည် မတရားသဖြင့်ဟု သူ ကန့်ကွက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရပေသည်။
ပြိုင်ဘက်မှာ မိုက်ကီရယ်ပင်။ အရူးအမူး စွဲလမ်းမှုနှင့် ပိုင်ဆိုင်လိုစိတ်များကို ကြွားဝါသော လူရူးတစ်ဦးပင်။ ထိုလူကြီးက ယောလ်ကို 'သူ၏ ပိုင်ဆိုင်မှု' အဖြစ် သတ်မှတ်ခဲ့သည်။
သူသည် ပျက်စီးခဲ့ရပြီ။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ် ခြောက်သွေ့တွန့်လိမ်မသွားမီအထိ ထိုအိမ်ကြီးထဲတွင် အကျဉ်းချခံရတော့မည် ဖြစ်ပေသည်။
သူသည် အရူးအမူး စွဲလမ်းသူ၏ အချစ်ကို ရရှိမည့် အဖိုးတန် လက်ဆောင်တစ်ခု ဖြစ်သည်ကို သူ မေ့လျော့နေခဲ့သည်။
သူသည် အကြောင်းအရာ အားလုံးကို ရှင်းပြပါက နောက်ဆုံးတွင် အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ခဲ့ရပြီးနောက် ထိုအရုပ်ကို ပြန်လွှတ်ပေးခဲ့ရသော သူ့အပေါ် သနားလာနိုင်ပေလိမ့်မည်။ ထိုမျှော်လင့်ချက်မဲ့သည့် အရာသည် မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း တွေးတောမိသည်။ သူ့ရှေ့တွင် ရင်ဆိုင်နေရသော ထိုလူဆိုးသည် သွေးလည်းမရှိ၊ မျက်ရည်လည်းမရှိပေ။ လုံးဝကို မိုက်မဲလှသည်။
ယောလ်တစ်ယောက် မိုက်ကီရယ်အား နာကြည်းစွာ ကြည့်လိုက်ပြီးနောက် သူ့ဘေးနားရှိ လယ်ဗီထံသို့ အကြည့်ပြောင်းလိုက်သည်။ သူက သူ့ကို နားမထောင်လျှင်တောင် လယ်ဗီ၏ စကားများကို နားထောင်ကောင်း နားထောင်ပေလိမ့်မည်။
"ကျွန်တော် တကယ်ကို ကျွန်တော့်ကိုယ်ခန္ဓာဆီ ပြန်သွားရပါမယ်... ကျွန်တော်လည်း လူတစ်ယောက် ဖြစ်ဖူးပါတယ်ဗျ ကျွန်တော့်ကို သွားခွင့်မပြုနိုင်ဘူးလားဟင်?”
"အဲ့ဒါ ငါ့ ကိစ္စမဟုတ်ဘူး"
ရား၊ အနည်းဆုံးတော့ စဉ်းစားဟန်ဆောင်ပြီးမှ ပြောသင့်တယ်လေ
ယောလ်တစ်ယောက် သူ့သွားများကို ကြိတ်ကာ ထိုရိုင်းစိုင်းပြီး လျင်မြန်သော ငြင်းဆန်မှုကို ကြိတ်မှိတ်ခံယူလိုက်သည်။
လယ်ဗီ၏ တိုတောင်းသော အဖြေကြောင့် ယောလ် ခံစားလိုက်ရသည့် စိတ်ခံစားမှုမှာ ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းလိုက်လဲ' ဟူ၍ပင်။ မူရင်းဝတ္ထုတွင်ပင် လယ်ဗီသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်များတွင် ရှုပ်ထွေးခြင်းကို မုန်းတီးသော လျစ်လျူရှုသည့် စရိုက်ရှိသူ ဖြစ်သည်။
ဒီလူစုတ်လူနာက တစ်စုံတစ်ယောက်ရဲ့ အသက်ကို လောင်းကြေးထပ်နေတာပဲ! စိတ်အနှောင့်အယှက်ဖြစ်နေတာ ငါ! သူက သွေးလည်းမရှိ၊ မျက်ရည်လည်းမရှိတဲ့ လူယုတ်မာကြီး
ယောလ်တစ်ယောက် လယ်ဗီ၏ အေးစက်ခက်ထန်မှုကို မကျေမချမ်း ဖြစ်ခဲ့သည်။ လယ်ဗီကို ပထမဆုံးအကြိမ် တွေ့လိုက်ရချိန်တွင်ပင် မိုက်ကီရယ် သူ့ကို အကျဉ်းချတော့မည့် အနာဂတ်ဖြင့် ထားခဲ့မည် ဟူသော ဆုံးဖြတ်ချက်အား မေ့လျော့နေခဲ့၏။
"...ခင်ဗျား တကယ်ကြီး ကျွန်တော့်ကို လွှတ်မပေးတော့ဘူးလား?"
"မင်း ဘာလုပ်မလို့လဲ? အော်၊ ထွက်ပြေးဖို့ဆို မစဉ်းစားနဲ့နော် မင်းလိုလူကို ထောင်ထဲထည့်ဖို့က ခက်တဲ့အလုပ်မဟုတ်ဘူး"
"...ခင်ဗျားက လူတစ်ယောက်ကို အဲ့လို အစွန်းရောက်အောင် လုပ်စရာမလိုဘူးလေ ဟုတ်တယ်မလား?"
မိုက်ကီရယ် သူ့ကို မပြောပြလျှင်ပင် ယောလ်သည် ထိုစာအုပ်ကို ဖတ်ပြီးဖြစ်သောကြောင့် လူများကို မည်မျှ ရက်စက်စွာ အကျဉ်းချနိုင်သည်ကို သိရှိပေသည်။ ထွက်ပြေးရန် ကြိုးစားပါက အလွန်ဆိုးရွားသော အခြေအနေမျိုးဖြင့် အဆုံးသတ်ရမည်ကိုလည်း သူ ကောင်းစွာ သတိပြုမိသည်။
"ကျွန်တော့်ကို မလွှတ်ပေးဘူးဆိုရင်လည်း စားစရာ တစ်ခုခု ပေးပါလား?"
ယောလ်တစ်ယောက် သူ့နှုတ်ခမ်းများကို စူပွပွလုပ်လိုက်သည်။
မည်သို့ပင်ဆိုစေ အကျဉ်းချခံရမည်ဆိုပါက သူသည် လောလောဆယ် စားသောက်သင့်ပေသည်။ ထာဝရနေထိုင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ချက်ချင်းမလုပ်ဆောင်နိုင်သေးသော ထွက်ပြေးရန် စီစဉ်မှုကို နောက်မှ စဉ်းစားပြီး၊ ဆာလောင်နေသော ဗိုက်ကို ဦးစွာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"မင်းလည်း စားမှာလား?"
"အံ့သြစရာကောင်းတာက ကျွန်တော် ဗိုက်ဆာနေတာမို့ စားမှာပေါ့"
မိုက်ကီရယ်၏ မေးခွန်းထုတ်သော စကားများကို ယောလ်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ထိုခန္ဓာကိုယ်ဖြင့် အစားအသောက် စားချင်စိတ် ရှိနေသေးသည်မှာ အံ့သြစရာပင်။ နားမလည်နိုင်သော အရာများလည်း ရှိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် အငတ်ဘေးဆိုက်နေသောကြောင့် စားသောက်ရမည် ဖြစ်သည်။
"လယ်ဗီ"
"ဟုတ်ကဲ့ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
မိုက်ကီရယ်သည် သူ့နာမည်ကိုသာ ခေါ်လိုက်သော်လည်း လယ်ဗီက သူ ဘာပြောလိုသည်ကို ချက်ချင်း နားလည်သွားပုံရသည်။ လယ်ဗီ အခန်းမှ ထွက်ခွာသွားသည်ကို ကျောပြင်မှ ကြည့်ကာ ယောလ်က လျှာထုတ်ပြောင်လိုက်သည်။
"မင်း တကယ် လူသားတစ်ယောက် ဟုတ်ရဲ့လား?"
"ဟုတ်တာပေါ့ ကျွန်တော်က တကယ့်လူစစ်စစ်ပါနော်"
"ဘာလုပ်ခဲ့တာလဲ?"
"အဲ့ဒါက... ကျွန်တော်က ဘွဲ့လွန်ကျောင်းသားပါ"
"ဘွဲ့လွန်ကျောင်းသား?"
"ကျွန်လေ….. အဲ မဟုတ်ပါဘူး ကျွန်တော်က ကျောင်းသားပါ အကယ်ဒမီကျောင်းသားကြီးလို့ သဘောထားလို့ ရတယ်"
ယောလ်သည် သူ့ကိုယ်သူ ကျွန်တစ်ယောက်ဖြစ်သည်ဟု မသိလိုက်ဘဲ ရှင်းပြမိတော့မလိုဖြစ်သွားသည်။ ဘွဲ့လွန်ကျောင်းသားဆိုသည်ကို မသိပုံရသော ထိုလူကြီးကို သူ ပြန်ပြင်ပြောလိုက်သည်။ "သွေးနီရောင် ထောင်" တွင် နေထိုင်သော မိုက်ကီရယ် နားလည်နိုင်စေရန် ရှင်းပြချက်ကိုပင် ထပ်ထည့်ပေးလိုက်သည်။
"နာမည်က?"
"ယောလ်၊ ဘတ်ယောလ်"
"ယူရီ?"
"မဟုတ်ဘူး၊ ယောလ်လို့"
"ယူရီ... နာမည်အရဆို မင်းက သာမန်လူတစ်ယောက် ဖြစ်ရမယ်"
"..."
ယောလ်တစ်ယောက် မဟုတ်ဘူးဟု ပြောတော့မလို ဖြစ်ပြီး ချက်ချင်း သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဟုတ်ပါတယ်၊ ယောလ်ဖြစ်ဖြစ်၊ ယူရီဖြစ်ဖြစ် အဲ့ဒါက အရေးကြီးလို့လား? အခုချိန်မှာ နာမည်ရဲ့ အရေးပါမှုက ဘာလဲ?”
"ဟုတ်တယ်၊ အဲဒါ မှန်တယ်"
ရုတ်တရက် ယူရီ ဖြစ်သွားသော ယောလ်သည် လက်လျှော့ကာ ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ ခန္ဓာကိုယ် ဆုံးရှုံးပြီးနောက် သူ့နာမည်လည်း ဆုံးရှုံးတော့မည်ဟု ခံစားရသောကြောင့် သက်ပြင်းချရန် ပြင်ဆင်နေချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ကျွန်တော်ပါ"
လယ်ဗီ၏ အသံသည် တံခါးမှတစ်ဆင့် ထွက်ပေါ်လာသည်။ ထို့နောက် တံခါးပွင့်လာပြီး လယ်ဗီသည် သုံးဆင့်လှည်းလေးကို တွန်းကာ ပေါ်လာသည်။ လှည်းလေး ပိုနီးလာလေ၊ အနံ့က ပိုမွှေးလာလေပင်။
ယောလ်တစ်ယောက် စိတ်ဓာတ်ကျနေသည်ကိုပင် မေ့လျော့ကာ မျက်လုံးလေးများ အရောင်တောက်လာသည်။
သုံးရက်တိတိ အစာမစားဘဲ နေခဲ့ရသည်ကို ထည့်သွင်းစဉ်းစားပါက မအံ့သြသင့်ပေ။ အငတ်မခံရခြင်းသည် အံ့ဖွယ်ဖြစ်သည်။ ကံကောင်းထောက်မစွာ သူသည် အဝတ်စဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ရေတစ်စက်မျှ မသောက်ရလျှင်ပင် အဆင်ပြေခဲ့မည် ဖြစ်သည်။
လယ်ဗီ လှည်းထဲမှ အစားအစာများကို တစ်ခုချင်းစီ ထုတ်ကာ စားပွဲပေါ် ဖြန့်ခင်းပေးသော်လည်း ယောလ်တစ်ယောက် အစားအသောက်အတွက် အခက်တွေ့နေခဲ့သည်။
၎င်းမှာ အစားအစာများကို တင်ထားသော စားပွဲသည် အံဆွဲနှင့် ဝေးကွာနေသောကြောင့် ဖြစ်သည်။ ယောလ်မှာ အံဆွဲပေါ်သို့ တက်ရန် ရုန်းကန်ရင်း ညည်းညူနေခဲ့သည်။
"အား၊ ခက်လိုက်တာ!"
သူ့အရပ်အမြင့်ခန့်ရှိ အံဆွဲခန်းပေါ်သို့ တက်ခြင်းသည် သာမန်အလုပ် မဟုတ်ပေ။ နောက်ဆုံးတွင် အကြိမ်အနည်းငယ် မအောင်မြင်သော ယောလ်တစ်ယောက် ဒေါသထွက်လာသည်။
ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသော မိုက်ကီရယ်က ယောလ်၏ ဦးခေါင်းကို ဆွဲကိုင်လိုက်သည်။
"အားးးးးး!"
ယောလ်သည် ရက်စက်သော ထိတွေ့မှုကြောင့် အော်ဟစ်လိုက်သော်လည်း မိုက်ကီရယ်က မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုလိုက်သည်။ မိုက်ကီရယ်က သူ့ကို စားပွဲပေါ်တင်လိုက်သောအခါ ယောလ်သည် ညည်းညူကာ သူ့လက်တိုလေးများဖြင့် သူ့ဆံပင်ကို ပွတ်သပ်လိုက်သည်။
သူသည် ဒေါသထွက်နေကြောင်း ပြသရန် ခြေထောက်ကို ဆောင့်နင်းလိုက်သော်လည်း အစာသွပ်ထားသော အရုပ်ပေါ်တွင် ဖုန်မှုန့် အနည်းငယ်သာ ထွက်ပေါ်လာသည်။
"ဝိုး..."
ထိုသေးငယ်သော ဒေါသထွက်မှုသည် ကြာကြာမခံပေ။ အဘယ်ကြောင့်ဆိုသော် ယောလ် မျက်လုံးလေးများက စားပွဲပေါ်တွင် ဖြန့်ခင်းထားသော ပွဲတော်သို့ ပြန်ရောက်သွားသောကြောင့်ပင်။
ယောလ်တစ်ယောက် အနီးဆုံးပေါင်မုန့်ဆီသို့ အလျင်အမြန် ပြေးသွားသည်။ သူသည် ပေါင်မုန့်ကို အပြည့်အဝ ကိုက်လိုက်ရာ ပေါင်မုန့်ပေါ်တွင် လက်သည်းလေးတစ်ချောင်း အရွယ်အစားရှိ သွားရာလေး ထင်ကျန်ရစ်ခဲ့သည်။
"အရမ်း အရသာရှိတာပဲ!"
"ဆာလောင်မှုက အကောင်းဆုံး ဆော့စ်ပဲ" ဟူသော စကားပုံအတိုင်းပင် ရက်ပေါင်းများစွာ အစာငတ်နေခဲ့သော ယောလ်အတွက် ဒါက အရသာ အလွန်ရှိခဲ့သည်။
ပေါင်မုန့်မှ စတင်ကာ ယောလ်တစ်ယောက် ပြင်ဆင်ထားသော အစားအစာများကို စားသောက်နေခဲ့သည်။ သူသည် မစားနိုင်သေးသော စပျစ်သီးကို မျက်ရည်များဖြင့် ကောက်ယူလိုက်ပြီး အနည်းငယ်ကိုက်ကာ စားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဇွန်းသေးသေးလေးကို ယူကာ ဟင်းချိုပူပူကို သောက်လိုက်သည်။
မိုက်ကီရယ်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ပထမဦးစွာ၊ ထိုအရုပ်ကလေးသည် နတ်ဆိုးတစ်ကောင်နှင့် မတူသောကြောင့် သူ့ကို ထားရန် ဆုံးဖြတ်လိုက်သော်လည်း သူသည် သံသယဝင်နေဆဲပင်။ လူတစ်ဦးက အရုပ်တစ်ရုပ် ဖြစ်သွားသည်ကို အပြည့်အဝ ယုံကြည်ရန် ခက်ခဲနေခဲ့သည်။
သူသည် တစ်ခုခုကို ဖုံးကွယ်ထားပုံရသည်။ သို့သော် မိုက်ကီရယ်သည် မည်သည်ကို ဖုံးကွယ်ထားသည်ကို ဖြည်းဖြည်းချင်း သိလာတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ တောင်းဆိုသည့်အတိုင်း အလွယ်တကူ ထွက်သွားခွင့် မပေးနိုင်ပေ။
အခြားအရာများထက် ထိုအရုပ်လေးကြောင့် ညဘက်တွင် အိပ်မပျော်ဖြစ်နေပုံကို တွေးမိသောအခါ သူ့ကို စနောက်ကာ အနှောင့်အယှက် ပေးချင်စိတ် ပေါ်လာသည်။
ထို့အပြင် ထိုခန္ဓာကိုယ်သေးသေးလေးဖြင့် လှုပ်ရှားနေပုံကို မြင်ပြီး ဘာစားမည်ကို ပြောနေပုံက... က၊သူ ချစ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။