Chapter 7
မိုက်ကီရယ်ပင် ကြောက်ရွံ့ခဲ့ရသည့် ချည်ရုပ်လေးတစ်ရုပ် ဖြစ်ပေသည်။ သူသည် ထူးဆန်းသော ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသော်လည်း သူ့မျက်စိရှေ့တွင် အော်ဟစ်ငိုယိုနေသော ထိုသာမန် အရုပ်ကလေးကို ကြောက်ရွံ့နေမိသည့်အချက်က ထူးဆန်းနေသည်။
"ကျွန်တော် တကယ်ကြီး ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်က သံသယဖြစ်စရာကောင်းတယ်လို့ ထင်ရပေမဲ့လည်း တကယ်တော့ ဘာအန္တရာယ်မှ မရှိပါဘူး"
ယောလ်၏ ပါးစပ်သေးသေးလေးမှာ လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် အရာအားလုံးကို အလျင်စလို ပြောနေခဲ့သော်လည်း သူသည် ယုံကြည်စရာကောင်းသည့် သူ မဟုတ်ကြောင်း သူ့ကိုယ်သူ သိပေသည်။
သို့သော် သူသည် အမှန်တရား အားလုံးကို မပြောပြနိုင်ပေ။ ဤလောကကြီးသည် တကယ်တမ်းတွင် “သွေးနီရောင် ထောင်" ဟုခေါ်သည့် BL ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ထိုဝတ္ထုထဲသို့ ကူးပြောင်းလာသည့် ကံဆိုးသူတစ်ဦး ဖြစ်နေခြင်းပင်။
မိုက်ကီရယ် သူ့ပါးစပ်ကို ဆွဲဖြဲပစ်မည်ဟု တကယ်ပြောလာပါက သူသည် အရာအားလုံးကို ပြောပြလိုက်မည်။
သူ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဤသည်မှာ ဝတ္ထုထဲရှိ ကမ္ဘာဖြစ်ပြီး သူတို့နှစ်ဦးမှာ ဇာတ်ကောင်များသာ ဖြစ်သည်ဟု ပြောပြလိုက်ပါက အထူးသဖြင့် မိုက်ကီရယ်သည် ရှုပ်ထွေးသွားပေလိမ့်မည်။ မိုက်ကီရယ်သည် ယခုချက်ချင်းပင် ရူးသွပ်သူအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း သူသိပေသည်။
"ကျွန်တော် ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး၊ ကျွန်တော် မူးပြီး နိုးလာတော့ ဒီပုံစံဖြစ်နေတာ၊ အမှန်ပါဗျာ"
ယောလ်တစ်ယောက် "အမှန်ပါဗျာ" ဟု ဆယ်ကြိမ်ထပ်မနည်း ထပ်ခါတလဲလဲ ပြောဆိုကာ ရှင်းပြနိုင်သည့် အပိုင်းများကိုသာ အကျဉ်းချုပ်၍ ပြောပြခဲ့သည်။ ဤသည်မှာ လိမ်ညာခြင်းမဟုတ်ပေ။ အမှန်တကယ်ပင် ယောလ်မှာ အရက်သောက်ပြီးနောက် မျက်လုံးဖွင့်လိုက်ချိန်၌ အရုပ်တစ်ရုပ်အဖြစ် ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
"ငါတို့ ဒါကို ယုံမယ်လို့ မင်းထင်နေလား”
"ယုံစရာမလိုပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ကို သွားခွင့်ပြုပါလားဟင်၊ ကျွန်တော့်ခန္ဓာကိုယ် ကို ပြန်ရှာရဦးမယ်"
ယောလ်သည် တောက်ပနေသော မျက်လုံးပြာလေးများဖြင့် သတိထားကာ မေးမြန်းလိုက်သည်။ မိုက်ကီရယ်အား သူ့ခန္ဓာကိုယ် ကို ရှာမည်ဖြစ်ကြောင်း ရိုးသားစွာ ပြောပြပါက မိုက်ကီရယ် သူ့ကို သွားခွင့်ပြုလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
"ဘာလို့ ငါက အဲလို လုပ်ပေးရမှာလဲ”
"ဗျာ"
သို့သော် ပြန်ရလာသော အဖြေမှာ အေးစက်စက်ပင်။ ယောလ်တစ်ယောက် မိုက်ကီရယ်သည် အရုပ်များနှင့် ကစားရသည်ကို ဝါသနာပါသူ မဟုတ်ကြောင်း သိသော်လည်း ထိုလူကြီးက သူ့ကို အဘယ်ကြောင့် ဖမ်းထားလိုသည်ကို နားမလည်ပေ။ သူ့ကို အန်နာဘဲလ်ကဲ့သို့ ပြခန်းထဲ၌ ပြသထားမည်လည်း မဖြစ်နိုင်ချေ။
"ဟုတ်ကဲ့၊ ခင်ဗျားမှာ ကျွန်တော့်ကို ဖမ်းထားစရာ အကြောင်းမရှိပါဘူးနော် ဟုတ်တယ်မလား"
"မင်းကို လွှတ်ပေးစရာ အကြောင်းလည်းမရှိဘူး”
"ဟုတ်တာပေါ့၊ ဒါပေမဲ့ အဲဒါက ခင်ဗျား ကျွန်တော့်ကို ဖမ်းထားရမယ်လို့ မဆိုလိုဘူးလေ"
"ငါ့လက်ထဲ ရောက်လာတဲ့အရာတွေကို လွှင့်ပစ်ချင်ပစ်မယ် မပစ်ချင် မပစ်ဘူး၊ အဲဒါက ငါ့သဘော မဟုတ်ဘူးလား"
ထိုစကားသည် မတရားသဖြင့် သူ ကန့်ကွက်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရပေသည်။
ပြိုင်ဘက်မှာ မိုက်ကီရယ်ဖြစ်သည်။ အရူးအမူး စွဲလမ်းမှုနှင့် ပိုင်ဆိုင်လိုစိတ်များကို ကြွားဝါသော အရူးတစ်ဦးပင်ဖြစ်သည်။ ထိုလူကြီးက ယောလ်ကို 'သူ၏ ပိုင်ဆိုင်မှု' အဖြစ် သတ်မှတ်လိုက်သည်။
သူသည် ပျက်စီးသွားခဲ့သည်။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ်မှာ ခြောက်သွေ့တွန့်လိမ်မသွားမီအထိ ဤအိမ်ကြီးထဲတွင် အကျဉ်းချခံရတော့မည် ဖြစ်သည်။
သူသည် စွဲလမ်းမှုကြောင့် ရူးသွပ်နေသူ၏ အချစ်ကို ရရှိမည့် အဖိုးတန် လက်ဆောင်တစ်ခု ဖြစ်သည်ကို သူ မေ့လျော့နေခဲ့သည်။
သူ အကြောင်းအရာ အားလုံးကို ရှင်းပြပါက နောက်ဆုံးတွင် အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ခဲ့ရပြီးနောက် ထိုအရုပ်ကို ပြန်လွှတ်ပေးခဲ့ရသော သူ့အပေါ် သနားလာနိုင်ပေလိမ့်မည်။ ထိုမျှော်လင့်ချက်မဲ့သည့် အရာသည် မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း တွေးလိုက်မိသည်။ သူ့ရှေ့တွင် ရင်ဆိုင်နေရသော ထိုလူယုတ်မာသည် သွေးလည်းမရှိ၊ မျက်ရည်လည်းမရှိပေ။ လုံးဝကို မိုက်မဲလွန်းသည်။
ယောလ်တစ်ယောက် မိုက်ကီရယ်အား နာကြည်းစွာ ကြည့်လိုက်ပြီးနောက် သူ့ဘေးနားရှိ လယ်ဗီထံသို့ အကြည့်ပြောင်းလိုက်သည်။ မိုက်ကီရယ်က သူ့စကားကို နားမထောင်လျှင်တောင် လယ်ဗီ၏ စကားများကို နားထောင်ကောင်း နားထောင်ပေလိမ့်မည်။
"ကျွန်တော် တကယ်ကို ကျွန်တော့်ခန္ဓာကိုယ်ဆီ ပြန်သွားရပါမယ်၊ ကျွန်တော်လည်း လူတစ်ယောက် ဖြစ်ဖူးပါတယ်ဗျ ကျွန်တော့်ကို သွားခွင့်မပြုနိုင်ဘူးလား ဟင်”
"အဲဒါ ငါနဲ့ ဘာမှမဆိုင်ဘူး"
ရား အနည်းဆုံးတော့ စဉ်းစားဟန်ဆောင်ပြီးမှ ပြောသင့်တယ်လေ။
ယောလ်တစ်ယောက် သူ့သွားများကို ကြိတ်ကာ ထိုရိုင်းစိုင်းပြီး လျင်မြန်သော ငြင်းဆိုမှုကို ကြိတ်မှိတ်ခံယူလိုက်သည်။
လယ်ဗီ၏ တိုတောင်းသော အဖြေကြောင့် ယောလ် စိတ်ထဲတွင် ခံစားလိုက်ရသည်မှာ ‘ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းလိုက်လဲ' ဟူ၍ဖြစ်သည်။ မူရင်းဝတ္ထုတွင်ပင် လယ်ဗီသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်များနှင့် ရှုပ်ထွေးခြင်းကို မုန်းတီးကာ လျစ်လျူရှုသည့် စရိုက်ရှိသူ ဖြစ်သည်။
ဒီအစုတ်ပလုတ် ကောင်ကတော့ အခြားလူရဲ့ အသက်ကို လောင်းကြေးထပ်နေတာပဲ။ နောက်ဆုံး စိတ်အနှောင့်အယှက်ဖြစ်ရမှာက ငါပဲ။ သူက သွေးလည်းမရှိ မျက်ရည်လည်းမရှိတဲ့ လူယုတ်မာကြီး။
ယောလ်တစ်ယောက် လယ်ဗီ၏ အေးစက်ခက်ထန်မှုကို မကျေမချမ်း ဖြစ်ခဲ့သည်။ လယ်ဗီကို ပထမဆုံးအကြိမ် တွေ့လိုက်ရချိန်တွင်ပင် မိုက်ကီရယ် သူ့ကို အကျဉ်းချတော့မည့် အနာဂတ်ဖြင့် ထားခဲ့မည် ဟူသော ဆုံးဖြတ်ချက်အား မေ့လျော့နေခဲ့၏။
"ခင်ဗျား တကယ်ကြီး ကျွန်တော့်ကို လွှတ်မပေးတော့ဘူးလား"
"မင်း ဘာလုပ်မလို့လဲ၊ အော ထွက်ပြေးဖို့ဆို မစဉ်းစားနဲ့နော် မင်းလိုလူကို ထောင်ထဲထည့်ဖို့က ခက်တဲ့အလုပ်မဟုတ်ဘူး"
"ခင်ဗျားက လူတစ်ယောက်ကို အဲလောက်အထိ အစွန်းရောက်အောင် လုပ်စရာမလိုဘူးလေ၊ ဟုတ်တယ်မလား”
မိုက်ကီရယ် သူ့ကို မပြောပြလျှင်ပင် ယောလ်သည် ထိုစာအုပ်ကို ဖတ်ပြီးသောကြောင့် လူများကို မည်မျှ ရက်စက်စွာ အကျဉ်းချနိုင်သည်ကို သိရှိလေသည်။ ထွက်ပြေးရန် ကြိုးစားပါက အလွန်ဆိုးရွားသော အခြေအနေမျိုးဖြင့် အဆုံးသတ်ရမည်ကိုလည်း သူ ကောင်းစွာ သိပေသည်။
"ကျွန်တော့်ကို မလွှတ်ပေးဘူးဆိုရင်လည်း စားစရာ တစ်ခုခု ပေးပါလား"
ယောလ်တစ်ယောက် သူ့နှုတ်ခမ်းများကို ဆူလိုက်သည်။
မည်သို့ပင်ဆိုစေ အကျဉ်းချခံရမည်ဆိုပါက သူသည် လောလောဆယ် စားသောက်သင့်ပေသည်။ ထာဝရနေထိုင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ချက်ချင်းမလုပ်ဆောင်နိုင်သေးသော ထွက်ပြေးရန် အစီစဉ်ကို နောက်မှ စဉ်းစားပြီး ဆာလောင်နေသော ဗိုက်ကို ဦးစွာ ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"မင်းလည်း စားမှာလား"
"အံ့သြစရာကောင်းတာလား၊ ကျွန်တော် ဗိုက်ဆာနေတာမလို့ စားမှာပေါ့"
မိုက်ကီရယ်၏ မေးခွန်းထုတ်သော စကားများကို ယောလ်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ထိုခန္ဓာကိုယ်ဖြင့် အစားအသောက် စားချင်စိတ် ရှိနေသေးသည်မှာ အံ့သြစရာဖြစ်သည်။ နားမလည်နိုင်သော အရာများလည်း ရှိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် အငတ်ဘေးဆိုက်နေသောကြောင့် စားသောက်ရမည် ဖြစ်သည်။
"လယ်ဗီ"
"ဟုတ်ကဲ့ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်"
မိုက်ကီရယ်သည် သူ့နာမည်ကိုသာ ခေါ်လိုက်သော်လည်း လယ်ဗီက သူ ဘာပြောလိုသည်ကို ချက်ချင်း နားလည်သွားပုံရသည်။ အခန်းထဲမှ ထွက်ခွာသွားသည့် လယ်ဗီ၏ ကျောပြင်ကို ကြည့်ကာ ယောလ်သည် လျှာထုတ်ပြောင်လိုက်သည်။
"မင်း တကယ် လူသားတစ်ယောက်ရော ဟုတ်ရဲ့လား"
"ဟုတ်တာပေါ့၊ ကျွန်တော်က တကယ့်လူစစ်စစ်ပါနော်"
"ဘာအလုပ်လုပ်လဲ”
"အဲဒါက ကျွန်တော်က ဘွဲ့လွန်ကျောင်းသားပါ"
"ဘွဲ့လွန်ကျောင်းသား ဟုတ်လား”
"ကျွန်လေ၊ အဲ မဟုတ်ပါဘူး ကျွန်တော်က ကျောင်းသားပါ အကယ်ဒမီကျောင်းသားကြီးလို့ သဘောထားလို့ ရတယ်"
ယောလ်သည် သူ့ကိုယ်သူ ကျွန်တစ်ယောက်ဖြစ်သည်ဟု မသိလိုက်ဘဲ ရှင်းပြမိတော့မလိုဖြစ်သွားသည်။ ဘွဲ့လွန်ကျောင်းသားဆိုသည်ကို မသိပုံရသော ထိုလူကြီးကို သူ ပြန်ပြင်ပြောလိုက်သည်။ "သွေးနီရောင် ထောင်" ဝတ္ထုထဲတွင် ရှိနေသော မိုက်ကီရယ် နားလည်နိုင်စေရန် ရှင်းပြချက်ကိုပင် ထပ်ထည့်ပေးလိုက်သည်။
"နာမည်က"
"ယောလ်၊ ဘတ်ယောလ်"
"ယူရီ"
"မဟုတ်ဘူး၊ ယောလ်လို့"
"ယူရီ၊ နာမည်အရဆို မင်းက သာမန်လူတစ်ယောက် ဖြစ်ရမယ်"
"..."
ယောလ်တစ်ယောက် မဟုတ်ဘူးဟု ပြောထွက်တော့မည်ဖြစ်သောကြောင့် ချက်ချင်း သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
ဟုတ်တယ်။ ယောလ်ဖြစ်ဖြစ် ယူရီဖြစ်ဖြစ် အဲဒါက အရေးကြီးလို့လား။ အခုချိန်မှာ နာမည်က ဘာအရေးကြီးလို့လဲ။
"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ"
ရုတ်တရက် ယူရီ ဖြစ်သွားသော ယောလ်သည် လက်လျှော့ကာ ခေါင်းငြိမ့်လိုက်သည်။ ဤကဲ့သို့ ခန္ဓာကိုယ် ဆုံးရှုံးပြီးနောက် သူ့နာမည်သည်လည်း ဆုံးရှုံးရတော့မည်ဟု ခံစားရသောကြောင့် သက်ပြင်းချရန် ပြင်နေချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ကျွန်တော်ပါ"
လယ်ဗီ၏ အသံသည် တံခါးတစ်ဖက်မှ ထွက်ပေါ်လာသည်။ ထို့နောက် တံခါးပွင့်လာပြီး လယ်ဗီသည် သုံးဆင့်လှည်းလေးကို တွန်းကာ ပေါ်လာသည်။ လှည်းလေး ပိုနီးလာလေ အနံ့က ပိုမွှေးလာလေဖြစ်သည်။
ယောလ်တစ်ယောက် စိတ်ဓာတ်ကျနေသည်ကိုပင် မေ့လျော့ကာ မျက်လုံးလေးများမှာ အရောင်တောက်လာခဲ့သည်။
သုံးရက်တိတိ အစာမစားဘဲ နေခဲ့ရသည်ကို ထည့်သွင်းစဉ်းစားပါက မအံ့သြသင့်ပေ။ မငတ်ခဲ့ခြင်းပင်လျှင် အံ့ဖွယ်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် အဝတ်စဖြင့် ပြုလုပ်ထားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ရေတစ်စက်မျှ မသောက်ရလျှင်ပင် အဆင်ပြေနေခဲ့သည်။
လယ်ဗီသည် လှည်းထဲမှ အစားအစာများကို တစ်ခုချင်းစီ ထုတ်ကာ စားပွဲပေါ် ချပေးနေသော်လည်း ယောလ်တစ်ယောက် စားရန်အတွက် အခက်တွေ့နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အစားအစာများကို တင်ထားသော စားပွဲသည် အံဆွဲနှင့် ဝေးကွာနေသောကြောင့် ဖြစ်သည်။ ယောလ်မှာ အံဆွဲပေါ်သို့ တက်ရန် ရုန်းကန်ရင်း ညည်းညူနေခဲ့သည်။
"အား.. ခက်လိုက်တာနော်"
သူ့အရပ်နှင့် တန်းတူသည့် အံဆွဲခန်းပေါ်သို့ တက်ခြင်းသည် သာမန်အလုပ် မဟုတ်ပေ။ နောက်ဆုံးတွင် အကြိမ်ကြိမ် ကျရှုံးနေသောကြောင့် ယောလ်တစ်ယောက် ဒေါသထွက်လာသည်။
ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေသော မိုက်ကီရယ်သည် ယောလ်၏ ဦးခေါင်းကို ဆွဲကိုင်လိုက်သည်။
"အား!"
ယောလ်သည် ကြမ်းတမ်းသော ထိတွေ့မှုကြောင့် အော်ဟစ်လိုက်သော်လည်း မိုက်ကီရယ်က မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုလိုက်သည်။ မိုက်ကီရယ် သူ့ကို စားပွဲပေါ်တင်လိုက်သောအခါ ယောလ်သည် ညည်းညူ၍ သူ့လက်တိုတိုလေးများဖြင့် သူ့ဆံပင်ကို ပွတ်သပ်လိုက်သည်။
သူသည် ဒေါသထွက်နေကြောင်း ပြသရန် ခြေထောက်ပိစိလေးများကို ဆောင့်နင်းလိုက်သော်လည်း ဖောင်းကားနေသော အရုပ်ပေါ်တွင် ဖုန်မှုန့် အနည်းငယ်သာ ထွက်လာခဲ့သည်။
"ဝါး”
ထိုသေးငယ်သော ဒေါသထွက်မှုသည် ကြာရှည်မခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယောလ်၏ မျက်လုံးလေးများမှာ စားပွဲပေါ်တွင် ဖြန့်ခင်းထားသော အစားအသောက်များထံသို့ ပြန်ရောက်သွားသောကြောင့် ဖြစ်သည်။
ယောလ်တစ်ယောက် အနီးဆုံးပေါင်မုန့်ထံသို့ ခြေထောက်တိုတိုလေးများအား အသုံးပြု၍ အလျင်အမြန် ပြေးသွားလိုက်သည်။ သူသည် ပေါင်မုန့်ကို အပြည့်အဝ ကိုက်လိုက်ရာ ပေါင်မုန့်ပေါ်တွင် လက်သည်းခွံအရွယ်အစားရှိ သွားရာလေး ကျန်ရစ်ခဲ့သည်။
"အရမ်း အရသာရှိတာပဲ"
‘ဆာလောင်မှုက အကောင်းဆုံး ဆော့စ်ပဲ’ဟူသော စကားပုံအတိုင်းပင် ရက်ပေါင်းများစွာ အစာငတ်နေခဲ့သော ယောလ်အတွက် ဤသည်မှာ အရသာအလွန်ရှိနေခဲ့သည်။
ယောလ်သည် ပေါင်မုန့်မှ စ၍ ပြင်ဆင်ထားသော အစားအစာများကို နည်းနည်းချင်း စားသောက်နေခဲ့သည်။ သူသည် မစားရသေးသော စပျစ်သီးကို မျက်ရည်များဖြင့် ကောက်ယူလိုက်ပြီး အနည်းငယ်ကိုက်၍ စားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဇွန်းသေးသေးလေးကို မ,ကာ ဟင်းချိုပူပူကို သောက်လိုက်သည်။
မိုက်ကီရယ်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ပထမဆုံး ထိုအရုပ်ကလေးသည် နတ်ဆိုးတစ်ကောင်နှင့် မတူသောကြောင့် သူ့ကို ထားရန် ဆုံးဖြတ်လိုက်သော်လည်း သူသည် သံသယဝင်နေဆဲဖြစ်သည်။ လူတစ်ဦးမှ အရုပ်တစ်ရုပ် အဖြစ်ပြောင်းသွားသည်ကို အပြည့်အဝ ယုံကြည်ရန်မှာ ခက်ခဲလွန်း၏။
အရုပ်လေးသည် တစ်ခုခုကို ဖုံးကွယ်ထားပုံရသည်။ သို့သော် မိုက်ကီရယ်သည် ထိုဖုံးကွယ်ထားသည့်အရာကို တဖြည်းဖြည်းနှင့် သိလာတော့မည်။ ထို့ကြောင့် ထိုအရုပ်လေး တောင်းဆိုသည့်အတိုင်း အလွယ်တကူ ထွက်သွားခွင့် မပေးနိုင်ပေ။
အခြားအရာများထက် ထိုအရုပ်လေးကြောင့် ညဘက်တွင် အိပ်မပျော်ဖြစ်နေပုံကို တွေးမိသောအခါ သူ့ကို စနောက်၍ အနှောင့်အယှက် ပေးချင်စိတ် ပေါ်လာသည်။