ငါ ခေါင်းကို ကိုင်ထားမိတယ်။
ဘာလဲဟ... အချစ်ဂိမ်းမှာ စာမေးပွဲဖြေရမယ်! ဒါ ဘာအမှိုက်လို ဂိမ်းမျိုးလဲ!
ဆရာမ ပြောသွားတဲ့ စကားနောက်ဆုံးပိုင်းကို ငါ လုံးဝမကြားလိုက်ဘူး။
ဒီအချိန်မှာ ရွှီကျစ်လန်နဲ့ တခြားသူတွေက ပိုပြီး မျက်နှာဖြူဖျော့နေတာကို တွေ့လိုက်ရတယ်။
သူတို့လည်း ငါ့လိုပဲ တွေးနေကြမှာ သေချာတယ်။ ဘယ်သူမှ စာမေးပွဲဖြေချင်ကြမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အထက်တန်းကျောင်းတုန်းက သင်ယူခဲ့တဲ့ အသိပညာတွေက ဆရာတွေဆီ ပြန်ရောက်နေတာ ကြာလှပြီ။
စာမေးပွဲစာရွက် ငါ့ရှေ့ကို ရောက်လာတော့ မေးခွန်းတွေကို မြင်တာနဲ့ သွေးအန်မလိုတောင် ဖြစ်သွားတယ်။
ဒါဘာကြီးလဲ...
Calculus လား...
Linear Algebra လား...
ဒါတွေကို အထက်တန်းတုန်းက တကယ် သင်ခဲ့ဖူးလို့လား...
ငါ ဘာမှမတတ်နိုင်တော့ဘဲ စားပွဲပေါ် ခေါင်းမှောက်ချပြီး ငိုလိုက်တယ်။
"ငါ သွားပြီ!"
ရှန်မော့က ငါ့ကို လှမ်းကြည့်တယ်
ငါ ချက်ချင်းပဲ အသက်ကယ်ကြိုးကို ဆုပ်ကိုင်လိုက်သလိုမျိုး သနားစရာမျက်နှာနဲ့ တောင်းပန်လိုက်တယ်။
"ကယ်ပါဦး!ရွှယ်ပါ့လေး! ကယ်ပါဦး"
ဒါပေမယ့် နောက်တစ်စက္ကန့်မှာ ရှန်မော့က တည်တည်ငြိမ်ငြိမ်ပဲ ပြောလာတယ်။
"ငါလည်း မသိဘူး"
ကောင်းပြီ! ကောင်းပြီ! ကောင်းပြီ!
ငါတို့အားလုံးက ပညာရေးမှာ ကျရှုံးနေကြတာပေါ့နော်!
နှစ်နာရီကြာပြီးနောက် စာမေးပွဲ ပြီးသွားတယ်။
ရှန်မော့က စားပွဲပေါ်မှာ အိပ်ပျော်နေတယ်၊ သူ့စာရွက်က ဗလာ။
ငါကတော့ အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရတွေ အကုန်ရေးချထားတယ်။
ဆရာတစ်ယောက်ပြောဖူးတာ မှတ်မိတယ်။ မသိရင်လည်း ကိစ္စမရှိဘူး၊ အနည်းဆုံးတော့ တစ်ခုခုရေး၊ အမှတ်ရနိုင်တာပေါ့တဲ့။
စာမေးပွဲဖြေပြီးတော့ ငါ ပိုပြီး ပေါ့ပါးသွားသလို ခံစားရတယ်။
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်။ ဆိုးဆိုးရွားရွား ဖြေခဲ့ရင်တောင် အမျိုးသားဇာတ်လိုက်ကို လိုက်တဲ့ ငါ့အလုပ်ကို ထိခိုက်မှာ မဟုတ်ဘူး။
ဒါပေမယ့် ရွှီကျစ်လန်နဲ့ တခြားသူတွေက အရမ်းဖြူဖျော့နေပြီး သူတို့မျက်လုံးတွေက မျှော်လင့်ချက်မဲ့တဲ့ အရောင်တွေနဲ့ ပြည့်နေတယ်။
သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်နေရသလိုမျိုး...
---