Chapter 18
ခပ်လှမ်းလှမ်းမှ တံခါးသံကြားရသည်နှင့် တံခါးဖွင့်ရန် ပြင်ဆင်နေသည့် မိုက်ကယ်မှာ တုံ့ဆိုင်းသွားခဲ့သည်။ သူ့ဘေးတွင်ရှိနေသော ဆီလက်ဖ်မှာမူ မျက်လုံးအပြူးသားဖြင့် တံခါးကိုတစ်လှည့် မိုက်ကယ်၏မျက်နှာကိုတစ်လှည့် ကြည့်နေမိသည်။
"အာ ဘာအသံလဲ၊ အထဲကလား"
"ဆီလက်ဖ်၊ ငါပြောတာကို အရင်နားထောင်"
"ဘယ်သူက မြို့စားမင်းကို ဆဲရဲတာလဲ"
မိုက်ကယ်က မတားနိုင်ခင်မှာပင် ဆီလက်ဖ်က တံခါးကို အားပြင်းပြင်းဖြင့် ဆောင့်ဖွင့်လိုက်သည်။ သူ့ခါးမှ ဓားတိုလေးကို လျှပ်တစ်ပြက်ဆွဲထုတ်လိုက်ရာ အပြာရောင်တောက်နေသော ဓားသွားသည် အလွန်ပင် ထက်ရှနေ၏။
"ဟင်"
သို့သော် ခဏအကြာတွင် ဆီလက်ဖ်မှ အချည်းနှီးဆန်သော မှတ်ချက်တစ်ခုကို ထုတ်ပြောလာခဲ့သည်။
မြို့စားမင်းအား စော်ကားသူကို ဖမ်းရန်အတွက် ဝင်လာခဲ့သော်လည်း သူ့ရှေ့၌ တွေ့ရသည်မှာ အဝတ်ဗလာဖြစ်နေသည့် ဝါဂွမ်းအရုပ်လေးတစ်ရုပ်သာ ဖြစ်နေခဲ့၏။
ရှုပ်ထွေးသွားသော ဆီလက်ဖ်မှာ အခန်းပတ်လည်ကို အလျင်အမြန် လှည့်ကြည့်လိုက်သော်လည်း အခန်းထဲတွင် လူနှင့်တူသည့်အရာ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။ သူ တံခါးဖွင့်လိုက်သည်နှင့် လူက ထွက်ပြေးသွားသည်များ ဖြစ်မည်ထင်၍ ပြတင်းပေါက်များနှင့် လေသာဆောင်တံခါးကိုပါ စစ်ဆေးကြည့်ရှုခဲ့သော်လည်း ထူးဆန်းစွာဖြင့် တစ်စုံတစ်ရာမျှ မတွေ့ခဲ့ရပေ။
"မြို့စားမင်း အသံက အထဲကလာတာ မဟုတ်ဘူးလား"
"ဟုတ်လား၊ ငါ မကြားလိုက်ပါဘူး"
"ဒါပေမဲ့ တကယ်..."
"ဒီအကြောင်း ဆက်မပြောပဲ နေရကြရအောင်”
မိုက်ကယ်က လျင်မြန်စွာ ဘေးသို့ ရှောင်လိုက်သည်။ "မိုက်ကယ် ခွေးမသားကြီး!" ဟူသော အော်သံကိုမူ သူ အမှန်တကယ် ကြားလိုက်ရသည်။ သို့သော် ယောလ်နှင့် နှစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရန် နောက်မှ စဉ်းစားလိုက်မိသည်။
ယောလ်က အဘယ့်ကြောင့် ဆဲရသည်ကို သူသိထားသောကြောင့် ထိုကိစ္စကို အရင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
"ဆီလက်ဖ်၊ မင်းမှာ ညီမလေးတစ်ယောက်ရှိတယ် မလား"
"ဟုတ် ရှိတယ်ဗျ လီအန်နာ ကိုပြောတာမလား၊ လီအန်နာ ဆိုရင် မြို့စားမင်း သူ့ကို မသိဘူးလား"
"အင်း ငါသိတယ်၊ အဲဒါက ငါသိချင်တာတော့မဟုတ်ဘူး"
"ဒါဆိုရင်..."
"ဒါဆိုရင် မင်း လီအန်နာ ကို အရုပ်တွေနဲ့ ဆော့တာ မြင်ဖူးလား"
"ဟုတ် မြင်ဖူးတယ်ပေါ့၊ ကျွန်တော် သူမ မွေးနေ့တိုင်း အရုပ်အသစ်တစ်ရုပ် ဝယ်ပေးဖြစ်တယ်"
"ကောင်းပြီ"
မိုက်ကီရယ်သည် ဆီလက်ဖ်၏ စကားများကြောင့် စိတ်သက်သာရာရသွားခဲ့သော်လည်း ဆီလက်ဖ်မှာမူ မိုက်ကီရယ်၏ စကားများကြောင့် တွေဝေရှုပ်ထွေးနေမိသည်။
ဆီလက်ဖ်သည် မြို့စားမင်း၏ ကိုယ်ရံတော်များကို လေ့ကျင့်ပေးနေရသူဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြီးဆုံးချိန်တွင် ဒုတိယခေါင်းဆောင်နှင့် ဓားရေးယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် မိုက်ကီရယ်က ရုတ်တရက် အလျင်အမြန် ခေါ်ယူသဖြင့် ထိုအစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။
အရေးပေါ်ကိစ္စဟု ထင်မှတ်ကာ လမ်းလျှောက်စဉ် တစ်လျှောက်လုံး အကြောင်းရင်းကို မေးမြန်းခဲ့သော်လည်း အထက်အရာရှိက "ရောက်ရင် ပြောပြမယ်" ဟု ပြောသဖြင့် ဆီလက်ဖ်က တိတ်ဆိတ်စွာ နားထောင်နေခဲ့ရသည်။ သို့သော် အခန်းအတွင်းသို့ ရောက်သောအခါ မိုက်ကီရယ်က သူ့ညီမ လီအန်နာနှင့် အရုပ်များအကြောင်း ရုတ်တရက် မေးမြန်းလာသဖြင့် လုံးဝနားမလည်ခဲ့ပေ။
"ဆီလက်ဖ် အခုကစပြီး ငါပြောတာကို နားလည်မှုမလွဲဘဲ သေချာနားထောင်"
"ဟုတ်ကဲ့ ပြောပါ"
မိုက်ကီရယ်၏ လေးနက်နေသော မျက်နှာအမူအရာကို ဆီလက်ဖ်က ရဲရဲဝင့်ဝင့်ဖြင့် ဂရုတစိုက် ပြန်လည်တုံ့ပြန်လိုက်သည်။ မည်သည့်အကြောင်းမျိုးဆိုသည်ကို သူလုံးဝနားမလည်သော်လည်း ဤအရာမှာ အလွန်အရေးကြီးသည့် အရေးကိစ္စတစ်ခုဖြစ်ရမည်ဟု သူစိတ်ထဲတွင် ခိုင်ခိုင်မာမာ ယုံကြည်လိုက်သည်။
"အရုပ်တစ်ရုပ် ပျက်သွားရင် ဘာလုပ်ရမလဲ"
"ခင်ဗျာ”
"ဒါဆို အရုပ်က ပုံပျက်သွားပြီ မျက်နှာက ပုံစံမမှန်တော့ဘဲ ခြေလက်တွေက မညီမညာဖြစ်နေပြီဆို ပြင်လို့ရမယ့်နည်းလမ်း ရှိသေးလား"
"..."
ဆီလက်ဖ်သည် စကားမပြောဘဲ လက်ဖြင့် သူ၏ပါးစပ်ကို တိတ်တဆိတ် အုပ်လိုက်သည်။ သူ၏ အထက်လူကြီးသည် စိတ်မနှံ့တော့ဘူးဟု သူယုံကြည်လိုက်ရသည့် မျက်နှာအမူအရာမျိုး သူ့မျက်နှာ ပေါ်တွင် ပေါ်နေသည်။
တုန်ယင်နေသော မျက်လုံးများဖြင့် သူသည် လက်တစ်လှမ်းအကွာတွင် အဝတ်ဗလာဖြင့် ရှိနေသော အရုပ်လေးကို ပြန်လည်ကြည့်မိသည်။
အာရုံပြန်စူးစိုက်ကြည့်သောအခါ သူနောက်ဆုံးမြင်ခဲ့စဉ်က ထိုအရုပ်လေးသည် အဝတ်အစားများ ဝတ်ဆင်ထားသည်ကို အမှတ်ရလာသည်။ ယခုမူ တစ်ထည်မျှပင် သူ့ကိုာ်ပေါ်မှာ ရှိမနေတော့ပေ။ ဤအရုပ်လေးသည် သူ့ဘာသာ အဝတ်အစားများကို ချွတ်နိုင်စွမ်းရှိမည်မထင်ချေ။
ဒါဆိုရင်..
"မ-မြို့စားမင်း”
"အခု ငါ့ပုံစံက အရမ်းထူးဆန်းနေမှန်း ငါသိတယ် ဒါပေမဲ့ ဆီလက်ဖ် မင်း ဘာပဲထင်ထင် အရေးမကြီးဘူး၊ ဒါက မင်းထင်သလို လုံးဝ မဟုတ်ဘူးဆိုတာ ငါ အာမခံတယ်"
မိုက်ကီရယ်က အလျင်အမြန် ထပ်မံရှင်းပြသော်လည်း ဆီလက်ဖ်၏ နားထဲသို့ စကားလုံးတစ်လုံးမျှ မရောက်တော့ချေ။
ဆီလက်ဖ်သည် အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် အရုပ်လေးထံသို့ ခြေဦးလှည့်လိုက်သည်။ ချိုမြိန်ပျော့ပျောင်းသော ရနံ့တစ်မျိုးက သူ့အား ကြိုဆိုနေ၏။ နောက်ဆုံးအကြိမ်တုန်းက မြို့စားမင်း ကိုယ်တိုင် ထိုအရုပ်လေးအား လက်စွပ်ဝတ်ဆင်ပေးခဲ့ဖူးသည်ကို အမှတ်ရမိပြီး ယခုတွင်မူ ရေချိုးပေးထားသည်အထိ ဂရုစိုက်မှုရှိသည်ဟု ထင်ရသည့် အခြေအနေကို မြင်တွေ့ရသည်။
အဲဒါကြောင့် မင်းကို ချိန်းတွေ့ဖို့ ပြောတုန်းက နားထောင့်ခဲ့သင့်တာ။
သူ၏ စိတ်ထဲတွင် အပြည့်အဝမကျေနပ်မှုများနှင့် စိတ်ပျက်အားငယ်စရာများ စုပြုံလာကာ စိတ်မနှံ့သည်အထိ ဖြစ်နေသည်မှာ သိသာထင်ရှားနေပြီ ဖြစ်သည်။ သို့သော် အနည်းဆုံးတော့ မိုက်ကီရယ်၏ တာဝန်ထမ်းဆောင်မှုများ ထိခိုက်သည်ဟူသော သတင်းမျိုး မကြားရသေးသည်မှာ အားရစရာပင်။
လက်အောက်ငယ်သားတစ်ဦးအနေဖြင့် သူ၏ကိုယ်ပိုင်စိတ်ကူးများကို ထုတ်ဖော်ပြောဆိုပိုင်ခွင့် မရှိပေ။ ဆီလက်ဖ်သည် ဤသို့အတွေးမျိုးဖြင့် မငြိမ်မသက်ဖြစ်နေသော စိတ်ကို ငြိမ်သက်အောင် ကြိုးစားနေမိသည်။ သို့သော် ရုတ်တရက် ဝင်လာသော အတွေးတစ်ခုက ထိုကြိုးစားမှုကိုပင် မအောင်မြင်စေခဲ့ပေ။
"မြို့စားမင်း"
"အင်း ပြော"
"ဒီရက်ပိုင်း ခင်ဗျား အခန်းထဲမှာပဲ စားပြီး အပြင်ထွက်တာကို တတ်နိုင်သမျှ ရှောင်နေတာ အဲဒါ ဒီ အရုပ်ကြောင့်လား"
"ဟင် အဲဒါက... ဟုတ်တယ် ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆီလက်ဖ်၊ အဲဒါ မဟုတ်ဘူးနော် မင်းထင်သလို လုံးဝ မဟုတ်ဘူး"
ဆီလက်ဖ် က သူ့လက်ထဲမှ ဓားကို ချပစ်လိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။
လိုချင်တာမှန်သမျှ ရနိုင်သည့် အင်ပါယာ၏ အမြင့်မြတ်ဆုံး မိသားစုခေါင်းဆောင်က တကယ်ပဲ ရူးသွားခဲ့သည်။ အရုပ်များဖြင့် ဆော့ကစားရင်းနှင့် ထိုသို့ဖြစ်သွားလေ၏။ ဆီလက်ဖ် က လက်မခံနိုင်စရာ ဖြစ်ရပ်မှန်ကို ခေါင်းခါလိုက်သည်။
"မြို့စားမင်း အဲဒါကြောင့် ကျွန်တော် ခင်ဗျားကို ချိန်းတွေ့တာတို့၊ တစ်စုံတစ်ယောက်နဲ့ တွေ့တာတို့ လုပ်ပါလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
"ဆီလက်ဖ်၊ အဲလို မဟုတ်ပါဘူး၊ ငါ အကုန်အဆင်ပြေတယ်”
"လူတစ်ယောက်က အရုပ်တစ်ရုပ်ကို စိန်လက်စွပ် ဝတ်ပေးပြီး ရေချိုးပေးတယ်လို့ ပြောနေတာလား၊ မဟုတ်ဘူး ဖြစ်နိုင်တယ်လို့ပဲ ပြောကြပါစို့၊ မြို့စားမင်း ရဲ့ လျှို့ဝှက်ချက် အင်း အကြိုက်ပုံစံလား၊ ဟုတ်ပါပြီ ကျွန်တော် လက်ခံနိုင်ပါတယ် ဒါပေမဲ့ ခင်ဗျားက ခင်ဗျားအခန်းထဲမှာပဲ စားသောက်နေပြီး အရုပ်ကြောင့် အခန်းအောင်းနေတာက လက်ခံနိုင်စရာ မရှိဘူးနော်"
"အဲလို မဟုတ်ဘူးလို့ ငါ ပြောနေတယ်လေ!"
"ဒါဆို ဘာလဲဗျာ!"
တစ်လှမ်းမျှ နောက်ဆုတ်လို့မရသည့် လူနှစ်ယောက်၏ အသံများမှာ ထွက်ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေခဲ့သည်။
ထိုအတောအတွင်း ယောလ်သည် သူတို့နှစ်ဦး ရန်ဖြစ်နေပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုနေမိသည်။ ဤမျှ ပြင်းထန်သော အငြင်းအခုံကို ကြည့်ရသည်မှာ သူ့အတွက် အပျော်ရွှင်ဆုံး အခိုက်အတန့်ပင်ဖြစ်သည်။
ရုတ်တရက် မိုက်ကီရယ်သည် ယောလ်ကို အားပြင်းစွာ ဆွဲကိုင်လိုက်ပြီး ဆီလက်ဖ်၏ မျက်နှာရှေ့တည့်တည့်သို့ ပြလိုက်သည်။
"ယူရီ၊ ဒါက သူထင်သလို မဟုတ်ဘူးဆိုတာ မင်း သူ့ကို အမှန်အတိုင်း ပြောပြလိုက်”
"မြို့စားမင်း!"
မိုက်ကီရယ်၏ ထူးဆန်းသော အပြုအမူကြောင့် ဆီလက်ဖ်သည် စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်မိသည်။ မိုက်ကီရယ် ရူးသွားပြီဟု သူယူဆထားသော်လည်း ယခုအခါ သူ၏ စိတ်မနှံ့မှုကို မျက်ဝါးထင်ထင် မြင်ရသည်နှင့် သူ၏ ရင်ဘတ်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
"ယူရီ ဘာလို့ ဘာမှမပြောတာလဲ မြန်မြန်ပြောလိုက်၊ ဒါတွေအားလုံးက နားလည်မှုလွဲနေတာပါလို့"
"တော်ပါတော့ မြို့စားမင်း"
မိုက်ကီရယ်၏ စိတ်မရှည်စွာဖြင့် ယောလ်အား ဖိအားပေးနေသော်လည်း ယောလ်မှာ မိုက်ကီရယ်ကို လက်စားချေရန်အတွက် သူ့လက်ကို အားနှင့်ဆုတ်ဖဲ့ကာ မျက်နှာကို လှည့်ထားလိုက်သည်။ သူ၏ လက်ခြေများကို အလိုအလျောက် မညီမညာ လှုပ်ရှားစေပြီး တမင်တကာ ဘာမျှမပြောဘဲ နေလိုက်သည်။
အရူးကောင်။ တစ်ခါလောက်တော့ ဒုက္ခခံကြည့်လိုက်စမ်း။
အဖြစ်မှန်ကို နားမလည်နိုင်သေးသော ဆီလက်ဖ်သည် သူ၏ စိတ်ပျက်အားငယ်မှုများကို ထိန်းချုပ်ရန် ကြိုးစားလျက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဟူး... မဟုတ်ဘူး မြို့စားမင်း သေချာပေါက် အဖြေတစ်ခုခုတော့ ရှိရမှာပါ၊ ကျွန်တော် မြို့စားမင်းကို စွန့်လွှတ်မှာမဟုတ်ပါဘူး မြို့စားမင်း ကျွန်တော့်ကို လက်တွဲခေါ်ခဲ့သလို ကျွန်တော်လည်း မြို့စားမင်းကို ကူညီမှာပါ၊ ဘယ်တော့မှ အရှုံးမပေးပါဘူး"
"ဆီလက်ဖ်၊ ဒါက အဲလိုမဟုတ်ဘူးလို့ကွာ ယူရီ မင်းဘာလို့ ဘာမှမပြောတာလဲ၊ မင်း အမြဲတမ်း စကားများနေကျ မဟုတ်လား၊ ဘာလို့ ရုတ်တရက်..."
ဆီလက်ဖ်၏ ပိုမိုတင်းမာလာသော သဘောထားကြောင့် မိုက်ကီရယ်သည် ပို၍ပင် စိတ်ပျက်လာရသည်။ ယောလ်အား စကားပြောစေရန် မည်မျှပင် ကြိုးစားပါစေ ယောလ်က ငြိမ်သက်စွာ နေနေသည်။
ထိုအချိန်တွင် မိုက်ကီရယ်သည် ယောလ်၏ မျက်နှာကို သတိပြုမိပြီး သူ၏မျက်နှာပြင်မှာ ရုတ်တရက် အေးစက်သွားသည်။
အကြောင်းမှာ ရိုးရှင်းလှသည်။ ယောလ်သည် တခစ်ခစ်ရယ်နေခြင်းပင်။
မိုက်ကီရယ်သည် ယောလ်ကို ချက်ချင်းဆွဲကိုင်ပြီး မီးဖိုဘက်သို့ ဦးတည်လိုက်သည်။
အစပိုင်းတွင် ဘာဖြစ်နေမှန်း နားမလည်သော ယောလ်သည် မကြာမီ သူ့အား မီးဖိုဘက်သို့ ဆွဲခေါ်နေကြောင်း သိလိုက်ရပြီး ရုန်းကန်လိုက်သည်။
ဘုရားရေ ဒီအရူးက ငါ့ကို မီးရှို့ပြစ်တော့မယ်နဲ့တူတယ်။
"ယူရီ၊ မင်း ဘာမှမပြောရင် ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး၊ မင်းရဲ့ဝိညာဉ်က ဒီမှာမရှိတော့ဘူးဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကိုလည်း မင်းမလိုအပ်တော့ဘူးလေ"
မိုက်ကီရယ်၏ အေးစက်သော စကားလုံးများကြောင့် ယောလ်၏ မျက်လုံးပြာကြီးများ ထိတ်လန့်မှုကြောင့် ပိုမိုကျယ်လာသည်။ မိုက်ကီရယ်သည် ထိုမျက်လုံးများကို မမြင်ချင်ယောင်ဆောင်ကာ ယောလ်အား ညှပ်ဖြင့်ဆွဲကိုင်ပြီး မီးတောက်များနှင့် ပိုနီးစေရန် ဆွဲတင်လိုက်သည်။
"အဟင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ! ကျွန်တော် မှားပါတယ် မိုက်ကီရယ်! ကျွန်တော့်ကို သနားပါဦး မီးမရှို့ပါနဲ့!"
မီးရှို့ခံရမည့် အန္တရာယ်မှ လွတ်မြောက်ရန် ယောလ်သည် အော်ဟစ်ငိုကြွေးလိုက်သည်။ သူ၏ငိုသံများသည် အခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
မိုက်ကီရယ်သည် နှာခေါင်းရှုံ့လိုက်ပြီး ဆီလက်ဖ်မှာမူ အံ့အားသင့်သော မျက်နှာထားဖြင့် တုံ့ပြန်လိုက်သည်။
"အခုမှ သတိပြန်လည်လာတာလား၊ တော်ပါသေးရဲ့ ယူရီရာ"
"ပူလိုက်တာ လွှတ်ပါတော့ လွှတ်ပါတော့၊ အား... မီးရှို့ပစ်တော့မလို့လား အဟင့်”
မိုက်ကီရယ်သည် ယောလ်အား မီးဖြင့် မထိမိစေရန် သတိထားနေသော်လည်း ယောလ်၏ တုံ့ပြန်မှုများမှာ ဒရာမာဆန်လွန်းလှသည်။ သို့သော် မီးနှင့်နီးသည့်အတွက် အပူခံစားရသည်မှာ အမှန်ပင်ဖြစ်သည်။
သူသည် ယောလ်အား ကိုင်ထားသော ညှပ်ကို မီးဖိုမှ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။
"ဟားဟား သေတော့မယ်လို့ ထင်နေတာလား"
ယနေ့တွင် အကြိမ်ကြိမ် သေဘေးနှင့် ကြုံတွေ့ခဲ့ရသော ယောလ်သည် သူ၏ အလွန်အမင်း တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကို ငြိမ်သက်အောင် လုပ်လိုက်သည်။
ဤမိုက်ကီရယ်ဆိုသော ရူးသွပ်သူ၏ လက်အောက်မှ လွတ်မြောက်သည့်နေ့တွင် သူ၏ ခြေလက်အင်္ဂါများကို သေချာစွာ ထိန်းသိမ်းထားရန် လိုအပ်မည်ဟု ယောလ်က တွေးလိုက်မိသည်။
ဤကဲ့သို့ လှည့်စားမှုမျိုးကို နောင်တွင် ဘယ်သောအခါမျှ မပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။