Chapter 20
Viewers 2k

Chapter 20


ယောလ်တစ်ယောက် သူ့ခန္ဓာကိုယ်အား ထိန်း၍ မတ်တပ်ရပ်နိုင်ရန် အတော်ကြာအောင် အချိန်ယူခဲ့ရသည်။ ထိုအခါမှသာ မိုက်ကီရယ်တစ်ယောက် စိတ်အေးသက်သာ ဖြစ်မိတော့၏။

 

ယောလ်သည် သူ့၏ ခြေတံတိုတိုလေးများအား ခုန်ဆွခုန်ဆွနှင့် ခုန်ပေါက်ကြည့်ခြင်းဖြင့် သူ့အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ 

 

"ရပြီ ၊ ကျွန်တော် နဂိုအတိုင်း ပြန်ဖြစ်ပြီ” 

 

မိုက်ကီရယ်သည် ပျော်ရွှင်စွာ ပြောဆိုနေသော ယောလ်ကို မြင်သောအခါတွင် ညင်သာစွာ ပြုံးလိုက်မိသည်။

 

ဤမြင်ကွင်းကို ကြည့်ရှုနေသော ဆီလက်ဖ်သည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို မေးခွန်းထုတ်မိသည်။ 


သူတို့နှစ်ယောက် ဘယ်လိုတွေ့မိသွားကြတာလဲ။

ဘယ်အချိန်ကတည်းက စပြီး ဒီလောက်အထိ ရင်းနှီးသွားကြတာတုန်း။

 

မိုက်ကီရယ်သည် သူ၏ အထက်အရာရှိအဖြစ် သူ အမှုထမ်းခဲ့သည်မှာ အတော်ကြာပြီ ဖြစ်၏။ ထိုအချိန်တစ်လျှောက်လုံးတွင် မိုက်ကီရယ်သည် သူ၏ စိတ်ခံစားမှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြသည်ကို သူဘယ်သောအခါမျှ မမြင်ခဲ့ဖူးပေ။ ကောင်းသော ခံစားချက်ဖြစ်စေ၊ ဆိုးသော ခံစားချက်ဖြစ်စေ၊ ပွင့်လင်းစွာ ဖော်ပြသည်ကို မမြင်ဖူးခဲ့ခြင်းပင်။

 

သို့သော် ထိုအရုပ်လေးအတွက်မူ မိုက်ကီရယ်သည် ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ဖြစ်ပေါ်နေခဲ့သည်။ ဆီလက်ဖ်အတွက် ဤအရာများသည် အထူးအဆန်းပင် ဖြစ်ခဲ့၏။

 

သူ မကြိုက်သောကြောင့် ဤသို့ဖြစ်နေခြင်းလားဟု မေးလျှင်လည်း ထိုသို့မဟုတ်ပေ။ သူသည် ရုတ်တရက် အံ့သြသွားရုံမျှသာ ဖြစ်သည်။

 

"မိုက်ကီရယ် မှန် ပေးပါဦး၊ ညီလားလို့ ကြည့်ချင်လို့" 

 

"ဘယ်လောက်တောင် ဒုက္ခပေးနေဦးမှာလဲကွာ”

 

မိုက်ကီရယ်က ညည်းညူရင်း ယောလ်အား မှန်ကို ပြသလိုက်သည်။

 

မှန်ထဲတွင် သူ့၏ မျက်နှာတစ်ခုလုံးသာ ပြည့်နေ၏။ ထို့ကြောင့် ယောလ်သည် သူ့ကိုယ်လုံးကို အပြည့်အစုံမြင်နိုင်ရန် ခဏမျှ နောက်ဆုတ်ရပေသည်။

 

အမြဲတစေ လျင်မြန်သော ခြေလှမ်းဖြင့် နောက်ပြန်ရွေ့တတ်သော ယောလ်သည် မှန်ထဲသို့ ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ မိုက်ကီရယ် ထိုအရာကို မြင်သောအခါ အခြားပြဿနာတစ်ခုခု ရှိနေပြီလားဟု တွေးတောရင်း မျက်လုံးများ စူးရှလာခဲ့၏။

 

"ကျွန်တော့်မှာ အဝတ်လည်း မရှိဘူး”

 

သို့သော် ယောလ်၏ ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများသည် မိုက်ကီရယ် စိုးရိမ်ခဲ့သောအရာနှင့် ကွဲပြားနေ၏။

 

ယောလ်သည် သူ့၏ အဝတ်ဗလာနှင့် ကိုယ်ကို အလျင်အမြန် ဖုံးအုပ်လိုက်သည်။ အမှန်ပင် သူ့တွင် အရေးကြီးသော အစိတ်အပိုင်းများ မရှိသည်ကို သိသော်လည်း ရေချိုးခန်းမှလွဲ၍ အခြားနေရာတွင် ကိုယ်တုံးလုံးနေခြင်းသည် ရှက်စရာကောင်းသည်ဟု သူ ခံယူထားသောကြောင့် ဖြစ်သည်။

 

"မိုက်ကီရယ် မိုက်ကီရယ်၊ ကျွန်တော့်အဝတ်တွေ…အာ ဟုတ်သားပဲ ကျွန်တော့်အဝတ်တွေက ပြဲသွားပြီ"

 

ယောလ်က ညည်းညူလိုက်ပြီးနောက် မိုက်ကီရယ်ကို ခါးသီးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

 

တစ်ဖန် သူသည် ဝါဂွမ်းရုပ်မျက်နှာဖြင့် မိုက်ကီရယ်ကို စိုက်ကြည့်သော်လည်း တကယ်တမ်းတွင် ခြိမ်းခြောက်မှု တစ်စုံတစ်ရာတောင် ခံစားမိမနေပေ။

 

မည်သို့ပင်ဖြစ်စေ မိုက်ကီရယ်သည် အခက်တွေ့နေ၏။ စုတ်ပြဲနေသော အဝတ်များကို ပြန်ချုပ်ပေးလျှင်ပင် ယခုပြဿနာမှာ လပ်ကီး၏ တံတွေးများကြောင့် အဝတ်အစားများ ညစ်ပတ်နေခြင်း ဖြစ်သည်။ ချည်အရုပ်လေးကို ရေချိုးပေးရန်ပင် သူ ရုန်းကန်ခဲ့ရသည်။ ထိုအဝတ်အစားကို သူ့အား ပြန်ဝတ်ပေးရန်မှာ မဖြစ်နိုင်ပေ။

 

မိုက်ကီရယ်သည် ဤအရာများကို တွေးတောနေစဉ် ယောလ်သည် ဒူးထောက်ထိုင်ကာ သူ၏ အဝတ်မပါသော ကိုယ်ကို တတ်နိုင်သမျှ ဖုံးအုပ်ထားလိုက်၏။

 

ကံကောင်းစွာပင် သူ့ခေါင်းသည် အလွန်ကြီးမားသောကြောင့် ကိုယ်တုံးလုံးဖြစ်နေသည့်တိုင် သူ့ ခန္ဓာကိုယ်မှ အစိတ်အပိုင်းများကို သိပ်မမြင်ရပေ။ သို့သော် ဤသို့ မမြင်ရနေလျှင်တောင် ယောလ်မှာ စိတ်သက်သာရာ ရမနေချေ။

 

"ဟူး ဆီလက်ဖ်၊ ပထမဦးဆုံး မစ္စဘိုနီကို အဝတ်တချို့ချုပ်ခိုင်းဖို့ လူတစ်ယောက်ကို ခေါ်ခိုင်းလိုက်၊ ရေချိုးခန်းထဲက အဝတ်တွေကို ယူသွားပြီး ဆိုဒ်တူ ချုပ်ခိုင်း၊ သူ့ခေါင်းက ကြီးတာမလို့ လည်ပင်းအကျယ်ကို နည်းနည်းပိုချောင်ချောင်လေး ဒါမှမဟုတ် ကြယ်သီးတပ်အင်္ကျီဆိုတော့ ဝတ်ရချွတ်ရ လွယ်အောင်လုပ်ပေးဖို့ ပြော သူမကို အမြန်ဆုံးချုပ်ပြီး ငါဆီ ပို့ခိုင်းလိုက်" 

 

"အတွင်းခံတွေရောပဲ” 

 

ယောလ်သည် မိုက်ကီရယ်၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။ သူ့တွင် အတွင်းခံမရှိသည်ကို သိလိုက်သောအခါ အတွင်းခံမပါဘဲ ဆက်လက်နေထိုင်ရန် သူ့တွင် ဆန္ဒမရှိတော့ပေ။

 

"ဟင်၊ အာ ဟုတ် ဟုတ်" 

 

ဆီလက်ဖ်သည် သူတို့နှစ်ဦးကို တုံ့ပြန်ရင်း ထစ်အ,စွာ ပြောလိုက်သည်။

 

မစ္စဘိုနီသည် အင်ပါယာအတွင်း နာမည်ကျော် အဝတ်ချုပ်ပညာရှင်တစ်ဦးဖြစ်ပြီး မြို့စားမင်း အိုလော့ဗ်၏ အဝတ်အများစုကို ချုပ်ပေးရသူဖြစ်သည်။

 

သူသည် အမိန့်ဖြစ်သောကြောင့် 'ဟုတ်ကဲ့' ဟုသာ ယခုနေတွင် တုံ့ပြန်ခဲ့သော်လည်း သူ့ကို စိတ်ပူပန်စေသော အရာများလည်း သေချာပေါက်ရှိနေခဲ့သည်။ မစ္စဘိုနီ၏ ဂုဏ်သတင်းသည် အလွန်မြင့်မားသောကြောင့် မြို့စားမင်းသာမက အမျိုးမျိုးသော မင်းမျိုးမင်းနွယ်မိသားစုများကပါ အဝတ်ချုပ်ရန် မှာယူကြသည်။


တစ်နည်းအားဖြင့် သူမသည် များစွာသော မင်းမျိုးမင်းနွယ်များ၏ လမ်းဆုံလမ်းခွဖြစ်ခဲ့၏။ ထို့ကြောင့် သူမသည် မင်းမျိုးမင်းနွယ်များနှင့် သက်ဆိုင်သည့် သတင်းအစအနများကို ကောင်းစွာသိရှိပေသည်။ ဥပမာအားဖြင့် မကြာသေးမီက အချို့မိသားစုမှ တစ်စုံတစ်ဦးသည် အစိုးရရာထူးရရှိပြီး အပ်ချုပ်အဝတ်အစားများ မှာယူခဲ့သည်။


မှန်ပေသည်။ သူမသည် သူမ၏ ရာထူးကို ကောင်းစွာသိရှိထားသောကြောင့် မင်းမျိုးမင်းနွယ်မိသားစုများအကြောင်း အချက်အလက်များကို ထုတ်ဖော်ခြင်းမရှိပေ။ သို့သော် လျှို့ဝှက်ချက်များသည် မည်မျှပင် ပိတ်ဆို့ထားစေကာမူ မီးခိုးကဲ့သို့ နောက်ဆုံးတွင် ပေါက်ကြားသွားတတ်၏။

 

မြို့စားမင်း အိုလော့ဗ်အိမ်တော်မှ အရုပ်အဝတ်အစားများ မှာယူခဲ့သည်ဟူသော ဇာတ်လမ်းသာ ပျံ့နှံ့သွားပါက လူအများ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။

 

ကလေးများနှင့် ကစားသော မိသားစုဖြစ်လျှင် ပြဿနာမရှိပေ။ သို့သော် မြို့စားမင်း၏ အိမ်တော်တွင် ကလေးငယ်များမရှိသည့်အပြင် လူငယ်များလည်း မရှိကြချေ။

 

သိလိုစိတ်သည် ပိုမိုပြင်းထန်လာပေလိမ့်မည်။ ပိုမိုပြင်းထန်လာသော သိလိုစိတ်သည် တစ်ခါတစ်ရံတွင် မှားယွင်းသော ရလဒ်များကို ဖြစ်ပေါ်စေတတ်၏။ ဥပမာအားဖြင့် အခြေအမြစ်မရှိသော ကောလာဟလများ ဖြစ်ပေသည်။

 

ဤသည်မှာ ဆီလက်ဖ် စိုးရိမ်ခဲ့သောအရာပင် ဖြစ်သည်။

 

မိုက်ကီရယ်တွင် လျှို့ဝှက် ကလေးတစ်ဦး ရှိသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာမည်ကို သူစိုးရိမ်နေခဲ့၏။

 

ယူရီဟုခေါ်သော အရုပ်လေးရောက်လာပြီးနောက် မိုက်ကီရယ်သည် စိတ်ခံစားမှုအမျိုးမျိုးကို ပြသလာပြီး ယခင်ကထက် ပိုမိုပျော်ရွှင်နေသည်မှာ သေချာပေါက် ကောင်းသောအရာဖြစ်သည်။ သို့သော် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် နားလည်မှုလွဲမှားခြင်းများကို တွေးတောလိုက်မိသည်နှင့် သူ့ကို ရင်မောစေသည်။

 

ဆီလက်ဖ်သည် လေးလံသော ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်။

 

*


"ဒီဟာနဲ့ ဖုံးထားလိုက်"

 

မိုက်ကီရယ်က ယောလ်အား လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်သည်။ ယောလ်သည် လက်ကိုင်ပဝါကို အလျင်အမြန်ယူကာ သူ့ကိုယ်ခန္ဓာကို ပတ်လိုက်သည်။

 

ပိုးသားလက်ကိုင်ပဝါကို ရောင်စုံပန်းပွင့်ပုံစံဖြင့် ပုံပေါ်ထားလေသည်။ သူ့ကိုယ်ခန္ဓာပတ်လိုက်သောအခါ နှစ်ကုန်ပိုင်း ဆုပေးပွဲအခမ်းအနားများတွင်သာ ပုံမှန်တွေ့ရသော ပခုံးတစ်ဖက်ဖော် ဝတ်စုံကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေ၏။ မှန်ထဲတွင် သူ့ကိုယ်သူ မြင်သောအခါ ယောလ်သည် မကျေမနပ်ဖြင့် ပါးနှစ်ဖက်လုံးကို ဖောင်းလိုက်သော်လည်း ယခုအချိန်အတွက် အခြားရွေးချယ်စရာမရှိပေ။

 

နောက်ဆုံးတွင် လက်ရှိအခြေအနေကို လက်ခံလိုက်ရသော ယောလ်သည် သက်ပြင်းချလိုက်သည်။

 

ဘဝသည် မလွယ်ကူလှပေ။ သူလိုချင်သည့်အတိုင်း မည်သာ့်အရာမျှ အဆင်ပြေခြင်း မရှိခဲ့ချေ။ အထူးသဖြင့် အရုပ်တစ်ရုပ်ဖြစ်လာပြီးနောက်ပိုင်းတွင် ပို၍ပင် ဖြစ်သည်။

 

ယောလ်သည် သူ့၏ ခေါင်းကြီးကြီးကို ငုံ့လိုက်သည်။ ထို့နောက် ခေါင်း၏ အလေးချိန်က သူ့ကိုယ်ခန္ဓာကို ရှေ့သို့ဆွဲခေါ်သွားပြီး ခေါင်းစိုက်လဲကျသွားသည်။

 

"အား..အား..စိတ်ပျက်စရာကောင်းလိုက်တာကွာ"

 

ယောလ်သည် မြေပြင်ပေါ်သို့ မျက်နှာမှောက်လဲကျကာ ခြေထောက်များအား လှုပ်ယွရင်းဖြင့် ပြန်ထရန် ရုန်းကန်နေလေသည်။ ယောလ်၏ စိတ်အနှောင့်အယှက်ဖြစ်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီး အထူးသဖြင့် စိတ်ပူပန်နေချိန်တွင် သူ၏ ခန္ဓာကိုယ်က သူ့စကားကို နားမထောင်ပေ။

 

ထိုကဲ့သို့သော ယောလ်ကို ကြည့်နေသော မိုက်ကီရယ်သည်လည်း သိပ်အဆင်မပြေချေ။

 

ထိုသည်မှာ အမှန်တကယ်ပင် ထူးဆန်းသောအရာဖြစ်သည်။ 


ဒီအရုပ်လေးကြောင့် သူ ဘာဖြစ်လို့ ဒီလောက် စိတ်ရှုပ်ထွေးနေရတာလဲ။ ပြဿနာအများကြီး ရှာပြီးတာတောင် ဘာလို့ မုန်းမ‌နေတဲ့အပြင် စိတ်ပါ ရှည်နေရတာလဲ။


မိုက်ကီရယ်ကိုယ်တိုင်ပင် လုံးဝနားမလည်ခဲ့ပေ။

 

"ညစာစားချိန်ရောက်ပြီ"

 

"မစားချင်ဘူး" 

 

ယောလ်သည် ခေါင်းပင်မထောင်ဘဲ အားမရှိစွာဖြင့် တုံ့ပြန်လိုက်သည်။

 

အစားအစာအကြောင်းပြောရလျှင် ထိုအထဲတွင် အဆီများသော ဂျုံနှင့် နို့ထွက်ပစ္စည်းများ ပြည့်နေမည်မှာ ထင်ရှားသည်။ မှန်ပေ၏။ မိုက်ကီရယ်သည် အရံဟင်းလျာများအကြောင်း ညည်းညူလျှင် ဓားဖြင့် လှီးမည်ဟု ခြိမ်းခြောက်ပါက သူစားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ အသက်ရှင်ရဦးမည်။ သို့မဟုတ်ပါက အဆုံးအထိ ခံစားရလိမ့်မည်။

 

"ကောင်းပြီလေ၊ ဒါဆိုလည်း ပြီးရော"

 

သူ၏ စိုးရိမ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ မိုက်ကီရယ်သည် မမျှော်လင့်ဘဲ နောက်ဆုတ်သွား၏။ ယောလ်က ထိုလူသည် ရူးသွပ်သည်ဟု ထင်သော်လည်း မည်သို့ပင်ဖြစ်စေ ကောင်းသောအရာပင် ဖြစ်သည်။ ထို့ကြောင့် သူသည် သက်တောင့်သက်သာ နေရန် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။

 

ထိုအတောအတွင်း စားပွဲဘေးမှ တကျီကျီမြည်သံတစ်ခု ထွက်ပေါ်လာ၏။ မြို့စားမင်း၏ အမှုထမ်းသည် အစားအစာယူလာပြီး ပြင်ဆင်နေပုံရသည်။ ယောလ်သည် ထိုအသံများကိုပင် ကြည့်ရန် မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအသံများသည် ပြီးခဲ့သော ရက်အနည်းငယ်က သူဖြတ်သန်းခဲ့ရသောအရာ ဖြစ်သောကြောင့်ပင်။


ခဏတာ ဆူညံသံများ ထွက်ပေါ်လာပြီးနောက် တံခါးပိတ်သံပါ လိုက်ပါလာ၏။ ပြင်ဆင်ပြီးစီးသော အစေခံသည် အခန်းမှ ထွက်ခွာသွားပုံရသည်။ ယခုတိုင် ယောလ်သည် အများကြီးမစဉ်းစားဘဲ မျက်နှာမှောက်လဲလျောင်းနေခဲ့ရာမှ ရုတ်တရက် အရသာရှိသော အနံ့တစ်ခုကြောင့် နိုးထလာသည်။

 

ယောလ်သည် မွှေးကြိုင်သောအနံ့ကို တစ်ဖန် ရှူရှိုက်မိပြီးနောက် မျက်လုံးများ ပြူးကျယ်သွား၏။ ၎င်းသည် အဆီများသော၊ ဆီပြန်သော ချိစ် သို့မဟုတ် ထောပတ်နံ့ မဟုတ်ပေ။

 

တစ်စုံတစ်ရာ ပူးဝင်ထားသကဲ့သို့ သူသည် စားပွဲဘက်သို့ မသိစိတ်ဖြင့် လှည့်လိုက်သည်။ သို့သော် သူ့ဘေးတွင် ရပ်နေသော မိုက်ကီရယ်က ယောလ်ကို ညင်သာစွာ ပွေ့ချီလိုက်၏။

 

"ဝါးးး”

 

သူ၏ ခြေတံတိုတိုလေးများဖြင့် လမ်းလျှောက်နေခြင်းမဟုတ်ပဲ မိုက်ကီရယ်၏ ခြေတံရှည်ရှည်များဖြင့် မျက်တစ်မှိတ်အတွင်း စားပွဲရှေ့သို့ ရောက်လာသော ယောလ်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

 

စားပွဲပေါ်တွင် တည်ခင်းထားသော အစားအစာသည် အမဲသား၊ ဆိတ်သားဟင်းချို အစပ်နှင့် တူသည်။ မနက်က သူ အော်ဟစ်ငိုယိုခဲ့သော ကင်ချီနှင့် ရာမန်တော့ မဟုတ်ခဲ့ပေ။ သို့သော် အနည်းဆုံးတော့ အစပ်အစားအစာဖြစ်နေခဲ့၏။

 

"မင်း အခုထိ မစားချင်သေးဘူးလား"

 

မိုက်ကီရယ်၏ အားအင်ချို့တဲ့သော မေးခွန်းကို ကြားသောအခါ ယောလ်သည် ရင်ဘတ်ကို ဖိညှစ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် မိုက်ကီရယ်သည် အံ့သြဖွယ်ကောင်းလောက်အောင် ကြည့်ကောင်းနေခဲ့သည်။

 

မင်းက အခုမှပဲ မင်းရဲ့ချောမောတဲ့ မျက်နှာလေးနဲ့ ထိုက်တန်တော့တယ်။

 

သူပြင်ဆင်ပေးထားသော အံ့အားသင့်ဖွယ်လက်ဆောင်ကြောင့် ယောလ်သည် လွန်စွာပင် စိတ်လှုပ်ရှားသွားရ၏။

 

ယောလ်သည် သူ့၏ ခြေတံတိုတိုလေးများနှင့်အတူ အမဲသား၊ ဆိတ်သားဟင်းချိုရှေ့သို့ ရောက်လာပြီး မျက်လုံးများက တောက်ပစွာ အရောင်လက်နေသည်။

 

"မိုက်ကီရယ် မိုက်ကီရယ်၊ ဒါကဘာလဲဟင်”

 

"ဒါက goulash (အသားနှင်းအသီးအရွက်နဲ့ ရောချက်ထားတဲ့ စတူး) လား တစ်ခုခုတော့ ဖြစ်မှာပေါ့ ဘာပဲဖြစ်ဖြစ်၊ စားဖိုမှူးကို ဟင်းရည်အစပ်တစ်ခွက် လုပ်ခိုင်းတာ သူ ဒါကို လုပ်ပေးခဲ့တာပဲ၊ ကင်ချီကတော့ ပါဝင်ပစ္စည်းတွေရှာရတာ ခက်လို့ အခုချက်ချင်းလုပ်မပေးနိုင်ဘူး ဒါပေမဲ့ မကြာခင်လုပ်ပေးဖို့ ကြိုးစားမယ်လို့ သူပြောခဲ့တာပဲ"

 

"မိုက်ကီရယ်”

 

ယောလ်သည် Goulashနှင့် မိုက်ကီရယ်၏ မျက်နှာကို တစ်လှည့်စီ ကြည့်လိုက်သည်။ မိုက်ကီရယ်၏ မျက်နှာသည် goulash ကဲ့သို့ပင် ချောမောလှပနေခဲ့သည်။ တိကျသော goulash သည် မည်သို့ကောင်းမွန်သည်ကို ဘယ်သူသိနိုင်မှာလဲ။ သို့သော် ယောလ်အတွက် goulashထက် ပိုကောင်းသောအရာ မရှိခဲ့ပေ။ ၎င်းသည် ချီးကျူးစကားတစ်ခုပင် ဖြစ်သည်။

 

"မြည်းကြည့်လိုက် ပိုစပ်ချင်ရင် ငရုတ်သီးထပ်ထည့်လို့ရတယ်"

 

မိုက်ကီရယ်၏ အဖြေကို တုံ့ပြန်သည့်အနေဖြင့် ယောလ်သည် အားမာန်အပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

 

သူ၏ ကိုယ်ခန္ဓာအရွယ်အစားနှင့် ညီမျှသော လက်ဖက်ရည်ဇွန်းတစ်ချောင်းကို ကိုင်ရင်း သူသည် goulash ကို တစ်စွန်းခပ်သောက်ကာ အလျင်အမြန် မြည်းစမ်းကြည့်လိုက်သည်။

 

၎င်းသည် အတိအကျတူညီခြင်းမရှိသော်လည်း အမဲသား၊ ဆိတ်သားဟင်းချို အရသာရှိနေခဲ့သည်။ အသင့်အတင့် စပ်ခါးပြီး မစပ်လွန်းသောကြောင့် သူ့၏ ဆွေးမြေ့နေသော အစာအိမ်ကို ပြေလျော့စေခဲ့သည်။

 

"အား.. ကောင်းလိုက်တာ"

 

မိုက်ကီရယ်သည်လည်း ယောလ်၏ ကျေနပ်နေသော မျက်နှာကို မြင်ပြီး သူလည်း စိတ်ကျေနပ်သွားခဲ့သည်။

 

ညည်းညူနေသော အရုပ်လေးကို လယ်ဗီနှင့် ထားခဲ့ပြီး စားဖိုမှူးထံ တိုက်ရိုက်သွားကာ အစပ်အစားအစာ ချက်ချင်းလုပ်ခိုင်းရခြင်းသည် တန်ဖိုးရှိခဲ့သည်။ မိုက်ကီရယ်၏ မျက်နှာအမူအရာကို ကြည့်ပြီးနောက် စားဖိုမှူးသည် ချက်ချင်းသဘောတူခဲ့သည်။

 

မိုက်ကီရယ်မှာယူခဲ့သော အစားအစာအတွက် ချက်ပြုတ်နည်းနှင့် ပါဝင်ပစ္စည်းများကို တစ်နည်းနည်းဖြင့် ရှာဖွေနိုင်လိမ့်မည်ဟု စားဖိုမှူးထံမှ အတည်ပြုချက်ရရှိပြီးမှသာ မိုက်ကီရယ်သည် ကျေနပ်စွာ ပြန်လာနိုင်ခဲ့သည်။

 

အမှန်တွင် ယောလ်သည် ဤအချက်ကို သေသည်အထိပင် သိရှိနိုင်မည်မဟုတ်ပေ။