Chapter 25
Viewers 2k

Chapter 25 


“အီး ငါ့ခြေထောက်၊ ငါ့‌ခြေထောက်လေးနှစ်ဖက်” 



ယောလ်သည် အလန့်တကြားဖြင့် သူ၏ ခြေသလုံးလား ခြေချင်းဝတ်လား မသဲကွဲသော

ခြေထောက်တိုတိုလေးများကို ငုံကြည့် နေလေသည်။



ဝိုင်နီရောင်ဘောင်းဘီနှင့် အဖြူရောင်ခြေအိတ်ကြားတွင် နုဖြော့ဖြော့ အသားကလေးများက ဖောင်းထွက်နေသည်။



ယောလ်သည် သူ၏ပြဲနေသော အဝတ်ကလေးများကို ငုံကြည့်ကာ တဖန် မိုက်ကီရယ်ကို တရှုံ့ရှုံ့နှင့် မော့ကြည့်လိုက်ပြန်သည်။



မိုက်ကီရယ်သည် သူ့အား ခံစားချက်မဲ့‌သော မျက်နှာနှင့် ထပ်ပြီး ငုံကြည့်လိုက်ချိန်တွင် သူထပ်ပြီးတွေးမိလိုက်ပြန်သည်မှာ..



သေချာတယ်။ ဒီကောင်က ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ အရူး။ သာမန်‌လူတောင်မတွေးနိုင်တဲ့ စိတ်ကူးတွေ ခံစားချက်တွေနဲ့ အရူး။

 


ဒါဆို သူဘာလုပ်ရမလဲ။ 


ယောလ်သည် သတိပြန်ဝင်အောင် သူ့ခေါင်း‌လေးကို ခါရမ်းလိုက်ပြီး “သွေးနီရောင်ထောင်” ဝတ္ထု၏ ဇာတ်ကြောင်းကို ပြန်လည်စဉ်းစားနေသည်။ 



သူ့မှာ လယ်ဗီ ဘာလုပ်လျှင် မိုက်ကီရယ် ဒေါသထွက်တတ်သည်ကို စဉ်စားနေရရှာသည်။



သူကတော့ လယ်ဗီမဟုတ်သော်ငြား ဘာလုပ်လျှင် မိုက်ကီရယ် ဒေါသထွက်တတ်သည်ကိုသိပါက သူထိုအရာနှင့် ဆန့်ကျင်ဘက်ကို လုပ်လို့ရသည်။ 



သူ့ခေါင်းထဲတွင် ပထမဆုံးပေါ်‌လာသော အရာမှာ မိုက်ကီရယ်သည် လယ်ဗီဘာမှ မပြောပဲ ရေငုံနှုတ်ပိတ်နေလျှင် စိတ်ဆိုးတတ်သည်။ သူ့ခန္ဓာကိုယ်က ဒေါသထွက်စေသည့် ခလုတ်ကို သွားနှိပ်မိလိုက်သလိုပင်။



“အာ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဖြတ်..ဖြတ်ပစ်လိုက်ပါ ကျွန်တော့် ခြေထောက်နှစ်ဖက်ကိုလေ၊ အရမ်းသေးနေပေမဲ့လည်း ခြေချင်းဝတ်လေးတွေပဲ ရှိတာလေ၊ ဒါလေးတွေသာ ပြတ်သွားရင် ငါ တရွတ်တိုက် သွားနေရတော့မှာ၊ ဟင့်  မိုက်ကီရယ် ဖြတ်ချင်ရင် ဖြတ်လိုက်ပါ ရွှတ် !”



တမင်ရည်ရွယ်ပြီး ပြောလိုက်သော်လည်း ယောလ်သည် မျက်လုံးများစုံမှိတ်ကာ ငိုတော့လေသည်။ 



မိုက်ကီရယ်ကို မငြင်းရဲသဖြင့်  စိတ်မပါ လက်မပါဖြင့် သဘောတူလိုက်သော်လည်း ခြေထောက် ဖြတ်ခံရမှာတော့ အဆင်မပြေလှပေ။ သူ့စကားများမှာ ငိုသံလေးများဖြင့် ပြည့်နေသည်။ 



“ဘာ..”



ယောလ်သည် မိုက်ကီရယ်၏ စိတ်ရှုပ်နေသော လေသံကို ကြားလျှင် မျက်လုံးလေးကို မဖွင့်ရဲ ဖွင့်ရဲနှင့် ဖွင့်ကြည့်လေသည်။ 



မိုက်ကီရယ်လည်း ယောလ်ကို ကြောင်ကြည့်နေမိသည်။ ယခင် သွေးအေးပြီး ခံစားချက်မဲ့သော ပုံနှင့် ယှဉ်လိုက်လျှင် တော်တော်ကို တိုးတက်လာပြီပင်။



ဒါ အခွင့်အရေး တစ်ခုပင်။ မိုးရွာတုန်း ရေခံ ဆိုသကဲ့သို့ ဒီအရူးစိတ်ငြိမ်နေသည့် အချိန်မေ့ဆေးပေးရမည်။



ယောလ်သည် ခပ်သွက်သွက်လေး နောက်တစ်ခု ထပ်စဉ်းစားပြန်သည်။



နောက်တစ်ခု ထပ်စဉ်းစားစမ်း၊ နောက်တစ်ခု အာ ဟုတ်ပြီ။



ယောလ်သည် မိုက်ကီရယ့် လက်မောင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ နောက်တစ်ခု ထပ်စဉ်းစားမိသည်မှာ မိုက်ကီရယ်သည် လယ်ဗီက သူ့အား အထိမခံလျှင် ဒေါသထွက်တတ်သည်။ 



ဒါဆို သူလုပ်ရမှာက မိုက်ကီရယ်ကို တွယ်ကပ်ကာ ချွဲဖို့ပင်။ 



“ဒါ.. မင်း ဒါ ဘာလုပ်နေတာလဲ!”



“ဟွန့် မိုက်ကီရယ်နဲ့ ကပ်နေချင်လို့ပေါ့၊ မဆင်းဘူးနော် မိုက်ကီရယ် ဆင်းခိုင်းလည်း မဆင်းဘူး၊ ဆင်းဖို့ ထပ်ပြောလည်း မဆင်းဘူး၊ ကျွန်တော့်ကို သတ်ပစ်မယ် လို့ မပြောမချင်း မဆင်းဘူး”



တုန်တုန်ယင်ယင်နှင့်  ထွေရာလေးပါး ပြောနေရရှာသော်လည်း ယောလ်သည် သူစဉ်းစားလို့ရသမျှ အကုန်လုပ်နေရှာသည်။



သူ့ကို ချည်နှောင်ထားသော ချိန်းကြိုးများကြောင့် လျှောကျနေသဖြင့် ယောလ် သည် လက်နှစ်ဖက်ကို အသားကုန်တင်းကာ မိုက်ကီရယ်၏ ရင်ဘတ်ကို ဖက်တွယ်ထားသည်။


“...”



မိုက်ကီရယ် ဘာမှ မပြောသေးပေ။


ယောလ်သည် လက်နှစ်ဖက်နှင့် ကုပ်တွယ်ထားကာ ပုစဉ်းရင်ကွဲ တစ်ကောင်ကဲ့သို့ ခေါင်းကို ငုံထားလေသည်။ ထိုမှသာ သူ့မျက်နှာကို ကွယ်ထားလို့ရပြီး သူဘယ်လောက်တောင် ကြောက်လန့်နေမှန်း မိုက်ကီရယ် မမြင်ရမှာပင်။ သို့သော် သူ့ကို ချက်ချင်း လွှင့်ပစ်ကာ ခြေထောက်တွေ မဖြတ်သေးမှန်း သိတာကြောင့် အနည်းငယ်တောဘ စိတ်အေးလက်အေး‌ဖြစ်နေသည်။


“ဒါ ဒါဆို ကျွန်တော့်ခြေထောက်လေးတွေကို ဖြတ်မှာလား၊ မိုက်ကီရယ် ဖြတ်ပစ်မယ်ဆိုရင် ဟင့် မတားရဲပါဘူး၊ ဒါ ..ဒါပေမဲ့လေ ဖြတ်စရာမှ မလိုတာ ဒီတိုင်းပဲ ထားလိုက်ရအောင်နော်”


ယောလ်သည် မိုက်ကီရယ် ငြိမ်နေသည်အား အခွင့်ကောင်းယူကာ အာလူးဖုတ်နေသည်။  


အလောတကြီးနှင့် သူဖြစ်ချင်တာလေးနှင့် မဖြစ်ချင်‌တာလေးများကို ညှပ်ညှပ်ပြောနေရှာသည်။ သို့သော် ခဏအကြာ မိုက်ကီရယ်၏ သက်ပြင်းချသံတစ်ချက်ကို သူကြားလိုက်ရသည်။ 



“ယူရီ မင်း ၊ ငါတကယ် နားမလည်နိုင်တော့ဘူး”


ညင်ညင်သာသာ အသံလေးတစ်သံ ထွက်လာသည်။ ယောလ်၏ မျှော်လင့်ချက်ကလေးများ ထွက်ပေါ်လာကာ ရှက်ကိုးရှက်ကန်းနှင့် မိုက်ကီရယ်၏ လက်မောင်းထဲသို့ အတင်းတိုးဝင်သွားသည်။ 


ထို့နောက် မိုက်ကီရယ်သည် ယောလ်ကို သူ့လက်မောင်းကြားထဲမှ ဆွဲထုတ်လိုက်သည်။ ယခုလေးတင် လက်မောင်းကြားထဲမှ ဆွဲထုတ်ခံလိုက်ရသော ယောလ်သည် မိုက်ကီရယ်ကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ခွေးပေါက်လေးသဖွယ် ကြည့်နေလေသည်။


“ကျွန်..ကျွန်တော် မှားသွားပါတယ် မိုက်ကီရယ်”


သနားစရာကောင်းပြီး ငိုတော့မည့် မျက်နှာပေးလေးနှင့် ခွင့်လွှတ်ပေးရန် တောင်းဆိုနေသလိုပင်။ မိုက်ကီရယ်က ဘာမှပြန်မပြောဘဲ ယောလ်ကိုသာ စိုက်ကြည့်နေလိုက်သည်။


သူဘာမှ ပြန်မပြောသော်လည်း ယောလ်သည် လေထုမှာ အစောကနှင့် မတူတော့သည်အား ခံစားမိလိုက်သည်။


သူအောင်မြင်သွားပြီ။ သူ့ရဲ့ခြေထောက် ပုတိုလေး နှစ်ဖက်ကို ကယ်တင်လိုက်နိုင်ပြီ။


ယောလ်ခမျာ စိတ်သက်သာရာရသွားကာ တစ်ချိန်တည်းမှာပင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အရာအားလုံး မူရင်းဇာတ်လမ်းထဲကအတိုင်း ဖြစ်စရာမလိုပေ။


****


ယောလ်သည် လပ်ကီးထံသို့ မကြာခဏ သူ့ခြေထောက်တိုတိုလေးများဖြင့် ပြေးပြေးသွားတတ်၏။ လှောင်အိမ်ထဲတွင် ကွေးကွေးလေး အိပ်နေသော လပ်ကီးသည် ယောလ်ပြေးလာသည်ကို ခံစားမိကာ ဖြေးဖြေးချင်း မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။


လပ်ကီးသည် လှောင်အိမ်ဘက်ကို ပြေးလာသော ယောလ်ကိုမြင်ပြီး လှည့်ကာ ပါးစပ်ကြီး ဟထားလိုက်၏။


“မဟုတ်ဘူး ကောင်စုတ်‌လေးရဲ့”


ယောလ်သည် သူအားလပ်သည့် အချိန်တိုင်း လပ်ကီးကို သူ့အား မစားအောင် သင်ပေးနိုင်လျှင် တစ်ခုခု အကျိုးထူးလိမ့်မည်ဟု ထင်မိသည်။ ဒါကြောင့် သူသည် တစ်နေ့ကို ၃၊ ၄ခါလောက် လပ်ကီးနားသို့ ကပ်ကပ်လာတတ်သည်။ သို့သော် ဤတစ်ခါလည်း သူမအောင်မြင်ပေ။



ယောလ်ခမျာ သူ့ကို တွေ့တိုင်းကိုက်ဖို့ ကြိုးစားနေသော လပ်ကီးအား နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေလေသည်။



အားငယ်သော မျက်နှာပေးလေးနှင့် ခြံစည်းရိုးနားမှ ခပ်ခွာခွာလေး ထိုင်ကာ အနောက်သို့လှဲချလိုက်သည်။

သူ၏ ချည်အရုပ် ခန္ဓာကိုယ်လေးနှင့် ပစ်လှဲကာထိုင်လိုက်သဖြင့် မဖြစ်စလောက် ဖုန်လေးများ ထသွား‌သေးသည်။



စာရွက်စာတမ်းများအား စစ်ဆေးနေသော မိုက်ကီရယ်မှာလည်း ယောလ်ကို တိတ်တိတ်လေး ခိုးကြည့်နေသည်။ သူ့မျက်နှာလေးမှာ စိတ်ပျက်အားငယ်မှုအပြည့်နှင့် ရီရခက် ငိုရခက်ပင်။



ယောလ်သည် သူ့ကို စိုက်ကြည့်နေသော အကြည့်တစ်ချက်ကို ခံစားမိလိုက်ပြီး မိုက်ကီရယ့် ဘက်သို့ လှည့်ကြည့်လိုက်သည်။ နှစ်ယောက်သား မျက်လုံးခြင်း ဆုံသွားကာ ယောလ်သည် သူ၏ တောက်ပလင်းလက်နေသော မျက်လုံးများကို ဖုံးရန် မျက်လွှာတစ်ဝက် ချလိုက်သည်။



ထို့နောက် မတ်တပ်ရပ်ကာ သူ့ခန္ဓာကိုယ်သေးသေးလေးဖြင့် မိုက်ကီရယ်ထံသို့ လှုပ်စိလှုပ်စိနှင့် ပြေးသွားတော့သည်။



ယောလ်က သူ့ခြေထောက်ကို တွယ်ကပ်နေသဖြင့် နွေးထွေးမှုကို မိုက်ကီရယ် ခံစားလိုက်ရသည်။ မိုက်ကီရယ်သည် ဤချည်အရုပ် သေးသေးလေးကို ကြည့်ကာ ရယ်ချင်စိတ်အား မနည်းထိန်းထားရ၏။



အကြည့်ချင်းဆုံခြင်း၊ တောက်ပသော အပြုံးများ ပြုံးပြခြင်း၊ တဖြည်းဖြည်း သူနှင့် နီးကပ်အောင် နေခြင်း ထိုနည်းလမ်းများသည် ဤပိုင်ဆိုင်လိုစိတ်ကြီးသည့် အထက်ပုဂ္ဂိုလ်ထံမှ ရှင်သန်လွတ်မြောက်နိုင်မည့် နည်းလမ်းများသာဖြစ်သည်။ သို့သော် မိုက်ကီရယ်သည် ဤသည်အား သတိမမှုမိပဲ သူ့ခြေချင်းဝတ်ကို ဖက်ထား‌သောယောလ်ကို ပြုံးပြလိုက်၏။



ယောလ်စိတ်ထဲတွင် တွေးနေသည်မှာ..



ခြေထောက်လေးတွေ မပြတ်အောင်နေရတာ တော်တော်ခက်ခဲတာပဲ။



သို့သော် အပြင်ပန်းမျက်နှာကတော့ စိတ်ထဲကကဲ့သို့ ညည်းညူမနေပဲ အလိုလိုက်ခံရ‌သော ကလေးတစ်ယောက်လိုပြုံးနေသည်။



လယ်ဗီကို တွေ့လျှင် ဖြစ်သွားမည့် ဤအရူးကြီး၏ပုံကို သူမြင်ယောင်ကြည့်နေသည်။ ထိုအချိန်မှသာ မိုက်ကီရယ် သူ့အပေါ် အာရုံမရောက်မည်ပင်။



ကံကောင်းထောက်မစွာဖြင့် မိုက်ကီရယ်က ယောလ် လက်ကောက်ဝတ်က ချိန်းကြိုးကို ဖြည်ပေးလိုက်သည်။ အရမ်းတင်းကျပ်စွာ ချည်နှောင်ထားသဖြင့် ချည်စကလေးများပင် အထဲကိုနစ်ဝင်နေ၏။ 



မည်သို့ပင်ဖြစ်စေ သူ့ကိုချည်နှောင်ထားသော ချိန်းကြိုးအား ဖြည်ပေးသည်မှာပင် ကံကောင်းလေသည်။ သို့သော်လည်း ပြတင်းပေါက်များ ၊ တံခါးများ အကုန်လုံးကို သော့ခတ်ထား၏။ အခန်းထဲရှိ ပြတင်းပေါက်များနှင့် လသာဆောင်ပြတင်းပေါက်တို့အား သံတိုင်များခတ်ထားကာ ထောင်တစ်ခုလိုပင်။



ဆီလက်ဖ်နှင့် လယ်ဗီတို့ပြောပုံအရ အက်ရှ်မြို့စားစံအိမ်တော်မှ လူများသည် ယခုလို ထောင်သဖွယ် လုပ်ထားသည်မှာ လပ်ကီး လွတ်သွားမည် စိုးသောကြောင့်ဟု ထင်ကြသည်။ သို့သော် ထိုအရာမှာ သူ့ကြောင့်ဆိုသည်ကို ယောလ်သိလေ၏။ 



လက်ဖဝါးအရွယ်လောက်သာရှိသည့် ချည်အရုပ်လေးတစ်ခုအတွက်နှင့် ဒီလောက်အထိ လုပ်စရာလိုလို့လားဟု ယောလ်တွေးမိသည်။ ဒါ့အပြင် သူ့ကိုယ်သူလည်း အဘယ်ကြောင့် ယခုလို ပိုင်ဆိုင်လိုစိတ်ပြင်းသည့် အရူးနှင့် အလိုက်သင့်နေနေရပါလိမ့် ဟုဆိုကာ မခံမရပ်နိုင်ဖြစ်နေသည်။ 



“ယူရီ ဒီကိုလာဦး”



“ဟုတ်”



ယောလ်သည် မှန်ရှေ့ရောက်နေသည့် မိုက်ကီရယ်လှမ်းခေါ်တာကို ခပ်သွက်သွက်လေး ဖြေလိုက်ကာ သူ့ထံ ခပ်သုတ်သုတ်လေး ပြေးသွားလိုက်၏။ 



“ဘယ်တစ်ခု ပိုကောင်းလဲ”



“အယ်”



မိုက်ကီရယ်၏ လက်နှစ်ဖက်လုံးမှာ ယောလ်၏ အဝတ်အစားများနှင့် ပြည့်နေသည်။ ထိုအဝတ်တွေကို မနေ့တစ်နေ့ကမှ ဝယ်လာခြင်းဖြစ်သည်။ အဖြူရောင်၊ ပန်းရောင်၊ မိုးပြာရောင် ၊ အပြာရောင်၊ နက်ပြာရောင် စသဖြင့် အစုံပင်။ 



ယောလ်သည် ခေါင်းလေးကို စောင်းကာ နားမလည်သော အကြည့်များဖြင့် ဒီလူဘာလို့ ဒါတွေ လုပ်နေပါလိမ့် ဟု တွေးနေသည်။ သို့သော် သူမေးသည်အား လျစ်လျူရှူ၍လည်း မရပြန်။ 



“ဒါ.. ဒါလေး”



“ဟမ်၊ အဲဒါ နက်ပြာရောင်ကြီးလေ၊ အဖြူမှမဟုတ်တာ နက်ပြာကြီး”



“အာ အခုမှ ကြည့်‌မိတယ် အဖြူလေးက ချစ်စရာလေး ၊ မဟုတ်ဘူး နတ်သမီးလေးနဲ့ပါ တူတယ်”


မိုက်ကီရယ့် စကားကို ကြားသည်နှင့် ယောလ်သည် ချက်ချင်းပင် ပြောင်းရွေးလိုက်သည်။ သူသေချာရွေးထားမှန်း သိသာစေရန် နတ်သမီးလေးနှင့် တူသည်ဟူ၍ပင် ပြောလိုက်သေးသည်။ သို့သော် မိုက်ကီရယ့် ကြည့်ရတာ ဂရုစိုက်မိပုံမပေါ်။ 



“အင်း ငါလည်း အဖြူလေးကောင်းတယ်ထင်တယ်”



“အင်းပေါ့၊ တကယ် တကယ် ကောင်းတဲ့ ရွေးချယ်မှုပဲ ဒါပေမဲ့ ဘာလုပ်မလို့လဲဟင်”



ယောလ်သည် စိတ်အားထက်သန်စွာဖြင့် မိုက်ကီရယ်၏ စကားများကို သဘောတူပြီးကာမှ ရုတ်တရက်ကြီး ဘာလို့ သူ့ရဲ့ အဝတ်အစားတွေကို ရွေးပေးနေတာလဲ ဟု မေးလိုက်သည်။ ယခုအချိန်ထိ ဘာလို့မှန်း သူမသိသေးပေ။



“ညစာစားပွဲသွားဖို့ အဝတ်ရွေးနေတာ”



“ည-ညစာ စားပွဲ၊ ဘယ် ညစာ.. မဖြစ်နိုင်ဘူး”



ယောလ်သည် ပါးလေးကို ကုတ်ရင်း ရုတ်တရက်ခေါင်းထဲသို့ အတွေးလေးတစ်ခုဝင်လာသည်။ 



လယ်ဗီက နေ့တိုင်း အဝင်အထွက် လုပ်သော်လည်း ညစာစားပွဲအကြောင်း တစ်ခေါက်သာ ပြောဖူးသည်။ ထိုညစာစားပွဲအား ကျင်းပသူမှာ မြို့စားကြီး အယ်ဆာရင်း ဖြစ်၏။



သူငါ့ကို ညစာစားပွဲကို ခေါ်သွားမယ်လို့တော့ မပြောနဲ့နော်။



နိုင်ငံရေးပြိုင်ဘက်က လုပ်တဲ့ ညစာစားပွဲမှာ အရုပ်တစ်ရုပ်ကို ခေါ်သွားမယ်ဆိုတဲ့ အရူးက တကယ်ရှိလို့လား။



ငါ့ရှေ့မှာ ရှိနေတဲ့ အရူးကောင်ပဲလား။



မိုက်ကီရယ် မင်းပဲနေလိမ့်မယ်။



“ဒီညစာစားပွဲက မြို့စားကြီး အယ်ဆာရင်း ဆီက ဖိတ်တာလေ၊ ငါတက်မှတော့ မင်းလည်းလိုက်ရမှာပေါ့ ယူရီရဲ့ ဟုတ်တယ်မလား”