Chapter 39.3
Viewers 21k

Chapter 39.3




ထုံးစံအတိုင်းပင် လူတိုင်းက အထူးလက်ရာ ငါးချိုချဥ်အပါအဝင် နေ့လည်စာကို ကြိုက်ကြသည်။ ငါးက အရင်ကုန်သွားပြီး လီဖုန်းက မင်ကောအာ နည်းနည်းလေးတောင် မစားခဲ့ဘူးလို့ တွေးလိုက်သည်။ သူက မနက်ဖြန်မှာ မင်ကောအာချက်စားဖို့ ငါးနှစ်ကောင်ထပ်ဖမ်းပေးလိုက်မည်။ အားလင်း၏အစားစာနှုန်းက သူ့အားမူနှင့်တူ၏။

 

လီဖုန်းက စားနေရင်းတစ်ဝက်လောက်မှာ အရှိန်လျှော့ပြီး စီးပွားရေးအကြောင်းပြောလာသည်။ လီဖုန်းက တောင်တစ်လုံးဝယ်ဖို့ကိစ္စကိုပြောရန် အခွင့်အရေးယူခဲ့သည်။ လီကျန့်က ထိုအကြောင်းကြားတော့ အံ့အားသင့်သွားသည်။ “တောင်ဝယ်မှာလား မင်းက တောင်ကိုဘာလုပ်မလို့လဲ? အခုတောင်ဝယ်ဖို့လိုနေတာလား? ဒါမင်းရဲ့အကြံလား မင်ကောအာရဲ့အကြံလား?”

  

“​ယောကျာ်း… ဖုန်းရှောင်ကျစ်နဲ့ မင်ကောအာရဲ့အကြံက တူတူပဲလေ။ ဒီကိစ္စက နည်းနည်းဆန်းကြယ််တယ် ထင်ရပေမယ့် အနည်းဆုံးတော့ သူတို့အကြံကိုနားထောင်ပေးပြီး ဆွေးနွေးလို့တယ်လေ။ အဲ့ဒါကို ဘာလို့ ချက်ချင်းဆန့်ကျင်မှာလဲ?” ရှန်းဖူလန်က ရွာလူကြီးကို စိုက်ကြည့်နေသည်။

  

“ကောင်းပြီ…မင်းတို့ဆက်ပြော၊ ငါနားထောင်မယ်။” လီကျန့်က သူ့ခင်ပွန်းကို ကူကယ်ရာမဲ့ကြည့်လိုက်သည်။ သူက အမြဲတမ်းဆန့်ကျင်ဘက်ပြောပြီး အရှက်ကွဲအောင်လုပ်သည်။ ယင်းက မင်ကောအာ၏အကြံဆိုတာ သိသာသည်။

 

လီကျန့်၏မှန်းဆချက်မှန်ပေမယ့် လီဖုန်းက မင်ကောအာကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်သည်။ “ခြံအသစ်ဆောက်​ပြီးပေမယ့် ကြက်နဲ့ သိုးတွေကို ​လှောင်ခြံထဲအမြဲထားလို့မရတာ တွေ့ကြမှာပေါ့။ အချိန်ကျလာရင် ကျွန်တော်တို့ အ​နောက်ဘက်ကတောင်မှာ ကြက်နဲ့သိုးတွေ မွေးလို့ရတယ်။ သီးပင်တွေစိုက်ပြီး မြို့ထဲမှာလည်း ရောင်းလို့ရတယ်။ ကျွန်တော်တို့သေချာပေါက် စျေးနှုန်းကောင်းရမှာ။”

  

လီကျန့်က စကားပြောတာရပ်ပြီး လီဖုန်း၏စကားကိုတွေးလိုက်သည်။ ဤအစီအစဥ်များက ယခင်က ဘယ်သူမှမတွေးခဲ့ဖူးပေ။ အလုပ်ဖြစ်ပါ့မလား? အလုပ်ဖြစ်ရင် သူတို့ပိုက်ဆံရှုံးတော့မှာမဟုတ်ဘူး ဒါပေမယ့် အဲ့ဒီအကြံဘယ်လောက်ကောင်းကောင်း သူတို့အလုပ်မဖြစ်ခဲ့ရင် ပိုက်ဆံကပလုံသွားပြီး သူတို့က အိမ်နီးနားချင်းနှင့် တစ်ရွာလုံး၏ရယ်စရာဖြစ်သွားလိမ့်မည်။ လူကြီးတစ်ယောက်အနေဖြင့် ရလဒ်ဘယ်လိုဖြစ်လာပါစေ လီကျန့်က သူတို့ကို အကြံပေးသင့်တယ်လို့ထင်သည်။

  

“ရွာမှာဘယ်သူမှဒီလိုမလုပ်ဖူးဘူး။ အနီးနားမှာဆို ပိုဆိုးတယ် အဲ့ဒါက ငွေရပါ့မလား?” လီကျန့်က ညင်သာသောလေသံဖြင့်မေးလိုက်သည်။

 

“ဦးလေး… ခြံထဲမှာမွေးမြူထားတဲ့ကြက်တွေကို ကြည့်လိုက်ရင် သိပါလိမ့်မယ်။ ဦးလေးဒီနေ့စမ်းကြည့်လို့ရအောင် သတ်ပေးမယ်။” လီဖုန်းအရင်က မစားဖူးပေမယ့် ကြက်အရသာက တခြားသူတွေနဲ့ မတူမှန်း အာမခံနိုင်သည်။ ဤယုံကြည်မှုက မင်ကောအာပြသထားသော ယုံကြည်မှုဖြစ်သည်။ “ကြက်တွေကို ကောင်းကောင်းမွေးထားရင် ကျင်းကျိကလည်း လာယူမယ်လို့ ကတိပေးထားတယ်။”

 

နောက်ဆုံးစာကြောင်းက လီကျန့်အတွက် အရေးကြီးဆုံးဖြစ်၏။ ကျင်းကျိ၏အာမခံချက်နှင့်ဆိုလျှင် လီကျန့်က စိတ်အေးသွားသည်။ “ပိုက်ဆံကရော? မလောက်ရင်….”

  

“လောက်ပါတယ်… ကျွန်တော်တို့က စုစုပေါင်းဘယ်လောက်ကျမလဲ ဦးလေးကိုမေးချင်လို့ပါ။ ဒါ​ဆို မင်ကောအာရဲ့နာမည်နဲ့ဝယ်ပြီး လီမိသားစုကလည်း ဦးလေးကို ပြဿနာရှာတော့မှာမဟုတ်ဘူး။”

     

ဘယ်လိုပဲဖြစ်ဖြစ် ငွေကို မင်ကောအာထံ အပ်ထားပြီးဖြစ်တာကြောင့် ဘာဝယ်ဝယ် မင်ကောအာ၏သဘောထားဖြစ်သည်။ တခြားသူတွေကတော့ မင်ကောအာ ငွေပေးနေတယ်ထင်လိမ့်မည်။

  

လီကျန့်၏မျက်နှာနီရဲလာသည်။ မထင်မှတ်ထားသည်မှာ ဖုန်းရှောင်ကျစ်ကလည်း လီမိသားစုထဲက ပြဿနာများကို သိနေသည်။ သူက နေရခက်သလို ချောင်းဟန့်ကာပြောလိုက်သည်။ “မင်းအဲ့ဒီကိစ္စတွေစိတ်ပူစရာမလိုပါဘူး။ ငါ့ဆန္ဒမပါရင် သူတို့ မင်းရှေ့မှာ ပြဿနာရှာရဲမှာမဟုတ်ဘူး။ သူတို့ကို အာရုံမစိုက်နဲ့။”

  

“ဦးလေး ကျွန်တော့်အပေါ်ကောင်းတာကိုသိပါတယ်။ ကျွန်တော် သူတို့ဘာပြောပြောစိတ်မရှိဘူး။ ပြီးတော့ သူတို့ ကျွန်တော့်ကို အခွင့်အရေးယူလို့လည်းမရ​ဘူး။ သူတို့ ခင်ဗျားနေရာမှာ ပြဿနာထပ်ရှာရင် ဒီစကားသာပြောလိုက်ပါ။ ကျွန်​တော် အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ရင်.. ကျွန်တော် မြောက်ဘက်သွားတုန်းက လူကောင်းတစ်ယောက်နဲ့သာ မတွေ့ခဲ့ရင်.. ကျွန်တော် တကယ်ကို…” သူဘာမှဆက်မပြောနိုင်ခင်မှာ သူက မင်ကောအာကို လှည့်ကြည့်လိုက်သည်။ ကံကောင်းတာက သူအသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။

 

ထန်ချွန်းမင်က လီဖုန်း၏လက်ကို ဆုပ်ကိုင်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။ သူ့ဆွေမျိုးများက ကျောက်မိသားစုထဲမှ လူတွေနဲ့မကွာပေ။ သူတို့အားလုံးက အတူတူပင်ဖြစ်၏။ လီဖုန်းက ဤလူတွေနဲ့ ထပ်ပတ်သက်နေရလျှင် သူ့အသက်ရှုံးလုနီးပါးဖြစ်သွားလိမ့်မည်။ ထိုကိစ္စပြောပြီးနောက် သူက တောင်ပေါ်ရှိ ပေါင်းပင်များကို ခုတ်ထွင်ရှင်းလင်းရန် လူအများအပြားလိုအပ်ကြောင်းပြောလိုက်သည်။ သို့ဖြစ်၍ တောင်ဝယ်တာက တချို့လူတွေကို မနာလိုဖြစ်စေပြီး ထေ့ငေါ့ကြမှာဖြစ်ပေမယ့် တချို့လူတွေကတော့ အလုပ်လုပ်ပြီး ငွေရှာနိုင်ဖို့ အခွင့်အရေးရသွားလိမ့်မည်။

 

လီကျန့်က ထန်ချွန်းမင်၏အကြံပြုချက်အတိုင်း လိုက်နာပြီး တောင်ပေါ်စီမံကိန်းနှင့် ဘေးကင်းရေးကိစ္စများကို အထူးသတိပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လီဖုန်းဘေးမှာရှိနေတော့ အများကြီးစိတ်ပူစရာမလိုပေ။ ရံဖန်ရံခါတောင်ပေါ်ကိုလှည့်ပတ်ပြီး တောရိုင်းတိရစ္ဆာန်ကြီးများကို ရှင်းပစ်ဖို့သာလိုသည်။ ဤကိစ္စနဲ့ပတ်သက်၍ လီဖုန်း၏အတွေ့အကြုံက လုံလောက်တာထက်ပိုသည်။

 

ညစာစားပြီး​နောက် လီဖုန်းနှင့် ထန်ချွန်းမင်က သူတို့၏ကိုယ်ပိုင်အကြံဉာဏ်များကို တိုက်တွန်းနေသေးတာ မြင်လိုက်ရသဖြင့် လီကျန့်က သူတို့ကို ဘယ်လိုဖျောင်းဖျတားမြစ်ရမလဲ မသိတော့ပေ။ အများဆုံးမှ သူက သူတို့ကို ပိုဂရုစိုက်ပေးပြီး လီမိသားစု၏ပြဿနာကို ဖြေရှင်းပေးနိုင်သည်။ ထို့နောက် မဖြစ်ထွန်းသောတောင်တန်းကိုဝယ်ယူရန် ဦးစားပေးမူဝါဒရှိမရှိနှင့် ငွေဘယ်လောက်ကုန်ကျမလဲစုံစမ်းရန် အစိုးရရုံးကို သွားရောက်ဖို့လိုသည်။ ​သူတို့က မြေရိုင်းဖွင့်ပြီး အခွန်သုံးနှစ်ကင်းလွတ်နိုင်လား? တောင်နဲ့ပတ်သက်ပြီး စည်းကမ်းတချို့လည်းရှိလောက်မည်။

 

လီဖုန်းက သူနဲ့အတူလိုက်သွားပြီး ငွေအလုံအလောက်သယ်သွားခဲ့သည်။ မထွက်ခင်မှာ ကလေးသုံးယောက်က လီဖုန်းကို မြင်းပေါက်ဝယ်ဖို့ သတိပေးခဲ့သည်။ ကျန်းရှို့က သူ့သားနှစ်ယောက်၏ နားရွက်ကို လိမ်ဆွဲမိမတတ်ဖြစ်သွား၏။

 

လီဖုန်းက ရွာလူကြီးနဲ့အတူ လှည်းမောင်းသွားပြီးနောက် ကျန်းရှို့က ထန်ချွန်းမင်ကိုပြောလိုက်၏။ “ဒီကလေးနှစ်ယောက်က ပျက်စီးတော့မှာပဲ။ သူတို့ကိုယ်သူတို့ အပြင်လူလို့ကို မသတ်မှတ်တော့ဘူး။”

 

ထန်ချွန်းမင်က ပြုံးကာပြောလိုက်၏။ “အပြင်လူမဖြစ်တာပိုကောင်းပါတယ်။ တာမောင်းနဲ့အာမောင်းက အားဖုန်းရဲ့တူလေးတွေပဲလေ။ အားဖုန်းက အားလင်းကို မြင်းဝယ်ပေးမယ်လို့ ကတိပေးခဲ့တာ။ သူက အားလင်းရဲ့တောင်းဆိုမှုကို အစွမ်းကုန်ဖြည့်ဆည်းပေး​နေတာ သိရဲ့လား?”

 

ကျန်းရှို့နှင့် ရှန်းဖူလန်နှစ်ယောက်လုံးက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ အားလင်း သူ့ကို ဖခင်အဖြစ် အသိအမှတ်ပြုလာစေရန် လီဖုန်းက အကောင်းဆုံးကြိုးစားနေတာပင်။ သူက အားလင်းကို ကောင်းကင်ထိမြင့်အောင် အလိုလိုက်ချင်နေ၏။ နှစ်ယောက်သားက ထန်ချွန်းမင်ကို ကလေးတွေနဲ့နေခိုင်းပြီး ပန်းကန်ဆေးရန် မီးဖိုချောင်ကိုသွားခဲ့ကြသည်။

 

သန့်ရှင်းရေးလုပ်ပြီးနောက် သူတို့က ထန်ချွန်းမင်က ခဏလောက်နေပေးခဲ့သည်။ သူတို့က အလုပ်လုပ်စရာရှိ၍ အိမ်ပြန်ခဲ့ကြသည်။ သူတို့က တာမောင်းနဲ့ အာမောင်းကို တစ်ချိန်လုံးကစားမနေပဲ မင်ကောအာကို ဂရုစိုက်ပေးဖို့ ပြောခဲ့သည်။ မဟုတ်ပါက သူတို့ဦးလေးဖုန်းလာရင် သေချာပေါက် ​အပြစ်ခံပေးရမှာဖြစ်၏။

 

နှစ်ယောက်သား ခြံတံခါးဝသို့ရောက်လာသောအခါတွင် သူတို့က ရွာပြင်က ရောက်လာသော လှည်းတစ်စီးကိုမြင်လိုက်ရသည်။ ၎င်းက ထန်ချွန်းမင်အိမ်ရှေ့ကနေ မရပ်မနားဖြတ်သွားခြင်းဖြစ်၏။ သူတို့နှစ်ယောက်က ထူးဆန်းသလိုကြည့်လိုက်သည်။ “ဒါဘယ်သူ့လှည်းလဲ? လတ်တလော ရွာထဲမှာ လှည်းအဝင်အထွက်တွေ အများကြီးတွေ့နေရတယ်။” ပုံမှန်အားဖြင့် မိသားစုအများအပြားက ရွာလူကြီးအိမ်က မြင်းပြာကြီးကိုသာ အသုံးပြုကြသည်။

  

“ဒါက ကျောက်မိသားစုအတွက် လာတာများလား? သူတို့အိမ်ကလွဲရင် တခြားနေရာမှာ လှည်းပေါ်လာတာဆိုလို့ မင်ကောအာရဲ့အိမ်ပဲရှိတယ်။” ကျန်းရှို့က ခေါင်းမော့ကာ လှည်း၏လမ်းကြောင်းကို ကြည့်လိုက်သည်။ ဆူညံသံများကြားနေရပြီး လူတော်တော်များများက ထွက်ကြည့်နေသည်။ အိမ်နီးချင်းတွေကလည်း တံခါးနားမှာ စကားရပ်ပြောနေကြ၏။

 

ထိုလမ်းကြောင်းက အမှန်တကယ်ပင် ကျောက်မိသားစု၏အိမ်ဖြစ်သည်။ ကျောက်မိသားစု၏ တံခါးရှေ့မှာရပ်ပြီးနောက် လှည်းပေါ်ကနှစ်ဦးက ခုန်ဆင်းကာ တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ကန်ခဲ့သည်။

  



“ကျောက်််မိသားစုမှာ တစ်ခုခုဖြစ်လို့လား? ဒီလူက အရမ်းထူးဆန်းတာပဲ။” အနီးနားက မည်သူမဆို ဒေါသရောယှက်နေသော တံခါးခေါက်သံကို ကြားနိုင်သည်။

 

“ဖြိုချလိုက်စမ်း!” လှည်းပေါ်မှ ဆင်းမလာသေးသည့်သူတစ်ဦးဖြစ်ပြီး ဒေါသသံထွက်ပေါ်လာလေသည်။

 

ထင်ထားသလိုပင် အမိန့်လက်ခံရရှိသော လူက ကျောက်မိသားစု တံခါးဖွင့်မလာခင် တံခါးကိိုရိုက်ချိုးလိုက်သည်။ ထို့နောက် ဒေါသတကြီးအော်သံထွက်ပေါ်လာ၏။ “မင်း….ကျောက်မိသားစု… တော်တော်လွန်သွားပြီ! မင်းတို့ ဒီနေ့ ရှန်းမိသားစုကို ခိုင်လုံတဲ့ အကြောင်းပြချက်မပေးနိုင်ရင် ငါတို့ယာမန်မှာ တရားစွဲမယ်။ ငါတို့ရှန်းမိသားစုက အရူးလုပ်လို့ရလား!”

 



ရှန်းမိသားစုလား? ကျောက်မိသားစုနဲ့ လက်ထပ်တော့မယ့် ရှန်းမိသားစုလား? သူတို့စေ့စပ်ပြီးပြီမဟုတ်လား? ဘာလို့ဖျက်သိမ်းလိုက်တာလဲ? ဘိုးဘိုးကျောက်က ရှန်းမိသားစုနာမည်ကြားတော့ မလုံမလဲဖြစ်နေခဲ့သည်။ သူက ကျောက်လောင်စန်း၏နာမည်ကို ထိတ်လန့်တကြားအော်လိုက်သည်။

 

အရပ်ရှည်ရှည်နှင့် သန်မာသော အမျိုးသားနှစ်ယောက်က ပြေးဝင်လာပြီး နောက်ဆုံးမှာ ပိုးထည်ဝတ်ရုံနှင့် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။

  

“​ကျောက်မိသားစုမှာ တစ်ခုခုဖြစ်နေပြီ! ရှန်းဖူလန်နှင့် ကျန်းရှို့က တစ်ယောက်ကိုတစ်​ယောက်ကြည့်လိုက်သည်။ ရှန်းဖူလန်က မင်ကောအာကို အမြန်နှုတ်ဆက်ကာ အလောတကြီး အိမ်ပြန်သွားခဲ့သည်။ သူက လမ်းလျှောက်ရင်းဖြင့် ပြောလိုက်သည်။ “ရွာလူကြီးကို တစ်ယောက်ယောက် အကြောင်းကြားပြီးပြီလားမသိဘူး။ သူခုလေးတင် ထွက်သွားတာဆိုတော့ ငါလိုက်သွားလိုက်ဦးမယ်။” မဟုတ်လျှင် ရွာလူကြီးက တမင်တကာ ရှောင်နေသည်ဟု ထင်နေလိမ့်မည်။ လီကျန့်က ရွာမှာ ဂုဏ်သိက္ခာနှင့် အာဏာရှိသော်လည်း တစ်ခါတစ်လေ ပြဿနာများလွန်းသည်။ ယခုလိုမျိုး အပြင်လူများ ​ဖောက်ထွင်းဝင်လာလျှင် လီကျန့်က ရွာသားများကို ကာကွယ်ပေးဖို့ ထွက်လာလေ့ရှိသည်။

 

အဝေးရောက်နေလို့ ထိုနေရာ၌ ဘာဖြစ်နေလဲမကြားရပေမယ့် အခြေအနေက အေးဆေးမနေဘူးဆိုတာ မြင်နိုင်လေသည်။ ယခုချိန်မှာ ကျောက်လောင်စန်းက ပညာရှင်ဘွဲ့ရသွားပြီမို့ ထိုကိစ္စက ကျောက်မိသားစုအတွက် အသေးအမွှားမဟုတ်ဘူးလို့ သူခံစားရသည်။ ယခုချိန်မှာ ရွာလူကြီး အဝေးရောက်နေတာကို ကောင်းတယ်လို့ ခံစားမိသည်။ မဟုတ်​ပါက ဝင်ရောက်ဖြန်ဖြေပေးဖို့ ရွာလူကြီးအတွက် ခက်ခဲပေမည်။

 

အိမ်ပြန်ရောက်လာသော တာရှန်ကလည်း အမြန်ပြန်ပြီး သူ့ကလေးနှစ်ယောက်ကို ပြောလိုက်သည်။ “ပွဲသွားမကြည့်နဲ့။ ဝင်မပါနဲ့။ မင်ကောအာ.. အိမ်တံခါးပိတ်ထားပါ။ သတင်းထူးရှိရင် ငါတို့အရင်ဆုံးသိရမှာပါ။” လီဖုန်း၏ဆက်ဆံရေးကြောင့် တာရှန်က မင်ကောအာကို ပိုဂရုစိုက်ပေးဖို့လို၍ သတိပေးလိုက်လေသည်။

  

“စိတ်မပူပါနဲ့… ကျွန်တော်ပွဲကြည့်ဖို့ ပျင်းနေလို့။ ပြီးတော့လည်း တစ်​ယောက်ယောက်က အကုန်ပြန်ပြောပြမှာပဲလေ။” ထန်ချွန်းမင်က သမ်းဝေကာ ပျင်းပျင်းရိရိပြောလိုက်သည်။ သူက သူ့ကိုထွက်သွားဖို့ လက်ယမ်းပြပြီး တံခါးပိတ်ကာ ကလေးသုံးယောက်ကိုပြောလိုက်သည်။ “ငါ တစ်ရေးအိပ်ချင်လို့ မင်းတို့လည်း အိပ်ချင်အိပ် ကစားချင်ကစား…ဒါပေမယ့် ခြံပြင်တော့မထွက်ရဘူးနော်။”

 

ကလေးသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အားလင်းက ရှေ့တိုးလာပြီး ပြောလိုက်သည်။ “ဖေဖေ…. သိုးခြံသွားကြည့်မယ်။” မြင်းကြီးမရှိတော့ သူတို့အာရုံက သိုးပေါ်​ရောက်သွားသည်။

  

“ကောင်းပြီ…ဒါပေမယ့် အရမ်းမဆော့ရဘူးနော်?” သိုးမက နာခံသော်လည်း သူက သူတို့ကို သတိပေးဖို့လိုသေးသည်။

  

“သိပါတယ် ဦးလေးဖုန်း သားတို့ကိုပြောထားတယ်။” ကလေးသုံး​​ယောက်က ချက်ချင်းဆိုသလိုပင် ရင်ကော့ကာ အာမခံလာသည်။

 

စားသောက်ပြီး အိပ်ငိုက်လာသည်။ နွေဦးပေါက်မို့ ပိုလို့တောင် အိပ်ငိုက်လွယ်သည်။ ထန်ချွန်းမင်က အိမ်ထဲသို့သွားရာ လမ်းတစ်လျှောက်၌ သမ်းဝေပြီး ချည်သိိုးမွှေးခေါင်းအုံးပေါ်မှာ အိပ်ပျော်သွားခဲ့သည်။

 

သူနိုးလာတော့ နေဝင်ခါနီးဖြစ်၏။ ထန်ချွန်းမင်က မျက်လုံးကို ပွတ်သပ်လိုက်သည်။ သူ အကြာကြီးအိပ်ခဲ့သည်။ လီဖုန်းရောက်လာပြီးကတည်းက သူက ပိုပိုပြီး ပျင်းရိလာသည်။

  

သူ့ခန္ဓာကိုယ်က ပျင်းရိမှုတွေ ပေါက်ကွဲထွက်သွားသလိုပင်။ သူတစ်နေ့တာ အချိန်အများစုမှာ အိပ်မောကျနေ၏။ ကျန်းရှို့ သိလိုက်ရသောအခါ သူ၏အစောပိုင်းကိုယ်ဝန်လက္ခဏာများက အလယ်အလတ်အဆင့်သို့​ ပြောင်းသွားပြီဟု ပြောခဲ့သည်။ 

 

သူက အနားယူရန် လဲလျောင်းလို့မရပဲ သူ့ဘာသာတစ်ယောက်တည်း အရာအားလုံးကို လုပ်ရမယ်ဆိုတာ ယခင်ကသိထား၍ သူ့ခန္ဓာကိုယ်က တင်းမာနေခဲ့သည်။ ယခုတော့ သူဟာ လွတ်လပ်သွားပြီး အရင်တုန်းက လက္ခဏာများ ပြန်ပေါ်လာခဲ့သည်။

 

ထိုအ​ကြောင်းကြားပြီး​နောက် ထန်ချွန်းမင်က အလွန်ဆိုးရွားသော ကိုယ်ဝန်လက္ခဏာဖြစ်ကြောင်း စိတ်ထဲကနေသာ ညည်းညူနိုင်သည်။



 

သို့သော် သူနိုးလာတော့ အနည်းငယ်ဆာလောင်ပြီး ရေဆာသလို ခံစားလိုက်ရသည်။ ထန်ချွန်းမင်က နေရာလွ​တ်မှ ဟင်းသီးဟင်းရွက်တချို့ကိုထုတ်ကာ လီဖုန်းအဝေးရောက်နေစဥ် စားလိုက်၏။ အားလင်းကိုတော့ သူညနေမှကျွေးလို့ရမည်။

 

သစ်သီးဝလံများစားသုံးပြီးနောက် ထန်ချွန်းမင်က သက်တောင့်သက်သာရှိလာသည်။ သူက ခန်းကုတင်မှထလိုက်သည်။ သူဘယ်လောက်ပျင်းရိနေပါစေ ညစာချက်ရဦးမည်။ လီဖုန်းဘယ်တော့ပြန်လာမလဲဆိုတာ သူမသိပေ။

 

ကလေးသုံးယောက်က ခြံထဲမှာ ကစားနေပေမယ့် ​ထန်ချွန်းမင်ထွက်လာတော့ သူတို့က သတိထားမိသွားသည်။ အားလင်းက အမြန်ပြေးလာကာ အော်လိုက်သည်။ “ဖေဖေ… သားရေခပ်ပေးမယ်။ ဦးလေးဖုန်းက ဖေဖေနိုးလာရင် ရေတိုက်ရမယ်လို့ ပြောထားတယ်။” ဦးလေးဖုန်းက သူ့အားမူကို ဂရုစိုက်ဖို့ပြောထားသည်။

 

ထန်ချွန်းမင်က သားဖြစ်သူ၏စောင့်ရှောက်မှုကို ခံစားရင်း တံခါးနားရှိ ဝါးကုလားထိုင်တွင် ပျင်းရိစွာထိုင်နေသည်။ အာမောင်းက အမြန်ပြေးလာပြီး ထန်ချွန်းမင်၏ဘေးတွင်ထိုင်ကာ ချီးကျူးခံချင်နေ၏။ “မင်အားမော့… သားတို့ နေ့လည်က ​ခြံပြင်မှာသွားမဆော့ဘူး။”

  

“ကောင်းပါပြီဗျာ…သားဗိုက်ဆာနေပြီလား? အနောက်ခြံက သခွားသီးခူးစားလိုက်နော်။”