Chapter 40.2
Viewers 20k

Chapter 40.2



တံခါးပိတ်ပြီးနောက် ထန်ချွန်းမင်သည် ပြောစရာပျောက်ရှကာ သူ့ပါးစပ်ထောင့်ကို ​ကိုင်ကြည့်လိုက်သည်။ သူက ဘာလို့ လူကို ဝံပုလွေလိုကိုက်သွားတာလဲ? သူတို့ပိုရင်းနှီးလာရင် သူ့ပါးစပ်တောင် ရှိပါတော့မလား? သူ လူတွေကို မြင်ရပါဦးမလား? မဖြစ်ဘူး ဒီလူရဲ့ အကျင့်ဆိုးတွေ​ကို ပြင်ပေးရမယ်။ သူက နေ့စဥ်နေ့တိုင်း ကျန်းရှို့နှင့် ရှန်းဖူလန်၏ စနောက်ခြင်းကို မခံနိုင်ပေ။ ဤသည်မှာ ချစ်ခင်မှုကိုပြသရန် နည်းလမ်းမဟုတ်ပေ။

 


လီဖုန်း ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်လားဆိုတာ သူကိုယ်တိုင်သာသိလိမ့်မည်။ သူ့ကောအာလေးမရှိသော ဘဝက ခက်ခဲပေမယ့် အတူရှိပြီး အနားမကပ်နိုင်တာက ပိုခက်ခဲသည်။ သို့သော် သူက မနက်အစောတွင် ထန်ချွန်းမင်၏အိမ်ကို အ​ပြေးလေးသွားခဲ့သေးသည်။

 


အားလင်းက မနေ့ည၌ အစောကြီးအိပ်ရာဝင်ခဲ့ပြီး တာမောင်းနှင့်အာမောင်းကို မြင်းပေါက်လေးအကြောင်းပြောပြရန် မေ့သွားခဲ့သည်။ ထိုနှစ်ယောက်က တစ်ညလုံးဂနာမငြိမ်ဖြစ်ပြီး ကောင်းကောင်းအနားမယူနိုင်ခဲ့ပေ။ သူတို့က အားလင်းအိမ်မှာ သွားမေးချင်ပေမယ့် ကျန်းရှို့နဲ့တာရှန်က သူတို့ကို အိမ်မှာပဲထားပြီး မင်ကောအာနဲ့ ဖုန်းရှောင်ကျစ်ကို အနှောင့်အယှက်မဖြစ်စေလိုပေ။ မှောင်နေလို့ အဲ့ဒီကိုသွားရင်တောင် ဘာမှမြင်ရမှာမဟုတ်လို့ မနက်ဖြန်မနက်ထိစောင့်ရမယ်လို့ သူတို့က ပြောခဲ့သည်။

 

ထို့ကြောင့် ကလေးနှစ်ယောက်ကလည်း မနက်အစောပိုင်းတွင် ထန်ချွန်းမင်၏အိမ်ကို ပြေးသွားကြသည်။ ထိုနှစ်ယောက်က ထန်ချွန်းမင်၏အိမ်မှာ မနက်စာစားတာ ပုံမှန်ပင်ဖြစ်၏။ မနက်ခင်းတိုင်းမှာ သူတို့ကို စောင့်မျှော်နေသည့် သိုးနို့နှစ်ပန်းကန်ရှိ၏။

   


လီဖုန်း မင်ကောအာကို စကားအနည်းငယ်မပြောနိုင်ခင်မှာ ကောင်လေးနှစ်ယောက်က ခြံထဲက လီဖုန်းဆီသို့ အလောတကြီးပြေးလာပြီး မြင်းပေါက်လေးနှင့်ပတ်သက်တာကို စိတ်မရှည်စွာမေးခဲ့သည်။ သူတို့က ခြံထဲရှိ တင်းကုပ်ကိုသွားကြည့်ဖို့လည်း မစောင့်နိုင်ဖြစ်နေ၏။ လီဖုန်းက သူတို့ကိုဆွဲကာ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။ ေကာင်လေးနှစ်ယောက်က စိတ်​အေးသွားခဲ့သည်။ သူတို့က စိတ်မပျက်သွားခဲ့ပေ။ တစ်ရက်စောင့်လိုက်ရုံဖြင့် မြင်ရတော့မှာဖြစ်သည်။ သူတို့က နောက်တစ်ကြိမ် ပျော်ရွှင်သွားပြန်သည်။

  


“ဦးလေးဖုန်း… သားတို့ ဟင်းသီးဟင်းရွက် ကူခူးပေးမယ်။” နှစ်​ယောက်သားက တက်တက်ကြွကြွနဲ့ ကူညီဖို့ ကမ်းလှမ်းလိုက်သည်။ ယနေ့က ကျင်းကျိစားသောက်ဆိုင်မှ ဟင်းသီးဟင်းရွက်လာကောက်မည့်နေ့ဖြစ်သည်။ အလုပ်စောစောပြီးရင် ဦးလေးဖုန်းက မြို့ကိုစောစောသွားပြီး မြင်းပေါက်ကိုသွားယူလာနိုင်မှာ သူတို့သိသည်။ 

  

“သွားမယ် ဒါပေမယ့် ဒီနေ့အိမ်စာတွေကိုတော့ ပြီးအောင်လုပ်ရမယ်နော်။ မဟုတ်လို့ကတော့ မြင်းပေါက်စကိုပြန်ခေါ်လာရင် ငါမင်းတို့ကို ပေးစီးမှာမဟုတ်ဘူး။ တာမောင်း…မင်းက အာမောင်းကို သေချာဂရုစိုက်ရမယ်။” လီဖုန်းက ပြင်းပြင်းထန်ထန် ညွှန်ကြားလိုက်သည်။

 


ကလေးနှစ်ယောက်၏ဦးရေပြား တင်းမာသွားပြီး အထူးသဖြင့် အာမောင်းက တင်ပါးနာကျင်သွားသလိုပင်။ သူတို့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများက ရ​ပ်တန့်သွားခဲ့သည်။ သူတို့က ရင်ကော့ကာ ကတိပေးလိုက်သည်။ “သားတို့ အိမ်စာသေချာလုပ်မှာပါ။”

 

လီဖုန်းက ကောင်လေးနှစ်ယော​က်ကို အိမ်ထဲခေါ်သွားပြီး အားလင်းကိုတော့ သူ့အားမူအား​ စောင့်ရှောက်ရန် ​​ပြောထားခဲ့သည်။ ကွဲပြားသောဆက်ဆံရေးက တာမောင်းနှင့် အာမောင်းတို့ မနာလိုမဖြစ်နိုင်သည့်အရာဖြစ်သည်။ အားလင်းက ကောအာလေးဖြစ်၍ အမျိုးသားတစ်ယောက်က ကောအာလေးကို ဂရုစိုက်ပြီး ကာကွယ်ပေးသင့်သည်။

 

ကျန်းရှို့က မင်ကောအာကို စောစောစီးစီး နှောင့်ယှက်နေမည့် သူ့သားနှစ်ယောက်ကို စိတ်ပူနေပြီး တစ်ချက်ကြည့်ရန် ပြေးလာခဲ့သည်။ သူ့သားတွေက အိမ်နောက်ဖေးမှာ လီဖုန်းကို ဟင်းသီးဟင်းရွက်ကူခူးပေးနေမှန်း သိလိုက်ရတော့ သူက ရယ်ရခက် ငိုရခက်ဖြစ်သွားလေသည်။ သူက ထန်ချွန်းမင်ကို ပြောလိုက်သည်။ “ဒီနှစ်ယောက်ကိုကြည့်ဦး…သူတို့က အိမ်မှာတော့ဘာမှမလုပ်​ပဲ မင်းအိမ်မှာတော့ အပိုးကျိုးနေလိုက်တာ။ ထားလိုက်ပါ.. သူတို့မင်းကိုမနှောင့်ယှက်တာပဲ ကျေးဇူးတင်လှပြီ။ ငါလည်း ဟင်းသီးဟင်းရွက်သွားခူးလိုက်ဦးမယ်။”

 

ကျင်းကျိဆိုင်က အရင်တစ်ခေါက် ဟင်းသီးဟင်းရွက်လာကောက်စဥ် ကျန်းရှို့နှင့် ဝမ်မော့က ဟင်းသီးဟင်းရွ​က်တစ်ခြင်းဆီကောက်ပြီး ကျင်းကျိဆိုင်က လိုချင်လားသိစေရန် ရှောင်ရွှင်းကျိနဲ့အတူ ထည့်ပေးခဲ့သည်။ မလိုချင်ရင် သူတို့က ထပ်ခူးပြီး မြို့ပေါ်မှာရောင်းလို့ရသည်။ ကျင်းကျိ၏ဆိုင်ရှင်ချီက သူတို့ဆီကဝယ်ဖို့ သဘောတူခဲ့ပြီး သူတို့ယခုတစ်ကြိမ်ရောက်လာလျှင် ထည့်ပေးလိုက်ဖို့ ပြောခဲ့သည်။ ယခုတစ်ကြိမ်မှာ စျေးနှုန်းလည်းဆွေးနွေးမှာဖြစ်၍ ကျန်ရှို့နှင့် ဝမ်မော့က စောစောထပြီး အိမ်မှာအလုပ်ရှုပ်ကြသည်။ သူတို့ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သူတို့ပျော်ရွှင်နေကြသည်။



 


လီဖုန်းက တာမောင်းနှင့်အာမောင်းကို ဟင်းသီးဟင်းရွက်ခူးဖို့ ခေါ်သွားပြီး မနက်စာကို အလျင်စလိုစားကာ ကျင်းကျိကလူတွေကို မစောင့်တော့ပဲ မြင်းနှင့်ထွက်သွားခဲ့သည်။ မင်ကောအာက ဤလူများကို ကိုင်တွယ်နိုင်၍ သူစိတ်ပူစရာမရှိပေ။ ထို့အပြင် သူက တစ်ယောက်တည်းဆိုလျှင် အသွားအပြန်အမြန်စီးလို့ရသည်။ ထို့ကြောင့် သူ ထမင်းစားချိန်မှီစေရန် စောစောထွက်လာခဲ့လေသည်။

 


လီဖုန်း ခပ်မိုက်မိုက်ပုံစံဖြင့် မြင်းစီးထွက်သွားတာကိုတွေ့သော တာမောင်းနှင့် အာမောင်းက သူ့ကို မျက်လုံးပြူးဖြင့်ကြည့်ကာ ထိုနေ့ရ​က်မျိုးကို စောင့်ဆိုင်းနေ၏။ ထန်ချွန်းမင်က သွားရည်ကိုသုတ်လိုက်သည်။ ယင်းက ဖြားယောင်းနေခြင်းဖြစ်ပြီး ​ယောကျာ်းပီသလွန်းသည်။ မဟုတ်ဘူး… သူအနီးကပ်စောင့်ကြည့်ရမှာ…လုံးဝအလွတ်မပေးသင့်ဘူး။

 

သိပ်မကြာခင်မှာ ဆိုင်ရှင်ချီနှင့် ရှောင်ရွှင်းကျိက ထပ်ရောက်လာသည်။ ပုံမှန်လိုပင် သူတို့က မနက်စာစားပြီး အသီးအရွက်တွေ ရိတ်သိမ်းဖို့ပြောလိုက်သည်။ လမ်းပေါ်မှာ သူတို့က လီဖုန်းနှင့်တွေ့ခဲ့သည်။ လီဖုန်းက မြင်းကိုအရှိန်လျှော့ကာ သူတို့ကို နှုတ်ဆက်လာပြီး သူ ခရိုင်မြို့ကိုသွားမယ့်အကြောင်း ပြောလာသည်။ ယင်းမှာ ထန်ဖူလန်ကိုစောင့်ရှောက်ရန် သွယ်ဝိုက်ပြောဆိုခဲ့ခြင်းဖြစ်၏။

 

မနက်စာစားပြီးနောက် မိသားစုနှစ်ခုက သူ့ကို ခြံထဲမှာစောင့်နေ၏။ တာရှန်နှင့် ဝမ်မော့မိသားစု၏ အမျိုးသားများက ထိုနေရာမှာရှိနေကြသည်။ ဒီလိုကောင်းတဲ့အရာ​ကို သူတို့က စိတ်မလှုပ်ရှားပဲနေပါ့မလား? ကျင်းကျိစားသောက်ဆိုင်က စျေးကောင်းပေးမည်ဟု မျှော်လင့်လျက် သူတို့အားလုံးက ဆိုင်ရှင်ချီကို မျှော်လင့်တစားကြည့်နေသည်။

        

ဟင်းသီးဟင်းရွက် အရည်အသွေးက မင်ကောအာလောက် မကောင်းသော်လည်း ၎င်းတို့မှာ ရွာထဲက တခြားမိသားစုတွေထက် ကောင်းလေသည်။ ဝမ်မော့မိသားစု၏ လူကြီးများမှာ ၎င်းတို့ကို ယခင်ကလို လွတ်လွတ်လပ်လပ်စားရန် တွန့်ဆုတ်နေခဲ့သည်။ ဦးလေးကျောက်လျိုက နောက်တစ်ကြိမ်ပြန်လာဖို့ အားနာနေ၏။ ယခင်နှစ်ရက်လောက်က သူသည် ဟင်းသီးဟင်းရွက်များကို မြိုပေါ်မှာသွားရောင်းခဲ့သည်။ တ​​ခြားဟင်းသီးဟင်းရွက်များထက် ဆင့်အနည်းငယ်တင်ပြီး ရောင်းနိုင်ခဲ့လို့ သူက အလွန်ကျေနပ်နေသည်။ ဟင်းသီးဟင်းရွက်များရောင်းချပြီးနောက် သူ ထန်ချွန်းမင်အိမ်နားက ဖြတ်သွားစဥ် အားလင်းအတွက် သကြားလုံးချိုချဥ်တချို့ ယူလာပေးခဲ့သည်။

 

ဆိုင်ရှင်ချီက ထန်ချွန်းမင်အရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းမပြုမူပေ။ သူက ထိုဟင်းသီးဟင်းရွက်အားလုံးကို ဝယ်ယူရန် စျေးကွက်ပေါက်စျေးထက် နည်းနည်းလေးပိုပေးခဲ့သည်။ အနာဂတ်မှာ သူတို့က အရည်အသွေးတူ ဟင်းသီးဟင်းရွက်များကို လာဝယ်မည်ဖြစ်သည်။ ဤဟင်းသီးဟင်းရွက်များက ကျင်းကျိအတွက်မဟုတ်ပေ။ သူ့သခင်လေးမှာ တခြားနေရာ၌ စားသောက်ဆိုင်များစွာရှိသည်။

        

ထန်ဖူလန်၏တင်သွင်းကုန်များသာမရှိလျှင် သူတို့ဘာလုပ်ရမလဲမသိပေ။ ဤစားသောက်ဆိုင်နှစ်ဆိုင်မှ ဟင်းလျာများသည် တခြားသူတွေထက် ပိုကောင်း၏။ ရာသီဥတွေးပိုနွေးလာသည်နှင့် ရာသီဟင်းလျာများ ပိုများလာ၍ ထန်ချွန်းမင်၏ ဟင်းသီးဟင်းရွက်ဝယ်စျေးက ကျဆင်းသွားသည်။ သို့သော်လည်း ခြံအသစ်ကနေ ဟင်းသီးဟင်းရွက် အသစ်များထွက်လာတာကြောင့် ဝင်ငွေက အများ​ကြီးမကျဆင်းသွားခဲ့ပေ။

 

ဆိုင်ရှင်ချီက မင်ကောအာကို တစ်ခုခုပြောချင်နေတာတွေ့လျှင် ကျန်းရှို့နဲ့ ဝမ်မော့၏မိသားစုက ဟင်းသီးဟင်းရွက်ရောင်းရငွေကိုယူကာ ဝမ်းသားအားရထွက်သွားခဲ့သည်။ မင်ကောအာ၏ခြံမှထွက်လာပြီးနောက် မိသားစုနှစ်ခုက တစ်​​ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့မျက်ဝန်းထဲက ပျော်ရွှင်မှုက ဖုံးကွယ်လို့မရပဲ သူတို့ကပြောလိုက်သည်။ “ငါတို့ ဒီကိစ္စကို လျှို့ဝှက်ထားပြီး ဘယ်လောက်နဲ့ရောင်းခဲ့ရလဲ သူများတွေကို မပြောသင့်ဘူး။ ငါတို့ ဒီစီးပွားရေးကို အချိန်ကြာအောင် ထိန်းသိမ်းသင့်တယ်။”



ဝမ်မော့ကလည်းပြောလိုက်သည်။ “ဟုတ်တယ်.. ငါတို့ နောင်မှာ ဥယျာဥ်ထဲက ဟင်းသီးဟင်းရွက်တွေကို ပိုဂရုစိုက်ရမယ်။ မင်ကောအာကို ကျေးဇူးတင်ရမယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ငါတို့ဒီနေ့ကိုရောက်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ။” ဝမ်မော့က အိမ်ကလူကြီးနှင့် ကလေးများကို စောင့်ရှောက်ပြီး သူ့ကလေးတွေက ငယ်သေးတာကြောင့် သူက ကျန်းရှို့လိုမျိုး ခဏခဏလာကူညီလို့ မရခဲ့ပေ။

       

သူလည်းပဲ မင်ကောအာဆီက အကူအညီရခဲ့မယ်လို့ မထင်ခဲ့တာကြောင့် သူ့ရင်ထဲမှာ မင်ကောအာကို ကျေးဇူးတင်နေမိသည်။ မင်ကောအာ နောင်မှာ ဘယ်လိုအခက်အခဲမျိုးကြုံရပါစေ သူတို့မိသားစုက သူ့ဘက်မှာ အမြဲရှိနေမည်။.

  

“ဟုတ်တယ်…မင်​ကောအာက အမြဲတမ်းစိတ်သဘောထားကောင်းတဲ့သူပါ။ သူများတွေ ဘယ်လောက်ပဲ မနာလိုဖြစ်ပါစေ မင်ကောအာက စိတ်ထဲမထားဘူး။ အဲ့ဒါက သူတို့ခွန်အားကို ဖြုန်းတီးနေတာပဲ။” ကျန်းရှို့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူတို့နှစ်ယောက်က စကားပြောရင်းရယ်မောကာ ထွက်သွားခဲ့သည်။

    


သူတို့နောက်လိုက်လာသော တာရှန်ကလည်း ပျော်ရွှင်နေ၏။ တစ်နှစ်ဝင်ငွေက လယ်ကွင်းထဲမှာ စိုက်ပျိုးထားသော ကောက်ပဲသီးနှံရိတ်သိမ်းငွေထက် မနည်းလှပေ။ ယခုနှစ်၏ငွေကို စုဆောင်းပြီးလျှင် နောက်နှစ်မှာ သူ့ကလေးတွေကို ကျောင်းပို့နိုင်တော့မယ်လို့ တာရှန်တွေးနေခဲ့သည်။ မင်ကောအာ သူတို့အတွက် ချပေးခဲ့သော အခြေခံအုတ်မြစ်က လုံးဝမဆိုးပေ။

 

ဝမ်မော့မိသားစု၏ လူကြီးများမှာလည်း ဝမ်မော့နဲ့အတွေးတူသည်။ သူတို့က တခြားလူများပြသပေးသော ကြင်နာမှုကိုအမှတ်ရပြီး ရွာထဲမှာ ထန်ချွန်းမင်၏ကောင်းကြောင်းများ ပြောဆိုပေးမှာပင်။

      

ထန်ချွန်းမင်က ကျောက်မိသားစုနှင့် ခွဲထွက်ပြီးနောက် ဖျင်ရှန်ရွာတွင် အဆက်အသွယ်တချို့ရှိလာခဲ့သည်။ သူက မိသားစုတချို့ကလွဲ၍ တခြားမိသားစုများနဲ့ အဆက်အသွယ်အနည်းငယ်ရှိလာသည်။ တကယ်တမ်းမှာ သူသည် တခြားရွာကဖြစ်၏။

          


ဝမ်မော့မိသားစု၏ လူကြီးများက ဝမ်မော့နဲ့ ထန်ချွန်းမင်ပတ်သက်နေတာကို မူလကသဘောမကျခဲ့ပေမယ့် ထန်ချွန်းမင်က ဤမျှလောက် သဘောထားကြီးမယ်လို့ မထင်မှတ်ထားတာ​ကြောင့် သူ့အပေါ်အမြင်များ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ အပြောင်းအလဲက မသိသာပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ထန်ချွန်းမင်က ဤရွာ၌ ပို၍ပင် အမြစ်တွယ်လာပြီဖြစ်၏။

 

မိသားစုနှစ်ခုထွက်သွားတော့ ထန်ချွန်းမင်က ဆိုင်ရှင်ချီကို ပြောလိုက်သည်။ “ခင်ဗျားဘာပြောချင်လို့လဲ?” ဆိုင်ရှင်ချီလာတိုင်း တစ်ခုခုသတင်းပါးစရာရှိနေ၏။

 



ဆိုင်ရှင်ချီက ပြုံးကာပြောလိုက်သည်။ “ဖျင်ရှန်ရွာက ပညာရှင်တစ်ယောက် မွေးထုတ်ပေးဖို့မလွယ်ကူလို့ ကျောက်ရှို့ချိုက်က ငယ်ရွယ်ပြီး အလားအလာရှိတဲ့ အနာဂတ်ဖြစ်လာမယ်လို့ ငါတို့သခင်လေးက တွေးခဲ့တယ်။ ဒါကြောင့် သူက သူ့ကို ခရိုင်မော်ကွန်းထိန်းမိသားစုရဲ့ ခင်ပွန်းအဖြစ် မိတ်ဆက်ပေးဖို့ လူလွှတ်ပြီးပြောခိုင်းခဲ့တယ်။ ဒီတော့ ခရိုင်မော်ကွန်းထိန်းက သူ့ကိုမျက်စိကျသွားတယ်။ သူတို့က ကျောက်လောင်စန်းကို သားမက်ဖြစ်စေချင်တယ်။ ဒီတော့ ကိစ္စက ရှန်းမိသားစု​ဆီကနေ ဖုံးကွယ်လို့မရဘူးဖြစ်သွားတယ်။ သူတို့ကောလေး အကြောင်းပြချက်မရှိ အငြင်းခံရရင် သူတို့ဂုဏ်သိက္ခာကျဆင်းသွားမှာ​လေ။ ဒီတော့ သူက ဒီကိစ္စနဲ့ပတ်သက်ပြီး ရှန်းသခင်ကြီးကို အကြောင်းကြားဖို့ လူလွှတ်ခဲ့တယ်။ ဟားဟား…. မနေ့က ဖျင်ရှန်ရွာကြီး သက်ဝင်လှုပ်ရှား​နေတယ်လို့ ငါကြားတယ်။”

 

ထန်ချွန်းမင်က ကောင်းကင်ကို မျက်လုံးလှိမ့်ပြလိုက်သည်။ ရှန်းမိသားစုက ဘာလို့ရုတ်တရက် ရန်လိုနေတာလဲ သူအံ့သြခဲ့သည်။ ဤသည်မှာ မကောင်းသောအကြံအစည်များပြည့်နေသည့် သခင်လေးနှင့် ကျွန်တို့၏လက်ချက်ဖြစ်သည်။ ယုတ်မာလိုက်တာ! ဒါပေမယ့် အရမ်းကောင်းတယ်!

  “ကောင်းပြီ။ မာနထောင်လွှားမနေပါနဲ့ ။ စာနာတဲ့လေသံနဲ့ စကားပြောနေချိန်မှာ ပါးစပ်ထောင့်ကို အမြင့်ကြီး မကွေးညွတ်ရဘူး။ ဒါက ခင်ဗျားရဲ့ ခံစားချက်အစစ်ကို ဖော်ထုတ်မိသလိုပဲ။ ဒါပေါ့.. ကျွန်တော်က လူကောင်းမို့လို့ တခြားလူတွေကို ပြန်မပြောပြ​ပါဘူး။” ထန်ချွန်းမင်က ဆိုးသွမ်းစွာပြောလိုက်၏။

 

ဆိုင်ရှင်ချီက သွေးအန်လုနီးပါးပင်။ ထန်ဖူလန်နဲ့ ဆက်ဆံလေ၊ ဤလူက လူကောင်းမဟုတ်မှန်းသိလာလေပင်။ သူက တခြားသူများနှင့် စီးပွားရေးတွဲလုပ်ပြီး အတွေ့အကြုံအများကြီးရှိသည်။ ကံအားလျော်စွာ ဤကောအာမှာ ရည်မှန်းချက်ကြီးကြီးမားမားမရှိပဲ အိမ်မှာနေကာ ​အေးအေးဆေးဆေးချမ်းသာချင်ခဲ့သည်။ မဟုတ်ပါက သူ ထိုလူကို စီးပွားရေးလောကမှာမြင်ရလျှင် သူတို့အားလုံးအတွက် ခေါင်းကိုက်စရာတွေဖြစ်လာလိမ့်မည်။

  

“ငါ စားသောက်ဆိုင်မှာ အလုပ်ရှုပ်နေလို့ ဒီမှာဆက်နေပြီး ထန်ဖူလန်ကို မနှောင့်ယှက်တော့ပါဘူး။” ဆိုင်ရှင်ချီက ဆက်ပြောနေလည်း မနိုင်မှာကိုသိသဖြင့် သူက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။ ထန်ချွန်းမင်က ထိုလူ အလျင်စလိုထွက်သွားတာကိုတွေတော့ နည်းနည်းလေးနောင်တရသွားသည်။ မုန့်မိသားစု ဘာတွေလုပ်နေလဲနှင့် သခင်လေးထန့်က ပညာရှင်ကျောက်လောင်စန်းကို ခရိုင်မော်ကွန်းထိန်း၏သားနှင့် လက်ထပ်ပေးသည်အထိ ကြင်နာပါ့မလား? သိချင်မိသည်။