Chapter 46.1
Viewers 20k



Chapter 46.1



သူ့ဆီသို့ စီးနင်းလာသော စစ်သားတစ်စုသည် ဖုန်မှုန့်များသယ်ဆောင်လာသည်ကိုတွေ့လျှင် ရွာလူကြီးက ထိတ်လန့်သွားပြီး လီဖုန်းကို အကူအညီတောင်းလာသည်။ သူ့စိတ်ထဲတွင် လီဖုန်းက ရွာမှာပညာအရှိဆုံးဖြစ်ပြီး ပြန်မလာခင်က စစ်အရာရှိဖြစ်ခဲ့တာကြောင့် သူက လီဖုန်း၏လက်မောင်းကိုဆွဲလိုက်လေသည်။



“ဦးလေးအဆင်ပြေပါတယ်။ ကျွန်တော်ယွိမုကို စာပို့ထားတယ်။ သူက ခေါင်းဆောင်ပါ။” လီဖုန်းက ရွာလူကြီး၏စိုးရိမ်မှုကို နားလည်နိုင်သည်။ သူသာ ရွာကနေထွက်သွားပြီး ထိုအရာများကို မကြုံတွေ့ခဲ့ရလျှင် သူသည်လည်း ဤအခြေအနေမျိုးကိုမြင်သည့်အခါ ထိတ်လန့်နေပေမည်။ လယ်သမားအများစုက အစိုးရနဲ့ရင်ဆိုင်ရမှာ အကြောက်ဆုံးဖြစ်သည်။



“တကယ်လား? ဟားဟား.. ယွိမု အဲ့ဒီကလေးလား? ဒါဆို သခင်ယွိမုပေါ့?” ရွာလူကြီးကြည့်ရတာ အံ့အားသင့်နေပုံပင်။ သူက တစ်ခုခုလွဲနေတာကို မသိခင်မှာ ဖုန်းရှောင်ကျစ်၏စကားကို သံယောင်လိုက်နေခဲ့သည်။.

 

ဖုန်းရှောင်ကျစ်က တစ်ဖက်လူကို ကလေးလို့ခေါ်ပေမယ့် သူကတော့မလုပ်နိုင်ပေ။ တစ်ဖက်လူက ရာထူးမြင့် စစ်အရာရှိဖြစ်ပြီး သူတို့လိုသာမန်လူတွေ ရန်စလို့ရသည့်လူမဟုတ်ပေ။



ထို့နောက် သူ့မျက်လုံးက တောက်ပသွားပြန်သည်။ ဖုန်းရှောင်ကျစ်က သခင်ယွိမုနဲ့ ရင်းနှီးသောဆက်ဆံရေးရှိပြီး သူက ဖုန်းရှောင်ကျစ်ကို အင်မတန်လေးစားပုံရသည်။ သူ ဤနေရာရှိလျှင် သခင်ယွိမုက ဖျင်ရှန်ရွာကို ဂရုစိုက်ပေးလိမ့်မည်။

    

သူက နဖူးပေါ်ရှိချွေးများကို သုတ်လိုက်ပြီး သူ ဖုန်းရှောင်ကျစ်ဘက်က အမြဲရပ်တည်ပြီး သူ့ကိုမဆန့်ကျင်ခဲ့တာ ဝမ်းသာမိသည်။ ရွာသားတချို့၏သဘောထားအရ ဖုန်းရှောင်ကျစ်က မျိုးနွယ်စုအပေါ် အာဃာတမထားခဲ့တာကောင်းသည်။ 

   

ရွာလူကြီးက သူ့မှာအမြင်ကောင်းရှိတယ်လို့ ရုတ်တရက်ခံစားလိုက်ရသည်။



သူတို့နဲ့အတူ လိုက်ပါလာသူများကလည်း လီဖုန်းနှင့် ရွာလူကြီးကြားရှိ စကားများကိုကြားသည်။ ထို့အပြင် ခဏအကြာတွင် လီဖုန်းက ဘာစကားမှမပြောတော့ပဲ မြင်းစီးနေသောလူတစ်စုက သူတို့မြင်ကွင်းကိုရောက်လာပြီး သူတို့က မြင်းပေါ်က လူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

   

ဒီခေါင်းဆောင်က ဖုန်းရှောင်ကျစ်နဲ့အတူ ရောက်လာခဲ့တဲ့ ယွိမုမလား? သို့ပေမယ့် ယခု သူ့ပုံစံက ခမ်းနားနေပြီး သူ၏အရာရှိယူနီဖောင်းက အလွန်ကိုခန့်ညားထည်ဝါလှသည်။ သူတို့ရှေ့မှာ မြင်းကိုရပ်လိုက်သောအခါ တချို့လူတွေရဲ့ဒူးက အားနည်းလာပြီး သူတို့က ဒူးထောက်ချင်နေမိသည်။



ရွာလူကြီးကလည်း အတွေးတူသည်။ သူ အစိုးရရုံးမှ အရာရှိတစ်ဦးကိုတွေ့တိုင်း ဒူးထောက်ရသည်။ သို့ပေမယ့် သူက ဒူးကိုမကွေးနိုင်ခဲ့ပေ။ လီဖုန်းက သူ့လက်မောင်းကို ဆွဲလိုက်ပုံရသည်။ သူလှည့်ကြည့်လိုက်တော့ ဖုန်းရှောင်ကျစ်၏မျက်နှာပေါ်တွင် မကျေမချမ်းအမူအရာရှိနေ၏။ သူက သူ့ဆီပြေးလာသူကို ပြောလိုက်သည်။ “သခင်ယွိက အထင်ကြီးလောက်စရာပဲ ဒီကိုလာတာ လူတွေကိုခြောက်လှန့်ဖို့လား?”



ယွိမုက သူ့အစ်ကိုကြီးကို ဝမ်းသာအားရပွေ့ဖက်မလို လုပ်လိုက်သော်လည်း သူက သူ့အစ်ကိုကြီး ဒေါသထွက်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် သူက သူ့နားရှိ ရွာသားများ၏မျက်နှာကိုကြည့်ကာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။

    

သူက ရယ်မောကာပြောလိုက်၏။ “ရွာသူရွာသားတို့! ကျုပ်ကိုမမှတ်မိဘူးလား? အစ်ကိုယွိမုလေ? စိတ်မပူပါနဲ့။ ကျုပ်က ဒီမှာ မင်္ဂလာကိစ္စရှိလို့ ဂုဏ်ပြုဖို့လာခဲ့တာ။”



“ကျုပ်ကအရင်လိုပါပဲ။ မဟုတ်ရင် အစ်ကိုကြီးက ကျုပ်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ဦးလေးလီကျန့်.. ကျုပ် ဦးလေးတို့ရွာကို ဒုက္ခပေးဖို့ရောက်လာပြီ။ ကျုပ်ကိုမောင်းတော့မထုတ်ဘူးမလား။ ကောင်လေးတို့လာကြ.. မင်းတို့အစ်ကိုကြီးနဲ့ ရွာသားတွေကိုနှုတ်ဆက်လိုက်။”



သူ့နောက်ကလူများက သူတို့ဘက်သို့ လက်သီးဆုပ်ကာ တညီတညွတ်တည်းအော်လိုက်သည်။ “နှုတ်ဆက်ပါတယ်အစ်ကိုပြီး နှုတ်ဆက်ပါတယ် ရွာသားတို့!” သူတို့က မျက်နှာပေါ်ကလေးနက်နေပေမယ့် နောက်ကနေ ယွိမုအား မျက်လုံးလှိမ့်ပြနေသည်။ ဘာဖြစ်လို့လဲ? သူဌေးကြည့်ရတာ မပျော်ပုံပဲ။ ယွိမုက ကောင်းချီးကို ကံမကောင်းတဲ့အရာအဖြစ် ပြောင်းလိုက်တာလား?



“မဟုတ်တာ…မဟုတ်တာ လူကြီးမင်းတို့။ သခင်ယွိ … ကျုပ်တို့ဖျင်ရှန်ရွာကို ခင်ဗျားတို့လာတာက ဂုဏ်ယူစရာပါ။” ရွာလူကြီးက ထိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးသဖြင့် အလျင်စလိုပြောလိုက်လေသည်။ “အားဖုန်း… သခင်ယွိနဲ့ တခြားသူတွေကို ဧည့်ခံလိုက်ပါ။ သူတို့ကို ကောင်းကောင်းဆက်ဆံ။”

   



ယွိမုလေသံက အရင်တစ်ခေါက်ရောက်ခဲ့စဥ်ကလို တူညီပေမယ့် သူ့အရာရှိယူနီဖောင်းက အံ့သြထိတ်လန့်စရာကောင်းနေဆဲဖြစ်ပြီး သူက ယခင်ကလို ပေါ့ပေါ့တန်တန် စကားမပြောတော့ပေ။



ရွာလူကြီးက ယခင်ကနဲ့မတူပဲ အခေါ်အဝေါ်ပြောင်းသွားတာကို လီဖုန်း သတိထားမိသည်။ ထိုပြောင်းလဲမှုမျိုးက အနာဂတ်မှာ ဆိုးရွားသောကိစ္စမဟုတ်နိုင်ပေ။ အနည်းဆုံးတော့ သူနဲ့မင်ကောအာ အတူနေထိုင်သည့်အခါ ရွာသားများက သူတို့ကို လေးစားလိမ့်မည်။ သူတို့ ယခင်ကလို နေထိုင်မယ်ဆိုလျှင်ပင် အသိဉာဏ်ရှိသူများက သူတို့ကိုထပ်ပြီး စော်ကားဝံ့မှာမဟုတ်ပေ။



“ကောင်းပါပြီ… ဦးလေး ဒီကလေးက သူတစ်ပါးကိုအနိုင်ကျင့်ရဲရင် ကျုပ်သူ့ကို အရှင်လတ်လတ် အရေခွံနွှာပေးလိုက်မယ်။” လီဖုန်းက ယွိမုကို ခြိမ်းခြောက်သလို တစ်ချက်ကြည့်လိုက်သည်။ ယွိမု၏ဦးရေပြားက ထုံကျင်လာပြီး သူက သူ့သူဌေးအား ချော့ချော့မော့မော့ ပြုံးပြလိုက်လေသည်။





ရွာလူကြီးက မျက်နှာကိုငုံ့ထားလိုက်သည်။ ဖုန်းရှောင်ကျစ်က သူတို့အပေါ် သြဇာရှိပုံရသည်။ သို့သော် လူစုလူဝေးများလာသည်ကိုတွေ့တော့ သူကလှည့်ပြောလိုက်သည်။ “လူကြီးမင်းတို့ သူတို့က ဖျင်ရှန်ရွာကိုလာပြီး မျက်နှာသာပေးတာပါ။ ဒါပေမယ့် မင်းတို့ကိုမနှောင့်ယှက်ပါဘူး။ မင်းတို့လုပ်စရာရှိတာလုပ်ပါ။”



“ဟုတ်ကဲ့ပါ.. ရွာလူကြီး” ရွာသားတွေက ဘယ်လိုနည်းနဲ့ မနာခံလို့ရမှာလဲ? သူတို့ ဤလူများကိုစော်ကားမိလျှင် ခေါင်းပျက်သွားမှာပင်။ အရင်တစ်ခေါက်က သခင်ယွိသည် လီစုန့်ကမ်း၏ အိမ်နံရံကိုအပေါက်ဖောက်ပြီး အားမနာတမ်းပြုမူခဲ့သည်။ မဟုတ်ပါက သူသည် သူ့ကို ယာမန်သို့ တိုက်ရိုက်ပစ်ချလိုက်မှာဖြစ်ပြီး သူတို့မှာ ငိုစရာနေရာပင် ရှိမည်မဟုတ်ပေ။



လူစုခွဲသွားတာကိုမြင်တော့ ယွိမုက လီဖုန်းကိုချဥ်းကပ်ရန် အရဲစွန့်ကာ ပြောလိုက်၏။ “အစ်ကိုကြီး… ကျွန်တော်သတင်းရတာနဲ့ ကူညီပေးမလို့ ကျွန်တော့်ညီအစ်ကိုတွေကို ခေါ်လာခဲ့တယ်။ ဒါနဲ့ မင်ကောအာက ဘယ်မှာလဲ? ကျွန်တော် သူ့ကိုမတွေ့ရသေးဘူး။ မဟုတ်ဘူး ညီအစ်ကိုတို့ မင်ကောအာကို တွေ့ချင်တာမင်းတို့မလား?”



“ဟုတ်တယ်..ဟုတ်တယ်.. အစ်ကိုကြီး ကျွန်တော်တို့ရဲ့ယောက်ဖလောင်းကိုတွေ့ဖို့ မရပ်မနားလာခဲ့တာ။ အစ်ကိုကြီး သူ့ကို ကျွန်တော်တို့ဆီက ဖွက်ထားတာမလား?” ရွာသူရွာသားများ လူစုခွဲသွားပြီးနောက် ယဥ်ကျေးသိမ့်မွေ့သော ဤလူများသည် ဣန္ဒြေပျောက်ကာ အရှက်မဲ့စွာတောင်းဆိုခဲ့ကြသည်။ သူတို့က သူတို့၏စူးစမ်းလိုစိတ်ကို တလမ်းလုံးမျိုသိပ်ထားခဲ့သည်။ သူတို့ကို ဘာမှမပြောတာ ယွိမု၏အပြစ်ဖြစ်သည်။ 



“ဟင်း. မင်ကောအာက ဝတ်ပြုဆုတောင်းလို့ မပြီးသေးတာ မသိဘူးလား? သူ ဒီလို လူမြင်ကွင်းမှာ ထွက်လာဖို့ အဆင်ပြေမလား?” လီဖုန်းက မကျေမနပ်ပြောလိုက်သည်။ ယွိမုက ရယ်မောလိုက်ပြီး တုံးအချင်ယောင်ဆောင်ကာ တခြားလူများက သူတို့၏သူဌေးဖြစ်သူကို လေးစားသလိုကြည့်နေသည်။

    

သူက သူတို့၏သူဌေးဖြစ်ထိုက်သူဖြစ်ပြီး ကောအာလေး၏ ဝတ်ပြုဆုတောင်းကာလက ယခုထိမပြီးသေးပေမယ့် သူတို့သူဌေးက လက်ထပ်ဖို့မစောင့်နိုင်ဖြစ်နေ၏။ သူတို့က သူတို့၏ အနာဂတ်ကောအာလေးကို ပိုလို့တောင် စိတ်ဝင်စားသွားကြသည်။



သူတို့မျက်နှာပေါ်မှ အမူအရာကိုကြည့်ကာ သူတို့ခန့်မှန်းတာမှားသွားပြီလို့ ဘယ်သူကမှမပြောနိုင်ပေ။ ယင်းက ယွိမု၏အပြစ်ဖြစ်သည်။ သူတို့သူဌေးက ဝတ်ပြုဆုတောင်းနေဆဲ ကောအာတစ်ယောက်ကို သဘောကျနေမှန်း သူမပြောပြခဲ့ပေ။ မဟုတ်ပါက ဤလူများက အံ့သြသွားမည်ဖြစ်သည်။

   

သို့သော် သူတို့တွေ့သည့်အခါ ပိုအံ့သြမိမှာသေချာသည်။ ယွိမုက ရင်ထဲမှာ တိတ်တဆိတ်ပျော်ရွှင်နေပြီး ဤမြင်ကွင်းကိုကြည့်ရန် မစောင့်နိုင်တော့ပေ။



“ဒါဆိုသွားရအောင် နေဦး..တစ်ခါတည်းပြောထားလိုက်မယ်။ မင်းတို့ မင်ကောအာကို နှောင့်ယှက်ရင် ဘယ်သူမှ ဖျင်ရှန်ရွာကနေ ဘေးကင်းကင်း ထွက်သွားလို့ရမှာမဟုတ်ဘူး။ ဦးလေး ပြန်ကြမယ်။” လီဖုန်းက ခြိမ်းခြောက်ပြီးနောက် သူက ရွာလူကြီးကို လှည့်ပြောလိုက်သည်။





“ကောင်းပါပြီ….သခင်ယွိ.. အားလုံးပဲ ဝင်လာခဲ့ကြပါ..” သူက ရွာလူကြီးဖြစ်စေ ဖုန်းရှောင်ကျစ်၏ အကြီးအကဲဖြစ်စေ ရွာလူကြီးက သူနဲ့အတူ အဖော်ပြုပေးသင့်သည်ဟု ခံစားဂုဏ်ယူမိသည်။

    

အရင်က သူ ယာမန်ကို စီးပွားရေးလုပ်ဖို့ သွားခဲ့စဥ် သူက ယာမန်အပြေးသမားများနှင့်သာ တွေ့ခဲ့ရပြီး အရာရှိများကို မတွေ့ခဲ့ရပေ။ သို့သော် ယခုမူ သခင်ယွိ၏ရာထူးက ခရိုင်တရားသူကြီးထက်ပင် မြင့်လောက်သည်။ ခရိုင်တရားသူကြီးက တစ်နေ့မှာ သူနဲ့ပေါ့ပေါ့ပါးပါး စကားပြောနိုင်လျှင် သူသည် အိပ်ပျော်နေသည့်တိုင် ရယ်မောရင်းဖြင့် နိုးလာနိုင်သည်။ 







“သွားရအောင်.. သွားရအောင်.. မြင်းကိုမြန်မြန်ချည်ပြီး သူဌေးနောက်ကိုလိုက်ကြ။” ယွိမုက တိုက်တွန်းသည်။







စုစုပေါင်းမြင်းဆယ်ကောင်ရှိ၍ ခြံဝင်းထဲမှာ နေရာမရှိသောကြောင့် အားလုံးကို အပြင်ဘက်က သစ်ပင်အောက်မှာ ချည်နှောင်ထားလိုက်သည်။ အရာရှိများရောက်လာသည့် သတင်းက ရွာထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ထိုအချိန်တွင် လူကြီးများက သူတို့ကလေးများကို ပြဿနာမရှာရန် သတိပေးထားသလို သူတို့ကို အပြင်ထွက်ကစားခွင့်လည်း မပြုတာကြောင့် သူတို့လေးတွေ အပြင်ထွက်ပြီး မြင်းများအား ခြောက်လှန့်မှာကို စိုးရိမ်ဖို့မလိုတော့ပေ။



တခြားတစ်ဖက်တွင် မီးဖိုချောင်ထဲရှိ ထန်ချွန်းမင်က အပြင်မှာအရာရှိများ ရောက်လာတာကို သိခဲ့ရပြီး ယင်းမှာ သူ့အသိ ယွိမုဖြစ်၏။ ထန်ချွန်းမင်က အပြင်လျှောက်ထွက်လာကာ တွေးလိုက်သည်။

    

လီဖုန်းက ယွိမုလာနေပြီလို့ ပြောခဲ့ပေမယ့် ယခုလို ရုန်းရင်းဆန်ခတ်ဖြစ်မယ်လို့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် သူက သူ၏အရာရှိသရုပ်မှန်ကို တိုက်ရိုက်ပြသခဲ့သည်။ ရွာသားတွေ ထိတ်လန့်သွားတာကို မြင်ရတော့ ဤသည်မှာ လီဖုန်း၏ရည်ရွယ်ချက်လားပင် သူမသိပေ။



ရှန်းဖူလန်က ထန်ချွန်းမင်ကို အပြင်လိုက်ပို့ပြီး သူက အပြင်ရှိမြင်ကွင်းကို မြင်လိုက်ရသည့် တစ်ဦးတည်းသောလူဖြစ်သည်။ ယခုမူ သတင်းကြားရသူတိုင်းက ထန်ချွန်းမင်ကို ပိုပြီးမနာလိုဖြစ်လာခဲ့သည်။ ဤသည်မှာ လွင်တီးခေါင်တောင်ကုန်းဝယ်ဖို့ ငွေရာချီသုံးခြင်းထက် လုံးလုံးကွာခြားသည်။

   

ထန်ချွန်းမင်က တကယ်ကံကောင်းသည်။ လီဖုန်းသည်လည်း အရာရှိတစ်ဦးဖြစ်ပေမည်။ မုဆိုးဖိုကောတစ်​ယောက်က လျင်မြန်စွာကြီးပွားလာပြီး အရာရှိတစ်ဦး၏ဇနီးဖြစ်လာသည်။ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ….



သူ ခြံတံခါးသို့ရောက်သည်နှင့် လီဖုန်းပတ်ပတ်လည်ရှိ အရာရှိယူနီဖောင်းဝတ်ထားသော အရပ်ရှည်ရှည် သန်မာသောအမျိုးသားများကို သူတွေ့လိုက်ရသည်။ လီဖုန်းက လူအုပ်ကြီး၏ဗဟိုဖြစ်သော်လည်း အရာရှိယူနီဖောင်းနှင့် လူသန်ကြီးယွိမုက အရင်ကနဲ့မတူပဲ ခမ်းနားထည်ဝါနေတာ သိသာသည်။ ဖော်ရွေသောအပြုံးများပြည့်နေသည့် သူ့မျက်နှာက ထန်ချွန်းမင်အား ရယ်မောစေသော အရောင်အဝါနှင့်မတူညီပေ။