Chapter 46.3
ထန့်ယွီက ထန်ချွန်းမင်နှင့် လက်ထပ်မည့်လူကို တစ်ကြိမ်သာတွေ့ဖူးသော်လည်း လွန်စွာအထင်ကြီးခဲ့သည်။ သို့သော် ထိုအရောင်အဝါက ရှားပါး၍ မေ့ဖို့ပင်ခက်သည်။
သို့ပေသိ မထင်မှတ်ထားသည့်အရာမှာ ထိုလူက ထန်ချွန်းမင်နှင့် ပေါင်းစည်းနိုင်ခဲ့ပြီး ထန်ချွန်းမင်၏ကိုယ်ဝန်နှင်ံ ဝတ်ပြုဆုတောင်းကာလကို စိတ်ထဲမထည့်ခဲ့ခြင်းဖြစ်၏။ သူသာဆိုလျှင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူက ထိုကုန်ပစ္စည်းများကို ထိန်းချုပ်ရန် မည်မျှပင်သွေးဆောင်ပါစေ သူ့မှာ ဖူမန်ထန်နှင့် မုန့်မိသားစုလို အတွေးမျိုးမရှိခဲ့ပေ။ သူ့မိသားစုထဲမှ အခြေအနေအရ သူ ထန်ဖူလန်ကို အငယ်အနှောင်းအဖြစ်ထားလျှင်ပင် ဘယ်သူမှလက်ခံမှာမဟုတ်ပေ။
ထို့အပြင် ထန်ဖူလန်ကလည်း လက်ခံမှာမဟုတ်ပေ။ တကယ်တော့ ထန်ဖူလန်က ဖူမန်ထန်ကို မကြိုက်သည့်အကြောင်း လောင်ချီထံမှ ကြားခဲ့ရပြီးနောက် ထန့်ယွီမှာ အစတည်းက ထိုအတွေးမျိုးမရှိခဲ့တာ ကံကောင်းတယ်လို့ထင်မိသည်။
သို့သော် အကယ်၍ သူက တင်းကျိုးခရိုင်မှ လူတစ်ယောက်ဖြစ်ခဲ့လျှင် သူ ဤနေရာကိုရောက်လာတာ ကံကောင်းလို့ပင်။ ဤလူနဲ့ ဆက်သွယ်ပြောဆိုနိုင်သည့်အပြင် အရာရှိတစ်ဦးထက်ပိုပြီး သိနိုင်လျှင် သူတို့လိုစီးပွားရေးသမားများအတွက် အဖိုးဖြတ်နိုင်မည်မဟုတ်ပေ။ ဘယ်သူသိမှာလဲ…. တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဆင်ပြေလာနိုင်သည်။ ထန်ချွန်းမင်ကလည်း သူ၏ကျေးဇူးရှင်ဟု ယူဆနိုင်သည်။
“ဆိုင်ရှင်ချီ? သခင်လေးထန့်ယွီ? ခင်ဗျားတို့က တကယ်ကိုထူးခြားတဲ့ဧည့်သည်တွေပါ။ ခင်ဗျားတို့လာမယ်လို့ မထင်ထားဘူး။ အထဲမြန်မြန်ဝင်ခဲ့ပါ!” ထန်ချွန်းမင်က ချွေးပျံနေ၏။ မူလက သူသည် လူအနည်းငယ်ကိုသာ ထမင်းစားဖိတ်ချင်ခဲ့သော်လည်း ယွိမုက လူအများကြီးကိုခေါ်လာမယ်လို့ မထင်ထားခဲ့ပေ။ ထို့နောက် ဆိုင်ရှင်ချီလည်းရောက်လာခဲ့သည်။
လူတွေကို မျက်နှာလွှဲလို့မဖြစ်ပေ။ ကံအားလျော်စွာ လီဖုန်းက ပါဝင်ပစ္စည်းလုံလုံလောက်လောက် ပြင်ဆင်ထားခဲ့သည်။ ထန်ချွန်းမင်က သူ့အား ကြီးကြီးကျယ်ကျယ် လုပ်နေသည်ဟုဆိုကာ ရယ်မောခဲ့ပေမယ့် ယခုမူ သူက သူ့ကို လှောင်ပြောင်ရဲတော့မှာမဟုတ်ပေ။ မဟုတ်ပါက လူအများကြီးလာပြီး စားစရာမရှိလျှင် အရှက်ကွဲပေမည်။
“ထန်ဖူလန်… ဂုဏ်ပြုပါတယ်။ ဒါက အစ်ကိုလီဖုန်းဖြစ်ရမယ်။ ကျွန်တော်က အန်ဖျင်ခရိုင်က ထန့်ယွီပါ။ ဒီနေ့ ခင်ဗျားရဲ့ကံကောင်းခြင်းကို ဝေမျှဖို့လာခဲ့တာပါ။” ထန့်ယွီက ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများကို လိုက်နာကာ ချမ်းသာသော လူငယ်လေးတစ်ဦးလို မောက်မာခြင်းမရှိပေ။ သူ့ပြောပုံဆိုပုံကလည်း အလွန်ရင်းနှီးနေသည်။
“ကြိုဆိုပါတယ်…ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ။” လီဖုန်းက ဤလူကိုအထင်ကြီးသည်။ သူက ဤလူကို ရွာအဝင်ဝမှာ တစ်ကြိမ်တွေ့ဖူးသည်။ မင်ကောအာက ဤလူနှင့် အလုပ်တွဲလုပ်နေတာကို သိနေသဖြင့် သူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမည်မဟုတ်ပေ။ ထို့အပြင် ဤကုန်သည်များက မုန့်မိသားစုနှင့်ယှဥ်လျှင် အခြေခိုင်သည်။
ရွာလူကြီးက ဧည့်သည်များကို နှုတ်ဆက်ဖို့ထွက်လာပြီး ကျင်းကျိစားသောက်ဆိုင်ပိုင်ရှင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိတာက ဖျင်ရှန်ရွာအတွက် မဆိုးပေ။ ထို့အပြင် သခင်လေးက လှည်းတစ်စီးအပြည့် လက်ဆောင်များယူလာခဲ့သည်။ လီဖုန်း၏လူကြီးတစ်ယောက်အနေဖြင့် ရွာလူကြီးက မရိုင်းပျသင့်ဘူးလို့တွေးခဲ့သည်။
နေ့လည်စာအတွက် စားပွဲနှစ်လုံးထပ်ပြင်ခဲ့သည်။ သိပ်ထူးခြားနေဖို့မလိုပဲ ခြံထဲမှာစားပွဲဝိုင်းလေး ပြင်ဆင်ထားခဲ့သည်။ ဆူညံသံများက ရွာသားများပင် ကြားနိုင်လောက်အောင် တက်ကြွခဲ့သည်။
ဧည့်သည်တွေအများကြီးရှိတာကြောင့် လီဖုန်းက သူနဲ့အဖော်ပြုပေးဖို့ ရွာအကြီးအကဲများကိုပင် ဖိတ်ကြားခဲ့သည်။ လီဖုန်းအတွက် ပြောဖူးသော အကြီးအကဲများက အလွန်ဂုဏ်ယူနေပြီး သူတို့က အရာရှိများနှင့် စားပွဲတစ်ခုတည်းမှာ စားခဲ့ကြောင်း တခြားသူများအားပြောပြခဲ့သည်။
ရွာရှိလီစုန့်ကမ်း၏အိမ်တွင် လေထုက ဆန့်ကျင်ဘက်ဖြစ်သည်။ မူလက သူတို့ကို မဖိတ်ခဲ့တာ လက်ခံနိုင်သေးသည်။ သို့သော် ယခုမူ ရွာအကြီးအကဲများကတော့ အဖိတ်ခံရပြီး သူတို့က သူတို့ဦးလေးကိုတော့ မဖိတ်ခဲ့ပေ။
အရာရှိတစ်ဦးရောက်လာကြောင်း ကြားသိရသောအခါ သူတို့က အင်မတန်စိတ်ထိခိုက်ခဲ့ရသည်။ ယင်းက ငွေရာချီအား ရေထဲပစ်ချလိုက်သည်ကို ကြည့်ရတာထက် ခံရခက်သည်။
ယခုတော့ သူတို့က လီဖုန်းကို အပြစ်တင်ခွင့်မရှိတာကြောင့် ထိုဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြသည်။ သူတို့သားနှင့် ကောလေးကပင် ယခင်က ကောင်းမွန်သောဘဝမှာ မနေထိုင်ခဲ့ရကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။
မဟုတ်ပါက ယခုချိန်မှာ သူတို့သည် အရာရှိများ၏ထောက်ပံ့မှုကိုရရှိမည့် မိသားစုဖြစ်လာပြီး အနာဂတ်မှာ သူတို့အပြင်ထွက်သည့်အခါ ဘယ်သူမှ မျက်နှာလွှဲရဲတော့မှာမဟုတ်ပေ။ ကောငယ်လေးက ချမ်းသာသည့်မိသားစုမှာ လက်ထပ်ရမည်ဟု ထင်ထားခဲ့သည်။ ယင်းက အတိတ်မှာ အမှားတွေလုပ်ခဲ့သော သူ့မိဘများ၏အပြစ်ပင်။
“ဘာ! အခုငါတို့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ အပြစ်တင်နေတာလား! သူ့အိမ်မှာ ဘယ်သူနေခဲ့တာမို့လဲ? ပြီးတော့ ငါတို့ ဒီကျေးဇူးကန်းတဲ့ကောင်ကို မောင်းမထုတ်ခဲ့ရင် သူဒီနေ့လို အောင်မြင်လာပါ့မလား? သူအဲ့ဒီအရာရှိတွေကို တွေ့နိုင်ပါ့မလား? အခု မျိုးနွယ်စုအကြီးအကဲတွေကလည်း ငါတို့ကိုအပြစ်တင်နေတယ်”
“ငါတို့ကြောင့်သာမဟုတ်ရင် သူဒီနေ့လိုဖြစ်လာမလား သူတို့မစဥ်းစားကြဘူး။” လီစုန့်ကမ်း၏မိသားစုက သူတို့ကိုယ်သူတို့ မှားယွင်းတယ်လို့မထင်သည့်အပြင် သူတို့ လီဖုန်းကို စစ်ထဲပို့ခဲ့လို့ လီဖုန်း ကြီးပွားချမ်းသာလာပြီး အရာရှိများကို တွေ့ဆုံနိုင်ခဲ့သည်ဟု ထင်နေသည်။ သို့သော် သူ့တူလေးက ဆွေမျိုးများကိုမေ့ကာ အဆက်အသွယ်ဖြတ်သွားခဲ့သည်။ ဒါက ကျေးဇူးမသိတတ်တဲ့ကောင်မဟုတ်ရင် ဘာဖြစ်မလဲ?
သူတို့က ဤစကားကို နောက်ကွယ်မှာသာပြောရဲသည်။ တခြားလူများ၏ ဖော်ပြချက်အရ သူတို့က လီဖုန်းကို ထပ်မစော်ကားရဲပေ။ မဟုတ်ပါက ထိုကျေးဇူးမသိတတ်သည့်လူကြောင့် သူ ထောင်ကျသွားနိုင်သည်။
ကောငယ်လေးက သူ့မိဘများကို အမြင်မရှိခဲ့ခြင်းကြောင့် ဒေါသထွက်နေပြီး သူက မျက်စောင်းထိုးကာ အကြံတစ်ခုယူလာခဲ့သည်။ “ဖေဖေ…အဖေ… ကျွန်တော့်ဝမ်းကွဲကလည်း ဒုတိယဦးလေးရဲ့မိသားစုကပဲ။ ဒီဆက်ဆံရေးက ဖြတ်တောက်လို့မရဘူး။”
“ဒါပေမယ့် အဖေနဲ့ ဖေဖေက အရင်လိုသဘောထားရှိလို့မရဘူး။ ကျွန်တော့်ဝမ်းကွဲက အခုလုံးဝမတူတော့လို့ အခုကစပြီး အဖေတို့ သူ့ကိုလေးစားပါ။ ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော့်ဝမ်းကွဲစိတ်ကောင်းဝင်ရင် သူ အဖေတို့အပေါ် အာဃာတမထားပဲ ကျွန်တော်တို့မိသားစုလည်း အကျိုးရှိလိမ့်မယ်။”
သူက လီဖုန်း၏မျက်နှာကို ပထမဆုံးအကြိမ် မြင်ခဲ့ရစဥ် ကြောက်လန့်တကြား အော်ခဲ့ဖူးတာကို မေ့သွားခဲ့သည်။ ယင်းက လီဖုန်း၏ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပြီး သူကလည်း လီဖုန်း၏မကောင်းကြောင်းများ အပြင်မှာဖြန့်ဝေခဲ့သည်။
“လေးစားရမှာလား? ငါတို့လိုလူကြီးတွေက ကျေးဇူးကန်းတဲ့ကောင်ကို လေးစားရမှာလား?” လီစုန့်ကမ်း၏ဇနီးက အလွန်ဒေါသထွက်ပြီး မယုံကြည်နိုင်စွာ ဟစ်အော်ခဲ့သည်။
“ဒါဆို ဖေဖေ… ခင်ဗျားက ဝမ်းကွဲကို ဆက်စော်ကားနေလိုက်!” ကောငယ်လေးက လက်ကိုင်ပုဝါကို အခန်းထဲသို့ ဒေါသတကြီးပစ်ပေါက်လိုက်သည်။ သူ့အားမူက ကျိုးကြောင်းသင့်မနေပေ။ သူက ဒေါသထွက်ဖို့ပဲသိပြီး သူတို့အတွက် မစဥ်းစားပေးချေ။
“ကျွန်တော့်ညီလေးပြောတာမှန်တယ်။ ဖေဖေတို့နှစ်ယောက် သေချာစဥ်းစားပါ။” သားဖြစ်သူကလည်း သူ့ညီလေး၏အမြင်ကို လက်ခံခဲ့ပြီး သူတို့က လီဖုန်းနှင့်သူ့အားမူ ရန်ဖြစ်စေရန် နောက်ကွယ်ကနေ မီးမွှေးခဲ့တာကို မေ့သွားခဲ့သည်။
လင်မယားနှစ်ယောက်က သူတို့မိသားစုထဲရှိ အခြေအနေကိုကြည့်ကာ မေးလိုက်သည်။ “ငါတို့တကယ်လုပ်မှာလား?”
လီစုန့်ကမ်းက သက်ပြင်းချလိုက်သည်။ သူက ယခုလိုမလုပ်ချင်ပေမယ့် ယခုတစ်လမ်းတည်းသွားရမည်ဟု ထင်သည်။ ရွာသားများ၏ပြောစကားကိုကြည့်လျှင် သူတို့က လီဖုန်းအား လူကြီးများကို မလေးမစားလုပ်သည်ဟု မစွပ်စွဲသည့်အပြင် နေရာတိုင်းမှာ ချီးကျူးနေကြသည်။
ညစာစားပြီးသွားခဲ့သည်။ ထန်ချွန်းမင်က ပင်ပန်းလွန်းလို့ အနားယူရန် အခန်းထဲပြန်ခဲ့သည်။ အပြင်မှာ အရက်နံ့များ သင်းပျံ့နေ၏။ စစ်သားများက အိုးကြီးများဖြင့် အငမ်းမရသောက်နေသည်။
ထန်ချွန်းမင်က ဝိုင်ကိုတောင့်တနေသော်လည်း သူက တစ်ကြိမ်မြင်ဖူးပြီးကတည်းက စိတ်မဝင်စားခဲ့ပေ။ ဤကမ္ဘာပေါ်တွင် စပျစ်ရည်ထုတ်လုပ်သည့် နည်းပညာက နောက်ကျကျန်နေသည်ဟုပြောနိုင်သည်။ ခန်းကုတင်ပေါ်တွင်ထိုင်ကာ ထန်ချွန်းမင်က ငွေရှာရန် အကောင်းဆုံးနည်းလမ်းတစ်ခုရှိကြောင်း ရုတ်တရက်သိလိုက်ရသည်။
သူ အရင်က ဤကိစ္စကို မတွေးဝံ့ခဲ့ပေ။ တကယ်တော့ ဤနည်းပညာက အဆင့်မြင့်လွန်းပြီး သူ့ကို ဒုက္ခရောက်စေလိမ့်မည်။ သို့သော် ယခုမူ သူ့မှာ သူ့ကိုထောက်ပံ့ပေးမည့် လီဖုန်း၊ ယွိမုနှင့် လူတစ်စုရှိသည်။ သူတုံ့ဆိုင်းနေလျှင် ယောကျာ်းလို့ မသတ်မှ်တ်နိုင်တော့ပေ။
ယခု သူက ကောတစ်ယောက်ဖြစ်သည်။ ကိုယ်ဝန်ရှိနေသောကောတစ်ယောက်ဖြစ်၍ သူ အရင်ဆုံးအိပ်လိုက်သင့်သည်။
.
လီဖုန်းက မင်ကောအာနှင့် ကလေးများကို မီးခိုးအဆိပ်သင့်ခြင်းမှ ကာကွယ်ပေးရန် အရက်သမားများကို သူ့အိမ်သို့ တစ်ယောက်ချင်းလိုက်ပို့ခဲ့သည်။
သူက ဝမ်ယင်ကို လိုက်ပို့ခဲ့ပေမယ့် ထန်ချွန်းရုံကတော့ သူ့အစ်ကိုနဲ့နေချင်တယ်လို့ သူ့အားမူအား ပြောခဲ့သည်။ သူသည်လည်း ဝမ်ယင်ကို မင်ကောအာအတွက် ဆက်နေပေးဖို့ ပြောခဲ့ပေမယ့် ဝမ်ယင်က အိမ်က တိရစ္ဆာန်များကို စိတ်ပူနေပြီး သူတို့လေးတွေ ထမင်းတနပ်လွတ်သွားမှာကို မလိုလားပေ။
ညတွင် လီဖုန်းက မင်ကောအာကို ထမင်းချက်ခွင့်မပြုခဲ့ပေမယ့် ကျန်းရှို့နှင့် တခြားသူများကို နည်းနည်းလောက်ကူချက်ပေးဖို့ ပြောခဲ့သည်။ နေ့လည်က စားကြွင်းစားကျန်များနှင့်အတူ ၎င်းက တိရစ္တာန်များအား အစာကျွေးဖို့လုံလောက်သည်။ ယင်းကြောင့် မင်ကောအာ၏ အချက်အပြုတ်စွမ်းရည်ကို မြည်းစမ်းခွင့်မရခဲ့သည့် ယွိမုက ဒေါသတကြီးဆန္ဒပြနေလေသည်။
ပြင်ဆင်ထားသော အစားအစာကို လီဖုန်းအိမ်သို့ပို့ပေးခဲ့ပေမယ့် လီဖုန်းကတော့ ထန်ချွန်းမင်နှင့် အတူစားဖို့ ရောက်ရှိလာပြီး ညီအစ်ကိုအသင်းအပင်းအား လုံးဝဂရုမစိုက်ပဲ ချောမောလှပသော ကောလေးတစ်ယောက်အတွက် သစ္စာတရားမေ့ပစ်ရခြင်း၏ အဓိပ္ပါယ်ကို ပြသခဲ့သည်။
“ယွိမုနဲ့ တခြားလူတွေ ဘယ်တော့ပြန်မှာလဲ? ဒီလိုထွက်လာတာအဆင်ပြေရဲ့လား?” ထန်ချွန်းမင်က ဆန်ပြုတ်သောက်ကာ အရံဟင်းလျာများကိုစားရင်း လီဖုန်းအားမေးလိုက်သည်။ သူက လီဖုန်း၏အပြုအမူနဲ့ပတ်သက်ပြီး ပြောစရာသိပ်မရှိပေ။ ပေါင်းသင်းရာတွင် စုံတွဲများက အသေးစိတ်စိတ်ပူစရာမလိုပေ။ သူတို့လိုလူတွေက သက်တောင့်သက်သာနေထိုင်ရတာ သဘောကျသည်။ တစ်ခါတစ်လေမှာ ယဥ်ကျေးလွန်းတာက ကောင်းသောအရာမဟုတ်ပေ။
“စောစောပြန်မှာမဟုတ်ဘူး။ အဲ့ဒီကိစ္စတွေကို စိတ်မပူပါနဲ့။ သူတို့က အဖမ်းခံရလောက်တဲ့ထိ မတုံးဘူး။ သူတို့မှာ အားရှိပေမယ့် သုံးစရာနေရာမရှိဘူးလို့ထင်တယ်။ ဒီတော့ အနောက်တောင်ကို သန့်ရှင်းရေးကူလုပ်ခိုင်းဖို့ အခွင့်အရေးကောင်းပဲ။” လီဖုန်းက မင်ကောအာနှင့် အားလင်းနှစ်သက်သော ဟင်းလျာများကိုခပ်ကာ သူတို့ပန်းကန်ထဲထည့်ပေးလိုက်သည်။
“အု…အဟွတ်….အဟွတ်…” ထန်ချွန်းရုံက သည်းမခံနိုင်တော့ပဲ ချောင်းဆိုးကာ မျက်နှာနီရဲလာသည်။ ထန်ချွန်းမင်က သူ့ကျောကိုပုတ်ပေးပြီး ရေတစ်ခွက်ပေးလိုက်သည်။
“ဦးလေး…သားပုတ်ပေးမယ်။” အားလင်းက အပျော်သဘော ပုတ်ပေးရန် တရွတ်တိုက်ရောက်လာသည်။
“ရပါပြီ…စားတော့.” ထန်ချွန်းရုံက စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားပြီး အလွန်ရှက်သွားသော်လည်း ၎င်းမှာ အစ်ကိုလီဖုန်း၏အပြစ်သာဖြစ်သည်။ သူက လူတကာကို အလုပ်ပတ်ခိုင်းနေသည်။ ယခုမူ ထိုလူအားလုံးမှာ ရာထူးရှိပြီး အမြင့်ဆုံးမှာ ဗိုလ်ချုပ်ယွိမုဖြစ်ကြောင်း သူသိထားသည်။
“အဲ့ဒါက ခင်ဗျားသဘောပါ. ဒါပေမယ့် ရွာကလူတစ်ချို့ကိုလည်း စီစဥ်ပေးဖို့လိုတယ်။ ရွာလူကြီးက ဘယ်လိုလူတွေလိုလဲ ဆုံးဖြတ်ပေးလိမ့်မယ်။ တောင်က ရေရှည်အလုပ်လုပ်ဖို့လိုတယ်။”
ထန်ချွန်းမင်က ပတ်ဝန်းကျင်ရှိလူများကို အမိန့်ပေးသည့် လီဖုန်း၏အပြုအမူကို ကန့်ကွက်ခြင်းမရှိသော်လည်း လီဖုန်းရှိနေလျှင်ပင် သူက တောင်တစ်ခုလုံးကို ဂရုစိုက်နိုင်မှာမဟုတ်ပေ။ ယခု သူ လက်လွှဲယူလိုက်ပြီဖြစ်၍ လွှတ်ထားပေးလို့မရပဲ ဖွံ့ဖြိုးတိုးတက်စေဖို့ အသုံးချရမည်။
“အင်း…နားလည်ပြီ။” လီဖုန်းက ထန်ချွန်းရုံကို အမှုအမှတ်မဲ့ကြည့်လိုက်ပြီး ဤကောင်လေးက စိတ်ထားကောင်းလွန်းသည်ဟု ခံစားလိုက်ရသည်။