Chapter 47.1
ယခင်က အပြင်ထွက်ဖို့ ဝန်လေးခဲ့သည့် လူကြီးများအပါအဝင် ရွာရှိအိမ်ထောင်စုတိုင်း ထွက်လာကြပြီး သူတို့၏မြေးများ၏လက်ကိုတွဲကာ ပြုံးရွှင်နေကြသည်။ သူတို့အမြင်တွင် ဖျင်ရှန်ရွာက ယခုလိုသက်ဝင်နေတာရှားပြီး တရုတ်နှစ်သစ်ကူးထက်ပင် ပိုပျော်စရာကောင်းသည်။
တချို့လူတွေက ခွေးခြေခုံများယူလာသည်။ တချို့လူတွေက မြေသားမီးဖိုဆောက်ဖို့ ထင်းသွားရှာပြီး တချို့လူတွေက သူတို့အိမ်မှ အိုးနဲ့ဇွန်းများထုတ်လာသည်။ တခြားသူများအတွက် ချက်ပြုတ်ပေးလေ့ရှိသောအိမ်တွင် သံအိုးကြီးတစ်လုံးရှိတာကြောင့် သူတို့က ၎င်းကိုပါ ယူလာခဲ့သည်။ ထိုအချိန်တွင် ဘယ်သူကဘာယူလာလဲ၊ ဘယ်သူက အခွင့်အရေးယူမလဲ စိတ်မဝင်စားကြပဲ ရယ်မောသံများက အဝေးကပင် ကြားနိုင်လေသည်။
အမျိုးသားများက တောရိုင်းတိရစ္ဆာန်များကို စတင်သတ်ဖြတ်ပြီးနောက် ရွာရှိိ လူလတ်ပိုင်းနှင့် လူငယ်လေးများသည် ရေဆေးခြင်းနှင့် ချက်ပြုတ်ခြင်းလုပ်ငန်းကို စတင်ခဲ့သည်။ ကလေးများက ဝက်အူများကိုတောင်းကာ မြေပြင်ပေါ်မှာ ကစားနေပြီး အသားပုံကြီးအားကြည့်ကာ သွားရည်ကျနေလေသည်။ ရံဖန်ရံခါ သူတို့က လူကြီးများနဲ့တိုက်မိပေမယ့် ယနေ့တွင် အပျော်လွန်နေခြင်းကြောင့် မည်သူကမျှ အပြစ်မတင်ကြပေ။
ထန်ချွန်းမင်ကို ရှန်းဖူလန်က အစောကြီးထဲက ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းထားသည်။ သူ့ဘေးမှာထိုင်နေသောလူအားလုံးက အသက်ကြီးသူများ သို့မဟုတ် ကိုယ်ဝန်သည်များဖြစ်၏။ ကံအားလျော်စွာ ရှန်းဖူလန်က သူနဲ့စကားပြောဖို့ ရှိနေသည်။ မဟုတ်ပါက သူ သူတို့နဲ့နေပြီး သေအောင်ပျင်းနေလိမ့်မည်။ အကြောင်းမှာ သူတို့က သူတို့၏ခေါင်းစဥ်ကို စိတ်မဝင်စား၍ဖြစ်သည်။
ထန်ချွန်းမင်က ကျန်းရှို့နှင့် ဝမ်မော့တို့ သွားကူညီပေးနိုင်ဖို့ မောင်းထုတ်လိုက်လေသည်။ သူက အဲ့လောက်ဂရုစိုက်ခံရအောင် နုနယ်နေလို့လား? ဒါမှမဟုတ် ရှန်းဖူလန်က သူ့ကိုစိတ်ပူနေလို့ နေခဲ့တာလား?
ထန်ချွန်းမင်က မနီးမဝေးတွင် တခြားကလေးများနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသော အားလင်းကိုကြည့်လိုက်သည်။ သူ့နဖူးပေါ်မှာ ချွေးများစိုစွတ်နေ၏။ အကြောင်းမှာ သူ့မိသားစုဘဝလေးက ပိုကောင်းလာသလို သူ့မှာ ရွာထဲကကလေးများ သဘောကျသည့် မြင်းပေါက်လေးလည်းရှိပြီး သူကိုယ်တိုင်ကလည်း ပိုရဲရင့်လာခဲ့သည်။
သို့ဖြစ်၍ သူ့က ရွာထဲက ကလေးများနှင့် ကစားလာနိုင်ခဲ့သည်။ အထူးသဖြင့် တာမောင်းက ကလေးခေါင်းဆောင်ဖြစ်လာပြီး ရွယ်တူကလေးများကြားမှာ သူက ကိုယ်ခံပညာလေ့ကျင့်ပြီး စာလည်းဖတ်နိုင်တာကြောင့် ရွာထဲတွင် နောက်လိုက်များစွာရရခဲ့သည်။
သူ့စကားကြောင့် အသက်ကြီးသော ကလေးများက အားလင်း၏အသက်ကို မထီမဲ့မြင့်မပြုသလို သူနဲ့ကစားဖို့လည်း မငြင်းဆန်ခဲ့ပေ။
လီဖုန်းကလက်ဆေးပြီး ထန်ချွန်းမင်၏ဘေးကိုရောက်လာသည်။ သူ့နားကလူတွေက သူ့ကိုကြင်ကြင်နာနာ ပြုံးပြပြီး သူ မင်ကောအာကို လာတွေ့မှန်းသိ၍ လမ်းရှင်းပေးကြသည်။ ထန်ချွန်းမင်နှင့် ရှန်းဖူလန်က သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ “ခင်ဗျားဘာလုပ်နေတာလဲ? ခင်ဗျားအလုပ်ပြီးသွားပြီလား?”
“ဟင့်အင်း” လီဖုန်းက တခြားသူများရှေ့မှာ ရင်းနှီးသောအပြုအမူလုပ်ဖို့ ရှက်နေသည်။ ထိုအစား သူက သူ့ဘေးက ခွေးခြေခုံမှာထိုင်ကာ ပြောလိုက်သည်။ “ဦးလေးက တစ်ခုခုပြောလိုက်လို့ ကိုယ်က မင်ကောအာရဲ့အမြင်ကို မေးချင်လို့ပါ။ ဒီနေ့သားကောင်တွေ အများကြီးရခဲ့လို့ တစ်နပ်တည်းနဲ့ ကုန်အောင်မစားနိုင်ဘူးလို့ ဦးလေးကပြောတယ်။”
“အများကြီးကျန်ဦးမှာ။ ဦးလေးက ဝေပေးတာကလွဲရင် ကျန်တာတွေ ကိုယ်တို့ရောင်းလို့ရအောင် ပေးမယ်တဲ့။ ရောင်းရငွေက ရွာမှာ ဘိုးဘေးခန်းမဆောက်မယ်။ ဒါမှမဟုတ် သက်ကြီးရွယ်အိုနဲ့ လူကြီးတွေကို ထောက်ပံ့လိမ့်မယ်။ မင်းဘယ်လိုထင်လဲ မင်ကောအာ?”
သူတို့က အသီးအရွက်မပါပဲ အသားမစားတတ်လို့ အိမ်ထောင်စုတိုင်းက ဟင်းသီးဟင်းရွက်အချို့ ထုတ်လာတာကြောင့် အသားကျန်တစ်ချို့ရှိမည်ဖြစ်သည်။
ထန်ချွန်းမင်က မျက်ခုံးပင့်လိုက်သည်။ ဤအကြံက လီဖုန်းဆီကလို့ သူမထင်ပေ။ ရွာထဲမှာ အာဏာရပြီးနောက် ဤလူက ကောင်းမှုကုသိုလ်ပြုဖို့ ကြိုးစားနေသည်။
သူဘယ်သူပဲဖြစ်ဖြစ် သူက သူ့ကိုကျေးဇူးတင်သင့်သည်။ သူက တွန့်တိုသူမဟုတ်ပေ။ ထို့အပြင် သူ့မှာပိုက်ဆံလည်း ပြတ်လတ်ခြင်းမရှိပေ။ ရွာလူကြီးက လီဖုန်းကို ကောင်းမှုကုသိုလ်ပြုစေချင်တာကြောင့် သူ တားမှာမဟုတ်ပေ။ တကယ်တော့ သူက အနာဂတ်မှာ အကျိုးအမြတ်ခံစားရလိမ့်မည်။ သူကပြုံးကာပြောလိုက်သည်။ “ကောင်းပါတယ်။ အကြံကောင်းပဲ။ … ခင်ဗျားရောဘယ်လိုထင်လဲ?”
ရှန်အားမူက ပြုံးလိုက်သည်။ “ဒါပေါ့ ငါထောက်ခံတယ်။ ဖုန်းရှောင်ကျစ်က စိတ်ရင်းကောင်းပါတယ်လို့ ငါပြောသားပဲ။ တခြားတစ်ယောက်သာဆိုရင် သူတို့က ငွေအများကြီးသုံးချင်မှာမဟုတ်ဘူး။”
ပိုက်ဆံရှိခြင်း မရှိခြင်းက တခြားကိစ္စတစ်ခုသာဖြစ်သည်။ တစ်စုံတစ်ဦးက ချမ်းသာတာကြောင့် သူများကိုပေးရန် ပိုက်ဆံထုတ်ရမယ်လို့ မဆိုလိုပေ။
“”ကောင်းပြီ.. ဒါဆို မြို့ပေါ်လူတစ်ယောက်လွှတ်ပြီး ကျင်းကျိက ဆိုင်ရှင်ချီကိုဖိတ်ခေါ်ဖို့ ယွိမုကိုပြောလိုက်မယ်။ သူ အကုန်ဝယ်ရင်တော့ အကောင်းဆုံးပဲ။ ကိုယ်လည်း အားမူရဲ့နေရာကို နည်းနည်းပို့ပေးလိုက်မယ်။ ကိုယ်ပြန်လာရင် အားရုံလည်းပျော်လို့ရအောင် ခေါ်လာခဲ့မယ်။” လီဖုန်း၏မျက်ဝန်းက နူးညံ့ပျော့ပျောင်းသည်။
“အင်း….အားရုံ သေချာပေါက်သဘောကျမှာပါ။ သူ ဒီမနက်ပြန်သွားတော့ အဲ့ဒီအကြောင်းတွေးေနတာ။” ထန်ချွန်းမင်က လက်ခံလိုက်သည်။
မြို့ကိုမြင်းစီးကာ ခရီးမြန်မြန်ထွက်ခဲ့သည်။ ရိတ်သိမ်းမြေမှ ရနံ့ထွက်ပေါ်လာသောအခါ ဆိုင်ရှင်ချီလည်း ရောက်လာခဲ့သည်။ မထင်မှတ်ထားသည်မှာ ထန့်ယွီက ထပ်လိုက်သွားခဲ့သည်။ သူလိုက်သွားသည့်အပြင် ပြဇာတ်အဖွဲ့ကိုပါ ခေါ်လာခဲ့သည်။ သူတို့က ရိတ်သိမ်းနယ်မြေတွင် ရိုးရှင်းသောစင်တစ်ခုကိုဆောက်ကာ စတင်ဖျော်ဖြေခဲ့သည်။
“ကျွန်တော့်ကို အားမနာပါနဲ့။ သူတို့မြို့ထဲရောက်နေတာ တိုက်ဆိုင်မှုပါ။ မဟုတ်ရင် ကျွန်တော်ခေါ်ချင်တိုင်း ခေါ်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်နဲ့ ထန်ဖူလန်က လုပ်ဖော်ကိုင်ဖက်တွေမို့ ကျွန်တော်ရဲ့စားသောက်ဆိုင်ကို အနာဂတ်မှာ အဆင့်မြှင့်ဖို့ စီစဥ်နေလို့ပါ။” ထန့်ယွီက လက်ယမ်းပြကာ ရွာလူကြီး၏ကျေးဇူးတင်စကားကို ယဥ်ယဥ်ကျေးကျေး တုံ့ပြန်လိုက်သည်။
သခင်လေးထန့်ယွီ ယခုလိုပြုမူတာ တစ်ဖက်က မင်ကောအာကြောင့်ဖြစ်ပြီး နောက်တစ်ဖက်ကတော့ ဖုန်းရှောင်ကျစ်ကြောင့် ရောက်ရှိလာသော စစ်သားများကြောင့်ဖြစ်သည်ဟု ရွာလူကြီးက ခန့်မှန်းလိုက်သည်။
လီဖုန်း၏မျက်နှာတွင် ထူးဆန်းသောအမူအရာမရှိသည်ကို မြင်လိုက်ရ၍ သူက ပြုံးကာ ဘာမှဆက်မပြောတော့ပေ။ သို့သော် သူက သခင်လေးထန့်ယွီနှင့် ဆိုင်ရှင်ချီအတွက် စားပွဲတစ်ခုစီစဥ်ပေးကာ ယွိမုတို့နှင့်အတူထိုင်စေသည်။
ထန်ချွန်းရုံကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့ယောက်ဖလောင်းက သူတွေးနေတာကို အလိုက်သိပေးလို့ သူက သူ့ကို တစ်မှတ်ပေးလိုက်လေသည်။
ကျန်တာကတော့ သူ့အနာဂတ်လုပ်ဆောင်ချက်များအပေါ် မူတည်သည်။ “အစ်ကို… အရမ်းသက်ဝင်နေတာပဲ။ ကျွန်တော်တို့ ကျန်းရှန့်ရွာက ဒီလိုသက်ဝင်လှုပ်ရှားတာမျိုးမရှိခဲ့ဘူး။ အနီးနားရွာသူဌေးက သူ့မွေးနေ့ကျင်းပဖို့ ပြဇာတ်အဖွဲ့ငှားရမ်းခဲ့တာတော့ မှတ်မိတယ်။ အဲဲဒီအချိန်က ကျွန်တော် အားမူကိုအသိမပေးပဲ ပြဇာတ်ကြည့်ဖို့ တိတ်တိတ်လေးပြေးသွားခဲ့သည်။ ဒါပေမယ့် အဲ့ဒါက အခုလောက်ထိ သက်ဝင်မနေခဲ့ဘူး။”
ထန်ချွန်းရုံက အရက်မသောက်ရသော်လည်း သူ့မျက်နှာက မီးတောက်များအောက်တွင် နီရဲနေလေသည်။ ပျော်နေသောအားလင်းက လီဖုန်း၏လက်မောင်းကိုမှီပြီး စင်မြင့်ပေါ်ရှိ ဖျော်ဖြေသူကိုချီးကျူးရန် မျက်လုံးကျယ်ကျယ်ဖွင့်ထားဖို့ ကြိုးစားနေသည်။ သို့သော် သူက အိပ်ချင်လာခဲ့လေသည်။
ထန်ချွန်းမင်ကလည်း ပြုံးနေခဲ့သည်။ သူ့အရင်ဘဝ၌ ယဥ်ကျေးမှုစင်တာက ရုပ်ရှင်ပြဖို့ လာမှသာ ယခုလိုတက်ကြွလှုပ်ရှားနေသော မြင်ကွင်းမျိုး ရွာမှာရှိခဲ့သည်။ သို့သော်လည်း ယခုချိန်မှာ စားစရာအသားရှိတာကြောင့် လူတိုင်း၏မျက်နှာက အပြုံးနဲ့ပြည့်နေပြီး ပါးစပ်က အဆီတဝင်းဝင်းဖြစ်နေ၏။
အမျိုးသားများကလည်း သောက်စားကြပြီး ဖျော်ဖြေသူများကိုကြည့်ရှုရန် စုရုံးကာ စိတ်လှုပ်ရှားစရာ အပိုင်းများရောက်လာသောအခါ သူတို့က ကျယ်ကျယ်လောင်လောင် လက်ခုပ်တီးကာအားပေးခဲ့လေသည်။
ကွဲလွဲနေသော အခိုက်အတန့်များလည်း သေချာပေါက်ရှိခဲ့သည်။ လီဖုန်း၏ဝမ်းကွဲက ထန်ချွန်းမင်ကို ခယဝယလုပ်လိုသော အမူအရာဖြင့် စကားလာပြောခဲ့သည်။
သို့သော် ထန်ချွန်းမင်က လူအဖွဲ့အစည်းထဲမှာရှိနေခဲ့သည်။ သူက ဒီအရွယ်ကလေးရဲ့ မျက်လုံးထဲက ခံစားချက်ကို သတိမထားပဲ နေပါ့မလား? မဖုံးဖိနိုင်သော မနာလိုစိတ်က သူ့ကိုရယ်မောလိုက်သည်။
တစ်ဖက်တွင် သူက မနာလိုဖြစ်ပြီး သူ့ကိုအထင်သေးနေပေမယ့် တခြားတစ်ဖက်တွင် သူက သူ့ကို မျက်နှာလုပ်ချင်သည်။ သူက ပင်ပန်းတယ်လို့တောင် မခံစားရပေ။ သူပြောသည့် သွယ်ဝိုက်စကားမှာ ထန်ချွန်းမင်က လီဖုန်းရှေ့မှာ သူတို့မိသားစု၏ကောင်းကြောင်း ပြောပေးရမှာဖြစ်၏။ ၎င်းက ထန်ချွန်းမင်၏ သီလကိုပြသပေးပြီး အမျိုးသားများက ထိုကောမျိုးကိုသာ ကြိုက်သည်ဟုဆိုသည်။
မင်းခွေးမသား… ငါ့ကို သီလသမာဓိအကြောင်း မင်းကပြောမှာလား ထွက်သွားစမ်း!
တစ်ရွာလုံး၏ပွဲတော်ဖြစ်နေ၍ လီစုန့်ကမ်း၏မိသားစုလည်း ရောက်လာခဲ့သည်။ သေချာတာက လူတော်တော်များများက သူတို့ကို အာရုံမစိုက်ကြပေ။ သူတို့က မကောင်းတတ်လို့ စကားတစ်ခွန်းနှစ်ခွန်းသာ ပြောပေးကြပေမယ့် ဘယ်သူကမှ သူတို့ကို ဂရုမစိုက်ပေ။
လူတိုင်းက ယနေ့စိတ်လှုပ်ရှားစရာပွဲတော်၏ တာဝန်ရှိသူကို သိကြသည်။ ရွာသားများက သူတို့တူလေးဆီမှ အကျိုးအမြတ်ခံစားနေရသည်ဟု လီစုန့်ကမ်းမိသားစုထဲမှ လူတွေက ပုန်လျှိုးကွယ်လျှိုးပြောနေသည်မှာ ရွံစရာပင်။ လီဖုန်းက ယခုထိ ဘာမှပြန်မပြောလျှင်ပင် သူတို့က သူတို့မိသားစုကို မျက်နှာသာပေးဖို့ လာတောင်းဆိုနေသည်။
ထို့ကြောင့် တစ်ယောက်ယောက်က ထန်ချွန်းမင်၏မျက်နှာပေါ်ရှိ စိတ်မရှည်မှုကို သတိထားမိပြီးနောက် သူတို့က ထိုလူငယ်ကို ဆွဲထုတ်ဖို့ အကြောင်းပြချက်ရှာခဲ့သည်။
လက်မထပ်ရသေးသော လူလွတ်ကောက သီလရှိသော ဇနီးကဘယ်လိုလဲနှင့် အမျိုးသားတွေက ဘယ်လိုကောမျိုးကို သဘောကျလဲဲဆိုတာ တခြားသူများအား လိုက်လံပြောဆိုလေ့ရှိသည်။ သူ ထိုစကားမျိုးပြောရသည်အထိ အရေထူတာက အင်မတန်ရှက်ဖို့ကောင်းသည်။
ကျောက်မိသားစုမှလူများလည်း ရောက်လာခဲ့သည်။ ဝမ်ချွန်းဟွာနှင့် သူ့သားက အသားစားရာတွင် တခြားသူများထက် နှေးကွေးခြင်းမရှိပေ။ သို့သော် လူတွေက သူ့ကောလေးကျောက်မိန်အတွက် စိတ်မကောင်းဖြစ်နေသည်။ တစ်ယောက်ယောက်က သူ့ကိုဘေးသို့ဆွဲကာ သူ့ပန်းကန်ထဲမှာ အသားထည့်ပေးပြီး မြန်မြန်စားဖို့ပြောခဲ့သည်။
လီဖုန်းက ထန်ချွန်းမင်ကို ကူတွဲပေးပြီး ဖြည်းဖြည်းချင်းလျှောက်စေသည်။ ထန့်ယွီနှင့် ဆိုင်ရှင်ချီကလည်းထွက်သွားပြီး ညဘက်မှာ မြို့ပေါ်အမြန်ပြန်ခဲ့သည်။ အိပ်ပျော်နေသောအားလင်းက ယွိမုအပေါ်ရောက်သွားခဲ့သည်။
လီဖုန်း၏မျက်ဝန်းက လရောင်ထဲမှာ တောက်ပနေပြီး သူက ပြောလိုက်သည်။ “ကိုယ်ဒီညမသောက်ခဲ့ဘူး။ သူတို့ကိုလည်း အများကြီးသောက်ခွင့်မပေးထားဘူး။”
သူ့ကိုစိုက်ကြည့်နေသော မျက်လုံးများက ချီးကျူးခံချင်လို့စောင့်နေပုံပင်။ ထန်ချွန်းမင်က သူ့မျက်နှာကိုထိကာ ပြောလိုက်ရသည်။ “အင်း.. လျှော့သောက်တာပိုကောင်းတယ်။” နောက်က စစ်သားများက သူ့ကိုမကြည့်ရဲခဲ့ပေ။
ဒါက မြောက်ပိုင်းလူရိုင်းတွေကို ခြောက်လှန့်ခဲ့တဲ့ သူတို့သူဌေးလား? သူဌေးက တစ်နေ့မှာ သူ့ကောလေးအတွက် နူးညံ့လာမယ်လို့ မထင်ထားခဲ့ပေ။
ထိုခွေးကောင်ယွိမုကို ကြည့်လိုက်တော့ သူသည်လည်း ကောငယ်လေးကို ချီထားဖို့ဆန္ဒရှိနေသည်။ ကောငယ်လေးက တကယ်ကိုချစ်ဖို့ကောင်းသည်။ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်က အချိန်တိုအတွင်းမှာ ထိုကောအာ၏ ဆွဲဆောင်ခံရနိုင်ပြီး ၎င်းက ထိုကောအာလေး ဘယ်လောက်အင်အားကြီးလဲ ပြသနေသည်။
“မင်းငါ့ကိုမေးရင်တော့ သူက တကယ်တော်တဲ့ကောလို့ ပြောလို့ရတယ်။ သူက ရိုးသားပွင့်လင်းတယ်။ အရေးကြီးဆုံးက သူက ငါတို့ကို စိတ်အေးလက်အေး ကြည့်နိုင်တာပဲ။” တစ်ယောက်ယောက်က တီးတိုးဆိုသည်။
သူတို့ထဲကတချို့က အိမ်ထောင်ကျပြီးသား၊ တချို့က ချစ်သူရှိပြီး တချို့ကတော့ အဆက်ဟောင်းရှိဖူးသည်။
အခြေအနေကောင်းသူများက စစ်သားများအား ရိုင်းတယ်လို့ထင်ပြီး အထင်သေးကြသည်။ သာမန်အခြေအနေရှိသူများက ခန်းဝင်ပစ္စည်းများပေးကာ အခြေနေအမျိုးမျိုးကို ရှေ့တန်းတင်ကြသဖြင့် သူတို့ကို ခေါင်းကိုက်စေသည်။ သို့ဖြစ်၍ သူတို့အများစုက သူတို့မွေးရပ်မြေကိုသာ ပြန်ကြပြီး သူတို့မိသားစုအား ကောတစ်ယောက် ကူရှာပေးဖို့ခွင့်ပြုခဲ့သည်။
“အင်း…အစ်ကိုကြီးမျက်နှာပေါ်က အမာရွတ်ကလည်း အဲ့ဒီတုန်းကသိသာနေတာ။ တခြားကောတွေက ကြောက်လန့်ပြီး သူ့ကို မချဥ်းကပ်ရဲတာ မင်းတို့မြင်ခဲ့ရတယ်မလား? နောက်တော့ အရာရှိက သည်းမခံနိုင်တော့ပဲ သူ့ကောလေးကို အစ်ကိုဖုန်းနဲ့ လက်ထပ်ပေးချင်ခဲ့တယ်။”
“ဒါပေမယ့် ကိစ္စအတည်တကျမဖြစ်သေးခင်မှာပဲ သူ့ကောလေးက အစ်ကိုကြီးကိုတွေ့ဖို့ တိတ်တိတ်လေးထွက်လာခဲ့တယ်။ သူက အစ်ကိုကြီးကို လက်မထပ်ချင်တဲ့အပြင် ပုံကြီးချဲ့ ပြဿနာရှာခဲ့တယ်။ အစ်ကိုကြီးက အရှက်ကွဲခဲ့ရတယ်။ အဆုံးမှာ အစ်ကိုကြီးက ကိစ္စအတည်တကျမဖြစ်ခင် ထွက်သွားခဲ့တယ်။”
ထိုဖြစ်ရပ်ကို စဥ်းစားကြည့်တော့ ညီအစ်ကိုအားလုံးက ဒေါသထွက်သွားခဲ့သည်။ အမှန်တိုင်းဆိုရလျှင် အစ်ကိုကြီးက ထိုအရာရှိကို ကယ်တင်ခဲ့လို့ ဒဏ်ရာရခဲ့တာဖြစ်၏။ သူ ကျေးဇူးပြန်ဆပ်ချင်လျှင် ဤနည်းလမ်းကို မသုံးခဲ့သင့်ပေ။
လူအများကြီးရှေ့မှာ အစ်ကိုကြီးကို လှောင်ပြောင်ဖို့ သူတို့ကောအား ခွင့်ပြုခဲ့သည်။ သူက ကောတစ်ယောက်သာမဟုတ်ခဲ့လျှင် သူတို့ ကောင်းကောင်းရိုက်နှက်ပစ်ခဲ့မှာပင်။
အရာရှိက ကြိုတင်တောင်းပန်ခဲ့ပြီး သူက သူ့ကောအာလေးကို အစ်ကိုကြီးအားပေးမည်ဟုပြောကာ အိမ်ထောင်ပြုခြင်းက မိဘများ၏ဆုံးဖြတ်ချက်ဖြစ်ပြီး ကောအာများက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်မရှိဟု ပြောခဲ့သည်။
သို့သော် ဤလက်ထပ်ပွဲက အရာရှိ၏တစ်ဖက်သတ်ဆန္ဒဖြစ်ပြီး သူ့အသက်ကို ကယ်တင်ခဲ့သည့် အစ်ကိုဖုန်းကို ကျေးဇူးပြန်ဆပ်ချင်ခဲ့တာဖြစ်၏။ သူ့မိသားစုဝင်များက သဘောမတူခဲ့ပေ။ အစ်ကိုဖုန်းက ကြောက်ဖို့ကောင်းပြီး ရုပ်ဆိုးလို့မဟုတ်ပါပဲ သူက ရိုးအသည့် ကျေးလက်သားဖြစ်ပြီး သူတို့လို ချမ်းသာသောမိသားစုနဲ့ မထိုက်တန်ဟုဆိုသည်။
တစ်ဖက်တွင် ထိုလူက အစ်ကိုကြီး၏ခံစားချက်ကို မစဥ်းစားသလို သူဤအစီအစဥ်ကို အစ်ကိုကြီးလက်ခံရန် ဆန္ဒရှိမရှိ မမေးမြန်းခဲ့ပေ။ သူ့အမြင်တွင် အစ်ကိုကြီးက သူ့ကောလေးကိုရတာ ကောင်းချီးဖြစ်၍ သူ့အစ်ကိုကြီးက ဝမ်းသာအားရလက်ခံမယ်လို့ ထင်ခဲ့တာဖြစ်၏။
သို့သော် နောက်ဆုံးရလဒ်က အစ်ကိုကြီးက ထွက်သွားဖို့ ဖိအားပေးခံရပြီး အစ်ကိုကြီးအတွက် ဝမ်းနည်းသည့်လူပင် မရှိခဲ့ပေ။
“အမှန်ပဲ။ ဒီကောက အကောင်းဆုံးထင်တယ်။ သူဌေးရဲ့ အမူအရာကိုပဲကြည့်.. သူက အရမ်းစဥ်းစားပေးတတ်တယ်။ ငါ သူ့ကို ဒီလိုပုံစံမမြင်ဖူးဘူး။””
နောက်ကသံမှာ နည်းနည်းကျယ်သွားတာကြောင့် လီဖုန်းလှည့်ကြည့်လာသည်။ ထန်ချွန်းမင်သည်လည်း အပြုံးတစ်ပွင့်ဖြင့် နောက်လှည့်ကြည့်လာသည်။