Chapter 57.2
နွားနို့သောက်ပြီးနောက် အားစန်းလေးက အိပ်မပျော်တော့ပေ။ သူ့မျက်လုံးတွေကို အပြင်သို့ ရစ်ဝဲနေပြီး ဆော့ချင်တာကို အချက်ပြနေသည်။ သမားတော်ဟဲက သူ့ကိုအပြင်ခေါ်သွားရင်း ရယ်မောလိုက်သည်။
အားမူကိုကပ်တွယ်နေမလား အပြင်ထွက်ကစားမလားဆိုသည့် ဆုံးဖြတ်ချက်ကြားတွင် အားစန်းလေးက သူ့အားမူကို ပြတ်ပြတ်သားသား စွန့်ပစ်ခဲ့သည်။
လီဖုန်းက နေမဝင်ခင် မြင်းလှည်းဖြင့်ပြန်ရောက်လာသည်။ လှည်းပေါ်တွင် ပစ္စည်းအများကြီးပါလာသည်။ သို့သော် ထန်ချွန်းမင်က အားစန်းလေး၏ အနှီးကိုလျှော်ပြီး ထွက်လာရာတွင် သူက အာမောင်းနှင့် အားလင်းပြန်ရောက်လာတာကို တွေ့ခဲ့ရသည်။ ထန်ချွန်းမင်က ရွံ့ပေတလူးနေသော သားဖြစ်သူနှင့် မြင်းပေါက်လေးကို တွေ့လိုက်စဥ် ဒေါသထွက်သွားခဲ့သည်။ သူက အံကြိတ်ရင်းမေးလိုက်သည်။ “သူ့ကိုဘယ်သူအနိုင်ကျင့်ခဲ့တာလဲ?”
အားလင်း၏မျက်လုံးက နီရဲရောင်ရမ်းနေပြီး ထွက်သွားစဥ်က သန့်ရှင်းသပ်ရပ်နေသော အဝတ်အစားမှာ ရွှံ့များပေကျံနေခဲ့သည်။ သူတင်မကပဲ နဂိုဖြူဖွေးနေသော မြင်းပေါက်လေး ထယွင်သည်လည်း ရွံ့နှင့်မြက်များ ပေကျံနေခဲ့သည်။ တစ်ယောက်ယောက်က သူတို့ကို ရွှံ့လောင်းခဲ့တာ သေချာသည်။ သူ့သားလေးကို ကာကွယ်လိုစိတ်ပြင်းပြသော ထန်ချွန်းမင်က အနိုင်ကျင့်ခံရသော သားဖြစ်သူအတွက် လက်စားချေရန် အသင့်ဖြစ်နေခဲ့သည်။
“ဖေဖေ.. သူကလူဆိုးပဲ သူ့ကိုရိုက်!” မျက်လုံးများ နီရဲဖူးရောင်နေသော အားလင်းလေးက ဤတစ်ကြိမ်တွင် သူ့အားမူရှေ့မှာ မျက်ရည်မကျခဲ့ပေ။ သူကအနိုင်ကျင့်ခံခဲ့ရပေမယ့် ပြန်တိုက်ခိုက်ခဲ့သည်။ သူက ထိုစကားပြောပြီးသည်နှင့် လက်လေးယမ်းပြလိုက်သည်။ ထိုမှသာ ထန်ချွန်းမင်က သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော မိုးမခသစ်ကိုင်းတစ်ကိုင်းကို သတိထားမိသွားသည်။
ထန်ချွန်းမင်က သူ့သားကို အိမ်ပြန်လိုက်ပို့ပေးခဲ့သော အာမောင်းနှင့်လီဖုန်းကို ကြည့်လိုက်သည်။ ကလေးနှစ်ယောက်ကို ပြန်ခေါ်လာတာ လီဖုန်းဖြစ်ပုံရသည်။
အာမောင်းက ခေါင်းလှည့်ထားပြီး ဘာမှမပြောပဲ လီဖုန်းရှင်းပြပေးတာကို စောင့်နေသည်။
ထိုစဥ် သမားတော်ဟဲက ကလေးကိုချီထားပြီး ဘေးကနေရပ်ကြည့်နေ၏။ အခြေအနေက တစ်ဖက်သတ်အနိုင်ကျင့်ခံရတော့ မဟုတ်လောက်ပေ။ ကလေးနှစ်ယောက်က လက်စားပြန်ချေခဲ့ပုံရသည်။ အာမောင်းကငယ်သေးသော်လည်း လီဖုန်းနှင့် ခြောက်လလေ့ကျင့်ပြီးနောက် သူ့စွမ်းရည်က ရွယ်တူကလေးများထက် သာလွန်လာခဲ့သည်။ သက်တူရွယ်တူ ကလေးတွေက သူ့ကိုအနိုင့်ကျင့်လို့ရမှာမဟုတ်ဟု သူယုံကြည်သည်။
ဤကိစ္စက ထူးဆန်းနေသည်။ သမားတော်ဟဲက ဤရွာကိုရောက်လာတာ အတော်လေးနောက်ကျပေမယ့် ရွာရှိ မင်ကောအာနှင့် ဖုန်းရှောင်ကျစ်တို့၏ အနေအထားအရ မည်သူကမျှ သူတို့ကိုစော်ကားရဲမှာမဟုတ်ပေ။ မင်ကောအာ၏ အမည်ပျက်စာရင်းက မိသားစုများစွာကို ထိတ်လန့်စေခဲ့ပြီး ဒုက္ခရောက်သူများကို ကယ်တင်နိုင်ခဲ့သည်။
လီဖုန်းက လှည်းကိုခြံထဲသွင်းလိုက်ပြီး ကျင်းဖုန်းကိုလွှတ်ပေးကာ ခြံထဲမှာလှည့်လည်ခွင့်ပေးလိုက်သည်။ သူက ဒေါသထွက်နေသော မင်ကောအာထံသို့ လျှောက်သွားကာ မရယ်မိအောင်ထိန်းနေရသည်။ “ကိုယ်ပြန်လာတော့ တောင်ခြေမှာ ကလေးတော်တော်များများ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ တစ်ဖက်ကလေးက မြင်းပေါက်လေးနဲ့ ကစားချင်ပေမယ့် အာမောင်းကငြင်းလိုက်တယ်။ အဲ့ဒီကလေးက မကျေမနပ်ဖြစ်ပြီး မြင်းပေါက်လေးကို ရွှံ့နဲ့ပက်တော့တာပဲ။ အာလင်းနဲ့တာမောင်းက အတူတူပြန်တိုက်ခဲ့ပါတယ်။ စိတ်မပူပါနဲ့ ဒီတစ်ကြိမ်မှာ အားလင်းက သူ့ကိုယ်သူကာကွယ်ခဲ့ပြီး အာမောင်းကလည်း သူ့ကိုကာကွယ်ပေးခဲ့တယ်။”
“ဘယ်သူ့ကလေးလဲ?” ထန်ချွန်းမင်က မျက်ခုံးပင့်လိုက်သည်။ “သူတို့ကို ထယွင်နဲ့ ကစားခွင့်မပေးလို့ ထယွင်နဲ့ ကလေးကို ရွှံနဲ့ပက်ခဲ့တာလား? အာမောင်းက အကြောင်းပြချက်မရှိပဲ ငြင်းမှာမဟုတ်ဘူး။”
လီဖုန်းက ထောင့်တစ်ထောင့်မှာ တိတ်ဆိတ်နေသော အာမောင်းဘက်သို့ အမူအရာပြလိုက်သည်။ “ငါမေးပေမယ့် သူကခေါင်းမာနေတယ်။ မဖြေဘူး။ အဲ့ဒီကလေးကိုတော့ သိပ်မရင်းနှီးဘူး။ သူတို့နဲ့ တူတူကစားနေကျ ကလေးမဟုတ်ဘူး။”
ထန်ချွန်းမင်က အာမောင်းမှာအဖြေရှိမှန်းသိ၍ သူ့ကိုလှမ်းခေါ်လိုက်သည်။ အာမောင်းက တခြားသူများနှင့်ခေါင်းမာသော်လည်း မင်အားမော့၏စကားကို နားထောင်နေဆဲဖြစ်သည်။ သူက အားလင်း၏လက်ကိုဆွဲကာ တိုင်ပြောလိုက်သည်။ “အဲ့ဒီကလေးက အရမ်းဆိုးတယ်။ အရင်နေ့တုန်းက သူတို့အိမ်ကမုန့်တွေကို လာမစားနဲ့ပြောလို့ သားက သူ့ကို ကစားခွင့်မပေးခဲ့တာ။”
ကလေး၏သရုပ်သကန်ကို ယခင်ကဇဝေဇဝါဖြစ်နေသော လီဖုန်းက ယခု သေချာနားလည်သွားခဲ့သည်။ “ဒီတော့ ချမ်မိသားစုက ကလေးလား? သူ့ကို ကစားခွင့်မပေးလို့ ရွှံ့နဲ့ပက်လိုက်တာပေါ့။”
“ဟုတ်တယ်! သူက အားလင်းနဲ့ မြင်းပေါက်လေးကိုလည်း အနိုင်ကျင့်တယ်! သူက ကလေးဆိုးပဲ!” အာမောင်းက လက်သီးဆုပ်ကို ဝှေ့ယမ်းပြလိုက်ပြီး အားလင်းကလည်း မခေပေ။
“ဖေဖေ… အဲ့ဒါက အာမောင်းအမှားမဟုတ်ဘူး။ အဲ့ဒီကောင်လေး ရန်လာစတာ။ သူ့ကိုရိုက်ပေးပါ!” အနိုင်ကျင့်ခံရရင် ပြန်တိုက်ရမည်ဟူသော သူ့အားမူ၏စကားကို မှတ်ထားသည့် အားလင်းက ဖြစ်ရပ်တစ်ခုကို သတိရသွားသည်။ သူ့အားမူက သူ့အစ်ကိုဝမ်းကွဲကိုလည်း ရိုက်ပေးခဲ့ဖူးသည်။ အားလင်းအတွက် သူ့အားမူက တန်ခိုးအကြီးဆုံးဖြစ်သည်။
အားလင်း၏စိတ်အားထက်သန်မှုကို တွေ့သောအခါ ထန်ချွန်းမင်က စိတ်မဆိုးနိုင်တော့ပေ။ သူက ညစ်ပတ်ပေရေနေသော အားလင်းကိုဖက်လိုက်ပြီး ကတိပေးလိုက်သည်။ “သားပြောတာမှန်တယ်။ အဲ့ဒါက အားလင်းနဲ့အာမောင်းရဲ့အပြစ်မဟုတ်ဘူး။ လူဆိုးတွေက ကိုယ့်ကိုအနိုင်ကျင့်ရင် ကိုယ်ကလည်း ပြန်တိုက်ခိုက်ရမယ်။”
“ဟုတ်တယ်! သား ဦးလေးဖုန်းနဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး နောင်မှာ အားလင်းကို ဘယ်သူမှအနိုင်မကျင့်နိုင်အောင် ဂရုစိုက်ပေးမယ်!” အာမောင်း၏ ယခင်ဆိတ်ငြိမ်မှုက ပျောက်ကွယ်သွားပြီး ခိုင်မာသောဆုံးဖြတ်ချက်တစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။ သူက သူ၏ကိုယ်ခံပညာကို ပိုတိုးတက်အောင်လုပ်ဖို့ စိတ်တက်ကြွနေခဲ့သည်။
လီဖုန်းက သူ့ခေါင်းကိုပုတ်ပေးပြီး ပြုံးလိုက်သည်။ “ဟုတ်ပြီ …ဒါပေမယ့် နောက်ဆိုရင် လေ့ကျင်တာနဲ့ပတ်သက်ပြီး မညည်းညူရတော့ဘူးနော်။ နှစ်ယောက်လုံးကို ထယွင်နဲ့အတူ ရေချိုးပေးမယ်…လာ”
“နေပါဦး” ထန်ချွန်းမင်က ကြားဖြတ်တားလိုက်သည်။ လီဖုန်းနှင့် သမားတော်ဟဲနှစ်ယောက်လုံးက သူ့ကို ထူးဆန်းသလိုကြည့်နေသည်။
“ကြည့်ရသေးတာပေါ့.. ချမ်သဲဖူက ဘယ်လိုလူမျိုးမို့လဲ? အဲ့ဒီကလေးက ငိုယိုပြီးသွားတိုင်ရင် ချမ်သဲဖူက ဒီကိုရောက်လာနိုင်တယ်။ ဟင်း .. ကျွန်တော်သက်သေအရင်ယူထားရမယ်။” ထန်ချွန်းမင်က ကလေးများ၏လှည့်ကွက်များကို လီဖုန်းထက်ပိိိုသိသည်။ အတိတ်ဘဝမှာ သူကိုယ်တိုင်က ဆိုးသွမ်းသူဖြစ်ခဲ့တာကြောင့် သူက လုပ်ရိုးလုပ်စဥ်ကို သိသည်။ သူ့သားကိုအနိုင်ကျင့်လျှင် သူက လွှတ်ထားပေးမှာမဟုတ်ပေ။
လီဖုန်းက ချီတုံချတုံဖြစ်သွားပေမယ့် တဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။ “မင်းပြောတာမှန်တယ်။ ငါ ချမ်သဲဖူကို သိသလောက်တော့ သူက ပြောဆိုဆက်ဆံရလွယ်တဲ့သူမဟုတ်ဘူး။ သူ ဒီကိုပြဿနာလာရှာနိုင်လောက်တယ်။”
ထန်ချွန်းမင်၏ ခန့်မှန်းချက်များ အမှန်ဖြစ်လာဖို့ သိပ်မကြာခဲ့ပေ။ မျှော်လင့်ထားသည့်အတိုင်းပင် ချမ်သဲဖူက သူ့မယားပါသားနှင့်အတူ ရောက်လာခဲ့သည်။ တိုက်ဆိုင်စွာပင် ကျန်းရှို့အိမ်ကိုရောက်နေသော စွင်းကောအာက အပြင်ထွက်လာခဲ့ပြီး ထန်ချွန်းမင်အိမ်ကိုရောက်နေသော သူ့ခင်ပွန်းနှင့် သားဖြစ်သူကိုတွေ့လိုက်ရသည်။ သားဖြစ်သူ၏မျက်နှာက ပွန်းပဲ့နေပြီး နှာခေါင်းနီနေသည်။ သူက ကျန်းရှို့မိသားစုနှင့် ထန်ချွန်းမင်၏မိသားစုမှ သားနှစ်ယောက်လုံးကို လက်ညိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဦးလေး.. သားကိိုရိုက်တာ သူတို့ပဲ!”