Chapter 59.2
“ယောကျာ်းကအကောင်းဆုံးပဲ။”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘေးမှကြည့်ကာ ကုတ်ကူချွတ်ပေးလိုက်ပြီး ဆွယ်တာလဲပေးလိုက်သည်။
အစကနေအဆုံး ရှန်းယုဟန်က စိတ်အနှောင့်အယှက်ဖြစ်မနေပေ။ သူက တခြားသူများရှေ့မှာ ကုတ်အင်္ကျီလဲတာက မသင့်တော်ဘူးလို့ အမြဲတွေးခဲ့ပေမယ့် ခေတ်သစ်မှာ လူတိုင်းကကျင့်သားရနေပြီး သူက ထိုအကျင့်ကို ဖြည်းဖြည်းချင်း လက်ခံကျင့်သုံးခဲ့သည်။
ရှန်းယုဟန်ကိုဂရုစိုက်ပေးပြီးတော့ ရှန်ချီဟွမ်းက ဘေးကိုပြန်ဆုတ်လိုက်သည်။ တစ်ယောက်ယောက်က သူ့အတွက် ထိုင်ခုံပြင်ပေးထားတာကြောင့် သူက ဓားရှည်တစ်လက်ကိုကိုင်ကာ မြင်းစီးနေသလိုမျိုး ထိုင်ချလိုက်ပြီး သူ့အရှိန်အဝါက ထိုနေရာတွင်ရှိနေကာ တစ်ချက်ကြည့်ရုံနဲ့ သူက သာမန်လူမဟုတ်မှန်းသိနိုင်သည်။
ရှန်းယုဟန်က ခေတ်သစ်လူအုပ်ကြီး၏ ကြိမ်ဖန်များစွာကြည့်ရှုခြင်းကို ကြုံတွေ့ခဲ့ရပြီး လူအများကြီး၏ ဝန်းရံမှုအောက်မှာ အတန်ကြာအောင် မတ်တပ်ရပ်နေပြီးသောအခါ သူက ထိုအခြေအနေကိုလည်း ညှိယူခဲ့သည်။ သူက သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသော သူ့ခင်ပွန်းကိုတွေ့နိုင်တာကြောင့် သူ့ရင်ထဲက တင်းမာမှုက ပြေလျော့သွားသည်။
ဒါရိုက်တာကျင်းက ရှန်းယုဟန်ကို ရိုက်ကူးဖို့ အချိန်တော်တော်ယူရမယ်လို့ ပြောခဲ့ပေမယ့် အားလုံးက အနီးကပ်ရိုက်ချက်များဖြစ်တာကြောင့် အနီးနဲ့အဝေးရိုက်ချက်ကို စီစဥ်ဖို့မလိုအပ်ခဲ့ပေ။
ဒါရိုက်တာကျင်းကပြောလိုက်သည်။ “မင်းပန်းချီဆွဲနေရုံပါပဲ။” သူက ရှန်းယုဟန်၏လက်များကို ကျေနပ်နေသည်။ သူက လက်မိတ်ကပ်လိမ်းဖို့တောင် မလိုအပ်ပဲ အဆင်ပြေနေ၏။
ရှန်းယုဟန်က စုတ်တံထည့်ခွက်မှ စုတ်တံတစ်ချောင်းကို စတင်ရွေးချယ်လိုက်သည်။ “ကောင်းပါပြီ။” သူက သူ့ကိုယ်ပိုင်ပစ္စည်းကိုမသုံးခဲ့ပေ။ တကယ်တော့ ထိုသည်မှာ စာရွက်ပေါ်မှာရေးဆွဲရတာဖြစ်ပြီး သူက သူ့ပန်းချီကို တုပရေးဆွဲဖို့ပဲလိုအပ်သည်။
ဒါရိုက်တာကျင်း၏လိုအပ်ချက်က အတော်လေးမြင့်ပေမယ့် ကံကောင်းတာက ရှန်းယုဟန်က အရမ်းအာရုံစိုက်ပြီး သူက ဒါရိုက်တာကျင်း၏ လိုအပ်ချက်အားလုံးကို ပြီးမြောက်စေခဲ့သည်။
ဤရိုက်ချက်တစ်ခုလုံးက အလယ်မှာနားချိန်ရှိပြီး စုစုပေါင်းနှစ်နှာရီကြာခဲ့သည်။
ဤအတောအတွင်းမှာ ရှန်ချီဟွမ်းက သူ့ဇနီးကို ပုံနှင့်ဗီဒီယိုအမျိုးမျိုးရိုက်ထားပြီး သူပျင်းရိနေချိန်မှာ သူက Moments မှာတင်ခဲ့ပြီး Likes အများကြီးရသောအခါ ကျေနပ်သွားခဲ့သည်။
ဒါရိုက်တာကျင်း၏တောင်းဆိုချက်အရ ရှန်းယုဟန်က သူ့ပန်းချီကိုတုပရာတွင် ရေးဆွဲချက်အနည်းငယ်ကိုသာ လုပ်ခဲ့ရပြီး လုံလုံလောက်လောက် ရိုက်ပြီးသောအခါ ဒါရိုက်တာကျင်းနှင့် သူ၏ပူးပေါင်းဆောင်ရွက်မှုက ပြီးသွားခဲ့သည်။
ရှန်းယုဟန်က ပန်းချီစုတ်တံကို အောက်ချပြီး စားပွဲဝိုင်းကနေပတ်ကာ ညဘက်လက်ကောက်ဝတ်ကိုလှည့်ရင်း ရှန်ချီဟွမ်းဆီ လျှောက်သွားခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့လက်သူပွတ်နေတာကို တွေ့လိုက်ရပြီး စိတ်ပူပူနဲ့မေးလိုက်၏။ “လက်နာနေလား?”
ရှန်းယုဟန်က ခေါင်းခါလိုက်၏။ “မနာဘူး။ နည်းနည်းတော့နာတယ်။”
ရှန်ချီဟွမ်းက ဘာမှမမြင်သလို ဟန်ဆောင်နေသော ဒါရိုက်တာကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှန်းယုဟန်၏လက်ကိုယူကာ အသာအယာဖိပေးလိုက်၏။
ခဏလောက်ဖိပေးပြီးတော့ ရှန်းယုဟန်က ကုတ်ပြန်ဝတ်ပြီး သူ့အလုပ်ကပြီးသွားတော့ ထွက်ခွာသွားလို့ရလေပြီ။
ဒါရိုက်တာကျင်းက သူတို့ကို ကားဆီလိုက်ပို့ပြီး အနာဂတ်မှာ ထပ်ပြီး အလုပ်တွဲလုပ်ကြမယ်လို့ ပြောခဲ့ပြီး ရှန်းယုဟန်က ပြုံးကာ သူ့ကိုနှုတ်ဆက်ရန် လက်ဝေ့ယမ်းပြလိုက်သည်။
သူတို့ရိုက်ကူးရေးဇာတ်ဝင်ခန်းပြီးသောအခါ ရှန်ချီဟွမ်းက ရှန်းယုဟန်အား ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုတစ်ဝိုက် လမ်းလျှောက်ချင်လားလို့မေးခဲ့ပြီး ရှန်းယုဟန်က လျှောက်ချင်တယ်လို့ပြောခဲ့သည်။
တကယ်တော့ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားစတူဒီယိုက နိုင်ငံခြားသားများကို ဆွဲဆောင်ဖို့ဖြစ်ပြီး သူတို့အားလုံးက တုပထားသော ရှေးဟောင်းအဆောက်အဦးများဖြစ်၏။
ရှန်းယုဟန်က အဝေးကကြည့်လိုက်သောအခါ ချီတိုင်းပြည်နန်းတော်နှင့်တူတာကို တွေ့လိုက်ရသည်။
ရှန်ချီဟွမ်းက ယခုလေးတင် ထိုင်ပြီးပျင်းရိငြီးငွေ့လာတာကြောင့် သူက ကျင်းဖုန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုကိုကြည့်ကာ သူ့ဗဟုသုတအသစ်များကို မျှဝေလိုက်သည်။ “ဒီနေရာက သမိုင်းဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် ရည်ရွယ်ပြီး ရုံအဖွဲ့အစည်းတစ်ခုက ရံပုံငွေထောက်ပံ့ထားတာ။ ပြီးတော့ ကုမ္ပဏီတစ်ခုက ဒီနေကိုချဲ့ပြီး အခုလို ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်ဖြစ်လာတာပဲ။ ငါတို့အထဲသွားကြည့်ရအောင်။”
ရှန်းယုဟန်က ရုတ်တရက်နားလည်သွားသည်။ “ဒီနေရာက အသစ်ဖြစ်နေတာမဆန်းတော့ဘူး။” သို့သော် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုအကြောင်း ကြားသောအခါ ရှေးခတ်ဧကရာဇ်များနေခဲ့သော နေရာမဟုတ်ဘူးဆိုတာကို သူသိလိုက်၏။ နှစ်တစ်ရာကျော်သက်တမ်းရှိသော ရှေးခေတ်အဆောက်အဦးများကို နိုင်ငံတော်က ကာကွယ်ပေးထားသည်ဟု ကြားဖူးသည်။
ရှေးခတ်လူသားများ၏ သင်္ချိုင်းဂူများကို ခေတ်သစ်လူသားများက တူးဆွခဲ့ပြီး ပြတိုက်မှာ အလှပြထားတယ်ဆိုတာလည်း သူသိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အုတ်ဂူတူးသော တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗီမှာမြင်ခဲ့ရသည်။ ခေတ်သစ်လူသားများက ဘိုးဘေးများ၏ အုတ်ဂူကိုတူးရာတွင် မိုးကြိုးပစ်ခံရမည်ကို တကယ်ကို မကြောက်ကြတာလားဟု သူတွေးမိသည်။
သူက ရုတ်တရက်သေသွားခဲ့တာမဟုတ်ပဲ ကံတရားအရ သဘာဝအတိုင်း သေခဲ့ရတာဆိုရင် တစ်နေ့မှာ ခေတ်သစ်လူသားများ၏ တူးဆွခြင်းကို ခံရမှာလား သိချင်နေသည်။ ထို့အပြင် အရိုးများကို ပြတိုက်မှာထည့်ထားပြီး လူပေါင်းထောင်ချီကို ပြသခံရမှာလား? ထိုအတွေးကြောင့် ရှန်းယုဟန်က ကြက်သီးထလာပြီး တုန်လှုပ်ခြောက်ခြားသွား၏။ အရမ်းကြောက်စရာကောင်းတာပဲ!
ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကိုကိုင်ထားပြီး လမ်းညွှန်မြေပုံကို စစ်ဆေးနေစဥ် သူက ရှန်းယုဟန်၏လက်တုန်ယင်လာတာကို ခံစားမိလိုက်ပြီး သူက ချမ်းလို့တုန်နေတာလို့ ထင်ခဲ့သည်။ “ချမ်းလို့လား? ချမ်းရင် ကားထဲပြန်ကြမယ်။”
ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “မချမ်းပါဘူး။”
ရှန်ချီဟွမ်းက သူ့ကိုမယုံပေ။ “မင်းငါ့ကိုလိမ်နေတာတော့ မဟုတ်ပါဘူးနော်?”
ရှန်းယုဟန်က သူ့ကို ရိုးရိုးသားသား ကြည့်လိုက်သည်။ “မဟုတ်ပါဘူး။”
ရှန်ချီဟွမ်းက သူ့နဖူးကိိုထိလိုက်သည်။ “ဒါဆိုသွားရအောင် မင်းအအေးမိရင် ငါဂရုမစိုက်ဘူးနော်။”
“အွန်း..ယောကျာ်း..ကျွန်တော့်ကို စိတ်မပူပါနဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လွှတ်ထားပေးပါ။” ရှန်းယုဟန်က သူ့ကိုတုံ့ပြန်ဖို သင်ယူထားသည်။
ရှန်ချီဟွမ်းက ရုတ်တရက် မလှုပ်နိုင်တော့ပေ။ ရှန်းယုဟန်က အရင်က ဒီလိုမပြောဖူးချေ။ “ရှန်းယုဟန်၊ မင်းအရိုက်ခံရသင့်တယ်။”
ရှန်းယုဟန်က သူ့လက်ကိုကိုင်ကာ ပြုံးလိုက်၏။ “ဟီးဟီး…ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကို လျစ်လျူမရှုပါဘူး။”
ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်ပြှး တင်းမာသောမျက်နှာဖြင့် တမင်တကာပြောလိုက်သည်။ “ငါမင်းကိုဂရုစိုက်လား ကြည့်ချင်လား?”
ထို့နောက် သူ့ဇနီးက ခြေတစ်လှမ်းရှေ့တိုးလာပြီး ဘယ်ညာကြည့်ကာ ပြုံးစိစိလုပ်ပြပြီး ရှန်ချီဟွမ်းကိုကျောပေးကာ လှည့်ထွက်သွားသည်။
ရုတ်တရက်ကဗျာတစ်ပုဒ်က ရှန်ချီဟွမ်း၏စိတ်ထဲမှာ ပေါ်လာသည်။ ‘အကြည့်တစ်ချက်၊ အပြုံးတစ်ပွင့်၊ ညို့ဓာတ်တစ်ရာ။”
ဤကဗျာက သူ့ဇနီးလေးအတွက်ဆိုရင် ချဲ့ကားထားတာလုံးဝမဟုတ်ပေ။
သူက နောက်ကအမြန်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ချေ။
ဖုန်းပိုင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုက ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး သူ့မှာ ရှေးဟောင်းဝတ်စုံငှားရမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် ရုပ်ရှင်အပြင်အဆင် စားသောက်ဆိုင်ကဲ့သို့သော ကုန်သွယ်ရေးဆင့်ပွားဆိုင်များရှိပြီး နှစ်တရာကျော်အမွေအနှစ် အဆာပြေမုန့်လည်းရှိ၏။
လမ်းပတ်လျှောက်နေစဥ် ရှန်ချီဟွမ်းက သူ့ဇနီးလေး နှစ်တစ်ရာကျော်အမွေအနှစ်ကြောင့် လှည့်စားခံရလိုက်ရမှန်း သိလိုက်သည်။
ဤနေရာရှိလမ်းများက ရှေးဟောင်းစျေး၏မြင်ကွင်းကို ပြန်လည်ပုံဖော်ထားသော်လည်း သူတို့မှာ အားပြင်းသော ခေတ်သစ်အငွေ့အသက်ရှိနေသည်။ ရှန်းယုဟန်က အမှန်တကယ်နစ်မြုပ်သွားတာမဟုတ်ပဲ သူက ဗိသုကာပညာကို ပုံမှန်အတိုင်း စိတ်ဝင်စားတာကြောင့် ဆိုင်တန်းပေါ်က မုန့်များကို ငေးကြည့်နေတာဖြစ်၏။
ရှန်းယုဟန်၏ မျက်လုံးများက သမိုင်းဇာတ်လမ်းတွဲများမှာ ပေါ်လာလေ့ရှိသော တန်ဟုလု**အပေါ်ကို ကျရောက်နေသည်။
(**သစ်သီးသကြားလုံး)
သူက ရှန်ချီဟွမ်းကို လှည့်ပြောလိုက်၏။ “ယောကျာ်း၊ ကျွန်တော် တန်ဟုလုစားချင်တယ်။”
ရှန်ချီဟွမ်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းကြည့်ဖူးတဲ့ သမိုင်းဇာတ်လမ်းတွဲတွေကို မှတ်မိလား၊ အမျိုးသမီးဇာတ်လိုက်တွေက အပြင်ထွက်တိုင်း တန်ဟုလုဝယ်ကြတာလေ။”
သူ့စကားကိုကြားတော့ ရှန်းယုဟန်က အမှန်ပဲလို့တွေးလိုက်သည်။ “ဒါပေမယ့် ကျွန်တော်က အမျိုးသမီးဇာတ်လိုက်မဟုတ်ဘူး။ တန်ဟုလုစားလို့ရတယ်။”
သူက သူ့ဘဝမှာ တစ်ခါသာစားဖူးပြီး သူ့တတိယအစ်ကိုက အပြင်က ယူလာပေးတာဖြစ်ပေမယ့် သူက ကိုယ်တိုင်ထွက်မဝယ်ဖူးပေ။ ယင်းက အပြင်မှာသကြားအုပ်ထားပြီး အတွင်းမှာ နှင်းသီးကပ်ထားတာကြောင့် ချိုချဥ်လေးဖြစ်သည်။
“ကောင်းပြီ၊ ငါမင်းကိုဝယ်ကျွေးမယ်။” ရှန်ချီဟွမ်းက ငွေပေးချေဖို့ QR စကင်န်ဖတ်လိုက်သည်။ “ဘယ်အရသာစားချင်လဲ၊ ပန်းသီးလား နှင်းသီးလား?”
ဆိုင်ရှင်က စပျစ်သီး၊ ချယ်ရီနှင့် ခရမ်းချဥ်သီးလည်း ရှိတယ်လို့ပြောလာသည်။ ဆောင်းရာသီမှာ ခရီးသွားနည်းပါးတာကြောင့် ဤနေရာမှာ တန်ဟုလုနည်းနည်းသာရှိပြီး သူတို့မဝယ်ရင် ကုန်သွားမှာဖြစ်သည်။
ရှန်းယုဟန်က လှည့်ပတ်ကြည့်ပြီး တန်ဟုလုရှိသောဆိုင်က ဒီတစ်ဆိုင်ပဲရှိသည်။ သူက အသစ်အဆန်း စားကြည့်ချင်တာကြောင့် နှင်းသီးနှင့်စပျစ်အရသာကို မှာလိုက်သည်။
လက်တစ်ဖက်မှာ တစ်ချောင်းစီကိုင်ကာ တစ်ကိုက်စားပြီးနောက် နှင်းသီးအရသာက ပိုကောင်းတယ်လို့ ခံစားမိသည်။
“ယောကျာ်း၊ ဒီစပျစ်အရသာစားကြည့်။” ရှန်းယုဟန်က ရှန်ချီဟွမ်းပါးစပ်ထဲကို တစ်လုံးထည့်ပေးလိုက်သည်။
“မင်းမစားချင်တိုင်း ငါ့ပါးစပ်ထဲကို ထိုးထည့်နေတော့တာပဲ။” ရှန်ချီဟွမ်းက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ “ငါမစားဘူး။”
“စားပါ၊ အရသာရှိတယ်။” ရှန်းယုဟန်က ကြည်လင်သောမျက်လုံးများဖြင့် ရှန်ချီဟွမ်းကိုကြည့်ကာ စပျစ်အရသာကို ထပ်ထည့်ပေးလိုက်သည်။ “တစ်ခုပဲစား”
ရှန်ချီဟွမ်းက သူ့လက်ထဲက စပျစ်တစ်လုံးကို ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူလှည့်စားခံလိုက်ရတာပဲ
အရသာက သာမန်သာဖြစ်သည်။
ရှန်းယုဟန်အတွက် ရှန်ချီဟွမ်းကို ထိုအမူအရာဖြင့် မြင်ရခဲတာကြောင့် သူက အော်ရယ်မိသွားသည်။
ရှန်ချီဟွမ်းက သူ့မျက်နှာကိုထိဖို့ လက်လှမ်းလိုက်ပေမယ့် ရှန်းယုဟန်က တမင်တကာ နောက်တစ်လှမ်းဆုတ်ပြီး ဗွက်အိုင်တစ်ခုကို မတော်တဆ တက်နင်းမိသွားသည်။
ရှန်းယုဟန်က သူ၏အဖြူရောင်ဖိနပ်နှင့် ဘောင်းဘီကိုငုံ့ကြည့်လိုက်သည်။ “အိစ်.. ညစ်ပတ်လိုက်တာ။”
ရှန်ချီဟွမ်းက သူ့ကိုမနောက်တော့ပဲ မေးလိုက်၏။ “မင်းဖိနပ်တွေ ပေသွားပြီလား? အထဲရေဝင်သွားလား”
ရှန်းယုဟန် ခေါင်းခါသည်။ “ဟင့်အင်း”
ရှေးဟောင်းလမ်းထဲမှာ လူအနည်းငယ်သာရှိသော်ငြား သူတိုက်မိမှာ စိုးတာကြောင့် ရှန်ချီဟွမ်းက သူ့ကိုဘေးသို့ဆွဲလိုက်သည်။ သူက အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ကာ ထိုင်ချလိုက်ပြီး သူ့ဖိနပ်နဲ့ ဘောင်းဘီက ဗွက်တွေကို သုတ်ပေးလိုက်၏။
ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ့ခင်ပွန်း၏ဆံပင်ထိပ်ကို ကြည့်ပြီး သူ့နှလုံးသားကနွေးထွေးသွားသည်။ “ယောကျာ်း၊ ကျွန်တော် ကိုယ့်ဘာကိုယ်သုတ်ပါ့မယ်။”
ရှန်ချီဟွမ်းက ခေါင်းမော့ကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ “မင်းရဲ့တန်ဟုလုပဲစားပါ။” သူ ဒီနူးညံ့သောကောင်လေး၏ ဖိနပ်ကို မသုတ်ပေးပါက ခဏကြာရင် မသက်မသာဖြစ်နေပေမည်။
သူပြီးသွားတော့ ရှန်ချီဟွမ်းက ထရပ်ကာ တစ်ရှူးကိုပစ်လိုက်သည်။
ရှန်းယုဟန်က ခေါင်းငုံ့လိုက်တော့ သူ့ဆံပင်ရှည်က မျက်နှာပေါ်မှာကပ်နေသည်။ သူက လက်နှစ်ဖက်မှာ တန်ဟုလုကို ကိုင်ထားသဖြင့် ဖယ်ဖို့ အဆင်မပြေဖြစ်နေကာ သူက သူ့ခင်ပွန်းကိုခေါ်လိုက်သည်။ “ယောကျာ်း၊ ဆံပင်လေးသပ်တင်ပေးပါလား၊ ကျွန်တော့်မျက်နှာမှာ ကပ်နေတာ ယားနေလို့။”
ရှန်ချီဟွမ်းက သူ့ဆံပင်ကို နားနောက်သို့ ကျွမ်းကျွမ်းကျင်ကျင် သပ်တင်ပေးလိုက်သည်။ “အမိန့်ထပ်ပေးကြည့်”
ရှန်းယုဟန်က ပြုံးကာ မျက်လုံးကိုမှေးကျင်းပြီး ပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော့်ယောကျာ်း၊ ပြီးတော့ ယောကျာ်းက အကောင်းဆုံးပဲ။”
ရှန်ချီဟွမ်းက ချွေးသိပ်ခံလိုက်ရပြီး သူ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွားသည်။ သူက တံတွေးမျိုချလိုက်၏။ “......” သူက သူ့ကို လမ်းပေါ်မှာပဲ နမ်းပစ်လိုက်ချင်သည်။
သိပ်မကြာခင်မှာ ရှန်ချီဟွမ်းနှင့်ပတ်သတ်သော Hot Search က ဝေ့ပေါ်မှာပေါ်လာခဲ့၏။
#ရှန်ချီဟွမ်းက ဖုန်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော်မှာ သူ့ကောင်မလေးရဲ့ဖိနပ်ကိုသန့်ရှင်းပေးဖို့ ထိုင်ချလိုက်တယ်#