Chapter 10
Viewers 3k

စိတ်အနှောက် အယှက်ပေးသော


ကြောက်စရာအကောင်းဆုံးက သိသိသာသာအဆင့်ကျခြင်းကြောင့် ဆရာထံမှ ဝေဖန်ခံရခြင်း မဟုတ်ဘဲ ဆရာများစွာ၏ စိုးရိမ်ပူပန်သည့်မျက်လုံးများစွာဖြင့်  ဝန်းရံကာအကြည့်ခံရကာ နည်းလမ်းပေါင်းစုံဖြင့် ပူပန်မှုကို ပြသလာကြခြင်းပင်။


ထို့ပြင် သူတို့က သူ စာမေးပွဲကို 'တမင်တကာ' ကောင်းကောင်း မဖြေနိုင်ခဲ့သည့်မှာ အခြားအကြောင်းပြချက်များကြောင့်ဟု တစ်စိတ်တစ်ဝမ်းတည်းဖြင့်  ဆုံးဖြတ်လိုက်ကြသေး၏။


"မင်းရဲ့ သင်ကြားရေး ပတ်ဝန်းကျင်ကို ပြောင်းလဲချင်တာမျိုးဆိုရင်တော့ ဒါက အဆင်ပြေပါတယ်”


လူအိုကြီးဟဲက သူ့ပုခုံးကိုပုတ်ကာ စိတ်ပူစွာ ပြောလာ၏။


"ဆရာ အတန်းတစ်ဆယ်က အတန်းပိုင်နဲ့ သဘောတူညီမှု ယူပြီးသွားပြီ။ ပြီးတော့ မင်းရဲ့ သင်္ချာနဲ့ ဓာတုဗေဒ ဆရာတွေကလည်း အတန်း တစ်ဆယ်မှာ သင်ကြမှာ။ လုံးဝ စိတ်ပူစရာမလိုဘူး၊ ဒါက အရင်အတိုင်းလိုပါပဲ"


ယွင်ဖန်း:"....."


ကျေးဇူးပါလို့……


ရုံခန်းထဲက ထွက်လာချိန်မှာ ယွင်ဖန်း တကယ်ကို စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။


စာနတ်ဘုရားတစ်ယောက်ရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကြီးကတော့။


ကံကောင်းစွာဖြင့် သူ့၏ လက်ခံနိုင်စွမ်းက အမြဲလို သန်မာလေကာ ပေးလာသည့် အခြေအနေအရ ထိပ်တန်းအခန်းမှာ စာသင်ရသည်ထက် ပုံမှန်အတန်းမှာ သင်ရသည်က ပို၍ သင့်တော်လှသည်ပင်။ အနည်းဆုံးတော့ တိုးတက်မှုက အလွန်မြန်မှာမဟုတ်လေကာ သူ၏ ချို့ယွင်းချက်များကိုပြင်ရန် အချိန်အများကြီး ရလာလိမ့်မည်ပင်။


အတန်းပိုင်ဆရာက ထန်ရိနှင့် ယွင်ဟဲယွီတို့အား ဤအမှတ်များအကြောင်း ပြောပြခဲ့ပြီး သား ဖြစ်သည်။သို့ငြား သူတို့နှစ်ယောက်စလုံးကတော့ ဤအကြောင်းကို စမဖော်လာခဲ့ကြပေ။ အားလုံးက ပုံမှန်ပင်ဖြစ်ကာ ဤသည်က ယွင်ဖန်းကို အနည်းငယ် အနေရခက်သွားရစေလေသည်။


ညဘက်၌ ယွင်ဖန်းသည် စာကြည့်စားပွဲတွင်ထိုင်ကာ စာမေးပွဲအဖြေလွှာကို ဂရုတစိုက် စိစစ်ကြည့်လိုက်သည်။  အဓိက ဘာသာရပ် သုံးခုဖြစ်သော တရုတ်၊ သင်္ချာ နှင့် အင်္ဂလိပ်စာတို့၌ သူ့၏ အင်္ဂလိပ်စာအမှတ်က အကောင်းဆုံးဖြစ်ကာ အမှတ် ၁၃၀ ဝန်းကျင်ရခဲ့၏။ သင်္ချာကတော့ ၉၅ မှတ်ဖြစ်ကာ တရုတ်စာကတော့ ၉၁မှတ်သာရလေသည်။ တခြားသော ဘာသာရပ်ခြောက်ခုမှာတော့ တစ်ခုစီကို အမှတ် ၅၀စီ ရပြီး စုစုပေါင်းစော် အမှတ် ၁၃၄မှတ်ဖြစ်သည်။ထိုအထဲမှ သူက ရူပဗေဒတွင် အမှတ် ၃၀သာသာ၊ ဓာတုဗေဒတွင် ၂၈မှတ်ရပြီး အခြားသော သမိုင်း၊ ပထဝီ၊ နိုင်ငံရေး...အစရှိသည်တို့၏ အမှတ်များကတော့ တကယ်ကိုပင် ကြည့်နိုင်ဖို့ရန်တောင် ခက်ခဲလှပေသည်။


သူကဖြေလွှာပေါ်ရှိ အနီရောင်တောက်တောက် ကြက်ခြေခတ်များကို ကြည့်ကာ အဖြေမှားများကို တိတ်တဆိတ် အမှန်ပြင်နေလိုက်၏။


သူ့ရမှတ်တွေက ကြောင်စရာကောင်းသော်ငြား ယွင်ဖန်းကတော့ သိပ်အံ့ဩမနေပါချေ။ သူ့အရည်အချင်းသူ အစကတည်းက စိပြီးသားဖြစ်သည်။ထို့ပြင် သူ ဖတ်စာအုပ်မကိုင်ဖြစ်တာ နှစ်၂၀ကျော်ကြာလေပြီ။ သူ ကျားကုပ်ကျားခဲ ကြိုးစားလျှင်တောင်မှ သူ့လက်ရိအဆင့်အရ အခြေခံဗဟုသုတတွေ တီးမိခေါက်မိရုံ ရှိသည်။


နောက်တစ်ဆင့်အနေနှင့် လုပ်ရမှာကတော့ အားနည်းချက်တွေကို ရှာဖွေပြီး အမှတ်ကောင်းရဖို့ အာရုံစိုက်ရန်ပင်။  အထက်တန်းဒုတိယနှစ်ရောက်ပါက စာပေအနုပညာနှင့် သိပ္ပံပညာ နှစ်ခုထဲက တစ်ခုရွေးရမှာဖြစ်သည်။ နှစ်ခုကို နှိုင်းယှဉ်ပါက သူ၏အားသာချက်မှာ သိပ္ပံပညာတွင်ရှိပြီး သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒအတွက် မှန်ကန်သော သင်ကြားရေးနည်းလမ်းကို တွေ့ရှိပါက ရမှတ်များ လျင်မြန်စွာ တိုးတက်နိုင်မည်ဖြစ်သည်။  


သူ့အင်္ဂလိပ်စာအဆင့်က ကောင်းသည်ဆိုပေမဲ့ စာပေအနုပညာကို ရွေးချယ်ခဲ့မည်ဆိုပါကသူ့အားသာချက်တွေကို သေချာပေါက် ပြသနိုင်မှာ မဟုတ်ပါချေ။  ဆန့်ကျင်ဘက်အနေနှင့် သိပ္ပံပညာသာ ယူလိုက်ပါမူ ယင်းက နောက်ပိုင်းအဆင့်တွင် ဝှက်ဖဲဖြစ်လာနိုင်ပေသည်။


ယွင်ဖနိးက ရည်မှန်းချက် ၂ခု ချလိုက်သည်။ သိပ္ပံပညာကို ရွေးချယ်ရန် နှင့် နောက်တစ်ဆင့်မှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် တရုတ်ဘာသာတို့ကို အမှတ်ကောင်းရဖို့ အာရုံစိုက်ရန်ဖြစ်သည်။  သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ ဘာသာရပ် သုံးခုဟာ အပြန်အလှန် ဆက်နွယ်နေပြီး သင်္ချာကမူ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်ကာ တိုးတက်အောင် သူအာရုံစိုက်ရမည့် ဘာသာရပ်လည်း ဖြစ်ပေသည်။


တရုတ်ဘာသာအတွက်မူ သူ တကယ် ခေါင်းကိုက်လှသည်။အလွတ်ကျက်ခြင်းမှတပါး ပိုကောင်းသော နည်းလမ်းက တကယ်ပဲ ရှိဟန်မရချေ။


ယွင်ဖန်းက သင်္ချာဘာသာကို အမှန်ပြင်ပြီးနောက်တွင် နောက်ထပ် အဖြေလွှာလွှာတစ်ခုကို အမှားပြင်ရန် ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်သည်။ သူက ညသန်းခေါင်အထိ အမှားထိုင်ပြင်နေခဲ့ကာ နောက်တစ်နေ့မှာတော့ မျက်လုံးအောက် အမဲရောင်အကွင်းကြီးနှစ်ကွင်းဖြင့် ကျောင်းကိုရောက်သွားလေသည်။


ဝူဟယ်မှာ သူ့စာအုပ်များကို တွန့်ဆုတ်စွာဖြင့် ကူရွှေ့ပေးနေခဲ့၏။ 


"စာနတ်ဘုရားရေ… မင်းနောက်လစာမေးပွဲကို မြန်မြန်လေး ဖြေမှရမယ်နော်!"


ယွင်ဖန်းက စိတ်ထဲမှနေ ဤသည်က ခက်ခဲလွန်းသည်ဟု ပြောနေခဲ့ပေမဲ့ အပြင်မှာတော့ ခေါင်းညိတ်လိုက်ဆဲဖြစ်သည်။


"ငါ ကြိုးစားပါမယ်"


ချန်းချန်ယန်ကလည်းပဲ သူ့စာအုပ်များကို ကူညီ ထုတ်ပိုးပေးကာ


"စိတ်မပူနဲ့။ ယွင်ဖန်းက ပုံမှန်စာသင်ခန်းထဲသွားပြီး အတွေ့အကြုံယူ၊ စိတ်လက်အပန်းဖြေရုံလေးပဲ။ သူပျော်လို့ဝသွားပြီးရင် သေချာပေါက် ပြန်လာလိမ့်မယ်။"


ယွင်ဖန်းက ရှေ့တည့်တည့်သို့ မှုန်မှိုင်းမှိုင်းအကြည့်ဖြင့် စိုက်ကြည့်နေခဲ့ကာ ကလေးတစ်ယောက်ကို ထိုးချင်နေခဲ့၏။


အတန်း တစ်ဆယ်သည် အတန်း သုံး၏ အထက်တွင်ရှိသည်။ ဝူဟယ်က သူ့စာအုပ်များကို အပေါ်ထပ်ဆီရွှေ့ပေး၏။ သူက အတန်းတစ်ဆယ်မှ ကျောင်းသားများ၏ အာရုံကို ဆွဲဆောင်လိုက်မိသည်သာမက အတန်း တစ်ဆယ်၏အတန်းပိုင်ဆရာ လောင်ဖုန်းထံမှလည်း နွေးနွေးထွေးထွေးကြိုဆိုခြင်းကို ခံလိုက်ရသည်။


"ကျောင်းသားယွင်ဖန်း၊ အခုတော့ဟိုနားက နေရာလွတ်မှာ သွားထိုင်လို့ရတယ်။"


လောင်ဖုန်းက ပြတင်ပေါက်ဘေးမှခုံတန်းကို ညွှန်ပြလာ၏။ 


"ဆရာတို့ နောက်ရက်နည်းနည်းလောက်နေရင် ခုံနေရာ ပြန်ခွဲမှာ။အခုတော့ အဲ့ဒီနေရာမှာ သည်းခံလိုက်ဦးနော်"


“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဆရာ"


ယွင်ဖန်းက သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ကာ သူ့စာအုပ်များကို ထိုနေရာဆီ သယ်သွားလိုက်သည်။


ယွင်ဖန်း အတန်းထဲ ဝင်လာပြီး မကြာမီမှာပင် ပြတင်းပေါက်ဘေးတွင် လူသေတစ်ပိုင်းကဲ့သို့  အိပ်ပျော်နေသူက ရိချန်းလျန်ဖြစ်ကြောင်း မှတ်မိသွား၏။ သူက ကူကယ်ရာမဲ့စွာဖြင့် သူ့၏ အတိတ်ဘဝဖြစ်စေ ယခုဘဝဖြစ်စေ စာလေ့လာသည့် အဆင့်က လူများကို မလှည့်စားနိုင်ခြင်းကြောင့် သက်ပြင်းချလိုက်မိသည်။


ယခုက အားလပ်ချိန်ဖြစ်ကာ စာသင်ခန်းထဲ၌ ဆူညံနေလေသည်။ ယွင်ဖန်းက စာအုပ်များကို စာရေးခုံထက်တင်ကာ စတင် အထုတ်ဖြေလိုက်၏။ စာရေးခုံထက် လှဲနေသည့် လူကာ သူ့ခေါင်းအနောက်နှင့် သန့်ရှင်းသော လည်ပင်းတစ်ဝက်လောက်ကိုသာဖော်ထားကာ လှုပ်ရှားမှု မရှိပါချေ။


ယွင်ဖန်းကစာအုပ်ကို စားပွဲခုံထဲထည့်လိုက်ကာ ရွှင်မြူးခြင်းတချို့ဖြင့် ပြောလိုက်၏။


"တချိန်လုံး ဒီလိုကြီး လှဲနေရတာ မင်း မပင်ပန်းဘူးလား?"


ရိချန်းလျန်က တုန့်ပြန်မလာပေ။


"သူငယ်ချင်းလေး ရိချန်းလျန်။ မင်းရဲ့ ထိုင်ခုံဖော်အသစ်ကို မနှုတ်ဆက်တော့ဘူးလား?"


ယွင်ဖန်းက ဟာသရွှင်လှစွာဖြင့် သူ့၏ ပေါ်နေသော လည်ပင်းကို တို့လိုက်၏။


ရိချန်းလျန်မှာ ဆတ်ခနဲ တည့်တည့် ထိုင်လာကာ သူ့လည်ပင်းကို အုပ်လျှက် သူ့အား စူးရှစွာ စိုက်ကြည့်လာလေသည်။


"မင်း ရူးနေတာလား?"


ယွင်ဖန်းက သူ့ဒေါသထွက်သည်ကို မြင်ချိန်တိုင်းမှာ ကြောင်ကလေးက အမွှေးဖွာပြနေသကဲ့သို့သာ ခံစားမိခဲ့၏။ သူက မကြောက်ရုံမျှမက ရယ်တောင်မှ ရယ်ချင်မိလေသည်။


ရိချန်းလျန်သည် မကောင်းသောအကြံများ ပြည့်လျက် သူ့အား ခပ်လှောင်လှောင်အပြုံးဖြင့်ကြည့်နေသော လူအားကြည့်ရင်း ရုတ်တရက် ဒေါသများ ပေါက်ထွက်လာကာ


"ငါ မင်းနဲ့ ထိုင်ခုံဖော် မဖြစ်ချင်ဘူး !"


ယွင်ဖန်းက စာရေးခုံပေါက်ထဲ ညွှန်ပြကာ


"ငါ စာအုပ်တွေကို သိမ်းပြီးသွားပြီရော်"


ရိချန်းလျန်ကတော့ သူတို့နှစ်ယောက်က မည်သို့မှ ဆက်စပ်မရနိုင်ဟု တွေးလိုက်မိသည်။ သူက သူ့ကို ရှောင်ကွင်းကာ ထွက်သွားတော့မည်ဟန်လုပ်ချိန် အတန်းခေါင်းလောင်း မြည်လာတော့သည်။ ယွင်ဖန်းက သူ့လက်မောင်းကို ဆွဲထားကာ သူ့ကို ခုံပေါ် ဖိချလိုက်၏။


"အတန်းပြီးမှ ဆက်ပြောကြတာပေါ့"


ထိုအချိန်၌ အင်္ဂလိပ်ဆရာဝင်လာပြီဖြစ်သည်မို့ ရိချန်းလျန်ခမျာ အသက်အောင့်လျက် ခုံပေါ်သို့ အသက်မဲ့စွာ ထိုင်ချလိုက်ခဲ့ရတော့သည်။


ယွင်ဖန်းက အင်္ဂလိပ်စာ ပုံနှိပ်ကိုထုတ်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကိုမေးလိုက်၏။


"မင်းတို့ဆီမှာ အင်္ဂလိပ်စာ ဘယ်ထိရောက်ပြီလဲ?"


ရိချန်းလျန်ကတော့ အင်္ဂလိပ်စာအချိန်တွင် အိပ်ရတာကို အကြိုက်ဆုံးဖြစ်ကာ သူတို့ ဘယ်သင်ခန်းစာအထိရောက်နေပြီကို အတိအကျ သိမနေခဲ့ပေ။ သေချာပေါက် သူ သိနေခဲ့လျှင်တောင် ပြောပြမှ မဟုတ်သည်မို့ သူ့ကို တမင်တကာ လျစ်လျူရှူထားလိုက်တော့သည်။


သို့ပေမဲ့ သူ့ရှေ့ခုံရှိ မိန်းကလေးတစ်ယောက်က ကြားသွားခဲ့ကာ ခေါင်းလှည့်လာပြီး ယွင်ဖန်းထံ တိုးတိုးလေး ပြောပြလာ၏။


"ငါတို့ အခန်းသုံးအထိ သင်ပြီးပြီ"


"ကျေးဇူးတင်ပါတယ်"


ယွင်ဖန်းက သူမကို ပြုံးလျက် ကျေးဇူးတင်လိုက်တော့ မိန်းကလေးက ရှက်သွေးဖြာကာ ပြန်လှည့်သွားလေသည်။


ရိချန်းလျန်ကမူ ထိုမိန်းကလေးက သူ့ထိုင်ခုံဖော်ထံ တီးတိုးပြောလာသည့်အသံကိုကြားလိုက်ရသည်။


"စာနတ်ဘုရားက အရမ်းချောတာပဲဟာ။ ပြီးတော့ ငါ့ကိုကျေးဇူးတင်လိုက်သေးတယ်ဟ"


ရိချန်းလျန်မှာ ထိုစကားကြောင့် ပို စိတ်တိုသွား၏။ 


ဘာကို ချောတာလဲ။ မျက်လုံးလေးလုံးမှန်ကြောင်ကောင်၊ စာကြမ်းပိုးကောင် ၊ ပိုးဟပ်ဖြူကောင်။


အင်္ဂလိပ်စာ အတန်းချိန်က အတော်လေးပျင်စရာကောင်းလှပေမဲ့ ယွင်ဖန်းက အလေးအနက်ထား မှတ်စုထုတ်နေခဲ့မြဲပင်။ အတန်းပြီး ခေါင်းလောင်းမြည်လာသည်နှင့် သူက ဆရာပေးထားသည့် အိမ်စာကို စလာတော့သည်။ သူက ရိချန်းလျန်ကိုပါ စာ အတူလုပ်ရန် ဖိတ်ရမလားဟု ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ထိုသူက အပြင်ကို တရှိန်ထိုးထွက်သွားတာကိုသာ မြင်လိုက်ရလေသည်။


အိုခေပါ။


ယွင်ဖန်းက အင်္ဂလိပ် စာလုံးများရေးနေသည့်အထဲ သူ့ခေါင်းကို မြှုပ်ထားလိုက်တော့သည်။


မတိုင်ခင်က သူ့ကို စကားပြောခဲ့သည့် မိန်းကလေးက စကားပြောရန် ရောက်လာခဲ့ပေမဲ့ သူ့၏"ငါ စာလုပ်ရတာကို ချစ်တယ် လူစိမ်းတွေ ကျေးဇူးပြုပြီး ငါ့ကို မနှောက်ယှက်ကြပါနဲ့"ဟူသော အမူအရာကိုကြည့်ကာ စကား မပြောရဲတော့ပေ။


နောက်အတန်းချိန် ပြန်စတော့ ယွင်ဖန်းက အင်္ဂလိပ်စာ အိမ်စာကို တစ်ဝက်သာ ပြီးသေး၏။ သူက အိမ်စာကို ဘေးဖယ်ထားလိုက်ရပေမဲ့ သူ့ခေါင်းကို လှည့်ကြည့်လိုက်ချိန်မှာ ခုံအလွတ်ကို မြင်လိုက်ရလေသည်။


အခုက ရူပဗေဒအတန်းချိန်ဖြစ်ကာ လောင်ဟဲက ပုံနှိပ်စာအုပ်ကိုင်ကာ ဝင်လာသည်။ ယွင်ဖန်းကိုမြင်တော့ သူက ပြုံးပြလာ၏။


ယွင်ဖန်းမှာ ထိုအပြုံးကြောင့် ဦးရေပြားထုံသွားသလိုခံစားလိုက်ရကာ ရိုးသားစွာပင် ခေါင်းငုံ့လိုက်လေသည်။


သူတကယ့်ကို ရူပဗေဒ ပြိုင်ပွဲကို မကိုင်တွယ်နိုင်တာကြောင့် ဒီလို မျှော်လင့်ချက်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ မကြည့်ပါနဲ့လို့။


အပြစ်ရှိသလို ခံစားရတယ်လေ။


ရူပဗေဒအတန်းချိန် ပြီးသွားတော့လည်း ရိချန်းလျန်ကို မမြင်ရသေးပေ။ နောက်အတန်းချိန်ကမူ ကိုယ်ပိုင် စာကြည့်ချိန်ဖြစ်ပြီး ယွင်ဖန်းက သူ့ကို သွားရှာဖို့ ဆုံးဖြတ်လိုက်သည်။


သူက အတန်းထဲရှိ ကျောင်းသားအများစုကို မေးမြန်းခဲ့ပေမဲ့ သူတို့လည်း မသိကြပေ။ အဆုံးမှာတော့ နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကို ရေသယ်ပေးရန် ကူညီခဲ့သည့် မျက်နှာဝိုင်းဝိုင်းနှင့်ကျောင်းသူက သူ့ကိုပြောလာသည်။


"အစ်ကိုကြီးရိက ဗိုက်နာတယ်လို့ ပြောနေတာပဲ။ ကြည့်ရတာ ခွင့်ယူပြီး အိမ်ပြန်သွားတဲ့ပုံပဲ"


ရိချန်းလျန်က တကယ်ကို နေမကောင်းသည်လား သူ့ကိုရှောင်ချင်စိတ်ကြောင့် နေမကောင်းချင်ယောင် ဆောင်သည်လားဆိုသည်ကို သူမသိပေမဲ့ သူ့ဆီလိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ဆဲပါပင်။ သူက ကိုယပိုင်စာကြည့်ချိန်ကို လစ်ကာ ကျောင်းပြင်ကိုပြေးထွက်လျက် တက္ကစီငှားပြီး တုန်းယန်လမ်း၊ ရှင်းနန်လမ်းကြာကို ဦးတည်လိုက်တော့သည်။


သူရောက်လာချိန်၌ ဆယ့်နှစ်နာရီ ထိုးခါနီးနေပြီဖြစ်၏။ ယွင်ဖန်းက ခဏလောက်တွေးလိုက်ကာ အစာအိမ်ဆေးတချို့ကို အနီးနားက ဆေးဆိုင်တွင်ဝယ်ကာ ဆန်ပြုတ်ပါဝယ်လာခဲ့ပြီး ခြံဝန်းသေးသေးလေးဆီ ရင်းနှီးပြီးဖြစ်သော လမ်းကနေ သွားလိုက်သည်။


အိမ်၏သံပန်းခြံတံခါးက ခပ်ကျယ်ကျယ်ပွင့်နေခဲ့ကာ အတွင်းထဲမှာ အမျိုးသားနှင့် အမျိုးသမီး အော်ဟစ်သံများက ထွက်ပေါ်လာလေသည်။


"မင်း ဆန်ကုန်မြေလေးကောင်! မင်းရဲ့အတောင်တွေ သန်လာပြီပေါ့လေ!”


အမျိုးသမီး၏ ကျယ်လောင်သည့်အသံက ထွက်ပေါ်လာ၏။


"အပြင်မှာ အိမ်ငှားဖို့ပိုက်ဆံတွေ ဘယ်ကရတာလဲ။နင့် ညီကတော့ သူ့အသက်ကိုကယ်ဖို့ ပိုက်ဆံစောင့်နေရချိန်မှာ နင်ကတော့ ဒီမှာ ပိုက်ဆံတွေလာဖြုန်းနေတယ်လား!"


"ရှောင်လျန်..လိမ္မာပါကွာ။ မင်းမိဘတွေနဲ့အတူ မြန်မြန်လေး အိမ်ပြန်လိုက်ခဲ့တော့


အမျိုးသား၏ နားချသံက အတော်လေး သနားချင့်စဖွယ်ပင်။


"မင်း အမေနဲ့ ငါက မင်းနေတဲ့နေရာကို လပေါင်းများစွာ ရှာခဲ့ရတာ။ မင်းဘာသာမင်း ဘယ်မှာ နေနိုင်မှာတဲ့လဲ?"


ယွင်ဖန်း ခြံဝန်းထဲဆီလျှောက်သွားလိုက်တော့ ဂျူဂျူဘီးအပင်အောက်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို ရှင်းလင်းစွာပင် မြင်လိုက်ရသည်။ ရိချန်းလျန်ကတော့ သူ့ကို ကျောပေးကာ မတ်မတ်ရပ်နေခဲ့လျက်။


သူမေ့တော့မလို့။


သူ့တွင် ရိမင်ကျစ်နှင့် စုန့်လီလီဟုခေါ်သော အမည်ခံ မိဘများ ရှိနေသေးသည်ပင်။


ရိမင်ကျစ်နှင့် စုန့်လီလီတို့က လက်ထပ်ပြီးနောက် နှစ်များစွာ ကြာသည်အထိ ကလေးမရခဲ့ကြတာကြောင့် မိဘမဲ့ကျောင်းမှ ခြောက်နှစ်အရွယ် ရိချန်းလျန်ကို မွေးစားခဲ့သည်။ အစပိုင်းတွင် သူတို့နှစ်ယောက်စလုံးက သူ့အပေါ် ကောင်းခဲ့ကြပေမဲ့နှစ်နှစ်ကြာခဲ့ပြီးနောက်မှာတော့ စုန့်လီလီက ကိုယ်ဝန်ရှိလာပြီး ရိချန်းကျယ်ကို မွေးဖွားခဲ့၏။ ရိချန်းကျယ်က ကလေးကတည်းက မွေးရာပါ နှလုံးရောဂါ ပါလာခဲ့ရာ မိသားစုမှာ သူတို့၏ စုဆောင်းထားသမျှအားလုံးအား သူ့ကျန်းမာရေးအတွက် သုံးလိုက်ရလေသည်။ နောက်ပိုင်း၌ စုန့်လီလီက သူ့အား ငွေအတွက် ရောင်းစားဖို့ ဟန်ပြင်လာခဲ့လေသည်။


ထိုအချိန်တုန်းက ရိချန်းလျန်မှာ ဆယ်နှစ်မပြည့်သေးပါချေ။ သူက မြေပြင်ပေါ် ဒူးထောက်လျှက် သူမအား ပြင်းပြင်းထန်ထန် တောင်းပန်ခဲ့ပေမဲ့လည်း စုန့်လီလီကတော့ လုံးဝ မပျော့သွားခဲ့ဘဲ ဝယ်သူနှင့်တောင် ဆက်သွယ်ခဲ့သေး၏။ ရိမင်ကျစ်လည်းပဲ ဤကိစ္စ၌ ပါဝင်ခဲ့ပေမဲ့ အဆုံးမှာတော့ သတင်းပျံ့သွားခဲ့ပါက လူကြားကောင်းမှာ မဟုတ်ဟူသော ဆွေမျိုးများ၏ နားချမှုကို လက်ခံကာ နောက်ဆုတ်လိုက်ကြသည်။ သို့ပေမဲ့ ထို့နောက်ပိုင်းကတည်းက စုန့်လီလီမှာ တခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ကာ သူ့ကို ဆူပူရိုက်နှက်တတ်လာလေသည်။


ရိချန်းလျန်တစ်ယောင် ဝူချန်၏နံပါတ်တစ်အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည့်အချိန်ထိဖြစ်သည်။ သေးငယ်သည့်ကျေးရွာလေး၌ နံပါတ်တစ်အထက်တန်းကျောင်းသို့ ဝင်ခွင့် ရခြင်းကပင် ဂုဏ်ယူဖွယ်၊ ကြီးကျယ်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။ သို့ပေမဲ့ စုန့်လီလီနှင့် ရိမင်ကျစ်တို့ကမူ ယွမ် ထောင်ဂဏန်းများစွာ ပမာဏရှိကျောင်းလခများကြောင့် နှလုံးနာရလေကာ သူ့ကိုမလွှတ်ပေးချင်ခဲ့ကြပေ။


ထို့ကြောင့် ရိချန်းလျန်ဟာ အိမ်ထောင်စုစာရင်းစာရွက်ကို ခိုးကာ အိမ်မှ ထွက်ပြေးလာခဲ့ပြီး တုန်းယန်လမ်း၌ အိုင်ဒီအတုဝယ်ကာ နွေရာသီအားလပ်ရက်တစ်လျှောက်လုံး အလုပ်လုပ်ခဲ့ပြီး လုပ်အားခများနှင့် ကျောင်းမှရသော စကောလားရှစ်ငွေများကိုသုံးကာ ကျူရှင်ခများပေးလို့ ဝင်ခွင့်တစ်ခုလုံးအတွက် သူ့ဘာသာ ဖြေရှင်းခဲ့ရလေသည်။


သူ ထိုအချိန်ကို မှတ်မိသေးသည်။  နေ့ပိုင်းတွင် ကျောင်းတက်ကာ ညပိုင်း၌ လမ်းသရဲအုပ်စုတစ်စုနှင့်အတူ သံတိုသံစများလိုက်ကောက်ခဲ့ရသည်။  မအျှတသော သံတိုသံစ ဝေစုခွဲပေးမှုကြောင့် သူဟာ ဝမ်းယိုဝေနှင့် ရန်ဖြစ်ခဲ့ရတာဖြစ်သည်။ ဝမ်းယိုဝေက သူခက်ခက်ခဲခဲ ရှာဖွေထားရသည့် နောက်စာသင်နှစ်အတွက် ကျောင်းလခများကို ခိုးယူသွားခဲ့တာကြောင့် ဒေါသတကြီး ဖြစ်သွားသော သူဟာ လူတစ်ယောက်ကို မတော်တဆသတ်လိုက်မိ၍ လူငယ်ထိန်းသိမ်းရေးစခန်းဆီ ရောက်သွားခဲ့ရခြင်းပင်။


ထို့နောက်၌ သူ့မှတ်ဉာဏ်ထဲ ရိမင်ကျစ်နှင့် စုန့်လီလီတို့ ထပ်မရှိတော့ပါချေ။


သို့ပေမဲ့ ခုချိန်၌ ရိချန်းလျန်က လူငယ်ထိန်းသိမ်းရေးစခန်းဆီမသွားခဲ့ရကာ ရိမင်ကျစ်နှင့် စုန့်လီလီတို့ကလည်း သူ့ကို တကယ်ကြီး လာရှာကြလေသည်။


"ကျောင်းသွားတာကနေ ဘာသုံးစားလို့ရမှာလဲ!"


စုန့်လီလီက အေည်ဟစ်ဆဲဆိုနေဆဲ။


"တစ်နှစ်လောက် အလုပ်ထွက်လုပ်ရင် ယွင်ထောင်ဂဏန်းလောက်ရမှာဟဲ့! နင့်ညီလေးကလည်း သူ့အသက်ကိုကယ်ပေးမဲ့ နင့်ရဲ့ ပိုက်ဆံကိုစောင့်နေရရှာတာ! ရိချန်းလျန် နင့်မှာ အသိစိတ်လေးနည်းနည်းတောင် ကျန်သေးရဲ့လား!"


ရိချန်းလျန်သည် အမူအယာမဲ့စွာဖြင့် သူမအော်ဟစ်သမျှကို ငြိမ်နားထောင်နေလျက်သား။


"ခင်ဗျားတို့ ကျွန်တော့်ကို ရှစ်နှစ်လောက် ပျိုးထောင်ခဲ့တယ်။ ဒီတော့ ကျွန်တော် ကျောင်းပြီးလို့ ငွေရှာရရင် အဲ့ဒါတွေကို ပြန်ဆပ်မှာပါ"


" ကျောင်းပြီးရင် ငွေရှာမယ်? “


စုန့်လီလီက ဒေါသတကြီး ရယ်မောလာသည်။


"‌အပြောကောင်းသားပဲ။ နင်အခု ပြန်ပေးရမယ်! ငါနဲ့ အိမ်ပြန်လိုက်ခဲ့။ နင့်အတွက် ကျောက်မီးသွေးတူးတဲ့ စက်ရုံတစ်ခု ရှာတွေ့ထားတယ်။ တစ်နှစ်ကို ငါးထောင်လောက်ရမှာ! အဲ့ဒီမှာ ရှစ်နှစ်အလုပ်လုပ် ။ပြီးရင်တော့ နင်လုပ်ချင်ရာသာ လုပ်ပေတော့!"


"ရှောင်လျန်၊ မင်းက အရမ်းငယ်မနေတော့ဘူးလေ။ တချို့အရာတွေကို နားလည်သင့်နေပြီ"


ရိမင်ကျစ်က သက်ပြင်းချလိုက်၏။


"ငါတို့မိသားစုရဲ့ အခြေအနေကို မင်းသိပါတယ်။ ပြန်လာပြီး မင်းရဲ့ မိဘတွေကို ကူညီပေးနိုင်မလား? ငါ ဒူးထောက်ပြီး မင်းကို တောင်းပန်ပါတယ်!"


ရိမင်ကျစ်က အသံကျယ်ကျယ်ထွက်သည့်အထိ မြေပြင်ပေါ် ဒူးထောက်ချလိုက်ကာ သူ့အား မျက်လုံးရဲများဖြင့် ကြည့်လာသည်။


"အဖေတို့နဲ့ မင်းရဲ့ ညီလေးကို ကယ်တင်ပေးနိုင်မလား?"


"ရှင် ဘာလုပ်တာလဲ! သူ့ကို ဘာလုပ်လုပ်ပြီး ဒူးထောက်ရတာလဲ!"


စုန့်လီလီက သူ့ကို ပြင်းပြင်းထန်ထန် ဆွဲထူလိုက်ချင်ပေမဲ့ ရွှေ့အောင်မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမက ဒေါသကို ရိချန်းလျန်ဘက်သို့သာ ပြောင်းလိုက်လေသည်။


"ရိချန်းလျန်! နင်က ငါတို့ကို ဘာလုပ်စေချင်နေတာလဲ? ငါတို့သေမှ နင်ပျော်မှာလား!?"


ရိချန်းလျန်၏ လက်အနောက်ဘက်၌ သွေးကြောပြာများ ဖောက်ထွက်မတက် ထောင်ထလာသည်ကို ယွင်ဖန်းမြင်လိုက်ရတော့ သူက ဆေးနှင့် အစားအသောက်အိတ်ကို ဘေးမှာရှိသညိ့ သံပုံပေါ် ချလိုက်ကာ ထိုနေရာဆီ လျှောက်သွားလိုက်ပြီး ရိချန်းလျန်၏ရှေ့တွင် ရပ်လျက် ထိုသူ့ကို အနောက်မှာ ကာထားပေးလိုက်သည်။


ရိချန်းလျန် မျက်လုံးထဲ အံ့ဩရိပ်သန်းသွားခဲ့ပြီးနောက် မျက်မှောင်ကြုတ်သွားလေကာ အသံအက်အက်ဖြင့် မေးလာ၏။


'မင်း ဒီကို ဘာလာလုပ်တာလဲ?"


“မင်း ရူပဗေဒအချိန်မတက်လို့ လောင်ဟဲက မင်းသူ့အပေါ် ဘယ်လိုအမြင်ရှိနေလို့လဲဆိုတာ ငါ့ကို မေးခိုင်းလိုက်လို့"


ယွင်ဖန်းက မြေပြင်ပေါ် ဒူးထောက်နေဆဲ ရိမင်ကျစ်ကို ဂရုမစိုက်သည့်ပုံစံဖြင့် တစ်ချက်ကြည့်လိုက်သည်။


"ဒါပေမဲ့ ငါကြည့်တာတော့ မင်းနည်းနည်း ဒုက္ခတွေ့နေပုံပဲ"


"မင်းကျောင်းကို မြန်မြန်ပြန်သွား၊ ငါ့ကို ပရမ်းပတာဖြစ်အောင် လာမလုပ်နဲ့!"


ရိချန်းလျန်က သူ့ကို ဆွဲလိုက်ပေမဲ့ သူကသာ ပြန်ပြီး အဆွဲခံလိုက်ရလေသည်။


ထိုလက်ဟာ အေးစက်ကာ တုန်ယင်နေခဲ့လျက် ရှိသည်။ ယွင်ဖန်း၏ နှလုံးသားထဲ အနည်းငယ် ကျိမ်းစပ်သွားသလို ခံစားလိုက်ရလေသည်။


ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ထိုသို့အရွယ်ရောက်လူကြီးနှစ်ယောက်နှင့် ရင်ဆိုင်နေရသည်က တကယ်ကို မမျှတပေ။


သူတို့က သူ့ကို ဘာကြောင့်များ မချစ်နိုင်ကြရတာလဲ?


အရင်ဘဝရိချန်းလျန်က ဤမေးခွန်းကို ရှစ်နှစ်တိုင်တိုင်မေးလာခဲ့ကာ နားမလည်နိုင်ခဲ့ပေမဲ့ ယခု ယွင်ဖန်းကတော့ စေ့စေ့စပ်စပ်ကို နားလည်နိုင်လေသည်။


တချို့သောအရာများက ဖိအားပေးလို့မရပေ။ ထိုသည်က မိမိကိုယ်တိုင်နှင့် တခြားသူများကိုပါ မုန်းတီး စက်ဆုပ်စေ၏။


"အချိန်ကိုက်ပဲ၊ ဒီက အတန်းဖော်လေး၊ မင်း ငါတို့အတွက် ဆုံးဖြတ်ကြည့်ပေးစမ်းပါ။ သူ့ရဲ့ ညီလေးက သေတော့မလိုဖြစ်နေတာကို သူက ဒီမှာ ပျော်ပျော်ကြီး ဇိမ်နဲ့နေနေတုန်းလေ!"


စုန့်လီလီက ယွင်ဖန်း၏ အင်္ကျီလက်ကိုဆုပ်ကိုင်ကာ မလွတ်ပေးပါချေ။ 


"မင်းမြင်တယ်မလား။ကျောင်းကိုပြန်ပြီး အတန်းဖော်တွေနဲ့ ဆရာတွေကို ပြောပြလိုက်! သူ စာဆက်သင်နိုင်တဲ့ မျက်နှာ ရှိဦးမလားကြည့်ရအောင်!"


"သူက စာဆက်သင်ရမှာကို ဘာကိစ္စ ရှက်နေရမှာလဲ?"


ယွင်ဖန်းက စုန့်လီလီ၏လက်ကို ခါထုတ်လိုက်ကာ သူမကို အေးစက်စက်မျက်လုံးဖြင့် ကြည့်လိုက်၏။


"သူက သူ့ကိုယ်ပိုင်ငွေကိုရှာပြီး သူ့စာသင်စရိတ်သူ ထောက်ပံ့ထားတာလေ၊ ဘာပြသနာမှ မရှိဘူး"


စုန့်လီလီက မမျှော်လင့်ထားသော သူ့စကားကြောင့် နင်သွားခဲ့ကာ ဒေါသတကြီးပြောလာသည်။


"သူရှာတဲ့ပိုက်ဆံကို ငါတို့ကိုပေးသင့်တာလေ! သူ့ ညီလေးက သူ့အသက်ကို ကယ်ဖို့ ပိုက်ဆံကိုစောင့်နေရတာ!"


"ခင်ဗျားတို့က သူ့ရဲ့ အမည်ခံမိဘတွေပဲလေ။ သူကအခုမှ အသက်မပြည့်သေးတဲ့ကလေးပဲရှိသေးပြီးတော့ သူ့ကို ပျိုးထောင်ရမဲ့တာဝန်က ခင်ဗျားတို့မှာ ရှိနေတုန်းပဲ"


ယွင်ဖန်းက သူမကိုစိုက်ကြည့်ကာ ခြေတစ်လှမ်း ပိုတိုးသွားလိုက်၏။


"ရလဒ်အနေနဲ့ ခင်ဗျားက သူ့ကို စွန့်ပစ်ရုံမကဘူးသူ့ဆီကနေ ပိုက်ဆံတောင်းဖို့ လှည့်လာလိုက်သေးတယ်။ ပြီးတော့လည်း ကလေးလုပ်သားလုပ်ဖို့ အတင်းခိုင်းနေလိုက်သေးတယ်။ တရားရုံးရောက်တဲ့အချိန်ကျမှ တရားသူကြီးက ခင်ဗျားကို ဘယ်လို စီရင်ချက် ချမလဲဆိုတာ ကြည့်ကြသေးတာပေါ့”


စုန့်လီလီက ဒေါသတကြီး​အော်သည်။


"သူက ငါ့သားပဲ! ဘာလို့ ငါ့ကို တရားစွဲရမှာလဲ!"


"သူ့အသက် ဆယ်လေးနှစ်ပြည့်ပြီးတဲ့အချိန်တုန်းက သူ့ကို စောင့်ရှောက်တာ ရပ်လိုက်တာ မဟုတ်ဘူးလား?"


ယွင်ဖန်းက ‌မေးလိုက်သည်။


"သူက ငါတို့နဲ့အတူ အစာငတ်မခံနိုင်ခဲ့တာလေ!"


စုန့်လီလီက စူးရှစွာ ဆဲရေးလာ၍ ရိချန်းလျန်ကို လှမ်းဆွဲလိုက်ပေမဲ့ ယွင်ဖန်းဆီကနေ မြေပေါ် ကျသည့်အထိ အတွန်းခံလိုက်ရ၏။


ရိမင်ကျစ်က သူ့ကို အလျင်စလို သွားထူလိုက်ပေမဲ့ စုန့်လီလီထံမှ ဆူပူရိုက်နှက် ခံလိုက်ရသည်။ 


"ဒီ လူယုတ်မာလေး၊ ငါ့ကိုတွန်းရဲတယ်ပေါ့လေ။ရှင်က ယောက်ျားမှဟုတ်ရဲ့လား? သူ့ကိုသွားရိုက်လေ!"


ရိမင်ကျစ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် 


"သူက သူများ သားသမီးလေ။သူ့ကိုနာအောင်လုပ်မိသွားရင် ငါတို့အလျှော် ပေးရလိမ့်မယ်...."


ယွင်ဖန်းက ဤစုံတွဲ၏ စကားများနေမှုကို နားမထောင်ချင်တော့ပေ။ သူက ဖုန်းထုတ်လိုက်ပြီး ဝှေ့ယမ်းပြလိုက်၏။


"ခင်ဗျားတို့ အခုပြောထားတာတွေအားလုံးကို အသံသွင်းထားတယ်။ ကျွန်တော် ဝင်မလာခင်ကတည်းက ရဲခေါ်ထားခဲ့တာ အခု ရဲတွေရောလာပြီး ဖြေရှင်းပေးမှာကိုသာ စောင့်နေလိုက်တော့"


စုန့်လီလီနှင့် ရိမင်ကျစ်တို့က တစ်ယောက်ကိုတစ်ယောက် အထိတ်တလန့် ကြည့်လိုက်ကြရင်း ရိမင်ကျစ်က ရိချန်းလျန်ထံ အတင်းပြုံးပြလာကာ ပြောလာသည်။


"မင်းအမေနဲ့ အဖေက မင်းကို အိမ်ပြန်ဖို့ လာပြန်ခေါ်ရုံပါ။ ဘာလို့..ဘာလို့ ရဲကိုပါ ဝင်ပါခိုင်းရမှာလဲကွာ? ဒါဆို မင်း ဒီကိစ္စကို ထပ်စဉ်းစားလိုက်ဦး၊ စဉ်းစားပြီးရင် အိမ်ပြန်လာခဲ့နော်"


"ဟုတ်တယ်"


စုန့်လီလီက မကျေမနပ်နှင့် ငြီးတွားလာကာ ယွင်ဖန်းလက်ထဲမှ ဖုန်းကို စိုက်ကြည့်လျှက် ထိုသည်ကို လုယူချင်ပုံပေါ်လာပေမဲ့ တွန့်ဆုတ်နေခဲ့လေသည်။


"ဖုန်းက ယွမ်နှစ်ထောင်တန်တယ်"


ယွင်ဖန်းက ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်၏။


"ရဲက အချိန်မရွေးရောက်လာနိုင်တယ်နော်"


စုန့်လီလီက သူ့ကို စူးရဲပြင်းထန်စွာ တစ်ချက်ကြည့်လိုက်ရင်း ရိမင်ကျစ်နှင့်အတူ ထွက်သွားလေတော့သည်။


ရိချန်းလျန်က ယွင်ဖန်း၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်လိုက်ကာ အက်ကွဲစွာဖြင့် ကျေးဇူးတင်စကားပြောလာ၏။


ယွင်ဖန်းခေါင်းလှည့်ကြည့်လိုက်တော့ သူ့မျက်နှာကကြောက်စရာကောင်းအောင် အလွန်ဖြူဖျော့နေခဲ့တာကြောင့် ထိန်းမရနိုင်စွာ မျက်မှောင်ကြုတ်မိသွားလေသည်။


"မင်း အဆင်ပြေရဲ့လား?"


ရိချန်းလျန်က ခေါင်းခါလာ၏။


"သူတို့ ထပ်မလာလောက်တော့ပါဘူး။မင်းအတန်းကို ပြန်သင့်ပြီ"


ထိုသည်ကိုပြောပြီးနောက် သူက တစ်ဖက်လှည့်ကာ အိမ်ထဲ ဝင်သွားတော့သည်။


ယွင်ဖန်းက ခြံဝန်းထဲမှာ ခဏလောက် ရပ်နေခဲ့ပြီးမှ ဆေးနှင့် ဆန်ပြုတ်ကို သံပုံထက်မှ ပြန်ယူလိုက်ကာ အိပ်ခန်းထဲ ဝင်လိုက်သွားလိုက်သည်။


ကုတင်ထက်တွင် အတော်လေးရိုးရှင်းလှသည့် ပိုက်ဖျာတစ်ချပ်သာ ခင်းထားခဲ့ကာ အရောင်လွင့်နေပြီဖြစ်သော အခင်းကိုထပ်ခင်းထားခဲ့၏။ ရိချန်းလျန်က ကုတင်ပေါ်တွင် မှောက်နေကာ သူ့ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားလျက် ရှိသည်။


ယွင်ဖန်းက သူ့ဘေးရှိ ရေနွေးဘူးကို ယူလိုက်ကာ ရေတစ်ခွက်ထည့်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ရေကနွေးနေတာကြောင့် မနေ့ကတည်ထားတာဖြစ်နိုင်သည်ပင်။


"ရိချန်းလျန် ..ထပြီး ရေနည်းနည်းသောက်လိုက်"


ယွင်ဖန်းက ကုတင်ဘေးရပ်ကာ သူ့ကိုခေါ်လိုက်သည်။


“ငါတစ်ယောက်တည်း နေချင်တယ်။ ငါ့ကို ခဏလောက် တစ်ယောက်တည်း နေခွင့်ပေး"


ရိချန်းလျန်က ဖျော့တော့စွာပြောလာသည်။ သူ့အသံက တုန်ယင်နေလျက်သား။


တခြားတစ်ယောက်သာ ဆိုလျှင်တော့  ဤသည်ကိုကြားသည်နှင့် ယွင်ဖန်းက လှည့်ထွက် သွားလိမ့်မှာပင်။ သို့ပေမဲ့ ရိချနလျန်၏ ခွေးပေါက်လေးလို သနားစဖွယ်ပုံစံလေးကို ကြည့်ကာ သူမသွားနိုင်တာကို သိလိုက်ရသည်။


သူက ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး လူကို ဆွဲထူလိုက်ပေမဲ့ သူကို မရွှေ့နိုင်ခဲ့ပါချေ။


"ငါ မင်းအတွက် အစာအိမ်ဆေးနည်းနည်းနဲ့ ဆန်ပြုတ်ဝယ်လာတယ်။ ဆေးမသောက်ခင် ဆန်ပြုတ်နည်းနည်းအရင်သောက်လိုက်"


ယွင်ဖန်းက က နူးနူးညံ့ညံ့အသံဖြင့် ပြောလိုက်သည်။


"မဟုတ်ရင် ဆန်ပြုတ်တွေ အေးကုန်လိမ့်မယ်”


ရိချန်းလျန် ခဏလောက် တိတ်ဆိတ်သွားလေသည်။


"ကျေးဇူးတင်ပါတယ်။ အခု မင်းသွားလို့ရပြီ"


"မင်းစားပြီးသွားရင် ငါသွားမယ်"


ယွင်ဖန်းက သူ့ကို ချော့မော့လိုက်၏။


"ကတိပေးတယ်"


"မင်း လူစကားကို နားမလည်ဘူးလား!"


ရိချန်းလျန်က ကုတင်ပေါ် ကနေ ရုတ်တရက် ထထိုင်ကာ အော်လာသည်။


သူ့ကြောင့် ယွင်ဖန်းမှာ လန့်သွားရကာဒေါသက ထွက်သွားလျက် ကျေးဇူးမသိတတ်သော ကောင်စုတ်လေးကို ရိုက်ချင်သွားပေမဲ့ ထိုကောင်လေး နီရဲနေသော မျက်လုံးတို့ကိုမြင်ရချိန်မှာတော့ ဒေါသက ပျောက်သွားရတော့သည်။


ဆိုတော့ ဒါက သူငိုတဲ့အချိန် ဖြစ်နေတဲ့ပုံပေါ့လေ။


ယွင်ဖန်းမှာ သူနောက်ဆုံးငိုခဲ့ဖူးသည့်အချိန်ကိုမှတ်မိတော့ပါချေ။ ပထမဆုံး အကြည့်မှာပင် သူက အတော်လေး သနားစရာကောင်းတာကို သိလိုက်ရ၏။


သူက ဆန်ပြုတ်ပန်းကန်နှင့် ရေခွက်ကို ယူလိုက်ကာ  အမူအယာမပြောင်းစွာဖြင့် ရိချန်းလျန်ကိုမေးလိုက်သည်။ 


"ရေသောက်မှာလား၊ ဆန်ပြုတ်စားမှာလား?"


ရိချန်းလျန်မှာ မသိလိုက်စွာပင် တောင့်သွားခဲ့ကာ ရှက်စရာကောင်းသည်ဟု ခံစားလိုက်ပြီး ဆန်ပြုတ်ပန်းကန်းကို ဆွဲယူလို့ အလုပ်ကြီးကြီး စားလိုက်လေသည်။


ဆန်ပြုတ်ပန်းကန်က သူ့ခေါင်းကိုမြှုပ်ကာ စားလို့ရသည့်အထိ လုံလောက်အောင် ကြီးမားပြီး သူ့မျက်ရည်များကို မမြင်ရတော့ပေ။


သူတစ်ယောက်တည်း ရှိနေပါက သေချာပေါက် ငိုလိမ့်မှာမဟုတ်ကာ မသက်မသာလည်း ခံစားနေရမှာမဟုတ်ပေ။ သို့ပေမဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ လူတစ်ယောက်က ရုတ်တရက် သူ့ရှေ့မှာ လာပိတ်ရပ်လျက် သူ့လက်ကို ကိုင်ကာ ရေနှင့် ဆန်ပြုတ်ကို ပေးလာပြီး သူ့အစာအိမ် နာနေတာကိုတောင် သိနေခဲ့ကာ ဆေးကိုပါ တိုက်လာသေးလေသည်။