Chapter 19
Viewers 3k


ပြန်လည် သင့်မြတ်ရေး


ရိချန်းလျန်မှာ ဒေါသတကြီး ဖြစ်သွားရင်း ထိုတစ်ယောက်အား ရိုက်ပစ်ဖို့ ဟန်ပြင်လိုက်ပေမဲ့ ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဖိညှစ်ကာ ဆိုလာသည်။


"ကလေးတွေက အကြမ်းဖက်တာကို လွယ်လွယ် မလုပ်သင့်ဘူးလေ"


ရိချန်းလျန်က သူ့အား စိတ်ပျက်လက်ပျက် စိုက်ကြည့်လာပေမဲ့ နောက်ဆုံးမှာတော့ သူက ယွင်ဖန်း၏အိမ်တွင် ရှိနေတာဖြစ်တာမို့ မလှုပ်ရှားခဲ့တော့ချေ။


စုန့်ချွင် ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ကျွန်တော့်ကိုလာတွေခဲ့သေးတယ်။ သူ့ပုံက အရမ်း စိတ်ထိခိုက်နေသလိုပဲ"


စွင်းယွမ်က ပိုပြီးထိန်းမနိုင် သိမ်းမရဖြစ်လာကာ သူ့က ရန်စခြင်း၌ ပါရမီ ပါလာသည့်ပုံဖြင့် စိုးရိမ်စွာပြောလာ၏။


"ပြောင်ကောရေ…မင်း စုန့်ချွင်ကို လိုက်ခဲ့တုန်းက သူ့ကို အိမ်ခေါ်မလာဖူးပါဘူး။ အန်တီတို့ ဦးလေးတို့နဲ့ သွားတိုးမိရင် ဘယ်လိုလုပ်မလဲ?"


"မင်း ပြောတာ ပြီးပြီလား?"


ယွင်ဖန်းက သူ့အား အမူအယာမဲ့စွာ ကြည့်လိုက်၏။


စွင်းယွမ်က သူ့စကားကြောင့် ခဏလောက် နင်သွားခဲ့ကာ မူလက သူဘာပြောချင်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။


"‌မင်း ပြောပြီးပြီဆိုရင် ထွက်သွားပြီး တံခါးပါပိတ်ခဲ့"


ယွင်ဖန်းက ရိချန်းလျန်ကို ထိုင်ခုံဆီ ပြန် ဖိချလိုက်သည်။


ထို့နောက် သူက ထိုင်ခုံကိုပါ ဆွဲယူကာ ရူပဗေဒပုစ္ဆာကို ဆက်လုပ်တော့သည်။


စွင်းယွမ်က နေရာတွင် ရပ်နေဆဲပင်။ သူတို့အား ခဏလောက် စိုက်ကြည့်နေခဲ့ပြီး ဆက်၍ ရန်စရမလား မစရတော့မလားကိုပင် မသိတော့။


ယွင်ဖန်းက သူ တံခါးဝတွင် ရပ်နေဆဲဖြစ်သည်ကို ခံစားမိတာကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


" တခြား ဘာရှိသေးလို့လဲ?"


စွင်းယွမ်၏ မျက်နှာက ဝက်အသည်းနီးပါး နီရဲလာလေသည်။


"မင်း--"


"တစ်ခုခုရှိသေးရင်လည်း မပြောနဲ့တော့။ငါ့မှာ နားထောင်ဖို့ အချိန်မရှိဘူး"


ယွင်ဖန်းက ခေါင်းငုံ့ကာ ရွေးချယ်စရာတစ်ခု ပေးလိုက်လေသည်။


"အပြင်ထွက်တော့"


စွင်းယွမ်က သူ၏ အိမ်ခန်းငယ်ဆီ စိတ်ဆိုးစွာဖြင့် ပြန်လာခဲ့ကာ တံခါးကို အသံကျယ်သည်အထိ ဆောင့်ပိတ်ပစ်လိုက်၏။


ရိချန်းလျန်၏ ဒေါသကတော့ အင်္ဂလိပ်စာမေးခွန်းကို မြင်လိုက်ရချိန်ကတည်းကပင် လျော့ပါးသွားခဲ့ပြီးဖြစ် ဖြစ်သည်။ သူက စာပိုဒ်ဖတ်နေရင်းတစ်‌လျှောက်လုံး လျှာခလုတ်တိုက်မိနေကာ တည်ငြိမ်လျက်ရှိသည့် ယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ငါ့အထင် မင်းရဲ့ ပြောင်တိက--"


"ဟမ်?"


ယွင်ဖန်းက ဖော်မြူလာကိုမေ့နေတာကြောင့် ရူပဗေဒစာအုပ်ကို လှန်နေခဲ့တာပင်။


"သူက စုန့်ချွင်ကို ကြိုက်နေတာလား?"


ရိချန်းလျန်က အလေးအနက် မေးလာတာပင်။


"ဘယ်လိုလုပ်ပြီးတော့လဲ?"


ယွင်ဖန်းက ဖော်မြူလာကို ရှာတွေ့သွားကာ ရိုးရှင်းစွာ ချရေးလိုက်သည်။


"သူက ဝါကျသုံးခွန်းတိုင်းမှာ စုန့်ချွင်ကို ထည့်ပြောသွားတယ်လေ"


ရိချန်းလျန်က ဘောပင်ကို လှည့်ကစားနေရင်း


"သူ မင်းကို မနာလိုဖြစ်နေတာလား? သူက စုန့်ချွင်ကိုကြိုက်ပြီး စုန့်ချွင်က မင်းကိုကြိုက်တယ်။ ဒါပေမဲ့ မင်းက အရင်က စုန့်ချွင်ကို ငြင်းခဲ့ပြီး သူက စုန့်ချွင်အတွက် လက်စားချေပေးတယ် အဲ့လိုလား?"


"....."


ယွင်ဖန်း၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားရသည်။


"မင်း အားနေတဲ့အချိန်တွေမှာ အချစ်ဒရာမာတွေ နဲ့ တီဗွီရှိုးတွေ လျှော့ကြည့်သင့်နေပြီ"


"မင်းရဲ့အချစ်ရေးက တကယ်ကို ရှုပ်ထွေးတာပဲ"


ရိချန်းလျန်က ခေါင်းငုံ့ကာ ပထမဆုံးမေးခွန်းကို ကြည့်လိုက်တော့ ၎င်းက ယွင်ဖန်း၏ အချစ်ရေးထက်ပင် ပိုပြီး ရှုပ်နေသည်ကို တွေ့လိုက်ရတာကြောင့် သူက ခေါင်းလှည့်ကာ ယွင်ဖန်းကိုပြန်ကြည့်လိုက်၏။


"ဒါမှမဟုတ် မင်းအတွက် အဲ့ဒီမြေးလေးကို ရိုက်ပေးဖို့ အချိန်ရှာလိုက်ရမလား?"


"မင်းမှာ အဲ့လိုအချိန်ရှိတယ်ဆိုရင် ဘာလို့များ မေးခွန်းစာရွက်ကိုပဲ ကောင်းကောင်း မလုပ်တာလဲ?"


ယွင်ဖန်းက ဘောပင်ဖြင့် စားပွဲကိုခေါက်လိုက်ကာ


"ဒီ မေးခွန်းလွှာကို မပြီးရင် မင်း အိမ်ပြန်စရာမလိုဘူး"


ရိချန်းလျန်မှာ ခေါင်းပြန်ငုံ့လို့ မေးခွန်းတွေကိုဖြေရုံသာ တတ်နိုင်တော့လေသည်။


နာရီသံက တစ်ချပ်ချပ်မြည်နေကာ နေက တဖြည်းဖြည်းဝင်နေခဲ့ချေလေပြီ။


ရိချန်းလျန်က နောက်ဆုံးသော သင်္ချာမေးခွန်းလွှာစာရွက်ကို ပြီးသွားခဲ့ပြီဖြစ်တာကြောင့် ခေါင်းမော့လို့ အပြင်ဘက်ကောင်းကင် ကိုကြည့်လိုက်သည်။


"ငါ အိမ်ပြန်ရဦးမယ်"


ယွင်ဖန်းက ထရပ်လိုက်ကာ မေးခွန်းစာရွက်ကို ခေါက်လိုက်ပြီး ပြောလိုက်သည်။


"ငါ မင်းကို အိမ်ပြန် လိုက်ပို့ပေးမယ်"


ရိချန်းလျန်က သူ့အား အနည်းငယ် ထူးဆန်းစွာ ကြည့်လာ၏။


"မင်းက ဘာလို့ ငါ့ကို လိုက်ပို့မှာလဲ?*


ယွင်ဖန်းက စကားမပြောဘဲ ရိချန်းလျန်၏ စာရွက်များ ထည့်ပေးလိုက်ရန်  အံဆွဲကိုဖွင့်လို့ စာရွက်အိတ်ကိုယူလိုက်ပေမဲ့ စာရွက်အိတ်ကိုယူလိုက်ချိန်မှာပဲ အတွင်းထဲမှာ တစ်ခုခုရှိနေသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ခဏလောက်တန့်သွားခဲ့ကာ အတွင်းထဲမှ စာအိတ်ကို ထုတ်လိုက်လေသည်။


ယွင်ဖန်းက စာအိတ်ကို ဖိကြည့်လိုက်၏။ အတွင်းထဲရှိ စာရွက်အထူမှာ အတိုင်းအတာတစ်ခုထိရှိကာ သူက ချက်ချင်းတော့ ဖွင့်မကြည့်ခဲ့ပေ။ သို့ပေမဲ့ ထိုစာအိတ်အား ရူပဗေဒစာအုပ်ကြားထဲ ထည့်လိုက်ပြီး ကျောင်းလွယ်အိတ်ထဲ ပစ်ထည့်လိုက်၏။ ထို့နောက် နေ့လည်ပိုင်းက ရိချန်းလျန် လုပ်ပြီးထားသည့် မေးခွန်းစာရွက်များကို ထည့်သိမ်းလိုက်ပြီး သူ့ထံ စာရွက်အိတ်ကို လှမ်းပေးလိုက်သည်။


"သွားကြစို့"


ရိချန်းလျန်က တခြားသူများ၏ ကိစ္စကို စိတ်မဝင်စားပေ။ သူက ယွင်ဖန်းနှင့် 'ရင်းနှီးသည်' ဟု ပြောနိုင်ပေမဲ့လည်း  ကိုယ်ရေးကိုယ်တာ ကိစ္စထဲ ဝင်ပါခြင်းမှ ဝေးဝေးနေတတ်တာကြောင့် စာရွက်အိတ်ကို ယူလိုက်ကာ ဘာမှ မမေးလိုက်ပေ။


နှစ်ယောက်သားက တိုက်ခန်းဝင်းနှင့် ဆန့်ကျင်ဖက်ရှိ  ကားမှတ်တိုင် ဆိုင်းဘုတ်ရှိသည့် ဘတ်စ်ကားဂိတ်၏ အရိပ်ထဲ၌ ကားစောင့်နေခဲ့ကြ၏။


"လီခိုင်က ပြဿနာတက်မှာ ကြောက်တတ်တဲ့သူပဲ


ယွင်ဖန်းက တစ်နေ့လည်ခင်းလုံးရူပဗေဒလုပ်ခဲ့ရတာကြောင့် ခေါင်းကိုက်နေလေကာ သူ့အားတံတောင်ဖြင့် တိုက်လိုက်လျက် ဆက်ပြောလိုက်သည်။


"မင်း အိမ်မှာပဲနေပြီး လျှောက်ပြေးမနေနဲ့နော်။သူ မင်းကို တကယ်ဘာမှ မလုပ်နိုင်ဘူး"


"ငါသိပါတယ်"


ရိချန်းလျန်က စာရွက်အိတ်ကို ဖိညှစ်ထားကာ စကားပြောဖို့ တွန့်ဆုတ်နေ၏။


"ဝမ်းယိုဝေက အရူးကောင်ပဲ။သူနဲ့က ဖြေရှင်းဖို့တောင် မတန်ဘူး"


ယွင်ဖန်း နှုတ်ခမ်းစေ့လိုက်ကာ ရိချန်းလျန်ကို မကြည့်ခဲ့ပေ။ တကယ်တော့ ရိချန်းလျန်ကို သတိပေးနေသလိုဖြင့် သူ့ကိုယ်သူပါ သတိပေးနေခဲ့တာဖြစ်သည်။


"အဲ့လို လူတစ်ယောက်အတွက်နဲ့ မင်းကိုယ်မင်း မနစ်မြုပ်စေနဲ့"


မတန်ဘူး။


"ငါ သိပါတယ်"


ရိချန်းလျန်က စာရွက်အိတ်ကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းငုံ့လို့ အသစ်ခင်းထားသည့် ကတ္တရာလမ်းမကို စိုက်ကြည့်ရင်း ပြောလာသည်။


"ကျေးဇူးတင်ပါတယ်။"


ယွင်ဖန်းမှာ ခဏလောက် ကြောင်အမ်းသွားပြီးမှ ထို့နောက်မှာ ရယ်လိုက်လေတော့သည်


"ငါ့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ?"


"အဲ့ဒီနေ့က မင်းရုတ်တရက် ပေါ်လာပြီး ငါ့ကို မတားခဲ့ရင် ငါ ဝမ်းယိုဝေကို တကယ်ကြီး ဓားနဲ့ ထိုးလိုက်နိုင်တယ်”


ရိချန်းလျန်က သူ့ကို ကြည့်လာသည်။


"ငါသာ တစ်ယောက်ယောက်ကို သတ်ခဲ့မိရင် လူငယ်ထိန်းသိမ်းရေးစခန်းကို တကယ် သွားရလိမ့်မယ်”


သူ့ ဘဝက မည်သို့ဖြစ်လာလိမ့်မည်ကို တွေးတောင် မတွေးဝံ့ပါချေ။


"ငါ့ကို တားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”


ရိချန်းလျန်က အနည်းငယ် ခက်ခဲနေပေမဲ့ ရအောင် ပြောလာဆဲပါပင်။


"ငါ့မှာ သူငယ်ချင်းတွေ အများကြီး မရှိဘူး။ ဒါပေမဲ့ ငါ…ငါ မင်းကိုတော့ အရမ်း သဘောကျပါတယ်။"


ရိချန်းလျန်မှာ ပြောနေရင်းဖြင့် ယွင်ဖန်း၏ အပြုံးမျက်လုံးအောက်၌ တဖြည်းဖြည်း ကသိကအောက် ဖြစ်လာရသည်။


"ချီ! မင်း ငါ့ကို အဲ့လိုမျိုး မကြည့်နဲ့! ငါက သူငယ်ချင်းတွေကြား သဘောကျတဲ့ ပုံစံမျိုးကိုပြောတာ!"


"အမ်း၊ ငါသိပါတယ်"


ယွင်ဖန်းမှာ မထိန်းနိုင်စွာဖြင့် သူ့ခေါင်းကို ပွတ်လိုက်မိကာ ဖြေးဖြေးချင်းပြောလိုက်သည်။


"ငါကလည်း မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ရုံပါ"


ရိချန်းလျန်က စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့လက်ကို ဖတ်ခနဲ ရိုက်ထုတ်ပစ်လိုက်သည်။


"ငါ့ခေါင်းကို ထပ်ထိရဲရင်  မင်းလက်ကို ဖြတ်ပစ်မယ်!"


ယွင်ဖန်းက သူ့အမှန်တော့ ယောက်ျားတွေကို မကြိုက်ကြောင်း ကောင်စုတ်လေးကို ရှင်းပြရန် အားအင်များ ကုန်ခမ်းနေခဲ့ပြီးဖြစ်ကာ အချိန်ကိုက်ပင် ဘတ်စ်ကားကလည်း ရောက်လာခဲ့၏။ 


ရိချန်းလျန်ကားပေါ်တက်သွားသည်ကိုကြည့်ပြီးနောက်မှာ သူ အိမ်ပြန်လာခဲ့လိုက်တော့သည်။


စွင်းယွမ်၏ အိပ်ခန်းတံခါးက အမြဲ ပိတ်ထား၏။ ယွင်ဖန်း၌ သူနှင့် ဖြေရှင်းချင်စိတ် ရှိမနေပါချေ။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနှင့် သူက ကလေးတွေကို တကယ် မနှစ်သက်လှ။လှည့်စားရတာကြိုက်သည့် ကလေးတွေဆို ပိုဆိုးသည်။သူသဘောကျရသည့် တစ်ဦးတည်းသော ကလေးက ဘတ်စ်ကားဖြင့် အိမ်ပြန်သွားသူသာဖြစ်၏။


ဤအချိန်ကို အခွင့်ကောင်းယူကာ သူက နောက်ထပ် ဓာတုဗေဒမေးခွန်းလွှာကို လုပ်လိုက်ပြီး အဖြေတိုက်ကြည့်လိုက်ပြီးနောက် အဖြေလွှာပေါ်ရှိ အနီရောင်တောက်တောက် ကြက်ခြေခတ်များကို ကြည့်ရင်း အတွေးနက်သွားရတော့သည်။


အထက်တန်းကျောင်းသားကိုယ်ထဲရောက်နေသည့် သက်လတ်ပိုင်းဦးလေးကြီး အတွက်တော့ ဒါက ကြီးမားသည့် ထိုးနှက်ချက်ပင်။


ယွင်ဖန်းက ခဏလောက် ဓာတုဗေဒအဖြေလွှာကိုစိုက်ကြည့်နေခဲ့ပြီးမှ သူ့မျက်လုံးထောင့်မှနေ ရူပဗေဒစာအုပ်ကြားထဲ အညှပ်ခံထားရသည့် စာအိတ်ကိုတွေ့သွားကာ ဆွဲထုတ်လိုက်သည်။


စာအိတ်က အတော်လေး သာမာန်ဆန်၏။ လမ်းဘေးရှိ စတိုးဆိုင်မှ ဆယ်ယွမ်တန် ဆိုင်မှ အပုံလိုက်ဝယ်ခဲ့တာဖြစ်နိုင်သည်။ သူက စာအိတ်ထဲမှ အရာများကို သွန်ချလိုက်တော့ ဓာတ်ပုံတချို့နှင့် စာရွက်ခေါက်တစ်ခုက ဓာတုဗေဒအဖြေလွှာစာရွက်ပေါ် ပျံ့ကြဲကျလာ၏။


ဓာတ်ပုံအားလုံးထဲရှိ အဓိက ဇာတ်ဆောင်က စုန့်ချွင်ပါပင်။


တစ်ပုံတွင် စုန့်ချွင်က ကျောင်းဝတ်စုံဝတ်ထားကာ ကင်မရာဘက်သို့ လက်မထောင်ပြနေခဲ့ပြီး တောက်တောက်ပပ ပြုံးနေခဲ့သည်။ နောက်တစ်ပုံတွင် စုန့်ချွင်ကာ ခေါင်းငုံ့ကာစာရေးနေပြီး စာအုပ်အပုံလိုက်နှင့် ပြတင်းပေါက်တစ်ဝက်က နောက်ခံအဖြစ် ပါရှိလေသည်။ ဆယ်ကျော်သက်လေး၏ ဘေးတိုက်မျက်နှာက နေရောင်၏ ရွှေရောင်ပက်ဖြန်းပက်ခံထားရသည်။ ဓာတ်ပုံများထဲတွင် နောက်ကျောဘက်မှနေ၍ ရိုက်ထားသော တစ်ပုံလည်းရှိ၏။ သူက သစ်ပင်ကိုင်း၌ ချိတ်နေသော ပူပေါင်းကို ခုန်ယူနေခဲ့ကာ သူခုန်လိုက်သည့်တစ်ခဏတွင် အမိအရ ရိုက်ယူခဲ့တာဖြစ်ပြီး အနီရောင်တောက်တောက် ပူပေါင်းက ပြိုးပြိုးပျက်ပျက် လက်နေခဲ့၏။


ဓာတ်ပုံနောက်တွင်မူ ရက်စွဲများရေးထားကာ  အလယ်တန်းပထမနှစ်မှ တတိယနှစ်အထိ ဖြစ်လေပြီး ယွင်ဖန်း၏ အလယ်တန်းသုံးနှစ်လုံးကို ဖုံးလွှမ်း ထားခဲ့သည်ပင်။


ယွင်ဖန်းက ဤဓာတ်ပုံများကို ခဏလောက်စိုက်ကြည့်ကာ စာရွက်ခေါက်ပါးလေးကို ဖွင့်လိုက်၏။


စာရွက်က ဗလာဖြစ်သည်။


စာရွက်၏ အစပိုင်းနားတွင် ရှိနေသည့် စာရွက်အဖြူပေါ်၌ ဘောပင်ထိပ်ဖျားဖြင့်  ထောက်ခဲ့ခြင်းကြောင့် စွဲကျန်ရစ်သော အနက်ရောင် မှင်စက်တစ်စက်မှလွဲ၍ ဘာမျှမရှိချေ။


ယွင်ဖန်းသည် ယခင်တစ်ခေါက်က ရူပဗေဒစာအုပ်ကြား ညှပ်ထားခဲ့သော အုပ်စုဓာတ်ပုံကိုပါ ထုတ်ယူလိုက်ကာ ဓာတ်ပုံအားလုံးကို စာအိတ်ထဲ ထည့်လိုက်ပြီး စာရွက်ဗလာကိုလည်း ဂရုတစိုက်ခေါက်ပြန်ခေါက်လျှက်  မတိုင်ခင်က သေကြောင်းကြံစည်ခြင်းမှတ်စုနှင့်အတူ စာအိတ်ထဲ ထည့်လိုက်ကာ အံ့ဆွဲထဲထည့်ပြီး သော့ခတ်လိုက်တော့သည်။


°°°°°°


တနင်္လာနေ့၌ ယွင်ဖန်းက ဓာတ်ပုံထဲမှ အဓိကဇာတ်ဆောင်ကို လှေကားအောက်တွင် တွေ့လိုက်ရလေသည်။


စုန့်ချွင်က တိုက်ခန်းဝင်း၏ အပြင်ဘက်တွင်  ကျောင်းလွယ်အိတ် လွယ်လျက် ရပ်နေကာ သူ့ထံ လက်ဝှေ့ယမ်းပြလာသည်။


"ယွင်ဖန်း!"


ယွင်ဖန်းက စောင်းငဲ့ပင် မကြည့်ဘဲ သူ့ကို ဖြတ်လျှောက်သွားလိုက်သည်။  စုန့်ချွင်၏ အပြုံးက ဓာတ်ပုံထဲကနှင့် တစ်ထေရာတည်းပါပင်။


"အရင်ကလိုပဲ ကျောင်းအတူသွားကြရအောင်"


ယွင်ဖန်းက အမူအယာအများကြီး မပြလာပေ။


"ဘယ်တုန်းကဟာကို မင်းပြောတာလဲ?"


တကယ်တော့ သူ ယွင်ဖန်းကိုယ်ထဲမှာ နိုးလာစဉ်ကပင် စုန့်ချွင် သူနှင့်အတူ ကျောင်းသွားတာကို မမြင်ဖူးခဲ့ပေ။


စုန့်ချွင်၏  အပြုံးက တခဏတောင့်သွားခဲ့၏။


"ယွင်ဖန်း မင်းငါ့ကို စိတ်ဆိုးနေတုန်းပဲလား?"


ယွင်ဖန်းက ပြန်မဖြေပေ။


"မင်း အဲ့ဒီကိစ္စအပေါ် ဂရုစိုက်နေသေးတာဆိုရင် အဲ့ဒီအချိန်တုန်းက ငါ တကယ်ကို စိတ်ရှုပ်ထွေးနေခဲ့တာမို့ပါ။ ငါကျိန်နိုင်ပါတယ်!"


စုန့်ချွင်က လက်မြှောက်ကာ သူ့အားအလေးအနက်ကြည့်လာ၏။


"ငါတကယ်ကို မရည်ရွယ်ခဲ့ဘူး။ အဲ့ဒီအချိန်တုန်းက လူတွေအများကြီး ရှိနေလို့ ငါအဲ့လိုပြောခဲ့မိတာပါ.....ယွင်ဖန်း ဒီလို ထပ်မလုပ်ပါနဲ့တော့ကွာ…"


ယွင်ဖန်းက ခြေလှမ်းရပ်လိုက်ကာ အနည်းငယ် မျက်လုံးလွှဲနေသည့် စုန့်ချွင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။


"အဲ့ဒီတုန်းက ဘာဖြစ်ခဲ့တာလဲ? ငါ့ကိုပြော"


စုန့်ချွင်က စကားပြောဖို့ကို တုန့်ဆိုင်းနေခဲ့ပေမဲ့ ထိုအစား ယွင်ဖန်း၏လက်ကို အလျင်စလိုဆွဲကာ 


"ငါ့ကို ပုခုံးအေးစက်စက်ကြီး ထပ်မပေးပါနဲ့တော့။ စွင်းယွမ်က မင်း အတန်းတစ်ဆယ်က ရိချန်းလျန်ကို အိမ်ခေါ်လာတယ်လို့ပြောတယ်။ ငါကြားဖူးတာက သူ အလယ်တန်းတုန်းက တစ်ယောက်ယောက်ကို သတ်မိလုနီးပါးဖြစ်ခဲ့ဖူးတယ်တဲ့။ အဲ့လို လူမျိုးက မင်းကို လမ်းလွဲစေမှာမျိုးကို လုပ်ခွင့် မပြုနဲ့လေနော်"


ယွင်ဖန်းက သူ့လက်ကိုရှောင်လိုက်ကာ စိတ်မရှည်မှုအနည်းငယ်ဖြင့် 


"မင်းကို ငါကဘာလို့ လျစ်လျူရှုတယ်ဆိုတာကို အရင်ဆုံးပြော။ အဲ့လိုဆို ရိချန်းလျန်ရဲ့ ကိစ္စကိုပြောပြမယ်"


"ငါ...."


စုန့်ချွင်က တွန့်ဆုတ်နေသောပုံဖြင့် စက္ကန့်အနည်းငယ် တုန့်ဆိုင်းနေပြီးမှ အံ့ကြိတ်လိုက်သည်။


"ဟုတ်တယ်! မင်း ဒေါသထွက်တာကို ငါသိတယ်! ဘွဲ့ယူတဲ့နေ့မှာ လူတွေအများကြီးရှေ့ မင်းကို ရွံစရာကောင်းတဲ့ နှာဘူးကောင်လို့ မခေါ်လိုက်သင့်ဘူး။ မင်းကို သေသင့်တဲ့ ဂေးကောင်လို့​ မပြောခဲ့သင့်ဘူး! မင်းစိတ်ဆိုးနေသေးတယ်ဆိုရင် ငါ့ကို ပြန်ဆဲလိုက်! ငါ့ကို ရိုက်တာပဲဖြစ်ဖြစ် ဆဲဆိုကြိမ်းမောင်းတာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့အပေါ်အေးစက်နေတာကိုတော့ ရပ်ပေးပါတော့ ဟုတ်ပြီလား”


ယွင်ဖန်း နားလည်သွားပြီပင်။


သူက သူ့ကိုယ်သူနှင့် စုန့်ချွင်အား လက်ညှိုးထိုးကာ


"ဆိုတော့ မင်း ယွင်ဖန်းကို ကြိုက်လား?"


စုန့်ချွန် စိတ်လှုပ်ရှားသွားကာ သူ့၏ ထူးဆန်းသော စကားကို သတိမပြုမိခဲ့ဘဲ အံ့ကြိတ်လိုက်ပြီး ခေါင်းညိတ်လာ၏။ သူ့မျက်နှာက ရှက်သွေးဖြာနေလေသည်။


"ငါ မင်းကို ကြိုက်တယ်။ ဒီအတိုင်း၊ ဒီအတိုင်း ငါက နောက်ကျမှ သိခဲ့မိရုံပါ...."


"မင်း သူ့ကိုကြိုက်နေတာကို သဘောမပေါက်ခဲ့မိလို့ သူ့ကို ရွံစရာကောင်လို့ခေါ်တယ်။ နှာဘူးကောင်လို့ခေါ်ခဲ့တယ်ပေါ့?


ယွင်ဖန်က မေးလိုက်သည်။


စုန့်ချွင်က မျက်လုံးရဲတို့ဖြင့် ခေါင်းခါလိုက်ကာ


"ငါတောင်းပန်ပါတယ်"


"အရမ်းနောက်ကျသွားပြီ"


ယွင်ဖန်းက သူ့ရှေ့ရှိ ဆယ်ကျော်သက်လေးက သနားစရာကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်မိသည်။


တကယ့်ယွင်ဖန်းအစစ်က သေသွားတာကြာခဲ့ပြီဖြစ်ကာ နောက်ကျမှ ရောက်လာသည့် တောင်းပန်မှုကို လက်မခံလိုက်ရဘဲ စုန့်ချွင်ကတော့ သူ မည်သည့်အရာကို ဆုံးရှုံးသွားခဲ့မှန်း မသိနိုင်ခဲ့ပါချေ။


"မင်းက ယွင်ဖန်းရဲ့ သဘောကျမှုနဲ့ မတန်ဘူး"


သူက သက်ပြင်းချလိုက်သည်။ နောက်ဆုံးမှာတော့ ထို စာရွက်ခေါက်လေးထဲ ဘာ့ကြောင့် စာလုံးတစ်လုံးမှ မပါခဲ့ရသည့် အကြောင်းကို သူသိနိုင်ခဲ့ပြီပင်။