၅၉
Viewers 9k

သီချင်းက ရပ်တန့်သွားသည်။


ရှီရန်သည် ကောင်မလေးကို မော့ကြည့်ကာ သူမ၏အနောက်ဘက်တွင် စိုးရွံ့စွာ ကြည့်နေသော ရှီဝန်​ဖေးကိုကြည့်လေသည်။

သူမ ရုတ်တရက် သဘောပေါက်သွားသည်။

အမည် အခေါ်ခံရခြင်း(သို့)မေးခွန်းမေးခံရခြင်းတစ်ခုခုသာဖြစ်ခဲ့ပါကလည်း သူတို့၏အလုပ်သည် ချက်ချင်းရပ်စဲသွားမည်ဖြစ်ကြောင်း အစီအစဥ်က သတ်မှတ်ထားသည်။

"ဟဲလို" ရှီရန်က ညင်သာစွာ ပြုံးလိုက်သည်။ ထိုကောင်မလေးအ​ပေါ်ကို သူမ အပြစ်ပုံမချ​​ပေ။

ထိုကောင်မလေးက ဝမ်းသာအားရ အော်ဟစ်လုနီးပါးဖြစ်နေသော်လည်း သူမကိုယ်သူမ ချုပ်တည်းထားလိုက်သည်။ "ညီမ... အစ်မကို အရမ်းကြိုက်တာ။ သတိအချစ်ရှိသည်​မှာ အစ်မကိုကြည့်ဖူးလို့ ကြိုက်တာပါ။ ပြိုင်ကားမောင်းပြိုင်တာကိုလည်း အရမ်းကြိုက်တယ်။"

ကောင်မလေးသည် စိတ်လှုပ်ရှားမှုဖြင့် ဗလုံးဗ​ထွေး​ပြော​နေသည်။

သူမ၏အမာခံပရိတ်သတ်လေးကို နှစ်သိမ့်ပေးပြီးနောက် သူမ ထလာကာ ငွေရယူရန် မန်နေဂျာကို ရှာဖွေသည်။

ရှီဝန်ဖေးက နောင်တရ​နေသည့်ပုံစံဖြင့် ပြေးလာသည်။ "မမ၊ ညီမလေး တောင်းပန်ပါတယ်​နော်။ မမရဲ့ဗီဒီယိုကို အဲ့ဒီမိန်းက​လေးက ကြည့်နေတာကို​တွေ့လို့ မမကို ချီးကျူးလိုက်ရုံပါ။ မမကို သူမ မှတ်မိသွားမယ်လို့ ညီမ​လေးမထင်ထားဘူး။"

"အိုး?" ရှီရန်က သူမ၏လက်ကို ငွေရှင်း​ကောင်တာပေါ် တင်လိုက်သည်။

"ဒါဆို နင်က ငါ့ကို ဘယ်လိုချီးကျူးခဲ့တာလဲ ပြောပြပါဦး။"

"သူမက မမက ပြိုင်ကားမောင်းတာတော်တယ်လို့ပြောတယ်။ မမက စန္ဒယားတီးတာလည်း အရမ်းတော်တယ်လို့ ညီမပြောလိုက်တာ။ နောက်တော့ အမှတ်တမဲ့ မမကို ညီမ လှမ်းကြည့်မိလိုက်တယ်။ ညီမ တကယ်မရည်ရွယ်ပါဘူး..."

ရှီရန်သည် ရှီဝန်ဖေး၏ပျာယာခတ်နေသော အမူအရာကို ကြည့်ကာ သူမ၏မျက်လုံးများတွင် အေးစက်မှု ပြင်းထန်လာသည်။

သူမ လှောင်ပြုံးပြုံးလိုက်သည်။ "တကယ်လို့ နင်သာ အဲဒီမိန်းက​လေးကို ငါ အခု စန္ဒယားတီးနေတာလို့သာ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင်တောင် နင့်ကို ငါအ​ကောင်းမြင်​ပေးနိုင်ဦးမယ်။"

"ဒါပေမယ့် နင်က ငါ့ရှေ့မှာ လာလိမ်နေတာပဲ။ ကမ္ဘာပေါ်ကလူတိုင်းက ကျုံးယူဖန်လို နင့်ရဲ့လှည့်ကွက်တွေမှာ ကျရှုံးလာလိမ့်မယ်လို့ထင်နေတာလား"

[စာကြောင်းတစ်ကြောင်းတည်းနဲ့ လူနှစ်​ယောက်ကျိန်ဆဲတယ်။ တကယ့်ပရိုပဲ!]

[သေတာပဲ! ရှီဝန်ဖေးက ဒီတစ်နာရီအတွင်း သူမရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ ငွေရှာနေတယ်လို့ ငါထင်ခဲ့မိတာ။ လက်စသတ်​တော့ ဒီလိုဖြစ်နေတာကိုး။]

[ရှီဝန်ဖေးက အဲဒီပရိတ်သတ်နဲ့ စကားစမြည်ပြောနေတဲ့အချိန် ရှီရန်က စင်ပေါ်မှာရှိနေတယ်လို့ သူမရဲ့အကြည့်က ပြောပြနေတယ်။]

[ငါတို့ရဲ့မာစတာရန်က ဒီကြာပန်းဖြူရဲ့​ထောင်​ချောက်ဆင်ခံရတာ နစ်နာလွန်းတယ်။]

[အဲဒါက ငါ့ကို စိတ်ဆိုးစေတယ်!]

[ဝန်ဖေးကသာ ပွင့်ပွင့်လင်းလင်းပြုမူခဲ့မယ်ဆိုရင် အဲ့ဒါက ရှိုးပွဲကြောင့်လို့​တောင် ငါထင်ပေးနိုင်ဦးမယ်။]

[ချီးပဲ။ ရှီဝန်ဖေးကသာဒီလိုမညစ်ပတ်ရင်​ ရှီရန်ကို ဒီဝတ်စုံနဲ့ဘယ်​လိုမှတ်​မိနိုင်မှာလဲ။]

[အဓိပ္ပါယ်မရှိဘူး။ ရှီဝန်ဖေးက တကယ်သာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့မယ်ဆိုရင် ရှီရန်ကို ဘာကြောင့်တောင်းပန်ရမှာလဲ။]

[သူမက ကင်မရာတွေရှိတာကို သူမ သိတယ်။ဒါပေမဲ့ အခြားသူတွေကို တမင်တကာ ထုတ်ဖော်တယ်။ ဒါက လိုအပ်လို့လား။]

[ ငါက ရှီဝန်ဖေးရဲ့ပရိတ်သတ်တော့မဟုတ်ဘူး။ ရှီဝန်ဖေး ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ငါ မထင်ဘူး။]

မှတ်ချက်များတွင် ထင်မြင်ချက်ကွဲပြားနေသည်။

ကျုံးယူဖန်က တစ်ခုခုမှားနေသည်ကို မြင်လိုက်ရပြီး လမ်းလျှောက်လာသည်။

အခြေအနေကို နားလည်ပြီးနောက် သူက မျက်မှောင်ကြုတ်ပြီး "ရှီရန်၊ ဝန်ဖေးက ဒီလိုလူစားမျိုးမဟုတ်ဘူး။ သူမကို အမြဲတမ်းမ​ကောင်း​တဲ့အ​တွေး​တွေနဲ့ပဲ ထင်​ကြေး​ပေးမ​နေနဲ့" လို့ ပြောလိုက်သည်။

"ရှင်တို့ကုမ္ပဏီက စီးအီးအိုကိုရွေးတဲ့အခါ ဦးနှောက်ကို ကြည့်မ​ရွေးဘူး ဟုတ်တယ်မလား။" ရှီရန်က လှောင်လိုက်သည်။

သူမ တကယ်ကို ဒေါသထွက်လာသည်။

သူမတစ်ယောက်တည်းသာဖြစ်ပါက စိတ်အဆင်​ပြေမည်ဖြစ်သော်လည်း ယခု သူမသည် ချူးကျင်းချန်းနှင့်တစ်ဖွဲ့ထဲဖြစ်​နေသည်။

ရှီဝန်ဖေးသည် ပြိုင်ပွဲတွင် သူတို့၏ပုဂ္ဂိုလ်ရေးရန်ငြိုးကို ယူဆောင်လာပြီးနောက် အပြစ်ကင်းဟန်​ဆောင်နေသည်။

"ရှီရန်၊ မင်း မလွန်လာနဲ့တော့။" ကျုံးယူဖန်မျက်နှာ မည်းမှောင်သွားသည်။

"ကျွန်မနဲ့ ငြင်းခုန်နေရလို့​ကော ဘာထူးမှာလဲ။ ရှင်တို့ နှစ်ယောက်က ရှင်တို့ကို စုံတွဲအဖြစ် လူတိုင်းက လက်ခံပေးဖို့ ဒီရှိုးပွဲမှာ ပါလာတာကြောင့် ရှင်တို့အချစ်ကဲပြ​နေနိုင်တယ်။"

"စကား​ပြောတိုင်းမှာ ငါ့ကို မမကို ခေါ်ရ​အောင် ငါတို့က ရင်းနှီးလို့လား။ ပြီးတော့ ရှင်" သူမသည် ကျုံးယူဖန်ကိုကြည့်လိုက်သည်။

"ရှင်က ကျွန်မကို ဘာကိစ္စ လက်ချာလာရိုက်​နေတာလဲ။ ကျွန်မကို လာသင်ပေးဖို့ ရှင်ကထိုက်တန်တယ်လို့ ထင်နေတာလား"

ကျုံးယူဖန်နှင့်ရှီဝန်ဖေးတို့သာမက မှတ်ချက်ပေးသူများပင် ထိတ်လန့်သွားကြသည်။

[ဒါက ရှီရန်ဒေါသထွက်နေတာကို ရက်အတော်ကြာမှ ပထမဆုံးမြင်ဖူးတာပဲ။]

[ဒီနှစ်ယောက်က ဘယ်လောက်တောင်လွန်​နေပြီဆိုတာကို ပြလိုက်တာပဲ။]

[တတိယခင်​လေးကြောင့်ကော ဖြစ်နိုင်လား။ ရှီဝန်ဖေးက မာစတာရန်ကို ပစ်မှတ်ထားနေတာက အသိသာကြီး။]

[ဒါက ရသစုံရှိုးဖြစ်ရမှာကို။ သူတို့ဘာကြောင့် ဒီလောက်အလေးအနက်ဖြစ်နေကြတာလဲ။]

[ ဖေး​ဖေးက ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဒါက ရှိုးပွဲအတွက်ကြောင့်သာ သရုပ်​ဆောင်နေကြတာမလား။]

[ရှိုးပွဲအတွက်ကြောင့်လို့ပြောတဲ့သူတွေကအနည်းနှင့်အများ ဂေါက်​နေတာပဲဖြစ်မယ်။]

[ရှီရန်က အရမ်းသနားစရာကောင်းတယ်။ သူမဒီလို​ချောက်ချခံရတဲ့အပြင်ကို အ​လေးအနက်ထားလွန်း​နေတယ်လို့တောင် စွပ်စွဲခံနေရတုံးပဲ။]

"ဘာဖြစ်​နေကြတာလဲ?" ချူးကျင်းချန်းမန်နေဂျာနှင့်အတူ လမ်းလျှောက်လာပြီး ရှီရန်အနားတွင် ရပ်လိုက်သည်။ သူ၏အေးစက်သောအကြည့်များက ရှီဝန်ဖေးနှင့်ကျုံးယူဖန် အ​ပေါ်ကို ဖြတ်သန်းသွားသည်။

သူ့အ​ရောင်အဝါက ရှီဝန်ဖေးအတွက် သူ့အကြည့်ကိုဆုံမိရန်တောင် အလွန်အားပြင်းလွန်းလှသည်။

နောက်ဆုံးတွင် ကျုံးယူဖန်က သူသိသမျှကို အသေးစိတ်ပြောပြသည်။ အဆုံးတွင် သူက ထပ်​လောင်း​ပြောသည်။ "ရှိုးပွဲတွေမှာ အနိုင်အရှုံးတော့ ရှိမှာပဲ။ နောက်ပြီး ဝန်ဖေးက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။"

ချူးကျင်းချန်း၏နှုတ်ခမ်းပေါ်ရှိ အပြုံးသည် နက်ရှိုင်းလာပြီး သူ့မျက်လုံးထဲတွင် စူးရှသော အလင်းတန်း လင်းလက်လာသည်။

ရှီရန်က သူတို့နှစ်ယောက်နဲ့ ဆက်ငြင်းခုံရန် စိတ်ကူးမရှိပေ။ သူမက ချူးကျင်းချန်း၏လက်ကိုဆွဲပြီး အေး​အေးစက်စက် ပြောလိုက်သည်။ "သွားကြရအောင်။"

ချူးကျင်းချန်း ခဏတာ အံ့အားသင့်သွားသည်။သူ့လက်ကို ဆုပ်ကိုင်ထားသောသူမ၏လက်ကို ငုံ့ကြည့်လိုက်သည်။

သူ မျက်ခုံးပင့်လိုက်ပြီး နာခံစွာ ထွက်သွားသည်။

သူတို့နှစ်ဦးသည် ကုန်တိုက်တွင် အနားယူရန် နေရာတစ်ခုကို ရှာတွေ့ကြသည်။

ချူးကျင်းချန်းက ရှီရန်ကို ပြုံးပြလိုက်သည်။ "ဒါက မင်းဒေါသဖြစ်တာကို ပထမဆုံးဖြစ်ဖူးတာဘဲ။ မင်းပုံစံနဲ့တောင် မတူဘူး"

"အဲ့ဒါ ရှင့်ကြောင့်ဘဲလေ" ရှီရန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"ဟင်?" ချူးကျင်းချန်း အံ့ဩသွားသည်။

"ဆော်ရီး၊ ရှင့်ကိုပါ ဆွဲထည့်မိပြီ။"

ချူးကျင်းချန်း၏ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး ရယ်မောသံက သူ့လည်ချောင်းက​နေ လွတ်မြောက်သွားသည်။

"ဒါဆို ကျွန်​တော်ကို ငြိစွန်းမိတယ်ထင်လို့ မင်း ဒေါသထွက်နေတာလား"

"ဟုတ်တယ်။"

"ဒါဆို ကျွန်​တော်တို့ လက်တုံ့ပြန်သင့်လား" သူ တိတ်တိတ်လေး မေးသည်။

ကျုံးယူဖန်နှင့်ရှီဝန်ဖေး အလုပ်များနေသေးသည်။  ရှီရန်သည် အမှတ်မိခံရပြီး မစ်ရှင်ကို စောစီးစွာအဆုံးသတ်လိုက်သောကြောင့် ရှီဝန်ဖေးသည် နောက်ထပ်ဖျော်​ဖြေမှုမစ်ရှင်ကို ပြီးအောင်လုပ်ရတော့သည်။

ရှီဝန်ဖေးက ကျေနပ်စွာ ပြုံးပြရင်း ကော်ဖီဆိုင်က စန္ဒယားတီးသံနှင့်ပြည့်နက်​နေသည်။

ယခင်က ရှီရန်သည် တတိယသခင်​လေးကို အနားယူခိုင်းလို့ ရသေးသည်။ ယခု သူမသည် ယွမ် 100 သာ အများဆုံးရရှိပြီး ယနေ့မစ်ရှင်တွင် ရပ်စဲခံခဲ့ရသည်။

ညဘက်တွင်  ရှီရန်နှင့်တတိယသခင်​လေး တို့သည် သေချာပေါက် နောက်ဆုံးဖြစ်လိမ့်မည်။ ထိုအချိန်တွင် တတိယသခင်​လေးသည် ရှီရန်အပေါ် သူ၏ဒေါသကို သေချာပေါက် ပုံချပေးလိမ့်မည်။

ရှီရန်သည် တတိယသခင်​လေး၏ဒေါသကို ခံနေရဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

၎င်းကိုတွေးပြီး ရှီဝန်ဖေးက ပိုလို့တောင် ဝမ်းသာသွားသည်။

ထိုအချိန်မှာ ဧည့်သည်တစ်ယောက်က စင်ပေါ်ကို ရုတ်တရက် တက်လာသည်။

သီချင်းကို ရပ်တန့်ခိုင်းသည်။

ရှီဝန်ဖေး၏နှလုံးတစ်ချက်ခုန်သွားသည်။

'ငါ​တော့ အမှတ်မိခံရပြီလား? ရှီရန်က လုပ်ကြံလိုက်တာလား?'

အမျိုးသားဧည့်သည်က စန္ဒယားကို လက်ဖြင့် ကိုင်ပြီး "မင်း ဘာတွေတီးနိုင်လဲ။ ပိုခက်တဲ့သီချင်းကို ပြောင်းတီးကြည့်ရအောင်" လို့ မနှစ်သက်စွာဖြင့် ပြောသည်။

ရှီဝန်ဖေးစိတ်လျှော့ကျသွားပြီး ပြုံးပြလိုက်သည်။ "အို​ကေ။"

ထို့နောက် သူမသည် ပို၍ခက်ခဲသော သီချင်းကကို ပြောင်းလဲတီးသည်။

"မဟုတ်ဘူး" ဧည့်သည်က ထပ်ပြီး ဝင်နှောင့်ယှက်သည်။ "ဒီထက်ပိုမြန်တဲ့သီချင်းကို လိုချင်တာ"

ရှီဝန်ဖေးက အ​နေခက်စွာ ပြုံးပြပြီး သူမ၏သီချင်းကို ပြန်ပြောင်းလိုက်သည်။

သို့သော်လည်း ဧည့်သည်က မကျေနပ်သေးပေ။ ရှီဝန်ဖေး၏အမူအရာသည် ပို၍ရုပ်ဆိုးလာသည်။ သူမသည် ကျုံးယူဖန်ကို အကူအညီတောင်းရန် စတင်ရှာသည်။

ထိုအချိန်တွင် ကျုံးယူဖန်သည် အလွန်အလုပ်များနေသည်။

ကော်ဖီသောက်ချင်သည်ဟု ပြောသော်လည်း ကော်ဖီက အလွန်ခါးလွန်းသည် သို့မဟုတ် ချိုလွန်းသည်ဟု ညည်းညူနေသောဖောက်သည်တစ်ယောက်နဲ့ သူ ကြုံတွေ့နေရသည်။

သို့မဟုတ် စားပွဲက ညစ်ပတ်သည်ဟု ဧည့်သည်ကထင်နေပြီး တောက်ပြောင်သည်အထိ သူ့ကိုပွတ်တိုက်ခိုင်းစေချင်သည်။

ဤသည်မှာ တစ်ကြိမ်တည်းမဟုတ်ပေ။ တဖြည်းဖြည်းနဲ့ သူ့ကို အခက်​တွေ့​အောင်လုပ်​နေ​သောဧည့်သည်များ များလာသည်။ ကျုံးယူဖန်က ဟို​​နေရာ​ပြေးလိုက်ဤ​နေရာ​ပြေးလိုက်ဖြင့် ချွေးတသီကြီးစီးကျ​နေသည်။

သို့သော်လည်း ဧည့်သည်က မကျေနပ်သေးသဖြင့် မန်နေဂျာထံ တိုင်ကြားသည်။

ထိုအချိန်တွင် ရှီဝန်ဖေးအား ဧည့်သည်များက တေးသွားကို ပြောင်းတီးရန် ဆက်တောင်းဆိုကြသည်။ သူမသည် မန်နေဂျာကို လိုက်ရှာကြည့်သော်လည်း ရှာမတွေ့ခဲ့ပေ။

၎င်းကိုမြင်သောအခါတွင် တခြားဧည့်သည်များ တဖြည်းဖြည်း စုရုံးလာကြသည်။

ထိုအချိန်တွင် ရှီရန်ကို မှတ်မိခဲ့သော ပရိသတ်ကပြန်ရောက်လာသည်။ သူမက ရှီဝန်ဖေးဆီသို့ ဒေါသတကြီး လျှောက်လာသည်။

"နင်က ရှီဝန်ဖေးဟုတ်တယ်မလား?"

ရှီဝန်ဖေးတုန်လှုပ်သွားသည်။

ပရိသတ်က သူမကို တည့်တည့်လက်ညှိုးထိုး ပြသည်။ "နင် အရမ်းလွန်လွန်းတယ်။ ငါက တိုက်ရိုက်လွှင့်နေတာကို မကြည့်ဘူးဆိုတာပို နင်သိရဲ့သားနဲ့​တောင် ရှီရန်ကို ငါ မှတ်မိ​အောင်တမင်တကာလုပ်ပြီး သူမရဲ့မစ်ရှင်ကို ကျရှုံးစေခဲ့တယ်!"

"နင်ဘာလို့ ငါ့ကို ချက်ခြင်းစကားလာပြောနေပြီး ငါတို့စကား​ပြော​နေချိန် သူမကို ကြည့်​နေခဲ့တာလဲလို့ ငါသိချင်နေခဲ့တာ။ အဲဒါက နင် ရည်ရွယ်ချက်ရှိရှိလုပ်ထားတာဘဲ"

"ကျွန်မ... မလုပ်ပါဘူး" ရှီဝန်ဖေးက သူမ၏လက်ဝှေ့ယမ်းကာ ရှင်းပြသည်။

"ငြင်းဖို့ကြိုးစားနေတာလား။ ငါက ငအမလို့ထင်နေတာလား? ငါ ထွက်သွားတုန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ခဲ့ရင် ငါ ဒီကိစ္စကို သိမှာတောင်မဟုတ်ဘူး၊ ဇွတ်ပန်းနု​သွေးမကြီးရယ်။"

"ဧည့်သည်က ကျွန်မကိုတကယ်နားလည်မှုလွဲနေတာပါ။ မမကို ဧည့်သည် မှတ်မိမယ်လို့မထင်ထားပါဘူး..."

"နင် ငြင်းချင်သေးတာလား။ နင်က အမှတ်မိခံရ​အောင်စောင့်နေတာမဟုတ်ဘူးလား။ မန်နေဂျာက ဘယ်မှာလဲ" ပရိသတ်က အော်လိုက်သည်။