Ch-40 Unicode
ဆောင်းရာသီ၌ လော့ဟယ်ရွာတွင် လယ်ယာအလုပ်မရှိသောကြောင့် ချန်ချင့်သည် လက်ကိုင်ပုဝါပန်းထိုးခြင်း၊ ဆံထိုးဆံညှပ်များ ထွင်းခြင်းကဲ့သို့သော ရှုပ်ထွေးပြီး အချိန်ကုန်စေမည့်အရာများကို လုပ်လေ့ရှိသည်။
"မင်း ပန်းထိုးအပ်နဲ့ ထွင်းဓားတစ်ချောင်းကို ကိုင်လို့ရတာပဲ"
စွင်းတာ့ညန် သူ့အား ထောက်ကူပေးလိုက်သော်လည်း ချန်ချင့်က သူမအား ကူညီခွင့်မပေးဘဲ ထိုအစား သူ့ဘာသာ ခုန်လိုက်လေသည်။
ချန်ချင့် အပြုံးလေး ပျောက်ကွယ်သွားကာ စွင်းတာ့ညန်အား ပြောလိုက်၏။
"ဒါပေမယ့် ကျွန်တော်က အိမ်ထောင်ကျပြီးတာ ကြာပြီလေ.. ဒီလိုဆံညှပ်မျိုးကို ဘယ်လိုလုပ်ပြီး ၀တ်ဆင်နိုင်ပါ့မလဲ"
စွင်းတာ့ညန် သဘောမတူစွာဖြင့် : "မင်းက ကလေးပဲရှိသေးတာကွယ်"
ကျိုးယွမ်အိမ်မှ သူတို့အိမ်သို့ သွားရာတွင် လမ်းသွယ်လေးတစ်ခုသာရှိ၍ နွားလှည်းများ မဖြတ်သန်းနိုင်ပါပေ။ ထို့ကြောင့် သူတို့ နွားလှည်းရှိရာသို့ လမ်းလျှောက်နေရသေးဆဲ။ သို့သော်လည်း ယခုတော့ ကျိုးယွမ်က သူတို့အိမ်တံခါးဝတွင် စောင့်နှင့်နေပြီဖြစ်သည်။
ယနေ့ မတူကွဲပြားနေသော ချန်ချင့်ကို သူကြည့်လိုက်ကာ မျက်ခုံးပင့်မိသွားရလျက်။ ထို့နောက် စွင်းတာ့ညန်ထံမှ ချန်ချင့်ကို လှမ်းယူလိုက်ပြီး
"ဒေါ်ဒေါ် ကျွန်တော် လုပ်ပါရစေ"
စွင်းတာ့ညန်သည် ကျိုးယွမ်အား သူမ၏ မိသားစုဝင်သဖွယ် လုံးလုံးမှတ်ယူပြီးပြီဖြစ်ရာ ကျိုးယွမ်က ချန်ချင့်အား ကူညီပေးသည့်အခါ ထူးဆန်းသည်ဟု မထင်ခဲ့ချေ။
ချန်ချင့်လည်း သူ့ကိုယ်သူ စိတ်လျှော့ထားနှင့်ပြီးဖြစ်၍ ကျိုးယွမ်၏ ပခုံးပေါ်မှ အင်္ကျီစကို ဆွဲကိုင်ကာ သူ့အသက်ရှူသံကို အနည်းငယ် နှေးချလိုက်၏။
"မင်း ကိုယ့်ကို အရမ်းကြောက်နေတာလား"
ကျိုးယွမ် ခေါင်းလေးငဲ့ကာ သူ့အား မေးလိုက်သော်လည်း သူ့အသံထဲမှ အဓိပ္ပါယ်ကို ဖုံးကွယ်မထားနိုင်ပါချေ။
သို့သော်လည်း ချန်ချင့် ပြန်မဖြေနိုင်ခင်မှာပင် သူတို့ နွားလှည်းပေါ်ရောက်သွားချေပြီ။ ကျိုးယွမ်က ကိုယ်ကိုကွေးလိုက်ကာ ချန်ချင့်ကို နွားလှည်းပေါ် တင်ပေးလိုက်ပြီးနောက် စွင်းတာ့ညန်ဆီမှ ပစ္စည်းများကို ကူသယ်ပေးလိုက်သည်။
လော့ဟယ်ရွာရှိ ရွာသူရွာသားများ အိပ်ရာထရန် အချိန်တန်လေပြီ။ ကျိုးယွမ်က လှည်းကို မောင်းနေစဥ် ချန်ချင့်နှင့် စွင်းတာ့ညန်တို့က နံဘေးမှာ ထိုင်နေကြလျက်။ စွင်းတာ့ညန်က အိတ်ထဲမှ ပန်ကိတ်များကို ထုတ်ကာ ပြောလိုက်သည်။
"အားချင့်ရေ ကျိုးယွမ်အတွက် နှစ်ခုပေးလိုက်ဦး"
ချန်ချင့်လည်း အမူအရာမဲ့နေသော မျက်နှာဖြင့် စွင်းတာ့ညန်ထံမှ ပန်ကိတ်ကို ကျိုးယွမ် ဆီ ကမ်းပေးလိုက်သည်။ ကျိုးယွမ်က လက်တစ်ဖက်နှင့် နွားလှည်း၏ ဇက်ကြိုးကို ကိုင်ထားရင်း အခြားလက်တစ်ဖက်ဖြင့် ပန်ကိတ်ကို ယူလိုက်လေ၏။
ချန်ချင့်က သူ့ခံစားချက်ကို သိပြီးဖြစ်တာကြောင့် ချန်ချင့်အား စနောက်ချင်ပုံရသည်။ ချန်ချင့်၏ ဆန့်တန်းထားသည့် လက်ကို ကြည့်၍ သူ ပန်ကိတ်ယူလိုက်စဥ် သူ့လက်ချောင်းထိပ်ကလေးဖြင့် ချန်ချင့်၏ လက်ဖဝါးပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲလိုက်လေသည်။
ချန်ချင့်လည်း သူ့လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သော်လည်း သူ့ကိုယ်သူ အားနည်းလွန်းကြောင်း ခံစားမိပြီး ကျိုးယွမ်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်တော့သည်။
ကျိုးယွမ်က ချန်ချင့်၏ ပင်ကိုယ်စရိုက်ကို သိထားလေ၏။ သူ့အား ပိုကြာကြာစနောက်မိပါက သူ့ခေါင်းလေး ပြန်ကျုံ့ဝင်သွားပေလိမ့်မည်။ သူ့အား ယခုလို စူးစူးဝါးဝါး စိုက်ကြည့်သည်ကပင် သူ့အဖို့ ကြီးမားသော တိုးတက်မှုတစ်ခုနှယ်။
ကျိုးယွမ် ပန်ကိတ်စားပြီးသွားသည့်နောက် သူ့မျက်နှာကို တည့်တည့်သာထား၍ အာရုံလွှဲကာ လှည်းကို မောင်းနှင်လိုက်တော့သည်။
မြို့ထဲကိုရောက်သည့်နောက် ကျိုးယွမ်က သူတို့နှင့် လမ်းခွဲမသွားခဲ့ချေ။ စွင်းတာ့ညန်က ချန်ချင့်အား ထောက်ပံ့ပေးကာ ကျိုးယွမ်က တခြားဖက်မှ လျှောက်နေခဲ့ပြီး စွင်းတာ့ညန် ချန်ချင့်အား မထိန်းနိုင်သည့်အခါမှ အကူအညီပေးခဲ့သည်။
မူလက ယနေ့တွင် ဆောင်းဦးလလယ်ပွဲတော်အတွက် ပစ္စည်းတချို့ဝယ်ရန် သူ မြို့သို့လာခဲ့ခြင်းဖြစ်သည်။ ဘာပဲပြောပြော ဒါက ပွဲတော်ပဲဆိုတော့ အသားနည်းနည်းစားရမယ်လေ..
စွင်းတာ့ညန်သည် သားသတ်သမားထံမှ ဝက်ဗိုက်သားတစ်ပေါင်နှင့် အရိုးပေါင်များစွာ ဝယ်ယူလိုက်သည်။
ကျိုးယွမ်က သူမ၏ ခြင်းတောင်းကို ကူသယ်ပေးလိုက်ရင်း သူတို့ဝယ်ထားသော အရိုးများကို ကြည့်မိသွားကာ သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
"ဒေါ်ဒေါ် ဘာဖြစ်လို့ အသားမပါဘဲ ဒီအရိုးတွေချည်း ဝယ်ထားတာလဲ"
မိသားစုက အသားတစ်ပေါင်လောက်တောင် မတတ်နိုင်တော့တဲ့အထိ အခြေအနေဆိုးနေတာကြောင့်လားလို့ သူသိချင်နေမိလျက်။
ချန်ချင့် ပြန်မဖြေသဖြင့် စွင်းတာ့ညန်က သူ့အား ပြန်ဖြေလိုက်သည်။
"အားချင့်ရဲ့ ခြေထောက်က ထိခိုက်ထားတယ်လေ.. ဒါ့ကြောင့် စွပ်ပြုတ်ချက်ဖို့ ဒီအရိုးတွေကိုသုံးမှာ.. ဒါက အရိုးနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်လေ"
ကျိုးယွမ် မေးလိုက်သည် : "ဒါဆို ကျွန်တော်တို့ ဝက်လက်တွေရော မဝယ်သင့်ဘူးလား"
ချန်ချင့် သူ့အား အကြည့်တစ်ချက်ပေးလိုက်သည်။
ကျိုးယွမ်လည်း ဝက်သားပေါင်အနည်းငယ်ဝယ်လိုက်သည်။ ချန်ချင့်က သူ့ကို မော့ကြည့်လာသည့်အခါ သူပြောလိုက်လေ၏။
"ကျွန်တော် ဒေါ်ဒေါ့်ကို ဒုက္ခပေးစရာတစ်ခုရှိတယ်.. ဆောင်းဦးလလယ်ပွဲတော်အပြီး နှစ်ရက်အကြာမှာ ကျွန်တော်နဲ့အတူတူ ပြန်လာကြတဲ့ ရွာက ညီအကိုတချို့ကို ထမင်းတစ်နပ်ဖိတ်ကျွေးချင်လို့ဗျာ.. ကျွန်တော်က မချက်တတ်တော့ ဒေါ်ဒေါ့်ကိုပဲ ဒုက္ခပေးရတော့မှာ"
"ဒါက ဘာကိစ္စကြီးမို့လဲကွယ်"
စွင်းတာ့ညန် ချက်ချင်းပင် သဘောတူပြီးသားပင်။ ဒါက ထမင်းတစ်နပ်ချက်ဖို့ ကူညီပေးရုံလေးပဲဟာ..
"မင်းမိသားစုမှာ တစ်ယောက်မှမကျန်တော့ဘူးလား" စွင်းတာ့ညန် မေးလိုက်သည်။
"ဟုတ်တယ် ဘယ်သူမှမကျန်တော့ဘူး.. အရင်တုန်းက ကျွန်တော့်မှာ အဖွားတစ်ယောက်ရှိပေမယ့် သူမက ကျွန်တော့်ပြန်အလာကို မစောင့်နိုင်တော့ဘူးလေ.. ကျွန်တော်တစ်ယောက်တည်းပဲ"
ကျိုးယွမ်သည် ချန်ချင့်ကို ဝင်တိုက်ခံရခြင်းမှ ကာကွယ်ပေးရန် သူ့ကို အေးအေးဆေးဆေး ဆွဲထားလိုက်ပြီးနောက် စွင်းတာ့ညန်နှင့် စကားပြန်ပြောနေလိုက်သည်။
"ဟင်း အားလုံးက သနားစရာကောင်းတဲ့ ကလေးတွေပဲကွယ်"
စွင်းတာ့ညန် ရုတ်တရက် အကြံတစ်ခုရသွားပြီး
"ကျိုးယွမ် မင်း ငါ့ကို မင်းရဲ့ မွေးစားအမေအဖြစ် ဘာလို့မသတ်မှတ်လိုက်လဲ.. ဒီလိုဆို ငါတို့တွေ မိသားစုဖြစ်လာနိုင်ပြီပေါ့"
(ယောက္ခမတော်ချင်နေတာပါ အန်တီရဲ့ 😆)
ကျိုးယွမ် မပြောခင် ခေတ္တရပ်သွားလျက်။
"ကျွန်တော် ဒေါ်ဒေါ်နဲ့ တကယ်ပဲ မိသားစုတွေ ဖြစ်ချင်တာပါ.. အနာဂတ်မှာ အခွင့်အရေးတွေ အမြဲရှိနေဦးမှာ.. အခု အလျင်စလိုနေစရာမလိုပါဘူးဗျာ"
ချန်ချင့်၏နှလုံးမှာ သူ့လည်ချောင်းထဲမှ ခုန်ထွက်တော့မည့်အလား။ ကျိုးယွမ်က သူ့အမေကို တစ်ခုခုပြောလိုက်မှာကို သူကြောက်နေမိသည်။
စွင်းတာ့ညန် သူပြောတာကို ကြားသည့်အခါ ပြုံးရုံသာပြုံးနေလိုက်သည်။ အမှန်တကယ်တော့ သူမ ဒီတိုင်းပြောလိုက်ခြင်းသာ။
အကယ်၍ ကျိုးယွမ်သာ သူမကို သူ့၏ မွေးစားအမေအဖြစ် တကယ်လက်ခံလိုက်ပါက ရွာရှိလူတွေက သူ့နောက်ကျောကို ပုတ်ကြပေလိမ့်မည်။ အခုလိုကပဲ ကောင်းပါတယ်လေ...
အသားဝယ်ပြီးနောက် စွင်းတာ့ညန်က ချန်ချင့်အတွက် ဆောင်းတွင်းအဝတ်အစားနှစ်ထည် ချုပ်ပေးရန် အထည်စတစ်ချို့ ဝယ်ချင်နေမိသည်။ ကျိုးယွမ်ကလည်း အထည်စတစ်ချို့ဝယ်ချင်သည်ဟု ပြောလိုက်သည်။
အမှန်တကယ်လည်း သူသည် နွေရာသီအ၀တ်အထည် အနည်းငယ်သာ ယူလာခဲ့ခြင်းပင်။ လော့ဟယ်ရွာရှိ ဆောင်းရာသီအခြေအနေကို သူမသိတာကြောင့် ဆောင်းတွင်းအဝတ်အစားများကို မပြင်ဆင်ထားရသေးချေ။
သူတို့ အထည်ဆိုင်သို့ ရောက်သည့်အခါ ချန်ချင့်က ဆိုင်ထဲတွင် ထိုင်နေလိုက်ပြီး စွင်းတာ့ညန်က အထည်စသွားရွေးနေစဥ် ချန်ချင့်က ရောင်းသည့် လက်ကိုင်ပုဝါများကို ကြည့်နေလိုက်၏။
"အားချင့် ဒီဟာကြိုက်လား"
စွင်းတာ့ညန်က ချန်ချင့်အတွက် အထည်စရွေးပေးလိုက်သည်။ အစိမ်းရင့်ရောင်ဖြစ်၍ ချန်ချင့်လည်း စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်၏။
"အရောင်က နည်းနည်းမှောင်လွန်းမနေဘူးလား" ကျိုးယွမ် ပြောလိုက်သည်။
စွင်းတာ့ညန်က ချန်ချင့်၏ လက်ရှိအဝတ်အစားများကို တစ်ချက်ကြည့်လိုက်မိသည်။ ယင်းမှာ နက်ပြာရောင်ပင်။
သူ အိမ်ကိုရောက်ပြီးကတည်းက နက်ပြာရောင်နှင့် အစိမ်းရင့်ရောင် အ၀တ်အစားများကိုသာ ၀တ်ဆင်ပုံရလေသည်။ ချန်ချင့်က ၁၇နှစ် ၁၈နှစ် အရွယ်သာ ရှိသေးသော်လည်း အမြဲတမ်း ရင့်ကျက်ပုံပေါ်နေ၏။
ချန်ချင့် မျက်မှောင်ကြုတ်လျက်။
"အမေ ဒီတစ်ခုပဲ ယူကြမယ်လေ.. ဒီဟာဆို အညစ်အပေဒဏ်ခံနိုင်တယ်"
စွင်းတာ့ညန်သည် ဆိုင်ရှိ တောက်ပသော အထည်စများကို ကြည့်လိုက်ရာ လရောင်ဖြူအထည်တစ်စကို တွေ့လိုက်၏။ သူမစိတ်ထဲဝယ် ဒီအရောင်လေးဟာ ချန်ချင့်နဲ့ လိုက်ဖက်မယ်လို့ တွေးနေမိလျက်။
ချန်ချင့်လည်း ယင်းကို မြင်လိုက်သည့်အခါ အလျင်အမြန် ခေါင်းခါလိုက်ပြီး
"အမေ ဒီအရောင်က တောက်လွန်းတယ်.. အဆင်မပြေဘူး"
ကျိုးယွမ် စကားထပ်ပြောလာပြန်သည်။
"ကိုယ်တို့က လယ်လုပ်ဖို့အတွက် အဝတ်သစ်တွေကို ဝတ်မှာမှမဟုတ်တာ.. အားလပ်ချိန်မှာ အဝတ်သစ်တွေဝတ်ဖို့ ရည်ရွယ်ထားတာပဲမဟုတ်လား"
ချန်ချင့် ကျိုးယွမ်အား စိုက်ကြည့်မိပြန်သည်။
စွင်းတာ့ညန် တွေးနေမိလျက်။ ချန်ချင့်က အိမ်မှာနေတာ အရမ်းကြာပြီဆိုပေမယ့် တကယ်ပဲ တောက်တောက်ပြောင်ပြောင် အဝတ်အစားတစ်ခါမှမဝတ်ဖူးဘူးပဲ..
သူမလည်း အထည်အပိုင်းတစ်စလေးကိုသာ မဝယ်ရဲဘဲ အဝတ်အစားချုပ်ရန်အတွက် လုံလုံလောက်လောက် အထည်စကို တောင်းလိုက်လေသည်။ ချန်ချင့်က စွင်းတာ့ညန် ငွေရှင်းနေတာကို မြင်လိုက်ရသည့်အခါ အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။
တခြားအရောင်အထည်စများကို ဝယ်ယူပါက အကြွေ ၄၀၀ ၅၀၀ လောက်သာ ကုန်ကျမည်ဖြစ်သော်လည်း ဤအထည်ကမူ ၈၀၀ခန့်ကုန်ကျခဲ့ပြီး နှစ်ဆဈေးပိုကြီးလေသည်။
ချန်ချင့်လည်း စွင်းတာ့ညန်အား ကြည့်၍
"ဒါပေမယ့် အမေ ကျွန်တော် ခုထိ အရောင်တောက်တောက်အဝတ်အစားတွေ ဝတ်လို့မရသေးဘူးလေ"
သူသည် မုန့်ထောင်းအတွက် ဝမ်းနည်းပူဆွေးနေဆဲကာလတွင်ဖြစ်တာကြောင့် အရောင်တောက်တောက်အဝတ်အစားများကို မဝတ်နိုင်သေးချေ။
သို့ပေမယ့် စွင်းတာ့ညန် ပြောလာ၏။
"မင်းက အနီနဲ့ အစိမ်းပဲ ဝတ်လို့မရတာပါကွယ်.. လရောင်က တောက်ပေမယ့် ရိုးစင်းတာမို့ ပြဿနာမရှိဘူး"
ချန်ချင့် ငြင်းဆန်ချင်သော်ငြား စွင်းတာ့ညန်က နားမထောင်ပါပေ။
ဤနေရာ၌ ချန်ချင့် ထိုင်လို့အဆင်ပြေသည်ကို မြင်လိုက်သဖြင့် သူမက လမုန့်လုပ်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်အချို့နှင့် ဂျုံမှုန့်တချို့ကို သွားဝယ်လိုက်ဦးမည်ဟု ပြောသွားကာ ချန်ချင့်အား အထည်ဆိုင်မှာ ချန်ထားခဲ့လိုက်သည်။
စွင်းတာ့ညန် ထွက်သွားပြီးနောက် ချန်ချင့် သူ့အထည်စကို ကြည့်နေစဥ် ကျိုးယွမ်က အနက်ရောင်နှင့် မဲနယ်ပြာရောင် အထည်စနှစ်စကို ဝယ်လိုက်လေ၏။
ချန်ချင့် သတိပြန်ဝင်လာသည့်အခါ ကျိုးယွမ်က ငွေရှင်းပြီးသွားလေပြီ။ ချန်ချင့် နံဘေးမှာ အထည်စနှစ်စကို ချထားလိုက်၍ ချန်ချင့်က လန့်သွားပြီး
"ဒီအထည်စတွေကို ဘာလုပ်ဖို့ဝယ်တာလဲ"
"အဝတ်အစားချုပ်ဖို့လေ"
"ခင်ဗျား ချုပ်ထားပြီးသား အဝတ်အစားတွေကို ဘာလို့မဝယ်တာလဲ"
ချန်ချင့် အထည်စနှစ်စကို ကြည့်လိုက်ပြီး
"ခင်ဗျားက အဝတ်အစားကို ဘယ်လိုချုပ်ရမှန်းမသိဘဲနဲ့"
ချန်ချင့်သည် ချည်ထိုးအပ်ကိုင်ထားသော ကျိုးယွမ်၏ ပုံစံကို တွေးမိသွားကာ နည်းနည်းရယ်စရာကောင်းတယ်လို့ တွေ့ရှိလိုက်ရလေ၏။
"ကိုယ့်မှာ ကိုယ်ပိုင်နည်းလမ်းရှိပါတယ်ကွာ"
ကျိုးယွမ် ပဟေဠိဆန်ဆန် ကြည့်လိုက်သည်။
ချန်ချင့် ဘာမှပြန်မပြောခင်တွင် စွင်းတာ့ညန် ပြန်ရောက်လာလေပြီ။
"ကျိုးယွမ် မင်း ဘာလို့ ချုပ်ပြီးသားအဝတ်အစားတွေကို မဝယ်တာလဲ"
ကျိုးယွမ် ဝယ်ထားသည့် အထည်စများကို တွေ့လိုက်ရသဖြင့် သူမ အနည်းငယ်အံ့သြသွားရသည်။
"ဒေါ်ဒေါ် အဝတ်အစားတွေ ချုပ်နိုင်လား"
ကျိုးယွမ်က စွင်းတာ့ညန်ကို စကားပြောနေသော်လည်း သူ့မျက်လုံးတွေကတော့ ချန်ချင့်အား ကြည့်နေဆဲပင်။
"ငါက အသက်ကြီးပြီလေ.. မျက်လုံးတွေ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူးကွယ်.. အားချင့်ကတော့ အဝတ်အစားချုပ်တာ အတော်ဆုံးပဲ" စွင်းတာ့ညန် ဆိုလိုက်သည်။
ယခုအခါ ကျိုးယွမ်လည်း ချန်ချင့်အား ပြောင်ပြောင်တင်းတင်း ကြည့်လိုက်ကာ
"မင်း ကိုယ့်အတွက် အဝတ်အစားတွေ ကူလုပ်ပေးနိုင်မလား"
ချန်ချင့် ချက်ချင်း ခေါင်းခါလိုက်ပြီး
"မသင့်တော်ဘူးလေ"
သူ့နှလုံးသားထဲဝယ် ကျိုးယွမ်အား ကျိန်ဆဲနေမိလျက်။ ဒါက သူ့ရဲ့နည်းလမ်းပေါ့လေ...
xxx