Ch-19
Viewers 3k

Unicode


စုချီယွဲ့ ထန်ယဲ့ပစ္စည်းများကို ပြန်ကြည့်လိုက်ရာ အနက်ရောင်ခရီးဆောင်အိတ်တစ်လုံးကို တံခါးဝမှာတွေ့လိုက်ရသဖြင့် သူသယ်ပေးရန် လျှောက်သွားလိုက်သည်။ 


ထန်ယဲ့ ခြေတစ်လှမ်းကြိုစောသွားကာ 


"ဟုတ်တယ် အံ့သြသွားလား?" 


"ဟုတ် အရမ်းအံ့သြသွားတာဗျ" 


ပြီးတော့ ကြောက်လည်းကြောက်သွားရတယ်လေလို့... 


ထန်ယဲ့ ခရီးဆောင်အိတ်ကို ဒုတိယထပ်သို့ သယ်သွားခဲ့ပြီး ပတ်ပတ်လည်ကိုကြည့်၍ 


"လုပ်ထားတာမဆိုးဘူး!" 


"ချီးကျူးပေးလို့ ကောကောကိုကျေးဇူးပါဗျာ" 


စုချီယွဲ့က ပစ္စည်းကူသယ်ပေးချင်သော်လည်း ထန်ယဲ့က သိသိသာသာကို သူ့ကိုလုပ်ခွင့်မပြုခဲ့။ 


"မင်းက နေဖို့ အကောင်းဆုံးနေရာရှာလိုက်နော်။ ကျန်တာကို ကိုယ့်ဆီလွှဲထားခဲ့လိုက်" 


ထန်ယဲ့ အိပ်ခန်းသုံးခန်းကို လှည့်ပတ်ကြည့်ရှုပြီး နောက်ဆုံးတွင် မာစတာအိပ်ခန်းကို လက်ညှိုးထိုးပြကာ 


"မင်းဒီမှာနေလိုက်" 


"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒါက ထန်... အမ် ကောကော ဒီအခန်းမှာနေလိုက်နော်၊ ကျွန်တော်က ဘယ်နေရာမှာဖြစ်ဖြစ်နေနိုင်တယ်" 


"မင်းသေချာလား?" 


ထန်ယဲ့ မျက်ခုံးအနည်းငယ်ပင့်လျက် 


"တောင်ပေါ်က ဒီလိုတောအုပ်လေးတွေမှာ ညဘက်ဆို မှောင်ပိန်းနေတတ်တယ်၊ လေအေးတွေလည်းတိုက်ဦးမှာ။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဟိန်းဟောက်သံတွေလည်းရှိတယ်။ မင်းက ရေချိုးခန်းသုံးဖို့ အောက်ထပ်ပြေးဆင်းလာတဲ့အခါ ရုတ်တရက်မီးပြတ်သွားရင်... အမ်း ခံစားချက်က သိပ်မဆိုးဘူးပဲ" 


စုချီယွဲ့ သူပြောတာတွေကို ကြားလိုက်ရသည့်အခါ ဆံပင်ပင်ထောင်သွားသလိုခံစားလိုက်ရ၏။ 


"ဒါဆို ကျွန်တော် ကောရဲ့ ရေချိုးခန်းကို ငှားလို့ရမလား?" 


"မရဘူး" 


နောက်ဆုံးတွင်မူ စုချီယွဲ့သည် မာစတာအိပ်ခန်းထဲသို့ပြောင်းရွှေ့လိုက်ရပြီး ထန်ယဲ့က သူ့ဘေးနားရှိ ဧည့်ခန်းကို ရွေးချယ်လိုက်လေ၏။ 


စုချီယွဲ့ ပစ္စည်းများကို အထုတ်ဖြေပြီးနောက် အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။ ရုပ်ရှင်ဧကရာဇ်ထန်က သူနှင့်မလိုက်ဖက်သော အေပရွန်ကိုဝတ်ထားကာ မီးဖိုချောင်တွင် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။ 


စုချီယွဲ့ သူ့လက်ကိုအမြန်ဆေးကြောလိုက်ပြီး 


"ကျွန်တော်လာမယ်၊ ကျွန်တော့်ကိုလုပ်ခွင့်ပေး၊ ကောက စားဖို့ပဲ စောင့်နေနော်" 


သူသည် အရင်က ဖန်းပိုင်အား ထန်ယဲ့ကြိုက်နှစ်သက်သည်များကို မေးထားခဲ့ဖူးပြီး နောင်မှာ သူ့အပေါ် ပြန်ပေးဆပ်ချင်ခဲ့သော်ငြား အနှီအခွင့်အရေးမှာ ဒီလောက်မြန်မြန်ကြီးရလာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့။ သူ ဒါကို ကောင်းကောင်းကိုင်တွယ်ရမှာပေါ့! 


ထန်ယဲ့ သူ့ခေါင်းကို ပြင်းပြင်းထန်ထန်လှည့်လိုက်ရာ စုချီယွဲ့တစ်ယောက် သူ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပါတော့သည်။ 


သူ မြန်မြန် နောက်ခုန်ဆုတ်လိုက်ရင်း "တောင်းပန်ပါတယ်" 


ထန်ယဲ့ သူ့ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး သူ့ကို အလေးအနက်ပြောလိုက်သည်။ 


"ကိုယ့်ကို ဘယ်တော့မှတောင်းပန်စကားမပြောရဘူး" 


စုချီယွဲ့ အံ့အားသင့်သွားရလျက်။ ထန်ယဲ့ ၏ မျက်လုံးထဲတွင် ရိုးသားမှုနှင့် လေးနက်မှုတို့ အမှန်တကယ်ကိန်းအောင်းနေသည်မှာ သူတို့နှစ်ဦးဟာ တစ်ကယ့်စုံတွဲအစစ်အလား။ 


သူတို့နှစ်ယောက်က သိပ်မရင်းနှီးကြသေးဘူးလေ၊ အကြိမ်အနည်းငယ်ပဲတွေ့ဖူးသေးတာကို... ထန်ယဲ့က တကယ်ပဲ သရုပ်ဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်နော်၊ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က တအားကောင်းနေရောပဲ။ 


စုချီယွဲ့ စိတ်ငြိမ်ငြိမ်ထားလိုက်ကာ အားရပါးရပြုံးပြလိုက်ပြီး 


"ကောင်းပါပြီဗျ" 


ထန်ယဲ့ ကောင်လေးကို ဆိုဖာဆီတွန်းချလိုက်ပြီး TVရီမုဒ်ကို ရှာတွေ့သွားသည့်အခါ 


"မင်း ဘာတွေကြည့်လဲ? ကာတွန်းလား?" 


စုချီယွဲ့ တီဗီဖန်သားပြင်ပေါ်မှ "Boonie Bears"ကို ကြည့်လိုက်ပြီး ဆွံ့အသွားရလျက်။ 


"ကျွန်တော်က သုံးနှစ်သားမဟုတ်ဘူးလေ" 


ထန်ယဲ့လည်း ဤသည်မှာ ကျိုးကြောင်းဆီလျော်သလိုခံစားလိုက်ရသဖြင့် ခေါင်းညိတ်ပြကာ ချန်နယ်ကို စတင်ပြောင်းနေလေသည်။ 


စုချီယွဲ့ ကြည့်နေရင်း... သူ တစ်လိုင်းပြီးတစ်လိုင်းပြောင်းရှာနေတော့မှာလားလို့တွေးနေမိလျက်။ 


"ထန်လောင်... ကောကော... ကျွန်တော့်ဘာသာ ရီမုဒ်သုံးလို့ရပါတယ်" 


စုချီယွဲ့ ခေါ်လိုက်သည့် ကောကောစကားလုံးမှာ ကိုးရိုးကားယားဖြစ်သွားရ၏။ ထန်ယဲ့ကား ဇာတ်ဝင်ခန်းထဲမှာ အလွန်အမင်းနစ်ဝင်နေသည်ကြောင့် သူလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်လိုက်သည်။ တခြားသူတွေအပေါ် တာဝန်သိတတ်ရမယ်လို့ သူ့ကို ဘယ်သူပြောသွားတာလဲနော်? 


ထန်ယဲ့: "လောင်ကောကော? ကိုယ်က အသက်ကြီးနေပြီလား?" 


(T/N: သူက ထန်လောင်ရှီးလို့ခေါ်ချင်တာ၊ အဲ့လိုမခေါ်နဲ့ပြောထားတော့ တစ်ဝက်တစ်ပျက်နဲ့ ကောကောပြောင်းခေါ်လိုက်တာနော်၊ ဒီတော့ ထန်လောင်ကောကော ဖြစ်သွားတာပေါ့နော် 😆 လောင်ဆိုတာက အသက်ကြီးတဲ့သူတွေကိုသုံးကြတာဆိုတော့ 😂) 


စုချီယွဲ့: "ကောကောက အမြဲတမ်းငယ်နေတာပါဗျာ၊ အရမ်းချော အရမ်းမိမိုက်တာ၊ ကောင်းကင်ကြီးလောက်ချောမောတာပါဗျ!" 


ထန်ယဲ့ ရီမုဒ်ကို စုချီယွဲ့ဆီပေးလိုက်ပြီး 


"ညစာအဆင်သင့်ဖြစ်ရင် ကိုယ်မင်းကိုခေါ်လိုက်မယ်" 


"ကျွန်တော် ကူညီနိုင်ပါတယ်" 


စုချီယွဲ့ ကူညီပေးရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် နောက်ဆုံးတွင် ထန်ယဲ့၏ အလွန်နူးညံ့သိမ်မွေ့သောမျက်လုံးများအောက်တွင် ကြွေဆင်းသွားရပြန်သည်။ 


"ဒါဆို ဟယ်ဝမ်ကျောင်းနဲ့ တခြားသူတွေ..." 


စုချီယွဲ့က တခြားသူတွေကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာသင်ပေးပြီး ညစာလာစားခွင့်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ပြန်သတိရသွားလျက်။ အခု ထန်ယဲ့က ဒီမှာရောက်နေပြီဆိုတော့ သူတို့ကိုမခေါ်ဘူးဆိုရင် မကောင်းဘူးမလားဟင်? 


ထန်ယဲ့၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကွေးသွားလျက် 


"ဒါဆို ကိုယ်ချက်ပြုတ်လိုက်မယ်၊ မင်းက သူတို့ကို သွားခေါ်လိုက်လေ" 


စုချီယွဲ့ တွေးကြည့်ပြီးနောက် လုံးဝအဆင်ပြေသလို ခံစားလိုက်ရ၏။ လူများလေ ပိုအသက်ဝင်လေပဲလေ... 


"ဒါဆို ကျွန်တော် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ်၊ ပြီးရင် ကောကောကို ကူပေးမယ်နော်" 


[ဟား ဟား ဟား ရှောင်ကောကောက ဘာလို့ ဒီလောက်တုံးနေရတာလဲ? ငါ့ထန်ကောက ဒီရောက်နေပြီလေ၊ တခြားသူတွေက ဒီကိုလာဝံ့မှာတဲ့လားဟ] 


[စုချီယွဲ့ခေါင်းက မြည်းအကန်ခံလိုက်ရတာလား? လူနှစ်ယောက်တည်းကမ္ဘာဆိုတာ နင်နားလည်ရဲ့လား? ငါလေးဆွံ့အသွားပြီနော်] 


[ကောကောက တကယ်ချက်ပြုတ်တတ်တယ်ပေါ့၊ သူက တကယ်ကို အစွမ်းထက်လွန်းတာပဲနော်။ ငါ့ရဲ့ idol ဖြစ်ဖို့ ထိုက်တန်တယ်] 


[ကြည့်ကြပါဦး၊ ချိန်းတွေ့နေတယ်ဆိုတဲ့အကြောင်း စုချီယွဲ့ကို တစ်ယောက်ယောက်လောက် သွားသတိပေးကြပါဦးဟဲ့။ ငါသာ ထန်ယဲ့ဆိုရင် ဒေါသထွက်လို့သေလိမ့်မယ်] 


[အပေါ်ထပ်က တကယ်ပဲ စိတ်အလိုလိုက်လွန်းတာပဲနော်။ နင်က ထန်ယဲ့မဖြစ်နိုင်ပါဘူးဟယ်။ မင်းသားထန်က အရမ်းပျော်နေတယ်လို့ ငါထင်တယ်နော်] 


စုချီယွဲ့လည်း ပရိုဂရမ်အဖွဲ့ကို မေးမြန်းလိုက်ပြီး လူရှာရန် ပြေးလာခဲ့သည်။ သူတို့နှင့်အနီးစပ်ဆုံးမှာ အန်းလုနှင့် ဟယ်ဝမ်ကျောင်းတို့ဖြစ်သည်။ သူတို့အိမ်တံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထားပြီး ခြံထဲမှာ အန်းလုနှင့် ဟယ်ဝမ်ကျောင်းက ပေါင်မုန့်ထိုင်စားနေကြသည်။ 


"လောင်ရှီးတို့နှစ်ယောက် ညစာစားဖို့ ကျွန်တော့်နေရာကို သွားလိုက်ကြနော်။ ထန်လောင်ရှီး ချက်ပြုတ်နေပြီဗျ" 


အန်းလုနှင့် ဟယ်ဝမ်ကျောင်းက အလျင်အမြန် ခေါင်းယမ်းလိုက်ကာ 


"ဟင့်အင်း မလိုပါဘူး၊ ငါတို့ဗိုက်ပြည့်နေပြီ။ မင်းမြန်မြန်ပြန်သွားတော့လေ၊ ထန်လောင်ရှီးကို အကြာကြီးမစောင့်ခိုင်းနဲ့။ ငါတို့ ခဏနေရင် တောအုပ်ဘက်သွားကြမလို့၊ ဒါကြောင့် မင်းကိုဧည့်မခံတော့ဘူးနော်" 


စုချီယွဲ့ ဒီလိုမျိုး အရမ်းကိုတလေးတစားနှင်ထုတ်ခံလိုက်ရ၏။ သူက ဖန်းမင်ရွှီနှင့် ယန်ယွဲ့တို့ကိုရှာရန် ပြေးသွားလိုက်သော်လည်း အလားတူဆက်ဆံခံလိုက်ရလေသည်။ 


ဖန်းမင်ရွှီ သူ့ကိုပြန်လွှတ်လိုက်ကာ 


"မင်းမြန်မြန်ပြန်သွားတာပိုကောင်းမယ်နော်၊ ထုန်ယန်နဲ့ တခြားသူတွေလည်း သွားမှာမဟုတ်ဘူး" 


"ဘာလို့လဲဗျ?" 


ဖန်းမင်ရွှီ ခဏလောက်စဉ်းစားပြီး 


"ပြောရရင်တော့ ထန်ယဲ့နဲ့ ဘယ်သူမှအတူတူမစားချင်ကြဘူးပေါ့ကွာ" 


[ဝါး ဝါး ဝါး... စီနီယာဂီတအနုပညာရှင်ပဲ ဒီလိုပြောရဲတယ်ဟ] 


[သူတို့အားလုံးက ငါ့ထန်ကောကို ကြောက်နေကြတာလား?] 


[စုချီယွဲ့: ... စိတ်ရှုပ်ထွေးစွာကြည့်လျက်] 


ထန်ယဲ့က စုချီယွဲ့ကို ကြည့်လိုက်သည့်အခါ သူ့နောက်မှာ တစ်ယောက်မှမရှိကြောင်း တွေ့လိုက်ရ၏။ 


"မင်းသွားခေါ်တဲ့လူတွေရော ဘယ်မှာလဲ?" 


စုချီယွဲ့: "သူတို့က ကျွန်တော်နဲ့ အတူတူမစားချင်ဘူးလို့ပြောတယ်။ ကျွန်တော်က အရမ်းကြည့်ကောင်းတော့ သူတို့ နည်းနည်းရှက်နေတာဖြစ်မယ်ဗျ" 


ထန်ယဲ့: ... ကိုယ်ယုံတယ်။ 


အခြားဧည့်သည်များ: ငါတို့မပြောပါဘူးနော်!


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


စုချီယွဲ့: ဟေး၊ လူတိုင်းက သူနဲ့အတူတူမစားချင်ဘူးလို့ ထန်လောင်ရှီးသိသွားရင် ဝမ်းနည်းသွားလိမ့်မယ်။ 


ထန်ယဲ့: ကိုယ်မဖြစ်ပါဘူးကွာ!


xxx