Ch-24
Viewers 3k

Unicode


ကားသည် အပန်းဖြေစခန်းသို့ တောက်လျှောက်မောင်းလာခဲ့ပြီး ထန်ယဲ့ နှင့် စုချီယွဲ့တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုလည်း ပြန်ဖွင့်ထားလိုက်လေပြီ။ 


တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထန်ယဲ့နှင့် စုချီယွဲ့တို့ ဘေးကင်းစွာ ပေါ်ထွက်လာသည်ကို လူတိုင်းတွေ့လိုက်ရသောအခါ ဝမ်းသာအားရ ငိုကြွေးကြတော့သည်။ 


[ဝူး ဝူး ဝူး ဘာမှမဖြစ်လို့တော်ပါသေးရဲ့။ ငါအရမ်းကြောက်နေခဲ့တာ] 


[ငါ ခုနက screen recordingကို ပြန်စစ်ကြည့်လိုက်တော့လေ စုချီယွဲ့ ကျိန်ဆဲထားတဲ့အပိုင်းက အရမ်းရယ်စရာကောင်းတာပဲဟ] 


[ငါ့ရဲ့ စုရှင်းထန်က အစစ်အမှန်ပဲ၊ ရဲရင့်ပြီး အခက်အခဲတွေကို မကြောက်ဘူး!] 


ထန်ယဲ့ နှင့် စုချီယွဲ့ ကားပေါ်မှဆင်းလိုက်ကာ ဝန်ထမ်းများနှင့်အတူ ဝယ်လာသည့်ပစ္စည်းများကို သယ်ထုတ်လိုက်သည်။ 


"လူတိုင်းကို ခွဲဝေပေးလိုက်ပါ" 


ထန်ယဲ့ ပြောလိုက်ကာ သူနှင့် စုချီယွဲ့တို့၏ ဝေစုကို ယူပြီးနောက် စုချီယွဲ့ကို ဆွဲခေါ်သွားကာ ဆက်မောင်းသွားခဲ့သည်။ 


ယခုတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက် တခြားဘယ်မှမသွားတော့ဘဲ မြစ်ဆီသို့ ဦးတည်သွားခဲ့သည်။ 


ရှိုးရိုက်နေသည်ဖြစ်သောကြောင့် ဤနှစ်ရက်အတွင်း သစ်တောခြံနှင့် အပန်းဖြေစခန်းတစ်ခုလုံးတွင် ခရီးသွားများမရှိကြ၊ တာ့ယန့်တောင်အောက် တာ့ယန့်မြစ်အနီးအနားတွင် လူအများကြီးရှိမနေပေ။ 


စုချီယွဲ့ သူတို့ယူလာသမျှကိုကြည့်ပြီး 


"အသားကင်ရအောင်" 


"အိုကေ" 


သူတို့နှစ်ယောက်ပြောသည့်အတိုင်း စုချီယွဲ့က အသားကင်ရန် ပစ္စည်းများကို နေရာချစဥ် ထန်ယဲ့က မီးသွေးအသားကင်ဖိုကိုဆင်လိုက်သည်။ 


နှစ်ယောက်လုံး ပြင်ဆင်လှုပ်ရှားကြသည်မှာ အလွန်မြန်ဆန်ကြ၍ မကြာမီ အမဲသားနှင့် သိုးသားတံစို့များ အသားကင်ဖိုပေါ်တွင် ပေါ်လာပြီး ဟင်းခတ်အမွှေးအကြိုင်များဖြူးလိုက်သဖြင့် အနံ့မွှေးကြိုင်လာလေ၏။ 


"ခင်ဗျားလုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက တကယ်ကောင်းလိုက်တာဗျာ၊ အသားကင်ဆိုင်ထက် လုံးဝမညံ့ဘူး" 


စုချီယွဲ့ ရက်ရက်ရောရော ချီးကျူးလိုက်ကာ 


"ခင်ဗျားပြောတော့ ပိတ်ရက်တွေမှာ ဒါတွေလုပ်ဖို့ အခွင့်အရေးမရှိဘူးဆို၊ ခင်ဗျား ဘာမဆိုလုပ်နိုင်တယ်လို့ ကျွန်တော် ဘာလို့ခံစားနေမိတာလဲနော်?" 


ထန်ယဲ့ ဟင်းခတ်အမွှေးအကြိုင်သုတ်လိမ်းနေလျက်။ စုချီယွဲ့ မေးလာသည့်အခါ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး 


"အစားအသောက်နဲ့ အဝတ်အစားတွေ လုံလုံလောက်လောက်ရဖို့ ကိုယ့်အားကိုယ်ကိုးရမယ်လေ" 


"ခင်ဗျားပြောတာမှန်တယ်" 


စုချီယွဲ့ အသားကင်တံများကို လှန်လိုက်ပြီး ကျက်သွားပြီးဖြစ်သောအသားကင်တံကိုယူကာ လေမှုတ်ပြီးနောက် ထန်ယဲ့ပါးစပ်ဆီသို့ ကပ်ပေးလိုက်၏။ 


"မြန်မြန်မြည်းကြည့်" 


ထန်ယဲ့က သူ့၏ စိတ်အားထက်သန်နေသော မျက်လုံးများကို ကြည့်ပြီး 


"အရသာရှိတယ်" 


စုချီယွဲ့ အလွန်ပျော်ရွှင်သွားကာ စတင်စားသောက်ပါတော့သည်။ 


သူက ထန်ယဲ့စားသလိုမျိုး ကြော့ရှင်းမနေပေ။ အသားကင်တံတွေစားနေတာလေ၊ သင့်လျော်တဲ့ ကိုယ်နေဟန်ထားရှိရမှာပေါ့လို့... 


ထန်ယဲ့လည်း ပျော်ရွှင်စွာ စားသောက်နေသော စုချီယွဲ့ကို ကြည့်၍ သူ့နှုတ်ခမ်းထောင့်များ မြင့်တက်လာလေ၏။ 


တောင်တန်းများကို နောက်ခံအဖြစ်ထား၍ မြစ်ရေက ခြေဖဝါးအောက်မှာ စီးဆင်းနေလျက်၊ နေရောင်ခြည်က မြစ်ရေမျက်နှာပြင်ပေါ်မှာ တောက်ပနေပြီး မြစ်ရေမျက်နှာပြင်ကို ရွှေရောင်အလွှာဖြင့် လွှမ်းခြုံထားသည့်နှယ်။ 


လူနှစ်ယောက်က နေရောင်ခြည်ဖြင့် နွေးထွေးနေသော ကျောက်စရစ်ခဲများပေါ်တွင် ထိုင်နေပြီး တစ်ယောက်ကိုတစ်ယောက် ကျွေးမွေးနေကြကာ စားသောက်ရင်း ရယ်ရယ်မောမော စကားစမြည်ပြောနေကြ၏။ မြင်ကွင်းမှာ နွေးထွေးပြီး လှပလွန်းနေလေရဲ့။ 


စုချီယွဲ့ ပါးစပ်မှာ ဇီယာစေ့တစ်စေ့ ကပ်နေတာကြောင့် ထန်ယဲ့လည်း သဘာဝကျကျပင် သူ့အတွက် သုတ်ပေးလိုက်သည်။ 


စုချီယွဲ့ သူ့ပါးစပ်ထောင့်စွန်းမှာ တရွရွဖြစ်သွားသည်ကိုသာ ခံစားလိုက်ရပြီး ခဏတဖြုတ် အံ့အားသင့်သွားရလျက်။ ထန်ယဲ့၏ လက်ချောင်းအထိအတွေ့ဟာ သူ့နှုတ်ခမ်းပေါ်မှာ ကျန်နေသေးပုံရသည်။ ထို့နောက် သူက ချက်ချင်းပြုံးလိုက်ကာ 


"ခင်ဗျားကတော့ အရည်အချင်းပြည့်ဝတဲ့ချစ်သူကောင်လေးပါပဲဗျာ" 


"ဒီနေ့အတွက် ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်..." 


ထန်ယဲ့ တောင်းပန်လိုက်သည်။ 


စုချီယွဲ့ လက်ကိုဆန့်၍ သူ့ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး မျက်ခုံးတွေကိုဖြေလျော့လျက် 


"ပြေးနေရင်တောင် ခင်ဗျားနဲ့အတူတူပြေးရတာ ချိုမြိန်တယ်ဆိုတာ ခင်ဗျားသိရမယ်နော်" 


[အား အား အား ဒါက ဘယ်လိုတောင်ပြီးပြည့်စုံတဲ့ CPလေးလဲလို့ ! ! ! ] 


[ဖာ့ခ် ဖာ့ခ် အရမ်းချိုတာပဲ၊ ငါ့ကိုသတ်နေကြပြီဟ] 


[Kswl kswl၊ ကျေးဇူးပြုပြီး ဒီနေရာမှာပဲ လက်ထပ်လိုက်ကြပါတော့!] 


နောက်တစ်နေ့မနက်စောစောတွင် ပရိုဂရမ်၏ ပထမပိုင်းရိုက်ကူးမှုပြီးစီးသွားချေပြီ။ စုချီယွဲ့နှင့် ထန်ယဲ့တို့က အခြားဧည့်သည်အဖွဲ့တွေ ဘယ်လိုနေထိုင်ကြသလဲဆိုသည်ကို ဂရုမစိုက်ကြချေ။ 


တိုတိုပြောရရင် ထန်ယဲ့အတွက်တော့ ဒီခရီးစဉ်က အတော်လေးကျေနပ်အားရစရာကောင်းခဲ့ပြီးတော့ နောက်အပိုင်းကို စောင့်မျှော်နေပြီလေ။ 


လူတိုင်း အသီးသီးအလုပ်ရှိကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ 


စုချီယွဲ့သည် ထန်ယဲ့က သူနှင့် လေယာဉ်တစ်စီးတည်းဖြစ်နေမှန်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားရလျက်။ 


"ခင်ဗျား ရုပ်ရှင်သွားမရိုက်ရဘူးလား? ပြီးသွားပြီလားဟင်?" 


"မပြီးသေးဘူး၊ မကြာခင်ပေါ့" 


ထန်ယဲ့ ဆက်ပြောလိုက်၏။ 


"ကိုယ်အိမ်ပြန်ပြီး ကိုင်တွယ်ရမယ့်ကိစ္စတွေရှိသေးလို့" 


လေယာဉ်ပေါ်တက်ပြီးနောက် ကျန်းဇီဖင်းလည်း သူတို့ဘေးမှာ ထိုင်နေသည်ကို စုချီယွဲ့ တွေ့ရှိလိုက်ရသည်။ 


ထန်ယဲ့ရောက်ပြီးနောက် သူသည်လည်း ကျန်းဇီဖင်းကို သိပ်အာရုံမစိုက်ဖြစ်ပေ။ သူ့အပေါ် အကြမ်းဖျင်းထင်မြင်ချက်သာရှိပြီး စုချီယွဲ့နောက်ကိုလိုက်ဖမ်းတဲ့သူတွေ ဘယ်လိုပုံစံရှိသလဲဆိုတာကို သူ မေ့နေခဲ့တာကြာပြီလေ။ 


ကျန်းဇီဖင်းက ယခုကဲ့သို့ စုချီယွဲ့ကို စိုက်ကြည့်နေသည်ကို ထန်ယဲ့မြင်လိုက်ရသည့်အခါ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး 


"မင်း သူ့ကို ကြိုက်နေတာလား?" 


တစ်ယောက်ယောက်ကို သဘောကျနေမှ ဒီလိုပုံစံနဲ့ ကြည့်နေမှာလေ။ ပြီးတော့ သူ(JZP)က စုချီယွဲ့ကို မချစ်ရဘူး ဒါမှမဟုတ် တစ်ခုခုကိုမလုပ်ရဘူး ပြောထားတာကို သူ(TY)ပြန်မှတ်မိသွားပြီ။ 

ကျန်းဇီဖင်း အရူးအမူး ခေါင်းခါလိုက်၏။ 


"ကျွန်တော်က သူ့ကို ဘယ်လိုလုပ်ကြိုက်နိုင်မှာလဲ?" 


"အိုး အချစ်မဟုတ်ဘူးပေါ့?" 


ထန်ယဲ့ သဘောပေါက်သွားလေပြီ။ 


ကျန်းဇီဖင်း အသက်ပြင်းပြင်းရှုလိုက်ရပြီး 


"ထန်လောင်ရှီး စုချီယွဲ့က ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားသိရဲ့လား?" 


ထန်ယဲ့ : "ငါ ကောင်းကောင်းသိတယ်ထင်တယ်" 


"ခင်ဗျား မသိပါဘူး၊ သူက အမှိုက်ကောင်၊ ပလေးဘွိုင်းပဲ။ သူ့ရဲ့ အကျိုးအမြတ်အတွက် နေရာတိုင်း ပရော်ပရည်လုပ်နေတာ!" 


ကျန်းဇီဖင်း ခါးခါးသီးသီးပြောလိုက်သည်။ 


စုချီယွဲ့ နားထောင်ရတာ မပျော်တော့ပေ။ 


"ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲမယ်!" 


ကျန်းဇီဖင်း သူ့ကို စူးစိုက်ကြည့်ပြီးနောက် ထန်ယဲ့ကို စိတ်ရင်းမှန်ဖြင့် ပြောလာပြန်သည်။ 


"ထန်လောင်ရှီး အချိန်ရှိလားမသိဘူး၊ ကျွန်တော့်သူငယ်ချင်းတချို့က ခင်ဗျားကိုတွေ့ချင်နေတာ။ ခင်ဗျား တကယ် စုချီယွဲ့နဲ့ အတူရှိလို့မရဘူးနော်။ သူက ခင်ဗျားကို ထိခိုက်စေလိမ့်မယ်" 


စုချီယွဲ့ : "ငါ အသံသွင်းထားတယ်နော်။ နောက်ကျ မင်းကို တရားစွဲပစ်မယ်" 


ကျန်းဇီဖင်း ပါးစပ်ပိတ်လိုက်ကာ ထန်ယဲ့ကိုသာ ဆက်ကြည့်နေလျက်။ 


ထန်ယဲ့ : "မင်းကဒီလိုပြောလာတော့... ဒီတော့ ငါလည်း တခါတည်းပြောလိုက်မယ်၊ ငါကိုယ်တိုင်က သူ့ကြောင့် ထိခိုက်နာကျင်ရလည်း ဆန္ဒရှိတယ်လို့" 


ကျန်းဇီဖင်း : ... ဒါက မျှော်လင့်ချက်မရှိတော့ဘူးဟ! 


လမ်းတစ်လျှောက်လုံး ကျန်းဇီဖင်းမျက်နှာမှာ သူ့အသက်အရွယ်နှင့် မလိုက်မဖက် ဝမ်းနည်းနေပြီး သက်ပြင်းအခါခါချနေလျက်။ စုချီယွဲ့ ထပ်ပြီးသည်းမခံနိုင်တော့ပေ။ 


ထန်ယဲ့ပဲ အမြဲတမ်း ကိစ္စများကိုကိုင်တွယ်နေရသည်ကို မြင်သောအခါ စုချီယွဲ့က ကျန်းဇီဖင်းနှင့် စကားပြောရန် သွားလိုက်သည်။ 


"ငါပြောမယ် မင်း မပင်ပန်းဘူးလား?" 


စုချီယွဲ့ ဆက်ပြောလိုက်၏။ 


"မင်း ငါ့ကို ဘာလို့အရမ်းမုန်းနေလဲဆိုတာ ငါမသိဘူး။ မင်းမျက်လုံးတွေက မုန်းတီးမှုတွေပြည့်နေတာပဲ။ ငါ မင်းကို ပြောလိုက်ပါဦးမယ်၊ မင်းက အသက်ငယ်သေးတယ်၊ ရှေ့ဆက်ရမယ့်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လဲရှိတယ်၊ ဘယ်ဟာက ပိုအရေးကြီးသလဲ။ ပစ္စည်းတစ်ခုခု၊ လူတစ်ယောက်ယောက်ကို ငြိတွယ်နေစရာမလိုဘူးလေ၊ မင်း မပင်ပန်းဘူးလား? တစ်ခါတလေ မင်း သင့်လျော်တဲ့အချိန်မှာလွှတ်ချလိုက်ရင် မင်းရဲ့စိတ်လည်း ပွင့်သွားလိမ့်မယ်။ တစ်ခါတလေ မင်းက တစ်ခုခုအပေါ်မှာ ဆုပ်ကိုင်ထားရင် မင်းရဲ့ မူလလမ်းကြောင်းလည်း ပြောင်းလဲသွားလိမ့်မယ်နော်" 


ကျန်းဇီဖင်းက သူ့စကားများကို တွေးကြည့်လိုက်သည့်အခါ ဤစကားတွေထဲမှာ အမှန်တရားတချို့ရှိနေကြောင်း ခံစားလိုက်ရသော်ငြား စုချီယွဲ့ ဆက်ပြောလာခဲ့သည်။ 


"ဥပမာပြောရရင်ကွာ မင်း မနက်ဖြန် ၅ သန်းဆုပေါက်နိုင်တယ်ဆိုပါစို့၊ ဒါပေမယ့် ဒီနေ့ မင်း ငါနဲ့ရန်ဖြစ်ပြီး စိတ်တိုလွန်းလို့ မနက်ဖြန် မင်းနေမကောင်းဖြစ်သွားတယ်ပေါ့၊ ပြီးတော့ မင်းရဲ့ ထီထိုးမယ့်အစီအစဉ်လည်း ပျက်သွားလို့ အဲဒီ ၅ သန်းဆုကို လွတ်သွားတယ်ကွာ၊ ဒီတော့ အကျိုးအမြတ်ထက် ဆုံးရှုံးမှုကပိုများသွားတယ်လို့ မင်းထင်လား?" 


ကျန်းဇီဖင်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ဒါက ဘယ်လိုတောင် ဆိုးဝါးလိုက်တဲ့ ဥပမာမျိုးလဲကွ? သူ ဘယ်တုန်းက နေမကောင်းဖြစ်လောက်အောင် ဒေါသထွက်လို့လဲ? 


xxx