Ch 43
Viewers 11k

43) ပထမဆုံး စာလွှာ

 

ဒီလိုနဲ့ စစ်တပ်ရဲ့အဆောင်ခန်းထဲမှာ နားမလည်နိုင်လောက်တဲ့ ဓာတ်ပုံလု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လေတယ်။ အဆုံးမှာတော့ လင်းချွမ်က တိုက်ပွဲရဲ့အဓိကပစ္စည်းကို အနိုင်ရယူနိုင်ခဲ့ပြီး သူ့ရဲ့အိပ်ဆောင်ဆီကိုပြန်သွားနိုင်ခဲ့တယ်။

 

သူရဲ့နောက်မှာတော့ မကျေမနပ်နဲ့ ညည်းညူနေကြတဲ့ စစ်သားတစ်စုက လိုက်ပါလာခဲ့ကြလေရဲ့။

 

ကြည့်ရတာ ဇနီးတစ်ယောက်နဲ့ လက်ထပ်လိုက်တာက သေချာပေါက် မလိုအပ်တာမဟုတ်ဘူးပဲ။ သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက နဂိုကထက် အရမ်းပြင်းထန်လာတယ်။

 

လင်းချွမ် ဓာတ်ပုံကို ကိုင်ပြီး ထပ်ခါတလဲလဲသုတ်နေခဲ့ကာ သူ့ရဲ့ ကြင်စဦးဇနီးလေးဆီကို စာရေးဖို့ မီးအိမ်အောက်မှာ ထိုင်လိုက်တယ်။ သို့ပေမယ့် အချိန်အတော်ကြာပြီးတဲ့နောက်မှာတောင် ဘာရေးရမှန်း မသိခဲ့ဘူး။ နောက်ဆုံးမှာတော့ သူ့အနေနဲ့ စာကြောင်းတိုလေးတစ်ကြောင်းကိုသာ ရေးနိုင်ခဲ့တယ်။

 

ကိုယ် ရောက်ပြီ။ ကိုယ့်ကိုယ်ကိုဖိအားမပေးနဲ့ ။ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

 

ပြီးနောက်.. ဒါပါပဲ။

 

ထိုစာကို လက်ခံရရှိတဲ့အချိန်မှာ ဆုဆုတစ်ယောက် မူလတုန်းက စိတ်ပျက် အားလျော့နေရာမှ လုံးလုံးလျားလျားထုံထိုင်းတဲ့အဆင့်သို့ ရောက်ရှိသွားရတယ်။

 

သူမက နေ့စဉ်ရက်ဆက် နှစ်နာရီကြာအောင် သင်ကြားပေးလျှက်ရှိပြီး အိမ်မှာရှိနေတဲ့အမေလင်းကိုအဖော်ပြုကာ ကြက်စာကျွေးတာတွေ၊ အိမ်အလုပ်ကို ကူညီပေးတာတွေကို လုပ်နေခဲ့တယ်။ ဒီဘက်ခေတ်မှာ အခုလိုရွာငယ်လေးဆီမှာ အပြင်ကိုထွက်ပြီး ပိုက်ဆံရှာဖို့ မဖြစ်နိုင်ပေမယ့် ဆုဆုက လက်တလောမှာစိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုကတော့ ရှာတွေ့ထားခဲ့တယ်။ အဲဒါကတော့ သူမရဲ့ လစဥ်သုံးပစ္စည်းတွေက အသုံးပြုပြီးသွားတဲ့အချိန်မှာ ပြန်လည်ထုတ်လုပ်နိုင်တယ်ဆိုတာပဲ။

 

လစဥ်သုံးပစ္စည်းတွေတင်မကဘဲ အသုံးပြုလက်မှတ်တွေလည်း ပါဝင်တယ်။

 

အရင်တုန်းကတော့ သူမ သတိမပြုမိခဲ့ဘူး။ သူမရဲ့ လစဥ်သုံးပစ္စည်းတွေက များလွန်းတာကို ရှာဖွေသိရှိပြီးတဲ့နောက်မှာ သူမကအခြားပစ္စည်းတွေကိုပါ စတင်စစ်ဆေးခဲ့တယ်။ သူမရဲ့ မလျှော်ဖွတ်ရသေးတဲ့အဝတ်အစားတွေဆိုရင်တောင် အိတ်ကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာ အသစ်အတိိုင်း ဖြစ်နေခဲ့တယ်။ဒါက တကယ့်ကို အံ့သြစရာပဲ။

 

လက်တလောမှာ သူမက သူမရဲ့ဖုန်းကို အနည်းငယ် လွမ်းဆွတ်နေခဲ့တယ်။ နောက်ပြီး လင်းကျင်းကလည်း ဆောင်းရာသီ ပိတ်ရက်ရှည်ရထားတာကြောင့် သူမက တောင်ဘက်ကို လမ်းလျှောက်ထွက်ဖို့ အဖော်ပြုပေးဖို့ တောင်းဆိုခဲ့တယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ဒီခေတ်ကိုရောက်လာခဲ့တဲ့ တောင်ပေါ်ကနေရာမှာ သူမရဲ့ဖုန်းက လိုင်းပြန်ရကောင်းရရှိနိုင်တယ်။

 

ဒါပေမယ့် လင်းမိသားစုက သဘောမတူခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ တောင်တန်းပေါ်မှာက တောအရမ်းနက်တဲ့အတွက် လူအများစုက အဲဒီကို မသွားရဲကြဘူးလေ။

 

ဒီတော့ ဒီအတိုင်းထားလိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး။ ထိုအချိန်မှာ ရွာထဲမှ တစ်စုံတစ်ယောက်က သူမကို လာရှာခဲ့ပြီး တပ်မဟာထဲမှာ သူမအတွက် စာရောက်နေကြောင်း ပြောလာခဲ့တယ်။

 

သူမလည်း စာသွားယူဖို့အတွက် တပ်မဟာသို့သွားခဲ့ချိန်မှာ လင်းတုံဟဲလည်း ထိုနေရာမှာရှိနေတာကို တွေ့လိုက်ရတယ်။ ဆုဆုအပေါ် သူ့ရဲ့ သဘောထားက အရင်တုန်းကလိုမျိုး မကောင်းတော့ဘူး။ သူမကြောင့် ဇာတ်လိုက်မဆီမှာ ခက်ခဲတဲ့အချိန်တွေ ဖြစ်နေခဲ့ရတာလေ။

 

ကျွန်မ စာယူဖို့လာတာ

 

သူမက ကလေးတစ်ယောက်မဟုတ်တော့ဘူး။ ဒီတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ သူမအပေါ်သဘောထားတွေကို စိတ်ထဲကိုထည့်နေမှာမဟုတ်ဘူး။ တစ်ယောက်က တခြားလူတွေကို တိုက်ခိုက်လိုစိတ်ရှိပြီး ကျန်တစ်ယောက်က သူမ(ဇာတ်လိုက်မ)ရဲ့နောက်ကို လိုက်ဖို့ ဆန္ဒရှိနေတယ်။

 

ထပ်ပြောရရင် အနာဂတ်မှာအမျိုးသားဇာတ်လိုက်က သူ့ရဲ့မိသားစုတွေဆီကို ပြန်လည်ခေါ်ဆောင်ခံရရင်တောင် အလွန်ဆုံး ပိုက်ဆံယွမ်အနည်းငယ်ကလွဲပြီး အာဏာနဲ့ အဆင့်အတန်းတွေအများကြီး ရရှိလာဦးမှာမဟုတ်ဘူး။ သူ့ရဲ့လက်ထဲကို အာဏာရရှိလာဖို့အတွက် သုံးနှစ်ကနေ ငါးနှစ်လောက် အချိန်ယူရလိမ့်မယ်။

 

ထိုအချိန်ကျရင် လင်းချွမ်ကလည်း စစ်တပ်အတွင်းမှာ အဆင့်တိုးမြင့်လာမှာဖြစ်ပြီး သူ့ထက်အားမနည်းဘူးဆိုတာ သေချာပေါက်ပဲ။ ဒီလိုသာမဟုတ်ရင် ဇာတ်လိုက်က လင်းချွမ်ကို တချိန်လုံး ဆွဲထားမှာ မဟုတ်ဘူး။ စာအုပ်ထဲမှာ သူက လင်းချွမ်ကို တစ်နေကုန်နီးပါး အစ်ကိုကြီးလို့ခေါ်နေပြီး ကပ်နေခဲ့တာလေ။

 

လင်းတုံဟဲက ဟောင်းနွမ်းနေတဲ့အံဆွဲကို ဆွဲလှပ်ကာ ထိုအထဲမှ စာအိတ်နှစ်လုံးကို ထုတ်ယူလိုက်တယ်။

 

လင်းချွမ်က မင်းဆီကို စာတိုက်ကနေ ပိုက်ဆံလှမ်းပို့ပေးတာ ဖြစ်လိမ့်မယ်.. မင်း လင်းမိသားစုနဲ့ လက်ထပ်လိုက်ရတာ ကံကောင်းသားပဲ

 

သူက သာမန်ကာလျံကာ လေသံနဲ့ ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဘယ်မိန်းမကများ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ပျော်ရွှင်နေရတယ်ဆိုတဲ့အကြောင်းကို ကြားရတာ မကြိုက်လို့လဲ?

 

ဒါပေမယ့် ဆုဆုကတော့ မတူဘူး။ သူမဟာ ခေတ်သစ်မှ အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ သူမ တက္ကသိုလ်တက်တုန်းကလည်း မိဘတွေဆီက ကျူရှင်ခအတွက် မတောင်းခဲ့ဘဲ အားလပ်ရက်တွေမှာ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ ဂရုစိုက်နိုင်ခဲ့တယ်။

 

သူမ ဒီကိုရောက်လာပြီးချိန်မှာတောင် သူမဆီမှာ ပိုက်ဆံတွေရှိနေပြီး လင်းမိသားစုက သူမကို ထောက်ပံ့နေစရာမလိုအပ်ဘူး။

 

သူမ မပျော်မရွှင်ဖြစ်သွားရသော်လည်း ခပ်ဖျော့ဖျော့ပြုံးပြီး စာကိုလှမ်းယူလိုက်တယ်။ ထိုနောက်မှာတော့ သက်ဆိုင်ရာဌာနမှသူမဆီကိုပို့လာတဲ့စာဖြစ်ပြီး နောက်တစ်စောင်က လင်းချွမ်ဆီက ဖြစ်နေတာကို တွေ့လိုက်ရတယ်။

 

ဒီကမ္ဘာပေါ်မှ သူမက ဘယ်သူ့မှမသိဘူးလေ။ ဒီတော့ ဘယ်သူက သူမဆီကို စာပို့တာလဲ?

 

သူမက သူမ ရောက်မလာခင်မှာ စာအိတ်ကိုတစ်ယောက်ယောက်ဖောက်ထားတာကို သတိမထားမိခဲ့တာကြောင့်  အတွင်းဘက်က လက်မှတ်တွေက အောက်ကို ပြုတ်ကျသွားခဲ့တယ်။

 

ပါတီအတွင်းရေးမှူးက ပြုတ်ကျသွားတာကို ကူကောက်ပေးခဲ့ပြီး အံ့ဩတကြီးပြောလာခဲ့တယ်။

 

ရဲဘော်ဆုဆု မင်းအတွက် လစာရောက်လာပြီ.. စာအိတ်နီနဲ့ ယွမ်ငါးဆယ်ထည့်ပေးထားတယ်..  ဒါက လင်းချွမ်က မင်းကိုကျွေးမွေးပျိုးထောင်နေရတာမဟုတ်ဘူး.. မင်းရဲ့လစာက ချွမ်ဇီထက်တောင်များနေသးတယ်

 

လင်းတုံဟဲ ရှက်ရွံ့သွားရတယ်။ သူ့အနေနဲ့ဆုဆုက ဒီလိုမျိုးဝေးလံခေါင်သီတဲ့ နေရာကို ရောက်လာခဲ့တဲ့အချိန်မှာတောင် ဒီလောက်ထိ မြင့်မားတဲ့ လစာမျိုး ရနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ရှော့ရစရာပဲ။

 

ကောလိပ်ဘွဲ့ရတစ်ယောက်ကတော့  မျှော်လင့်ထားသလိုပါပဲ

 

ပါတီအတွင်းရေးမှူးက လက်မှတ်ကို ဆုဆုဆီကို ပေးပြီးတော့ ပြုံးပြလာတယ်။

 

ဒါက ဘာမှမဟုတ်ပါဘူး.. စာသင်ကြားပေးတာက လူထုအဖွဲ့အစည်းအတွက်လည်း ကောင်းတာပဲလေ

 

ဆုဆုက ယခုအချိန်မှာ လူအများပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို သင်ယူကာ ပြန်ပြောခဲ့ပြီး လင်းချွမ်ဆီကရောက်လာတဲ့စာနဲ့ သူမရဲ့ လစာဝင်ငွေကို ယူပြီး ပြန်သွားခဲ့တယ်။ သူမကိုယ်တိုင်အတွက် ပေးလာတဲ့ စာအိတ်ကို ထပ်ကြည့်လိုက်တော့ အတွင်းမှာလက်မှတ် သုံးစောင်လည်း ပါဝင်နေခဲ့တယ်။

 

သူမ ဒီကိုရောက်နေတာ တစ်လနီးပါးရှိနေပြီဆိုတော့ ဒီလစာက လစဉ်ရရှိလောက်လား။

 

ဒါက တကယ်ကို တော်တော်လေးကောင်းတယ်လို့ပြောနိုင်တယ်။ ယွမ်ငါးဆယ်ဆိုတာက ခေတ်သစ်မှာ ယွမ်ငါးထောင် သို့မဟုတ် တစ်သောင်းလောက်နှင့်ယှဥ်နိုင်တယ်လေ။

 

မူလတုန်းက သူမ မပြောနိုင်ပေမဲ့လည်း အခုချိန်မှာတော့ အတွင်းရေးမှူးက သိသွားပြီဖြစ်တာကြောင့် သူမ မဖုံးကွယ်ထားနိုင်တော့ဘူး။ ဒီတော့ လင်းမိသားစုအိမ်သို့ ပြန်သွားပြီး ကြွားဝါလိုက်တာက ပိုကောင်းလိမ့်မယ်။ ဒီလိုဆိုရင်သူတို့တွေလည်း သူတို့သားဖြစ်သူရဲ့ ပိုက်ဆံကို အများကြီး သုံးဖြုန်းနေမိတယ်လို့ ခံစားရတော့မှာမဟုတ်ဘူး။

 

ထို့အပြင် အနာဂတ်မှာ ငွေကြေးသုံးစွဲနိုင်ရန် အတွက် ဆင်ခြေကောင်းတစ်ခုလည်းရှိလာလိမ့်မယ်။

 

လင်းမိသားစုအိမ်ကိုရောက်တော့ အမေလင်းက ပြုံးပြီး ပြောလာတယ်။

 

မင်းကိုကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ.. ချွမ်ဇီဆီက စာပို့လိုက်တာလား

 

အမ် သူ့ဆီက စာတစ်စောင်ပို့လာပေမယ့် ကျွန်မ ဖွင့်မကြည့်ရသေးဘူး .. နောက်ပြီး ကျွန်မရဲ့ လစာလည်း ရလာတယ်

 

လစာရှိသေးတာလား

 

အမေလင်းက အံ့သြစွာမေးလာတယ်။

 

ဆုဆုက အပေါ်ကိုတက်လာရင်း ပြုံးလိုက်ပြီး အသံတိုးတိုးလေးဖြင့် လှမ်းပြောလိုက်တယ်။

 

ဟုတ်တယ်.. ယွမ်ငါးဆယ်တဲ့..  ဒီနေ့ ဂုဏ်ပြုတဲ့အနေနဲ့ အရသာရှိတာတစ်ခုခု လုပ်စားရအောင်

 

သူမက စာတိုက်မှပို့ပေးလာတဲ့ လစာအိတ်ကို သူမရဲ့လက်ထဲမှ လှမ်းပြလိုက်တယ်။

 

အသားလက်မှတ်တွေလည်း ပါတယ်

 

အိုး အဲလောက်တောင်ကောင်းတာလား?

 

ဒါက ဇနီးသည်နဲ့ လက်ထပ်တာမဟုတ်ဘဲ ချမ်းသာခြင်းနတ်ဘုရားနဲ့ လက်ထပ်တယ်ဆိုတာ ရှင်းနေတာပဲ။

 

ဒီလိုနဲ့ ဒီနေ့က လင်းမိသားစုအတွက် ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်။ သူတို့က အသားကို ထုတ်လာပြီး ဖက်ထုပ်တွေလုပ်ခဲ့တယ်။ အဖေလင်းကလည်း ဝိုင်သောက်ဖို့ ထုတ်လာခဲ့တယ်။ သို့ပေမယ့် အကောင်သေးလေးတွေကတော့ နားမလည်နိုင်တဲ့ပုံပဲ။ သူတို့က ဒီနေ့မှာ ဘာလို့ ဖက်ထုပ်စားရလဲဆိုတာကို မသိကြဘူး။ ပုံမှန်ဆိုရင် ဒီလို အစားအသောက်တွေကို နှစ်သစ်ကူးပွဲတော်ကိုရောက်မှ စားရတာလေ။ 

 

အမေလင်း :  မင်းရဲ့မရီးက  ဒီနေ့ လစာထုတ်လာတယ်လေ.. ဒါကြောင့် သူမက အောင်ပွဲခံတာလို့ ပြောတယ်... ဟုတ်သား..ဂုဏ်ပြုပွဲတဲ့

 

အသားလက်မှတ်က ငါးကီလိုကျန်သေးတယ်..  အချိန်ရရင် မြို့ကိုသွားပြီး အသားသွားဝယ်ခဲ့လေ.. အဲဒါဆို နှစ်သစ်ကူးအတွက် အိမ်မှာ စားလို့ရတာပေါ့

 

ဆုဆုက လုံးဝကို နှမျောတွန့်တိုမနေခဲ့ဘူး။ လင်းမိသားစုက ပိန်လွန်းတာကြောင့် သူတို့ကို ကျွေးမွေးသင့်တယ်။

 

အဆင်ပြေပါတယ်.. အဲဒါကို မင်းကိုယ်တိုင်ပဲ ဝယ်လို့ရတယ်.. မိသားစုထဲမှာ လူအများကြီးရှိတာ အကုန်လုံးကိုစားခိုင်းရင် အကိုက်ရေနည်းနည်းလောက်ပဲစားရလိမ့်မယ်

 

အဖေလင်းက သူမမှာ မိသားစုမရှိတာတောင် သူတို့ရဲ့မိသားစုက သူတို့ရဲ့ချွေးမအတွက် မကောင်းဘူးလို့ ခံစားနေရတယ်။

 

အဖေ ဘာပြောနေတာလဲ.. ကျွန်မတို့က မိသားစုတွေလေ.. တခြားလူတွေဗိုက်ဆာပြီး ပိန်နေတဲ့အချိန်မှာ ကျွန်မက အဆီတက်လာအောင် စားမနေနိုင်ပါဘူး.. နောက်ပြီး အခုကနှစ်သစ်ကူးအကြိုနားကို နီးလာပြီပြီဆိုတော့ အစားအစာတွေ များများစုရအောင်

 

ဆုဆုက ကောင်းမွန်စွာပြောလိုက်တယ်။ ဒါကြောင့်ပဲ အမေလင်းတို့ ဇနီးမောင်နှံကို စိတ်ပျော်ရွှင်လာအောင် ချော့မြူလိုက်နိုင်တယ်။ ဒါ့အပြင် သူမကအလုပ်မလုပ်ရင်တောင် လစာရနေတဲ့သူပဲလေ။ ဒီတော့ အခြားလူတွေမှာ ထင်မြင်ချက်တွေရှိနေရင်တောင် ဘာမှ မပြောနိုင်ကြတော့ဘူး။

 

ဥပမာ လင်းရှန် ။ သူက ရုတ်တရက် ပေါ်လာတဲ့ ဒီမရီးကိုမကြိုက်ပေမဲ့ သူ ပြောနိုင်တာက ဒီမရီးရောက်လာကတည်းက အိမ်မှာရှိတဲ့အစားအစာတွေက ပိုကောင်းလာခဲ့တယ်။ နောက်ပြီး သူမက ပြသနာမရှာတဲ့အပြင် မိသားစုဝင်တွေကလည်း ပျော်ရွှင်နေပြီး လေထုကလိုက်လျောညီထွေဖြစ်နေခဲ့ကြတယ်လေ။

 

ညစာစားပြီးသွားတော့ ဆုဆုက သန့်ရှင်းရေးလုပ်နေကြတဲ့ ကောင်လေးသုံးယောက်ကို လှမ်းခေါ်လိုက်တယ်။

 

ဒီကိုလာခဲ့ကြ.. မင်းတို့ရဲ့ မရီး ဒီနေ့ ပျော်နေတာဆိုတော့ မင်းတို့တွေ ငါ့ဆီက လက်ဆောင်တစ်ခုစီ တောင်းလို့ရတယ်.. မင်းတို့  ဘာလိုချင်လဲဆိုတာ ပြောကြ

 

အမေလင်း: ဒီအမြင်ကပ်စရာ ကောင်လေးသုံးယောက်ကို ဘာတွေလက်ဆောင်တွေ ပေးနေဦးမှာလဲ.. မင်းကိုယ်တိုင်အတွက် အစားအသောက်နဲ့ အဝတ်အစား တွေဝယ်ဖို့ သိမ်းထားလိုက်စမ်းပါ

 

ကျွန်မ  သူတို့ကို ဘာမှမပေးရသေးဘူးလေ.. ဒါကြောင့် အခုကျမှ ပေးရမှာ

 

ဆုဆုက ပြောပြီးတဲ့နောက် ဆယ်ကျော်သက် ကောင်လေးသုံးယောက်ကို ကြည့်လိုက်တယ်။ သူတို့တွေက ငါမင်းကိုကြည့်မယ် မင်းငါ့ကိုကြည့်မယ် လုပ်နေကြပြီး ဘာမှ ပြောမလာခဲ့ကြဘူး။

 

အဆုံးမှာတော့ လင်းရှန်က သူနဲ့ဘာမှမဆိုင်သလိုမျိုးခံစားရပြီး လှည့် ထွက်သွားလေတယ်။

 

“’သံမဏိကို ဘယ်လိုပြုလုပ်တာလဲ.. မင်းဖတ်ချင်လား

 

ယခုခေတ်မှာ စာအုပ်တွေ အလွန်နည်းပါးလွန်းတယ်။ သို့ပေမယ့် သူမဆီမှာ သူမ နှစ်သက်တဲ့ ကျောင်းသားတွေကို လက်ဆောင်ပေးဖို့အတွက် ဝယ်လာတဲ့ စာအုပ်နှစ်အုပ်၊ သုံးအုပ်လောက် ယူဆောင်လာခဲ့တယ်လေ။