47 : တူမလေး လိုချင်တယ်
ဆု_ရွှယ်ပါ့_ဆုတစ်ယောက် ပထမဆုံးအကြိမ်အဖြစ်
မေးခွန်းတစ်ခုကို ငါးစက္ကန့်လောက်ကြာအောင် တွေးလိုက်ရတယ်။ သူတို့ပြောတဲ့
တူမလေးဆိုတာက ဘာကိုဆိုလိုတာလဲဆိုတာ သိသွားချိန်မှာတော့ ထို
ဆယ်ကျော်သက်ကောင်လေးနှစ်ယောက် မရှိတော့ဘူး။
သူမက လေတွေတိုက်ခတ်နေတဲ့ တံခါးပေါက်ကို မျက်နှာမူကာ
တစ်ယောက်တည်း ကျန်နေခဲ့ရင်း မသိစိတ်အရ သူမရဲ့ ဗိုက်ကို ထိလိုက်မိတယ်။
ဒီနေရာမှာ ဘာမှ မရှိခဲ့ဘူးလေ!
O(╯□╰)o
သူတို့ရဲ့အကြီးဆုံးအစ်ကိုက စတောင်မစရသေးဘူး။ ဘယ်လိုလုပ်ပြီး
တူမလေးရှိနေနိုင်မှာလဲ။
ဒါပေမယ့် သူတို့ကိုကြည့်ရတာ သူမရဲ့ဗိုက်ထဲမှာ
တူမလေးတစ်ယောက်ရှိနေပြီလို့ ဆုံးဖြတ်ထားပြီးဖြစ်နေပုံရတယ်။
မဟုတ်သေးဘူး။ ဘာလို့ တူလေးမဟုတ်ဘဲ တူမလေးဖြစ်ရမှာလဲ။
သူတို့ကိုကြည့်ရတာ တူလေးကိုအလွန်မကြိုက်တဲ့ပုံရတယ်။
ဆုဆုခေါင်းကိုခါရမ်းလိုက်တယ်။ သူတို့ကို
စိတ်ပျက်စေရတော့မှာပဲ။ သူမက အခုချိန်ထိ အပျိုတစ်ယောက်ဖြစ်နေဆဲဖြစ်တဲ့အတွက်
ကလေးတစ်ယောက်ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
သူမ တံခါးကို ပြန်ပိတ်ပြီး ရေးလက်စသံပြိုင်သီချင်းကို
ဆက်ရေးနေလိုက်တယ်။ ဒါက သူမအတွက် အတော်လေးလွယ်ကူနေတုန်းပဲ။ အနည်းဆုံး
ကျောင်းစာတွေနဲ့စာရင် ရေးရတာအများကြီးလွယ်ကူတယ်။ သူမ ဒါကိုရေးဖို့အတွက်
တစ်ရက်လောက်သာအချိန်ယူခဲ့ရပြီး ပြီးသွားချိန်မှာ စွမ်းယင်ကလည်း သူမဆီကိုရောက်လာခဲ့တယ်။
ဆုဆုက သူမရေးထားတဲ့စာရွက်ကို ထုတ်ယူပြီး ပြလိုက်တော့
စွမ်းယင်က ပြုံးပြီး လက်ဝှေ့ယမ်းလာတယ်။
“ငါက စကားလုံးနည်းနည်းလောက်တောင် ဖတ်တတ်တာမဟုတ်ဘူး .. နင်
အခုလိုဖတ်ခိုင်းရင် ရယ်စရာတွေဖြစ်ကုန်လိမ့်မယ်”
“ဘာလို့ရယ်ရမှာလဲ.. ဒါဆို ကျွန်မ ရှင့်ကို ဖတ်ပြမယ်လေ”
ဒီဘက်ခေတ်ကာလက ကမောက်ကမ ဖြစ်နေတုန်းပဲ ဖြစ်ပြီး
စာရေးတတ်ဖတ်တတ်ဖို့သင်ယူနိုင်တဲ့သူ အလွန်နည်းပါးတယ်ဆိုတာကို ဆုဆုသိထားတယ်။
ဒါတွေကို သူမရဲ့ ယောက္ခမဖြစ်သူက ပြောခဲ့ပြီးပြီ။
ဒီတော့ သူမရဲ့စိတ်ထဲမှာ မထီမဲ့မြင်ပြုတာတွေ ၊
အထင်သေးတာတွေရှိမှာမဟုတ်ဘူး။
စွမ်းယင်က ခေါင်းညိတ်ပြလာပြီး ဆုဆုကိုယ်တိုင်ရေးထားပြီး
ဖတ်ပြလာတဲ့ သံပြိုင်သီချင်းကို နားထောင်ခဲ့တယ်။ ပြီးနောက် သူတို့နှစ်ယောက် ခဏလောက်
လေ့လာဆွေးနွေးခဲ့ကြတယ်တယ်။
ဆုဆုရဲ့ အစီအစဉ်ကို နားထောင်ပြီးနောက် စွမ်းယင်အနေနဲ့ ဒါက
အရမ်းကို ဆန်းသစ်တယ်လို့ တွေးမိခဲ့တယ်။ သူမက ကွန်မြူနတီမှာ အစည်းအဝေးတွေကို
အကြိမ်ရေများစွာတက်ရောက်ခဲ့ပြီး နှစ်တွေအများကြီးလည်း ပွဲအစီအစဥ်တွေအများကြီးကို
ပါဝင်ခဲ့ဖူးတယ်။
သို့သော်လည်း ဒီလိုမျိုး ရွတ်ဆိုမှုနှင့် သီချင်းကို
ရောစပ်မှုမျိုးက အမှန်တကယ်ရှားပါးလွန်းတယ်။ အထူးသဖြင့် သူမရေးသားထားတဲ့
စကားလုံးအရေးအသားတွေကလည်း အလွန်ကောင်းသေးတယ်လေ။ နောက်ဆုံးတော့ သူမက
ကောလိပ်ကနေဘွဲ့ရရှိခဲ့ပြီးသား ကောလိပ်ကျောင်းသူတစ်ယောက်ဆိုတော့ သိသိသာသာကိုထူးချွန်ကြောင်းမြင်နိုင်တာပဲ။
ဆုဆုဘက်မှ အလွန်တက်ကြွစွာ ဆောင်ရွက်ပေးနေတာကို မြင်တော့ သူမ
ထပ်မေးလိုက်တယ်။
“လူဘယ်နှစ်ယောက်လိုမှာလဲ”
“ လူဆယ်ယောက် ရှိရမယ် ပြီးတော့ အသံ အရမ်းအောင်တဲ့
ဦးဆောင်သူတစ်ယောက်လိုမယ်”
ဆုဆု ဒါကို တွေးတောထားခဲ့ပြီးပြီ။
စွမ်းယင် ခဏလောက်စဉ်းစားပြီး ပြန်ပြောလာတယ်။
“အမျိုးသမီးဆယ်ယောက် ရဖို့အတွက် နည်းနည်းတော့
အားစိုက်ထုတ်ရလိမ့်မယ်.. အထူးသဖြင့် သူတို့တွေမှာ
သင့်တော်တဲ့အဝတ်အစားတွေရှိနေမှဖြစ်မယ်လေ.. မဟုတ်ရင် တခြားသူတွေဆီမှာ
လှောင်ပြောင်ခံရနေရမှာ”
အမှန်ပဲ။ ဒီခေတ်ကာလအချိန်တွေမှာ ဖာထေးမှုတွေမပါတဲ့
အဝတ်တစ်ထည်ကို ဝတ်ဆင်ရဖို့အတွက်က ခက်ခဲလွန်းတယ်။
ဥပမာအနေဖြင့် သူမ ဘယ်နေရာကိုပဲသွားသွား
တခြားလူတွေနဲ့ခြားနားနေတာကိုပဲကြည့်လေ။
“လူတိုင်းက တူညီနေမယ်ဆိုရင် အရမ်းကြီးကောင်းအောင် ဝတ်ဖို့
မလိုလောက်ဘူး.. လူတိုင်းမှာ ဆင်တူတဲ့ အင်္ဂါရပ်တစ်ခုလောက်တော့
ရှိဖို့လိုအပ်လိမ့်မယ် ..တကယ်လို့ ပါမဲ့လူတွေအားလုံးအတွက်
အဝတ်အစားအသစ်တွေဝယ်မယ်ဆိုရင် ကုန်ကျစရိတ်တွေ အရမ်းမြင့်သွားလိမ့်မယ်.. ရွာရဲ့ဌာနက
အဲလောက်ထိရန်ပုံငွေ မထောက်ပံ့ပေးနိုင်လောက်ဘူး”
လူတစ်ယောက်ချင်းစီတိုင်းအတွက် အဝတ်အစားတွေဝယ်ရင် ဘယ်လောက်ထိ
ကုန်ကျသွားနိုင်လောက်လဲ။
“ရဲဘော်ဆု ..မင်းပြောတာမှန်ပါတယ် ဒါပေမယ့်
ဒီဆင်တူတဲ့အင်္ဂါရပ်ဆိုတာက ဘာလဲ”
“ကျွန်မတို့တွေ ဆံပင်ကေအတူတူထားတာပဲဖြစ်ဖြစ်
အနီရောင်ပန်းလေးတွေပန်ထားတာလိုမျိုး တစ်ခုခုဖြစ်ဖြစ်ပေါ့”
“အိုး ဒါဆို ဆူးပန်းတွေ ယူလာခဲ့မယ်.. မနှစ်တုန်းက ငါတို့တွေ
အစည်းအဝေးလုပ်တဲ့အချိန်တုန်းကမှာ ချိုးထားတဲ့ ဆူးပန်းတွေ အများကြီးရှိသေးတယ်..
အဲဒါကို ဂိုဒေါင်ထဲမှာ သိမ်းထားတာ”
“ကောင်းပြီ.. ဒါဆို ဒီနည်းအတိုင်းပဲ လုပ်ကြရအောင်.. အခု
ခေါင်းဆောင်ပေးပြီးသီချင်းဆိုပေးမဲ့သူလိုနေတယ်.. ခေါင်းဆောင်ပြီးဆိုမဲ့သူက
အသံကောင်းမှရမယ်”
ဆုဆုရဲ့အသံက အားပျော့လွန်းတာကြောင့်
အသံကျယ်အောင်မအော်နိုင်ဘူး။
ဒါကိုပြောတော့ စွမ်းယင်က မျက်မှောင်ကြုတ်ပြီး ပြောလာတယ်။
“ခေါင်းဆောင်ပြီးဆိုမဲ့သူက မင်းလုပ်မှ အဆင်ပြေလောက်မယ်..
မဟုတ်ရင် ဘယ်သူမှ အရှေ့ကအော်ဆိုနိုင်ကြမှာမဟုတ်ဘူး.. ငါတို့ရွာထဲမှာ ဒီလိုမျိုး
သတ္တိရှိရှိနဲ့ အရှေ့ကနေခေါ်ပေးနိုင်တဲ့ အမျိုးသမီး တစ်ယောက်မှ မရှိလောက်ဘူး”
ဒါက သူမ တခြားလူတွေကို နှိမ့်ချပြီးပြောတာ မဟုတ်ဘူး။
အရင်တူန်းကလည်း အခုလို အခြေအနေမျိုးကြုံတွေ့ခဲ့ရဖူးတာကြောင့် သိနေခဲ့တာ။
ဆုဆုကတော့ ဒီလိုအရာမျိုးကို ကြောက်ရွံ့မှုမရှိသလို
တာဝန်လည်းယူရဲတယ်။
“ဒါပေမယ့် ကျွန်မက အသံမြင့်တဲ့အပိုင်းတွေကို
မအော်နိုင်ဘူးလေ.. ကူညီပေးမယ့်လူတော့ လိုသေးတယ်.. ကျွန်မတို့ရွာမှာ ဘယ်သူက
အသံကောင်းလဲ”
“နင် အသံကောင်းတဲ့လူကို လိုချင်ရင်
မုဆိုးမချောင်ရှိတယ်..သူမက အသံနှစ်သံတောင် ဆိုနိုင်တာ!”
“တကယ်လား ဒါဆို ကျွန်မတို့ သူမကို အကူအညီ တောင်းရအောင်”
ဆုဆုရေးထားတဲ့ သီချင်းထဲမှာ
အမြင့်သံနဲ့အော်ဆိုရတဲ့အပိုင်းတွေပါဝင်ပြီး သူမ ထိုနေရာတွေကို တကယ်မအော်နိုင်ဘူး။
တကယ်လို့ သူမသာ အတင်းအော်လိုက်မယ်ဆိုရင် သီချင်းက ပျက်ယွင်းသွားလိမ့်မယ်။ ဒါပေမယ့်
တစ်ယောက်ယောက်က ထိုအပိုင်းကို ကူညီပေးနိုင်ရင်တော့ ပိုပြီးလွယ်ကူသွားလိမ့်မယ်။
စွမ်းယင် : “ငါ သူမနဲ့
စကားပြောလိုက်မယ်.. အခု တခြားလူတွေကို သူတို့မိသားစုရဲ့
ဘယ်အခြေအနေကိုအခြေခံပြီးခေါ်မလဲဆိုတာ ဆွေးနွေးရအောင်”
“ဒီတိုင်းကျပန်းအလိုက်ပဲ လိုက်ခေါ်လိုက်မယ်”
“ရှောင်ဆု .. နင်က တာဝန်ယူမှုအပြည့်ရှိတဲ့လူပဲ..
တစ်ယောက်တည်းမသွားပဲ ငါ့ကိုပါခေါ်သွားလိုက်လေ”
စွမ်းယင်က ထိုအမျိုးသမီးတွေကိုမကြောက်ဘူး။ သို့ပေမယ့်
သူတို့တွေက ဆုဆုကို ခက်ခဲအောင်လုပ်ကြလိမ့်မယ်လို့ ခံစားနေမိတယ်။
ဒါပေမယ့် သူမ ဆုဆုကို တကယ်ပဲအထင်ကြီးမိတယ်။ သူတို့
တစ်နေ့လောက် သွားလိုက်ရုံနဲ့ လူတချို့ကို ရရှိလာပြီ။
ထိုအတွက်ကြောင့်ပဲ အမေလင်းကတော့ ခံစားချက်တွေ
ဆိုးရွားနေခဲ့ရတယ်။ သူမက သူမရဲ့ချွေးမကို ထိုကိစ္စအတွက် မထောက်ပံ့ပေးချင်ဘူး။
တကယ်လို့ သူမလေးသာ ကျေးရွာရဲ့ဌာနဆီမှာ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ?
သို့ပေမယ့် အဖေလင်းကတော့ ထိုသို့မထင်ဘူး။ သူက
သူ့ရဲ့ချွေးမဖြစ်သူက ကျေးရွာရဲ့ဌာနမှာ ကူညီပေးဖို့ စိတ်အားထက်သန်နေတယ်လို့
ထင်ခဲ့တယ်။
အနည်းဆုံး သူ အပြင်ကိုထွက်တဲ့အချိန်မှာ
မျက်နှာကောင်းရနိုင်တယ်လေ။ သူ့ရဲ့သားဖြစ်သူက စစ်တပ်ထဲမှာ နိုင်ငံအတွက်
ဂုဏ်ကျက်သရေကိုဆောင်ကျဥ်းပေးနေပြီး သူ့ရဲ့ချွေးမကတော့ အိမ်မှာ မိသားစုအတွက်
ဂုဏ်ကျက်သရေတွေ တိုးပွားအောင်လုပ်နေခဲ့တယ်။
သူက တကယ့်ကို အလွန်အမင်းပျော်နေခဲ့တာ။
ဒီတော့ သူတို့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
ဇနီးမောင်နှံနှစ်ယောက်က စိတ်သဘောထားကွဲလွဲခဲ့ပြီး နှစ်ရက်ကြာအောင်
စစ်အေးတိုက်ပွဲဖြစ်ပွားခဲ့တော့တယ်။
ဒါပေမယ့် အမေလင်းက မနှစ်မြို့ဖွယ်ရာစကားတွေကို
ဘာတစ်ခုမှမပြောခဲ့ဘဲ သူမဘာသာ သန့်ရှင်းရေးလုပ်ပြီး ငြီးတွားနေခဲ့တယ်။
“အဲဒီစွမ်းယင်ကတော့ ဆုဆုကို တနေကုန်လာရှာနေတော့တာပဲ..
နောက်ပြီး ဆုဆုကစာသင်ဖို့ အတန်းကိုလည်း သွားနေရသေးတယ်.. အခုဆို
ပိန်တောင်ပိန်လာပြီ.. နောက်မှာလည်း ယောကျ်ားလေးတစ်ယောက်ယောက်အဖော်ပါတာ မဟုတ်ဘူး
တကယ်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
“ ဒါက ရွာရဲ့အကျိုးစီးပွားအတွက်လည်း လုပ်တာပါကွာ.. ဒါမျိုးတွ
ပြောမနေပါနဲ့တော့”
“မဖြစ်သေးဘူး သူ(မ)ကိုသတိပေးရမယ်”
“မင်းက ဘာကိုသတိပေးမှာလဲ”
အမေလင်းက သူ့ကိုစိုက်ကြည့်လိုက်တယ်။
“ သေချာပေါက် စွမ်းယင်ကို ဆုဆုကို ဂရုစိုက်ပြီးခေါ်သွားဖို့
ပြောရမှာပေါ့.. ဘာတစ်ခုမှ မမှားစေဖို့ သတိပေးရမယ်”
“ရပ်လိုက်.. မင်းက စာလုံးရှစ်လုံးတောင်မရေးတတ်သေးဘူး..
လမ်းပေါ်မှာတက်ပြီး အော်ဆိုပြချင်နေတာလား.. ပြီးသွားရင် ဘာလုပ်မှာလဲ”
အမေလင်းလည်း ထိုကဲ့သို့တွေးလိုက်မိပေမယ့်
စိုးရိမ်စွာပြောနေတုန်းပဲ။
“ငါ့ရဲ့မြေးအကြီးဆာံးလေး ဘာမှမဖြစ်ပါစေနဲ့”
လင်းဟိုင်က ထိုစကားကိုကြားလိုက်တာကြောင့်
ခေါင်းထောင်ကြည့်ပြီး မေးလာတယ်။
“မြေးကဘာဖြစ်လို့လဲ”
လင်းကျင်းသည်လည်း အမေဖြစ်သူရဲ့ကြားခဲ့ပြီး
အလျင်အမြန်ပြေးလာခဲ့တယ်။
“ကျွန်တော့်တူမလေး ဘာဖြစ်နေလို့လဲ”
လင်းရှန်ကတော့ သူ့ရဲ့လက်ထဲမှ စာအုပ်ကို ချလိုက်ပြီး
သူ့ရဲ့မျက်လုံးတွေကတော့တူမလေးအတွက် အလွန်စိုးရိမ်နေပုံရတယ်။
ယောကျာ်းလေးတွေသာအများကြီးရှိနေတဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့်
အလွန်ချစ်စရာကောင်းတဲ့ တူမလေး ရောက်ရှိလာဖို့ကို သူတကယ်ပဲမျှော်လင့်ထားခဲ့တယ်။
ဒါကြောင့် သူက ဖြည်းညှင်းစွာ လျှောက်လာပြီး ဝင်ပြောလာတယ်။
“တူမလေးမှာ အန္တရာယ်ရှိနေတာလား”
အမေလင်းက သူမရဲ့ မျက်လုံးတွေကိုလှိမ့်လိုက်ပြီး
ပြောလိုက်တယ်။
“အဲဒါက တူမလေးလို့ နင်တို့ကို ဘယ်သူပြောတာလဲ.. နောက်တစ်ခါ
ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားကိုထပ်ပြောရင် မင်းတို့ရဲ့ပါးစပ်ကို ဆွဲဖြဲလိုက်မယ်”
ဒါက အကြီးဆုံးသားရဲ့ ပထမဆုံး ရင်သွေးလေ။ လူတွေအများကြီးက
သူ့ကို ဝိုင်းချစ်ကြမှာ။ အဲဒါကို သူတို့မိသားစုထဲက ဒီအနံ့အသက်ဆိုးတဲ့ကောင်လေးတွေက
သမီးလေးမွေးမယ်ဆိုပြီး နိမိတ်ဖတ်နေကြတယ်။ သမီးလေးကလည်း
အရမ်းကောင်းမွန်တယ်ဆိုပေမယ့် ပထမဆုံးမြေးလေးကိုတော့ ယောကျ်ားလေးဖြစ်ဖို့
မျှော်လင့်နေကြတာလေ။
“ဒါက တူမလေးပဲ.. ကျွန်တော်တို့အားလုံး တူမလေးကို သဘောကျတယ်..
မနေ့တုန်းက ကျွန်တော် မရီးဆီကို တူမလေးကို လိုချင်တယ်လို့ပြောခဲ့ပြီ.. နံစော်တဲ့
ကောင်လေးလိုချင်တာ မဟုတ်ဘူး”
လင်းကျင်းက သူ့ရဲ့မိခင်ရှေ့မှာ အလွန်နာခံမှုမရှိတော့ဘဲ
သူတွေးမိတဲ့အတိုင်းပြန်ပြောလာခဲ့တယ်။
ထို့နောက် လင်းဟိုင်နှင့် လင်းရှန်တို့ကလည်း တညီတညွတ်တည်း
ခေါင်းညိတ်လာကြပြီး အားလုံးက တူမလေးကိုလိုချင်ကြောင်း ထိုတစ်ညနေလုံး
ညှိနှိုင်းနေကြတော့တယ်။
“ဘာကို တူမလေးလဲ တူလေးပဲဖြစ်ရမယ်”
“မဟုတ်ဘူး ကျွန်တော်တို့တူမလေးပဲလိုချင်တယ်”
“မင်း ကောင်တွေ မတ်တပ်ရပ်ပြီး ငါ မင်းတို့ကို
ဘယ်လိုရိုက်မလဲဆိုတာ စောင့်နေလိုက်”
ထို့နောက်မှာတော့ အမေလင်းက တံမြက်စည်းကိုကိုင်ပြီး သူမရဲ့
သားသုံးယောက်ကို လိုက်ဖမ်းတော့တယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်ကာလမှာ
ဆိုရိုးစကားတစ်ခုရှိတယ်လေ။
အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ရှိလာပြီး ကလေးတွေက
သူမဆီမှာရှိနေတာက (ယောကျ်ားလေး၊ မိန်းကလေး)တစ်ခုခုဖြစ်ကြောင်း ပြောလာမယ်ဆိုရင်
သူတို့ပြောတဲ့အတိုင်း ဖြစ်လာတတ်တယ်။ ဒီကလေးစုတ်တွေက ဘာမှ နားမလည်ဘူး။
အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာ။ သူတို့ကိုရိုက်ရမယ်။