Ch 58
Viewers 11k

(58)

 

ကောင်းပါပြီ.. ကျွန်တော် အဖွဲ့အစည်းရဲ့ အစီအစဉ်တွေကို လိုက်နာပါ့မယ်

 

လင်းချွမ် ခေါင်းညိတ်သဘောတူလိုက်တယ်။ အမှန်တော့ သူ့အနေနဲ့ အလုပ်အမြန်ဆုံးပြန်လုပ်ချင်တယ်ဆိုပေမဲ့လည်း ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ဆောင်နိုင်မှာ မဟုတ်တာကြောင့် သူ့ရဲ့ဇနီးနဲ့အတူ အိမ်ကိုပြန်ပြီး နလန်ထူဖို့သာ တတ်နိုင်လိမ့်မယ်။

 

နိုင်ငံရေးရာထောက်ပံ့ရေးအရာရှိက ပြောစရာရှိတာကို ပြောပြီးတာနဲ့ ပြန်ထွက်သွားခဲ့တယ်။ သူ တံခါးကို ပြန်ပိတ်လိုက်တဲ့အချိန်မှာပဲ ဆုဆု ပြန်နိုးလာခဲ့တယ်။ သူမက မျက်လုံးတွေကို လက်နဲ့ပွတ်သပ်ရင်း ထထိုင်ပြီး မေးလာတယ်။

 

တစ်ယောက်ယောက် လာသွားတာလား

 

ဟုတ်တယ်..စစ်တပ်က နိုင်ငံရေးရာထောက်ပံ့ရေးအရာရှိရောက်လာတာ.. ကိုယ် လေးငါးရက်အတွင်း ဆေးရုံက ဆင်းလို့ရပြီတဲ့.. ဆေးရုံက ဆင်းရင် ပြန်လည်သက်သာလာတဲ့အထိ အိမ်မှာပြန်နေလို့ရတယ်လို့ ပြောသွားတယ်

 

တကယ်လား.. ဒါဆို ကျွန်မတို့တွေအိမ်ကို အတူပြန်သွားလို့ ရနိုင်တယ်မဟုတ်ဘူးလား

 

ဆုဆုက  ချက်ချင်းပဲ ဝမ်းသာအားရနဲ့ ပြောလာတယ်။

 

မင်း မြို့ထဲမှာ နေရတာကို မကြိုက်ဘူးလား

 

ဒါက သေးငယ်တဲ့မြို့လေးဖြစ်နေပေမဲ့ ဒီအမျိုးသမီးလေးက အလွန်သေးငယ်လွန်းတဲ့တောင်ရွာလေးကို ပိုပြီးသဘောကျနေပုံရတယ်။ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ မိန်းကလေးလဲ။

 

ကြိုက်ပါတယ်.. ဒါက ရှင်ရှိနေတဲ့နေရာပဲလေ

 

တကယ်တမ်းမှာ ဆုဆုက ပရောပရီစကားမျိုးပြောခဲ့တာမဟုတ်ဘူး။ ခေတ်သစ်မှာဆိုရင် မိန်းကလေးတစ်ယောက်က သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ပြဖို့ ဒီလိုမျိုး ချိုမြိန်တဲ့ စကားတွေ ပြောတတ်တာက ပုံမှန်ပဲလေ။

 

သို့သော်လည်း လင်စချွမ်ကတော့ သူ့ဘဝတစ်သက်တာလုံးမှာ အမျိုးသမီးတစ်ဦးက ထိုသို့ပြောလာတာမျိုးကို တစ်ခါမှ မကြားခဲ့ဖူးဘူးလေ။ ဒီတော့ သူ့မျက်နှာက ချက်ချင်းပဲ နီရဲလာခဲ့ရပြီး ပြန်လည်ကောင်းမွန်လာဖို့အတွက် ဂိုဂျီလက်ဖက်ရည်တွေ အများကြီး သောက်လိုက်ရတယ်။

 

ဒါပေမယ့် သူ့ရဲ့ရင်ထဲမှာတော့ အနည်းငယ်ချိုမြိန်နေခဲ့တယ်။ ထိုချိုမြိန်မှုက သူသောက်လိုက်တဲ့ ဂိုဂျီလက်ဖက်ရည်ကြောင့်လား ဒါမှမဟုတ် သူ့ဇနီးလေးရဲ့စကားထဲမှာ သကြားတွေပါနေတာကြောင့်လား ဆိုတာကိုတောင်မသိတော့ဘူး။

 

အမ်

 

သူ လက်ကိုဆန့်ထုတ်ပြီး ဆုဆုရဲ့လက်ကို ဆွဲကိုင်ဖို့လုပ်ပေမဲ့ လက်ကို ပြန်ရုတ်ပြီး သူမရဲ့ခေါင်းကိုသာ အသာအယာပွတ်ပေးလိုက်တယ်။ သူမရဲ့ဆံပင်တွေက နူညံ့ပြီး ထိရတာ သက်တောင့်သက်သာရှိကာ သူ ငယ်ငယ်တုန်းက အိမ်မှာမွေးခဲ့တဲ့ ကြောင်လေးကိုထိကိုင်ရသလိုမျိုးပဲ။

 

သူရဲ့ လက်က သူမရဲ့ ခေါင်းကိုထိလိုက်တဲ့အချိန်မှာပဲ သူမလေးက မျက်လုံးကိုမှိတ်ပြီး ပြုံးလာခဲ့တယ်။ ပြီးနောက် သူမက ခုတင်ဘေးမှာဝင်ထိုင်ကာ သူမရဲ့ ခေါင်းကို  သူ့ဘက်သို့ မှီလာခဲ့ပြီး သူ့ကို ဆက်ပွတ်ခွင့်ပေးထားခဲ့တယ်။ ကြည့်ရတာ အလွန်အမင်းကို ချစ်စရာကောင်းနေခဲ့တယ်။

 

သူ နောက်ထပ်လက်တစ်ဖက်ကို နှုတ်ခမ်းနားမှာကပ်ပြီး ချောင်းခပ်ဖွဖွဆိုးလိုက်တယ်။ အခုချိန်မှာ သူ့ရဲ့ဒဏ်ရာက လုံးဝကို မနာကျင်တော့သလိုပဲ။

 

နှစ်ယောက်သား ချိုမြိန်တဲ့အချိန်ကိုပိုင်ဆိုင်နေချိန်မှာပဲ သူနာပြုဆရာမလေးတစ်ယောက်က တံခါးကိုတွန်းပြီး ဝင်လာခဲ့တယ်။ အခန်တွင်းမှ မြင်ကွင်းကိုမြင်တော့ သူမရဲ့ပါးစပ်ထောင့်တွေက အနည်းငယ်လှုပ်ခတ်သွားပြီး ပြောလာခဲ့တယ်။

 

ဆေးထိုးဖို့ လာတာပါ

 

လင်းချွမ်က သူ့ရဲ့လက်ကို အလျှင်အမြန်ပြန်ရုတ်လိုက်ပြီး ဆုဆုက ခေါင်းကိုမော့ကာ မေးလာတယ်။

 

ဘယ်ကိုထိုးရမှာလဲ

 

ကြွက်သားကိုထိုးရမှာပါ

 

အိုး

 

သူမလည်း ကူညီရမှာဖြစ်လို့ ဆုဆုထရပ်လိုက်ပြီး သူနာပြုဆရာမနဲ့အတူ လင်းချွမ်ရဲ့ဘေးနားကို သွားလိုက်တယ်။ သူမ သူ့ရဲ့ဘောင်းဘီကို ဆွဲချခါနီးမှာပဲ သန်မာတဲ့လက်တစ်ဖက်က ပြန်ဆွဲထားပြီး လွှတ်ပေးလာခြင်းမရှိတာကိုတွေ့လိုက်ရတယ်။

 

လွှတ်လေ.. ရှင် နာမှာကို ကြောက်နေတာလား

 

ဆုဆုက ဘောင်းဘီကို ထပ်မဆွဲတော့ဘဲ သူ့ကို စိုက်ကြည့်နေခဲ့တယ်။

 

ဘေးနားမှာ ရပ်နေတဲ့ သူနာပြုကတော့ ဆေးတွေကို စုပ်ယူနေစဥ်မှာ လက်တွေက တုန်ယင်နေခဲ့တယ်။  ဒီတပ်ရင်းမှူးလင်းက သူတို့ရဲ့တာဝန်ကိုပြုလုပ်ဖို့ ခက်ခဲတဲ့သူဖြစ်ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားတယ်လေ။

 

သို့ပေမယ့်လည်း ဆရာဝန်တွေနှင့် အမျိုးသား သူနာပြုတွေ မရှိတဲ့အတွက်ကြောင့် သူမ လာခဲ့ရတာ။ ထိုသူက  အမြဲတမ်းအော်ဟစ်ကြိမ်းမောင်းတတ်တဲ့အကြောင်း ဒီကိုလာတဲ့လမ်းမှာတွေးရင်းနဲ့ သူမ ထွက်ပြေးချင်စိတ်ပေါက်နေခဲ့တာ။  ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ဇနီးသည်ရှိနေတယ်ဆိုတော့ ဒီတစ်ခါတော့ ဆေးထိုးခံသင့်တယ်မလား။

 

ဒါပေမယ့် တချို့လူတွေက အလွန်အဆင်မပြေဖြစ်ဖြစ်တတ်ပေမဲ့ သူ့ဇနီးရဲ့စကားကိုကြားတဲ့အချိန်မှာတော့ ဖြေလျော့လာလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ဘူး။

 

ဆုဆုက သူ့ရဲ့ဘောင်းဘီကိုအနည်းငယ် ဆွဲချလိုက်တယ်။

 

ဒီလောက်ဆို  အဆင်ပြေလား?

 

အင်း

 

ယိုး။  တော်တော်လေးကို နာခံတတ်တာပဲ။ ဝံပုလွေတစ်ကောင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဝံပုလွေမနဲ့တွေ့တဲ့အချိန်မှာတော့ အလွန်အမင်းရိုးသားနေလိမ့်မယ်ဆိုတာ ဒါကိုပြောတာဖြစ်လောက်တယ်။

 

သူနာပြုဆရာမလေးက ဆေးထိုးခြင်းအမှုကို အောင်မြင်စွာပြီးမြောက်နိုင်ခဲ့ပြီး ဗန်းကိုယူကာ ပြန်ထွက်သွားခဲ့တယ်။

 

ဆုဆုက သူ့ရဲ့ဘောင်းဘီကို ပြန်လည်ဆွဲတင်ပေးလိုက်တယ်။

 

ဒါက အသားဆေးလေးပဲလေ.. ရှင် ဒီလောက်ထိ တုံ့ပြန်မှုကြီးနေစရာ လိုလို့လား

 

အမ်

 

သူက သူ့ရဲ့ ခန္ဓာကိုယ်ကို တခြားမိန်းမတွေ လာ မထိစေချင်လို့ပဲ။ သူတို့ထိတာက အဆင်မပြေဖြစ်လွန်းပြီး သူ့ရဲ့ဇနီးလေးလာထိသလိုမဟုတ်ဘူး။

 

နာလို့လား?

 

မဟုတ်ဘူး.. မနာပါဘူး

 

ဒါက ဆေးထိုးရုံလေးပဲလေ။  အထူးသဖြင့် အဲဒီနေရာက နာကျင်နေတယ်ဆိုရင် သူ့အနေနဲ့နာကျင်တယ်လို့ မပြောနိုင်ဘူး။

 

ဆုဆု ရယ်မောလိုက်တယ်။ သူက ချောမောပြီး အေးစက်တဲ့အရှိန်အဝါကို ပိုင်ဆိုင်ထားပေမဲ့လည်း သူမနဲ့ မျက်နှာချင်းဆိုင်တဲ့အချိန်မှာတော့ နားမလည်နိုင်လောက်တဲ့ ခြားနားမှုတွေဖြစ်လာခဲ့တယ်။

 

သူမရဲ့ နှလုံးသားထဲမှာ  သေးငယ်တဲ့တံမြက်စည်းလေးတွေက အနက်ရှိုင်းဆုံးအပိုင်းတွေအထိ ညင်သာစွာ ပွတ်သပ်နေသလိုမျိုး ယားယံလာရတယ်။

 

ဒါကြောင့် သူမ သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ဒဏ်ရာမရှိတဲ့နေရာဆီကို ညင်သာစွာ နမ်းလိုက်မိတယ်။ အမှန်အတိုင်းပြောရရင် ထိုနေရာက တကယ်ကိုရှာရခက်လွန်းတယ်။

 

လင်းချွမ်ရဲ့ မျက်နှာက ရုတ်တရက် အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ ထို့နောက် လည်ပင်းနဲ့ နားရွက်တွေအထိ နီရဲလာခဲ့တယ်။

 

မျက်နှာ နီရဲနေတဲ့အမျိုးသား။ ထိုစကားလုံးက အမှန်တကယ် သူ့ကိုဆိုလိုတာဖြစ်နိုင်တယ်။

 

ကျွန်မ ရေသွားယူလိုက်ဦးမယ်

 

မကောင်းမှုတွေလုပ်ခဲ့တဲ့ ဆုဆုကတော့ မျက်နှာနီရဲပြီး အခိုးအငွေ့တွေပါထွက်လာပုံရတဲ့ လင်းချွမ်ကို ချန်ထားခဲ့ပြီး ရေသွားယူဖို့ထွက်သွားခဲ့တယ်။

 

လင်းချွမ်အနေနဲ့ မူလတုန်းက သူ့ဒဏ်ရာကြောင့် စစ်တပ်မှ ယာယီဆိုင်းငံ့ခံရတဲ့အပေါ် အရမ်းစိတ်ဓာတ်ကျနေခဲ့တာ။ သို့ပေမယ့် သူ့ဇနီးလေးရဲ့ကျီစယ်မှုကို  လက်ခံလိုက်ရချိန်မှာတော့ အခုအခြေအနေက မဆိုးဘူးလို့ ခံစားလာရတယ်။ ဇနီးနဲ့ သားသမီးတွေဆီကို ပြန်သွားပြီး ပူနွေးတဲ့ခန်ပေါ်မှာ အနားယူရင်းအချိန်တွေကိုဖြတ်သန်းမယ်။

 

အိုး။ ဟုတ်သားပဲ။ ကလေးတွေတော့ မရှိသေးဘူး။

 

စိတ်ပျက်စရာမလိုပါဘူး။ သူသာ အလုပ်ကြိုးစားနေသရွေ့ သီးနှံကောင်းကောင်းတွေ မစိုက်ပျိုးနိုင်ဘူးဆိုတာ မရှိစေရဘူး။

 

ညနေပိုင်းကိုရောက်တော့ ဆုဆု ညစာစားပြီးနောက်မှာ လင်းချွမ်က သူမကို တည်းခိုခန်းသို့ ပြန်သွားအိပ်ခိုင်းလိုက်တယ်။ ပထမတုန်းကတော့ သူမ ထွက်မသွားချင်ခဲ့ပေမယ့် လင်းချွမ်က သူ့ကို မနက်ဖြန် စောစောပြန်လာဖို့ပြောခဲ့တာကြောင့် ဆုဆု သူမရဲ့ကျောပိုးအိတ်ကိုယူပြီး တက်ကြွစွာနဲ့ တည်းခိုခန်းမှာ သွားအိပ်ဖို့ ပြန်သွားခဲ့တယ်။

 

ဒီမြို့ငယ်လေးမှာ တည်းခိုခန်းတွေ အများကြီးမရှိဘူး။ သူမ အထဲကိုမဝင်ခင် အထောက်အထားစာရွက်ကိုထုတ်ပေးလိုက်တယ်။ ထို့နောက် သူမကိုယ်သူမ ရေနဲ့ အနည်းငယ်ဆေးကြောပြီးအဝတ်အစားလဲလိုက်ပြီး စာအုပ်တစ်အုပ်ထုတ်ယူပြီး ခဏလောက်ဖတ်နေခဲ့တယ်။

 

သို့ပေမယ့်​ သူမက မြို့ပေါ်ကိုရောက်နေတာပဲလို့ ပြန်တွေးလိုက်မိတော့ အပြင်ကိုထွက်ပြီး အနည်းငယ်လှည့်ပတ်ရှာဖွေကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမအနေနဲ့ လင်းမိသားစုရဲ့ညီငယ်သုံးယောက်နဲ့ လူအိုစုံတွဲအတွက် ပစ္စည်းတချို့ ပြန်ယူသွားသင့်တယ်လေ။  ​

 

ဒါပေါ့။  ဆေးရုံမှာရှိနေတဲ့ လင်းချွမ်ရဲ့အဝတ်အစားတွေကလည်း ပြောင်းဖို့လိုအပ်တယ်။ သူက အခုချိန်မှာ စစ်တပ်က ထုတ်ပေးထားတဲ့ ဆွယ်တာအင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ထားခဲ့တယ်။ အပေါ်မှ အင်္ကျီက အဆင်ပြေသေးပေမဲ့  ဘောင်းဘီကတော့ ဒဏ်ရာမှထွက်လာတဲ့သွေးတွေနဲ့ ပေစွန်းနေခဲ့ပြီ။

 

သူမ ထိုဘောင်းဘီကို လျှော်ဖွတ်ချင်ခဲ့ပေမဲ့ ထိုအမျိုးသားက အသတ်ခံရမလိုမျိုး အကြောက်အကန်ငြင်းနေခဲ့တယ်လေ။ ကြည့်ရတာ သူ့ဆီမှာ အဝတ်အစားတွေ အများကြီးရှိပုံမပေါ်ဘူး။

 

ပစ္စည်းကောင်းတွေ ရောင်းချတဲ့စျေးရဲ့တည်နေရာကို မေးမြန်းစုံစမ်းပြီးနောက် ဆုဆု ထိုနေရာသို့ထွက်လာခဲ့တယ်။ ဒီဘက်ခေတ်အတွက် ပြုပြင်ပြောင်းလဲပြီး ဖွင့်လှစ်တဲ့ဆိုင်တွေလုပ်ထားခဲ့ပေမဲ့ ကိုယ်ပိုင်သီးသန့် အရောင်းဆိုင်တချို့လည်း ရှိနေသေးတာကို သူမ ရှာတွေ့ခဲ့တယ်။

 

အဓိကရောင်းချသူတွေက သမဝါယမအသင်းတွေသာ ဖြစ်နေသေးပေမဲ့ အခုချိန်မှာ သူတို့တွေက အလုပ်သိမ်းသွားခဲ့ပြီ။ ဒီတော့ သူမအနေနဲ့ သီးသန့်အရောင်းဆိုင်တွေရှိရာသို့ ရောက်လာခဲ့တယ်။ ထိုဆိုင်တွေက ဈေးပိုကြီးတယ်ပေမယ့် လက်မှတ်တွေ မလိုအပ်ဘူး။

 

သူမ လျှော်ဖွပ်ရလွယ်ကူတဲ့ ဘောင်းဘီရှည်ကို ရွေးချယ်လိုက်ပြီး အရွယ်အစားကိုမေးတဲ့အချိန်မှာ ခဏလောက်ရပ်တန့်သွားရတယ်။

 

ခါးက နှစ်ပေလောက်..ခြေထောက်က ခါးအထိဆိုရင် လေး၊ငါးပေလောက်ရှိတယ်

 

သူမ ဝယ်တဲ့ဘောင်းဘီက လင်းချွမ်နဲ့အဆင်ပြေပါ့မလားဆိုတာ သူမ မသိပေမဲ့  လင်းချွမ်ရဲ့ခန္ဓာကိုယ်က အတော်လေးစံပုံစံနဲ့ညီတယ်လို့ သူမ ခံစားမိတယ်။ သူ့ရဲ့နောက်ကျောပြင်က ကျယ်ပြီး သူ့ရဲ့ခါးကတော့ ပိန်သွယ်တယ်။ သူမ အရင်တုန်းက ပွေ့ဖက်ဖူးတာကြောင့် သူမခန့်မှန်းတာမှန်လောက်ပါတယ်။

 

အရောင်းဆိုင်ပိုင်ရှင်က သူမအတွက် ကူပြီး ရှာပေးလာခဲ့တယ်။ သူမ ရိုးရှင်းတဲ့အရောင်နဲ့ ကြိုးနဲ့ဆွဲချည်ရတဲ့ ဘောင်းဘီတစ်ထည်နဲ့ နောက်ထပ် ကြယ်သီးတပ်ဘောင်းဘီရှည်တစ်တစ်ထည်ကို ရွေးကာ လင်ချွမ်အတွက် ဝယ်ယူခဲ့တယ်။ ပြီးနောက် သူ့ရဲ့ခြေထောက်က ဗလာဖြစ်နေတာကိုတွေးပြီး ခြေအိတ်နှစ်စုံကိုပါ ထပ်ဝယ်လိုက်ပြန်တယ်။

 

ဆိုင်ရှင် သူမ ပစ္စည်းတွေအများကြီးဝယ်တာကိုမြင်တော့ ကျန်တဲ့ကုန်ပစ္စည်းတချို့ကိုပါ မိတ်ဆက်ပေးလာတယ်။

 

ရဲဘော်.. ကျွန်တော်တို့ဆီမှာ မနှစ်ကကျန်တဲ့ ချည်ဘောင်းဘီတွေ ရှိသေးတယ်.. မင်း ဒါတွေကို ​​လိုချင်မလားတော့ မသိဘူး.. သူက အမျိုးသားဝတ်နဲ့ အမျိုးသမီး ဝတ်တွေပါရှိပြီး စျေးတစ်ဝက်နဲ့ရောင်းချပေးနေပါတယ်။

 

စျေးချထားတာလား?

 

ဆုဆု ခေါင်းကိုစောင်းပြီးမေးလိုက်တော့ ဆိုင်ရှင်က စျေးနိမ့်တာက စျေးချထားတာလောက်မကောင်းဘူးလို့ခံစားမိပြီး ချက်ချင်းခေါင်းညိတ်လာတယ်။

 

ဟုတ်ပါတယ် စျေးလျော့ပြီးရောင်းချပေးနေတာပါ

 

ဒါဆို ကျွန်မ ကြည့်ဦးမယ်

 

အရင်ဘဝကတည်းက သူမက စျေးချတဲ့အချိန် ပစ္စည်းတွေကိုဝယ်ရတာကိုသဘောကျတတ်တယ်။

 

ပြီးနောက် သူတို့က ဖိနပ်တွေကိုပါ ထုတ်ပြလာခဲ့တယ်။ ပစ္စည်းတွေကတော့ မီးခိုးရောင် ချည်သားဘောင်းဘီတွေ၊ အမွှေးထူလေသာရှူးဖိနပ်တွေ၊ နောက်ပြီး အတွင်းပိုင်းမှာ ဝါဂွမ်းတွေနဲ့ပြုလုပ်ထားတဲ့ ဘောင်းဘီရှည်တွေပါဝင်တယ်။ သူတို့ရဲ့ ပုံစံက ဟောင်းနွမ်းနေပေမယ့် ကြည့်ကောင်းပြီး နွေးထွေးပုံရတယ်။

 

ရောဂါတွေက ခြေဖဝါးမှတဆင့်ရောက်လာတတ်ပေမဲ့ ရွာမှလူတွေက သိပ်ပြီးဂရုမစိုက်ကြဘူး။ မိသားစုထဲမှာ လူများစွာရှိပြီး ဝါဂွမ်းတွေပြတ်လပ်နေဆဲဖြစ်တာကြောင့် အမေလင်းက သူတို့အတွက် ချည်သားဖိနပ်တစ်ရံစီသာ ပြုလုပ်ပေးခဲ့တယ်။

 

လင်းဟိုင်ကတော့ စစ်တပ်မှ ရထားတဲ့ လင်းချွမ်မစီးတော့တဲ့ ဖိနပ်ဟောင်းကို စီးနေရတုန်းပဲ။ဖိနပ်က ကြည့်ကောင်းပေမယ့် သိပ်ပြီးမနွေးထွေးနိုင်ဘူး။ တစ်ချို့နေရာတွေက ကွဲနေခဲ့ပြီလေ။

 

သူမ ထိုအကြောင်းကိုတွေးပြီနောက် ဖိနပ်တွေရဲ့စျေးနှုန်းကို မေးကြည့်လိုက်တယ်။ ဆိုင်ရှင် ဆုဆုရဲ့ ခြေထောက်မှာရှိတဲ့ သားရေဖိနပ်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူမက ပစ္စည်းတွေအကြောင်းကို သိလိမ့်မယ်ဆိုတာကို သိလိုက်တာကြောင့် စျေးကိုပြောလာခဲ့တယ်။

 

တစ်ရံကို သုံးယွမ် ကြိုက်တာကိုရွေးလို့ရတယ်

 

နှစ်ယွမ်ထားလိုက် ခြောက်ရံဝယ်မယ်

 

လူတစ်​​ယောက်​ကို  တစ်ရံ။ သူမကတော့ မလိုအပ်​ဘူး။ သူမ ယူလာ​တဲ့ ဖိနပ်​က စီးဖို့လုံလောက်တယ်။  ဟောင်းနွမ်းသွားမယ်ဆိုရင် ကျောပိုးအိတ်ထဲသို့ထည့်ထားလိုက်ပြီး နောက်နေ့ကျရင် အသစ်ပြန်ထွက်လာမှာပဲလေ။

 

**