Unicode
ကျောက်ယွီဖေး၏ ဤတစ်ကြိမ်တာဝန်မှာ ခက်ခဲလေသည်။ စုချီယွဲ့က သူ့ကို နှစ်ကြိမ်တိုင်တိုင် ငြင်းပြီးပြီဖြစ်ကြောင်း ကျန်းဟုန်ဟွေးက ပြောပြခဲ့ပြီး ယနေ့ အနှီကိစ္စကို ပြီးမြောက်အောင်နည်းလမ်းရှာရမည်ဟု ပြောခဲ့သည်။
ဥက္ကဌက ရာဇသံပေးလိုက်လေ၏။ ဒီလိုအသေးအမွှားကိစ္စလေး မကိုင်တွယ်နိုင်ရင် ဘာမှရှင်းပြနေစရာမလိုတော့ဘူးဆိုပဲ။
ကျောက်ယွီဖေးက မူကြမ်းစာချုပ်တစ်စောင်ကို ထုတ်ကာ ပြောလိုက်၏။
"မစ္စလင်း ဒါက မူကြမ်းစာချုပ်ပါ။ စုချီယွဲ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မတို့ စောင့်ကြည့်ခဲ့ပြီးတော့ သူက အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ အရမ်းသင့်တော်တယ်လို့ ထင်မြင်တဲ့အတွက် ကျွန်မတို့ ကုမ္ပဏီက စုချီယွဲ့နဲ့ စာချုပ်လက်မှတ်ထိုးဖို့ စိတ်ရင်းနဲ့ မျှော်လင့်မိပါတယ်။ ဒါက စာချုပ်ပါစည်းမျဥ်းစည်းကမ်းတွေပါ၊ ရှင် တစ်ချက်ကြည့်ကြည့်ပါဦး"
လင်းကွေ့ကျီး ဝမ်းသာအားရဖြင့် စာချုပ်ကိုယူကာ သေသေချာချာဖတ်ရှုခဲ့သည်။
ကျောက်ယွီဖေး ဆက်ပြောလာ၏။
"ကျွန်မတို့ စုချီယွဲ့ကို အကောင်းဆုံးအရင်းအမြစ်တွေ ပေးနိုင်ပါတယ်၊ သူ အချိန်တိုအတွင်း ပထမတန်းစားအနုပညာရှင်ဖြစ်လာနိုင်မှာပါ။ ဒါပေါ့ လစာဝင်ငွေကလည်း လုံးဝမနည်းပါဘူးနော်။ ရှင် စာချုပ်မှာ အသေးစိတ်ရေးထားတာတွေကို ကြည့်လို့ရတယ်။ ဒီစာချုပ်ပါအချက်အလက်တွေကို ကျွန်မတို့ရဲ့ အထွေထွေမန်နေဂျာကိုယ်တိုင် ထုတ်ပေးထားတာပါ။ ဒီလိုအလေးပေးတဲ့စာချုပ်မျိုးကို ကျွန်မတို့ကုမ္ပဏီက ဘယ်အနုပညာရှင်မှမရနိုင်ပါဘူးရှင်။ သူအလိုရှိသရွေ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ variety show၊ ထောက်ခံချက်၊ မဂ္ဂဇင်းစတဲ့ ကုမ္ပဏီရဲ့ အရင်းအမြစ်အားလုံးကို သူ့အတွက် ရနိုင်ပါတယ်"
လင်းကွေ့ကျီး ကြည့်ရှုပြီးနောက် အလွန်ကျေနပ်သွားလေ၏။ ဖျော်ဖြေရေးကုမ္ပဏီများယူသည့် ရှယ်ယာမှာ အလွန်မြင့်မားကြောင်း သူမကြားသိဖူးသော်ငြား ဤစာပိုဒ်တွင်မူ ဟိုင်နမီဒီယာက ၂၀%သာ ယူထားပေသည်။ ဆိုတော့ သူတို့ တစ်သန်းရှာနိုင်ရင် စုချီယွဲ့က ၈သိန်းရနိုင်တယ်လေ၊ ဒါ အရမ်းကောင်းတာပဲပေါ့။
ထို့အပြင် ဟိုင်နမီဒီယာ၌ သူမသားကို ပေးနိုင်သည့် ဒရာမာများစွာ၊ ကြော်ငြာများစွာရှိသည်ပင်။ သူမသားလေး ကြယ်ပွင့်ကြီးဖြစ်လာဖို့ အချိန်တစ်ခုပဲလိုတယ်။
"ဒီကိစ္စကို ကျွန်မသားနဲ့ ဆွေးနွေးဖို့လိုသေးတယ်"
လင်းကွေ့ကျီး စတင်သရုပ်ဆောင်လေပြီ။
ကျောက်ယွီဖေး : ... နင့်သားက သဘောတူနေမယ်ဆိုရင် ငါတို့က ဒီအထိပြေးလာစရာလိုမှာလားလို့?
"ကျွန်မတို့ ရှင့်ကို ယွမ် ၃သိန်းကြိုပေးထားလို့ရပါတယ်"
ကျောက်ယွီဖေး တည့်ပဲပြောလိုက်၏။
လင်းကွေ့ကျီး ထိုစကားကိုကြားလိုက်ရသည့်အခါ တုန်လှုပ်သွားရသည်။ တစ်ခါတည်း ၃သိန်းနဲ့ ကမ်းလှမ်းနေတာပဲ၊ သူမက အများကြီးသုံးဖြုန်းတတ်ပေမယ့် ၃သိန်းကိုတော့ တခါတည်းမသုံးဖူးဘူးလေ။ ဒါက အရမ်းဆွဲဆောင်နိုင်လွန်းတယ်...
"ဒါပေမယ့် ကျွန်မက ရှင်တို့ဆီကနေ ၃သိန်းယူထားမှန်း ကျွန်မသားသိသွားရင် သူပျော်မှာမဟုတ်ဘူး။ ရှင်တို့မသိပါဘူး ကျွန်မသားက ခေါင်းတအားမာတာလေ"
လင်းကွေ့ကျီးကတော့ ယွမ် ၃သိန်းကို ဘယ်လိုသုံးရင်ကောင်းမလဲ၊ စုချီယွဲ့ကို ဘယ်လိုရှင်းပြရင်ကောင်းမလဲ တွေးနေလေပြီ။
"ယွမ် ၅သိန်း"
ကျောက်ယွီဖေး စျေးနှုန်းကို တိုးမြှင့်လိုက်သည်။
"ကျွန်မတို့စိတ်ရင်းကိုပြတဲ့အနေနဲ့ ရှင့်ကို ၅သိန်း ကြိုတင်ပေးထားပါမယ်။ စာချုပ်လက်မှတ်ထိုးပြီးတဲ့အခါ စုချီယွဲ့ရဲ့ လစာထဲက ဒီ ၅သိန်းကို ပြန်နုတ်ယူလိုက်မယ်"
လင်းကွေ့ကျီး မူလက ယဉ်ကျေးချင်နေသော်ငြား ၅သိန်းဟု ကြားလိုက်သည်နှင့် သူမပေါင်ကိုရိုက်၍ ဝမ်းသာအားရပြုံးကာ
"ကောင်းပြီ၊ ဒီလိုပဲလုပ်ကြတာပေါ့"
ကျောက်ယွီဖေးသည် သူ့အိမ်စာတွေကို ကြိုလုပ်ခဲ့ပေသည်။ ဒီမစ္စလင်းက ကတ်ကစားရတာကို နှစ်သက်ပြီး သာမာန်အချိန်တွေမှာ ဘာမှမလုပ်တဲ့အတွက် ဒီငွေတွေကို မငြင်းဆန်နိုင်မှာ သေချာတယ်လေ။
ယွမ် ၅သိန်းအတွက်ကတော့...
စုချီယွဲ့သာ စာချုပ်လက်မှတ်ထိုးထားသရွေ့ သူ့ရဲ့ လက်ရှိနာမည်ကြီးနှုန်းနဲ့ဆို ဒီ၅သိန်းလောက် ပြန်မရှာနိုင်မှာ စိုးရိမ်နေစရာလား?
လင်းကွေ့ကျီးက ကျောက်ယွီဖေးတို့အား ဟိုင်နမီဒီယာမှ တံဆိပ်တုံးထုထားသော စာချုပ်တစ်စောင် ချန်ထားခဲ့ရန် တောင်းဆိုပြီးနောက် ယွမ် ၅သိန်းတန်ချက်လက်မှတ်ဖြတ်ပိုင်းရခဲ့သည်။ ထို့နောက် ကျောက်ယွီဖေးနှင့် ချန်ရှင်းတို့ကို လိုက်ပို့ပေးခဲ့သည်။
လင်းကွေ့ကျီး အခန်းထဲမှာ တစ်ယောက်တည်းထိုင်နေရင်း ယွမ် ၅သိန်းတန်ချက်လက်မှတ်ကိုကြည့်နေမိသည်။ သူမတစ်သက်တာမှာ ဒီလောက်များတဲ့ငွေတွေကို မမြင်ဖူးဘူးလေ။
သူမ ဘဏ်မှာသွားထုတ်ပြီး ကုတင်ပေါ် ဖြန့်ခင်းလိုက်ရင် ကောင်းကောင်းအိပ်နိုင်မယ်မလား?
...
စုချီယွဲ့ သူ့၏ဇာတ်ဝင်ခန်းရိုက်ကူးပြီးနောက် နှစ်ရက်ခန့် ကျောင်းပြန်တက်ရန် ပြင်ဆင်လိုက်၏။
ဘာပဲပြောပြော သူ "မြင်မြင်ချင်းချစ်မိသွားတယ်"ပရိုဂရမ်ရဲ့ ဒုတိယပိုင်းကို နှစ်ရက်အတွင်း ရိုက်ကူးရတော့မှာဆိုတော့ ကျန်းချန်ကနေဆို ဘယ်ကိုသွားရသွားရ အဆင်ပြေတယ်လေ။
ရိုက်ကူးရေးအဖွဲ့မှ ထွက်ခွာသည့်အခါ ထန်ယဲ့က သူ့ကိုလိုက်ပို့ပေးရန် ဖန်းပိုင်အားပြောခဲ့သည်။ လမ်း၌ စုချီယွဲ့က ဖန်းပိုင်အားမေးလိုက်၏။
"ကျွန်တော့်ရဲ့ hot searchကို တွေ့လား?"
ဒါပေါ့၊ ထန်ယဲ့အပေါ် တစ်ခုခုထိခိုက်စေမည်ကို စိုးရိမ်နေသောကြောင့် ဖန်းပိုင်က တစ်ချိန်လုံး မျက်စိဒေါင့်ထောက်ကြည့်နေခဲ့သည်ပင်။ သူ ခေါင်းညိတ်ကာ
"ကျွန်တော် တွေ့လိုက်တယ်"
"ထန်လောင်ရှီးကို မပြောပြနဲ့နော်။ တခြားသူတွေဘာပြောပြော ကျွန်တော်ဂရုမစိုက်ဘူး၊ သူ ရုပ်ရှင်ကောင်းကောင်းရိုက်ပြီး ကောင်းကောင်းအနားယူပါစေ"
ဖန်းပိုင် အလွန်အံ့အားသင့်သွားရ၏။ စုချီယွဲ့က ဤကိစ္စကို ထန်ယဲ့အား ကူညီဖြေရှင်းပေးစေချင်လိမ့်မည်ဟု သူ မူလက တွေးခဲ့သော်လည်း သူက ဂရုပင်မစိုက်မှန်း မမျှော်လင့်ထားမိခဲ့။
"ဘော့စ်မေးလာရင်ရော..."
စုချီယွဲ့ : "မင်းရဲ့ဘော့စ်က ရိုက်ကူးရေးနဲ့ အလုပ်ရှုပ်နေတာလေ။ မင်းမပြောရင် ဘယ်သူမှ သူ့ကို ပြောပြနေမှာမဟုတ်ဘူး။ ဒါ့အပြင် ဒါကလည်း ကိစ္စကြီးမှမဟုတ်ဘဲ။ သူရိုက်ကူးရေးပြီးလို့ ပရိုဂရမ်မှာ တွေ့တော့မှပဲ ကျွန်တော်ပြောပြလိုက်မယ်"
ဖန်းပိုင် ခဏလောက်စဉ်းစားလိုက်ပြီး
"ကောင်းပါပြီ"
ဖန်းပိုင် ကားမောင်းနေစဥ် စုချီယွဲ့ Weiboကို ကြည့်ရှုလိုက်၏။ မနက်တုန်းက ရှိနေသေးတဲ့ hot searchမှာ မျက်စိတစ်မှိတ်အတွင်း အစအနမရှိပျောက်ကွယ်သွားသလို "စုချီယွဲ့က အမှိုက်ကောင်"ဆိုသော အကောင့်ပင် ပျောက်သွားချေပြီ။
စုချီယွဲ့ အမှန်တကယ် အံ့သြသွားရ၏။ သူဘာမှမလုပ်ထားဘူးလေ၊ ဒီလောက်အစွမ်းထက်တာ ဘယ်သူများပါလိမ့်? သူ့ကို အပုပ်ချတဲ့သူက အသိစိတ်ဝင်လာပြီး အကောင့်ကိုဖျက်ပြေးသွားတာတော့ မဖြစ်နိုင်ဘူးလေ။
သူတွေးတောနေစဥ် လင်းကွေ့ကျီး ဖုန်းခေါ်လာလေ၏။
"ရှောင်ယွဲ့ရေ မားရဲ့ပေါင်ပေ့ကြီးရေ... သားက မားရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ။ သားရေ မားကို ကျန်းချန်မှာ စောင့်နေနော်၊ မား ရထားပေါ်မှာ၊ သားကို မကြာခင်လာတွေ့မယ်။ မွေးရပ်မြေကအိမ်ကို ရောင်းပြီးရင် သားအတွက် ကျန်းချန်မှာ အိမ်ကြီးကြီးတစ်လုံးဝယ်ဖို့ စရံငွေပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ဆို မားက သားကို နေ့တိုင်းတွေ့လို့ရပြီ၊ တို့တတွေအတူတူနေလို့ရပြီလေ။ အံ့သြသွားလား?"
စုချီယွဲ့သည် သူ လင်းကွေ့ကျီးနှင့် မတွေ့ဖြစ်တာ တစ်ရက်ပဲရှိသေး၊ သူမ ရူးသွားပြန်ပြီလို့ ခံစားလိုက်ရသည်။
"မားရဲ့မွေးရပ်မြေက အိမ်ကိုရောင်းလို့ ငွေကဘယ်လောက်ရလို့တုန်း? ကျန်းချန်က အိမ်ဈေးတွေဘယ်လောက်ရှိလဲ၊ တစ်စတုရန်းမီတာကို ဘယ်ဈေးလဲ မားသိရဲ့လား? စရံငွေကို ဘာနဲ့ပေးမလို့လဲ? ကျောက်ကပ်ရောင်းပြီးတော့လား? နောက်ပြီး မား ကိုယ့်ကိုကိုယ် ပေါင်နှံပြီးတော့ ချေးငွေယူမလို့လား?"
လင်းကွေ့ကျီး : "မားက အသက်ကြီးနေပြီလေ၊ ပေါင်နှံရင်တောင် ဘယ်သူမှမလိုချင်တော့ပါဘူးကွယ်။ ဒါပေါ့ သားကတော့ ချေးငွေကို ပြန်ဆပ်ရမှာပေါ့။ သားရေ ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှုရှိသင့်တယ်နော်။ သားက အခု ဟိုင်နမီဒီယာနှင့် စာချုပ်လက်မှတ်ထိုးပြီးသွားပြီး ကြယ်ပွင့်ကြီးဖြစ်လာတော့မှာ။ အနာဂတ်မှာ သား ပိုက်ဆံပြတ်ပါတော့မလားကွယ်?"
"ကျွန်တော် ဟိုင်နမီဒီယာနဲ့ စာချုပ်ချုပ်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ?"
စုချီယွဲ့ : "ဒါ့အပြင် စာချုပ်လက်မှတ်ထိုးပြီးရင် ကြယ်ပွင့်ကြီးဖြစ်လာပြီး ငွေတွေအများကြီးရှာနိုင်တယ်လို့ မားကို ဘယ်သူပြောတုန်း? အိပ်မက်မက်မနေနဲ့တော့၊ အိုကေလား မစ္စလင်းရေ"
"မားကို မလိမ်နဲ့၊ မား အားလုံးသိပါတယ်နော်။ ဒီနေ့ ဟိုင်နမီဒီယာရဲ့ လက်ထောက်အထွေထွေမန်နေဂျာက မားတို့အိမ်ကို ရောက်လာတယ်လေ။ သူတို့ စာချုပ်ချန်ထားပေးခဲ့တယ်၊ မား သားကိုပေးမယ်နော်။ စာချုပ်ပါအချက်အလက်တွေလည်း အရမ်းကောင်းနေရောပဲ၊ သား စာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ စာချုပ်ကအကျုံးဝင်သွားမှာနော်။ သူတို့ကုမ္ပဏီ နောင်တရရင်တောင် စိုးရိမ်စရာမလိုတော့ဘူး၊ မားလည်း မားရဲ့တစ်ဘဝလုံး ဘာမှပူပန်စရာမလိုတော့ဘူးပေါ့"
လင်းကွေ့ကျီး တစ်ယောက်တည်း စိတ်လှုပ်ရှားစွာ စကားပြောနေလေသည်။
"သားက မားအတွက် တခါတည်း ယွမ် ၅သိန်းရအောင်လုပ်ပေးလိုက်တာပဲ။ မားရဲ့ ချစ်သားလေးရေ သားက မားရဲ့ ကံကောင်းစေတဲ့ ကြယ်လေးပါပဲကွယ်၊ မာမားက သားကို ချစ်တယ်နော်!"
စုချီယွဲ့ ကြောင်အသွားရလျက်။
"ခဏနေပါဦး၊ ဘာယွမ် ၅သိန်းလဲ?"
"သားရဲ့ လက်ထောက်အထွေထွေမန်နေဂျာက မားကို ယွမ်၅သိန်း ကြိုပေးသွားတယ်လေ"
လင်းကွေ့ကျီး ပျော်ရွှင်မှုတွင် နှစ်မြုပ်နေဆဲ။
စုချီယွဲ့ : ...... "ပြန်ပေးလိုက်"
လင်းကွေ့ကျီး : "မပေးပါဘူး!"
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့ : နေ့ရက်တွေက သည်းမခံနိုင်စရာပဲနော်~
xxx