"ရှင်တို့နှစ်ယောက် ပထမဆုံးစတွေ့တဲ့နေရာ? ဘာကိုဆိုလိုတာလဲ တတိယသခင်လေး" ယွီဇစ်ကျန်းက ပြုံးပြနိုင်ရန် အတင်းအကျပ်ကြိုးစားသည်။
သူတို့နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ပတ်သက်နေသည်ကို သူမ မယုံကြည်ချင်ပေ။
တတိယသခင်လေးကို သွေးဆောင်ခဲ့တာက ရှီရန် ဖြစ်ရမယ်။
“ရေချိုးကန်(ဇလုံ)ဝယ်ဖို့ ကုန်တိုက်ကိုသွားတုန်းက တွေ့ခဲ့တာပါ” ဟု ရှီရန်က ရှင်းပြသည်။
ကင်မရာမြင်ကွင်း၏အကွယ်၌ သူမသည် ချူးကျင်းချန်း၏ကျောပြင်အောက်ပိုင်းကို အားဖြင့် ဆွဲလိမ်ကာ သူမ၏အပြုံးသည် အလွန်လှပနေသည်။ "အဲ့ဒါကို ရှင်ဆိုလိုတာမလား တတိယသခင်လေး"
ချူးကျင်းချန်း၏ ပါးစပ်မှ ရယ်မောသံက လွတ်ထွက်သွားပြီး သူ့နောက်ကျောမှ နာကျင်မှုကို လျစ်လျူရှုလိုက်သည်။
သူမ၏မျက်လုံးကို ကြည့်ပြီး သူ ခေါင်းညိတ်လိုက်သည်။ "မစ္စရှီပြောသမျှက မှန်ပါတယ်ဗျာ။"
'အဲဒါက ပိုလို့တောင် အရိမ်အမြွက်ပြပေးနေသလိုပဲ'
ရှီရန်က သူမ၏လက်ဖြင့် တင်းကျပ်စွာ ပိုဆွဲဆိတ်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူမ၏လက်ကို နွေးထွေးသောလက်တစ်ဖက်က ဖုံးအုပ်လာသည်။
ချူးကျင်းချန်းသည် သူမ၏နူးညံ့သော အသားအရေကို သူ၏လက်ချောင်းထိပ်များကို ပွတ်သပ်လိုက်သည်။
တခဏအတွင်းမှာပင် သူ့လက်ကို လွှတ်လိုက်ပြီး လက်ကို ပြန်ဆုပ်လိုက်သည်။
ရှီရန်က သူ့ကို ပိုညှစ်မရအောင် တားလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
သူ၏ခံနိုင်ရည်ကို သူသာ သိသည်။
ဒါရိုက်တာက အခြေအနေ မဟန်သည်ကို မြင်ပြီး လူတိုင်း၏အာရုံကို ဆွဲဆောင်ရန် ချောင်းဟန့်လိုက်သည်။
"လူတိုင်းက ရွေးချယ်ပြီးသွားပြီ။ ဒီနေ့အတွက် ကျွန်တော်တို့ရဲ့ အထူးဧည့်သည်တော်တွေကို ဖိတ်လိုက်ကြရအောင်။"
'အထူးဧည့်သည်တွေလား'
လူတိုင်း အံ့ဩသွားကြသည်။
'သူတို့အပြင် အထူးဧည့်သည်တွေ ရှိတာလား'
ခြေထောက်သံငယ်လေးများ နီးကပ်လာသည်။
အိမ်ရှေ့တံခါးပွင့်လာပြီး ကိုယ်ခန္ဓာသေးသေးလေး လေးခုပေါ်လာသည်။
အတိအကျပြောရလျှင် လေးငါးနှစ်ခန့် ကလေးလေးယောက်ဖြစ်သော ယောက်ျားလေးနှစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်ဖြစ်သည်။
သူတို့ရှိုးပွဲမှာပါရမည်ဖြစ်၍ ကလေးတိုင်းက သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးသည် အလွန်တက်ကြွပြီး ချစ်ဖို့ကောင်းသည်။
သူတို့သည် တစ်တန်းတည်းရပ်နေကာ စူးစမ်းလိုစိတ်ကြီးသော မျက်လုံးများဖြင့်မှိတ်တုတ်မှိတ်တုတ်လုပ်နေကာ မရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်နေသည်။
"ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်သလဲ" ယွီဇစ်ကျန်း အံ့သြစွာပြောသည်။
"သူတို့က တကယ်ချစ်စရာကောင်းတဲ့ ကလေးလေးတွေပဲ" ရှီဝန်ဖေးက ကျုံးယူဖန်ကိုကြည့်သည်။ " ယူဖန်ကော ဘယ်လိုထင်လဲ"
ကျုံးယူဖန်က သဘောကျစွာ ပြုံးလိုက်သည်။ "ဟုတ်တယ် အရမ်းချစ်စရာကောင်းတယ်။"
တခြားသူများလည်း ကလေးများထံ စိတ်ပါသွားပြီး သူတို့နှင့် နီးကပ်ရာဆီသွားလာကြသည်။
ရှီရန်နှင့် ချူးကျင်းချန်းသာလျှင် ယခင်နေရာအတိုင်း မြေပြင်ပေါ်တွင် အမြစ်တွယ်ရပ်နေသည်။
သူ့အကြည့်က ကလေးအပေါ်ကို ဖြတ်သန်းသွားသည်။
ရှီရန်သည် ယခင်က ကလေးများနှင့် မဆက်ဆံခဲ့ဖူးခြင်း မဟုတ်ပေ။
သူမ၏အရင်ဘဝတုန်းက ထိုအရှုပ်ထုပ်လေးများကို ကြီးပြင်းလာစေရန် လေ့ကျင့်ပေးခဲ့ရသော်လည်း ကလေးများက သူမ၏ရှိုးပွဲမှာ ပါဝင်လာသောအခါတွင်
အခြေအနေမကောင်းပေ။
"မင်း ကလေးတွေကို ချစ်လား" ချူးကျင်းချန်း ရုတ်တရက် မေးလိုက်သည်။
"မချစ်ဘူး" ရှီရန်က ပြတ်ပြတ်သားသား ပြန်ပြောသည်။
ကလေးများက အားနည်းပြီး လေ့ကျင့်ရခက်သည့်အပြင် သူတို့သည် ငိုရခြင်းကိုလည်း ကြိုက်ပေသည်။
ဒေါသတကြီးဖြင့် ရိုက်နှက်နိုင်သည့်လူကြီးများနှင့် မတူပေ။
'ကလေးတွေက သိမ်မွေ့ပြီး ဒုက္ခပေးလွန်းတယ်။'
ထုတ်လုပ်ရေးအဖွဲ့သည် ယခုအချိန်တွင် ရှီရန်မည်ကဲ့သို့ တွေးနေမှန်း မသိပေ။
အားလုံးက ကလေးများနဲ့ လိုက်လျောညီထွေရှိနေသည်ကို မြင်သောအခါတွင် ဒါရိုက်တာက စည်းမျဉ်းတွေကို ဆက်လက်ကြေညာသည်။ "ဒီနေ့ လူတိုင်းရဲ့ တာဝန်က တစ်ရက်တာ မိဘဖြစ်ရပါမယ်။"
"ဒီမှာ ကလေး လေးယောက်ရှိပါတယ်။ ဒီနေ့ ဧည့်သည်အုပ်စုတစ်ခုစီဟာ ကလေးတွေရဲ့ မိဘအဖြစ်အနေနဲ့ တစ်နေ့တာ သူတို့ကို စောင့်ရှောက်ရပါမယ်။"
"ဒီအတောအတွင်းမှာ ကလေးရဲ့ မိဘအစစ်တွေက စောင့်ကြည့်တဲ့အခန်းထဲကနေ မင်းတို့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပါလိမ့်မယ်။ ညနေခင်းမှာ အဆင့်သတ်မှတ်ပေးမှာဖြစ်ပြီး အဲဒီအဆင့်သတ်မှတ်ချက်အရ မင်းကို အဆင့်သတ်မှတ်ပေးပါလိမ့်မယ်။"
ထို့နောက် ပရိုဂရမ်အဖွဲ့သည် အဖွဲ့တစ်ခုစီသို့ ကလေးတစ်ဦးကို စတင်ပေးသည်။
တခြားသူများကလည်း ကလေးနဲ့ အဆင်ပြေနေကြသည်။
ကလေးတစ်ယောက်တည်းသာ ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ရပ်ကျန်နေသည်။
ကလေးငယ်က ကျောက်စိမ်းနဲ့ ထွင်းထားသလိုကဲ့သို့ လှပသည်။ သူ့ဘောင်းဘီနှင့်ပခုံးကိုချိတ်ဆွဲထားသောပခုံးကြိုးသိုင်းနှစ်ချောင်းဖြင့် သူက ပိုလို့တောင် ချစ်စရာကောင်းနေသည်။
သူသည် ကလေးလေးယောက်တွင် အလှဆုံးဖြစ်သည်။
တစ်နေ့တာအတွက် သူ့မိဘတွေက
ဒါရိုက်တာသည် ချူးကျင်းချန်းနှင့်ရှီရန် ကို ကြည့်လိုက်သည်။
နှစ်ယောက်သား နီးနီးနားနား မတ်တပ်ရပ်နေပြီး သူတို့လက်နှစ်ဖက်က ရံဖန်ရံခါ ထိနေကြသည်။
"ရှင် ကလေးတွေကို ကြိုက်လား" ရှီရန်က တိတ်တဆိတ်မေးလိုက်သည်။
"ဟင့်အင်း" ချူးကျင်းချန်းက ပြတ်ပြတ်သားသား ပြန်ဖြေသည်။
တခြားအဖွဲ့က ကလေးများက 'ဒယ်ဒီနဲ့ မာမီ' လို့ ခေါ်သံကြားလိုက်သည်နှင့် ရှီရန်က ပိုထူးဆန်းသလို ခံစားရသည်။
"ချူးကျင်းချန်း၊ တကယ်လို့ ကလေးက ရှင့်ကို ဒယ်ဒီလို့ ခေါ်လာရင်..."
"ဟင်း" ချူးကျင်းချန်းက သရော်လိုက်သည်။ "လွှင့်ပစ်လိုက်မှာပေါ့။"
[သူက အရမ်းရက်စက်တယ်]
[တတိယသခင်လေးက ကလေးတွေကို တကယ်မကြိုက်ဘူးလို့ ငါပြောနိုင်တယ်။]
"ကလေးထိန်းနည်းကောသိလား" ရှီရန်က ထပ်မေးသည်။
"အိမ်မွေးတိရစ္ဆာန်ထိန်းနည်းကိုကော ထည့်တွက်လို့ရလား" ချူးကျင်းချန်းလေးနက်စွာမေးလိုက်သည်။
"အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိတယ်။ ဒါပေမယ့် အဲဒါက ကျား။ ကြီးကြီးမားမား ကွာခြားမှု ရှိနိုင်လား"
"တိုက်ဆိုင်လိုက်တာ။ ကျွန်မ မွေးထားတဲ့ ဝံပုလွေတွေက အတော်လေး ထိန်းရခက်တဲ့ သတ္တဝါတွေပဲ။ သူတို့က လူကလေးတွေလို ဖြစ်နိုင်လောက်မယ်။"
"ကျွန်တော်က ကျားကို အသားစိမ်းတွေ ကျွေးတယ်။ ပြီးရင် သူ့ကို ခေါ်သွားပြရမယ်..."
"ဝံပုလွေလည်း အဲ့လိုပဲ။ သူတို့လိုအပ်တာက...."
[ရုတ်တရက် အိမ်မွေးတိရစ္ဆာန်အကြောင်းရှိုးပွဲကြီး ဘာကြောင့်ဖြစ်သွားရတာလဲ။]
[ကျားနှင့်ဝံပုလွေ။ အဲ့အကောင်တွေက သာမန်လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေလား။ မဟုတ်ဘူးနော်။ အဲဒါတွေကို အိမ်မွေးတိရစ္ဆာန်လို့တောင် သတ်မှတ်လို့ရပါ့မလား။]
[သနားစရာကလေးလေးက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေကို မွေးမြူထားတာနှင့်ပတ်သက်ပြီး သူ့မိဘတွေက ဆွေးနွေးနေကြတယ်ဆိုတာကို မှန်းဆမိမှာမဟုတ်ဘူး။]
[ဒီစကားဝိုင်းကြောင့် ငါအူတက်သေတော့မယ်။ ဟားဟားဟား။]
[သူတို့က ကလေးနဲ့ ပိုတူတယ် ဟားဟား]
[အဓိကအချက်က သူတို့နှစ်ယောက်က အတည်စကားပြောနေတဲ့ပုံပဲ။ ချက်ခြင်းတောင် ဒီကလေးကို သနားမိတယ်။]
[စောင့်ကြည့်တဲ့အခန်းက ကလေးမိဘတွေတော့ မူးလဲမသွားလောက်ဘူးမလား ??]
ရှီရန်နှင့်ချူးကျင်းချန်းသည် ယခင်က ကလေးများကို ပြုစုစောင့်ရှောက်ခဲ့ဖူးခြင်း မရှိသောကြောင့် အကျပ်ရိုက်နေသည်။
အချိန်တခဏလောက်ကြာသည်အထိ သူတို့ထဲကတစ်ယောက်မှ ကလေးကို အရင်မချဉ်းကပ်ကြပေ။
ပြီးနောက် ဧည့်ခန်းထဲက ကလေးလေး ရူရူက ဘယ်ညာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိုစပျစ်သီးနဲ့တူလှသောမျက်လုံးများက ရှီရန်ပေါ် ကျရောက်သွားသည်။
သူက ပြုံးပြီး သူ့ချစ်စရာသွားလေးများပေါ်လာကာ ရှီရန်ဆီ ပြေးသွားသည်။
ထို့နောက် ကလေးက ရှီရန်၏ခြေထောက်ကို လှမ်းဆွဲလိုက်သည်။
သူမ၏ခြေထောက်ပေါ်ရှိ နူးညံ့သော အထိအတွေ့သည် ရှီရန်အား ထိုနေရာ၌ အေးခဲသွားစေသည်။
သူမသည် စက်ရုပ်ကဲ့သို့ပင် ရူရူက သူမအား လက်နှစ်ဖက်ကို ကားပြလာသည်ကို တွေ့လိုက်ရသည်။ "မာမီ၊ သားသားကို ချီပါဦး" ဟု ညင်ညင်သာသာပြောသည်။
'မာ...မာမီ'
ရှီရန် တောင့်တင်းသွားသည်။
ရူရူ၏မျှော်လင့်တကြီးဖြစ်နေသောအကြည့်အောက်တွင် သူမသည် စက်ရုပ်ကဲ့သို့ ကုန်းကာ သူမ၏လက်ကို သူ့ချိုင်းအောက်၌ ထားကာ သူ့ကို ဖြည်းညှင်းစွာ ချီလိုက်သည်။
သူမသည် စက်ရုပ်တစ်ရုပ်လို တစ်ချိန်လုံး တောင့်တင်းနေသည်။
ရူရူသည် ရှီရန်၏လက်မောင်းပေါ် မှီပြီး သူ့ခြေထောက်များကို ပျော်ရွှင်စွာ ကန်ထုတ်နေသည်။ သူ့ပါးပြင်ရှိ ပါးချိုင့်များသည် ထင်းနေပြီး ချစ်စဖွယ်ကောင်းလှသည်။
သူမအနားတွင် ချူးကျင်းချန်းသည် မျက်လုံးများကို ငုံ့ကြည့်ပြီး သူမ၏ရင်ခွင်ထဲတွင်ရှိနေသောရူရူကို ကြည့်လိုက်သည်။ သူ့မျက်လုံးများကို မှေးလိုက်သည်။
ချက်ချင်းပင် သူသည် နှုတ်ခမ်းပေါ်မှ အပြုံးမပျက် ပြုံးပြကာ ရူရူဆီ လက်လှမ်းလာသည်။ "ရူရူ၊ ဒယ်ဒီဆီ လာပါဦး။"
["ကလေးတစ်ယောက်က အဖေလို့ခေါ်ရင်" နဲ့ "လွှင့်ပစ်လိုက်မှာပေါ့"]
[“ဒယ်ဒီ” ဆိုတဲ့စကားလုံးက သူ့ပါးစပ်ကနေ ချောချောမွေ့မွေ့ ထွက်ပေါ်လာတယ်။ လွှင့်ပစ်လိုက်မယ်လို့ ဘယ်သူက ပြောခဲ့တာလဲ။]
[မာစတာရန်ရဲ့ ပွေ့ဖက်တာကို သိမ်းယူသွားတာကြောင့် တတိယသခင်လေးက ရူရူကို ဒေါသထွက်နေတာလား။]
[အတွဲပေးစားတဲ့ပရိသတ်တွေက တကယ့်ကို အရူးတွေပဲ။ ဒါကိုတောင် ရိုမန့်တစ်တွေ လုပ်နိုင်ကြတယ်???]
[တတိယသခင်လေးက တစ်ချိန်တည်းမှာ ဒီလောက်တည်ကြည်ပြီးရယ်စရာကောင်းအောင် လုပ်နိုင်နေတာလဲဟယ်။]
[လွှင့်ပစ်မယ်လို့တတိယသင်လေးပြောခဲ့တဲ့အပိုင်းကို ကျေးဇူးပြု၍ ပြန်ဖွင့်ပြ။]
ချူးကျင်းချန်းစကားကိုကြားသောအခါ ရှီရန်က ရူရူကို ချူးကျင်းချန်းဆီ ချက်ချင်း ပေးလိုက်သည်။
'ကလေးတွေက အရမ်းနုနယ်လွန်းတယ်။'
သူ့ကို ပွေ့ဖက်ထားသောအခါ ခွန်အားကို အလွန်အကျွံသုံးမိပါက တစ်ခုခုကျိုးပဲ့သွားမည်ကို ကြောက်၍ သူမ လှုပ်တောင်မလှုပ်ရဲပေ။
ချူးကျင်းချန်းသည် ရူရူကို ချီလိုက်သောအခါ သူ့ခန္ဓာကိုယ်လည်း တောင့်တင်းသွားသည်။
သူနှင့်ရှီရန်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းမှာပင် နိဂုံးချလိုက်သည်။
ကလေးက သူတို့မွေးမြူထားသော ကျား/ဝံပုလွေနဲ့ တစက်မှမတူပေ။
"ဒီနေ့ အထူးဧည့်သည်တွေနဲ့ အားလုံး ပျော်ပျော်ရွှင်ရွှင်အဆင်ပြေနေကြပုံပဲ။ ပြီးရင်တော့ အစီအစဉ်အဖွဲ့က ကလေးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို လူတိုင်းကို အသိပေးမှာပါ။"
"သူတို့ရဲ့တစ်ရက်တာမိဘများအနေနဲ့ ကျေးဇူးပြုပြီး ကိုယ့်ကလေးတွေရဲ့အချိန်ဇယားကို တစ်နေ့တာလှုပ်ရှားမှုဇယားပေါ်ရှိ အချိန်ဇယားအတိုင်း တိတိကျကျစီစဉ်ပေးပါ။ ဒီနေ့မိသားစုရန်ပုံငွေက မနေ့က အချိန်ပိုင်းအလုပ်မှရခဲ့တဲ့ဝင်ငွေပမာဏအပေါ် မူတည်ပါမယ်။"
ထို့နောက် ပရိုဂရမ်အဖွဲ့သည် ကလေး၏ လှုပ်ရှားမှုအချိန်ဇယားနှင့် ရန်ပုံငွေများကို သူတို့အား ပေးသည်။
ရန်ပုံငွေများကို မနေ့ကအုပ်စုတစ်ခုစီကြား ၅၀-၅၀ ခွဲပြီး လက်ရှိအဖွဲ့ရန်ပုံငွေအဖြစ် ပြန်လည်ပေါင်းစုစည်းသည်။
သို့သော်လည်း ရှီရန်နှင့်ချူးကျင်းချန်းတို့သည် မနေ့က စုံတွဲဖြစ်သောကြောင့် သူတို့၏ ရန်ပုံငွေများဖြစ်သော ယခင် ယွမ် ၁၀,၁၀၀ အတိုင်းကျန်ရှိသည်။
"မမကို အရမ်းအားကျတာပဲ။ ယူဖန်နဲ့ ညီမလေးမှာ ယွမ်ငါးရာပဲ ရှိတဲ့အချိန် မမမှာ ပိုက်ဆံတွေ အများကြီးရှိတယ်" ရှီဝန်ဖေး ရုတ်တရက် ပြောလိုက်သည်။
ရှီရန်က ပြုံးလိုက်သည်။ "ငါးရာတည်းပဲရှိတာလား? နင့်လူက အရည်အချင်းမရှိလွန်းတာလို့ကော မထင်ဘူးလား"