[ဒီအုပ်စုက တကယ်ရယ်စရာကောင်းတယ်။ ဟားဟားဟား]
[တတိယသခင်လေးကတော့ ကိုယ့်ထောင်ချောက်နဲ့ကိုယ်မိနေပြီဟေ့ ဟားဟားဟား။]
[မာစတာရန်ရဲ့လက်စားချေတာက အောင်မြင်ပြီ။]
[တတိယမြောက်သခင်လေးရဲ့အသံက အရမ်းကောင်းတယ်။ သီချင်းဆိုလည်းအရမ်းကောင်းလောက်တယ်။]
[တတိယသခင်လေး မြန်မြန်ဆိုလိုက်။ မာစတာရန်ကို ဆွဲဆောင်ဖို့သီချင်းကိုအသုံးချလိုက်။]
[တတိယသခင်လေးရဲ့သီချင်းဆိုသံကို စောင့်မျှော်နေပြီ။ အရမ်းကောင်းလောက်မယ်။]
ချူးကျင်းချန်းက ပြုံးပြီးမေးသည်။ "သေချာရဲ့လား"
"အင်း" ရှီရန်ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ။"
ချူးကျင်းချန်းက သဘောတူပြီး ရူရူနှင့်ထောင်ပေါင်းများစွာသောအင်တာနက်အသုံးပြုသူများ၏မျှော်လင့်ချက်အကြည့်များအောက်တွင် ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ့နှုတ်ခမ်းမှ မရေရာသောအသံဖြင့်သီချင်းတစ်ပုဒ်ထွက်လာသည်။
သူ့အသံသည် နားထောင်ကောင်းလှသော်လည်း သီချင်း၏စကားလုံးတစ်လုံးမှ တေးသွားနှင့်အညီထွက်မလာပေ။
သီချင်းဆိုသံသည် ရိုလာကိုစတာကဲ့သို့ တက်လာလိုက်ပြုတ်ကျဖြစ်နေသည်။ မည်သည့်သီချင်းဆိုနေသည်ကိုတောင် ခန့်မှန်းရန်ခက်ခဲလှပေသည်။
ရှီရန်: ???
[ငါ နားကြားမှားနေတာပဲဖြစ်မှာပါ။]
[တောင်းပန်ပါတယ်။ ငါ့ကို တစ်ယောက်တည်းပစ်ထားပေးကြပါ။]
[တိုက်ရိုက်ထုတ်လွှင့်မှုကို ငါပိတ်ထားသရွေ့ တတိယသခင်လေးသီချင်းဆိုသံကိုမကြားရတော့လို့ ငါ့စိတ်ကူးယဉ်တာတွေက ကွဲအက်သွားမှာမဟုတ်ဘူး။]
[ဒါဆို ဘုရားသခင်က တကယ်တရားမျှတတယ်။ သူ့ရုပ်အဆင်းကပြည့်စုံပေမဲ့ သီချင်းတောင်မဆိုနိုင်ဘူး]
[တတိယသခင်းလေး၊ ကျေးဇူးပြုပြီးသီချင်းဆိုတာကို ရပ်လိုက်ပါတော့။ ဆက်ဆိုနေရင် မင်းမိန်းမ ထွက်ပြေးသွားလိမ့်မယ်!!!]
[ရူရူ: ငါ အစကတည်းကသီချင်းဆိုဖို့ သူ့ကို မတောင်းဆိုခဲ့သင့်တာ။]
ကမ်းခြေအိမ်နဲ့မနီးမဝေးက ဟိုတယ်အခန်း၌
"ဟားဟားဟား" ကျူးယို့ဟန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး အသက်ရှုမဝသည်အထိရယ်မောသည်။ "ကူညီပါဦး၊ ရယ်ရတာ ငါအူတက်သေတော့မယ် ဟားဟား။"
ဂျီဝမ်ဖုန်းလည်း မထိန်းနိုင်ဘဲရယ်မိသည်။
"ကျင်းချန်းက ဘာလို့သီချင်းမဆိုတာလဲလို့ ငါသိချင်နေခဲ့တာ။ လက်စသတ်တော့ သူက တေးဂီတသံတွေကိုတောင်ခွဲခြားမသိလို့ပေါ့။" ကျူးယို့ဟန်က မြေပြင်ပေါ် လူးလဲသွားသည်အထိ ရယ်မောသည်။
ရှိုးပွဲတွင် ချူးကျင်းချန်းသည် သီချင်းအဆိုမကောင်းသူတစ်ယောက်မဟုတ်သလို တည်ငြိမ်သောအမူအရာဖြင့်သီဆိုနေဆဲဖြစ်သည်။
ထူးဆန်းစွာပင် ရူရူသည် ဤထူးဆန်းသောသီချင်းသံကြောင့် အိပ်ပျော်နေပြီဖြစ်သည်။
ချူးကျင်းချန်းသီချင်းဆိုသံလည်း ရပ်သွားသည်။
၎င်းကိုမြင်၍ ရှီရန် မတ်တပ်ထရပ်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
တစ်စက္ကန့်အကြာတွင် စာတစ်စောင်ကို သူမထံ ပေးလာသည်။
သူမ သူ၏လှပသောလက်ကို ကြည့်လိုက်ကာချူးကျင်းချန်း၏မျက်နှာကိုကြည့်လိုက်သည်။
ချူးကျင်းချန်းသည် နေ့ခင်းတစ်ရေးအိပ်ရမည့်အချိန်ကို ညွှန်ပြသည်။
"နေ့လည်တရေးအိပ်တာမှာ ကလေးကို အဖော်ပြုပေးရမယ်" ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ တစ်နည်းဆိုရသော် ကလေးနှင့်အတူ နေ့ခင်းဘက်တရေးတမော သူမ အိပ်ရမည်။
ရှီရန်သည် မျက်မှောင်ကြုတ်ကာ ချူးကျင်းချန်း၏နောက်ပြောင်သောအကြည့်ကို တွေ့လိုက်ရပြီးနောက် ပြန်လဲလျောင်းလိုက်သည်။
ယခုတစ်ကြိမ်တွင် သူမ တကယ့်တရေးတမော အိပ်တော့မည်သကဲ့သို့ မျက်လုံးမှိတ်ထားလိုက်သည်။
ချူးကျင်းချန်းက ပြုံးပြီးမျက်လုံးကိုမှိတ်လိုက်သည်။
[သူတို့က တကယ်မိသားစုနဲ့တူတယ်။]
[ဒီလိုပဲ အိပ်တော့မှာလား???]
[တခြားအရာတွေဖယ်လိုက်ရင် ဒီနှစ်ယောက်က အိပ်ပျော်တဲ့အခါအရမ်းကြည့်ကောင်းတယ်။]
[အိပ်ပျော်နေချိန်မှာ ဘာလို့ သူတို့မျက်နှာက ဝသလိုမဖြစ်ကြရတာလဲ။ ငါတော့ အားကျသွားပြီ]
[တတိယသခင်လေးကို အားကျနေတဲ့သူတွေ၊ ကျေးဇူးပြုပြီး သူ့သီချင်းဆိုတာကို ပြန်ကြည့်ကြ။]
မကြာခင်တွင် ရှီရန်၏အသက်ရှုသံက တဖြည်းဖြည်းငြိမ်သက်သွားသည်။
ထိုအချိန်တွင် ချူးကျင်းချန်းသည် သူ့မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏အနက်ရောင်မျက်လုံးများက ကြည်လင်နေသည်။
သူက ဘေးလှည့်ပြီး ရှီရန်၏ဘေးမျက်နှာကို အာရုံစိုက်ကာကြည့်လိုက်သည်။ သူ့နှုတ်ခမ်းသည် အနည်းငယ်ကွေးသွားကာ ပြတင်းပေါက်အပြင်ဘက်ရှိနေ့ခင်းနေအရှိန်ထက်တောင် သူ့မျက်လုံးထဲတွင်အလင်းရောင်က အမှန်တကယ်တောက်လောင်လှသည်။
[အရမ်းချိုမြိန်တယ် အရမ်းချိုမြိန်တယ်!!!]
[သူ မအိပ်သေးဘူးဆိုတာကို ငါသိနေတယ်လေ။]
[တတိယသခင်လေးက မာစတာရန်ရဲ့ပရိတ်သတ်အဖြစ်ကို အောင်မြင်စွာအသွင်ပြောင်းသွားပြီ။]
[ရူရူ: ငါ ကုတင်အောက်မှာ ရှိနေသင့်တယ်။ ကုတင်ပေါ်မှာ ရှိမနေသင့်ဘူး။]
[ဒီတစ်ကြိမ်တော့ ဒီရလဒ်ကို ငါလက်ခံလိုက်ပြီ။]
[တတိယသခင်လေးက ရှီရန်ကို မကြိုက်ဘူးလို့ သူပြောလာခဲ့ရင် ငါ့ခေါင်းကို သူ့ဆီဖြတ်ပေးလိုက်မယ်။]
[တတိယသခင်လေးရဲ့ပြင်းပြတဲ့အကြည့်အောက်မှာ အမျိုးသမီးတိုင်း အရည်ပျော်သွားမယ်။]
[သူအရမ်းချောတာပဲ။ တကယ်ချောတယ်။ တတိယသခင်လေးက ငါကြိုက်တဲ့အလှအပစံနှုန်းနဲ့ လုံးဝကွက်တိပဲ။]
[အချိန်တွေကို ဒီအချိန်မှာ ငါရပ်တန့်ထားလို့ရရင်ရပ်ချင်တယ်။]
နာရီဝက်ကြာပြီးနောက် ရှီရန်နိုးလာသည်။
သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည့်အကြည့်ခံစားရ၍ ဘေးဘက်ကြည့်လိုက်သောအခါ ရင်း ပြုံးနေသောသူ့မျက်လုံးနှင့် ဆုံသွားသည်။
"ရှင် မအိပ်ဘူးလား?" ရှီရန်သည် အသံမထွက်ဘဲ ပါးစပ်လှုပ်ပြောလိုက်သည်။
ချူးကျင်းချန်းလည်း နားလည်သည်။ "ကျွန်တော့်မှာ နေ့ခင်းတရေးတမောအိပ်တတ်တဲ့ အလေ့အကျင့်မရှိဘူး" ဟု ပါးစပ်လှုပ်ကာပြန်ဖြေသည်။
[ရှီရန်: ကလေးနဲ့တရေးတမောအိပ်ရမယ်လို့ အချိန်ဇယားကပြောထားတယ်လေ။]
ချူးကျင်းချန်းက ပြန်ဖြေသည်။"မိဘတွေကပါအိပ်ရမယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ ကျွန်တော်တို့က လဲနေပေးရမှာ"
စခရင်ရှေ့အင်တာနက်သုံးစွဲသူများက သူတို့ပါးစပ်လှုပ်နေသည်ကိုသာ မြင်နိုင်သော်လည်း မည်သည့်စကားမှ ရှင်းရှင်းလင်းလင်း မကြားရပေ။
[ငါ့အဖွဲ့ဝင်အဆင့်က VIP လေ။ VIPတွေ မကြားနိုင်တဲ့အရာရှိလို့လား။]
[ချီးပဲ၊ သူတို့က အခု ရှိုးပွဲမှာ အသံတွေကို ဆင်ဆာဖြတ်နေတာလား??]
[သူတို့က ငါတို့အပေါ်ကိုလျှို့ဝှက်ချက်တွေ တောင်ထားနေပြီလား။ ပြီးတော့ သူတို့ အချင်းချင်းနှုတ်ခမ်းလှုပ်တာကို ကြည့်ပြီးစကားပြောနေကြတာလား။]
[ထူးဆန်းတဲ့စကားပြောဆိုဆက်ဆံတဲ့ပုံစံတစ်ခုက တိုးလာပြီ။]
[သူတို့က နှုတ်ခမ်းလှုပ်တာကိုတောင်ကြည့်ပြောနိုင်တယ်။ သူတို့က တကယ်ကို နတ်ဖက်တဲ့စုံတွဲပဲ]
ခဏအကြာတွင် တရေးတမောအိပ်ချိန်ပြည့်သွားပြီး ရူရူဖြည်းညင်းစွာ နိုးလာသည်။
သူ မျက်လုံးများကို ပွတ်သပ်ကာ ကုတင်ပေါ် ၌လိမ့်ကာ ထ၍ ရှီရန်၏မျက်နှာကို အနမ်းပေးလိုက်သည်။
ရူကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း ချူးကျင်းချန်း၏အပြုံးသည် မှိန်သွားသည်။
ထိုနေ့မွန်းလွဲပိုင်းကို အပိုင်းနှစ်ပိုင်းခွဲထားသည်။
ကလေး၏ဝါသနာကို ပြုစုပျိုးထောင်ခြင်း၊
[ဝါသနာ?? သာမာန်ဝါသနာတစ်ခုတော့မဟုတ်ဘူးလို့ ငါ အာရုံရတယ်။]
[ကျားတစ်ကောင်နဲ့ဝံပုလွေတစ်ကောင်ကိုသာ မွေးမြူတတ်တဲ့လူနှစ်ယောက်က ကလေးတစ်ယောက်ကို သင်ပေးနိုင်တဲ့အရည်အချင်းတွေက ဘာရှိမှာမို့လို့လဲ။ ကာလကြာရှည်ပျောက်ကွယ်သွားတဲ့သားရဲထိန်းနည်းကော ဖြစ်နိုင်လား။]
[အပေါ်ကမှတ်ချက်ပေးသူ နင် နေရာမှားနေပြီ။ ဒါက တိရစ္ဆာန်ချန်နယ်မဟုတ်ဘူး။]
[တတိယသခင်လေးက တစ်ခုခုကြံစည်နေပြန်ပြီလို့ ငါ အာရုံရနေတယ်။]
ရှီရန်နှင့်ချူးကျင်းချန်းသည် ရူရူကို ဧည့်ခန်းသို့ ခေါ်သွားသည်။
ကလေးများ အပါအဝင် အခြားအုပ်စုသုံးခုလည်း ထိုနေရာတွင်ရှိနေသည်။
သူတို့ဆင်းလာသည်ကိုမြင်သောအခါတွင် ယွီဇစ်ကျန်း၏အကြည့်က ရှီရန်နှင့်ချူးကျင်းချန်းကြားမှာ ရွေ့လျားနေသည်။
"ကျွန်တာ်တို့နောက်လုပ်ရမယ့်လှုပ်ရှားမှုက အတူတူပဲဖြစ်နိုင်တယ်မဟုတ်လား။" ပိုင်ကျင်းထျန်က ရှီရန်ကို ပြုံးပြလိုက်သည်။
"ဖြစ်နိုင်လောက်တယ်။" ရှီရန် ခေါင်းညိတ်လိုက်သည်။
သူမ ထိုင်တော့မည့်အချိန်တွင် ပိုင်ကျင်းထျန်နံဘေး၌ထိုင်ချလိုက်သော ရူရူကိုချီထားသည့်ချူးကျင်းချန်းကို တွေ့လိုက်ရသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ "ရူရူ လုပ်ချင်တဲ့အရာရှိလား" ဟု မေးသည်။
[တတိယသခင်လေး : ကံကောင်းထောက်မစွာနဲ့ ငါ မြန်မြန် တုံ့ပြန်လိုက်လို့။ မဟုတ်ရင် ငါ့မိန်းမက ငါ့ရဲ့အချစ်ပြိုင်ဘက်ဘေးမှာဝင်ထိုင်လိမ့်မယ်။]
[ငါတော့ နတ်ဖက်တဲ့စုံတွဲကိုထောက်ခံတယ်]
[ငါတို့ထျန်ရန်အတွဲပေးစားတဲ့သူတွေကော အခိုင်အမာပေးစားနိုင်ကြသေးရဲ့လား။]
[ငါတို့ကလေးကော။ ငါတို့ယီရန်ပရိတ်သတ်တွေတော့ ထောက်မခံနိုင်ဘူး။]
ရှီရန်သည် သံသယဝင်မနေဘဲ ချူးကျင်းချန်းအနားတွင် ထိုင်လိုက်သည်။
ခဏအကြာတွင် ရူရူက "ရူရူပုံဆွဲရတာ ကြိုက်တယ်" ဟု ခပ်တိုးတိုးပြောသည်ကို သူမကြားလိုက်ရသည်။
ချူးကျင်းချန်းမဖြေခင် ယွီဇစ်ကျန်းက ဝင်ပြောလိုက်သည်။ "သားသားက ပုံဆွဲရတာကိုကြိုက်တာလား?"
"ဟုတ်" ရူရူက နာခံစွာခေါင်းညိတ်လိုက်သည်။
"ဒါဆို တတိယသခင်လေးက သင်ပေးသင့်တယ်။ ဒီနေ့ ဆွဲထားတဲ့ရေချိုးကန်က ကျွန်မစိတ်ထဲမှာ အခုထိနေရာယူထားတုန်းပဲ။ တတိယသခင်လေးက ပုံဆွဲတာအရမ်းတော်တယ် ဟုတ်တယ်မလား"
ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို ထူးထူးခြားခြားချိုသာစွာပြုံးပြလိုက်သည်။
"ကျွန်တော်က ပုံဆွဲတာမဆိုးရုံလောက်ပါပဲ" လို့ ချူးကျင်းချန်းက ဘာသိဘာသာနဲ့ပြောသည်။
"ကျွန်မက အရင်ကပုံဆွဲသင်ဖူးပေမယ့် ကျွန်မက တတ်မြောက်တဲ့အထိမသင်နိုင်လောက်အောင် အရမ်းတုံးအတာလေ။" သူမ နှာခေါင်းကို ရှုံ့လိုက်ပြီး လျှာကိုတစ်ချက်ထုတ်လိုက်သည်။
"ပုံဆွဲတာက အရည်အချင်းရှိဖို့လည်းလိုအပ်တယ်။"
"ဒါဆို တတိယသခင်လေးက ရူရူကို သင်ပေးရင်း ကျွန်မကိုရောသင်ပေးနိုင်မလား" ယွီဇစ်ကျန်းက မျှော်လင့်တကြီးနဲ့မေးသည်။
ပရိုဂရမ်ကို ယခုရိုက်ကူးနေပြီး ကင်မရာသည် သူတို့ဘက်ကို လှည့်ထားသည်။ လူများစွာက ကြည့်ရှုနေသဖြင့် တတိယသခင်လေး၏လူကြီးလူကောင်းဆန်သောအမူအရာကြောင့် သူမကို လုံးဝငြင်းပယ်မည်မဟုတ်ဟု သူမ ထင်သည်။
ထိုအချိန်တွင် သူမသည် တတိယမြောက်သခင်လေးနှင့်အတူအချိန်ဖြုန်းရန်အတွက် ပုံဆွဲခြင်းကို ဆင်ခြေအဖြစ်အသုံးချနိုင်မည်ဖြစ်သည်။
သူမစိတ်ကိုပြင်ဆင်ပြီးနောက် ယွီဇစ်ကျန်းသည် ယုံကြည်မှုအပြည့်ရှိပြီး နောက်မှ ချူးကျင်းချန်းကို သူမ အပိုင်သိမ်းနိုင်ပုံကို စိတ်ကူးယဉ်လာသည်။
သို့သော် သူမ မျှော်လင့်ထားသောအဖြေက ပေါ်မလာပေ။
ချူးကျင်းချန်းသည် ရှီရန်ကို လှည့်ကြည့်လိုက်သည်။ "ကျွန်တော် သင်ပေးလိုက်ရမလား?"
"အင်း?"
"သူမ ပုံဆွဲနည်းသင်ပေးခိုင်းနေတယ်။ အဲ့ဒါကအဆင်ပြေရဲ့လား" ချူးကျင်းချန်းစိတ်ရှည်ရှည်နဲ့ ထပ်ပြောလိုက်သည်။
"ရှင်ဘာလို့ ကျွန်မကိုလာမေးနေတာလဲ" ရှီရန်စိတ်ရှုပ်ထွေးသွားသည်။
"မင်းက ကလေးအမေပဲလေ။ သူမက ကလေးရဲ့ အတန်းထဲမှာအလကားလာသင်ချင်ရင် သေချာပေါက် ကလေးအမေကို မေးရမှာပေါ့" လို့ ချူးကျင်းချန်းက အချက်အလက်ကျစွာပြောသည်။
[သေတာပဲ! ဘယ်လိုပရောပရည်လုပ်ရမလဲဆိုတာကို သူသိတာပဲ!!!]
[ကလေးအမေ!!! အရမ်းရယ်ရတယ်!]
[အလကား!!! ဟားဟားဟား..]
[ယွီဇစ်ကျန်းနဲ့ မာစတာရန်အပေါ် တတိယမြောက်သခင်လေးရဲ့ဆက်ဆံပုံက ကွာခြားလွန်းတယ်။]
[တတိယသခင်လေးရဲ့ခွေးကလေးနှင့်တူတဲ့အကြည့်ကိုကြည့်လိုက်ကြစမ်း။ မာစတာရန်က မသင်ရဘူးလို့ပြောမှာကို သူ စောင့်ဆိုင်းနေတယ်။]
"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်။ ရှင်အပေါ်မှာပဲ မူတည်တယ်။" ရှီရန်၏အဖြေသည် ရိုးရှင်းပြီးအကြမ်းထည်ဖြစ်သည်။
"အဲ့လိုလား?" ချူးကျင်းချန်းက အေးစက်စွာပြုံးလိုက်သည်။
သူ့အဖြေကိုစောင့်နေဆဲဖြစ်သော ယွီဇစ်ကျန်းဘက်လှည့်ပြီး "ကလေးအမေက မသင်ရဘူးလို့ ပြောတယ်" ဟု နည်းလမ်းတကျပြောသည်။