Chapter 23
Viewers 3k


ညစာ


ထန်ထန်၊ အိပ်ရာပေါ်တင်ထားတဲ့ အင်္ကျီကိုဝတ်လိုက်နော်။ အမေတို့ ဒီည  အန်တီချီနဲ့ ညစာသွားစားကြမှာ"


ယွင်ဖန်းတံခါးကနေ ဝင်လိုက်သည်နှင့် ထန်ရိ နားကပ်ဝတ်နေသည်ကို မြင်လိုက်ရသည်။


"ကျွန်တော် မသွား...."


ယွင်ဖန်း ငြင်းတော့မည့်အချိန်မှာပဲ ထန်ရိကသူ့အား ငြင်းရဲငြင်းကြည့် ဟူသောအကြည့်ဖြင့် စိုက်ကြည့်လာလေသည်။


ယွင်ဟဲယွီက ဆောင့်ကြောင့်ထိုင်ကာ ဖိနပ်တိုက်နေရင်း ယွင်ဖန်းထံ ကူကယ်ရာမဲ့သည့် အကြည့်တစ်ချက်ပေးလာခဲ့၏။


ထန်ရိကမူ ယွင်ဖန်းအား အိပ်ခန်းထဲ တွန်းပို့လိုက်တော့သည်။


"အမေသားအတွက် ဝတ်စုံအသစ်ကို အထူးအနေနဲ့ရွေးလာတာ။ မြန်မြန်လဲလိုက်ပြီး အမေ့ကို တစ်ချက်ကြည့်ခွင့်ပေး"


ထန်ရိသည် အဝတ်အထည်ဆိုင်ဖွင့်ကာ လည်ပတ်လာသည်မှာ အချိန်ကြာခဲ့ပြီဖြစ်တာကြောင့် ဖြစ်နိုင်၏၊ သူမ၏ အလှတရားအပေါ် အကဲဖြတ်သည့်အမြင်က အမြဲတန်း ထိမိကာ သူမသားအား အဝတ်အစားဆင်ပေးရသည်ကိုတော့ အထူးသဖြင့်ကို စိတ်အားထက်သန်တတ်လေသည်။


"ကော်လာကို ပြင်လိုက်ဦး"


ထန်ရိက သားဖြစ်သူကို ကျေနပ်စွာကြည့်လိုက်၏။


"ထန်ထန်က တကယ်ကို ချောတာပဲ!"


ယွင်ဖန်း၏ မျက်နှာအစိတ်အပိုင်း အများစုက ထန်ရိထံမှ ဆင်းသက်လာခဲ့တာဖြစ်၏။ ထန်မိသားစု၏ ဖြူဖွေးသည့်အသားအရည်နှင့် မှင်ကဲ့သို့သော မျက်ခုံးများက နူးညံ့ပြေပြစ်ပေမဲ့ ၎င်းတို့အား ဖြောင့်စင်းသည့်နှာတံ၊ ပါးလျသည့် နှုတ်ခမ်းတို့က လွှမ်းမိုးထားတာကြောင့် လူတစ်ကိုယ်လုံးအား ဝေးကွာပြီး ဥပေက္ခာဆန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်လေကာ ထန်ရိ၏ စကားအရ ထိုသည်က ယွင်ဟဲယွီ၏ ခေါင်းမာသည့် လူကြမ်းမျိုးရိုးဗီဇက အတင်းအဓမ္မ တိုးဝင်ထားသောကြောင့်ဟု ဆိုလေသည်။


ထန်ရိက သူ့ဆံပင်ကို ဂျယ်လိမ်းပေးဖို့ ကြိုးစားလာသည်ကို ကြည့်ပြီး ယွင်ဖန်းက သူမ၏ လက်သည်းများအားကျွမ်းကျင်စွာ ရှောင်တိမ်းကာ အပြင်ကို ပြေးထွက်သွားလိုက်၏။


"ကျွန်တော်တို့ သွားသင့်ပြီ"


ထန်ရိမှာ ရွေးစရာမရှိစွာ လက်လျှော့လိုက်ရတော့သည်။


ထို့နောက် တစ်နာရီကျော်ခန့်ကြာပြီးနောက်မှာ မိသားစုသုံးယောက်က ချိန်းဆိုထားသည့် နေရာသို့ ညစာစားရန် ရောက်လာခဲ့ကြသည်။


ချီရွှမ်းက သူတို့အား နှုတ်ဆက်စကားပြောရန် ထွက်လာပြီး သက်တူရွယ်တူ ဆယ်‌ကျော်သက်နှစ်ယောက်လည်း နောက်မှာ ပါလာခဲ့သည်။ ထိုအထဲမှ ဆံပင်အနည်းငယ်ကောက်ပြီး အနည်းငယ် ပင်ပန်းနွမ်းလျနေသည့်ပုံပေါ်သည့် တစ်ယောက်က ထန်ရိ၏အသံကိုကြားချိန်တွင် ထန်ရိနောက်မှာရှိနေသည့် ယွင်ဖန်းကို ရုတ်တရက်ကြည့်လာလေသည်။


ယွင်ဖန်း:"......"


စုန့်ချွင်?


"အယ်? ရှောင်ချွင်လည်း ဘာလို့ ဒီကို ရောက်နေတာလဲ?"


ထန်ရိလည်း အံ့ဩသွားခဲ့တာပင်။


“အန်တီထန်၊ ဦးလေးယွင်"


စုန့်ချွင်က အမြန်တုန့်ပြန်ကာ သူတို့ထံ ယဉ်ယဉ်ကျေးကျေး ပြုံးပြလာ၏။ 


"ကျွန်တော့်အဖေက အထဲမှာအစားအသောက်တွေ မှာနေပါတယ်"


ထန်ရိက ရယ်လိုက်ကာ ချီရွှမ်း၏လက်ကို ကိုင်လိုက်ရင်း ပြောလိုက်သည်။


"ဘုရားရေ ဒါက တကယ်-တကယ်ကို မိသားစုတစ်ခုတည်းပဲပေါ့!"


ယွင်ဖန်းမှာ ပတ်သတ်ဆက်နွယ်မှုများကို နားလည်ရန် အချိန်ခဏယူလိုက်ရသည်။


ချီရွှမ်းက တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် တခြားတစ်မြို့တွင် လက်ထပ်ကာ အခြေချသွားခဲ့တာပင်။ သို့ပေမဲ့ ဤနှစ်တွင် သူမက ရုတ်တရက် ကွာရှင်းလိုက်ကာ သားဖြစ်သူနှင့်အတူ ဝူမြို့ကိုပြန်ရောက်လာခဲ့သည်။  မိတ်ဆက်ပေးခြင်းကနေတဆင့် သူမက စုန်ချွင်၏ဖခင် စုန့်မင် နှင့် သိကျွမ်းခဲ့တာဖြစ်သည်။စုန့်မင်နှင့် ယွင်ဟဲယွီကမူ လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ 


ယခင်က မိသားစုနှစ်ခုဟာ တူညီသည့်အဆောက်ဦးတစ်ခုတည်းမှာ အပေါ်ထပ်နှင့် အောက်ထပ် အိမ်နီးချင်းများပါ ဖြစ်ခဲ့ဖူးသည်။ စုန့်မင်က စုန့်ချွင်အား တစ်ကိုယ်တည်း ပျိုးထောင်သည်ကို ကြည့်ပြီး ထန်ရိနှင့် ယွင်ဟဲယွီတို့ကလည်း တစ်ခါတစ်ရံ အကူအညီများ ပေးခဲ့ကြကာ ဤသည်က စုန့်ချွင်က သူနှင်ယွင်ဖန်းက အတူကြီးပြင်းလာကြကြောင်း ပြောခဲ့သည့်အကြောင်းရင်းပါပင်။ 


လွန်ခဲ့သည့် နှစ်နှစ်ကမူ စုန့်မင် တစ်ယောက် စုန့်ချွင်နှင့်အတူ အဆောက်အဦးမှ ပြောင်းရွှေ့သွားခဲ့ပြီး ထိုမှစ မိသားစုနှစ်ခုမှာ တဖြည်းဖြည်း ဆက်သွယ်မှု နည်းပါးသွားခဲ့တာ ဖြစ်ပေသည်။


ထန်ရိနှင့် ယွင်ဟဲယွီတို့ ရောက်လာပြီးနောက် သူတို့က သဘာဝတကျပင် စုန့်မင်နှင့် နွေးနွေးထွေးထွေး စကားစမြည်ပြောကြကာ ဝူမြို့က မည်သို့ကျဉ်းပြီး ရေစက်ကလည်း မည်သို့ ကြီးကျယ်လှကြောင်း အံ့အားတကြီး ပြောဆိုကြလေသည်။


ယွင်ဖန်းက စုန့်ချွင်၏ စိတ်အားထက်သန်သည့်အကြည့်တို့အား လျစ်လျူရှုထားကာ ပေတေတေ ထိုင်နေခဲ့ကာ သူ့ရှေ့ရှိ မုန်လာဥနီဖြင့်ပုံဖော်ထားသည့် ပန်းပွင်ပုံအား စိုက်ကြည့်နေလိုက်သည်။


စားသောက်စရာများအားလုံး တည်ခင်းပြီးနောက် စုန့်ချွင်က နောက်ဆုံးမှာ ယွင်ဖန်းနှင့် စကားပြောရန် သတ္တိရှိလာ၏။ သူက ယွင်ဖန်းပန်းကန်ထဲ ကောက်ညှင်းကြာမြစ်ကိုထည့်ပေးကာ ပြုံးလိုက်သည်။


"ထန်ထန် မင်း ဒါကိုကြိုက်တာ ငါမှတ်မိတယ်"


ယွင်ဖန်းက မျက်ခွံပင့်လို့ သူ့ကိုကြည့်လိုက်ကာ ခံစားချက်မဲ့စွာ ပြောလိုက်သည်။


"ငါ အခုမကြိုက်တော့ဘူး"


တူကိုင်ထားသည့် စုန့်ချွင်၏လက်မှာ တောင့်တင်းသွားလေသည်။


ထိုအချိန်တွင် ဝူမြို့ အမှတ်တစ်အထက်တန်းကျောင်းတွင် ပညာသင်နေသည့် တခြားကောင်လေး ချီဟော့က မထိန်းနိုင်စွာ အနည်းငယ်ရယ်လိုက်တော့သည်။


သူက သူ့ခုံတွင် အစမှအဆုံးထိ တိတ်တဆိတ်ထိုင်နေခဲ့တာဖြစ်ကာ ချီရွှမ်းက သူ့အကြောင်း ထည့်ပြောမှသာလျှင် ယဉ်ကျေးစွာဖြင့် ခေါင်းမော့ကာ ခေါင်းညိတ်ပြတတ်၏။ သို့ပေမဲ့ ယခု သူက အနည်းငယ် ရုတ်တရက်ဆန်စွာ ထရယ်လာကာ စုန့်ချွင်၏မျက်နှာအား ခဏတွင်း မဲမှောင် သွားစေလေသည်။


ချီဟော့က သူတို့ထက် တစ်နှစ်ကြီးသည်။ သူက ချောမောသည့်အသွင် ရှိပေမဲ့လည်း သူ့၏ အရပ်ရှည်ရှည်နှင့် ကတုံးဆံတောက် ဆံပင်ကေက သူ့အားလွယ်လွယ်နှင့် သွားရှုပ်လို့ရနိုင်မည်သူမဟုတ်ဟု လူများအား ထင်ယောင်ထင်မှား ခံစားရစေလေသည်။


ထင်ယောင်ထင်မှား ဟုတ်ချင်မှလည်း ဟုတ်မည်။


ချီဟော့က ယွင်ဖန်းထံ မျက်ခုံးပင့်ပြကာ


"မင်းက စာလုပ်တဲ့နေရာမှာတော်တယ်လို့ ငါ့အမေကပြောတယ်"


"ပျမ်းမျှလောက်ပါပဲ"


ယွင်ဖန်းက တူနှင့် ငါးတစ်ဖဲ့ယူလိုက်ကာ ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။


"ထိပ်တန်းကျောင်းသားတွေက အမြဲတမ်း ကျိုးနွံတတ်ကြတယ်။ ငါကြားတာတော့ မင်းရဲ့အဆင့်တွေက အမြဲတမ်း ပထမပဲဆို


ချီဟော့က ခေါင်းလှည့်ကာ သူ့အားပြုံးပြလာသည်။


"ထိပ်တန်းကျောင်းသားတစ်ယောက်အနေနဲ့ စာလေ့လာတဲ့အတွေ့အကြုံလေးများ မျှဝေပေးနိုင်မလား?"


ယွင်ဖန်းက နောက်ထပ် ငါးတစ်ဖဲ့ ယူလိုက်ပြန်ကာ


"ငါက အဆင့်တစ်ကို တစ်ခါပဲရဖူးတာပါ။ အခုတော့ အဆင့် သုံးရာနဲ့ လေးရာကြားလောက်ပဲ ရနိုင်တော့တာ။ မင်းရဲ့ ညီလေးကမှ တကယ့် ထိပ်တန်းကျောင်းသားလေ"


"ညီလေး" ဆိုသည့် စကားလုံးနှစ်လုံးက တဖက်လူနှစ်ယောက်၏ မျက်နှာများအား တပြိုင်တည်း မဲမှောင်သွားစေလေ၏။


"သူတို့ သုံးယောက် စကားပြောနေကြတာကိုကြည့်ရတာ ပျော်စရာပဲ"


ထန်ရိက ဤနေရာမှ လှုပ်ရှားမှုများကို သတိပြုမိသွားကာ ချီရွှမ်းနှင့် တခြားသူများနှင့်အတူ ကြည့်လိုက်ကြသည်။


ထို့နောက်မှာ  ညီအစ်ကိုချစ်ခြင်း၊ စည်းလုံးခြင်း၏ အင်အားနှင့် နေ့တိုင်းစာကြိုးစားခြင်း၏ အရေးပါမှုအား ထပ်ပြီး သင်ကြားပို့ချလေတော့သည်။


ထိုစကားများကြောင့် ယွင်ဖန်းပင် မသက်မသာဖြစ်သွားရသော်လည်း သူ့ဘေးရှိလူနှစ်ယောက်ကမူ စကားတစ်လုံးမှ ပြောမလာကြပေ။


ယွင်ဖန်းက စားလို့ပြီးခါနီးနေပြီဖြစ်ကာ အခွင့်အရေးအား အရယူလျက် သန့်စင်ခန်းသို့ ထွက်လာလိုက်ကာ ပေါ်ထပ်မှ ရှောင်ထွက်လာလိုက်သည်။ ထိုအခိုက်၌အဝေးတစ်နေရာမှ ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။


ယွင်ဖန်းက ထိုနေရာသို့ မြန်မြန်လျှောက်သွားလိုက်ရင်း ပလက်စတစ်အိတ်အမဲကြီးအား အမှိုက်ပုံးထဲ ပစ်ထည့်ပြီးနောက် အထဲပြန်ဝင်တော့မည့် လူကို အလျင်စလို တားလိုက်သည်။


"ရိချန်းလျန်!"


"သောက်ချီး!"


အမှိုက်ပစ်လိုက်သူက မဲမှောင်နေသည့် လမ်းကြားထဲ ရုတ်တရက် သူ့နာမည်ခေါ်သံကြားလိုက်ရတာကြောင့် ဆံပင်မွေးများထောင်သွားခဲ့ကာ တံခါးဆီ ခြေတစ်လှမ်း ဆုတ်သွားမိလေသည်။


"ဒီမှာ!"


ယွင်ဖန်းက သူ့ထံ လက်ဝှေ့ယမ်းပြလာသည်။


ရိချန်းလျန် အသံနောက်ကိုလိုက်၍ ခေါင်းလှည့်ကြည့်လိုက်တော့ ပိုပြီးတောင်မှ အံ့ဩသွားရ၏။


"ယွင်ဖန်း?"


ဤသည်က ဘဲကင်ဆိုင်၏ နောက်ဖေးမီးဖိုချောင်နှင့် ဆက်ထားသည့် လမ်းကြားလေးဖြစ်၏။ မီးဖိုချောင် ဝင်ပေါက်တွင် မီးဖိုချောင်စွန့်ပစ်ပစ္စည်းများပစ်ရန် အမှိုက်ပုံးများစွာရှိသည်။ လမ်းကြား၏အဆုံးက သုန့်ယန်းလမ်းမနှင့် ဆက်ထားပေမဲ့ တခြားအဆုံးတစ်ဖက်ကတော့ စည်ကားလှသည့် အစားအသောက်လမ်းနှင့် ချိတ်ထားတာပင်။


ယွင်ဖန်းက တစ်ခြားတစ်ဖက်မှနေ သူ့ကိုမြင်သွားခဲ့တာ ဖြစ်သည်။


"ငါ ဒီမှာ ညစာလာစားတာ"


ယွင်ဖန်းက အကြောင်းပြချက်ကိုရှင်းပြရန် အစီစဉ်မရှိပေမဲ့ သူ့ခံစားချက်က အတော်လေးကောင်းနေလေရာ


"ဒီလိုတိုက်ဆိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးပဲ"


"အာ"


ရိချန်းလျန်က သူ့လက်ကို ဘောင်းဘီနှင့် သုတ်လိုက်၏။ သို့ပေမဲ့ လက်က ချွဲကျိကျိဖြစ်နေဆဲပါပင်။ သူက လည်ချောင်းရှင်းလိုက်ကာ


"ဒါဆို မင်း မြန်မြန်ပြန်ပြီး သွားစားတော့လေ"


"ငါ စားတာက ပြီးခါနီးပါပြီ"


ယွင်ဖန်းက အနောက်တံခါး၏ အရောင်မှိန်မှိန်မီးလုံးအောက် ရပ်ကာ သူ့ကိုကြည့်လိုက်သည်။ သူ့မျက်ခုံးနှင့် မျက်လုံးတို့က ပြုံးနေလျက်ဖြင့်


"မင်းအလုပ်က ဘယ်အချိန်ပြီးမှာလဲ?"


"ဆယ်နာရီ"


ရိချန်းလျန်းက အဝေးကိုကြည့်ချင်ပေမဲ့ ယွင်ဖန်း၏ မျက်နှာထက် သူ့အား ဆွဲဆောင်နေသည့် ထူးခြားသည့်အရာရှိနေပုံပင်။ မှောင်နေသည့် လမ်းကြားထဲမှာတောင်မှ၊ ဘေးပတ်ဝန်းကျင်ရှိ အမှိုက်ပုံးများမှ  ထူးဆန်းသည့် အနံ့တို့ရှိနေတာတောင်မှ၊ သူက ဤနေရာတွင် ခဏလောက် ရပ်နေချင်ဆဲပါပင်။


ယွင်ဖန်းက နာရီ ငုံ့ကြည့်လိုက်၏။


"ဟမ်း၊ တစ်နာရီခွဲလောက် လိုသေးတာပဲ"


"အင်း၊ ငါ အလုပ်ထဲ ပြန်သွားရဦးမယ်"


ရိချန်းလျန်က လက်ကို‌ဘောင်းဘီနှင့် ပွတ်လိုက်ပြန်၏။


"အရမ်းနောက်ကျနေပြီ။ မင်း မြန်မြန် ပြန်သွားတော့"


"ယွင်ဖန်း!"


စုန့်ချွင်၏ အသံက လမ်းကြား၏အဆုံးမှထွက်လာသည်။


"မင်း အဲ့ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ!"


ရိချန်းလျန်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုမေးလာလေသည်။


"အဲ့ဒါ စုန့်ချွင်လား?"


"ငါ့မိဘတွေနဲ့ သူ့မိသားစုက ဒီည ညစာအတူစားကြတာလေ"


ယွင်ဖန်းက အတိုချုံးရှင်းပြလိုက်ပြီး သူ့အား အနည်းငယ်ပူပန်စွာ သတိပေးလိုက်၏။


"ကောင်းပြီ။ အလုပ်ကိုပြန်သွားတော့။ ဒီည အိမ်ပြန်တဲ့အခါ ဂရုစိုက်ပြန်နော်"


"အင်း"


ရိချန်းလျန်မှာ သူ့လည်ပင်းက တင်းကြပ်လာပြန်တာကို ခံစားလိုက်ရသည်။


ယွင်ဖန်းက သူ့အား လက်ဝှေ့ယမ်းပြကာ လမ်းကြားအဆုံးဆီ လျှောက်သွားနေ၏။


ရိချန်းလျန်က ပတ်ပတ်လည်၌ အမှိုက်များမှလာသော ညှီစို့စို့အနံ့များပြည့်နေသည့် လှေကားထစ်ပေါ်တွင်ရပ်နေခဲ့သည်။  သူက တောက်ပကာ စည်ကားသက်ဝင်သည့်ဘက်သို့ မှောင်မဲကျဥ်းမြောင်းသည့်လမ်းကြားထဲမှတဆင့် လျောက်သွားနေသော ယွင်ဖန်းကိုကြည့်နေခဲ့မိ၏။


သူ့နှလုံးသားထဲ၌ တစ်စုံတစ်ရာက ဆူပွက်လာကာ  မသက်မသာနှင့် အနည်းငယ် ကသိကအောက်ခံစားလာရစေသည်။ ၎င်းက သူ့သွေးနှင့် ဦးနှောက်ကို တိုက်စားသွားကာ တဖြည်းဖြည်းနှင့် ဖော်ပြမရနိုင်သည့် အင်အားနည်းခြင်းနှင့် ဒေါသစိတ်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ထူထဲပိတ်သိပ်နေသည့် ညတွင် အချိန်ကြာကြာ ရှိနေခဲ့လေသည်။


"ရှောင်ရိ ဘာလို့အရမ်းကြာနေတာလဲ?"


သူနှင့်အတူ ပန်းကန်ဆေးသည့် အန်တီဝူက သူပြန်ဝင်လာတာကိုမြင်တော့ သူမ၏လက်အိတ်မှ ရေများကိုခါရင်းဖြင့်


"ဘုရားရေ မင်းဘာလို့ ဒီလောက်တောင် ဖြူဖျော့နေရတာလဲ? နေလို့မကောင်းဘူးလား?"


"ကျွန်တော် အဆင်ပြေပါတယ်"


ရိချန်းလျန်က နှုတ်ခမ်းထောင့်စွန်းကိုကွေးလိုက်ကာ ပန်းကန်ဆေးရန်အတွက် ဘေးရှိ ရာဘာလက်အိတ်ကိုကျွမ်းကျင်စွာ ဝတ်လိုက်သည်။


ငါ ပိုပြီး ကြိုးစားရမယ်။ သူတွေးလိုက်၏။


ငွေရှာတာဖြစ်ဖြစ် စာလေ့လာတာဖြစ်ဖြစ် ပိုပြီး ကြိုးစားရမယ်။


သို့ပေမဲ့ ယွင်ဖန်းက တော်လွန်း၏။ တော်လွန်းတာကြောင့် သူအကောင်းဆုံးကြိုးစားတာတောင် လိုက်မမှီနိုင်ပေ။ သူတို့က ရှင်းလင်းစွာပင် ခွဲခြားခံရပြီးဖြစ်ကာ မည်သည့် လမ်းဆုံမှ ရှိမနေသင့်ပါချေ။


ယွင်ဖန်းက သူ့ထံ အကြင်နာတရားကြောင့် ချည်းကပ်ခဲ့သည်လား၊ သူ့ကိုသနားစိတ်ကြောင့်  ဆရာနှင့် အတန်းဖော်ကြား ဂရုဏာကြောင့် သနားခဲ့သည်လားတောင် သူမတွေးရဲပါချေ။


သူတွေးမိ၏။ အကယ်၍ ယွင်ဖန်းသာ ယောက်ျားလေးများကို သဘောကျသည်ကြောင့် သူဆီတကယ်ကြီး ချည်းကပ်လာတာဆိုလျှင် ထိုသို့ဆိုလျှင် သူလုပ်နိုင်........ လုပ်နိုင်.....


ယွင်ဖန်းကို သူ့ဘေးမှာ သိမ်းထားနိုင်သည်ပင်။


ဤအတွေးက သူ့အား မိုးကြိုးသွားကဲ့သို့ ရိုက်ခတ်လာပြီး တစ်ကိုယ်လုံးကို တောင့်သွားစေလေသည်။  ရာဘာလက်အိတ်ဝတ်ထားကာ ချောနေသည့် ပန်းကန်လုံးအစွန်းကို ကိုင်ထားသည့် သူလက်က အနည်းငယ် တုန်ယင်သွား၏။


သူတစ်ယောက်တည်း ရှေ့ကိုလျှောက်ခဲ့ရတာ ကြာလှပြီ ဖြစ်သည်။သူ့မှာ မိဘမရှိ၊ မိသားစုမရှိ၊ သူငယ်ချင်း အပေါင်းအဖော်များ မရှိပါချေ။ သူခြေထောက်တွေကို သူကိုယ်တိုင် ရွှံ့ထဲက ဆွဲထုတ်လို့ ဒေါသဝမ်းနည်းမှုများဖြင့် တစ်ယောက်တည်း ရှေ့ကိုရုန်းကန်တက်ခဲ့ရသည်။


သူမလှုပ်ရှားနိုင်တော့သည့်အချိန်၊ ရွှံ့ထဲမှာ ပုတ်သိုးဆွေးမြေ့သွားလည်း ပြသနာမရှိဟု ခံစားခဲ့ရချိန်၌မူ ရုတ်တရက် တစ်စုံတစ်ယောက် ပေါ်လာခဲ့ပြီး ရွှံ့နွံထဲမှ သူအား ပြတ်ပြတ်သားသား ဆွဲထုတ်ကာ အစားသောက်ကောင်းများပေးပြီး ပြုံးပြလာခဲ့ပေသည်။


သို့ပေမဲ့ ထိုသူက သူ့အပိုင် မဟုတ်ပါချေ။


ထိုသူက တစ်ခြားသူ၏ မိသားစုဝင်ဖြစ်ကာ တစ်ခြားသူ၏ သူငယ်ချင်း၊ တခြားသူ၏ ငယ်ချစ်ဦး ဖြစ်လေသည်။


သူ စုန့်ချွင်ကို မကြိုက်ဟုပြောခဲ့ပေမဲ့ စုန့်ချွင်က သူ့ကိုခေါ်လာချိန်မှာ လှည့်ထွက်သွားဆဲပါပင်။


ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?


ရိချန်းလျန် မျက်မှောင်ကြုတ်သွားကာ စိတ်ထဲမှ ဖျက်လိုဖျက်စီးနှင့် တစ်ကိုယ်ကောင်းဆန်စွာတွေးလိုက်မိသည်။ ဘာ့ကြောင့် ဒီလူက ငါ့အပိုင်မဖြစ်နိုင်ရမှာလဲ?


ခွမ်း!


သူ့လက်ထဲရှိနေခဲ့သော ပန်းကန်လုံးကကြမ်းပြင်ပေါ်ကျကာ အစိတ်စိတ်ကွဲသွားလေသည်။ 


ရိချန်းလျန် ဆတ်ခနဲ့ နိုးထလာကာ အသိပြန်ဝင်လာချိန်မှာ ချွေးအေးများ စိမ့်ထွက်လာတော့သည်။


"အမလေး!"


အန်တီဝူက အံ့အားသင့်စွာအော်လာ၏။

 

"ဘာလို့ ဂရုမစိုက်ရတာလဲ? ရှောင်ရိ၊ မြန်မြန် လှဲပြီးသိမ်းလိုက်၊ သူဌေးမမြင်စေနဲ့....ရှောင်ရိ?"


"အိုး"


ရိချန်းလျန်က တံမြက်စည်းပတ်ရှာလိုက်ပြီး ဆိုးယုတ်နေသည့်အလိုဆန္ဒအား နှလုံးသားထဲ အတင်းဖိနှိပ်ထားလိုက်သည်။


ယွင်ဖန်းက လူကောင်းတစ်ယောက်။ သူဒီလို မတွေးသင့်။


°°°°°


ညဆယ်နာရီ၌ ရိချန်းလျန်က သန့်ရှင်းရေးလုပ်ပြီးကာ အချိန်မှန်ပင် အလုပ်ဆင်းချိန်ရောက်လာပြီဖြစ်သည်။


သူက လက်ကို အိတ်ကပ်ထဲထည့်ကာ ခေါင်းငိုက်စိုက်ချလျက် မျက်လွှာချကာ ဘဲကင်ဆိုင်ထဲမှ ပင်ပန်းနွမ်းနယ်သော အမူအယာဖြင့် ထွက်လာခဲ့၏။


တကယ်တော့ တစ်ယောက်တည်းဖြစ်ရခြင်းက အတော်လေးကောင်းပါသည်။ အရင်ကလည်း တစ်ယောက်တည်းဖြစ်ကာ အနာဂတ်မှာလည်း တစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။ ကိစ္စမရှိပေ၊ သူအသားကျနေသည်မှာ ကြာခဲ့ပြီဖြစ်၏။


"ဘာတွေတွေးနေတာလဲ?"


သိပ်ပြီး မနူးညံ့လှသည့် လက်တစ်ဖက်က သူ့ခေါင်းကိုပုတ်လာချိန်မှာ ရိချန်းလျန်ကို လန့်ဖြတ်သွားစေလေသည်။


သူကြည့်လိုက်တော့ ယွင်ဖန်းက သူ့ရှေ့မှာရပ်နေခဲ့ကာ လွန်ခဲ့သည့် တစ်နာရီ‌ကျော်လောက်က သူ့အား လက်ဝှေ့ယမ်းပြခဲ့သည့်လူနှင့် အတိအကျကို အတူတူပါပင်။


ပါးစပ်အဟောင်းသားဖြင့် အံအားသင့်နေခဲ့ကာ သူ့တစ်ကိုယ်လုံးရှိသွေးများ ဆူပွက်နေသလို ခံစားနေရပြီး သူ့နှလုံးသားကိုဆူပွက် နာကျင်စေလျက် စကားပြောဖို့ ခက်ခဲစေလေသည်။


"ဘာလို့.....ပြန်လာတာလဲ?"


ယွင်ဖန်းက သူမသွားခင်တုန်းက ဖြစ်နေခဲ့သည့် ရိချန်းလျန်၏ အထီးကျန်အဖော်မဲ့နေသော အမူအယာကို ပြန်တွေးကြည့်လိုက်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ပြီး လက်လှမ်းက သူ့ခေါင်းကို ခပ်ကြမ်းကြမ်း ပွတ်လိုက်၏။ သူ့အသံထဲ သတိမထားမိစွာပင် ညင်သာမှုများပါနေခဲ့သည်ပင်။


"ခွေးကလေးကို အိမ်အထိ လမ်းလျှောက်ခေါ်သွားမလို့ လာခဲ့တာလေ"