Chapter 26
Viewers 3k


ရန်ပွဲ



သို့ပေမဲ့ ချန်ကျစ်ချီးက တစ်ခုခုကြောင့် အာရုံပျံ့လွင့်နေပုံရကာ တစ်ပတ်ကြာပြီးတာတောင်မှ လာမဖမ်းသေးကာ....သူတို့နှစ်ယောက်ထံ ရောက်မလာခဲ့ပါချေ။



"နှစ်ဝက်စာမေးပွဲကို နှစ်သစ်ကူးပိတ်ရက်မတိုင်ခင် ကျင်းပလိမ့်မယ်"



ယွင်ဖန်းက လက်လှမ်းလို့ ရိချန်းလျန်၏ အင်္ကျီကိုထိလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။



"မင်း ပါးပါးလေး ဝတ်ထားတာပဲ"



ကစားကွင်းရှိလေက အနည်းငယ် ပြင်းထန်ကာ ရိချန်းလျန်မှာ သူ့နောက်တွင် တုန်ခိုက်နေခဲ့သည်ပင်။



"ငါ့မှာ ဈေးဝယ်ထွက်ဖို့အချိန်မရှိဘူးလေ"



"ငါ့အမေကို အဝတ်အစားလက်ကားရောင်းတဲ့မြို့ကနေ မင်းအတွက် နည်းနည်းလောက်ယူလာခိုင်းလိုက်မယ်။ အဲ့ဒီမှာက စတိုင်းဆိုင်တွေမှာ ဝယ်တာထက် ဈေးသက်သာတယ်။"



ယွင်ဖန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သူကိုယ်တိုင်အား တွယ်ကပ်ခွင့်ပေးထားလျက်ဖြင့်



"မင်း အေးနေရင် အခန်းထဲ ပြန်သွားလို့ရတယ်"



"မဖြစ်ဘူး"



ရိချန်းလျန်က ပြတ်သားစွာငြင်းဆန်၏။



“ငါ့မှာဖြင့် ခုမှ ကာယချိန်တက်ရတာ။ ပြန်သွားရရင် မင်းငါ့ကို အိမ်စာလုပ်ခိုင်းဦးမှာပဲ။ တော်လောက်ပြီ။ ငါငြီးနေပြီ!”



ယွင်ဖန်းသည် စာလေ့လာရာ၌ အလွန်ဇွနပဲကြီးပြီး ကိုယ့်ကိုယ်ကိုယ် မညှာစတမ်း လုပ်လေ့ရှိရာ လူတွေအဖို့ သူဟာ သင်ကြားခြင်းအပေါ် တယ်မြတ်နိုးပါလားဟု ထင်ယောင်ထင်မှား ရှိစေရသည်။



သို့ငြား ရိချန်းလျန်ကတော့ ယွင်ဖန်းဟာ သင်ယူခြင်းအား ကျေပွန်ရမည့်လုပ်ငန်းတာဝန်တစ်ခုအဖြစ် ဆက်ဆံနေသည်ဟုသာ ခံစားမိလေပြီး ယင်းက သူ့အပေါ်ပါ အလေးအနက်ကို သက်ရောက်မှုရှိလာစေသည်။ ညဘက်တွင် မေးခွန်းတစ်စုံလောက် မလုပ်မိလျှင်ကို သူ့မှာ အပြစ်ရှိသလို ခံစားနေရကာ အင်္ဂလိပ်စာအတန်းချိန်တွင် အိပ်ငိုက်ခြင်းကလည်း သူ့အတွက် အလှမ်းဝေးသော ဇိမ်ခံမှုလေး ဖြစ်လာရလေသည်။



ထို့ကြောင့် သူဟာ ရခဲလှသော ဤကာယအတန်းအား သေချာပေါက် လက်မလျှော့နိုင်ပါချေ။



ယွင်ဖန်းက သူ့ကျောင်းဝတ်စုံအား ဇစ်ဖြုတ်လိုက်ကာ သူ့ဆီ ပစ်ပေးလိုက်၏။



"ဒါဆိုလည်း မြန်မြန်လေး ဝတ်ထားလိုက်၊ မင်း အအေးမိသွားရင် ငါတာဝန်မယူနိုင်ဘူး"



ယွင်ဖန်းက ကျောင်းဝတ်စုံအတွင်းထဲတွင် မီးခိုးရောင် ဆွယ်တာတစ်ထပ် ဝတ်ထားဆဲဖြစ်လေရာ သူ့၏ သွယ်လျဖြူဖွေးသည့် လည်တိုင်က ကော်လာထဲ မြုပ်နေခဲ့လေသည်။ ရိချန်းလျန်၏ အကြည့်က ယွင်ဖန်း၏ အာဒမ်ပန်းသီးလေးဖြစ်သည့် လည်ဇလုတ်ပေါ်သို့ နှစ်စက္ကန့်လောက် ဝေ့ဝဲနေခဲ့ပြီးနောက်မှ သူက ခေါင်းငုံ့ကာ ယွင်ဖန်း၏ ကျောင်းအင်္ကျီကိုဝတ်လိုက်သည်။



"ဒါဆို မင်းက မအေးဘူးလား။ အေးနေတယ်မလား?"



ရိချန်းလျန်က မထိန်းနိုင်စွာ သူ့လည်ဇလုတ်လေးကို ထပ်ကြည့်မိပြန်သည်။



ယွင်ဖန်းက သူ့အား အမိုးရှိသည့်နေရာသို့ ခေါ်သွားကာ လက်ကို သူ့လည်ပင်းထက် တင်ကာ လက်မောင်းဖြင့် ညှစ်ထားလိုက်၏။



"အတန်းဖော် ရိချန်းလျန် မင်းက အင်္ကျီကိုဝတ်ပြီးမှ ငါ့ကို လာမေးနေတယ်။ ဒါက ကြောင်သူတော်ဆန်တာပဲ မဟုတ်ဘူးလား? မင်း ဘာလို့ မချွတ်လိုက်တာလဲ?"



"ဟေး၊ သောက်ချီး၊ လောင်ဇီရဲ့ လည်ပင်း!"



ရိချန်းလျန်က ယိုင်လဲသွားမှာစိုးတာကြောင့် မသိစိတ်အရ သူ့ခါးကို ဖက်ထားလိုက်ကာ အကျယ်ကြီး အော်လိုက်၏။



"ဒါက ကျိုးသွားဖို့ သောက်ရမ်းလွယ်တာကွ!"



နှစ်ယောက်သားမှာ လမ်းလျှောက်နေရင်းဖြင့် အနားမှာ တစ်ယောက်မှ ရှိမနေသလို ပြုမူနေကြလေရာ ရုတ်တရက် မုန်းတီးသည့်အသံတစ်ခုက သိပ်မဝေးသည့်နေရာမှ ပေါ်လာခဲ့၏။



"ယွင်ဖန်း မင်းတို့နှစ်ယောက်က တွဲနေတာလား?"



လှောင်ပြောင်လိုခြင်းနှင့် ငြိုငြင်ခြင်းတို့အား သူ့အသံထဲတွင် လုံးဝ မဖုံးကွယ်ထားခဲ့ဘဲ အသံကလည်း အထူးသဖြင့်ကို ကျယ်လှပြီး ကစားကွင်းဘေးတွင် ရှိသူများအားလုံးကြားနိုင်လေသည်။ တခဏအတွင်း အမျိုး‌စုံသည့် မျက်လုံးများက ယွင်းဖန်းနှင့် ရိချန်းလျန်တို့ဆီ ကျရောက်လာလေသည်။ 



ယွင်ဖန်းက ကမူးရှုးထိုးပြေးထိုးဖို့ဟန်ပြင်နေသည့် ရိချန်းလျန်ကို ဆွဲကာ ကြည့်လိုက်တော့ အထက်တန်းကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးငါးယောက်၊ခြောက်ယောက်ခန့်က  ဘတ်စကတ်ဘောကွင်းထဲမှ စိတ်လှုပ်ရှားစရာမြင်ကွင်းအား ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ စွင်းယွမ်ကလည်း ထိုအထဲမှာ ရှိနေသည်။ သို့ပေမဲ့ ပြောလာသူမှာ သူမဟုတ်ပေ။



"ဟားဟားဟား။ သောက်ကျိုးနည်း၊ ယောက်ျားလေးနှစ်ယောက်တွဲတာတဲ့။ ရွံစရာကြီး!”



နားကွင်းဝတ်ထားပြီး စီးကရက်ကိုက်ထားသည့် ဆံရှည်နှင့်တစ်ယောက်က မျက်လုံးထဲ ရန်ငြိုးနှင့်လှောင်ပြောင်လိုခြင်းများ ရောင်ပြန်ဟပ်နေလျက် ပြောလာသည်။



"မင်းရဲ့ ကျောင်းအင်္ကျီကိုတောင် သူကို ဝတ်ခိုင်းလိုက်သေးတယ်!"



သူ ပတ်ပတ်လည်၌ ရယ်သံများ ထွက်လာကာ ပတ်ဝန်းကျင်ရှိ ကျောင်းသားများက စတင်တီးတိုးပြောလာကြသည်။



"....တကယ်ကြီးလား  မဖြစ်နိုင်ပါဘူး၊ ဖြစ်နိုင်ပါ့မလား?"



"နင် ဖိုရမ်ကို ကြည့်ပြီးသွားပြီလား? အဲ့ဒီမှာ အကျိုးကြောင်း သက်သေတွေနဲ့ ရေးထားတာ၊ ပြီးတော့ ယွင်ဖန်းရဲ့ အလယ်တန်းကျောင်းအတန်းဖော်ကလည်း ဝန်ခံထားသေးတယ်!"



"အာ၊ ယောက်ျားလေးနှစ်ယောက်က၊ ဒါကြီးက တဏှာရူးမဆန်ဘူးလား...."



"ယွင်ဖန်းရဲ့ အဆင့်တွေ အရမ်းကျသွားတာ မဆန်းတော့ပါဘူး။သူက ရည်းစားထားပြီး အလုပ်ရှုပ်နေတာပဲ! ကံကောင်းတာက ငါသူ့ကို စောစောစီးစီး မချစ်မိသွားတာပဲ...."



ထိုနေရာ၌ သူတို့နှစ်ယောက်အား စိတ်လှုပ်ရှားစွာ ကြည့်နေသည့် မိန်းကလေးများလည်း ရှိကြသေးလေ၏။



"အား၊ ငါသိသားပဲ--"



"ရှူး၊ စိတ်လျှော့ထား!"



ရိချန်းလျန်၏ နာဖူးသွေးကြောတို့ ထင်းထွက်လာပေမဲ့ ယွင်ဖန်းထံမှ ခိုင်ခိုင်မာမာ အဆွဲခံထားရဆဲဖြစ်သည်။



"မင်း ငါ့ကို လွှတ်ပေး!"



"ဟေး၊ မင်းတို့ကောင်တွေ အိပ်ပြီးသွားကြပြီလား?"



ပါးစပ်မှာ စီးကရက်ရှိနေသည့်တစ်ယောက်က ရိချန်းလျန်နှင့် ယွင်ဖန်းအား ရမ္မက်ဆန်စွာ ကြည့်လာကာ လက်မြှောက်လို့ ရိုင်းပျသည့် လက်ဟန်တစ်ခု လုပ်ပြလာလေ၏။



"ဒီလိုလေ?"



ယွင်ဖန်း၏မျက်နှာက ရုတ်တရက်အေးစက်သွားကာ သူက ထိုကောင်လေးထံ လျှောက်သွားလိုက်သည်။ သူက ရုတ်ချည်း နှုတ်ခမ်းကိုကွေးလိုက်ကာ ထိုသူ့ထံ ပြုံးပြလိုက်၏။



"မင်း အဲ့လောက်ထိ သိချင်နေတာလား?"



ကောင်လေး၏ နောက်ကျောက ရုတ်တရက် တောင့်တင်းသွားခဲ့ကာ သဘာဝအလျှောက် အန္တရာယ်အငွေ့အသက်ကို ခံစားမိသွားပေမဲ့ သူမတုန့်ပြန်နိုင်ခင်မှာပဲ ဗိုက်ကိုအထိုးခံလိုက်ရကာ ခဏလောက် စကားမပြောနိုင်တော့ချေ။



"ငါလိုး၊ မင်း ၊ကိုယ်----ိုး!"


သူဘေးရှိလူက အလျင်စလို ရှေ့တက်လာ၏။



ရိချန်းလျန်က ရှေ့တိုးသွားကာ မနီးမဝေးအနောက်နားမှာရပ်နေသည့် စွင်းယွမ်ကို ကန်ပစ်ကာ ကော်လာမှဆွဲကိုင်၍ ထိုးလိုက်လေသည်။



စွင်းယွမ်က ရန်ဖြစ်ရာတွင် လုံးဝ မတော်ပေ။ သူက ရန်ဖြစ်ဖို့ အစီစဉ်လည်းမရှ်ိခဲ့ရာ ခြေထောက်ကိုသာပြင်းပြင်းထန်ထန် ကန်ကျောက်ရင်း နောက်သို့ ပြန်ရုန်းလျက်ရှိသည်။



"မင်းငါ့ကို ဘာလို့ ရိုက်တာလဲ....ငါက ယွင်ဖန်းရဲ့ ညီကွ!"



"အရိုက်ခံရသင့်တဲ့သူက မင်းပဲလေ မြေးလေးရဲ့!"



ရိချန်းလျန်ကသူ့ကို ထပ်ပြီး ထိုးလိုက်ပြန်ကာ ခက်ထန်စွာ စူးစိုက်ကြည့်လိုက်သည်။



"လောင်ဇီက မင်းကို မြင်တဲ့အခါတိုင်းမှာ 

ရိုက်ပစ်မှာ!"



စွင်းယွမ်မှာ ကျောရိုးမဲ့နေပုံဖြင့် ငိုကြွေးလာတော့သည်။



"ကော…ယွင်ဖန်းကော…ကယ်ပါဦး!"



"မင်းမှာ အော်ဖို့ မျက်နှာရှိသေးတယ်ပေါ့!"



ရိချန်းလျန်က သူအား တစ်ဖက်သတ်ထိုးကြိတ်နေရင်းဖြင့်



"မင်းကို ငါက အော်ခိုင်းလို့လား!"



ယွင်ဖန်းဘက်မှာတော့ သူ့ကိုတားဖို့ကြိုးစားနေသူကို ကန်ထုတ်လိုက်ကာ ရိချန်းလျန်အား အလျင်စလို သွားဆွဲလိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။



"မရိုက်နဲ့တော့!"



ရိချန်းလျန်မှာ အံ့ကြိတ်လျက် ပင့်သက်ရှိုက်ရင်း ယွင်ဖန်းအား အလိုမကျစွာ စိုက်ကြည့်လာ၏။



"ငါက မင်းအတွက် လုပ်ပေးနေတာကို မင်းက သူ့ကို သောက်ကျိုးနည်း ကာကွယ်ပေးနေတုန်းပဲလား?"



ယွင်ဖန်းက စွင်းယွမ်၏ မျက်နှာပေါ်မှ ထိခိုက်ဏ်ရာများကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ရန်ဖြစ်ခြင်းအတွက် ကျောင်းမှ အပြစ်ပေးလာတော့မည်မှာ မလွဲတော့ကြောင်း သိလိုက်သည်။



"မင်း ဘာလုပ်နေတာလဲ!"



အထက်တန်းကျောင်းဝတ်စုံဝတ်ထားသည့် ကျောင်းသားတချို့ ရောက်လာပြီဖြစ်ကာ ရှေ့ဆုံးမှ တစ်ယောက်က‌တော့ ချန်ကျစ်ချီးပါပင်။



ချန်ကျစ်ချီးက မြေပေါ်လဲနေပြီး မထနိုင်ကြသေးသည့် ကျောင်းသားတချို့ကိုကြည့်လိုက်ပြီးမှ ရိချန်းလျန်နှင့် ယွင်ဖန်းတို့ထံ အကြည့်ပြောင်းလိုက်ကာ မျက်မှောင်ကြုတ်လိုက်၏။



"ထပ်ပြီး မင်းတို့နှစ်ယောက်ပဲလား"



ဤ"ထပ်ပြီး" ဆိုသည့်စကားလုံးက အတော်လေး စိတ်ဝင်စားဖွယ်ပင်။



"သူတို့က အရင်စတာ!"



ရိချန်းလျန်က သိသာစွာပင် ဒေါသထွက်နေဆဲဖြစ်ကာ အနားရောက်သည့် လူတိုင်းကို စူးစိုက်ကြည့်နေခဲ့၏။ 



ယွင်ဖန်းကတော့ သူ့ထက်ပို တည်ငြိမ်နေသည်မှာ သိသိသာသာပင်ဖြစ်ကာ အတက်အကျမရှိသည့်အသံဖြင့် ပြောလိုက်သည်။



"ကျောင်းမှာ ရန်ဖြစ်တာက တကယ်ပဲ ကျွန်တော်တို့ရဲ့အပြစ်ပါ။ အပြစ်ပေးတာကိုခံဖို့ ဆန္ဒရှိပါတယ်"



ချန်ကျစ်ချီး၏ မျက်နှာက အနည်းငယ် ပြေလျော့သွား၏။



"မင်းတို့အားလုံး အတန်းပိုင်ဟဲရဲ့ ရုံးခန်းဆီသွားကြ"



အတန်းပိုင်ဟဲ၏ ရုံခန်းထဲ၌ ယွင်ဖန်း၊ ရိချန်းလျန်နှင့် စွင်းယွမ်အပါအဝင်တခြားသူများက နံရံကို ကျောပေးကာ အတန်းလိုက် စီတန်းနေခဲ့၏။



ဆံပင်များ ပြောင်သလင်းခါလုနီးပါး ဖြစ်နေသည့်အတန်းပိုင်ဟဲမှာ ဆံပင်ပိုကျွတ်ရတော့သည်။ သူက ဝိဇ္ဇာအတန်းမှ အတန်းပိုင်ကျန်းထံအရင် ပြုံးလျှက် ခေါင်းညိတ်ပြလိုက်ကာ ယွင်ဖန်းအား ရုတ်တရက် အော်လိုက်၏။



"မင်းရဲ့ ကိုယ်သေးသေးလေးနဲ့ ရန်ဖြစ်ရဲနေပြီပေါ့!? မင်း ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ?! မင်းက သူတို့ကို ရိုက်နိုင်လို့လား?!"



အတန်းပိုင်ကျန်းက ဤသည်ကိုကြားတော့ တစ်ခုခုမှားနေသလိုခံစားလိုက်ရကာ သူ့ကို အမြန်တားလိုက်၏။



"အတန်းပိုင်ဟဲ ကြည့်ရတာ သူ့ကမှ ကျွန်တော့ကျောင်းသားတွေကို ရိုက်တဲ့သူဖြစ်မယ်ထင်တယ်--"



"ဘာလို့ မင်းရဲ့ ပညာရေးရလဒ်တွေအကြောင်း မတွေးရတာလဲ!"



လောင်ဟဲက မကြားချင်ယောင်ဆောင်ကာ ထပ်အော်လာပြန်၏။



“မင်းက ဒီမြို့မှာ ထိပ်တန်းကျောင်းသားကွ! ဘာကိစ္စ ရန်ဖြစ်တာလဲ။ မြို့ရဲ့ ထိပ်ဆုံးသုံးယောက်ထဲက တစ်ယောက်ပါလို့ အတည်ပြုချက် ရပြီမလို့လား!

နောက်အပါတ် ပြိုင်ပွဲက ရောဘယ်လိုလုပ်မှာလဲ? ဝင်ခွင့်အတွက် ထောက်ခံချက်ကရော လိုချင်သေးရဲ့လား?!"



အတန်းပိုင်ကျန်း၏ မျက်နှာက အနည်းငယ် ပြာသွားခဲ့ကာ ယွင်ဖန်းထံသူ့အကြည့်က အနည်းငယ် သိမ်မွေ့လာသည်။



"အတန်းပိုင်ဟဲ…ဒါက အဲ့လောက်ထိ မလေးနက်ပါဘူး...."



"အာ၊ လောင်ကျန်းရေ မင်းကို ဒီအထိပြေးလာစေပြီး ဒုက္ခပေးမိပြီ"



လောင်ဟဲက အတန်းပိုင်ကျန်း၏ ပုခုံးကိုပုတ်လိုက်ကာ



"မင်း သူ့အတွက် ပြောပေးစရာ မလိုပါဘူး၊ ငါ့ထင်တာတော့ သူ ခုတလော ပေါ့လျှော့နေတာပဲ!"



ရိချန်းလျန်မှာ ပြန်ပြောရန် ပါးစပ်ဟလိုက်ပေမဲ့ ယွင်ဖန်းက သူ့အင်္ကျီလက်အား ညင်ညင်သာသာဆွဲလိုက်သည်။



ယွင်ဖန်းက နာခံစွာဖြင့် ခေါင်းငုံ့ထားကာ



"ကျွန်တော်တောင်းပန်ပါတယ် အတန်းပိုင်ဟဲ၊ ကျွန်တော်မှားတာ သိပါပြီ"



"မင်းမှားတာ မင်းသိတယ်ပေါ့"



လောင်ဟဲက သူ့ကို တစ်ချက်ကြည့်လိုက်ကာ ဆံပင်ဆေးဆိုးထားသည့် နားကွင်းများနှင့် ကျောင်းသားများထံ ကြည့်လိုက်ပြီး မေးလိုက်သည်။



"ငါ့ကိုပြော၊ မင်းဘာလို့ ရန်ဖြစ်တာလဲ?"



ယွင်ဖန်းက ခေါင့်မော့လိုက်၏။ သူ့အမူအယာက တည်ငြိမ်လျှက်ပင်။



"ရာသီဥတုက အရမ်းအေးနေပြီး ရိချန်းလျန်က ကုတ်တစ်ထည်တည်းဝတ်ထားတာကို ကျွန်တော် တွေ့လိုက်ရတာမို့ ကျွန်တော့်ရဲ့ ကျောင်းအင်္ကျီကို သူ့ကို ငှားပေးလိုက်တာပါ။ သူတို့တွေက ဘေးမှာ ဆေးလိပ်သောက်နေပြီးအရင်ဆုံး ကျွန်တော်တို့ကို ရွံ့စရာကောင်းတဲ့ တဏှာရူးတွေလို့ စွပ်စွဲပါတယ်။ ပြီးတော့ ကောလဟာလတွေဖြန့်ပြီး ကျွန်တော်တို့ကို မသင့်လျှော်တဲ့ ဆက်ဆံရေး‌ရှိနေကြပါတယ်ဆိုပြီး မဟုတ်မမှန်စွပ်စွဲပါတယ်။ သူတို့ရဲ့ စကားလုံးတွေက အရမ်းကို ကြမ်းတမ်း ညစ်ညမ်းတာကိုဘေးမှာရှိတဲ့ ကျောင်းသားတွေအများကြီး ကြားလိုက်ရပါတယ်။



 ရိချန်းလျန်နဲ့ ကျွန်တော်က ဒါကို ထပ်ကာ ထပ်ကာ သည်းခံခဲ့ပေမဲ့သူတို့က ပိုပိုပြီး လွန်ကျွံလာလို့ ကျွန်တော် စိတ်မြန်လက်မြန်နဲ့ စပြီး ရန်ဖြစ်မိတာပါ။အတန်းပိုင်ဟဲ…ရိချန်းလျန်နဲ့ ကျွန်တော်က ကျောင်းမှာ ရန်ဖြစ်မိတာက မှားမှန်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပါပြီ။



လူတွေကိုလည်း မရိုက်ခဲ့သင့်ပါဘူး။ အရိုက်ခံခဲ့ရ‌တဲ့ကျောင်းသားတွေကို စိတ်ရင်းနဲ့ တောင်းပန်ချင်ပြီး ဆရာတွေဆီ ကိုယ်တိုင်သုံးသပ်စာရေးပေးပါ့မယ်။ ဒါကို သင်ခန်းစာယူပြီး နောက်ဆို စိတ်မြန်လက်မြန် မလုပ်တော့ပါဘူးလို့ ကျွန်တော်တို့ ကတိပေးပါတယ်"



အတန်းပိုင်ဟဲ၊ အတန်းပိုင်ကျန်းနှင့် ဘေးနားရှိ အရိုက်ခံရသူအနည်းငယ်မှာ ကြက်သေသေသွားကြလေသည်။



သူတို့က ဤသို့ ဖြောင့်မတ်စွာတောင်းပန်ပြီး မိမိကိုယ်ကိုယ် ပြန်သုံးသပ်တတ်သူကို တစ်ခါမှ မတွေ့ခဲ့ဖူးပါချေ။



"ဒါပေမဲ့"



ယွင်ဖန်းက မဆိုစလောက်လေးပြုံးလိုက်ကာ အတန်းပိုင်ကျန်းအား အလေးအနက်ပြောလိုက်၏။



"အခြေအမြစ်မရှိ ထင်မြင်ယူဆပြီး၊ မနာလိုစိတ်နဲ့စော်ကား ဆဲဆိုခဲ့တဲ့ သူတို့ကလည်း ကျွန်တော်နဲ့ ရိချန်းလျန်ကို တောင်းပန်သင့်တယ်လို့ ကျွန်တော် ယုံပါတယ်။ အတန်းပိုင်ကျန်းရော ဘယ်လိုထင်ပါသလဲ?



ဝိဇ္ဇာတန်းအား စီမံခန့်ခွဲသူ အတန်းပိုင်ကျန်းမှာ ဒေါသသေးသူမဟုတ်ပေ။ အတန်းပိုင်ဟဲရောက်လာပြီး ယွင်ဖန်းနှင့် ရိချန်းလျန်တို့အား ဆူပူခဲ့ကာ ယွင်ဖန်း၏ ‌တင်ပြချက်ကို ကြားပြီးချိန်ကတည်းကပင် သူက ယုံကြည်ပြီးဖြစ်သည်။ 



ထို့နောက်သူက သုံးစားမရသည့် သူ့ကျောင်းသားတွေထံ တစ်ချက်ကြည့်လိုက်သည်။  ဒီကောင်တွေ ဘယ်လိုစရိုက်ရှိမှန်း သူလည်း သိပြီးသားပင်။အချိန်အတော်ကြာ သူဖိနှိပ်ထားခဲ့သည့် ဒေါသက ရုတ်တရက် မြင့်တက်လာခဲ့ကာ နားဆွဲနှင့်တစ်ယောက်ကို ကန်ပစ်လိုက်တော့သည်။



"ဆေးလိပ်သောက်ရဲတယ်ပေါ့! ပြီးတော့ ဆဲလိုက်သေးတယ်! ရန်ဖြစ်တာတောင် မနိုင်ဘူး! ငါပြောခဲ့တဲ့ စကားတွေအားလုံးက ခွေးစားခံလိုက်ရတာလား?!"



"ဟေး၊ ဟေး၊ အတန်းပိုင် ကျန်း၊ စိတ်လျှော့ပါ! အဲ့လိုမလုပ်နဲ့လေ!"



လောင်ဟဲက ဘေးမှနေ ဝတ်ကြေတမ်းကြေ နားချနေလေ၏။ 



"အဲ့လိုမလုပ်ဘဲနဲ့ သူတို့ကိုတောင်းပန်ဖို့ပဲ ခိုင်းလိုက်ပါ"



"စိတ်ရင်းနဲ့ တောင်းပန်ပါ"



ယွင်ဖန်းက အချိန်ကိုက်ပင် ဝါကျတစ်ကြောင်း ထပ်ဖြည့်လိုက်ကာ လောင်ဟဲထံ မသိမသာတစ်ချက်ကြည့်လိုက်၏။



"မြန်မြန်လုပ်၊ ဒီကျောင်းသားနှစ်ယောက်ကို တောင်းပန်လိုက်ကြ!"



အတန်းပိုင်ကျန်းက နားဆွဲနှင့်ကောင်လေးအား ထပ်ပြီး ရိုက်လိုက်ပြန်ရာ ထွက်လာသည့်အသံက လောင်ဟဲ၏ သွားများကိုပင် နာကျင်သွားစေသည်။



"ချီးလိုပဲ"



နားဆွဲနှင့် ကောင်လေးက ဆန္ဒမရှိစွာ ရေရွတ်လာကာ ရလဒ်အနေဖြင့် အတန်းပိုင်ကျန်း၏ အကန်ခံလိုက်ရလေသည်။



"ကျန်းလေ့! တောင်းပန်လိုက်!"



အတန်းပိုင်ကျန်းက အော်လိုက်သည်။



"ပြီးတော့ မင်းတို့ကောင်တွေရောပဲ!"



"တောင်းပန်ပါတယ်....တောင်းပန်ပါတယ်၊ မင်းတို့ရဲ့အကြောင်းတွေကို မပြောလိုက်သင့်ဘူး"



ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် တောင်းပန်လာကြသည်။



ရိချန်းလျန်က မျက်နှာမဲကြီးနှင့် တိတ်ဆိတ်နေဆဲဖြစ်ကာ ယွင်ဖန်းကတော့ အနည်းငယ် ပြုံးလိုက်ပြီး ‌ဖြည်းဖြည်းချင်းပြောလိုက်သည်။



"ရပါတယ်"



"မင်းတို့ကောင်တွေ သူများတွေကိုကြည့်စမ်း!"



အတန်းပိုင်ဟဲက အတော်လေး ဒေါသထွက်နေခဲ့ကာ ပေါက်ကွဲရမည့်နေရာ ရှာမတွေ့ဖြစ်နေခဲ့၏။



"မင်းတို့အားလုံး ပြန်သွားပြီး ကိုယ်တိုင်သုံးသပ်စာ စာလုံးရေ တစ်သောင်းပြည့်အောင် ရေးခဲ့ကြ!"



လောင်ဟဲက အပူခံခွက်ထဲမှ ရေတစ်ငုံသောက်လိုက်ကာ ဝင်သက်တစ်ချက်ရှိုက်လိုက်ပြီး ရိချန်းလျန်နှင့် ယွင်ဖန်းထံ လက်ညှိုးထိုးလျှက် အလေးအနက်ဖြင့် ပြောလာသည်။



"အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်၊ ရန်ဖြစ်တာတော့ မင်းတို့မှားတယ်! အားလုံးပဲ ပြန်သွားပြီး ကိုယ်တိုင်သုံးသပ်စာ ရေးလာခဲ့ကြ!"



"ကောင်းပါပြီ၊ အတန်းပိုင်ဟဲ"



ယွင်ဖန်းက နာခံစွာ သဘောတူလိုက်သည်။



အတန်းပိုင်ကျန်းက ကျောင်းသားအနည်းငယ်ကို ရိုက်နှက် ဆူဆဲရင်းဖြင့် အဝေးကို ခေါ်သွားခဲ့စဉ် လောင်ဟဲကတော့ ယွင်ဖန်းနှင့် ရိချန်းလျန်တို့အား ဖမ်းကာ ခေါင်းခေါက်လိုက်၏။



"ကျောင်းမှာရန်ဖြစ်ကြတယ်ပေါ့ မင်းတို့တွေ! ကျောင်းအပြင်ဘက်က လုံလောက်အောင် ကျယ်မနေလို့လား?"



ယွင်ဖန်းက ကသိကအောက်နိုင်စွာ ပြုံးပြလိုက်၏။



"နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"



"နောက်တစ်ခေါက် ရှိရဲဦးမယ်ပေါ့?"



လူအိုကြီးဟဲက နောက်ထပ် ရေတစ်ငုံသောက်လိုက်ပြန်ကာ 



"အဲ့ဒီ ကျန်းလေ့က အတန်းပိုင်ကျန်းရဲ့ တူအရင်းပဲ၊ မင်းတို့သာ ကျိုးကြောင်းမညီရင် သူက မင်းတို့ကို ပြစ်မှုဖိုင်ထဲ မှတ်တမ်းတင်လိုက်မှာကွ မယုံမရှိနဲ့!"



"ကျွန်တော်တို့ကို ‌ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အတန်းပိုင်ဟဲ"



ယွင်ဖန်းက သူ၏ အပူခံခွက်ကိုယူကာ သူ့အတွက် ရေငှဲ့ပေးလိုက်၏။



"ကျွန်တော်တို့သေချာပေါက် ဆရာ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို မဆုံးရှုံးစေရပါဘူး။ လေးလေးနက်နက် ပြန်သုံးသပ်ပြီး ၊ စာကြိုးစားပြီးတော့ နေ့တိုင်းတိုးတက်အောင်လုပ်ပါ့မယ်"



လောင်ဟဲက သူ့ကိုတစ်ချက်ကြည့်လာ၏။



"ရူပဗေဒပြိုင်ပွဲ--"



"ကျွန်တော် ဝင်ပြိုင်မှာပါ"



ယွင်ဖန်းက နှလုံးသားလေးခမျာ သွေးစိမ်းရှင်ရှင် ယိုစီးရလေပြီ။



"ကျွန်တော် ပြိုင်ပွဲမှာပါဖို့အတွက် ညနေခင်းစာကြည့်ချိန်ကိုတက်ပါမယ်။ မစိုးရိမ်ပါနဲ့ ခင်ဗျ"



လောင်ဟဲ စိတ်တိုင်းကျသွားရင်း သူတို့နှစ်ယောက်ထံ လက်ဝှေ့ယမ်းပြလာသည်။



"ပြန်သွားတော့ ဒီမှာပဲ ရပ်မနေနဲ့"



ယွင်ဖန်းက ရိချန်းလျန်အား တံခါးဆီ ဆွဲခေါ်သွားဖို့ ဟန်ပြင်လိုက်သည်။



ရိချန်းချန်က ခေါင်းလှည့်ကာမေးလာ၏။



"ကိုယ်တိုင်သုံးသပ်စာက ဘယ်လိုလုပ်ရမှာလဲ---"



ယွင်ဖန်းက သူ့ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်လိုက်ကာ လောင်ဟဲထံ တောက်တောက်ပပ‌ပြုံးပြလိုက်ရင်း ပြောလိုက်၏။



"နှုတ်ဆက်ပါတယ် ဆရာ!"



ရုံးခန်းထဲမှ ထွက်လာပြီးနောက် ရိချန်းလျန်က ယွင်ဖန်း၏လက်အား တွန်းထုတ်လာသည်။



"စာ ဘယ်နှစ်လုံးရေးရမလဲ သူမပြောလိုက်ဘူးလေ"



"သူက ရေးစရာလိုတယ်လို့တောင် မပြောလိုက်ဘူးလေ"



ယွင်ဖန်းက သူ့အား မျက်ခုံးပင့်ပြလိုက်သည်။



"လောင်ဟဲက ငါတို့ကို ရေးခိုင်းဖို့တောင် မရည်ရွယ်ခဲ့ဘူး‌"



"ဒါပေမဲ့ ဆရာကအရမ်းဒေါသထွက်နေတဲ့ပုံပဲ၊ သူက မင်းကိုပါဆူလိုက်သေးတာကို"



ရိချန်းလျန်က မျက်မှောင်ကြုတ်လျက်



"မင်းဘာအမှားမှ မလုပ်ခဲ့တာတောင် ဘာလို့အဲ့ဒီငတုံးတွေကို တောင်းပန်ခဲ့တာလဲ?"



"ငါက ရန်ပွဲကိုစလိုက်တဲ့သူမို့လို့လေ။ ငါသာအရင်ဆုံး မတောင်းပန်လိုက်ရင် အပြစ်ပေးခံဖို့စောင့်နေရလိမ့်မယ်မလား?"



ယွင်ဖန်းက အသံကိုတိုးလိုက်ကာ သူ့နားနားကပ်၍ 



"ဆရာ့ကိုအရင် နူးညံ့အောင် လုပ်လိုက်တာမျိုးလေ၊ မင်းတွေ့လား၊ အခုအဲ့ဒီ ငတုံးတွေက တောင်းပန်ရပြီး ကိုင်တိုင်သုံးသပ်စာ ရေးရရုံတင်မကဘူး ဘာမှမဟုတ်ဘဲ အရိုက်ပါခံရလိုက်ရသေးတယ်လေ"



ရိချန်းလျန် မျက်လုံးပင့်လိုက်ကာ ယွင်ဖန်းထံ လေးစားစွာကြည့်လိုက်၏။



ယွင်ဖန်းမှာ မထိန်းနိုင်ဘဲ နှုတ်ခမ်းတွန့်လိုက်ကာ သူ့အား စိတ်ပါလက်ပါဖြင့် ပညာပေးတော့သည်။



"ဆိုတော့ မင်း ချန်ကျစ်ချီးဆီကနေ မသင်ယူရဘူး၊ ချောချောမွေ့မွေ့နဲ့ အလျှော့အတင်းလုပ်တယ်ဆိုတာက ရေရှည်အတွက်ပဲလေ"



ရိချန်းလျန်မှာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခေါင်းညိတ်လိုက်ပေမဲ့ သူတို့နှစ်ယောက် ‌ထောင့်ချိုးကို ချိုးလိုက်ချင်းမှာပဲ အမူအယာမဲ့စွာဖြင့် လှေကားတွင် ရပ်လျှက် သူတို့အား လေးနက်သည့်အကြည့်ဖြင့် ကြည့်နေသည့် ချန်းကျစ်ချီးကို တွေ့လိုက်ရလေသည်။