Chapter 36
Viewers 3k


မေးခွန်းစာရွက်



"ဒေါက်တာ သူ့ခြေထောက်က ဘာဖြစ်တာလဲ?"



စုန့်လိလိက စိုးရိမ်တကြီးမေးလာ၏။



“ဂုံညင်းရိုးကျိုးတာ”



မတ်စ်တပ်ထားသည့် ဆရာဝန်က ထိုသူတို့၏ ရှုပ်ထွေးသွားသည့်မျက်နှာများကို မြင်တော့ ပြောင်းပြောလာသည်။



"ဒူးဆစ်ကျိုးသွားတာကို ပြောတာပါ"



စုန့်လိလိ ဖြူဖျော့သွားလေသည်။



"ဘယ်လို....ကျွန်မတို့ ဘယ်လိုလုပ်လို့ရနိုင်မလဲ?"



"ဆေးရုံတက်ပြီး ကုသမှုခံရမယ်"



ဆရာဝန်က ခေါင်းငုံ့ကာ ဆေးစာရေးလိုက်သည်။



"ဒါပေမဲ့ သင့်တော်တာကိုပြောရရင်၊ မြို့တော်မှာ‌ရှိတဲ့ ဆေးရုံက ပိုကောင်းပါတယ်။ ဒီမြို့မှာရှိတဲ့ ဆေးရုံရဲ့ အနေအထားနဲ့ မကုသနိုင်လောက်ဘူး"



"နေ...ဒီမြို့မှာပဲ နေကြရအောင်ပါ..."



ရိမင်ကျစ်က နာကျင်မှုကြောင့် တုန်ယင်နေသည်ပင်။ 



"ဒီလ ချန်းချန်းအတွက် ဆေးရဖို့ လိုအပ်တယ်၊ ဖြုန်းတီးစရာပိုက်ဆံ ဘယ်မှာ ရှိမှာလဲ"



စုန့်လိလိမှာ စိတ်ဖိစီးမှုကြောင့် စတင်ငိုကြွေးလေ၏။



"ရှင် အသုံးကိုမကျဘူး၊ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်လာရတာလဲ? အကောင်းကြီးရှိနေတဲ့ ဒူးခေါင်းက ဘာလို့ ကျိုးသွားရတာလဲ!?"



"ငါလည်းမသိဘူး!"



ရိမင်ကျစ်က စိုးရိမ်ပူပန်နေသည့်ပုံဖြင့်



"မနေ့ညက ငါကားမောင်းနေတုန်း ရုတ်တရက်ကြီး ကားမှောက်သွားတာ။ ငါနိုးလာတာနဲ့ ဒီလိုဖြစ်နေခဲ့တာပဲ။ အစ်ကိုသုံးသာ ဖြတ်သွားရင်းနဲ့ ငါ့ကိုတွေ့သွားလို့သာ မဟုတ်ရင်တော့ ဖြစ်နိုင်တာက....ဟင်း"



"အားလုံးက အဲ့ဒီ စောက်ကောင်ရဲ့အမှားကြောင့်ပဲ!"



စုန့်လိလိက မုန်းတီးစွာပြော၏။ 



"သူ့ကို ရှာဖို့အတွက်သာမဟုတ်ရင်  ညဥ့်နက်အချိန်ကြီး အပြင်ထွက်စရာလိုမှာမဟုတ်ဘူး!"



"အဲ့ဒီ သော့ခလောက်က လူဖွင့်သွားတာ”



ရိမင်ကျစ်ကပြောသည်။



"သူ့ကိုရှာဖို့ ငါ အဲ့ဒီ ခြံဝန်းလေးဆီကို သွားခဲ့သေးတယ်။ ဒါပေမဲ့ ဘယ်သူမှရှိမနေဘူး"



"အနှေးနဲ့အမြန် သူ့ကို ရှာတွေ့မှရမယ်။ နောက်ပိုင်း သူသေချာပေါက် ကျောင်းကိုတော့သွားမှာပဲ။ ယောင်းမ တချို့တစ်လကိုခေါ်၊ ချန်းချန်းကိုချီသွားပြီး သူ့ကျောင်းမှာ ပြဿနာသွားရှာပစ်မယ်!"



စုန့်လိလိက နှာမှုတ်လိုက်၏။



"သူ စာဆက်သင်နိုင်လိမ့်မယ်လို့ ကျွန်မမယုံဘူး! အဲ့ဒီအချိန်ကျရင် သူ့ကို ကျွန်မတို့ မိုင်းတွင်းဆီရောက်အောင် ပို့ရမယ်၊ အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ်။!"



ထိုနှစ်ယောက်စကားပြောနေတာကို နားထောင်ရင်း ဆရာဝန်က မျက်မှောင်ကြုတ်သွားလေသည်။



"ကောင်းပြီ၊ ငွေသွားချေလို့ ရပြီ"



စုန့်လိလိက ကျသင့်ငွေစာရင်းကိုယူပြီးနောက်အံ့အားသင့်စွာအော်လာလေသည်။



"ဘာလို့ ဒီလောက်တောင် များရတာလဲ?"



"တန်းပြီး မသန်စွမ်းဖြစ်သွားတာမျိုးဆိုရင်တော့ ငွေကုန်ကျခံစရာလိုတော့မှာ မဟုတ်ပါဘူး"



ဆရာဝန်၏လေသံက သိပ်မကောင်းပါချေ။



"မြန်မြန်‌လုပ်ပါ၊ နောက်တစ်ယောက်"



စုန့်လိလိမှာ ဆရာဝန်နှင့် ပြိုင်မငြင်းရဲသဖြင့် တိတ်တဆိတ်သာ မျက်ဆံလှန်လိုက်ကာ မကြားတကြားရေရွတ်လိုက်သည်။



"ဘယ်လိုသဘောထားလဲဟ...."



"ဟေး၊ ခယ်မလေး?



စုန့်လိလိက ရိမင်ကျစ်အား အပြင်ထွက်ဖို့ ကူညီပေးနေတုန်းမှာပဲ ရင်းနှီးနေသည့် မျက်နှာများစွာကို တွေ့လိုက်ရသည် ။ လူကောင်ကြီးကြီးနှင့် ယောက်ျားကြီးများမှာ မျက်နှာထက်တွင် အညိုအမဲများ ဒဏ်ရာအနာတရများရရ၍ တချို့မှာ ပတ်တီးများဖြင့်ပင်။



"ဘာဖြစ်လာကြတာလဲ?"



"ငါတို့ နင်တို့ကို လာရှာတာ‌!"



ဆံပင်တိုတိုနှင့် အမျိုးသမီးက လေသံမာမာနှင့်ပြောလာ၏။



"ဒီ ပြဿနာတွေကို ကြည့်စမ်းပါဦး၊ နင့် အစ်ကိုသုံးရဲ့ လက်မောင်းကျိုးသွားပြီ! အားလုံးက နင်တို့မိသားစုရဲ့ သေသင့်တဲ့ကလေးကြောင့်ဖြစ်ရတာပဲ၊ ‌ဆေးဖိုးကုန်ကျစရိတ်နင်တို့ပေးရမယ်!"



"ဒါက ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ!"



ဆေးဖိုးကုန်ကျစရိတ်အကြောင်းကြားချိန်မှာ စုန့်လိလိက စိတ်လှုပ်ရှားသွား၏။



"ဒါတွေက လူဖမ်းဖို့ မင်ကျစ်နဲ့အတူ ငါတို့တွေ မြို့ကို လိုက်သွားပေးလို့ ဖြစ်ရတာတွေမဟုတ်ဘူးလား။ လူဖမ်းဖို့လိုက်သွားတဲ့သူတိုင်း မနေ့ညက တနည်းနည်းနဲ့ အရိုက်ခံလိုက်ကြရတဲ့သူချည်းပဲ!"



နောက်ကယောက်ျားတစ်ယောက်က အော်လာ၏။ 



"ကျူးဇီရဲ့ နံရိုးတွေကို တစ်ယောက်ယောက်‌က ကန်လိုက်လို့ကျိုးကုန်ပြီကွ!"



စုန့်လိလိဖြူဖျော့သွားလေတော့၏။



"မဖြစ်နိုင်တာ၊ ရိချန်းလျန်က အရမ်းကို စွမ်းအားကြီးနေမှဖြင့် သူ့ကိုရှင်တို့တွေ ဘယ်လိုလုပ် ဖမ်းနိုင်ခဲ့ပါ့မလဲ?"



"ငါ ဒါကိုဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် မင်းတို့ ဖြေရှင်းချက်ပေးကိုပေးရမယ်!"



တစ်ယောက်ယောက်က အော်လာသည်။



"ငါတို့ကတော့ စေတနာနဲ့ ကူညီပေးလိုက်ရတာ။အခုကျ ဒီလိုဖြစ်သွားရရော ! မင်းတို့ ပြန်ပေးဆပ်ရမယ်!"



"အစ်ကို၊ အရင်ဆုံး မစိုးရိမ်ပါနဲ့"



ရိမင်ကျစ်က ပြောလာ၏။



"အစ်ကို့ကို ရိုက်တဲ့သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား?"



လူများမှာ တစ်ချိန်တည်းမှာပင်  တိတ်ဆိတ်သွားကြလေသည်။



"အဲ့ဒီအချိန်တုန်းက အရမ်းမှောင်နေတာ။ ငါ လမ်းကြားကနေဖြတ်ပြီး ပြန်လာတဲ့အချိန် အဲ့ဒီလူက၊ ဘယ်ကနေပေါ်လာမှန်းမသိဘဲ ရောက်လာကြပြီး ငါ့ရဲ့ နားထင်ကို စထိုးကြတာ...."



"ငါကကျ သန့်စင်ခန်းသွားဖို့ အပြင်ထွက်လာခဲ့တာ ရုတ်တရက်ကြီး တစ်ယောက်ယောက်က ငါ့လက်ကို လိမ်ပြီး နံရံမှာ ဖိချုပ်ထားပြီးတော့ လက်မောင်းကို အုတ်ခဲနဲ့ ထုသွားတာ!”



"....အဲ့ဒီလူက လက်အိတ်ဝတ်ထားတာ။ ခေါင်းစခြေဆုံး တစ်ကိုယ်လုံး အမဲရောင်နဲ့ ဖုံးထားလိုက်သေးတယ်..."



စုန့်လိလိနှင့် ရိမင်ကျစ်တို့ မသေချာသည့်ပုံဖြစ်သွားကာ အချင်းချင်းကြည့်လိုက်ကြသည်။ စုန့်လိလိက ရိမင်ကျစ်၏ လက်မောင်းကို ဆုပ်ကိုင်ကာ မေးလာ၏။



"တစ်ယောက်ယောက်ကများ ရှင့်ကားကို လက်ဆော့ထားခဲ့တာလား!?"


****


ရိချန်လျန်က ညစာစားပြီးတော့ ဗိုက်ကို ပွတ်ကာ လေတက်လိုက်သည်။



"ဒီမှာ ပြီးခဲ့တဲ့ ရက်တွေအတွက် မှတ်စုတွေ"



ယွင်ဖန်းက သူ့အား ကျောပိုးအိတ် ကမ်းပေးလိုက်၏။



"ဘာပဲဖြစ်ဖြစ် မင်း ဆေးရုံမှာနေရတာ ပျင်းနေမှာပဲဆိုတော့၊ အိမ်စာတွေ လုပ်ထားပေါ့"



ရိချန်းလျန်က ကျောပိုးအိတ်ထဲရှိ  မေးခွန်းစာရွက်အပုံလိုက်ကို စိတ်ပျက်သည့်အသွင်ဖြင့် စိုက်ကြည့်လိုက်ကာ သိပ်ပြီး လက်မခံချင်ပါချေ။



"ဆေးရုံမဆင်းခင် မင်း အနည်းဆုံးဆေးရုံမှာ တစ်ပတ်လောက်တော့နေရမှာ။ ပြီးတော့ နောက်ဆုံးစာမေးပွဲကလည်း နီးနေပြီ။ ညဘက်မှာ မင်းကိုစာပြပေးဖို့ ငါလာခဲ့မယ်"



ယွင်ဖန်းက သူ့၏ ခုခံလိုဟန်ကို လျစ်လျုရှုလိုက်ကာ ကျောပိုးအိတ်အား သူ့လက်ထဲ ထိုးထည့်လိုက်၏။



"သင်ယူခြင်းဆိုတာက ရေဆန်ကို လှော်ခတ်တာနဲ့အတူတူပဲ၊ မင်းအားမစိုက်ဘူးဆိုရင် နောက်ရောက်သွားလိမ့်မယ်။"



ရိချန်းလျန်:"......ကျေးဇူးတင်ပါတယ်ခင်ဗျ"



"ရပါတယ်"



ယွင်ဖန်းက သူ့ခေါင်းကိုပုတ်ပေးလိုက်ပေမဲ့ ထင်မှတ်မထားစွာပင် တစ်ဖက်လူက သူ့လက်ကောက်ဝတ်အား ရုတ်တရတ် ဆုပ်ကိုင်လာသည်။



သူ့အား သေသေချာချာစိုက်ကြည့်လျက် ယွင်ဖန်းက ပြောလိုက်၏။



"ငါ သတိပေးထားမယ်နော်၊ နောက်တစ်ခါ ထပ်ပြီး မဟုတ်တာလုပ်ရဲလုပ်ကြည့် မင်းကိုတကယ် အပြစ်ပေးမှာ"



သို့ငြား ရိချန်းလျန်ကမူ သူ့အင်္ကျီလက်အား  အနည်းငယ်ပင့်တင်ကာ ခရမ်းရောင်သန်းနေပြီဖြစ်သည့် အတွင်းကြေဒဏ်ရာအား ထိုးပြကာ မေးခွန်းထုတ်လာလေသည်။



“မင်း ရန်ဖြစ်ထား‌တာလား?"



"အိုး၊ ဒါလား"



ယွင်ဖန်းက အင်္ကျီလက်အား ပေါ့ပေါ့ပါးပါးပက် ပြန်ဆွဲချလိုက်ကာ သဘာဝတကျပြောလာ၏။



"ဒီမနက်တုန်းက နံရံကျော်ခဲ့တာလေ၊ မတော်တဆ ထိမိသွားတာ"



ရိချန်းလျန်က သူ့အား သံသယဖြင့် ကြည့်လာသည်။



"နံရံကျော်တက်ရင်း ထိခိုက်မိတာ?"



"လူတွေက အမှားလုပ်တတ်သလို မြင်းတွေလည်း ခြေလှမ်းမှားတတ်တယ်၊ အတန်းဖော်ရိချန်းလျန် မင်းလည်း ငါ့ကို အမှားလုပ်ဖို့ ခွင့်ပြုပေးရမယ်လေ"



ယွင်ဖန်းက အပြုံးလေးနှင့် သူ့ကို စလိုက်၏။



ရိချန်းလျန်က သူ့လက်ဖဝါးကိုညှစ်လိုက်ပြီး စကားဆိုလာသည်။



"ဒါဆိုလည်း သူနာပြုဆီမှာ ဆေးထည့်ခိုင်းလိုက်"



သူ့၏ ဖျစ်ညှစ်မှုကြောင့် ယွင်ဖန်း၏ ဦးရေပြားက ထုံသွားရကာ လက်ကို ရိုက်ထုတ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။



"အရမ်း ကပ်မနေစမ်းနဲ့"



ရိချန်းလျန်ကမျက်လွှာချရင်း ရိုက်ထုတ်ခံလိုက်ရသည့်  သူ့လက်ကို ငုံ့ကြည့်လာသည်။



"အိုး"



"ကောင်းပြီ--"



ယွင်ဖန်း၏ ရိုက်ချက် နည်းနည်း ပြင်းသွားပေမဲ့ သူက ဘာပြောရမှန်းမသိတာကြောင့် နောက်ဆုံးမှာတော့ လည်ချောင်းရှင်းလိုက်ကာ



"ဒါဆို ငါအရင် ပြန်တော့မယ်။ ဒီည မင်း ကောင်းကောင်းနားလိုက်ဦး"



"အင်း"



ရိချန်းလျန်က ခေါင်းညိတ်လေသည်။



ဆေးရုံခန်း၏ တံခါးက ပွင့်သွားပြီးနောက် တစ်ဖန် ပြန်ပိတ်သွားခဲ့ကာ ခြေသံက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် သွားတော့သည်။



ရိချန်းလျန်က ကျောပိုးအိတ်အား ကုတင်ခြေရင်းဆီ ပစ်လိုက်လျက် ကုတင်ထက်လှဲချကာ သက်ပြင်းချလိုက်သည်။



ယခုချိန်ထိ အိပ်မက်တစ်ခုလို ခံစားနေရဆဲပါပင်။ သူတွေးခဲ့သည်က ဒီတိုင်း သေသွားတာ၊ သို့မဟုတ် သေတစ်ဝက်ရှင်တစ်ဝက်ဖြင့် မိုင်းတွင်းထဲ နေ့ရောညပါ အလုပ်လုပ်ရန် ပစ်ထည့်ခံရတာမျိုး ဖြစ်မှာပဲဟုသာ။သို့ပေမဲ့ ယွင်ဖန်းက သူ့အား အိပ်မက်ဆိုးများမှ ကယ်တင်ပေးခဲ့ချေသည်။ 



လောကမှာ ဘာလို့များ ဒီလောက်ကောင်းသည့်လူ ရှိနေရပါသလဲလေ။



ငါအတော် ဆိုးတာပဲ။



 ရိချန်းလျန်က မျက်နှာကြတ်ကို စိုက်ကြည့်ကာ တွေးမိသည်။



ဒီလောက်ကောင်းတဲ့လူကိုတောင် မဟုတ်မဟပ်အတွေးတွေ တွေးပြီးတော့ သူသဘောကောင်းတာနဲ့ နှလုံးသား နူးညံ့တာကို အကြိမ်ကြိမ်အခွင့်ကောင်းယူနေမိတယ်။ သူစိတ်ဆိုးသွားရင် ဘယ့်နှယ်လုပ်ပါ့မလဲ။



သို့ပေမဲ့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပါချေ။



ယွင်ဖန်းဆီမှာ သူ့အတွက် ပြင်းထန်သည့် ဆွဲဆောင်မှုတစ်မျိုးရှိနေပြီး ခုခံနိုင်စွမ်းမဲ့စေသည့် သွေးဆောင်မှုနှင့်အတူ ချိုမြိန်လန်းဆန်းသော အရသာဟာ ဓါးသွားမှန်း သိသိလျက်ဖြင့် ဓါးသွားပေါ်က ပျားရည်စက်ကို နမ်းချင်မိနေတုန်းပင်။



 ရိချန်းလျန်က သူ၏ အတန်ငယ် စူးရှသည့်မျက်ဝန်းတို့အား လက်ဖြင့်ကာလိုက်သည်။ယွင်ဖန်း၏လည်ပင်းကိုခဲ၍ လည်ဇလုတ်အား လျက်ခဲ့စဥ်နှင့် နှုတ်ခမ်းချင်း ထိမိသွားသော အချိန်က နူးညံ့မှုအား 

ပြန်တွေးလိုက်မိသည်။  



ခေါင်းလှည့်လိုက်ချိန် ယွင်ဖန်း၏ သည်းခံနေသည့် အမူအယာ၊ သူ့၏ မရေရာသည့်အမှောင်ထဲမှ ပင့်သက်ရှိုက်မှု၊  လက်နှစ်ဖက်စလုံးဖြင့် ယှက်ထားခဲ့ပါသော လက်ဆယ်ချောင်း၊ ထို့ပြင် ထိတ်လန့်ကာ ကူကယ်ရာမဲ့သည့် အပေးအယူ....ထပ်ကာ ထပ်ကာဖြင့်၊ ကျစ်ရစ်ခဲ့သည့် နူးညံ့မှုအရသာလေး။



သူ့အတွေးသူ သဘောမပေါက်မီ၌ ဤအရာများကို လုပ်နေချိန်အတွင်း စိတ်လှုပ်ရှားခြင်းနှင့် တုန်လှုပ်မှုတို့ကိုခံသာ စားခဲ့ရသည်။ သို့ပေမဲ့ ထိုသည်ကို မည်သို့သော ရည်ရွယ်ချက် ခံစားချက်တို့ဖြင့် လုပ်ခဲ့သည်ကို သူနားလည်လာချိန်တွင်မူ အတော်နစ်ဝင်သွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။



ထို့ကြောင့်ပင် တစ်ဖက်လူနှင့် ပို၍ နီးနီးကပ်ကပ်နေကာ ထိတွေ့ချင်လာမိသည်။ သို့ငြား သူ့ကိုယ်သူ သိပ်လွန်မသွားအောင်တော့ ထိန်းထားသည်။အကြည့်တိုင်း စကားတိုင်း၏ အောက်တွင် ဖုံးကွယ်ထားသည့် တောက်လောင်သော စိတ်ဆန္ဒများအား တစ်ဖက်လူ ရှာတွေ့သွားမှာကို ကြောက်ရွံ့၍ပင်။



သို့ပေမဲ့ အဆုံးမှာတော့ ရေငတ်ပြေစေရန် အဆိပ်သောက်လိုက်မိသည့်ပမာပင် ကုသ၍ မရနိုင်တော့ပါချေ။



ရိချန်းလျန်သည် သူဟာ “သုန်းကောနှင့် ဝံပုလွေ”ပုံပြင်ထဲမှ မကောင်းဆိုးဝါး ဝံပုလွေကဲ့သို့ ခံစားလိုက်ရသည်။ ကြင်နာမှုအား ရန်ငြိုးဖွဲ့ခြင်းဖြင့် ပြန်ပေးကာ လောဘကြီး၍ ကောက်ကျစ်၏။ ယွင်ဖန်းအား စုတ်ဖြဲချင်လေကာ ထိုသို့သော သန့်စင် နာခံတတ်သည့်လူအား သူ့ဗိုက်ထဲ မျိုချ၍ သူ့ကိုယ်ပိုင် စိတ်ဆန္ဒအား နှစ်သိမ့်ပေးချင်နေမိသည်ပင်။



(t/n: သုန်းကော နဲ့ ဝံပုလွေပုံပြင်ဆိုတာက ၊ သုန်းကောဆိုတဲ့ လူတစ်ယောက်က အမဲလိုက်ရင်း ဝံပုလွေတစ်ကောင်ကို ကယ်ခဲ့တယ်တဲ့။ ဒါပေမဲ့ ကျေးဇူးတင်ရမဲ့အစား ဝံပုလွေက သုန်းကောကို ဗိုက်ဆာပြေဖို့ စားချင်စိတ်ပဲ ဖြစ်နေခဲ့ပါတယ်တဲ့)



ကုတင်ဘက် ပက်လက်လှဲနေသည့်လူက မျက်လုံးကို အုပ်ထားကာ မျက်ခုံးတို့က စုကျုံ့နေလျှက် ကြီးမားသည့် လူနာဝတ်ရုံက သူ့ကိုယ်ထက် လျှော့ရဲရဲကျနေ‌လေကာ လှပသည့် ညှပ်ရိုးနှင့် ချောမွေ့သည့် ခြေထောက်တို့အား ဖော်ပြနေခဲ့ပြီး သူ့၏ လည်ဇလုတ်က အနည်းငယ် လှုပ်နေသည်။



ယွင်ဖန်း တံခါးကို တွန်းလိုက်သည်နှင့် သတိလက်လွတ်ပင် ဤမြင်ကွင်းကို တွေ့လိုက်ရ၏။ သူပြောမည့်စကားများက လည်ချောင်းထဲမှာပင် ပြည့်ကြပ်သွားလေသည်။



ရိချန်းလျန် လက်ဖဝါးကို ဖယ်လိုက်ချိန်၌သူ့စိတ်ထဲတွင် သူလုပ်ချင်သမျှကို ခွင့်ပြုပေးနေခဲ့သူက သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရကာ ယင်းက အပြစ်ရှိသည့်တစ်စုံတစ်ရာအား လုပ်နေခဲ့သည့် လူဆိုးကောင်က နစ်နာသူထံမှ အမိဖမ်းခံလိုက်ရသကဲ့သို့ပါပင်။



သူတို့၏ မျက်လုံးများဆုံသွားခိုက်၌ အမည်မဖော်နိုင်သည့် အပြစ်ရှိစိတ်နှင့် ဖွင့်ထုတ်မပြောနိုင်သည့် ရှက်ရွံ့မှုတို့အား သယ်ဆောင်လျှက်  နှစ်ယောက်စလုံးက တစ်ပြိုင်တည်း အကြည့်လွှဲလိုက်မိကြလေသည်။



"ငါ...."



ယွင်ဖန်းက မေးခွန်းစာရွက်နှစ်ရွက်ကိုကိုင်ထား၏။ သူက မသိစိတ်ဖြင့်  စာရွက်ပါးကို လက်ချောင်းထိပ်ဖြင့်  ဖိညှစ်လိုက်မိကာ အမူအယာမပြောင်းစွာဖြင့် အကြည့်ပြန်ရွှေ့လိုက်ပြီး ထိုသူ့ထံ စာရွက် ကမ်းပေးလိုက်သည်။



"စာရွက်နှစ်ရွက်ကျန်ခဲ့လို့၊ မင်းအတွက် ပြန်ယူလာခဲ့တာ"



"အိုး"



ရိချန်းလျန်က ထထိုင်လိုက်ကာ မေးခွန်းစာရွက်နှစ်ခုကို ယူလိုက်သည်။ ထို့နောက် စိတ်ဗလာဖြင့် မေးခွန်းများအား ကြည့်ဟန်ဆောင်လိုက်ပြီး ပြောလိုက်၏။



"ခဏနေရင် လုပ်လိုက်မယ်"



"ကောင်းပြီ"



ယွင်ဖန်းက လက်ကို ပြန်ရုတ်ကာ ခဏတန့်သွားနေပြီးမှ



"မင်းရဲ့ လူနာဝတ်ရုံက အရမ်းကြီးလွန်းတယ်။ သူနာပြုကို နောက်ကျရင် ပိုသေးတဲ့တစ်ခုနဲ့ လဲခိုင်းလိုက်ဦး"



ရိချန်းလျန်မှာ စကားလုံးတစ်လုံးစီတိုင်းက သူ့နှလုံးသားအား ကုတ်ခြစ်နေသည့် ငှက်မွှေးလေးကဲ့သို့သာ ခံစားနေရပေမဲ့ သွားပြီးတော့ မထိရဲပါချေ။ ခုလေးတင် သူ့စိတ်ထဲရှိနေသည့် ပုံရိပ်တို့က အရည်အသွေးကောင်းသော ရုပ်ရှင်ပြကွက်ကဲ့သို့ တစ်ကွက်ပြီးတစ်ကွက် ပေါ်လာနေသည်။ ယွင်ဖန်၏ စကားလုံးများအား နားလည်ရန် သူ့တွင် စွမ်းရည် မရှိလေရာ  ကြုံရာကျပန်းသာ ခေါင်းညိတ်ပြလိုက်လေ၏။



"အွန်း"



ယွင်ဖန်းက ခပ်ဖွဖွ ချောင်းဟန့်လိုက်လျက်



"ငါ သွားပြီနော်"



"အင်း"



ရိချန်းလျန်က ခေါင်းမော့မလာဘဲ မေးခွန်းစာရွက်ကို သာ "အလေးအနက်" ကြည့်နေခဲ့လေသည်။



ယွင်ဖန်းကမူ ဆေးရုံခန်းထဲမှ လှည်ထွက်လိုက်သည်နှင့် တံခါး‌ဘောင်ကို မှီလျှက် သက်ပြင်းချလိုက်ရတော့သည်။



ရိချန်းလျန်သည်လည်း မေးခွန်းစာရွက်အား ဖြစ်သလို ပစ်ထုတ်လိုက်ပြီးနောက် သူ့ပုခုံးများ လျော့ရဲရဲ ဖြစ်သွားရလေသည်။



ငါရူးသွားတာပဲဖြစ်ရမယ်။



ယင်းက အခန်းအတွင်းနှင့် အပြင်ရှိ လူနှစ်ယောက်၏ တူညီသော အတွေးတစ်ခုပင်။