Chapter 38
Viewers 3k


အမှိုက်



ယွင်ဖန်းက ကျောင်းမှ ကျောပိုးအိတ်လွယ်ကာ ထွက်လာခဲ့လိုက်သည်။  လက်တစ်ဖက်က ဝှစ်ခနဲ့ သူ့လည်ပင်းဆီ ရောက်လာပေမဲ့ အဝေးကပင် ယွင်ဖန်းက ဖမ်းမိလိုက်၏။



"အာ့!!"



လက်ပိုင်ရှင်၏ နာကျင်သည့် အော်သံထွက်လာခဲ့လေသည်။



ဆယ်မိနစ်ကြာပြီးသော် ချီဟော့နှင့် ယွင်ဖန်းတို့ဟာ မြို့တော်ဆေးရုံသို့ ဦးတည်နေသည့် ဘတ်စ်ကားပေါ် အတူ ထိုင်နေခဲ့ကြတော့သည်။



“မင်း ညနေခင်းကိုယ်ပိုင် စာကြည့်ချိန်တွေတိုင်းကို မတက်လို့ ဝေဖန်ခံရတော့မှာ"



ချီဟော့က အရေခြုံကာ ဖျောင်းဖျလာ၏။ 



"မင်းက ကျောင်းသားကောင်းမဟုတ်ဘူးလား?"



"ကျောင်းအုပ်က အထူးခွင့်ပြုချက်ပေးပြီးသား"



လက်ထဲတွင် စာအုပ်သေးလေးတစ်အုပ်ကို ကိုင်ထားသည့် ယွင်ဖန်းက ခေါင်းပင်မော့မလာဘဲ မေးလာသည်။



"မင်းကဘာလို့ ငါ့နောက်လိုက်လာတာလဲ?"



အစစ်အမှန်'ကျောင်းပြေးမင်းသားလေး' ချီဟော့က ခြေချိတ်ထိုင်လျှက်ပြော၏။



"ငါ ညနေပိုင်းဆို စာမလုပ်ချင်ဘူး၊ ပြီးတော့ အိမ်လည်း မပြန်ချင်ဘူး၊ ဒါကြောင့် မင်း‌နဲ့ လိုက်လာခဲ့တာလေ"



ယွင်ဖန်းကမေးလိုက်ပြန်သည်။



"အင်တာနက်ကဖေးတို့ လောင်းကစားရုံတို့မသွားဘူးလား?"



"အဲ့လိုနေရာတွေကို သွားရတာ ငါ ပျင်းလာပြီ၊ ပြီးတော့ ငါ့နဲ့ အဖော်လိုက်ပေးမဲ့သူလည်း တစ်ယောက်မှ မရှိဘူး"



ပျင်းရိနေသည့် ချီဟော့က ယွင်ဖန်းလက်ထဲမှ စာစောင်အား ကြည့်ရန်စောင်းလာ၏။ အကြည့်တစ်ချက် ပြီးနောက်မှာပင် သူ့မျက်လုံးများ နာကျင်သွားရလေသည်။



"သောက်ချီးလိုပဲ! စာလုံးလေးတစ်လုံးကိုတောင် နားမလည်ပါလား"



ယွင်ဖန်းက မျက်နှာသေဖြင့်ပြောလိုက်၏။



"ဒါက အထက်တန်း ပထမနှစ်အတွက် ဓာတုဗေဒ အီကွေးရှင်း အပြည့်အစုံ စုစည်းမှုလေ၊ ငါမှတ်မိတာတော့ မင်းလည်း အထက်တန်းပထမနှစ်ပဲ မဟုတ်ဘူးလား"



ချီဟော့က ပြတင်းပေါက်အပြင်ကို ခေါင်းလှည့်ကြည့်ကာ မကြားဟန် ဆောင်လာသည်။ သူက ပြတင်းပေါက်အပြင်ဘက်ဆီရှိ လျှပ်စစ်စက်ဘီးစီးနေသည့် အလှလေးအား လေချွန်ပြလိုက်သေးသည်။ ရလာဒ်အနေဖြင့် အလှလေးမှပေးအပ်လာသည့်  "နှာဗူးမသာကောင်" ဆိုသည့် ဘွဲ့ကို ရရှိလိုက်လေသည်။



ယွင်ဖန်း မထိန်းနိုင်စွာ ပြောမိသည်။



"မင်းနဲ့ ချန်ကျစ်ချီး--"



"ငါ့လူးတဲ့မှ! ညီလေးရေ! အဲ့ဒီနာမည်ကို ငါ့ရှေ့မှာ ထုတ်မပြောစမ်းပါနဲ့ကွာ!"



ချီဟော့၏ မျက်နှာက ခဏတွင်းကျသွားကာ



"အဲ့ဒီနာမည်အပေါ် ငါ့မှာ အရိပ်မဲတွေရှိနေတယ်"



"ဪ  ဪ"



ယွင်ဖန်းက စာအုပ်ကို ပိတ်လိုက်ပြီး သူ့ထံ အဓိပ္ပါယ်ပါပါ ကြည့်လာ၏။



"မင်းခုထိ သူ့ကို သွားမရှာရသေးဘူးလား?"



"အင်း၊ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ရဦးမယ်လေ၊ မဟုတ်ဘူးလား?”



ချီဟော့က သူ့နှာခေါင်းသူ ကုတ်ခြစ်ရင်း



"မင်း ငါ့ကိုပေးတဲ့ ဗျူဟာက အရမ်းကောင်းပါတယ်၊ ငါသေချာလေး စီစဉ်ဖို့တော့လိုတယ်"



‘လူကြောက်’ ဟူသော စာလုံးက နဖူးပြေးကပ်မတတ်ဖြစ်နေသော သူ့အားကြည့်ရင်း ယွင်ဖန်း၏ နှုတ်ခမ်းထောင့်စွန်းလေးက ကွေးတက်သွားလေသည်။



"ကံကောင်းပါစေ"



ချီဟော့က အပြင်ဘက်ရှိ လမ်းမကို ကြည့်ကာ ပဟေဠိဖြစ်သွား၏။



"ဒီလမ်းကိုကြည့်ရတာ မြို့တော်ဆေးရုံကို သွားတဲ့လမ်းနဲ့ တူပုံပဲ၊ ဟုတ်တယ်မလား?"



"ငါ ဘယ်သွားမှာမှန်းမသိဘဲနဲ့ ဒီအတိုင်းနောက်က လိုက်ခဲ့တာလား?"



ယွင်ဖန်းက ကျောပိုးအိတ်ကို ယူကာ ဘတ်စ်ကားပေါ်မှ ဆင်ရန် ပြင်လိုက်သည်။



ချီဟော့ကလည့် သူ့ကျောပိုးအိတ်နှင့်အတူ နောက်ကလိုက်လာ၏။



"ချီးတဲ့မှ! ငါက မင်း အိမ်ပြန်တယ်ထင်လို့လေ ငါ အန်တီထန်ကို လွမ်းနေတာ!"



"....."



ယွင်ဖန်းက သူ့အား မျက်နှာသေဖြင့်ကြည့်ကာ



"ငါ့အမေက လက်ထပ်ပြီးသား”



"သောက်ကျိုးနည်း၊ ရူးနေလား!"



ချီဟော့က သူ့လည်ပင်းအား ဒေါသတကြီး ဖက်လာ၏။



"အန်တီထန်က လှလည်းလှ သဘောလည်းကောင်းမို့ ငါက သူ့ကို လေးစားတာ!"



ယွင်ဖန်းက သူ့ လက်ကောက်ဝတ်ကို ဖမ်းချုပ်ကာ လက်ကို ပစ်ထုတ်လိုက်၏။



"ယဉ်ကျေးမှုကို မရှိဘူး"



ဘတ်စ်ကားက ကားဂိတ်ကို ရောက်ချိန်တွင် ယွင်ဖန်းက အရင်ဆင်းလိုက်ပြီး ချီဟော့လည်းပဲ သူ့နောက်မှ စကားပြောရင်း လိုက်ဆင်းလာ၏။



"ဆေးရုံမှာ မင်း ဘယ်သူ့ကို သွားတွေ့မလို့လဲ?"



"ရိချန်းလျန်ကို"



"ဝိုး၊ မင်းရဲ့ ရည်းစားကောင်လေးကို ဒီလောက်အကြာကြီး ဘာလို့ မတွေ့မိပါလိမ့်လို့ အံ့ဩနေတာ။ သူက ဆေးရုံရောက်နေတာပဲ။ ဘာဖြစ်တာလဲ? အရိုက်ခံရတာလား ဒါမှမဟုတ် ချော်လဲပြီး မြီးညှောင့်ရိုးကျိုးသွားတာလား?"



ချီဟော့က ရိချန်းလျန်အကြောင်း ကြားချိန်တွင် စိတ်လှုပ်ရှားသွားလေကာ အင်တာနက်ကြည့်ရှုသူများနှင့် အသင်းဖွဲ့တော့ မလိုပါပင်။



"ရည်းစားကောင်လေး" ဆိုသည့် စကားလုံးများကို ကြားတော့ ယွင်ဖန်း၏ မျက်ခုံးတွန့်သွား၏။



"ပါးစပ်ပိတ်ထား"



သို့ပေမဲ့ ချီဟော့ဆိုသည်မှာ မည်သည့်အခါတွင်မှ တိတ်ဆိတ်နေတတ်ခဲ့သူ မဟုတ်ပေ။ သူက ဆေးရုံအဝင်နားရှိ စူပါမားကပ်ဆီ လက်ဆောင် ဝယ်ရန်ဆိုကာ သွားလေသည်။ အဆုံးမှာတော့ သူက သရေစာအထုတ်လိုက်ကြီးသာ ရွေးလိုက်တာပင်။ ယွင်ဖန်းက သူ့ကို တားမနိုင်တာကြောင့် လှေကားမှတဆင့် မောမောပန်းပန်း သယ်သွားသည့် သူ့ကိုသာ ကြည့်နေခဲ့ရတော့သည်။



"ညီလေးလျန်လျန်၊ ဒီ အစ်ကိုကြီးက မင်းကိုလာတွေ့တယ်!"



ချီဟော့က သရေစာမုန့်များကို လက်တစ်ဖက်ဖြင့် သယ်ကာ ကျန်တစ်ဖက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်၏။



ကုတင်အစွန်တွင်ထိုင်ကာ ပန်းသီးအခွံနွှာနေသည့် ရိချန်းလျန်မှာ သူ့မျက်နှာတည့်တည့်ဆီ ဓားဖြင့် ပစ်ပေါက်မိတော့လုနီးပါး။



ချီဟော့က စိတ်အားထက်သန်စွာဖြင့် သရေစာမုန့်ထုတ်ကြီးအား သူ့လက်ထဲ ထိုးထည့်ပေးလိုက်ပြီးနောက် ခုလေးတင် သူအခွံနွှာထားသည့် ပန်းသီးကို မဆိုင်းမတွ ယူစားလိုက်လေသည်။



ရိချန်းလျန်:"......"



ယွင်ဖန်းက သူ့နောက်တွင်မှ ရောက်လာခဲ့ရာ သရေစာမုန့်ထုတ်များထဲ ရှာဖွေနေသည့် ရိချန်းလျန်ကို တွေ့လိုက်ရလေ၏။ ချီဟော့ကတော့ တစ်ဖက်တွင် ပန်းသီးစားနေလျှက် သူဝယ်လာသည့်အထုတ်ထဲမှ ငရုပ်ကောင်းချဉ် ကြက်ခြေထောက်နှင့် အစပ်ချောင်းထုတ်ကြီးတို့ဟာ ဘယ်လောက်စားကောင်းကြောင်း အာဘောင်အာရင်းသန်သန်ဖြင့် ပြောပြကာ စမ်းစားကြည့်ဖို့ တိုက်တွန်းနေသည်။



ရိချန်းလျန်ကလည်း စိတ်ဝင်တစားဖြစ်နေတာ သိသာလှကာ အစပ်ချောင်းထုတ်ကြီးအား ဖွင့်ရန် ပြင်လိုက်၏။ နောက်တစ်စက္ကန့်မှာပင် သူ့လက်က ဗလာဖြစ်သွားခဲ့ကာ လက်ထဲရှ်ိ သရေစာများပါသည့် မုန့်ထုတ်ကြီးကို  ယွင်ဖန်းက ဆတ်ခနဲ ဆွဲလုသွားလေသည်။



"လူနာက အစပ်တွေ စားလို့မရဘူး"



ယွင်ဖန်းက လေးလေးနက်နက်ပြောလာ၏။



"အဲ့ဒီတစ်ခုက မစပ်တဲ့ဟာ‌ပါ"



ရိချန်းလျန်၏ အကြည့်တို့က ယွင်ဖန်းလက်ထဲရှ်ိ ပလက်စတစ်အိတ်ကြီး ထံမှ မခွာနိုင်သေးပါချေ။



"အဲ့ဒါလည်း စားခွင့်မပြုဘူး"



ယွင်ဖန်းက မလျှော့စတမ်းငြင်းကာ မုန့်များအားလုံးကို ဗီရိုထဲ ထည့်လိုက်၏။



"မင်းဆေးရုံဆင်းပြီးမှ စားလို့ရမယ်"



ဘေးမှ ရပ်ကြည့်နေသူ ချီဟော့က ရိချန်းလျန်နားထဲ တီးတိုးပြောလာ၏။



"မင်းရဲ့ ရည်းစားကောင်လေးက မင်းကို တကယ် တင်းကျပ်တာပဲရော်"



ရိချန်းလျန်မှာ ကြောင်အမ်းသွားလျက်သား။



"ဟမ်?"



ချီဟော့က သူ့အား 'ဘာမှလာဟန်ဆောင်မနေနဲ့ ငါနားလည်တယ်' ဆ်ိုသည့်အကြည့်ဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလာ၏။



ရိချန်းလျန် အကြည့်ရွှေ့သွားစဥ်မှာပင် ယွင်ဖန်းက သူကျောပိုးအိတ်ထဲမှ မေးခွန်းစာရွက်သုံးရွက်ထုတ်လာသည်။



"ဒီညရဲ့ အိမ်စာ၊ မင်း ပုံနှိပ်စာအုပ်ကို အရင်ဖတ်လိုက်ဦး၊ ငါ စားစရာဝယ်ဖို့ ကန်တင်းကို သွားလိုက်ဦးမယ်"



ရိချန်းလျန်က နာခံစွာဖြင့် မေးခွန်းစာရွက်များယူလိုက်ကာ သူ့ကျောပိုးအိတ်ထဲမှ ပုံနှိပ်စာအုပ်ကို ထုတ်လိုက်၏။



ယွင်ဖန်း ဆေးရုံခန်းထဲမှ ထွက်သွားပြီးမှ မျက်လုံးကျယ်ကျယ်ထားကာ စောင့်ကြည့်နေသည့် ချီဟော့က  ရေရွတ်လာသည်။



"အရမ်းကြောက်စရာကောင်းတာပဲ၊ မင်းရဲ့ ရည်းစားက မင်းကို စာလုပ်ဖို့တောင် ဖိအားပေးတယ်နော်"



 ခဲတံကိုနှိပ်လိုက်ပြီးနောက် ပုစ္ဆာစတွက်ရန်ပြင်လိုက်သော ရိချန်းလျန်မှာ မပြောနိုင်သည့် အကြောင်းရင်းတချို့ကြောင့် ထို"ရည်းစားကောင်လေး" ဆိုသည့်အသုံးအနှုန်းအား မငြင်းလိုက်ပါချေ။



"မင်းတော့ ခံစားနေရတော့မှာပဲ"



ချီဟော့မျက်လုံးထဲမယ် ဂရုဏာအပြည့်ပင်။



"မင်း ဂိမ်းကစားချင်လား?"



ရိချန်းလျန်က စာနာခြင်းကင်းစွာ ငြင်းချလိုက်သည်။



"မကစားဘူး"



"ရပါတယ်၊ ငါတို့အသင်းဖွဲ့လိုက်မယ်လေ၊ ဒီအစ်ကိုကြီးက မင်းကို သင်ပေးသွားပေးမယ်"



ချီဟော့က သူ့အား စိတ်အားထက်သန်စွာ တိုက်တွန်းလာ၏။



"ငါ့မှာ ဖုန်းမရှိဘူး"



ရိချန်းလျန်က တည်ငြိမ်စွာပြောလိုက်သည်။



ချီဟော့၏ မျက်နှာက အက်ကွဲသွားရင်း မယုံကြည်နိုင်ဟန်ဖြင့် ပြောလာ၏။



"သူက မင်းကို မင်းရဲ့ဖုန်းကိုတောင် သုံးခွင့်မပြုဘူးလား! လူသားမဆန်လိုက်တဲ့ကောင်!!"


****


ကန်တင်းတွင် စားစရာဝယ်နေသူ ယွင်ဖန်းမှာ နှာချေလိုက်ကာ ဖုန်းထဲမှ မက်ဆေ့ခ်ျကို ကြည့်လိုက်သည်။



[ရူပဗေဒ ပြိုင်ပွဲ အဖွဲ့ (၁၀)၊ အဖွဲ့ဝင် ငါးယောက် အွန်လိုင်းတွင် ရှိပါသည်။]



အဖွဲ့ခေါင်းဆောင် ချန်ကျစ်ချီး:[@ယွင်ဖန်း၊ မင်း ဘယ်မှာလဲ၊ ဘာလို့ မလာတာလဲ?]



ယွင်ဖန်း:[ငါ ခွင့်ယူထားတယ်]



အဖွဲ့ခေါင်းဆောင် ချန်ကျစ်ချီး:[ ဟုတ်ပြီ ]



ယွင်ဖန်းက ဖုန်းပိတ်တော့မလို့လုပ်ချိန်မှာ သူငယ်ချင်းအဖြစ် တောင်းဆိုချက်တစ်ခု ပေါ်လာလေ၏။



"[ရူပဗေဒ ပြိုင်ပွဲအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ချန်ကျစ်ချီးက သင့်အား သူငယ်ချင်းအဖြစ် အပ်ချင်ပါသည်]



ယွင်ဖန်း:"....."



တိမ်ပျံပေါ်က အမဲလိုက်ခွေး:[?]



မတည်မြဲလေသော:[ငါ မင်းကို မေးစရာရှိလို့]



တိမ်ပျံပေါ်က အမဲလိုက်ခွေး:[ပြော]



မတည်မြဲလေသော:[ချီဟော့က ကျောင်းကနေ မင်းနဲ့အတူ ထွက်သွားတာလား?



တိမ်ပျံပေါ်က အမဲလိုက်ခွေး:[.]



မတည်မြဲလေသော:[ငါ ဓာတ်ခွဲခန်းအဆောက်အဦးကိုသွားတုန်းက တွေ့လိုက်တာ]



တိမ်ပျံပေါ်က အမဲလိုက်ခွေး:[မင်း မြင်လိုက်ရဲ့သားနဲ့ လာမေးနေသေးတယ်]



မတည်မြဲလေသော:[မင်းတို့တွေ ဘယ်မှာလဲ?]



ယွင်ဖန်းမှာအရင်ဘဝပြန်ရောက်သွားသလိုပင်။ ယခင်ဘဝတုန်းကလည်း ချန်ကျစ်ချီးဟာ သူ့အား ဖိအားပေးကာ ချီဟော့အကြောင်းကို အတင်းအကြပ်မေးဖူးသည်။



 —--------သူ ရက်ပေါင်းများစွာ ဆက်တိုက် မအိပ်ခဲ့ရသေးပေ။ မျက်လုံးတွေက မဲနက်ကာ နီရဲနေသည်။ သပ်ရပ်လှသည့် ဝတ်စုံမှာလည်း ရွှဲ့စောင်းတွန့်ကြေနေခဲ့ပေမဲ့ သူကတော့ လုံးဝ ဂရုမစိုက်ခဲ့ပေ။



"ချီဟော့ ဘယ်မှာလဲ!? ငါ မင်းကိုမေးနေတယ် သူဘယ်မှာလဲ၊ စကားပြောစမ်း!"



ချန်ကျစ်ချီးက ဟိန်းဟောက်လာ၏။ သူ့လည်ချောင်းတို့က ​ချောင်းဆိုးလာကာ သွေးပါတော့မတက်ပင်။



ရိချန်းလျန်က နံရံတွင် မှီရင်း ဆေးလိပ်ကို သောက်၍ ခပ်မဆိတ်ရှိနေခဲ့၏။



ဆေးရွက်ကြီးက အရည်အသွေး ညံ့လှလေရာ နင့်သည်းသည့် အနံ့က သူ့အား ချောင်းဆိုးသွားစေသည်။ 



သူ့လက်ချောင်းများကြား ညှပ်ထားခဲ့သည့် စီးကရက်က ချောင်းဆိုးခြင်းနှင့်အတူ လှုပ်ယမ်းနေခဲ့ကာ ဖြူဖျော့ရောင်ပြာမှုန်များက သူ့၏ ရွှံ့ပေနေသည့် ဖိနပ်ပေါ် ကျသွားလေ၏။ 



"သူဘယ်မှာလဲလို့! မင်း အ,နေလား?"



ချန်ကျစ်ချီးက သူ့မျက်နှာဆီ လက်သီးချက်ပစ်သွင်းလာ၏။



ရိချန်းလျန် မရှောင်လိုက်ပါချေ။ အရသာပြင်းလှသည့် သွေးအရသာက သူ့ပါးစပ်ထဲ ပေါ်လာသည်။ ချန်ကျစ်ချီးက သူ့အင်္ကျီကော်လာကို ဆောင့်ဆွဲကာ မျက်လုံးတို့က စူးရဲ၍ သွေးပျက်နေလေ၏။



"သူ ဘယ်မှာလဲဆိုတာ ငါ့ကိုပြော!"



ရိချန်းလျန် မျက်လွှာချလိုက်သည်။



"သူ သေသွားပြီ"



ချန်ကျစ်ချီး၏ မျက်နှာထက် ဗလာဖြစ်သွားသည့် အခိုက်အတန့်တစ်ခုပါပင်။ ထို့နောက်တွင် နောက်မှရောက်လာသည့် ရဲများက သူတို့နှစ်ယောက်အား ကပျာကယာ ခွဲထုတ်ကြရတော့သည်။



"ဥက္ကဌချန်၊ ဥက္ကဌချန်!



"ဥက္ကဌချန်၊ စိတ်လျှော့ပါ! ကျွန်တော်တို့ လူရှာနေပါတယ်။ နောက်ဆုံးအချိန်ထိကို  ခေါင်းဆောင်ချီကို ကျွန်တော်တို့လက်လျှော့မှာ မဟုတ်ပါဘူး"



"ဥက္ကဌချန်! စိတ်လျှော့ပါ။ ခေါင်းဆောင်ချီက ခင်ဗျားကိုသေချာပေါက် စောင့်နေမှာပါ...."



ရိချန်းလျန်က သွားကြားမှထွက်နေသည့် သွေးများကို လျှက်လိုက်ကာ ‌စီးကရက်တစ်ဘူးထုတ်လိုက်ပြီး ဆွဲလားရမ်းလား ဖြစ်နေသည့် ချန်ကျစ်ချီးအား ကြည့်လိုက်၏။



“လှိုဏ်ခေါင်းထဲမှာ ဗုံးတွေအပြည့်ပဲ။ ငါတို့ ထွက်ပြေးလာတဲ့ အချိန်မှာပဲ စနစ်တံကို မီးစွဲသွားပြီ။ကောစန်းနဲ့ မျက်မြင်သက်သေတွေက အနောက်ဘက်မှာ ကျန်ခဲ့တယ်။ သူက အသံတွေကြားတာနဲ့ ချက်ချင်း ပြန်လှည့်ပြေးသွားတာ။ ငါ ဖမ်းဆွဲချိန် မရလိုက်ဘူး”



ဆူညံနေသည့် လူအုပ်ကြီးက ရုတ်တရတ် ငြိမ်ကျသွားလေသည်။



ရိချန်းလျန်းက သူ့လက်ထဲမှ တစ်စုံတစ်ရာအား ချန်ကျစ်ချီးထံ ပစ်ပေးလိုက်၏။ နီရဲရဲ စီးကရက် မီးတောက်က ညအလယ်မှာ လွှဲယမ်းသွားသည်။ 



"သူက မင်းဆီ အမှာပါးလိုက်တယ်"



ချန်ကျစ်ချီးက သူ့လက်ဖဝါးထဲရှိ လက်စွပ်အား ငုံ့ကြည့်လိုက်၏။ သူ့မျက်လုံးများကမူ သွေးချင်းချင်းရဲနေလျက်။



"သူက တောင်းပန်ပါတယ်တဲ့"



ချီဟော့ ညွှန်းဆိုခဲ့ဖူးသည့် ထိုအထက်တန်းလွှာ စီအီးအိုမှာ အမြဲတမ်းတည်ငြိမ်ကာ ယုံကြည့်ချက်ရှိသူဖြစ်ပြီး မာနကြီးမှုက အရိုးထဲ ထွင်းထားသလိုပင်။ သို့‌ပေမဲ့ ယခုတော့ရုတ်ချည်းပင် အရုပ်ကြိုးပြတ်ဖြစ်သွားကာ လက်စွပ်ကို ဆုပ်ကိုင်လျှက် မြေပေါ် ဒူးထောက်ကျသွားခဲ့ပြီး အသည်းပေါက်မတက် ငိုကြွေး‌နေခဲ့တော့သည်။



မျှော်လင့်ချက်များ ပျက်သုန်းကာ ပြိုလဲသွားခဲ့ခြင်း။



အရူးတစ်ယောက်ကဲ့သို့ အပျက်အစီးများကြားထဲ ပြေးသွားချင်နေသည့် ချန်ကျစ်ချီးအား  ရဲတချို့ကတင်းတင်းကြပ်ကြပ် ဆွဲချုပ်ထားသည်ကို သူ ဒီတိုင်းကြည့်နေမိသည်။



"အထဲမှာ ဗုံးတွေ ကျန်နေနိုင်ပါသေးတယ်! ဥက္ကဌချန် စိတ်ငြိမ်ငြိမ်ထားပါ!"



"လူတွေဘယ်မှာလဲ! လူနည်းနည်းထပ်ခေါ်ခဲ့ဦး!"



"စိတ်လျှော့ပါ! ကယ်ဆယ်ရေးလုပ်တဲ့လူတွေ ရှိနေပါတယ်!"



ရိချန်းလျန်က ဘေးမှာ ရပ်လျက် အေးစက်စက်သာ ကြည့်နေခဲ့၏။



ဤကဲ့သို့ ခံစားချက်အမျိုးအစားအား သူနားမလည်နိုင်ပါချေ။ သူ့တွင် အမြဲလို ခိုင်မာသည့် အတ္တစိတ်ရှ်ိခဲ့သည်သာဖြစ်ကာ ရဲများနှင့် ပူးပေါင်းသည်ကလည်း သူကိုယ်တိုင်၏ အကျိုးအတွက်သာ ဖြစ်သည်။ သူက လှိုဏ်ဂူထဲမှ ပြေးထွက်လာခြင်းဟာလည်း သူ့အသက်အတွက်သာ ဖြစ်၏။ ချီဟော့အား တားဆီးရန် ကြိုးစားခဲ့ခြင်းကသာ သူ့အတွက် ချွင်းချက်ဖြစ်သည်။ တခြားတစ်ယောက်သာ ဤသို့ သေလမ်းရှာလိုပါက သူက ကြည့်တောင် ကြည့်ပေးလိမ့်မည် မဟုတ်ပါချေ။



တစ်ယောက်ယောက်က သူ့အား ထိုးကြိတ်ကာ မြေပြင်ပေါ် ကန်ချလာသည်။



"မင်း အမှိုက်ကောင်! မင်းပဲ ငါတို့ ခေါင်းဆောင်ချီကို သတ်ခဲ့တာ! ငါက မင်းလို ရေမြောင်းထဲက ပိုးလောက်လန်းကောင်နဲ့ မပူးပေါင်းပါနဲ့လို့ ခေါင်းဆောင်ချီကို ပြောခဲ့တာ!  မင်းပဲ! မင်းကြောင့် ဖြစ်ရတာ!”



ရဲဝန်ထမ်းငယ်လေးက ငိုကြွေးက ဟိန်းဟောက်လာ၏။



"ဘာလို့ မင်းတစ်ယောက်တည်း ပြေးထွက်လာရတာလဲ! ဘာလို့ မင်းက သေမသွားရတာလဲ!!"



ရိချန်းလျန်က မီးခိုးငွေ့ မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့ကြား၌ သူ့အမူအယာက မသဲကွဲပါချေ။



"မကောင်းတဲ့ လူတွေက အသက်နည်းနည်း ပိုရှည်ကြလို့ ဖြစ်ပါလိမ့်မယ်။"



"မင်းသေချာပေါက်ကို ဆိုးဆိုးဝါးဝါးနဲ့ သေရလိမ့်မယ်!'



ရဲဝန်ထမ်းငယ်လေးက သူ့၏ ဂရုမစိုက်သည့် အမူအရာကြောင့် ဒေါသတကြီးဖြစ်လာကာ ကျယ်လောင်စွာ အော်ဟစ်လာလေ၏။



“ဆုမွန်ကောင်းအတွက် ကျေးဇူးပါပဲ”



ရိချန်းလျန်က ရယ်လိုက်ကာ စီးကရက်ကို မြေပေါ်ပစ်ချ၍ တက်နင်းလိုက်လေသည်။



နောက်ပိုင်းတွင်တော့ သူက ဆိုးဝါးသောသေခြင်းဖြင့်  တကယ့်ကို သေဆုံးခဲ့ရလေသည်။