Chapter 16
Viewers 2k

🧶 Chapter 16



ရွှီကျိ မှာယူထားသည်မှာ “အိုင်းရစ်မြူ” အမည်ရှိ အရက်တစ်မျိုးဖြစ်ပြီး အိုင်ယာလန်ဝီစကီ၊ ရေ၊ ရေခဲနှင့် သံပုရာသီးတစ်စိတ်တို့ဖြင့် ဖျော်စပ်ထားခြင်း ပင်။ အရသာမှာမပြင်းသော်လည်း အရက်ပါဝင်မှုပမာဏက လုံးဝမနည်းလှပေ။ ၎င်းက လူများကို အလွန်အမင်းမူးသွားစေနိုင်သည့်  ကော့တေးအပြင်းတစ်မျိုးဖြစ်၏။ 


ချူချီဘေးနားတွင် ထိုင်နေသူက ထိုအရက်အကြောင်း သိပုံရပြီး ကြင်နာစွာ သတိပေးလာသည်။ 

"မင်းသူငယ်ချင်းကို တစ်ခါတည်း မသောက်လိုက်ဖို့ ပြောလိုက်ဦး သူ မခံနိုင်ဘဲနေလိမ့်မယ်…" 


ချူချီက တစ်ချက်သာကြည့်လျက် ပြောလိုက်သည်။

“အိုင်းရစ်မြူမလား ကိစ္စမရှိပါဘူး သူ ငါးခွက်၊ ခြောက်ခွက် ဆက်တိုက်သောက်နေချိန်ကဆို ငါတို့က ဘီယာသောက်တဲ့အဆင့်ပဲရှိသေး…”


စကားစစ်ထိုးပွဲ၌ ပိတ်မိမနေလို၍ ရွှီကျိက ထိုအရက်ကို တစ်ကျိုက်တည်း မော့ချလိုက်ကာ သူ၏ လည်ဇလုတ်လေး လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူက ဖန်ခွက်ကို စားပွဲပေါ် ညင်သာစွာချပြီး ပြောလိုက်သည်။ 

"မင်း သွားလို့ရပြီ…" 


ထိုသူ ထွက်သွားသည်နှင့် သူ့မျက်လုံးထဲတွင် မီးရောင်များက ဖျတ်ခနဲလင်းလက်သွားသည်။ ထိုအခိုက်အတန့်တွင် ရွှီကျိတစ်ယောက် သူတို့နှင့် ထောင့်ဖြတ်မျက်နှာချင်းဆိုင်ရှိ သီးသန့်အခန်းထဲတွင် အပြင်ဘက်အစွန်ဆုံး၌ ထိုင်နေသော လူတစ်ဦးကို လှမ်းမြင်လိုက်ရသည်။ 


လိထျင်းက ဆံပင်များကို ချထားပြီး တစ်ဝက်ကို နားနောက်သို့ သပ်တင်ထားကာ သူ၏လည်ကုပ်ဖြူဖြူလေးတစ်ဝက်မှာ လှစ်ဟလျက်ပြထားသည်။ သူ၏ သူ့နှုတ်ခမ်းထောင့်စွန်းတို့က ပေါ့ပေါ့ပါးပါးပင် ကော့တက်သွားပြီး သူ့မျက်လုံးများက ဖမ်းဆုပ်၍မရနိုင်အောင် လျှို့ဝှက်ဆန်းကြယ်နေသည်။ သူက ဘယ်ဘက်ခြေထောက်ကို ညာဘက်ပေါ်သို့ ချိတ်တင်ထားပြီး သူ၏ပျင်းရိပျင်းတွဲဟန်ပန်နှင့် လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုအပြည့် ရှိနေသည်။ 


သူ့ဘေးတွင် အရပ်ရှည်ပြီး ဆံပင်တိုတိုညှပ်ထားသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ ထိုအမျိုးသားက သူ့ကို အာရုံစိုက်ကာ စကားပြောနေပြီး သူ၏ အကြည့်မှာ ပြင်းထန်လွန်းသည်ကို အဝေးတွင် ထိုင်နေသော ရွှီကျိပင် ခံစားမိနိုင်သည်။ 


သို့သော်လည်း ထိုသူ့ပုံစံအရ ကြည့်ရသည်မှာ လိထျင်းအနေဖြင့် အောက်ထပ်လူ လုံးဝမဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ အတော်လေးပင် ပြင်းထန်နေခဲ့သည်။ 


လိထျင်းမှာ ဆံပင်တိုဖြင့် အမျိုးသားကို အာရုံရပုံမရဘဲ ထိုသူပြောသမျှကို တစ်ခုနှစ်ခုသာ တုံ့ပြန်နေသည်။ ထိုအစား သူ ပျင်းရိစွာ လှမ်းကြည့်လိုက်ချိန်မှသာ သူ့အပြုံးက ပိုမိုထင်ရှားလာ၏။ 


သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့သည်။ 


ရွှီကျိ မျက်ခုံးပင့်လိုက်သည်။ လိထျင်းက သူ့ကိုမြင်ပြီးသည်မှာ အတော်ကြာပြီသားဖြစ်ပုံရသည်။

လူများက စင်မြင့်အနားသို့ တဖြည်းဖြည်း စုရုံးလာကြသည်။ လူများလွန်း၍ အနီးရှိ ယာယီခန်းများပင် ပြည့်ကျပ်လာသည်။ 


ချူချီက သူ့ဘက်သို့ ကိုင်းညွှတ်လာပြီး အရက် ထပ်ဖြည့်ချင်လားဟု မေးလာသည်။ ရွှီကျိက သူ့အကြည့်တို့ကို ရုပ်သိမ်းလိုက်ပြီး သဘောတူလိုက်သည်။ သူက ယခုမှ ဆုံတွေ့ဖူးသောသူများနှင့် လူမှုရေးအရ ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်လှပေ။ သူက အန်စာတုံးကို ကြည့်ပြီး အနည်းငယ်မျှသေ စိတ်အားထက်သန်မှုတို့ဖြင့် ပြောလိုက်သည်။ 


"၁၄ ခြောက်ခု…"


နောက်တစ်ဦးမှ သူ၏လောင်းကြေးကို စိန်ခေါ်ခြင်းမပြုခဲ့ပေ။ ရွှီကျိက ပျင်းရိစွာပင် မျက်လုံးကို ပင့်ကြည့်လိုက်ရာ တစ်ဖက်မှ လိထျင်း၏ အကြည့်တို့နှင့် ဆုံမိပြန်သည်။

ဖြတ်သွားဖြတ်လာလူများကြောင့် အရိပ်များက အဆက်မပြတ် ရွေ့လျားနေပြီး မကြာခဏကွယ်နေတတ်သော်လည်း အရိပ်များဖယ်သွားသည့်အခါတွင်လည်း တစ်ဦးနှင့်တစ်ဦး အကြည့်မလွှဲစတမ်း စိုက်ကြည့်နေသည်ကို မြင်နေရဆဲပင်။


ရွှီကျိက လိထျင်းသူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ခလုတ်အနည်းငယ် နှိပ်ပြီးနောက် နားအနား ကပ်လိုက်သည်ကို မြင်လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ရွှီကျိ၏ ဖုန်းမြည်လာသည်။


ချူချီက သူ့ပခုံးကို ပုတ်ကာ မေးလာသည်။

“ဘာလုပ်နေတာလဲ သူဌေး သူတို့ ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ ကစားနေကြပြီ မင်း ပါချင်လား…” 


ရွှီကျိ ခေါင်းလှည့်လျက် “ခဏ”ဟုဆိုကာ ဖုန်းဖြေလိုက်သည်။ သူ၏ တံတောင်ဆစ်ကို ဆိုဖာလက်တင်ခုံပေါ်တွင် တင်ထားပြီး လှုပ်ရှားလိုက်သည်နှင့် ဂျာကင်ကော်လံက အနည်းငယ် ပွင့်ဟသွားသည်။ ဖုန်းကို ကိုင်ထားသည့် သူ၏ဟန်ပန်မှာ ပေါ့ပေါ့ပါးပါးသာဖြစ်နေသော်လည်း ဆွဲဆောင်မှုရှိလှသည်။ သူက ပြောလိုက်သည်။

"ဟယ်လို…"


ပတ်ဝန်းကျင်က ဆူညံနေပြီး လိထျင်း၏ အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ရွှီကျိအနေဖြင့် တစ်ဖက်လူ၏ ရယ်သံသဲ့သဲ့လေးကို ကြားလိုက်ရသည်။

 "သတိထားမိသလောက် ဒီမှာ ခင်ဗျားလောက် ဘယ်သူမှ ကြည့်မကောင်းဘူးပဲ…" 


ရွှီကျိအနေဖြင့် တစ်ဖက်လူ၏ စကားများထဲမှနေ၍ စနောက်ကျီစယ်လိုခြင်းတို့ စွက်နေသည့်လေသံကို ရှင်းလင်းစွာ ကြားနိုင်သည်။ သူက သူ့နှုတ်ခမ်းထောင့်စွန်းတို့ကို ခပ်ပေါ့ပေါ့ပင် ပင့်လိုက်ကာ မဲ့ပြုံးပြုံးလိုက်ရင်း ရှင်းပြမရနိုင်သည့် အနိုင်ယူချင်စိတ်တစ်ခုကို ခံစားလိုက်ရသည်။

သူ အရှုံးမပေးနိုင်ပေ။


သူတို့နှစ်ဦးစလုံးက ဤပျင်းစရာကောင်းသော ညတွင် တစ်ဦးကိုတစ်ဦး ဖျော်ဖြေရာအဖြစ် မြင်နေကြခြင်းပင်။

တစ်ဖက်တွင်မူ လိထျင်းက ပြုံးလျက်ပင် သူပြန်ပြောမည့်စကားကို စောင့်ဆိုင်းနေလေသည်။

 

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် သူတို့နှစ်ဦးရှိကြားရှိ လူတစ်ဦးက အခြားတစ်ဦးနှင့် စကားပြောရန် လက်မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ ထိုလက်၏ အနေအထားက ရွှီကျိ၏ မျက်နှာအပေါ်ပိုင်းကို ကွယ်လိုက်သဖြင့် သူ့မေးရိုးနှင့် ပါးလျားသော နှုတ်ခမ်းများသာ ပေါ်နေတော့သည်။


လိထျင်း ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး လမ်းကြောင်းပြောင်းရန် ဟန်ပြင်စဉ်တွင် ရွှီကျိ၏ မျက်နှာအောက်ပိုင်းသို့ တောက်ပသောအလင်းရောင် ကျရောက်လာသဖြင့် သူ့မျက်နှာကို ချက်ချင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။


သူ ရွှီကျိကို သေချာစိုက်ကြည့်နေချိန်မှာပင် ထိုသူ၏ပါးလျလျနှုတ်ခမ်းတို့က တဖြည်းဖြည်းပွင့်ဟလာလျက် စကားအနည်းငယ် ပြောလိုက်သည်ကို တွေ့လိုက်ရ၏။

ရွှီကျိဘက်မှ လူများက ဆူညံနေကြသောကြောင့် အသံမှာသိပ်မရှင်းလင်းပေ။


သို့သော်လည်း လိထျင်း သေချာ နားလည်လိုက်သည်။ ရွှီကျိက ဤသို့ပြောလာခဲ့၏။

 â€œá€™á€„á€şá€¸á€›á€ąá€Źá€•á€˛â€ 


*****


ထို့နောက်တွင် နောက်ထပ်ဘာမှမဖြစ်တော့ပေ။ စကားပြောပြီးနောက် ရွှီကျိက ဖုန်းချလိုက်ပြီး လိထျင်းကလည်း သူ့ကို ထပ်မံမကြည့်တော့ချေ။


ရွှီကျိက လိထျင်းနှင့် မမျှော်လင့်ဘဲ တွေ့ဆုံမိခြင်းဖြစ်သော်လည်း ကလပ်ကဲ့သို့သောနေရာတွင် ထိုသူကို မြင်တွေ့ရခြင်းအတွက် အံ့အားသင့်မနေပေ။ အများဆုံးဆိုလျှင် သူ့အနေဖြင့် အနည်းငယ်အံ့အားသင့်ရုံမျှသာ။


လိထျင်းကမူ ရွှီကျိတံခါးဝမှ ဝင်ရောက်လာကတည်းက ထိုသူအပေါ်၌သာ အာရုံစိုက်နေမိခဲ့သည်။ ပထဆုံးအနေဖြင့် သူ မိန်းမောမှင်သက်သွားရသည်။ ရွှီကျိက မိတ်ကပ်နှင့် ရေမွှေးတို့ ပြည့်နှက်နေသည့် အပေါစားနေရာမျိုးတွင် ရှိနေခဲ့သော်လည်း ထိုသူ၏လမ်းလျှောက်ပုံ တစ်ဖက်လူကို ကြည့်သည့်ပုံစံများမှစ၍ သူ၏သဘာဝအကျင့်စရိုက်တို့အထိ အရာအားလုံးမှာ သန့်ရှင်းနေပြီး အေးစက်စက် နှင်းများကဲ့သို့ ဖြစ်နေခဲ့သည်။ လူအများအနေဖြင့် ရပ်တန့်ကာ သူ့ကို မကြည့်ဘဲမနေနိုင်ပေ။


ဒုတိယအနေဖြင့် လိထျင်း ခံစားရသည်မှာ အံ့အားသင့်ခြင်းပင်။ အကြောင်းမှာ သူ၏အမြင်တွင် ရွှီကျိက ရိုးသားပြီး ကျန်းမာရေးလိုက်စားသလို တိတ်တဆိတ်နေရသည်ကို နှစ်သက်ကာ ကလပ်ကဲ့သို့သော နေရာများကို မနှစ်သက်သည့် ဖြောင့်မတ်လျက် ရှေးရိုးဆန်သူတစ်ဦး ဖြစ်သည်။ လိထျင်း ထိုသူကို အချိန်အတော်ကြာသည်အထိ စောင့်ကြည့်နေမိရာ ထင်ထားသည့်အတိုင်း ရွှီကျိမှာ အသားမကျဘဲ အမြဲလိုလို အဝေးဆုံးထောင့်စွန်းတွင်သာ နေနေခဲ့သည်။


လိထျင်းက ခပ်တိုးတိုးရယ်လျက် ပြောလိုက်မိ၏။

 "ဒါက ဘယ်လို တောင်မြင့်ပန်းမျိုးလေးပါလိမ့်…" 


လိထျင်းက ရွှီကျိဘေးနားမှလူကို ယောင်ဝါးဝါး မှတ်မိသွားသည်၊၊ ဖြစ်နိုင်သည်က ထိုသူ့ကို ကူညီဖို့ရာ အဆွဲခေါ်ခံလာရခြင်း ဖြစ်နိုင်သည်။


သူတို့နှစ်ဦးစလုံးမှာ အရွယ်ရောက်ပြီးသူများဖြစ်ရာ မည်သူကမှ တစ်ဦးနှင့်တစ်ဦး၏ ရုတ်တရက်ရန်စမှုတို့ကို အလေးအနက်ထားမနေပေ။


သူတို့ ပြန်တော့မည့်အချိန်တွင် ရွှီကျိက ချူချီကို အလေးအနက် သတိပေးကာ ဆိုလိုက်၏။

"မင်း ငါ့အကြောင်းကို မင်းသူငယ်ချင်းတွေကို ထပ်ပြောမယ်ဆိုရင် နောက်ကို အလုပ်လာစရာ မလိုတော့ဘူး…" 


ချူချီက တုံ့ပြန်သည့်အနေဖြင့် အရိုအသေပြုလိုက်လေသည်။


နောက်တစ်ပတ်တွင် နှစ်သစ်ကူးအကြိုနေ့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ရွှီကျိမှာ ဤကာလများအတွင်း ပိုမိုအလုပ်များလာခဲ့သည်။ နှစ်သစ်ကူး နီးလာသည်နှင့်အမျှ သူက ပုံမှန်လို ပရောဂျက်အသစ်များကို လက်မခံတော့ဘဲ နှစ်ကုန်ပိုင်းမတိုင်မီ သူ၏အလုပ်အားလုံးပြီးစီးရန်သာ လိုအပ်နေခဲ့သည်။


လိထျင်းက သူအလုပ်များနေချိန်တွင် ဖုန်းခေါ်ဆိုလာပြီး ရွှီကျိမှာလည်း အနည်းငယ် သတိလက်လွတ်ဖြစ်နေခဲ့သည်။ကလပ်၌ တွေ့ဆုံမှုက သူတို့အတွက် နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပုံပင်။ သူက မကြာသေးမီကစ၍ အလွန်အလုပ်များနေခဲ့သဖြင့် လိထျင်းအကြောင်းကို မေ့လုမတတ်ပင် ဖြစ်နေခဲ့ပြီး သူ အိမ်ထောင်ကျပြီးဖြစ်ကြောင်းကိုပင် မေ့လျော့သွားရသည်။


" ၃၁ ရက်နေ့ကျရင် ကျွန်တော် ခင်ဗျားနဲ့အတူ အိမ်ပြန်လာပြီး ညစာစားဖို့ လိုသေးလား…" 


ရိုးရိုးသားသားဖြစ်လာပြီးနောက် လိထျင်း၏ အသံက အနည်းငယ်မျှ ပိုမိုနက်ရှိုင်းလာပြီး ဟန်ဆောင်ထားခြင်းတို့လည်း နည်းသွားခဲ့သည်။


ရွှီကျိက ဖုန်းကို နားနှင့်ပခုံးကြား ညှပ်ထားရင်း မေးလိုက်သည်။

"မင်း မိဘတွေဆီ ပြန်မသွားဘူးလား…"  


"ပြန်သွားဖို့လား…" 

လိထျင်းသည် လှောင်လိုဟန်ဖြင့် နှာမှုတ်လိုက်လေ၏။ 

"သူတို့က နှစ်သစ်ကူးပွဲကျင်းပဖို့ စိတ်ပါကြဦးမှာမလို့လား…"


ရွှီကျိက ပြောလိုက်သည်။

 "ဒါဆိုလည်း ကောင်းပြီလေ ငါ့အဖေအိမ်ကို သွားကြတာပေါ့ လိပ်စာကို နောက်မှ ပို့ပေးမယ်…" 


မည်သို့ပင်ဖြစ်စေ သူက လိထျင်းကို မလာခိုင်းလျှင်ပင် သူ့မိဘများက ထိုသူကို နည်းလမ်းရှာပြီး ခေါ်ကြမည်သာ။ ပြဿနာကို ရှောင်ရှားလိုက်ခြင်းက ပိုကောင်းသည်။


ရွှီကျိက အနှီသတင်းကို ချန်လျန့်ထံပြောပြလိုက်ရာ သူမက စိတ်သက်သာရာရသွားဟန်ဖြင့်ဆိုလာ၏။

'ကြည့်ရတာ မင်းတို့ကြားက ဆက်ဆံရေးတိုးတက်လာပုံပဲ…"


ရွှီကျိက ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်သည်။

"အင်း"


နှစ်သစ်ကူးနေ့တွင် အလုပ်များကိုလက်စသတ်နေရသဖြင့် ရွှီကျိတစ်ယောက် အိမ်ပြန်နောက်ကျနေခဲ့၏။ ရွှီချန်းယွဲ့က သူ့အားမြန်မြန်ပြန်လာဖို့ရာ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့၏။ ၁၀မိနစ်တစ်ကြိမ်မျှ ဖုန်းခေါ်နေခဲ့ခြင်းပင်။

“အစားအသောက်တွေက အသင့်ဖြစ်နေပြီ တစ်မိသားစုလုံးက မင်းကိုစောင့်နေရတာ မင်းလူလိုရော သိတတ်သေးရဲ့လား…”


ရွှီကျိက ပြန်လည်ငြင်းခုံမနေဘဲ သူ ပြောလိုရာကို ပြောခွင့်ပေးထားလိုက်၏။


သူတို့မိသားစု၏ ညစာစားချိန်မှာ ၇နာရီဝန်းကျင်၌ဖြစ်ပြီး ယခုမှ၆ခွဲကျော်ရုံသာရှိသေး၏။ လေးကြိမ်မြောက် ဖုန်းဝင်လာချိန်တွင် သူကစိတ်ရှုပ်လာပြီး ပြောလိုက်သည်။

“အဖေက ကျွန်တော်ကားမောင်းနေတာကို နှောင့်ယှက်နေတာပဲ ကျွန်တော် မတော်တဆဖြစ်မှာကို မစိုးရိမ်ဘူးလား…”


ရွှီချန်းယွဲ့က လွန်လွန်ကျူးကျူးပင် တုန့်ပြန်လာပြီး ဖုန်းမချမီ သူ့အား ဆူငေါက်သွားခဲ့သည်။ ပြီးနောက် ထပ်မခေါ်တော့ပေ။


Gမြို့နယ်ခံများမှာ အယူသည်းတတ်ကြ၏။ အထူးသဖြင့် နှစ်သစ်ကူးကဲ့သော အချိန်အခါမျိုး၌ပင်။ ရွှီကျိက သူ့ရှေ့ရှိမီးနီကို အတော်ကြာအောင်ကြည့်နေပြီးနောက် မျက်နှာထက်တွင် မည်သည့်အမူအရာမှမရှိပါဘဲ "ဖတ်"ဟူ၍ ဆိုလိုက်မိသည်။

[ညနေပိုင်း အိမ်ပြန်လာရင် အဝင်ဝမှာ ဖတ်ဖတ် ဆိုပြီးခါသလိုမျိုးပါ]


*****


စာရေးသူမှာ ပြောစရာရှိပါတယ်...


လိထျင်း: ငါ့ဇနီးလေးက ငါ့ကိုဖြားယောင်းနေတယ် ငါ ထိန်းမထားနိုင်တော့ဘူး…



🧶🧶🧶