အရိပ်သက်တော်စောင့်တစ်စုသည် ပင်မခြံဝန်း၏ ဂိတ်ဝတွင် စုဝေးပြီး ယန်ရှိူ့ စကားပြောမည်ကို စောင့်နေကြသည်။
ယန်ရှိူ့သည် သူတို့ကို ကြည့်ကာ ရိုးရှင်းစွာ ပြောလိုက်သည် : “ သခင်က မှတ်ဉာဏ်ဆုံးရှုံးထားတာကို မင်းတို့ သိပြီးလောက်ပြီ။ ”
“ သခင့်ကို ကုနိုင်မယ့် နည်းလမ်း ရှိလား? ” အရိပ်သက်တော်စောင့်တစ်ဦးက မေးသည်။
“ သာမန်သမားတော်တွေက သခင့်ကို မကုနိုင်ဘူး။ ဒါပေမယ့် သခင့်ကို ကုနိုင်မယ့် သမားတော်တွေက…နတ်ဆေးတောင်ကြားကလည်း နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ လူလွှတ်ခဲ့တယ်။ ” ယန်ရှိူ့ ပြောလိုက်သည်။ နတ်ဆိုးဂိုဏ်း၏ ရန်သူများမှာ တစ်လောကလုံးတွင် ရှိသည်။ လူများကို အမှတ်မထင် အဆိပ်ခတ်ရသည်အား နှစ်သက်သည့် နတ်ဆိုးဂိုဏ်း၏ အဆိပ်သမားတော်အတွက်မူ ယခု သူ သေသွားပြီလား သူတို့ မသိပေ။
“ သူတို့... သခင့်ရဲ့ အထောက်အထားကို မသိလောက်ဘူးမလား? ”
“ သခင်က ပြောတယ်၊ နတ်ဆိုးဂိုဏ်းမှာ သစ္စာဖောက်တွေ ရှိတယ်။ အဲ့သစ္စာဖောက်တွေက သခင်ကျင်းကို သိတယ်။ “ ယန်ရှိူ့ ထပ်ပြောလိုက်သည်။ ဖြောင့်မတ်မှန်ကန်သော သိုင်းဂိုဏ်းများမှ လူများသည် သူတို့၏ သခင်က နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ကြောင်း မသိကြချေ။ သို့သော် သူတို့က သူတို့၏ သခင်က နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ အနီးအနားရှိ သခင်ကျင်း ဖြစ်ကြောင်း “သိ”ကြသည်။
အရိပ်သက်တော်စောင့်များသည် တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ဘာလုပ်ရမည်မှန်း မသိတော့ပေ။
ယခင်က သခင်ဟာ သူတို့ကို ဤသို့ထိုသို့ ဆောင်ရွက်ရန် ပြောခဲ့သည်။ ဒါပေမယ့် အခု သခင်က အတိတ်မေ့နေတယ်!
ယန်ရှိူ့သည် သူတို့ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည် : “ ငါ မင်းတို့ကို ရှာတယ် ဆိုတာက တကယ်တော့ ငါ မင်းတို့ကို ပြောချင်တဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိနေသေးတယ်။ ”
“ မင်း ဘာပြောမလို့လဲ? ” အရိပ်နှစ်က မေးသည်။
ယန်ရှိူ့၏ မျက်နှာမှာ အမူအရာကင်းမဲ့နေသည် : “ သခင်က အတွင်းအားဆုံးရှုံးခဲ့ပြီး အခု သူက မှတ်ဉာဏ်ဆုံးရှုံးထားတယ်။ လမ်းမှာ သူက အမြဲကြောက်နေတယ်။ တကယ်လို့ သူသာ သူက နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ သိုင်းဂိုဏ်းတွေဆီက လိုက်ဖမ်းခံနေရတယ် ဆိုတာကို သိသွားရင် သူ သေချာပေါက် ပိုပြီးကြောက်သွားလိမ့်မယ်။ “
“ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ? ” အရိပ်သက်တော်စောင့်များက တစ်ဦးပြီးတစ်ဦး မေးမြန်းကြသည်။
“ အခုလတ်တလောတော့ သခင့်ကို ဒီအကြောင်း မပြောဘဲ နေရအောင်။ “ ယန်ရှိူ့ ဆက်ပြောလိုက်သည် : “ သူကလည်း မိသားစုရဲ့ သခင်လေးပဲလို့ ငါတို့ သခင့်ကို ပြောပြနိုင်တယ်။ ဒါပေမယ့် သူ့ကို နတ်ဆိုးဂိုဏ်းအကြောင်း မပြောပြနဲ့။ ဒါဆို သူက သူ့ကိုယ်သူ သာမန်လူလို့ ထင်ပြီး အရမ်းကြောက်နေတော့မှာ မဟုတ်ဘူး။ ”
ယန်ရှိူ့သည် တစ်နေ့တွင် သူက အခြားသူများကိုပင် လှည့်စားမိမည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
သူ့ရှေ့တွင် ရှိနေသည့် သူနှင့် တူညီသော နောက်ခံမှ ရောက်ရှိလာသော ဤအရိပ်သက်တော်စောင့်များကိုလည်း သူ လှည့်စားခဲ့သည်။
ယန်ရှိူ့မှလွဲ၍ အရိပ်သက်တော်စောင့်များသည် ဆွေးနွေးခဲ့ကြသည်။ နတ်ဆိုးဂိုဏ်းမှ ဤနေရာအထိ လမ်းတလျှောက်လုံး ယန်ကျင်းဇီနောက်မှ လိုက်လာခဲ့သော အရိပ်သက်တော်စောင့်များက လမ်းတွင် ယန်ကျင်းဇီ ကြောက်နေသော ကိစ္စများကိုလည်း ပြောပြခဲ့သည်။
“ ငါတို့ သခင့်ကို လှည့်စားတာက မကောင်းဘူးမလား? ” အရိပ်သက်တော်စောင့်တစ်ဦးက မေးမြန်းသည်။
“ ငါတို့က နတ်ဆိုးဂိုဏ်းအကြောင်းကို ဘာမှမပြောပြရုံပဲ။ သခင့်ကို လှည့်စားနေတာ မဟုတ်ဘူး။ “ ယန်ရှိူ့က ဆက်ပြောသည် : “ ဒါက သခင့်အတွက်ပဲ။ ”
ယန်ရှိူ့ မှန်သည်။
အရိပ်သက်တော်စောင့်များသည် ယန်ကျင်းဇီ၏ သင်ကြားမှုကို တစ်နှစ်သာ ရရှိသေးပြီး သူတို့အားလုံးမှာ အလွန်ရိုးရှင်းနေဆဲဖြစ်ကာ ယန်ရှိူ့၏ စကားကလည်း ကျိုးကြောင်းသင့်လျော်ပြီး သက်သေခိုင်မာသည်။ သူတို့သည် ယန်ရှိူ့ မှန်သည်ဟု ထင်ပြီး ဤသည်ကို သဘောတူခဲ့ကြသည်။
သို့သော် သူတို့တွင် အခြားတောင်းဆိုချက်များလည်း ရှိသည် : “ ယန်ရှိူ့၊ အခု မင်း ခေါင်းဆောင်အဖြစ် ဟန်ဆောင်ပြီး သခင့်ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်စရာ မလိုတော့ဘူး။ ငါတို့ အလှည့်လဲသင့်တယ်။ “
ညစဥ်ညတိုင်း ယန်ရှိူ့နှင့် ယန်ကျင်းဇီတို့က အတူအိပ်ကြသည်။ ယခင်က ယန်ကျင်းဇီဟာ ဤသည်ကို “အနီးကပ် ကာကွယ်မှု“ ဟု ခေါ်ခဲ့သည်။
“ မင်း ငါ့ကို အနိုင်ယူနိုင်လား? ” ယန်ရှိူ့သည် ဤလူများကို ကြည့်ပြီး သူ၏ အတွင်းအားကို ထုတ်လိုက်သည်။
အခြားအရိပ်သက်တော်စောင့်များ တိတ်ဆိတ်သွားကြသည်။
သူတို့သည် အမှန်တကယ်ပင် ယန်ရှိူ့ကို အနိုင်မယူနိုင်ပေ။
အတိတ်၌ ယန်ရှိူ့က သူတို့ထဲတွင် အသန်မာဆုံး ဖြစ်ခဲ့သည်။ ဤနှစ်တွင် သခင်က သူတို့ကို အခြားသိုင်းပညများ လေ့ကျင့်ရန် သင်ပေးခဲ့၏။ ယန်ရှိူ့ကသာ အတော်ဆုံး ဖြစ်နေသေးကာ သူတို့ ယန်ရှိူ့ကို အနိုင်မတိုက်နိုင်ချေ။
ဤအချိန်တွင် ယန်ရှိူ့က ထပ်ပြောသည် : “ ဒါ့အပြင် သခင်က ငါ သူ့ကို ခစားတာကိုပဲ ကြိုက်တယ်။ “
“ မင်း လျှောက်ပြောနေတာ! သခင်က ငါ သူ့ကို ခစားတာကိုလည်း ကြိုက်တာ သိသာတယ်။ ” အရိပ်သက်တော်စောင့်တစ်ဦးက ပြောသည်။
ယန်ရှိူ့က ဆိုသည် : “ ငါက မင်း လုပ်တဲ့ ပြုစုခစားတာမျိုးကို ပြောနေတာ မဟုတ်ဘူး။ သခင် အဆိပ်မိတုန်းက ငါ သခင့်ကို ကူညီပြီး အဆိပ်ဖြေပေးခဲ့တယ်။ သခင်က ငါ့ကို သဘောကျဆုံးပဲ၊ ငါ့ကိုပဲ သဘောကျတာ။ ”
ယန်ရှိူ့ ဤသို့ပြောသောအခါ သူ့ပုံစံမှာ ယုံကြည်မှုရှိပုံပေါ်သည်။
အခြားသော အရိပ်သက်တော်စောင့်များ တိတ်ဆိတ်သွားကြပြန်သည်။
အရိပ်သက်တော်စောင့်များ၊ အထူးသဖြင့် ယန်ကျင်းဇီနှင့်အတူ နတ်ဆိုးဂိုဏ်းမှ ဤနေရာသို့ လာခဲ့ကြသူများသည် ပို၍ပင် မနာလိုဖြစ်သွားကြကာ စိတ်ဓာတ်ကျစွာဖြင့် ယန်ရှိူ့ကို ကြည့်ကြသည်။
ယခင်က နတ်ဆိုးဂိုဏ်းတွင် သခင်ဟာ ညဘက်၌ ညစောင့်လူကို သခင့်၏အခန်းမှ ထွက်သွားခိုင်းခဲ့သည်။ သူတို့သည် သခင်နှင့်ယန်ရှိူ့တို့ တစ်ခုခုထူးဆန်းနေသည်ကို ရှာမတွေ့ခဲ့ကြပေ။ သို့သော် လမ်းတလျှောက်တွင်မူ…
တည်းခိုခန်းအချို့၏ အသံလုံခြင်းက မကောင်းချေ။ သူတို့သည် လှုပ်ရှားမှုတချို့ကို ကြားခဲ့ရပြီး ထို့နောက် သူတို့သည် ယန်ရှိူ့နှင့်သခင်တို့ကြားရှိ ဆက်ဆံရေးက ဤသို့ဖြစ်သည်ကို သဘောပေါက်သွားကြရသည်။
အရိပ်သက်တော်စောင့်များသည် သတင်းအချက်အလက်များ လဲလှယ်နေကြပြီး ယန်ရှိူ့က ထပ်ပြောပြန်သည် : “ ငါက ကြည့်အကောင်းဆုံးပဲ၊ သူ ငါ့ကို သဘောကျတယ်လို့ သခင်က ပြောဖူးတယ်။ ”
သူသည် ဤသို့ပြောပြီးနောက် သူ၏ အင်္ကျီလည်ပင်းပေါက်ကို အနည်းငယ် ဆွဲဖွင့်လိုက်သည်။
သူသည် အနည်းငယ်သာ ဆွဲလိုက်သော်ငြား အရိပ်သက်တော်စောင့်များသည် ၎င်းပေါ်ရှိ သဲလွန်စများကို တွေ့မြင်နိုင်ကြပြီး ယန်ရှိူ့ကို ကြည့်နေစဉ် သူတို့၏ မျက်လုံးများတွင် ပိုမိုတိုးပွားလာသော မနာလိုဝန်တိုမှုများနှင့် လင်းလက်လာသည်။
သို့သော် သူတို့သည် ယန်ရှိူ့ထက် အမှန်တကယ် နိမ့်ကျသည်။
သခင်သည် ယန်ရှိူ့က ချောမောကြောင်း တစ်ကြိမ်ထက် ပို၍ကြွားဝါခဲ့ဖူးကာ ယန်ရှိူ့မှာ အမှန်တကယ်ပင် သူတို့ထဲတွင် အချောဆုံး ဖြစ်သည်။ ထို့အပြင်… သခင့်နောက်လိုက်လာကြသော လူတိုင်းသည် ယန်ရှိူ့က လျိုကျိချင်းနှင့် ရုပ်ဆင်ကြောင်း မြင်နိုင်ကြသည်။
သူတို့နှင့် ယှဥ်လျှင် သခင်က သေချာပေါက် ယန်ရှိူ့ကို ပို၍နှစ်သက်သည်။
အရိပ်သက်တော်စောင့်များသည် ယန်ရှိူ့၏ စကားကို လက်ခံခဲ့ကြသည်။
ယန်ရှိူ့သည် ဤသည်ကို တွေ့သော် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူ့လည်ပင်းပေါ်ရှိ အမှတ်အသားများမှာ မနေ့ညက သခင့်ထံမှ ရရှိအောင် သူ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဤလူများကို သခင်က သူ့အပိုင်ဖြစ်ကြောင်း သိစေရန်သာ ဖြစ်သည်... ၎င်းက တကယ် အလုပ်ဖြစ်၏။
သို့သော် သူသည် ဤလူများအား သခင့်ကို နတ်ဆိုးဂိုဏ်းနှင့်ပတ်သက်ပြီး ပြောခွင့်ပိတ်နိုင်သော်လည်း ဤလူများ သခင့်ကို ချဥ်းကပ်နေသည်အား သူ မရပ်တန့်နိုင်ပေ… ယန်ရှိူ့၏ မျက်လုံးများမှာ ဤလူများအပေါ်သို့ အေးစက်စွာ ဖြတ်သန်းသွားသည်။
သူသည် ယုံကြည်မှုရှိစွာ ဟန်ဆောင်ပြုမူနေသော်ငြား တကယ်တော့ သူ့နှလုံးသားထဲတွင် အထူးတလည် သိပ်မသေချာပေ။ သူ့သခင်၏ မှတ်ဉာဏ်ပျောက်ဆုံးမှုကို တစ်ဦးဦးက အခွင့်ကောင်းယူကာ သူ လုပ်ခဲ့သလို သခင့်ကို ဆွဲဆောင်မည်အား သူ စိုးရိမ်သည်။
သူ သခင့်ကို ကောင်းကောင်းဂရုစိုက်ပြီး ဒီလူတွေ သခင့်ကို လုယူမသွားအောင် လုပ်ရမယ်!
သူသည် ည၌ လက်ဦးမှုလည်း ရယူနိုင်သည်။
သူသည် အမျိုးသမီးနှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောသည်ကို ကြားဖူးသည်။ ညဘက်တွင် သူ(မ)၏ ယောကျာ်းကို သူ(မ)က အမြဲနှောင့်ယှက်သဖြင့် သူက အခြားအမျိုးသမီးများကို မစဥ်းစားနိုင်တော့ဟု ဆိုသည်။
ယန်ရှိူ့သည် ဤသို့တွေးပြီး သူ့မျက်လုံးများမှာ အနည်းငယ် မှောင်မိုက်သွားသည်။
လူတိုင်းသည် ကောင်းမွန်သော ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ယန်ရှိူ့သည် အခန်းထဲသို့ ပြန်သွားသည်။
ယန်ကျင်းဇီက ခုတင်ပေါ်တွင် လှဲနေကာ အလွန်ကောင်းမွန်စွာ “အိပ်ပျော်နေ”သည်။ ယန်ရှိူ့သည် သူ့ကို ကြည့်ကာ ခေါင်းငုံ့ပြီး သူ့ကို နမ်းလိုက်သည်။
ယန်ကျင်းဇီ : “ ... ”
အစောက ယန်ရှိူ့ သူ၏ အိပ်ပျော်စေသော အမှတ်ကို နှိပ်ချိန်တွင် ယန်ကျင်းဇီသည် ၎င်းက အလွန်ထူးဆန်းသည်ဟု အမှန်တကယ် ခံစားရသည်။
ယန်ရှိူ့က သူ့ကို သဘောကျပြီး သူ့ကို မထိခိုက်မည်ကို သူ သိသည်။ ထို့ကြောင့် သူသည် ယန်ရှိူ့က အဘယ့်ကြောင့် ဤသို့ပြုမူချင်မှန်း သူ နားမလည်ခဲ့ပေ။
ယင်းကား ယန်ရှိူ့က သူ ကြောက်နေသည်ကို စိုးရိမ်ပြီး အရိပ်သက်တော်စောင့်များကို ရှင်းပြချင်နေခဲ့သောကြောင့်သာပင်။
ယန်ကျင်းဇီသည် ယန်ရှိူ့၏ ယုံကြည်မှုရှိစွာ ပြောနေသော “သခင်က ငါ့ကို သဘောကျတယ်” ကို နားထောင်ခဲ့ပြီး ယန်ရှိူ့က ချစ်စရာကောင်းလွန်းသည်ဟု ခံစားရသည်။
ယခု ယန်ရှိူ့က သူ ”အိပ်ပျော်နေစဥ်” သူ့ကို တိတ်တဆိတ် နမ်းသည်။
ယန်ကျင်းဇီသည် ဖြောင့်ဖြောင့်လှဲကာ အနမ်းများကို လာခွင့်ပြုလိုက်သည်။
ယန်ရှိူ့သည် သူ့ကို အချိန်အကြာကြီး တကယ် နမ်းခဲ့သည်။ အချိန်ကြာပြီးနောက် ယန်ရှိူ့သည် ရပ်တန့်ကာ သူ၏ အိပ်ပျော်စေသော အမှတ်ကို ပြန်ဖြေလိုက်သည်။
ယန်ကျင်းဇီသည် ခဏကြာပြီးနောက် “နိုး”လာခဲ့သည်။ ထို့နောက် သူသည် ယန်ရှိူ့က သူ့ကို ကြည့်လျက် အိပ်ရာဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ယန်ရှိူ့က ပြောသည် : “ ကျင်းဇီ၊ ငါ့မှာ မင်းကို ပြောပြစရာတစ်ခုရှိတယ်။ “
“ ဘာလဲ? ” ယန်ကျင်းဇီ မေးလိုက်သည်။
ယန်ရှိူ့က ပြောပြသည် : “ မင်းက ငါ့ရဲ့အမျိုးသားအချစ်တော် မဟုတ်ဘူး။ ငါတို့က ငယ်ချစ်တွေ၊ အတူကြီးပြင်းလာခဲ့တယ်။ မင်းကလည်း သခင်လေးတစ်ယောက်ပဲ။ မင်းက ငါနဲ့ အတူရှိဖို့ မင်းမိသားစုထဲက ထွက်လာခဲ့တာ…”
ယန်ရှိူ့က အလေးအနက် ထားနေသော်ငြား ယန်ကျင်းဇီသည် သူ ပြောနေသော ဇာတ်အိမ်ကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားရသည်။
သူ နတ်ဆိုးဂိုဏ်းတွင် ရှိနေစဥ် တစ်ကြိမ်တစ်ခါက သူသည် ယန်ရှိူ့ကို လောကကြီးပင် စိတ်လှုပ်ရှားခံစားသွားရစေသည့် အမျိုးသားနှစ်ဦး ချစ်ကျွမ်းဝင်ကြသည့် အချစ်ပုံပြင်တစ်ပုဒ် ပြောပြခဲ့ဖူးသည်။ ဇာတ်အိမ်မှာ ဤသို့ဖြစ်သည်…
“ ဒီလိုကိုး။ မင်းက ငါ့ကို အရမ်းကြင်နာတာ မဆန်းတော့ပါဘူး။ ” ယန်ကျင်းဇီသည် တိုက်ရိုက်ပင် “ယုံကြည်ခဲ့သည်”။
သူ၏ သရုပ်ဆောင်စွမ်းရည်မှာ တကယ်ပင် ပုံမကျသော်ငြား ယန်ရှိူ့က လုံးဝ သံသယမဝင်ရှာချေ။
ယန်ကျင်းဇီသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူသည် သူ့ကိုယ်သူ ရိုးရှင်းသော လူတစ်ဦးဟု ထင်ခဲ့သော်လည်း ဤအရိပ်သက်တော်စောင့်များနှင့် အချိန်များစွာ ဖြုန်းပြီးနောက်... သူက လုံးဝ မရိုးစင်းသည်ကို သူ ရုတ်တရက် သဘောပေါက်သွားရသည်။
ဘာလို့ ဒီလူတွေက လှည့်စားဖို့ အရမ်းလွယ်နေတာလဲ!
မေ့လိုက်တော့၊ သူပဲ သူတို့ကို ပိုပြီးစောင့်ကြည့်တော့မယ်...
ယန်ကျင်းဇီသည် သူ၏ အထောက်အထားအသစ်ကို ချက်ချင်း လက်ခံခဲ့သည်။
ယန်ကျင်းဇီ လမ်းတွင် ဝယ်လာသော အစေခံမိန်းမပျိုနှစ်ဦးအတွက်မူ သူတို့သည် ဤမိသားစုက ပိုပိုပြီး ထူးဆန်းလာသည်ဟု ခံစားခဲ့ကြရသည်။
အိုး၊ ယန်သခင်လေးနှင့် ကျင်းသခင်လေးက မထူးဆန်းချေ။ သူတို့က ငယ်ကျွမ်းဆွေများ ဖြစ်သည်ကို သိရှိပြီးနောက် အစေခံမိန်းမပျိုနှစ်ဦးသည် ရုတ်တရက် သဘောပေါက်သွားကြသည် — ယန်သခင်လေးက ရေဆွဲပြီး ကျင်းသခင်လေးအတွက် စားစရာတွေ ပြင်ဆင်ပေးရုံတင်မက နေ့တိုင်း သူကိုယ်တိုင် အခင်းတွေကိုပါ လျှော်တာ မထူးဆန်းတော့ဘူး။ သူတို့က ငယ်ချစ်တွေပဲ!
တကယ်တော့ သူတို့ ထူးဆန်းသည်ဟု ခံစားရသည်မှာ နောက်မှ လိုက်လာသူများ ဖြစ်ကြသည်။
ဤလူများ အားလုံးက တစ်ဦးနှင့်တစ်ဦး အနည်းငယ် ဆင်တူကြပြီး ထို့အပြင် သူတို့တိုင်းက အေးစက်ကာ စိမ်းကားကြသည်။ သူတို့သည် သူတို့အနားတွင် လူအနည်းငယ်က ရုတ်တရက် ပျောက်သွားပြီး သူတို့အနားတွင် လူအနည်းငယ် ပိုလာများသည်ဟု အမြဲခံစားနေရသည်။
ဤလူများနှင့် သူတို့ အလုပ်လုပ်နေစဥ် တခါတရံတွင် သူတို့သည်… ဤလူများက မျက်နှာ ပြောင်းလဲလိုက်ပုံရသည်ကို တွေ့ရှိရသည်။
သူတို့ မသန့်ရှင်းတာ တစ်ခုခုတွေ့ကြုံရတာလား?
အစေခံမိန်းမပျိုနှစ်ဦးသည် ကြောက်ရွံ့မှုကြောင့် တုန်
ရီနေကြသည်။
“သရဲဘိုးဘိုး၊ ကျွန်မဆီ မလာပါနဲ့။” ဟု အစေခံမိန်းမပျိုနှစ်ဦး ရေရွတ်နေသည်ကို အမှတ်တမဲ့ နားစွန်နားဖျား ကြားလိုက်ရသော ယန်ကျင်းဇီ : “ … ”
____
အရိပ်သက်တော်စောင့်များသည် မကြာခဏ အမှောင်ထဲတွင် ပုန်းခိုရသည်ကို ကြိုက်သော်ငြား တခါတရံတွင် သူတို့သည် နောက်တစ်ခေါက် ထွက်လာကာ အလှည့်များကို တိတ်တဆိတ် လဲလှယ်တတ်ကြသည်။ ဤအစေခံမိန်းမပျိုနှစ်ဦးမှာ ထိတ်လန့်နေလောက်ပြီပင်။
သနားကရုဏာသက်စွာဖြင့် ယန်ကျင်းဇီသည် အစေခံမိန်းမပျိုနှစ်ဦးကို အဝေးလွှတ်လိုက်တော့သည်။
ဤသည်မှာ သူတို့ကို မလိုအပ်တော့သောကြောင့်လည်း ဖြစ်သည် — သူ လျန်ကျိုးတွင် စတင်နေထိုင်ကတည်းက အဝတ်လျှော်ခြင်းကို ယန်ရှိူ့က အပိုင်ယူထားပြီး အခြားလူများမှာ လုံးဝ ၎င်းကို လုပ်ခွင့်မရှိချေ။ ယခင်က အဝတ်လျှော်ရန် ပြေးလာသော အရိပ်သက်တော်စောင့်တစ်ဦး ရှိခဲ့သော်လည်း သူ့ကို ယန်ရှိူ့က ရိုက်နှက်လွှတ်လိုက်သည်။
ဒုတိယအားဖြင့်... ဤအစေခံမိန်းမပျိုနှစ်ဦး မရှိတော့လျှင် အရိပ်သက်တော်စောင့်များက အနည်းငယ် ပိုမိုသက်တောင့်သက်သာ ဖြစ်သွားမည်ပင်။
အရိပ်သက်တော်စောင့်များမှလွဲ၍ အိမ်ထဲရှိ လူများအားလုံး ထွက်သွားကြပြီးနောက် အရိပ်သက်တော်စောင့်များသည် အမှန်တကယ်ပင် များစွာ ပိုမိုသက်တောင့်သက်သာ ဖြစ်သွားကြသည်။
ယန်ကျင်းဇီသည် သူတို့က ရက်မတန်းများပေါ်တွင် ကျွမ်းထိုးမှောက်ခုံ တွဲလောင်းခိုကာ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြပုံများနှင့် လူများက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို တိတ်တဆိတ် တစ်စုံတစ်ရာ ပေးမှုတို့ကို မကြာခဏ တွေ့ရတတ်သည်။
လေးလေးနက်နက် ပြောရမည်ဆိုလျှင် သူသည် သူ့မှတ်ဉာဏ်များကို အမှန်တကယ် ဆုံးရှုံးထားလျှင် သူတို့ကြောင့် အသေကြောက်ရွံ့သွားမည်ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ဘဝမျိုးမှာ အတော်လေး ကောင်းမွန်သည်။
ယန်ကျင်းဇီသည် တစ်လကြာအောင် *အိမ်တွင် ဦးလေးလုပ်နေခဲ့သည်။ ထိုမနက်တွင် သူ အိပ်ရာထသောအခါ သူသည် အိပ်ရာခင်းများကို ပျော်ပျော်ရွှင်ရွှင် သိမ်းဆည်းနေသော ယန်ရှိူ့ကို ပြောလိုက်သည် : “ အားရှိူ့၊ ငါတို့ ဈေးဝယ်ထွက်ကြမလား? “
(T/N: *အိမ်မှာ ဦးလေးလုပ်တာ - အဓိပ္ပာယ်ကို သေချာမသိဘူး။ ပျင်းတာ၊ အလုပ်မလုပ်တာ အဲ့လိုမျိုး ထင်တာပဲ)
“ ကောင်းပြီ ” ယန်ရှိူ့က သဘောတူသည်။ သခင် ဘာပဲလုပ်ချင်ချင်၊ သူ သခင့်ကို လုပ်ခိုင်းမယ်!
သခင့်မှာ ပျော်စရာ အချိန်ရှိခဲ့ရင် အနာဂတ်မှာ မှတ်ဉာဏ်ကို ပြန်သတိရလာတဲ့အခါ သူ့ကို မောင်းမထုတ်တော့မှာ ဖြစ်နိုင်မလား?
ယန်ရှိူ့သည် ယန်ကျင်းဇီကို အဖော်ပြုပြီး လျန်ကျိုးမြို့တခွင် လျှောက်သွားခဲ့ကာ နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင်စားသောက်ဆိုင်သို့ ဝင်လိုက်သည်။
အရိပ်သက်တော်စောင့်များ ဖွင့်ထားသော စားသောက်ဆိုင်ဟာ အလွန်လူပြည့်ကြပ်သည်။
စားသောက်ဆိုင်၏ စားပွဲထိုးများမှာ အနည်းငယ် အေးစက်ပြီး လူများကို မည်သို့နှုတ်ဆက်ရမည်အား မသိကြသော်ငြား လူများကို ဆက်ဆံသော အပြုအမူမှာ အလွန်သေသပ်သည်။ သူတို့သည် ဧည့်သည်များ လိုချင်သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး ဘယ်တော့မှ အမှားမလုပ်ချေ။
ဤလောကတွင် အဖားခံရပြီး သူတို့ စားသောက်နေစဉ် စကားလုံးကောင်းများကို နားထောင်ရသည်ကို သဘောကျသည့် လူများ ရှိသော်လည်း တိတ်တဆိတ် စားသောက်ရသည်ကို သဘောကျသည့် လူများလည်း ရှိသည်။ ဤထူးဆန်းသော အများနှင့်မတူသည့် စားပွဲထိုးများသည် လူများစွာ၏ နှစ်သက်မှုကို ရရှိခဲ့သည်။
ထို့အပြင် စားသောက်ဆိုင်၏ စားစရာကြောင့်လည်း ဖြစ်သည်။
ဤစားသောက်ဆိုင်၏ စားဖိုမှူးက တကယ် တော်သည်။ အဲ့ဓားစွမ်းရည်က ဆယ်စုနှစ်များစွာ လေ့ကျင့်မှုနဲ့မှ ရရှိနိုင်မှာ!
ထို့အပြင် စားသောက်ဆိုင်များမှ စားဖိုမှူးများစွာဟာ ဧည့်သည်အရေအတွက် တိုးပွားလာသည်နှင့်တပြိုင်နက် စားစရာအရသာမှာ သိပ်မကောင်းနိုင်တော့ချေ။ သို့သော်ငြား ဤနေရာရှိ စားသောက်ဆိုင်မှ စားဖိုမှူးများမှာမူ ကွဲပြားသည်။
သူတို့က စားစရာများကို လျင်မြန်စွာ ချပေးသည်သာမက အရသာလည်း အလွန်ကောင်းသည်။
ယန်ကျင်းဇီသည် စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် တစ်စုံတစ်ဦးက သူ့စားသောက်ဆိုင်အကြောင်း ပြောနေပြီး စားဖိုမှူးများကို ချီးကျူးနေသည်အား ကြားလိုက်ရသည်။
သူ့အရိပ်သက်တော်စောင့်များမှာ သေချာပေါက်ပင် အလွန်တော်ကာ အလွန်အစွမ်းထက်သည်။ ဒီလိုသိုင်းပညာရှင်တွေအတွက်ကတော့ စားဖိုမှူးလုပ်ရတာ အရမ်းလွယ်မှာ အသေအချာပဲ!
“ ကျင်းဇီ၊ မင်း ဘာစားချင်လဲ? “
“ တစ်ပွဲစီကို ပိုနည်းတဲ့ ပမာဏနဲ့ ကိုယ်ပိုင်အဓိကဟင်းပွဲ ဆယ်မျိုးကို သူတို့ကို ပြင်ခိုင်းလိုက်ပါ။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ သူ့စားသောက်ဆိုင်တွင် ဤကဲ့သို့ အားသာချက်မျိုး ရှိသည်။ ပိုမိုသေးငယ်သော ပမာဏဖြင့် ဟင်းပွဲများစွာကို မှာယူနိုင်သည်။
“ သခင်ကျင်း၊ ခဏစောင့်ပါ။ မကြာခင် လာချပေးပါ့မယ်! “ လေ့ကျင့်ရေး မပြီးသေးဘဲ ယန်ကျင်းဇီ ကယ်တင်ခဲ့သော အရိပ်သက်တော်စောင့်လေးသည် စားပွဲထိုးအဖြစ် ဝတ်ဆင်ကာ ရောက်ရှိလာသည်။ သူသည် လျင်မြန်စွာ ပြေးသွားပြီး မကြာခင် ပြန်ရောက်လာကာ ယန်ကျင်းဇီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။
ယန်ကျင်းဇီသည် သူ ရှိနေသော အခန်း၏ အပေါ်တွင် ပုန်းအောင်းနေသော အရိပ်သက်တော်စောင့်နှစ်ဦး ရှိနေသည်ကိုလည်း ခံစားမိသည်။ နောက်အခန်းထဲတွင် အရိပ်သက်တော်စောင့် ခုနစ်ဦး၊ ရှစ်ဦး ရှိပြီး အခြားအရိပ်သက်တော်စောင့်ငယ်များက လာနေကြသည်။
ဒီလူတွေက နေရာတကာ ပါချင်ကြတာပဲ...
ယန်ကျင်းဇီသည် ၎င်းကို ခံစားမိကာ ယန်ရှိူ့သည်လည်း ၎င်းကို ရှာဖွေတွေ့ရှိခဲ့သည်။
သူ သူ့သခင်ကို ဒီနေရာ ခေါ်မလာခဲ့သင့်ဘူး!
သူတို့ အခြားတစ်နေရာမှာ သွားစားခဲ့သင့်တာ!
သို့သော် သခင့်ကို ကာကွယ်ရန်အတွက် သူတို့သည် သွားသည့်နေရာတိုင်းကို အရိပ်သက်တော်စောင့် အနည်းငယ်အား ခေါ်သွားမည်ဖြစ်သည်။ တကယ်တော့ ကွာခြားချက်က မကြီးမားချေ...
ယန်ရှိူ့ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
ယန်ကျင်းဇီသည် ယန်ရှိူ့ စိတ်ဓာတ်ကျသွားသည်ကို ကြည့်ကာ ယန်ရှိူ့ကို ခေါ်၍ အပြင်အလည်ထွက်ရန် စတင်စဥ်းစားတော့သည်။
တကယ်တော့ သူ ဒီအရိပ်သက်တော်စောင့်တွေနဲ့ အတူရှိနေတာက ဒီအရိပ်သက်တော်စောင့်တွေရဲ့ ကြီးပြင်းမှုကို အထောက်အကူမဖြစ်စေဘူး၊ ဟုတ်တယ်မလား?
ကောင်းပြီ၊ တကယ်တော့ သူ ထွက်သွားချင်သည်မှာ ဤအရိပ်သက်တော်စောင့်များကို သူက ကြီးပြင်းစေချင်သောကြောင့် မဟုတ်ဘဲ သူက ယန်ရှိူ့နှင့်အတူ နှစ်ဦးတစ်ကမ္ဘာ ရှိချင်သောကြောင့် ဖြစ်သည်။
သို့သော် သူသည် ဤအရိပ်သက်တော်စောင့်များကို ဒီတိုင်းချန်မထားခဲ့နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သူ အတွင်းအားဆုံးရှုံးကာ မှတ်ဉာဏ်ပျောက်ပြီးနောက်တွင်ပင် သူနှင့် အတူရှိနေပေးသေးသောကြောင့် ဖြစ်သည်။ သူ သူတို့ကို အရင်နေရာချပေးရမည်ပင်။
ယန်ကျင်းဇီသည် စဥ်းစားနေခဲ့ပြီး ရုတ်တရက် အောက်ထပ်မှ ဆူညံသံ ထွက်လာခဲ့သည်။
“ မင်းဆိုင်က စားစရာက အရမ်းညစ်ပတ်လွန်းတယ်! ”
“ ဒီဟင်းထဲမှာ ယင်ကောင်တွေနဲ့! ”
“ မင်းတို့သူဌေးကို ထွက်လာခိုင်းလိုက်! “
...
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်စရန် မလွယ်ကူပုံပေါ်သော လူထွားကြီး ခုနစ်ဦး၊ ရှစ်ဦးက အောက်ထပ်တွင် ဆူညံသံများစွာကို ပြုလုပ်နေသည်။
ဘာ “ဟင်းထဲမှာ ယင်ကောင်တွေ ရှိတယ်” လဲ၊ ၎င်းမှာ သူတို့ ကြုံရာကျပန်း ရှာထားသော အကြောင်းပြချက် ဖြစ်လိမ့်မည်။ လက်ရှိအခြေအနေမှာ… ဤနေရာရှိ ဒေသခံအင်အားအချို့က ပြဿနာရှာနေသည်ဟု ခန့်မှန်းရသည်။
ဤစားသောက်ဆိုင်က စီးပွားရေး ကောင်းမွန်ပြီး ၎င်းက သေချာပေါက် အခြားသူများ၏လမ်းတွင် ပိတ်နေလိမ့်မည်။
ဒေသခံလူမိုက်ဂိုဏ်းက ဤစားသောက်ဆိုင်ကို လုယက်ချင်သည်မှာလည်း ဖြစ်နိုင်သည်။
ယန်ကျင်းဇီ ဤသို့တွေးသည်မှာ အကြောင်းအရင်း ရှိသည်။ အောက်ထပ်ရှိ ဤလူထွားကြီးအနည်းငယ်က သိုင်းပညာအနည်းငယ်ကို သိရှိထားသည်မှာ ထင်ရှားသည်။
စားသောက်ဆိုင်၏ စားပွဲထိုးအဖြစ် အလုပ်လုပ်ကြသော အရိပ်သက်တော်စောင့်ငယ်များစွာ ရှိသည်။
အစကတည်းက သူတို့သည် သိပ်မခံစားတတ်ဘဲ ယန်ကျင်းဇီကလည်း သူတို့ကို လေ့ကျင့်ပေးထားသောကြောင့် သူတို့သည် အလွယ်တကူ ဒေါသမထွက်တတ်ကြပေ။ ဤအချိန်တွင် အရိပ်သက်တော်စောင့်ငယ်တစ်ဦးသည် မှောင်မိုက်သော မျက်လုံးတစ်စုံကို ဖွင့်ကာ ဤလူထွားကြီးများကို ကြည့်သည် : “ ကျွန်တော်တို့ဆိုင်ရဲ့ စားစရာက အလွန်သန့်ရှင်းပါတယ်။ ဘာယင်ကောင်မှ မရှိပါဘူး။ “
“ ဒါဆို ဒါက ဘာလဲ? ” လူထွားကြီးတစ်ဦးက စွပ်ပြုတ်ထဲတွင် ဝင်နေသော ယင်ကောင်ကို လက်ညှိုးထိုးပြသည်။
“ ဒါက ခင်ဗျား သယ်လာပြီး ဟင်းပွဲထဲ ထည့်လိုက်တဲ့ ယင်ကောင်သေပါ။ ” အရိပ်သက်တော်စောင့်ငယ်က ဆက်ပြောသည် : “ ကျွန်တော် တွေ့လိုက်တယ်။ ”
ဤလူထွားကြီးများက အံ့အားသင့်သွားပြီးနောက် ပြောကြသည် : “ ပေါက်ကရတွေ၊ ငါက ဘယ်လိုလုပ် ငါ့ဟင်းပွဲထဲကို ယင်ကောင်ထည့်မလဲ? ပြီးတော့ မင်း မြင်တယ်ဆိုရင် မင်း ဘာလို့ မပြောတာလဲ? “
“ ခင်ဗျားက ယင်ကောင်တွေကို စားတော့မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ” အရိပ်သက်တော်စောင့်ငယ်လေးက လေးနက်စွာ ပြောသည်။
“ မင်း ခွေးမသား ” လူထွားကြီးများသည် စိတ်ဆိုးသွားကြပြီး ကျိန်ဆဲကာ နောက်ဆုံးတွင် ဆက်ပြောသည် : “ ငါ မင်းဆိုင်ထဲမှာ ယင်ကောင်တွေ စားခဲ့တယ်! မင်းတို့ ဘာလုပ်မှာလဲ? ”
အရိပ်သက်တော်စောင့်လေးသည် ယခင်က ယန်ကျင်းဇီ ပြောခဲ့သည်ကို ပြန်တွေးကြည့်လိုက်သည် : “ ကျွန်တော် ခင်ဗျားအတွက် နောက်ထပ်ဟင်းတစ်ပွဲ မီးဖိုချောင်ကို ပြင်ဆင်ခိုင်းလိုက်မယ်လေ? ” သခင်သည် သူတို့ကို အကျိုးအကြောင်းမညီညွတ်သော ဧည့်သည်များကို တွေ့လျှင် အနည်းငယ် သည်းခံရန် ပြောထားသည်။
“ ငါ့ကို ဟင်းပွဲအသစ် ပေးပြီး ဒီကိစ္စကို မေ့စေချင်တာလား? မဖြစ်နိုင်ဘူး! ” ဤလူထွားကြီးများထဲမှ တစ်ဦးသည် အတွင်းအားသုံး၍ စားပွဲကို ရုတ်တရက် ထုနှက်လိုက်ပြီး သစ်သားစားပွဲတွင် အပေါက်တစ်ပေါက် ဖြစ်အောင် တိုက်ရိုက်ထိုးနှက်ခဲ့သည်။ တစ်ချိန်တည်းတွင် စားပွဲပေါ်မှ စားစရာများ အားလုံးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
စားပွဲကို ထိုးနှက်ပြီးနောက် ဤလူက ပြောသည် : “ ငါတို့နဂါးနက်ဂိုဏ်းက ရန်စဖို့မလွယ်ဘူး! ”
အရိပ်သက်တော်စောင့်ငယ်လေးသည် ယခင်က မည်သည့်အမူအရာမှ မရှိဘဲ အထူးတည်ငြိမ်သည့်ပုံရှိသော်ငြား ဤအချိန်တွင်မူ သူ၏ အနက်ရောင်မျက်လုံးများတွင် ဒေါသဖြတ်သန်းသွားသည် : “ မင်း ငါတို့ရဲ့စားပွဲကို ဖျက်ဆီးခဲ့တယ်။ မင်း ပြန်လျော်ရမယ်! ”
“ ပိုက်ဆံပေးရမှာလား? ဟ! ကောင်လေး၊ မင်း မင်းရဲ့သူဌေးကို ခေါ်ပြီး ငါ့ကို ငွေပြားငါးထောင် ပေးဖို့ သူ့ကို ပြောလိုက်။ အဲဒါဆိုရင် ငါ ဒီနေ့ဖြစ်ခဲ့တာကို မေ့ပေးလိုက်မယ်။ ” ခေါင်းဆောင်က ပြောသည်။
နဂါးနက်ဂိုဏ်းသည် လျန်ကျိုးရှိ ဒေသခံလူမိုက်ဂိုဏ်း တစ်ဂိုဏ်းဖြစ်သည်။ လျန်ကျိုးရှိ ကုန်သည်များက သူတို့ကို လာဘ်လာဘများ ပေးသော်လည်း ဤစားသောက်ဆိုင်ကသာ မပေးချေ။
နဂါးနက်ဂိုဏ်းဟာ ဤစားသောက်ဆိုင်ကို အချိန်တချို့ကြာအောင် လေ့လာကြည့်ရှုနေခဲ့ပြီး ဤစားသောက်ဆိုင်တွင် နောက်ခံမရှိလောက်ကြောင်း ရှာတွေ့ခဲ့သဖြင့် သူတို့ လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။
တကယ်တော့ သူတို့က ငွေပြားငါးထောင်ကို မဖြစ်မနေ ပေးရန် မလိုချေ။ ဒါပေမယ့် ဒီဆိုင်မှာ စီးပွားရေးကောင်းတော့ သူတို့က သူတို့ကို ပိုပေးရမယ်!
“ သခင်က မှာထားတယ်၊ တစ်ခုခုကို ဖျက်ဆီးရင် ငွေလျော်ရမယ် ။ “ အရိပ်သက်တော်စောင့်ငယ်လေးက လေးနက်စွာ ပြောသည်။
“ ဟာ? ” နဂါးနက်ဂိုဏ်း၏ ဂိုဏ်းသားများသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ကြပေ။ ဤအခိုက်အတန့်တွင် အသက်ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်ခန့်သာ ရှိသည့် သူတို့ရှေ့ရှိ စားသောက်ဆိုင်၏ စားပွဲထိုးငယ်လေးက သူတို့ထံသို့ မယုံကြည်နိုင်လောက်သော အရှိန်နှုန်းဖြင့် ရုတ်တရက် ပြေးလာခဲ့သည်။
နေဦး၊ ဒီဆိုင်ရဲ့ စားပွဲထိုးငယ်လေးရဲ့ အရှိန်က ဘယ်လိုလုပ် ဒီလောက် အရမ်းမြန်နိုင်ရတာလဲ? သူက ကိုယ်ဖော့သိုင်း တတ်တာလား?
နဂါးနက်ဂိုဏ်း၏ ဂိုဏ်းသားများအားလုံး ကြောင်အသွားကြသည်။ သူတို့ကြောင်အနေစဉ် တစ်ဦးပြီးတစ်ဦး သူတို့၏ အပ်စိုက်အမှတ်များကို အနှိပ်ခံလိုက်ရသည်။
အရိပ်သက်တော်စောင့်လေးက သူတို့၏ အပ်စိုက်အမှတ်များကို နှိပ်ပြီးနောက် လေးနက်စွာ ပြောသည် : “ မင်းတို့ လျော်ပေးရမယ်။ မင်းတို့မှာ ပိုက်ဆံမရှိရင် အလုပ်လုပ်ရမယ်။ “
အပ်စိုက်အမှတ်ကို နှိပ်ခံထားရသော နဂါးနက်ဂိုဏ်းသည် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေကြပြီး မလှုပ်နိုင်ကြပေ။
နဂါးနက်ဂိုဏ်းက ပြဿနာလာရှာသည်ကို တွေ့ကြသော ဧည့်သည်များသည် တိတ်တဆိတ် ထွက်သွားရန် ပြင်ဆင်နေပြီဖြစ်သော်ငြား ဤအချိန်တွင် ရပ်တန့်သွားကြသည်။
သူတို့ ဘာမြင်လိုက်ရတာလဲ? တစ်ဝက်တစ်ပျက် အရွယ်ရောက်ခါစ ကလေးတစ်ယောက်က နဂါးနက်လူမိုက်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ခုနစ်ယောက်၊ ရှစ်ယောက် အကုန်လုံးကို မလှုပ်ရှားနိုင်အောင် လုပ်လိုက်တာကို သူတို့ မထင်မှတ်ပဲ တွေ့လိုက်ရတယ်!
အရိပ်သက်တော်စောင့်လေးက ဧည့်သည်များကို ကြည့်လိုက်သည် : “ ခွင့်လွှတ်ပါ။ ကျွန်တော် လူတိုင်းရဲ့ စားသောက်တာကို နှောင့်ယှက်မိပြီ။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အခုပဲ ဂရုစိုက်လိုက်ပါ့မယ်။ “
သူသည် စကားပြောပြီးနောက် လူထွားကြီးနှစ်ဦးကို သူနှင့်အတူဆွဲခေါ်သွားကာ ထွက်သွားသည်။
ဤစားသောက်ဆိုင်တွင် စားပွဲထိုးများစွာ ရှိသည်။ မကြာမီ နောက်ထပ်သုံးဦး ထပ်ထွက်လာကာ လူထွားကြီးများ အားလုံးကို ဆွဲခေါ်သွားပြီး သူတို့သည် ပျက်စီးနေသော စားပွဲနှင့် ကြမ်းပြင်ပေါ်ရှိ အပေအပွကို လျင်မြန်စွာ ရှင်းလင်းလိုက်ကြသည်။
မူလက တိတ်တဆိတ် ထွက်သွားရန် ပြင်နေသော ဧည့်သည်များ : “ ... ” သူတို့ တိတ်တိတ်လေး မထွက်သွားရဲတော့ဘူး!
နေဦး၊ ဤစားသောက်ဆိုင်သည် နောက်ခံကြီးသည့်ပုံပေါ်သည်။ စားပွဲထိုးများမှာလည်း သိုင်းလောကမှ ဒဏ္ဍာရီလာ လူများ ဖြစ်ကြသည်။ သူတို့သည် ဤနေရာတွင် စားသောက်ရသည်မှာ အထူးဂုဏ်ကျက်သရေရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ယန်ကျင်းဇီသည် အောက်ထပ်ရှိ အားလုံးကို ကြားလိုက်ရ၏။
သူသည် ခဏတာ ဘာပြောရမည်မှန်းမသိ ဖြစ်သွားသည်။
ဒီအရိပ်သက်တော်စောင့်တွေက နည်းနည်းလေး ထင်ပေါ်လွန်းတယ်…
သူတို့က ဖြောင့်မတ်မှန်ကန်တဲ့ ဟိုသိုင်းဂိုဏ်းတွေ တံခါးဝကို ရောက်လာမှာ မကြောက်ဘူးလား?
သို့သော် ထိုလူများ ဤနေရာသို့ လာကြလျှင်ပင် ပြဿနာမရှိပုံပေါ်၏။
ကိစ္စကြီး မဟုတ်ချေ။ ဤနေရာမှ ထွက်သွားနိုင်သည် သို့မဟုတ် တိုက်ပွဲတစ်ပွဲ ဖြစ်ရုံသာ ဖြစ်သည်။
သူသည် ယခုအခါ အလွန်သန်မာပြီး ထိုသိုင်းပညာရှင်များကို သူ မကြောက်ပေ။ သူသည် ယခင်က နတ်ဆိုးဂိုဏ်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့သည်မှာ သူ သူတို့ကို ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ ရိုးရှင်းစွာပင် သူက သူတို့နှင့် မတိုက်ခိုက်ချင်သောကြောင့်သာ ဖြစ်သည်။
အဆုံး၌မူ... သူသည် သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သော လူတစ်ဦးအဖြစ် ယူဆထားသည်။
ယန်ကျင်းဇီသည် လှည့်ပြီး ဆက်လက်စားသောက်သည်။
ယန်ကျင်းဇီကဲ့သို့ပင် ယန်ရှိူ့သည် တစ်ခုခုမှားနေမှန်း ခံစားလိုက်ရသည်။
သို့သော် တစ်နှစ်တာ လေ့လာခဲ့လျှင်တောင်မှ သူသည် သိုင်းလောကတစ်ခုလုံးကို နားမလည်ချေ။ ထို့အပြင် သူသည် ယန်ကျင်းဇီ၏ စားသောက်ဆိုင် ဖွင့်သော အကြံဉာဏ်မှာ လုံးဝ မှန်ကန်သည်ဟု ထင်သောကြောင့် ဘာဖြစ်နေမှန်း အဖြေထုတ်ရန် စိတ်မဝင်စားပေ။
လဝက်ကြာပြီးနောက် တစ်ညတွင်မူ ကင်းစောင့်နေသော အရိပ်သက်တော်စောင့်များသည် သူတို့၏ခရာများကို မှုတ်ခဲ့ကြသည်။
စူးရှသော ခရာမှုတ်သံက ညကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး အရိပ်သက်တော်စောင့်များ အားလုံး ချက်ချင်း အိပ်ရာနိုးသွားကြသည်။
ယန်ကျင်းဇီသည် ညလေ့ကျင့်ခန်းများအတွက် ယခုနောက်ပိုင်းတွင် အလွန်စိတ်အားထက်သန်နေသော ယန်ရှိူ့ကို ဖိထားပြီး ဤအချိန်တွင် သူသည် လေချွန်သံကို ရုတ်တရက် ကြားလိုက်ရကာ သူ၏ လှုပ်ရှားမှုများက ရုတ်ချည်း ရပ်တန့်သွားသည်။
ဒီအသံ... မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ ဒါက ရန်သူတိုက်ခိုက်မှုလား?
ရန်သူလာနေတာလား?
ယန်ကျင်းဇီသည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး သူ့ကို နှောင့်ယှက်နေသော ယန်ရှိူ့မှာ ပို၍ပင် ဆုံးဖြတ်ချက်ခိုင်မာသည် — ယန်ရှိူ့သည် သူ့ကို တွန်းကာ ထ၍ အဝတ်အစားများကို ဝတ်ဆင်သည် : ” ကျင်းဇီ၊ မင်း ဒီမှာ စောင့်ပါ။ အပြင်မထွက်နဲ့။ “
သူသည် စကားပြောပြီးနောက် စိတ်မသက်သာ သော အသံဖြင့် အော်လိုက်သည် : “ အရိပ်နှစ်၊ အရိပ်သုံး၊ မင်းတို့ ကျင်းဇီကို ကာကွယ်ကြ! “
သူ ပြီးလျှင် အရိပ်နှစ်နှင့် အရိပ်သုံးတို့မှာ အရိပ်သက်တော်စောင့်များထဲတွင် အသန်မာဆုံးများ ဖြစ်ကြသည်။ ယန်ကျင်းဇီဘေးတွင် သူတို့ ရှိလျှင် သူ စိတ်ချနိုင်သည်။ သူ့အတွက်မူ…. သူသည် အပြင်သို့သွား၍ ဘာဖြစ်နေမှန်း ကြည့်ချင်သည်။
ယန်ရှိူ့ လျင်မြန်စွာ ပြေးထွက်သွားသည်။
ယန်ကျင်းဇီ : “ … ” သူ ယခု ဘာပြောသင့်မှန်း မသိပေ။ သူသည် လမ်းတစ်ဝက်တွင် ရုတ်တရက် နှောင့်ယှက်ခံလိုက်ရသည်။ သူ တကယ် စိတ်တိုသည်။
တစ်ချိန်တည်းတွင် သူသည် သူက လုံလုံလောက်လောက် အလုပ်မကြိုးစားခဲ့ဟု နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည် — ယန်ရှိူ့ ပြေးတာ အရမ်းမြန်တယ်!
သို့သော် စိတ်ထဲတွင် များစွာ တွေးမိလျှင်တောင်မှ ယန်ကျင်းဇီသည် တစ်ချိန်တည်းတွင် သူ့အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။ အရိပ်နှစ်နှင့် အရိပ်သုံးတို့ ဝင်လာသောအခါ သူသည် သူ့ခါးပတ်ကို တပ်ဆင်ကာ ချောမောသော သခင်ကျင်း ဖြစ်နေပြီးဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ယန်ကျင်းဇီသည် အပြင်တွင် ဘာဖြစ်နေမှန်း နားလည်သွားခဲ့သည် — သူသည် အပြင်ဘက်မှ လာသော အသံကို ကြားလိုက်ရသည် : ” နတ်ဆိုးဂိုဏ်းက နတ်ဆိုးတွေ၊ အပြင်ထွက်လာပြီး သေကြစမ်း! ”
ယန်ကျင်းဇီ : ” … ” သူသည် မူလပိုင်ရှင်ကဲ့သို့ ဖြောင့်မတ်မှန်ကန်သော သိုင်းဂိုဏ်းများ၏ ဝန်းရံခံရခြင်းကို ရှောင်ရှားရန်အတွက် ငရဲတောင်တန်းမှ စောစီးစွာ ထွက်ခွာလာခဲ့သည်။ သို့သော် ယခုမူ... သူ့ကို ဝိုင်းထားကြသည်။
ပြင်ပရှိ အသံမှာ အလွန်ဆူညံနေပြီး သူတို့ကို ဝန်းရံထားသော တိုက်ခိုက်သူများမှာ များစွာရှိနေမည်ဖြစ်ကြောင်း ယန်ကျင်းဇီ သေချာသည်။
ရောက်ရှိလာသော လူအရေအတွက်မှာ အမှန်တကယ်ပင် အလွန်ကြီးမားသည်။ ဤသည်မှာလည်း ယခင်က ဖြောင့်မတ်မှန်ကန်သော သိုင်းဂိုဏ်းများမှ လူများသည် ငရဲတောင်တန်းမှ အလျင်စလို ထွက်လာပြီး သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများသို့ ပြန်သွားသောကြောင့် ဖြစ်သည်။
ဤလူများသည် သူတို့၏ ဂိုဏ်းသို့ ပြန်ရောက်ပြီး သူတို့၏ ဂိုဏ်းက အဆင်ပြေကာ ပျောက်ဆုံးနေသော နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ တိုက်ခိုက်ခြင်းကို မခံထားရမှန်း ရှာတွေ့ခဲ့သည်။ သို့သော် သူတို့သည် စိတ်သက်သာရာမရသဖြင့် ထပ်မံ၍ အတူစုဝေးကာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို ရှာဖွေချင်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို ရှာမတွေ့ပါက သူတို့ စိတ်သက်သာရာရရန် ခက်ခဲမည်ဖြစ်သည်။ သူတို့သည် ဤလူက ရုတ်တရက် သူ့အရိပ်သက်တော်စောင့်များနှင့် ပေါ်လာမည်ကို အမြဲကြောက်နေခဲ့သည်။
သိုင်းလောကမဟာမိတ်၏ ခေါင်းဆောင် ကျူးလျန်ယင်းသည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို မုန်းတီးနေဆဲဖြစ်သည်။ ထို့ကြောင့် သိုင်းလောကအစည်းအဝေးကို ထပ်မံကျင်းပပြီး နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို ရှာဖွေရန် ဆွေးနွေးခဲ့ကြသည်။
မည်သူကမှ နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ ရုပ်ရည်ကို မမြင်ဖူးပေ။ ယင်းကား အမှန်တကယ် ရှာဖွေရန် ခက်ခဲသော်ငြား ဤလူ၊ ကျူးလျန်ယင်းသည် အမြဲတမ်း အလွန်ကံကောင်းသည်။
သူ့မိသားစုတစ်စုလုံးမှာ ဖျက်ဆီးခံခဲ့ရသော်ငြား သူ့ကို လက်ဝဲရံက ကယ်တင်ခဲ့သည်။ သူသည် ချောက်ကမ်းပါးမှ ပြုတ်ကျသောအခါ သိုင်းပညာလျို့ဝှက်ချက်များကို ရှာတွေ့နိုင်သည်။ သူ ကယ်တင်ခဲ့သော လူမှာလည်း ရှေးက ပျောက်ဆုံးနေသော သိုင်းပညာကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့သည်…
အခြေခံအားဖြင့် သူ တစ်ခုခုလုပ်ချင်လျှင် သူက သေချာပေါက် အောင်မြင်နိုင်သည်။
ဤအခိုက်အတန့်တွင် သူသည် သိုင်းဂိုဏ်း၏ ဆရာကို ရှာဖွေနေခဲ့ပြီး တောင်ဘက်သို့ သွားနေသော ကုန်ယာဥ်တန်းတစ်ခုတွင် လျိုကျိချင်းနှင့် ရုပ်ဆင်သော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်ဟု ပြောနေသော ဆွေးနွေးမှုတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
လျိုကျိချင်းသည် သူ့ချစ်သူဖြစ်သောကြောင့် သူသည် နောက်ထပ်မေးခွန်းအနည်းငယ်ကို မေးမြန်းခဲ့သည်။ နောက်ဆုံးတွင် ဤအုပ်စု၌ “သခင်ကျင်း”တစ်ဦး ရှိနေသည်ကို သူ သိလိုက်ရသည်။
“သခင်ကျင်း” ဟူသော စကားကို ကြားလိုက်ရသောအခါ သူ့တွင် ရုတ်တရက် သံသယရှိလာခဲ့သည်။ ဤအချိန်တွင် သူသည် နဂါးနက်ဂိုဏ်း၏ စာပို့ခိုမှတဆင့် စာတစ်စောင်ကို ရုတ်တရက် ရရှိခဲ့၏။
သူသည် နဂါးနက်ဂိုဏ်းနားမှ မတော်တဆ ဖြတ်သွားမိပြီး နဂါးနက်ဂိုဏ်း၏ ခေါင်းဆောင်က သူ့ကို ဧည့်ခံခဲ့သည်။ ယခုမူ နဂါးနက်ဂိုဏ်းခေါင်းဆောင်သည် ပညာရှင်တစ်စုက လျန်ကျိုးသို့ ရောက်လာကာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားကြောင်း သူ့ကို ပြောပြလာသည်။ ဤအုပ်စုက သူတို့ကို နေ့ဘက်တွင် ရိုက်နှက်ခဲ့သည်။ ထို့အပြင် သူတို့က ညဘက်တွင် တံခါးဝသို့ လာသေးကာ နဂါးနက်ဂိုဏ်းထံမှ ငွေများစွာကို ခိုးယူသွားခဲ့သည်…
နဂါးနက်ဂိုဏ်း၏ ခေါင်းဆောင်သည် သူဟာ သိုင်းလောကမဟာမိတ်၏ ခေါင်းဆောင် ဖြစ်နေပြီမှန်း သိရှိထားကာ သူ့ကို အမှန်တရားကိစ္စ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
အကြောင်းအရင်း မသိရသော်ငြား ကျူးလျန်ယင်းသည် ဤခိုစာကို မြင်မြင်ချင်း တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။
သိုင်းလောကအစည်းအဝေး ကျင်းပသောနေရာမှာ လျန်ကျိုးနှင့် မဝေးချေ။ ကျူးလျန်ယင်းသည် ချက်ချင်း လူလွှတ်ကာ စုံစမ်းစေပြီး စုံစမ်းမှုရလဒ် ထွက်လာရန် စောင့်ဆိုင်းနေခဲ့သည်… လျန်ကျိုးတွင် စားသောက်ဆိုင်ဖွင့်ထားသူမှာ နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်သည်ကို သူ ရုတ်တရက် သဘောပေါက်သွားရသည်။
နတ်ဆိုးဂိုဏ်းခေါင်းဆောင်က စားသောက်ဆိုင်တစ်ဆိုင် သွားဖွင့်ထားတာလား? တကယ်ပဲ ဘာဖြစ်နေတာလဲ?
ကျူးလျန်ယင်းသည် အံ့အားသင့်သွားသော်ငြား သိုင်းလောကအစည်းအဝေးတွင် ပါဝင်ဆင်နွှဲခဲ့သော သိုင်းပညာရှင်များကို လျန်ကျိုးစီရင်စုသို့ ခေါ်သွားဆဲဖြစ်သည်။
အစပိုင်းတွင် သူတို့၏ ကြီးမားသော အင်အားများက မြို့ထဲသို့ မဝင်ခဲ့ပေ။ ကျူးလျန်ယင်းနှင့် လက်ဝဲရံတို့သာ မြို့ထဲသို့ ဝင်ရောက်ပြီး လျို့ဝှက်စွာ စုံစမ်းခဲ့သည်။ ဤစုံစမ်းစစ်ဆေးမှု…. လက်ဝဲရံသည် သခင်ကျင်းကို အဝေးမှ မြင်ကာ ချက်ချင်း မှတ်မိခဲ့သည်..
.
ဒီလျန်ကျိုးစီရင်စုက သခင်ကျင်းက နတ်ဆိုးဂိုဏ်းရဲ့ သခင်ကျင်းပဲ!
ဒီလိုဆိုရင် သူ့ဘေးနားက ယန်သခင်လေးက နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လောက်ပြီးတော့ သူတို့နားက လက်အောက်ငယ်သားတွေက... နတ်ဆိုးဂိုဏ်းရဲ့ အရိပ်သက်တော်စောင့်တွေလား?
____