Chapter 48
Viewers 3k

ဘတ်စကတ်ဘော



အထက်တန်းပထမနှစ် ဒုတိယစာသင်နှစ်ဝက် ကျောင်းပြန်စနေသည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်ကာ ရိချန်းလျန်မှာ ယုံဖို့ခက်နေဆဲပါပင်။



"ငါ တကယ်ကြီး မင်းထက် သုံးမှတ်ပိုများတယ်"



ဘတ်စကတ်ဘော ပွဲကြည့်ခုံတန်းရှည်မှာ ထိုင်နေသည့် ရိချန်းလျန်၏ မျက်နှာက ဂုဏ်ယူမှုများအပြည့်ဖြင့်ပင်။ သူက နေရောင်လှုံနေရင်းဖြင့် သက်ပြင်းချဟန်ဆောင်လိုက်ကာ



" မင်းက ငါ့ကို စာပြပေးတဲ့သူဖြစ်ပြီးတော့များနော် "



ယွင်ဖန်း သူ့အား ကန်ချဖို့ ဟန်ပြင်လိုက်လေ၏။



နောက်ဆုံးစာမေးပွဲရလဒ်အား စာသင်နှစ်ဝက်အစတွင် ကြေငြာခဲ့ပြီ ဖြစ်သည်။ ယွင်ဖန်းက ၆၂၂မှတ်ရချိန်မှာ ရိချန်းလျန်ကတော့ ၆၂၅မှတ်ရခဲ့လေသည်။ လတ်‌တလော၌ သူက ဤ‌အကြောင်းအား ယွင်ဖန်းကို ဆက်တိုက်ဆိုသလို သတိပေးနေခဲ့သည်မှာ ယွင်ဖန်းအား တစ်ယောက်ယောက်ကို မရပ်တမ်း အကြိမ်ကြိမ် ထိုးပစ်ချင်စိတ်ပေါက်လာစေသည့် အထိပင်။



" အသက်ကြီးလာလေ ဦးနှောက်က တကယ်တမ်း အလုပ်ကောင်းကောင်းမလုပ်တော့လေပဲဆိုတာ အချက်အလက်တွေက သက်သေပြနေတာပဲကိုး "



ရိချန်းလျန်က မထိန်းနိုင်စွာ သူ့ဆံပင်ကို ဖွလိုက်ပြီး



"ငါ နောက်ဆို ပိုပြီး စာလုပ်သင့်နေပြီပဲ"



ယွင်ဖန်းက ခုံတန်းမှ ထရပ်ကာ သူ့အင်္ကျီလက်ကိုလိပ်တင်ပြီး မျက်လုံးထဲ ကြင်နာသည့်အကြည့်တို့ ရှိဟန်ဖြင့် စကားစလိုက်သည်။



"အသက်ပိုကြီးတဲ့ သူဆီက လက်သီးနဲ့ ကန်ချက်အတွေ့အကြုံရော ယူကြည့်ပါလား”



ရိချန်းလျန်က လက်ရန်းကို ကိုင်ကာ နှစ်မီတာမြင့်သည့် ခုံတန်းပေါ်မှ ခုန်ဆင်းလိုက်၏။ သူ့ကျောင်းဝတ်စုံက လေဖြင့် လန်သွားကာ လှလှပကိုယ်ဟန်ကွေးပြီးနောက်

မြေပေါ်သို့ စတိုင်ကျကျ ဆင်းသက်လိုက်လေသည်။



ယင်းမြင်ကွင်းကြောင့် အနီးနားတွင် စကားပြောနေကြသည့် မိန်ကလေးများဆီကနေ အံ့အားတသင့် အာမေဋိတ်သံများ ထွက်လာကုန်တော့၏။



"အစ်ကိုရိ..အမိုက်စားပဲဗျို့!”



ဘတ်စကတ်ဘော ကစားနေသည့် ကျိရှူမော့က လှမ်းအော်လာသည်။



ရိချန်းလျန်က ယွင်ဖန်းကို မော့ကြည့်လိုက်သည်။ သူ့အပြုံးက အထူးသဖြင့် တောက်ပနေကာ နေရောင်အောက်တွင် မျက်စိကျိန်းလောက်အောင် တလက်လက်တောက်ပနေလျက်သား။



ယွင်ဖန်း၏ မျက်နှာကမူ ချက်ချင်းဆိုသလို မဲမှောင်သွားကာ သူ့အား အေးစက်စက် အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် လှေကားကနေ ဆင်းသွားတော့သည်။



ရိချန်းလျန်က သူ့နောက်မှနေ အလျင်စလို လိုက်သွားလိုက်သည်။ သို့ငြား ယွင်ဖန်းက တကယ်ကို ဒေါသထွက်သွားပုံရ၏။ သူ့အား အကြည့်တစ်စက်ပင် ပေးမလာဘဲ စူပါမားကပ်ဆီသာ ခပ်အေးအေး လျှောက်လှမ်းသွားလျက် ရှိသည်။



ရိချန်းလျန်ခမျာ သူ့နောက်မှ လိုက်လာရင်း တစ်ခါတရံ သူ့လက်ကို တမင် သွားပွတ်တာမျိုး၊ လက်မောင်းချင်း တိုက်တာမျိုးဖြင့် သူ့အာရုံကိုဆွဲဆောင်ရန် ကြိုးစားနေရရှာ၏။



ယွင်ဖန်းကတော့ သူဘာလုပ်လုပ် အမှုထားမနေဘဲ ရှေ့သို့သာ ဆက်လှမ်းနေလိုက်သည်။ ကြာတော့

ရိချန်းလျန်မှာ အနည်းငယ် စိုးရိမ်လာပြီဖြစ်ကာ တွေးတောင်မတွေးဘဲ တောင်းပန်လိုက်တော့သည်။



"ငါတောင်းပန်ပါတယ်။ ငါမှားသွားပါတယ်"



"မင်း ဘယ်နေရာမှာ မှားသွားတာလဲ?"



ယွင်ဖန်းက ခြေလှမ်းရပ်ကာ သူ့အား အတည်အတံ့ကြည့်လိုက်သည်။



"အဲ--"



ရိချန်းလျန်က အပြစ်ရှိစိတ်ဖြင့် အကြည့်လွှဲလိုက်၏။



"မင်းအသက်ကြီးနေပြီလို့ ငါ မပြောလိုက်သင့်ဘူး၊ မင်းက ငါတို့နိုင်ငံရဲ့ ပန်းဖူးလေးဖြစ်နေတုန်းပါပဲ"



"...."



ယွင်ဖန်း၏ နဖူးသွေးကြောများက ပြင်းပြင်းထန်ထန် ဆောင့်တိုးသွားရရင်း သူ ရှေ့သို့ ခြေလှမ်းကြဲကြဲလှမ်းလိုက်၏။



"ပြန်စဉ်းစားဦး"



ရိချန်းလျန်က အလျင်စလို နောက်ကလိုက်လာလျက်



"ငါ မင်းရဲ့ ခေါင်းကို မထိလိုက်သင့်ဘူး?"



"ရလဒ်ကောင်းတွေရတဲ့အတွက် ကိုယ်ကိုယ်ကိုယ် အားရကျေနပ်တာမျိုး မလုပ်လိုက်သင့်ဘူး!"



"ငါ မင်းကို မကြွားလိုက်သင့်ဘူး!"



ယွင်ဖန်းက စင်ပေါ်မှ ဘောပင်တစ်ချောင်းကောက်ယူလိုက်ပြီး သူ့အား ပြောစရာမဲ့စွာ ကြည့်လိုက်၏ ။



"မင်း ကောင်းကောင်းလုပ်နိုင်လို့ ငါက မင်းထက်ပိုပြီး ပျော်သေး"



ရိချန်းလျန်က သူ့စကားများကြောင့် အနည်းငယ် ရှက်သွားမိကာ စင်ကိုမှီလျှက် သူ့ကိုပြုံးပြလာသည်။



"ငါသိပါတယ်၊ အဓိကက မင်းသင်ပေးတာကောင်းလို့ပဲလေ"



ယွင်ဖန်းက ကဒ်ဖြတ်ရန် ငွေရှင်းကောင်တာကို သွားလိုက်၏။



"ဆိုတော့ မင်း ဘယ်နေရာမှာ မှားသွားတာလဲ?"



"...."



ရိချန်းလျန်က အရူးလေးလိုသူ့ကိုပြုံးပြလာပြန်သည်။



"ငါ မသိဘူး"



ယွင်ဖန်းက သူ့နံရိုးကို ထိုးလိုက်ကာ



"မသပ်မရပ်နဲ့ အမြင့်ကြီးကနေ ခုန်ဆင်းရဲနေတယ်ပေါ့?"



ရိချန်းလျန် ရုတ်တရက် သဘောပေါက်သွားလေသည်။ နောက်ဆုံးမှာ ယွင်ဖန်း စိတ်ဆိုးသွားရသည့် အကြောင်းပြချက်ကို ရှာတွေ့သွားခဲ့ပြီပင်။ သူ့နှလုံးသားက ပူနွေးလာရရင်း  အရှက်သည်းစွာဖြင့် နှာခေါင်းကိုထိလိုက်မိသည်။



ယွင်ဖန်းက သူနှင့်အတူ စိတ်ရှုပ် မခံတော့ဘဲ အတန်းပြီး ခေါင်းလောင်းသံမြည်လာသည်နှင့် သူက စာသင်ဆောင် အဆောက်အဦးဆီသို့ လျှောက်သွားလိုက်တော့သည်။



သူ ငါ့ကို အရမ်းဂရုစိုက်တယ်! 



ရိချန်းလျန် ကြိတ်၍ကြည်နူးနေမိသည်မှာ ထိုတစ်ယောက် ဘယ်တုန်းက ထွက်သွားမှန်းပင် သတိမထားလိုက်မိပါချေ။



သူက တိတ်တိတ်ကလေး ရယ်လိုက်ပြီးနောက် ခပ်သွက်သွက်ပြေးလိုက်ရင်း ယွင်ဖန်းကျောပေါ်သို့ ခုန်အုပ်လိုက်သည်။ ယွင်ဖန်းက သူ့အရှိန်ကြောင့် နှစ်လှမ်းမျှ ယိုင်သွားလေသည်။



ရိချန်းလျန်က သူ့လည်ပင်းကို သိုင်းဖက်လိုက်ရင်း နှစ်ချက်လောက် ပွတ်လိုက်ကာ တီးတိုးပြောလိုက်သည်။



"ငါ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး၊ စိတ်မဆိုးပါနဲ့တော့"



ယွင်ဖန်းက မျက်နှာသေနှင့် သူ့ခေါင်းကို တွန်းဖယ်လိုက်၏။



" အလိုလိုက်ခံကလေးလို လာလုပ်မနေနဲ့"



ရိချန်းလျန်က သူ့အား အထိတ်တလန့်ဖြင့် ကြည့်လာပြီး ပြတ်ပြတ်သားသားပြောလာ၏။



" ငါဘယ်တုန်းကမှ ကလေးလို မလုပ်ခဲ့ပါဘူး"



ယွင်ဖန်းက အကြင်နာမဲ့စွာရယ်လိုက်လေသည်။



ရိချန်းလျန်သည်တော့ ကြမ်းကြမ်းတမ်းတမ်းထိုးနှက်ခံလိုက်ရပုံရသည်။ နေ့လည်စာစားရန် ကန်တင်းသို့သွားသည့်အချိန်ထိ သူက ခိုင်ခိုင်မာမာ ငြင်းဆိုလာ၏။



"ငါ ဘယ်တုန်းကမှ အလိုလိုက်ခံကလေးလို မလုပ်ခဲ့ဖူးဘူး၊ ငါတို့ကအရာအားလုံးမှာ အတူတူပဲလေ၊ မင်းကောင်းကောင်းသိသင့်တယ်"



"မဟုတ်ဘူး၊ ငါတို့က မတူဘူး"



ယွင်ဖန်းက သူ့ပန်းကန်ထဲမှ ကြက်ပေါင်အကြီးကြီးကို ရိချန်းလျန်ပန်းကန်ပြားထဲ ထည့်ပေးကာ ပြုံးလျှက်ပြောလာ၏။



"များများစားပြီး မင်းဦးနှောက်ကို ထပ်ဖြည့်လိုက်ဦး"



ရိချန်းလျန်:"...မင်း တကယ်ကြီး အာဃာတတွေ ထားနေတုန်းပဲကိုး"



"ဟုတ်တယ်၊ ငါတို့ လူကြီးတွေက သဘောထားသေးသိမ်တယ်လေ"



ယွင်ဖန်းက တို့ဖူးနည်းနည်းစားလိုက်၏။ ငန်လှသည်မို့ သူ့မှာထွေးထုတ်လုနီးပါး။

သူ့လက်ကို မြှောက်လိုက်သည်နှင့် ရေတစ်ခွက်က လက်ထဲ ရောက်လာသည်။



"ကြည့်ရတာ‌ ကံက ဒီနေ့ သိပ်မကောင်းပုံပဲ"



ရိချန်းလျန်က  နည်းနည်းလောက် ‌စားကြည့်ရန် အကြံကို လက်လျှော့လိုက်သည်။



ကန်တင်း၏ တို့ဖူးက အရသာရှိလွန်းသည်နှင့် ငန်လွန်းသည်ကြား ခုန်ကူးနေတတ်ကာ စားလို့ရမရက​တော့ မိမိကံအပေါ် မူတည်ပေသည်။



ယွင်ဖန်းက တို့ဖူးအား အနည်းငယ် စိတ်ပျက်စွာကြည့်နေချိန် သူ့ပါးစပ်ထဲ ထမင်းကြော်ဇွန်းအပြည့်တလုပ်ထိုးထည့်ခံလိုက်ရလေ၏။



“ဒီနေ့ရဲ့ ထမင်းကြော်က စားကောင်းတယ်"



ရိချန်းလျန်က သူ့ဇွန်းကို ပြန်ရုတ်လိုက်သည်။ လှုပ်ရှားမှုများက အလွန်အမင်းကို သဘာဝကျလှသည်ပင်။



ယွင်ဖန်းက ထမင်းကြော်ကို မျိုးချလိုက်ပြီးလည်ချောင်းရှင်းလိုက်ကာ၊



"မင်း သတိထားနေ"



"ဟွန်?"



ရိချန်းလျန်က သူ့အား အနည်းငယ် ကြောင်အမ်းဟန်ဖြင့် ကြည့်လာလျက်



"ထမင်းကြော်က ဒီလောက်ထိ ရက်စက်စရာကောင်းနေလို့လား?"



"ဒါလေးကို ချီးကျူးမိတဲ့ အတန်းဖော်ကို မင်း သေအောင် ရိုက်မလို့လား?"



ယွင်ဖန်းက ခေါင်းငုံကာ စားလိုက်၏။



"ရိုက်မိတော့မလို့ပဲ"



ရိချန်းလျန် အကြီးကျယ် ထိတ်လန့်သွားဟန်ဖြင့် ထမင်းကြော်ကို အရေးတကြီး တစ်လုပ်ပြီး တစ်လုပ် စားတော့သည်။



ယွင်ဖန်းက စိတ်ထဲမှနေ သက်ပြင်းအသာ ချလိုက်၏။ သူသာ အတွေးများနေတာ ဖြစ်ပေလိမ့်မည်။



နှစ်သစ်ကူးအကြိုတွင် ရိချန်းလျန်က အတော်လေး မူးနေကာ သတိလွတ်နေခဲ့တာပင်။ ရိချန်းလျန်ဟာ သူ့ဟာသူ ပြောခဲ့တာတွေကို မေ့ကုန်ပြီမှန်း သူအကြိမ်ရေအနည်းငယ်စမ်းသပ်ပြီးနောက် သိရှိပြီးသား ဖြစ်သည်။ 



ကံကောင်းစွာဖြင့် 

သူသည်လည်း မူးနေတာကိုအခွင့်ကောင်းယူကာ ရိချန်းလျန် အထင်မှားသွားစေမည့်ဟာမျိုး မပြောမိခဲ့။ ယွင်ဖန်း စိတ်သက်သာရာရသွားပေမဲ့ ရှင်းပြမရနိုင်စွာပင် အနည်းငယ် ဆုံးရှုံးသွားသလိုလည်း ခံစားနေခဲ့ရလေသည်။



ဘာ့ကြောင့် ဆုံးရှုံးသွားသလို ခံစားရသလဲ ဆိုသည်ကိုတော့ ယွင်ဖန်းမှာ နက်နက်နဲနဲကြီး မတွေးဝံ့ပါချေ။



ရိချန်းလျန်က မီးစမွှေးခဲ့ပေမဲ့ သူကတော့ ဝင်ပါလို့မဖြစ်။



လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်လျှင်က ကောင်းလှ‌ပြီဖြစ်သည်။ သူ ရိချန်းလျန်နှင့် အတူရှိနေနိုင်ကာ ထိုသူကြီးပြင်းလာသည်ကိုကြည့်ပြီးနောက် သူတို့နှစ်ယောက်ဟာ မိသားစုကဲ့သို့သော အခြေအနေတစ်ခုအထိ ရင်းနှီးသွားကြပေလိမ့်မည်။



သူ၏ ထိန်းချုပ်မှုကို မလွှတ်လိုက်နိုင်ပါချေ။



****


ဒုတိယအပတ်ထဲ၌  ကျောင်းပြောင်းကျောင်းသားတစ်ယောက်က  အတန်းတစ်ဆယ်သို့ ရောက်ရှိလာသည်။



"အားလုံးနဲ့ မိတ်ဆတ်ပေးမယ်။ ဒါက ကျောင်းကိုအခုမှ ပြောင်းလာတဲ့ ငါတို့ရဲ့ အတန်းဖော်အသစ်  စူးချင်းပိုင် တဲ့"



လောင်ဖုန်းက အားတက်သရော မိတ်ဆက်ပေးလာသည်။



အတန်းထဲ သံစုံအော်သံများ မြင့်တက်လာ၏။



"သောက်ကျိုးနည်း ချောချက်ဟေ့!”



“လူချမ်းသာ သခင်လေးလားဟ!”



"လူချောလေး၊ ဒီကိုကြည့်ပါဦး!"



"တိတ်တိတ်နေကြ!"



လောင်ဖုန်းက စင်မြင့်ကို ရိုက်လိုက်ကာ ခေါင်းလှည့်လို့  စူးချင်းပိုင်ထံ ဖွေရွေသည့်မျက်နှာဖြင့် ပြောလိုက်သည်။



"အတန်းဖော်တွေဆီ မင်းကိုယ်မင်း မိတ်ဆက်ပေးလိုက်ပါဦး"



စူးချင်းပိုင်က အမှန်ကို ကြည့်ကောင်းလှသည်။ အဖျားကော့တက်သွားသော စူးရှရှဇာမဏီမျက်ဝန်းတစ်စုံက လှပကာ စူးရဲ၏။ သူ လူတွေကို ပြုံးပြီးကြည့်လိုက်ပုံက ရုပ်ရှင်ထဲက ထွက်လာသော ငွေကြယ်ပွင့်အလားပင်။သူက ထောင်လွှားတာမဟုတ်မသလို နှိမ့်ချတာမဟုတ်သည့် ဟန်ပန်ဖြင့် ပြောလာသည်။



"အားလုံးပဲ မင်္ဂလာပါ၊ ငါ့နာမည်က စူးချင်းပိုင်ပါ၊ အစိမ်းရောင်ထင်းရှူးပင်ရဲ့ ချင်း နဲ့ ဆိုက်ပရက် ရဲ့ ပိုင်ပါ။ အားလုံးနဲ့ အတန်းဖော်ဖြစ်ရတဲ့အတွက် ဝမ်းသာပါတယ်"



အတန်းထဲ လက်ခုပ်သံများ ဆူညံသွားလေ၏။



ယွင်ဖန်းက အတော်လေး လူမှုရေးကောင်းစွာဖြင့် အားလုံးနှင့်အတူ လက်ခုပ်တီးလိုက်သည်။ ဤတစ်ယောက်ကို ကြည့်ရသည်မှာ ရင်းနှီးလှသည်ဟု သူခံစားနေရ၏။ တစ်နေရာရာမှာ တွေဖူးခဲ့သလိုဖြစ်ပေမဲ့ သူမမှတ်မိပါချေ။



ရှန်ကျိုးကျိုးကမူ သူမစာအုပ်ကို ငုံ့ကြည့်နေသည်။ သူမ၏ မျက်နှာက ပုံမှန် အလေးအနက်မျက်နှာပေးကို ထိန်းသိမ်းထားဆဲဖြစ်၏။ပထမဆုံးအကြိမ် မြင်တုန်းကတော့ ယွင်ဖန်းသည် အနှီမိန်းကလေးက အတော်ကြိုးစားတာပဲဟု တွေးခဲ့ဖူးသေးသည်။

အမှန်တော့ စာအုပ်အဖုံးနှင့် ဖုဲးအုပ်ထားသည့် အတွင်းဘက်မှာတော့ "တစ္ဆေပုံပြင်များ စုစည်းမှု" သာ ဖြစ်လေသည်။



ဤ ဆန်းကြယ်သည့်မိန်းကလေးက အချိန်ရတိုင်း ထူးဆန်းကာ 

ဆန်းကြယ်လှသည့် မည်သည့်စာအုပ်မျိုးကိုမဆို ဖတ်တတ်ပေသည်။ တစ်ခါကဆိုလျှင် သူမက "စကြာဝဠာမှတ်တမ်း" မိတ္တူတစ်အုပ်ကို ကိုင်ထားပြီး ပေါ်ပေါ်ထင်ထင်ပင် ဖတ်နေလိုက်သေးသည်ကို ယွင်ဖန်း မြင်ဖူးသေး၏။



ချင်ကျွင်းက ဒီနေ့မှာ နေမကောင်းသဖြင့် ခွင့်ယူထားသည်။ ထို့ကြောင့် လောင်ဖုန်းက ယွင်ဖန်းဘေးရှိနေရာလွတ်ကို ပြလာပြီး ပြောလာသည်။ 



"စူးချင်းပိုင် အဲ့ဒီနေရာမှာ ခဏထိုင်လိုက်ဦး၊ အတန်းပြီးလို့ရှိရင် အတန်းခေါင်းဆောင်က လူနည်းနည်းခေါ်ပြီး ရုံးခန်းကနေ စားပွဲနဲ့ ထိုင်ခုံအသစ်တစ်စုံသွားယူပေးလိမ့်မယ်။"



စူးချင်းပိုင်က ချင်ကျွင်း၏ နေရာတွင်ထိုင်လိုက်ကာ အတော်လေး ရင်းနှီးလှသည့်အပြုံးဖြင့် ယွင်ဖန်းကို ပြုံးပြလာသည်။



"ဟဲလို အတန်းဖော်"



"ဟဲလို"



ယွင်ဖန်းကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြလိုက်သည်။



စူးချင်းပိုင်က အတန်း၏ သင်ကြားရေး အခြေအနေအား ယဉ်ကျေးစွာမေးမြန်းလာပြီး ယွင်ဖန်းက အားလုံးကို ဖြေပေးတော့ သူက ယဉ်ကျေးစွာပင် ကျေးဇူးတင်ကာ ချီးကျူးလာ၏။



"မင်းရဲ့လက်ရေးက အရမ်းလှတာပဲ"



"ကျေးဇူးတင်ပါတယ်"



ယွင်ဖန်းက သူ့ပုံနှိပ်စာအုပ်ကို ပြန်ယူလိုက်၏။



အတန်းပြီးသည်နှင့် ရိချန်းလျန်က သူ့ကို လာရှာကာ စူးချင်းပိုင်ကို ကျော်လို့ ယွင်ဖန်းကို ခေါ်လာသည်။



"သန့်စင်ခန်းသွားရအောင်"



စူးချင်းပိုင်ခေါင်းလှည့်လာပြီး ရိချန်းလျန်ကို မြင်ချိန်တွင် မျက်လုံးထဲ အံ့ဩသည့် အရိပ်အယောက်တစ်ချက် လက်သွားခဲ့ပေမဲ့ အမြန်ပင် ဖိနှိပ်လိုက်လေသည်။



ယွင်ဖန်းက တကယ်တော့ သန့်စင်ခန်းမသွားချင်ပေမဲ့ ရိချန်းလျန်၏ ပုံက အတည်အတံ့ဖြစ်နေကာ သွားကိုသွားဖို့ အချက်တွေ ပြနေလေ၏။



နှစ်ယောက်သား စင်္ကြန်တွင် လျှောက်နေရင်းဖြင့် ယွင်ဖန်းက ပြောလိုက်သည်။



"သန့်စင်ခန်းသွားဖို့ကို မင်း ငါ့ကို ဆွဲခေါ်လာစရာ မလိုဘဲနဲ့"



ရိချန်းလျန်က သူ့ကိုမေးလာသည်။



"အတန်းချိန်တုန်းက စူးပိုင်ချင်း မင်းကို ဘာပြောတာလဲ၊ မင်းအရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်နေတာ"



"သူ့နာမည်က စူးချင်းပိုင်ပါကွာ"



ယွင်ဖန်းက အမှားပြင်ပေးလိုက်သည်။



"သူက ငါတို့တွေ ဘယ်ဘာသာမှာ ဘယ်အထိ သင်ပြီးပြီးလဲလို့ မေးတာ"



ရိချန်းလျန်က အထင်သေးစွာဖြင့် နှာမှုတ်လိုက်၏။



ထိုသူ လူစိမ်းတစ်ယောက်အပေါ် ရွံရှာပုံပြသည်ကို ယွင်ဖန်း ရှားရှားပါးပါးတွေ့ဖူးတာဖြစ်တာကြောင့် မထိန်းနိုင်စွာ မေးလိုက်မိသည်။



"သူမင်းကို ရန်စဖူးလို့လား?"



ရိချန်းလျန်က မျက်မှောင်ကြုတ်သွား၏။



"ဘာပဲဖြစ်ဖြစ် ငါ သူ့ကို သဘောမကျရုံပဲ"



မေးခွန်းမေးရုံသာဆိုပေမဲ့ ထိုသူက အရမ်းကို နီးကပ်ခဲ့ကာ သူတို့ခေါင်းများပင် ထိမိသွားခဲ့သည်ပင်။ ချင်ကျွင်းက ယွင်ဖန်းနှင့် နေ့တိုင်း အမြဲလို နီးကပ်နေသည်ကိုမြင်ရသည်ကပင် သူ့အဖို့ စိတ်ပျက်စေဖို့ လုံလောက်နေပြီဖြစ်သည်။



"သူက ချင်ကျွင်းနေရာမှ ခဏပဲထိုင်မှာပါ"



ယွင်ဖန်းက ပြောလိုက်သည်။



"မင်းသူ့ကို သဘောမကျဘူးဆိုရင် သူနဲ့ ဝေးဝေးနေလေ"



"မင်းလည်း ဝေးဝေးနေ"



ရိချန်းလျန်က ခိုင်ခိုင်မာမာပြောလာ၏။



"ကောင်းပြီ၊ ငါလည်း ဝေးဝေးနေမယ်"



သူ ပြင်းထန်နေပုံကိုကြည့်ကာ ယွင်ဖန်းမှာ ရယ်ချင်သွားရတော့သည်။



တိုက်တိုက်ဆိုင်ဆိုင်ပင် အခုက နားချိန်အရှည်ကြီးဖြစ်သည်မို့ နှစ်ယောက်သား သန့်စင်ခန်းသွားပြီးနောက်မှာတော့ ရိချန်းလျန်က ဘတ်စကတ်ဘော ကစားဖို့ပြောလာကာ ယွင်ဖန်းကတော့ စာသင်ခန်းထဲ ပြန်သွားပြီး လေ့ကျင့်ခန်းများ လုပ်ချင်မိလေ၏။ သို့ပေမဲ့ အဆုံးမှာတော့ သူက ရိချန်းလျန်ကို မခုခံနိုင်စွာပင် ကစားကွင်းဆီ ဆွဲခေါ်သွားခြင်း ခံလိုက်ရဆဲသာ။



ရိချန်းလျန်က အားကစားအင်္ကျီသာ ဝတ်ထားကာ ဘတ်စကတ်ဘောကွင်းထဲ၌ ကျိရှူမော့၊တခြားသူများနှင့်အတူ ပြေးလွှားနေလေသည်။ ယွင်ဖန်းကတော့  ခုံရှည်ပေါ်ထိုင်ကာ ပျင်းရိစွာ နေပူဆာလှုံနေ၏။ အနည်းငယ်အေးသည်ဟု ခံစားရတာကြောင့် ရိချန်းလျန်၏ ဂျာကင်ကိုတော့ ခြုံထားကာ အိပ်ငိုက်နေတော့သည်။



"ကောင်းလိုက်တဲ့ ပစ်ချက်!"



ရိချန်းလျန် တစ်ဂိုးရသွားတော့ သူ့အသင်းဖော်က အားပေးလာသည်။ ရိချန်းလျန်က ခေါင်းလှည့်ကာ ယွင်ဖန်းရှိရာဆီ အတော်လေး ဂုဏ်ယူနေသည့်မျက်နှာထားဖြင့် မေးဆတ်ပြလာ၏ ။



ယွင်ဖန်းက အလွန်ဝတ်ကြေတမ်းကြေနိုင်စွာ  လက်မထောင်ပြလိုက်လေသည်။



ရိချန်းလျန်ကတော့ အကြီးအကျယ်အားတက်သွားလေကာ ကစားကွင်းထဲ သူ့စွမ်းအားများကိုပြသရင်း တစ်ဂိုးပြီးတစ်ဂိုးသွင်းကာ အမှတ်ယူပြနေသည်မို့ ဘေးမှာရှိနေသည့် မိန်းကလေးများအား အဆက်မပြတ် အော်ဟစ်သွားစေတော့သည်။



အတန်းချိန်များအကြားရှိ အားလပ်ချိန်များက သိပ်မကြာရှည်လှသည်မို့ တော်တော်ကြာကြာ မကစားလိုက်ကြရချေ။ သို့ပေမဲ့ ရိချန်းလျန်က ချွေးများ မနည်းမနော ထွက်နေ၏။ သူက ယွင်ဖန်းဘေးမှာ ထိုင်လိုက်ပြီး ပခုံးပေါ် မှီဖို့ ဟန်ပြင်လိုက်ပေမဲ့ ယွင်ဖန်းဆီကနေ ရွံရှာစွာ တွန်းထုတ်ခြင်းကိုသာ ခံလိုက်ရချေသည်။



ညစ်ကျယ်ကျယ်နိုင်လှသော ရိချန်းလျန်သည် ယွင်ဖန်း၏ လည်ပင်းအား သူ့လက်မှချွေးများဖြင့် သုတ်ဖို့ ဟန်ပြင်လာသည်။ သို့ငြား ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပစ်လိုက်သည်မို့ ရိချန်းလျန်ခမျာ  အော်သံပင် ထွက်သွားရ၏။



“အာ့၊ နာတယ်!"



ယွင်ဖန်းက သူ့ကို သတိပေးရုံသာဖြစ်သည်မို့ အားသိပ်ထည့်မထားချေ။ရိချန်းလျန်၏ နာနာကျင်ကျင် အော်သံကို ကြားသည်နှင့် သူက ရပ်လိုက်ပြီးဖြစ်သည်။ သို့ပေမဲ့ ရိချန်းလျန်က လျှပ်စီးကဲ့သို့ လျှင်မြန်လှသောအရှိန်ဖြင့် လက်အပြည့်ချွေးများကို ယွင်ဖန်း၏ လည်ပင်းထက်သို့ သုတ်လိုက်နိုင်လေသည်။



ယွင်ဖန်းက အတော်လေး စိတ်ကုန်စွာဖြင့် သူ့ကို ကန်ပစ်ဖို့ ဟန်ပြင်လိုက်သည်။ ရိချန်းလျန်က ရုတ်တရက် ခုန်လိုက်ရာ တစ်ယောက်ယောက်ကို ဝင်တိုက်မိသွားလေသည်။



မိန်းမငယ်လေးက ဟန်ချက်ပျက်ကာ နာကျင်နေသည့်အမူအယာဖြင့် သူမလက်ကို ကိုင်ထားကာ  ရိချန်းလျန်ကို ကြည့်လာ၏။။



"တောင်းပန်ပါတယ်"



ရိချန်းလျန်မှာ ဘယ်လိုမျက်နှာပေးမျိုး လုပ်ရမည်မှန်း မသိတာကြောင့် မျက်နှာသေကြီးသာ လုပ်ပြထားလိုက်၏။



မိန်းမငယ်လေးမှာမူ လက်ထဲက ရေပုလင်းကို ကိုင်ထားဆဲဖြစ်ပြီး လက်ဆန့်ကာ ရိချန်းလျန်ဆီ ရေဘူးကမ်းပေးလာသည်။ သူ စကားမပြောလိုက်နိုင်ခင်မှာ သူမ၏ မျက်နှာက နီရဲလျက် စကားဆိုလာ၏။



"ဟဲလို၊ ငါ့နာမည်က ပေရှင်းရှင်းပါ အတန်းရှစ်က ...၊နင်က ဘတ်စကတ်ဘော ကစားတာ အရမ်းတော်တယ်!"



ရိချန်းလျန် မသိလိုက်ဘာစွာဖြင့် နောက်ဆုတ်သွားသည်။



သူ့ တုန့်ပြန်ပုံကို ကြည့်ပြီး ပေရှင်းရှင်းမှာ မျက်ရည်ဝဲသွားရသည်။ သူမက အလျင်အမြန်ပင် သူ့လက်ထဲ ရေဘူး ထိုးထည့်ကာ ပြောလာ၏။



"ရေက နင့်အတွက်ပါ"



ပြောပြီးသည်နှင့် သူမက နောက်လှည့်ပြီး ထွက်ပြေးသွားလေတော့သည်။



ရိချန်းလျန်က ရေဘူးကို ယွင်ဖန်းဆီ ပေးလိုက်၏။



"ဒါကို ဘာလို့ ငါ့ကို လာပေးတာတုန်း?"



ယွင်ဖန်းက သူ့အား စနောက်လိုဟန်ဖြင့် ကြည့်လိုက်၏။



"ကောင်မလေးက ဒီရေကို မင်းအတွက် ယူလာတာလေ"



ရေက အေးအေးလေး ဖြစ်တာကြောင့် ရိချန်းလျန်က တမင်တကာပင် ယွင်ဖန်း၏ လည်ပင်းနားမှာ ထိကပ်ပစ်လိုက်ရာ သူ့လည်ပင်းက ကျုံ့သွားရသည်။



ယွင်ဖန်းက သူ့‌ခြေသလုံးကို ကန်ပစ်လိုက်၏။



"ခွေးကောင်လေး! ဒါကြီးက မညစ်ပတ်ဘူးလား?"



ယွင်ဖန်းက အားအများကြီး မထည့်လိုက်လေကာ ရိချန်းလျန်ကလည်း မရှောင်လိုက်ပေ။ သူ့ဘောင်းဘီထက်မှာတော့ ခြေရာတစ်ခုကျန်ခဲ့လေသည်။ သူက လူကို အပြုံးလေးဖြင့် ဆွဲထူကာ ပြောလိုက်သည်။



"အတန်းကို ပြန်သွားကြစို့"



ဘယ်သူမှ အာရုံစိုက်မခံရသော ရေဘူးလေးကတော့ ခုံတန်းထက်ဝယ် ထီးထီးချည်း ကျန်ခဲ့လေသည်။