အပိုင်း ၂၁၃ ( Demon Sect Leader 15 )
Viewers 43k

လရောင်အောက်တွင် ပိုးထည်အဝတ်များကို ဝတ်ဆင်ထားသော လူငယ်သည် သူ၏ ယခင်က နတ်ဆိုးဂိုဏ်း၏ လက်ဝဲရံအား သူ့လက်ဝါးအောက်၌ ပေါ့ပါးစွာ သတ်ခဲ့ပြီးနောက် ခေါင်းလှည့်လာကာ သူ့ကို ပြုံးပြခဲ့သည်...


ယန်ရှိူ့၏ နှလုံးခုန်သံမှာ ချက်ချင်း မြန်ဆန်လာခဲ့ပေသည်။

အမှန်ပင်၊ သူ့သခင်ဟာ အလွန်ချောမောပြီး လှပသည်။

ဒါပေမယ့် သခင်က လက်ဝဲရံကိုတောင် အရမ်းရက်စက်တာ၊ သေချာပေါက် သခင်က သူ့ရဲ့ လက်အောက်ငယ်သားတွေကို သနားထောက်ထားနေမှာ မဟုတ်ဘူးမလား?

ထို့အပြင် လျိုကျိချင်းက သခင့်၏လက်ထဲသို့ ကျရောက်ပြီးဖြစ်သည်။ ဒါပြီးရင် သူက တည်ရှိဖို့ မလိုတော့ဘူးမလား?

ယန်ရှိူ့သည် မည်သို့တုံ့ပြန်ရမည်မှန်း ခဏမေ့လျော့သွားသဖြင့် ငေးကြောင်စွာ ရပ်နေခဲ့သည်။

သိုင်းပညာရှင်များအနက် သန်မာသူများကို ယန်ကျင်းဇီက အကြောနှိပ်ပြီးဖြစ်ရာ ကျန်လူများမှာ ကြောက်စရာမရှိချေ။ ယန်ကျင်းဇီက ပြောခဲ့သည် : “ ဒီလူတွေကို သတ်စရာမလိုဘူး။ အကြောနှိပ်ပြီးရင် သူတို့ကို ကြိုးနဲ့သာ ချည်ထားလိုက်။ ”

“ ဟုတ်ကဲ့ပါ သခင်! ” အရိပ်သက်တော်စောင့်များသည် အတူတကွ ဖြေခဲ့ကြပြီး သူတို့၏အသံများမှာ ဝုန်းခနဲ မြည်ဟည်းနေသည်။

သူတို့သခင်၏ခွန်အားမှာ ပြန်ကောင်းသွားပြီးဖြစ်သည်။ အခု သူတို့အကုန်လုံး အရမ်းပျော်နေပြီ!

အချိန်ခဏကြာသည့်အထိ အမူအရာမဲ့သော မျက်နှာမျိုး ထားတတ်သည့် အရိပ်သက်တော်စောင့်ပင်လျှင် သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ထုတ်ပြလာခဲ့သည်။

ထိုသိုင်းပညာရှင်များမှာမူ ကွဲပြားသည်။ ဤအချိန်တွင် သူတို့အားလုံးသည် အလွန်ကြောက်ရွံ့နေကြပြီး သူတို့၏ အသည်းနှင့် သည်းခြေအိတ်များပင် ကွဲထွက်လုနီးပါးပင်။

အစောကလေးတင်ကမှ သူတို့သည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို သူ၏ အရိပ်သက်တော်စောင့်များနှင့်အတူ ပေါင်းသတ်နိုင်သည်ကို ပျော်ရွှင်နေခဲ့ကြသော်ငြား အခြေအနေဟာ မျက်စိတမှိတ်အတွင်း ပြောင်းလဲသွားမည်အား သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဒီသိုင်းပညာရှင်တွေ၊ သူတို့အားလုံးက မထင်မှတ်ဘဲ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ လက်ထဲကို ကျသွားကြပြီ!

ကျူးလျန်ယင်း၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နေ၏။

ယန်ကျင်းဇီက သူ၏ နှုတ်ပြောရာ အပ်စိုက်အမှတ်ကို မနှိပ်ထားသဖြင့် သူသည် စကားပြောနိုင်သည်။ သို့သော် ဤအခိုက်အတန့်မှသာ နောက်ဆုံးတွင်တော့ သူသည် ခက်ခက်ခဲခဲ စကားပြောခဲ့သည် : “ မင်းက နတ်ဆိုးဂိုဏ်းခေါင်းဆောင်လား? ”

“ ဟုတ်တယ် ” ယန်ကျင်းဇီသည် အလွန်အပြစ်ကင်းပုံပေါ်ကာ ကျူးလျန်ယင်းကို ပြုံးပြသည်။

“ မဖြစ်နိုင်ဘူး... ” ကျူးလျန်ယင်း ‌မှင်သက်သွားသည်။

လက်ဝဲရံကြောင့် သူသည် နတ်ဆိုးဂိုဏ်း၏ အခြေအနေကို အလွန်ကောင်းစွာ သိရှိပြီး သဘာဝကျစွာပင် သူသည် “သခင်ကျင်း” ဟူသော လူကိုလည်း သိသည်။

သူသည် ယခင်က တိတ်တဆိတ် သွားရောက်စုံစမ်းခဲ့ဖူးပြီး ဤ“သခင်ကျင်း”ကိုလည်း မြင်ဖူးခဲ့သည်။

ဤလူဟာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ အမျိုးသားအချစ်တော်မှန်း ထင်ရှား၏။ ဘယ်လိုလုပ် သူက နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်တာလဲ?

သူက နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဆိုရင် အရင်က ခေါင်းဆောင်က ဘယ်သူလဲ?

ကျူးလျန်ယင်းသည် သူ့လည်ပင်းကို မလှုပ်နိုင်သော်ငြား သူ့မျက်လုံးများမှာ ယန်ရှိူ့ကို ကြည့်နေဆဲဖြစ်သည်။

“ အားရှိူ့က ငါ့ချစ်သူ။ ” ယန်ကျင်းဇီ သူ့ကို ရှင်းပြလိုက်သည်။

ဤသည်ကို ကြားရသော် ကျူးလျန်ယင်း၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

ယခင်က သူသည် “နတ်ဆိုးဂိုဏ်းခေါင်းဆောင်”က လျိုကျိချင်းနှင့် ရုပ်ဆင်သည်ကို အံ့အားသင့်ခဲ့ရသော်လည်း ယခု ယန်ကျင်းဇီက ဤသို့ပြောသောအခါ သူသည် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးမိသည် — ဖြစ်နိုင်တာ အရင်က “အားရှိူ့” ဆိုတာက လျိုကျိချင်းကို ဆုံးရှုံးရပြီးတော့ နတ်ဆိုးဂိုဏ်းခေါင်းဆောင် ရှာတွေ့ထားတဲ့ အစားထိုးလား?

သူ့ချစ်ရသူမှာ တစ်ဦးတစ်ယောက်၏ စိတ်ထဲတွင် ရှိနေသည်... *ကျူးလျန်ယင်း၏မျက်နှာ ပြာနှမ်းသွား၏။

(T/N note: မျက်နှာပြာနှမ်း - အသက်မရှူမိတဲ့အထိ အရမ်းဒေါသထွက်သည်)

ယနေ့တွင် သူဟာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်၏ လက်ထဲ၌ သေတော့မည်သာမက သူ့ချစ်ရသူကိုပင် လုယူခံရလောက်သည်... ဤသည်မှာ သူ့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်သည်။

ကျူးလျန်ယင်းသည် အလွန်စိတ်ဆိုးနေသည်။ အခြားတစ်ဖက်တွင်မူ ယန်ရှိူ့သည် ယန်ကျင်းဇီ၏စကားကို ကြားလိုက်ပြီး လူတစ်ကိုယ်လုံး တုန်ယင်သွားသည် — သခင်က သူ့ကို တကယ်ပဲ “ချစ်သူ”လို့ ခေါ်လိုက်တာလား?

သူ နားကြားမှားတာလား?

သူ့စိတ်ထဲတွင် များစွာတွေးမိသော်ငြား ယန်ရှိူ့၏မျက်နှာမှာ တစ်ခါမှ မျက်နှာအမူအရာကို မပြသဖူးသောကြောင့် သူဟာ အမှန်တကယ်တော့ စိတ်အာရုံပျံ့လွင့်နေမှန်း လူများကို မမြင်တွေ့နိုင်စေချေ။

ပတ်ဝန်းကျင်ရှိ အရိပ်သက်တော်စောင့်များသည် ၎င်းကို လုံးဝ သတိမပြုမိ‌ကြပေ။ သူတို့သည် ယန်ရှိူ့ကို မနာလိုဖြစ်စွာ ကြည့်နေကြပြီး ချဉ်တူးစွာ ခံစားနေကြရသည်။

ယန်ရှိူ့က မုန်းဖို့ကောင်းလွန်းတယ်! သူက သခင် သူ့ကို ချစ်သူအဖြစ် ဆက်ဆံအောင် လုပ်ထားတယ်!

ဘာလို့ သူတို့မှာ အဲ့လိုကံမျိုး မရှိရတာလဲ?

ယန်ရှိူ့သည် ရုတ်ချည်း အသိဝင်လာပြီး သူ့အနားရှိ အရိပ်သက်တော်စောင့်များ၏ အကြည့်ကို ခံစားလိုက်ရသည်။ သူသည် အသက်ပြင်းပြင်းရှူကာ သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။

သူ့သခင်က ဘာကြောင့် ထိုသို့ပြောမှန်း သူ မသိသော်လည်း ဤရက်ပိုင်း၌ ဤလူများရှေ့တွင် သူ့သခင်က သူ့ကို မည်မျှအလိုလိုက်ကြောင်း သူ ကြွားလုံးမထုတ်ရသေးပေ။ ဤအခိုက်အတန့်တွင် သူသည် သူ၏ အလွန်ချစ်ခင်ခြင်းခံရသော သရုပ်ကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိဆဲဖြစ်သည်။

သူ့နှလုံးသားထဲတွင် တိတ်တခိုးမျှော်လင့်ချက်တစ်ခုပင် ထွက်ပေါ်လာသည်။

သခင်က သူ့ကို တကယ် စကြိုက်လာလောက်ပြီ!

ယန်ရှိူ့ ဤသို့တွေးမိစဉ် ထိုသိုင်းပညာရှင်များက နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး ကျိန်ဆဲကြသည်ကို သူ ကြားလိုက်ရသည် : “ နတ်ဆိုးဂိုဏ်းက နတ်ဆိုး၊ မင်း ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်! ”

“ မင်း မကောင်းမှုတွေ အများကြီး လုပ်ပြီးပြီ။ အနှေးနဲ့အမြန် မင်း ငရဲသွားရလိမ့်မယ်! ”

“ နတ်ဆိုးဂိုဏ်းက နတ်ဆိုး... ”


……


ယန်ရှိူ့သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး သူတို့ကို တိုက်ခိုက်တော့မည်အပြု၊ သူ့သခင်၏စကားကို သူ ကြားလိုက်ရသည်။

“ တစ်ယောက်ယောက်က ငါ့ကို ထပ်ပြီးကျိန်ဆဲရင် ငါ သူ့ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေ အကုန်လုံးကို သတ်ပစ်ပြီး သူ့ဂိုဏ်းကို သုတ်သင်ပစ်မယ်။ ” 

ယန်ကျင်းဇီသည် ဤစကားကို ပြောသောအခါ ပြုံးနေသော်လည်း သူ့အသံမှာ ပြတ်သားစွာ ပျံ့နှံ့သွားပြီး အကြောနှိပ်ခံထားရသော သိုင်းပညာရှင်များမှာ အတွင်းအားကြောင့် တုန်လှုပ်ချောက်ချားသွားကြသည်။

နတ်ဆိုးဂိုဏ်း စုဆောင်းထားသော သိုင်းကျမ်းများအနက် ရှောင်လင်၏ ခြင်္သေ့ဟိန်းသံလည်း ပါဝင်သည်။ ယန်ကျင်းဇီသည် ခြင်္သေ့ဟိန်းသံ၏ ပြင်ဆင်ပြီးမူပုံစံကို အသုံးပြုခဲ့သည်။

လူများကို တိုက်ခိုက်ရန် အတွင်းအားကို အသံထဲသို့ ထည့်ခြင်းမှာ စကားလုံးတစ်လုံးတည်းနှင့် လူများကို အတွင်းဒဏ်ရာများ ခံစားရအောင် လုပ်ဆောင်နိုင်သည်... သူသည် ၎င်းက အလွန်မိုက်သည်ဟု ထင်သဖြင့် အထူးတလည် လေ့လာခဲ့ပြီး ယန်ရှိူ့ကို သင်ပေးခဲ့သည်။

ယန်ရှိူ့က အစောက တစ်ကြိမ်သုံးခဲ့ပြီး ယခုအခါ သူကိုယ်တိုင် သုံးခဲ့၏။ သုံးပြီးနောက် ထိုသိုင်းပညာရှင်များမှာ စကားမပြောရဲတော့ဘဲ သူ့ကို ဒေါသထွက်ထွက်နှင့် ထိတ်လန့်စွာသာ ကြည့်ကြတော့သည်။ ယန်ကျင်းဇီ စိတ်အခြေအနေကောင်းသွားသည်။

သူက အရမ်းသန်မာသည်။ လူတိုင်း ကြောက်ကြသည်။

ဤသို့တွေးရင်း ယန်ကျင်းဇီသည် ယန်ရှိူ့ကို လှမ်းကြည့်လိုက်ပြန်သည်။

ယန်ရှိူ့ဟာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေဆဲဖြစ်ပြီး မသိလျှင် သူက ဘာမဆို လုပ်နိုင်သကဲ့သို့ပင်။

တကယ်ပင်၊ သူတို့က လူပုံလယ်ထဲ ရောက်နေပြီး ယန်ရှိူ့က သူ့ကို ထိုသို့ကြည့်နေခြင်းမှာ သူ့အား အထူးတလည် ယန်ရှိူ့ကို ဆွဲယူ၍ နမ်းချင်လာစေသည်။

သူတို့ ခုနက လုပ်နေတုန်း တန်းလန်းကြီး၊ သူတို့ ဒီလူတွေကို မြန်မြန်ဖယ်ရှားပြီးတော့ နောက်တစ်ဝက်ကို ချက်ချင်း ဆက်မလုပ်သင့်ဘူးလား?

ယန်ကျင်းဇီသည် ခပ်ဖွဖွ ချောင်းဟန့်ပြီး ကျူးလျန်ယင်းနှင့် အခြားသူများကို သွားကြည့်သည်။

ဤသိုင်းပညာရှင်များတွင် နောက်ခံများစွာ ရှိနေသေးသည်။ အကယ်၍ ယန်ကျင်းဇီက သူတို့ကိုသာ သတ်ရန် ခြိမ်းခြောက်ခဲ့လျှင် သူတို့က သူ့ကို ဆက်လက်ဆူဆဲနေဦးမည်ဖြစ်သော်လည်း တစ်ယောက်ယောက်က သူ့ကို ဆူဆဲရဲလျှင် သူက သူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများကို သတ်ကာ သူ့ဂိုဏ်းကို သုတ်သင်ပစ်မည်ဟု သူ ပြောခဲ့သည်... ဤသိုင်းပညာရှင်များသည် သူ့ကို ဆက်လက်မဆူဆဲရဲကြတော့ပေ။ သူတို့က ယန်ကျင်းဇီကို ဒေါသထွက်စွာသာ ကြည့်နိုင်သည်။

ယန်ကျင်းဇီက ဆိုသည် : “ မင်းတို့တွေက တကယ်ပဲ... ငါက သိုင်းလောက ကနေ ထွက်ပြီး *ရွှေလက်ဆေးကန်ထဲမှာ လက်ဆေးပြီးတော့ ချမ်းသာတဲ့ သာမန်လူတစ်ယောက် ဖြစ်လာဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် မင်းတို့က တကယ်ကြီး ငါ့တံခါးဝကို သေဖို့ ရောက်လာပြီး ငါ့ရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို နှောင့်ယှက်တယ်။ ”

(T/N note: *ရွှေလက်ဆေးကန်ထဲမှာ လက်ဆေး - တရားမဝင်ဘဝကို စွန့်လွှတ်)

ကျူးလျန်ယင်း အံ့အားသင့်သွားသည်။

ယန်ကျင်းဇီက ဆက်ပြောပြန်သည် : “ မင်းတို့မှာ နတ်ဆိုးဂိုဏ်းနဲ့ အမုန်းတရားတွေ ရှိတယ်။ ဒါပေမယ့် မင်းတို့မှာ ငါနဲ့ အမုန်းတရား မရှိဘူး။ ငါ နတ်ဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတာ တစ်နှစ်ကျော်ပြီ။ ငါ တာဝန်စယူကတည်းက ငါဟာ ငြိမ်သက်ပြီး မင်းတို့ကို တစ်ခါမှ ပြဿနာလာမရှာဖူးဘူး။ ဘာလို့ မင်းတို့က ငါ့ကို ပြဿနာရှာချင်ရတာလဲ? မင်းတို့ အရမ်းဆိုးဆိုးရွားရွား သေချင်နေကြတာလား? ”

ယန်ကျင်းဇီသည် စကားပြောပြီးနောက် သက်ပြင်းချလိုက်သည်။

ကျူးလျန်ယင်းသည် သူ့စကားမှာ မှားနေသည်ဟု ခံစားရသော်ငြား ငြင်းဆိုရန် ဘာမှမပြောနိုင်ပေ။

သူ့ရှေ့ရှိ နတ်ဆိုးဂိုဏ်းခေါင်းဆောင်က အမှန်တကယ်ပင် သိုင်းလောကကို ဘာမှမလုပ်ခဲ့ချေ။

သူက အလွန်သန်မာသော်လည်း ယခင်က သူတို့ နတ်ဆိုးဂိုဏ်းကို ဝန်းရံတိုက်ခိုက်သောအခါ သူက သူတို့ကို ရှောင်ရှားရန် လက်ဦးမှုယူခဲ့ပြီး သူတို့ကို လုံးဝ ပြဿနာလာမရှာဘဲ မသိလျှင် သူ့၌ သူတို့ထံသို့ မလိုမုန်းထား ရည်ရွယ်ချက် မရှိသကဲ့သို့ပင် ဖြစ်သည်။

ခဏကြာသည်အထိ ကျူးလျန်ယင်းသည် အနည်းငယ် နောင်တရသွားခဲ့ပြီး ဤစံအိမ်ကို ဝန်းရံတိုက်ခိုက်ရန် ဤနေရာသို့ လာမိသည်အား နောင်တရမိခြင်းဖြစ်သည်။

သိုင်းပညာရှင်များမှာ ပို၍ပင် နောင်တရကြ၏ — ဤလူက အလွန်သန်မာမှန်း သူတို့ ကြိုသိခဲ့လျှင် သူတို့သည် သေရန်အတွက် ဤနေရာသို့ လာမည်မဟုတ်ပေ။

“ ငါက အမြဲတမ်း လူတွေအပေါ် ကောင်းခဲ့တယ်။ ဒါပေမယ့် မင်းတို့က ငါ့ကို ဒီလိုတွန်းအားပေးကြတယ်... ဒါက ငါ့လက်ကို ဖိအားပေးနေတာ မဟုတ်ဘူးလား? ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ဥပမာ၊ ဒီလက်ဝဲရံ၊ သူက ငါ့ကို သစ္စာဖောက်ခဲ့တယ်။ ငါ သိတာ တော်တော်ကြာပြီ။ ဒါပေမယ့် ငါ သူ့ကို သွားခွင့်ပေးထားတုန်းပဲ။ ဒါပေမယ့် သူက ငါ့ကို ထပ်တလဲလဲ ပြဿနာရှာတယ်။ ငါက အရမ်းကြီး စိတ်ရှည်တတ်တဲ့သူ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သူက ငါ လုပ်ဖူးတာထက် လူတွေ ပိုသတ်ခဲ့ပြီး မကောင်းတဲ့ ကိစ္စတွေ အများကြီး ပိုလုပ်ခဲ့ဖူးတယ်။ ”

ယန်ကျင်းဇီ၏ စကားများမှာ မှန်ကန်သည်။ ဤသို့ကြားရပြီးနောက် ရှိနေကြသော သိုင်းပညာရှင်များမှာ အနည်းငယ် စိတ်ထိခိုက်ပြီး ပို၍ပင် နောင်တရသွားကြတော့သည်။

ဘယ်သူက သေချင်လို့လဲ? အထူးသဖြင့် ဤသို့ပြုမူချိန်တွင် သူတို့ဟာ သူတို့၏ဂိုဏ်းများကို ဆွဲချမိနိုင်လောက်သည်။

“ အလိမ်စကားတွေနဲ့ လူထုကို မလှည့်ဖြားနဲ့! ဘယ်လိုလုပ် မင်းက သူများတွေကို ကြင်နာနိုင်မှာလဲ? အရင်က မင်း ကျိချင်းကို ဖမ်းသွားခဲ့တယ်... ” ကျူးလျန်ယင်းက ဒေါသတကြီး ပြောသည်။

ယန်ကျင်းဇီက ဖြေသည် : “ ငါ လူလွှတ်ပြီး သူ့ကို ဖမ်းခိုင်းခဲ့ပေမယ့် ငါ သူ့ကို ဘာမှမလုပ်ခဲ့ဘူး။ နောက်ဆုံးမှာ မင်း သူ့ကို ကယ်တာကို ငါ ခွင့်ပြုပေးခဲ့တယ် မဟုတ်ဘူးလား? ”

“ အဲ့တုန်းက မင်း အဆိပ်မိထားတယ်။ မင်း လုပ်ချင်တာ မင်း မလုပ်နိုင်ဘူး... ” ထိုအချိန်တွင် ဤလူဟာ ဆေးမိထားသောကြောင့် သူ လျိုကျိချင်းကို ခေါ်သွားသည်အား ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။

ယန်ကျင်းဇီ ရယ်မောလိုက်သည် : “ ငါ လုပ်ချင်တာ မလုပ်နိုင်ဘူးလား? မင်း ဆေးလဲလိုက်ရင် ငါ့အရိပ်သက်တော်စောင့်တွေက ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်တာလား? ပြီးတော့ အဲ့အချိန်မှာ ငါသာ တကယ်ပဲ မင်းတို့ကို တိုက်ခိုက်ချင်ပြီး အရိပ်သက်တော်စောင့်တွေကို မင်းတို့နောက် လိုက်ဖမ်းခိုင်းမယ်ဆိုရင် မင်းက ထွက်ပြေးနိုင်ရင်တောင်မှ လျိုကျိချင်းက မလွတ်နိုင်ဘူး ဟုတ်တယ်မလား? ”

ကျူးလျန်ယင်း ထပ်မံအံ့ဩသွားပြန်သည်။

နတ်ဆိုးဂိုဏ်းခေါင်းဆောင်အနားရှိ အရိပ်သက်တော်စောင့်များ၏ အင်အားမှာ သူထင်ထားသည်ထက် များစွာသန်မာသည်။

ထိုအချိန်တွင် ဤလူကသာ အရိပ်သက်တော်စောင့်များကို သူ့အား လိုက်ဖမ်းခိုင်းလျှင် သူ လျိုကျိချင်းကို ခေါ်၍ လုံခြုံစွာ ထွက်ခွာရန်မှာ အမှန်တကယ်ပင် ခက်ခဲမည်ဖြစ်သည်။

“ ဘာလို့ မင်း အဲ့လိုလုပ်ခဲ့တာလဲ? ” ကျူးလျန်ယင်း ပဟေဠိဖြစ်နေသည်။

“ ငါ လျိုကျိချင်းကို ဖမ်းထားတာက ငါ ငါ့ရဲ့အားရှိူ့ မနာလိုဖြစ်အောင် လုပ်ချင်လို့ပဲ။ အဲ့တုန်းက မင်း ငါ့ကို ဆေးပေးခဲ့တယ်၊ ငါက အခွင့်အရေးယူပြီးတော့ အားရှိူ့နဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခဲ့တယ်။ သေချာတာပေါ့၊ ငါ မင်းတို့ကို အာရုံမစိုက်တော့ဘူး။ ” ယန်ကျင်းဇီ ပြောခဲ့သည်။

“ မင်း... ” ကျူးလျန်ယင်းသည် မျက်လုံးပြူးကာ ယန်ကျင်းဇီကို မယုံကြည်နိုင်စွာ ကြည့်သည်။

သူ့ရှေ့က လူ၊ သူက အဲ့အားရှိူ့နဲ့ အချိန်ကောင်း ပိုင်ဆိုင်နိုင်အောင်လို့ ဆေးသောက်ဖို့ လက်ဦးမှုယူခဲ့တာ ဖြစ်နိုင်လား...

ထိုသခင်လေးကျင်းက သူ လျိုကျိချင်းကို ခေါ်သွားပြီးနောက် ရုတ်တရက် ပေါ်လာမှန်း ကျူးလျန်ယင်း ရုတ်တရက် တွေးမိသွားသည်။ ဤလူဟာ နတ်ဆိုးဂိုဏ်းခေါင်းဆောင် အဆိပ်ဖြေရန်အတွက် အရိပ်သက်တော်စောင့်များက ဖမ်းဆီးလာခဲ့သော လူဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။ သို့သော် တကယ်မှာမူ ဤလူက နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်သည်။

သင့်တော်သော နတ်ဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်ရမည့်အစား သူက အခြားလူတစ်ဦး၏ အမျိုးသားအချစ်တော်သဖွယ် ဟန်ဆောင်ခဲ့သည်။ သူဟာ ထိုလူကို အရိုးထဲအထိ အကြွင်းမဲ့ ချစ်ကြောင်းကို ဤသည်က ပြသနေသည်။

သို့ရာတွင် သူ ထိုသို့တွေးမိလျှင်တောင်မှ သူသည် တစ်ခုခုမှားနေသည်ဟု အမြဲခံစားရသည် — ဒီလူက တကယ်ပဲ လျိုကျိချင်းကို မကြိုက်ဘူးလား?

“ အားရှိူ့က ငါ့ရဲ့ အရိပ်သက်တော်စောင့် ဖြစ်တယ်။ ငါ သူ့ကို ချစ်တယ်။ ဒါပေမယ့် သူက ငါ့ကို သူ့သခင်အဖြစ်ပဲ သတ်မှတ်ထားတယ်။ အဲ့ဒါကြောင့် ငါ သူ့ကို လှုံ့ဆော်ဖို့ လျိုကျိချင်းကို ဖမ်းခဲ့တယ်။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။

“ အမိတာဘ ဗုဒ္ဓ... ဒကာလေး ပေါက်ကရတွေ မပြောပါနဲ့။ မင်း ကျင့်ကြံနေတုန်း တစ်ခုခုမှားသွားတာ ဖြစ်လောက်တယ်။ အဲ့ဒါကြောင့် မင်း တစ်ယောက်ယောက်ကို မင်းအစား ဟန်ဆောင်ထားခိုင်းရတာ မဟုတ်လား? ” ရှောင်လင်ဘုန်းကြီးက ယန်ကျင်းဇီကို ကြည့်ကာ ရုတ်တရက် ပြောလာခဲ့သည်။

ယန်ကျင်းဇီက ရယ်၏ : “ ငါက ‘ငရဲဘုံအံ့ဖွယ်သိုင်းကျမ်း’ ကို အဆင့်ရှစ်အထိ လေ့ကျင့်ပြီးပြီ၊ ဘာများမှားနိုင်မှာလဲ? ဒါပေမယ့် ငါ အားရှိူ့ကို တကယ် လိမ်ခဲ့တယ်၊ ငါ့မှာ အတွင်းအား မရှိတော့လို့ သူ့ကို နတ်ဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် အစားဟန်ဆောင်ပေးဖို့ သူ့ကို လိမ်ခဲ့တယ် — ငါ၊ ငါ သူ့ကို အရိပ်သက်တော်စောင့် မဖြစ်စေချင်ဘူး။ ငါ ငါတို့ကို ပိုပြီးတန်းတူဖြစ်စေချင်တယ်။ ”

ယန်ကျင်းဇီသည် စကားလုံး အနည်းငယ်ကို ပြောခဲ့ပြီး သူ့ကိုယ်သူ အပြစ်ကင်းစင်အောင် ဆေးကြောခဲ့သည်။

ဤအခိုက်အတန့်တွင် သူဟာ နုန်းမြေထဲမှ အပင်ပေါက်လာပြီး အစွန်းအထင်းမရှိဘဲ ကျန်ရစ်နေသော အဖြူရောင်ကြာပန်း သို့မဟုတ် အချစ်အတွက်နှင့် အခြားသူများကို ဂရုမစိုက်သော အဖြူရောင်ကြာပန်း ဖြစ်လာခဲ့ပေသည်။

သူလည်း မတတ်နိုင်ပေ။

သူ ဤလူများကို သတ်ရန် မရည်ရွယ်ထားချေ။

အကြောင်းပြချက်တစ်ချက်အားဖြင့် ဤလူများအနက် ရိုးသားဖြောင့်မတ်ခြင်း မရှိသော လူများ ရှိနိုင်သော်ငြား သူတို့အများစုမှာ အမှန်တကယ်ပင် ရိုးသားဖြောင့်မတ်သော လူများ ဖြစ်သည်။ သူတို့က ဆိုးရွားသော ကိစ္စများကို တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ သူတို့ဟာ အမျိုးသားများနှင့် အမျိုးသမီးများကို အနိုင်ကျင့်လေ့ရှိသည့် နတ်ဆိုးဂိုဏ်းမှ လူများနှင့် လုံးဝဥဿုံ ကွာခြားသည်။ သူ သူတို့ကို မသတ်သင့်ပေ။

ဒုတိယအချက်အားဖြင့်... ဤလူများတွင် အကြီးအကဲများ၊ စီနီယာများနှင့် သူတို့နောက်ရှိ မိသားစုဝင်များ ရှိကြသည်။ သူသာ သူတို့ကို တကယ် သတ်ခဲ့လျှင် အနာဂတ်တွင် သူဟာ သိုင်းလောကတစ်ခုလုံး၏ ရန်သူ ဖြစ်လာလောက်ပြီး လက်စားချေချင်သော လူများ အမြဲရှိနေလိမ့်မည်ပင်။

ဤသို့ဖြစ်ရာ သူတို့ကို မသတ်ခြင်းက သူ့အတွက် ပိုကောင်းသည်။

သို့သော် သူ ဤလူများကို မသတ်ဘဲ ဒီအတိုင်း သွားခွင့်ပေးလိုက်လျှင် ဤလူများက သူ့ထံသို့ နောက်တစ်ကြိမ် လာလောက်ဦးမည်။

ဤလူများကို ခြိမ်းခြောက်ပြီးနောက် လွှတ်ပေးလိုက်လျှင်လည်း ဤလူများအားလုံးက သူ့နောက်သို့လိုက်ရန် တိတ်တဆိတ် ပြန်ခိုးဝင်လာလောက်သည်။

သိုင်းလောကရှိ လူများမှာ “မကောင်းမှုကို ဖယ်ရှားခြင်း” အတွက် အမြဲတစေ စိတ်ဝင်စားမှု အပြည့်ရှိနေတတ်သည်။

သူသည် ဤလူများကို မကြောက်သော်လည်း သူ့လက်အောက်ရှိ အရိပ်သက်တော်စောင့်များအတွက် သူ စိုးရိမ်သည်။

ထို့အပြင်... သူ့‌လက်အောက်ရှိ ဤမျှများပြားသော အရိပ်သက်တော်စောင့်များနှင့်ဆိုလျှင် အနာဂတ်တွင် ဤလူများက မိသားစုများနှင့် စီးပွားလုပ်ငန်းများ ရှိနေလောက်ဦးမည်ပင်။ သူသည် သူတို့ကို ကာကွယ်နိုင်သော်ငြား ဤလူများ၏ ကလေးများနှင့် အနာဂတ်မျိုးဆက်များကို မကာကွယ်နိုင်ပေ။

သူ တတ်နိုင်လျှင် သိုင်းလောကသားများနှင့် ရန်သူများ ဖြစ်မလာခြင်းက ပိုကောင်းသည်။

ရန်ငြှိုးဖြစ်မည်ကို ရှောင်ရှားရန်အတွက်မူ... သူ အရင်က ဘာမှမလုပ်ခဲ့ဖူးဘူး၊ ဆိုတော့ ဘာအကြောင်းနဲ့ ဒီလူတွေက သူ့ကို ပြဿနာရှာရတာလဲ၊ ဟုတ်တယ်မလား?

ဤသို့စဉ်းစားရင်း ယန်ကျင်းဇီသည် ယန်ရှိူ့ကို ချစ်ခင်စွာ ကြည့်လိုက်သည်။

သူသည် အလွန်ချစ်မြတ်နိုးဟန် ဟန်ဆောင်စရာမလိုပေ။ သူသည် ယန်ရှိူ့ကို တကယ် ချစ်သည်။

ယန်ကျင်းဇီက သူ့သိုင်းပညာနှင့်ပတ်သက်ပြီး ပြဿနာများ ရှိသဖြင့် ယန်ရှိူ့က နတ်ဆိုးဂိုဏ်းခေါင်းဆောင်အဖြစ် ဟန်ဆောင်ခဲ့သည်ဟု ရှောင်လင်ဘုန်းကြီးသည် အစောက တွေးထင်ခဲ့သည်။ ဤအချိန်တွင် သူသည်လည်း သူ၏ သံသယကို ဖယ်ရှားလိုက်တော့သည်။ အဆုံး၌မူ ဤလူဟာ နေ့ဘက်တွင် အမျိုးသားအချစ်တော်အဖြစ် ဟန်ဆောင်နေဆဲဖြစ်သည်။

သူ့တွင် သူ့ကို သစ္စာစောင့်သိသော အရိပ်သက်တော်စောင့်များ ရှိပြီး ငရဲတောင်တန်းမှ ထွက်ခွာရန် အရည်အချင်းလည်း ရှိကာ သူတို့လို သိုင်းပညာရှင်များစွာကိုလည်း အနိုင်ယူနိုင်သည်။ ဒါပေမယ့် သူက အမျိုးသားအချစ်တော်အဖြစ် ဟန်ဆောင်ဖို့ ဆန္ဒရှိနေတယ်၊ ဒါက အချစ်စစ် မဟုတ်ရင် ဘာလဲ? 

ဤအချိန်တွင် ရှောင်လင်ဘုန်းကြီးသည် ငြိမ်းချမ်းရေး တောင်းဆိုရန် လက်ဦးမှုရယူခဲ့သည် : “ ဒကာလေးမှာ ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်။ ကိုယ်တော်တို့ ဒကာလေးကို အထင်လွဲမိပြီ။ အခုကစပြီး ကိုယ်တော်တို့ မင်းကို နှောင့်ယှက်နေတာကို သေချာပေါက် ရပ်လိုက်ပါတော့မယ်... ဒကာလေး ကိုယ်တော်တို့ကို သွားခွင့်ပေးနိုင်မလား? ” 

ရှောင်လင်ဘုန်းကြီး၏ စကားများကို ကြားသောအခါ ကျူးလျန်ယင်း၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။

သူ့ရှေ့ရှိလူက သူတို့ထဲမှ လူကို တစ်ခါမှ မသတ်ခဲ့ဖူးချေ။ သူ သူတို့ကို မသတ်ချင်လောက်ပေ...

သို့သော် ကျူးလျန်ယင်းနှင့် ရှောင်လင်ဘုန်းကြီးတို့ ဦးခေါင်းညွှတ်မည်ကို ‌စောင့်နေမည့်အစား ယန်ကျင်းဇီ ပြောလိုက်သည် : “ မရဘူး။ ”

“ ဒကာလေးရဲ့ တောင်းဆိုချက်က ဘာများလဲ? ” ရှောင်လင်ဘုန်းကြီးက ထပ်မေးပြန်သည်။

“ အနာဂတ်မှာ မင်းတို့ ငါ့ကို ပြဿနာလာမရှာပါဘူးလို့ ငါနဲ့ စာချုပ်တစ်ခု လက်မှတ်ထိုးရမယ်။ ပြီးတော့ လူတစ်ယောက်ယောက်ကို ရွေးနုတ်‌ဖိုး ပို့ခိုင်းရမယ်။ ပြီးရင် ငါ မင်းတို့ကို သွားခွင့်ပြုမယ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်းတို့က တိုက်ခိုက်သတ်ဖြတ်နေတဲ့အပြင် ငါ့ခြံဝင်းကို ဖျက်ဆီးခဲ့တယ်။ မင်းတို့ ပြန်လျော်ရမယ်။ ”

သူသည် ဤလူများကို သတ်ရန် မရည်ရွယ်ထားဘဲ သူတို့ကို လွှတ်ပေးရန် စီစဉ်ထားသော်ငြား သူ သူတို့ကို အလွယ်တကူ သွားခွင့်မပြုချင်ပေ။

သူသည် ဤလူများ နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ခြင်းအား ဂရုမစိုက်ခဲ့သော်ငြား သူတို့က ဤနေရာအထိ ရောက်လာကြသည်... ဟာ့!

သူနဲ့ ယန်ရှိူ့ရဲ့ လှပတဲ့ ညချမ်းဘဝလေးက သူတို့ကြောင့် ပျက်စီးသွားပြီ၊ သူတို့ နစ်နာကြေး ပေးကိုပေးရမယ်!

“ ဒကာလေးက ဘယ်လောက်လိုချင်တာလဲ? ” ရှောင်လင်ဘုန်းကြီးက ထပ်မေးပြန်သည်။

“ မနက်ဖြန်မှပဲ ပြောတော့မယ်။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် အရိပ်သက်တော်စောင့်များကို ကြည့်လိုက်သည် : “ အရိပ်နှစ်၊ အရိပ်သုံး၊ လူတွေ ခေါ်ပြီး ဒီလူတွေအကုန်လုံးကို ကြိုးတုပ်၊ ကြွက်သားပျော့ဆေး တိုက်၊ ပြီးရင် အိမ်ဘေးက ခြံဝင်းထဲမှာ ထားလိုက်။ ”

သူတို့အိမ်ဘေးရှိ ခြံဝင်း လွတ်နေရသော အကြောင်းအရင်းမှာ ၎င်းကိုလည်း သူတို့ ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။

မူလက ယန်ကျင်းဇီသည် သူ့လက်အောက်ရှိ အရိပ်သက်တော်စောင့်များ ပိုမိုကျယ်ဝန်းသော အိမ်တွင် နေနိုင်ရန်အတွက် အိမ်များ ပိုဝယ်ထားခဲ့သည်။ ရလဒ်ကမူ ဤအရိပ်သက်တော်စောင့်များက တိုးဝှေ့ပြီး သူ့အနားတွင် နေထိုင်ရသည်ကို နှစ်သက်ကြသည်...

“ ဟုတ်ကဲ့ပါ သခင်! ” အရိပ်နှစ်နှင့် အရိပ်သုံးတို့က တပြိုင်နက်တည်း ဖြေကြသည်။

“ ငါ့ကို သခင်လို့ မခေါ်နဲ့။ ငါ့ကို ကျင်းသခင်လေးလို့ပဲ ခေါ်။ ” ယန်ကျင်းဇီက ပြောပြီးနောက် ယန်ရှိူ့ကို ထပ်ကြည့်လိုက်ပြန်သည် : “ အားရှိူ့၊ ပင်ပန်းတယ်။ ငါတို့ အနားသွားယူကြမလား? ”

“ သခင်... ” ယန်ရှိူ့သည် နာမည်ခေါ်ကာ အနည်းငယ် မှင်သက်နေသည်။

သူသည် ယခုလေးတင် ယန်ကျင်းဇီ ပြောခဲ့သော စကားများကို နားထောင်ခဲ့သည်။

သို့ရာတွင် သူသည် သူ နားကြားမှားသည်ဟု အမြဲသံသယဖြစ်မိ၏။

သခင် ဆိုလိုတာက သခင်က လျိုကျိချင်းကို မကြိုက်ဘဲ သူ့ကိုပဲ အမြဲကြိုက်ခဲ့တယ်လို့လား?

သခင်က အတွင်းအားကို မဆုံးရှုံးခဲ့ဘဲ အမြဲတမ်း အဆင်ပြေနေခဲ့သည်။ သူ့ကို ကြိုက်တာကြောင့်ပဲ သခင်က သူ့ကို နတ်ဆိုးဂိုဏ်းခေါင်းဆောင် လုပ်ခိုင်းတာလား?

ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ကိစ္စမျိုး ရှိနိုင်မှာလဲ၊ သူ အိပ်မက်မက်နေတာလား?

“ ကိုယ့်ကို ကျင်းဇီလို့ခေါ်။ ” ယန်ကျင်းဇီ ယန်ရှိူ့၏မျက်နှာကို ဖျစ်ညှစ်လိုက်သည်။

ယန်ရှိူ့သည် ယန်ကျင်းဇီကို ကြောင်အစွာ စိုက်ကြည့်နေသည် : “ ကျင်းဇီ၊ မင်း မင်းရဲ့အတွင်းအားကို မဆုံးရှုံးထားဘူးလား? ”

“ ဟုတ်တယ် ” ယန်ကျင်းဇီသည် ဝန်ခံလိုက်ပြီး ယန်ရှိူ့ စိတ်ဆိုးမည်ကို ကြောက်ကာ ရှင်းပြခဲ့သည် : “ ကိုယ် မင်းကို လိမ်ဖို့ မရည်ရွယ်ပါဘူး။ မင်းက ကိုယ့်ကို တွေ့တဲ့ အချိန်တိုင်း ဒူးထောက်တယ်။ ကိုယ် အရမ်းအဆင်မပြေဖြစ်တယ်... ဒါက မင်း ဒီလိုမလုပ်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ မဟုတ်လား? ”

ယန်ရှိူ့က ထပ်မေးပြန်သည် : “ မင်း ငါ့ကို ကြိုက်တာလား? ”

“ ဒါပေါ့၊ ဟိုအရင်ကတည်ူက ကိုယ် မပြောခဲ့ဘူးလား? ကိုယ် မင်းကို သဘောကျဆုံးပဲ။ ”

“ မင်း အတိတ်မေ့... ”

“ မင်းပဲ ကိုယ့်ကို နာမည်အထောက်အထား ပြန်ယူပြီး မင်းရဲ့သခင် ဆက်ဖြစ်စေချင်တယ်လို့ မပြောခဲ့ဘူးလား? ကိုယ်က မင်းရဲ့လူပဲ ဖြစ်ချင်တာ။ မင်းရဲ့ သခင် မဖြစ်ချင်လို့ ကိုယ် ရိုးရိုးရှင်းရှင်းပဲ မှတ်ဉာဏ်တွေကို ဆုံးရှုံးလိုက်ရသလို ဟန်ဆောင်ခဲ့တယ်။ ” ယန်ကျင်းဇီ ဆက်ပြောလိုက်သည် : “ မင်း စိတ်မဆိုးရဘူး! ”

ယန်ရှိူ့ လုံးဝ စိတ်မဆိုးပေ။ သူ့နှလုံးခုန်သံမှာ ပိုပိုပြီး မြန်ဆန်လာကာ သူ့ရင်ဘတ်ထဲမှ အပြင်ခုန်ထွက်လုနီးပါးပင်။

ဤသို့ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူ့သခင်က သူ့ကို မလိုချင်ဘဲ သူ့ကို မကြိုက်မည်အား သူ အမြဲစိုးရိမ်ပူပန်ခဲ့သည်။ ဒါပေမယ့် လက်တွေ့မှာလား? ဟိုးယခင်ကတည်းက သခင်က သူ့ကို သဘောကျနေခဲ့သည်။

ဤအခိုက်အတန့်တွင် ယန်ရှိူ့သည် ကြွားဝါရန် လူတစ်ဦးဦးကို ရှာဖွေချင်လာသည်။

သို့သော်ငြား ကြည့်ရသည်မှာ သူ ကြွားဝါရန် လူရှာစရာမလိုတော့ချေ။

ပတ်ဝန်းကျင်ရှိ အရိပ်သက်တော်စောင့်များက သူ့ကို သတ်ချင်သကဲ့သို့ သူ့ကို မနာလိုဖြစ်စွာ ကြည့်နေကြသည်။

ယန်ရှိူ့သည် အသက်ပြင်းပြင်းရှူပြီး လျိုကျိချင်းကို အရိပ်သက်တော်စောင့်တစ်ဦးက ကောက်ကာ သယ်သွားသည်အား တွေ့လိုက်သည်။

သူ စိတ်မထိန်းနိုင်ဘဲ ပြောမိသည် : “ ဒါဆို လျိုကျိချင်း... ”

ယန်ကျင်းဇီသည် ရိုးရိုးစင်းစင်း ပြန်ဖြေခဲ့သည် : “ သူက မင်းနဲ့ ရုပ်ဆင်တယ်။ ဒါကြောင့် ကိုယ် တစ်ခါနှစ်ခါ အမြန်ကြည့်ခဲ့ရုံပါပဲ။ ”

အဲ့လိုလား? သူက လျိုကျိချင်းနဲ့ ရုပ်ဆင်လို့ သခင်က သူ့ကို ကြိုက်တာ မဟုတ်ဘဲ လျိုကျိချင်းက သူနဲ့ ရုပ်ဆင်လို့ သခင်က လျိုကျိချင်းကို တသီးတသန့် ဆက်ဆံတာလား?

ယန်ရှိူ့သည် အသက်ရှူဖို့ပင် မေ့သွားမတတ် ဖြစ်သွားရသည်။

မလှမ်းမကမ်းတွင် သိုင်းပညာရှင်များသည် ထိုနေရာ၌ ယန်ကျင်းဇီနှင့် ယန်ရှိူ့တို့ စကားပြောနေသည်ကို နားထောင်ခဲ့ကြပြီး သူတို့ ဆွံ့အသွားခဲ့ကြသည်။

ဒီနတ်ဆိုးဂိုဏ်းခေါင်းဆောင်၊ သူ့ဦးနှောက်က ဘယ်လိုကြီးထွားလာတာလား?

အရင်တုန်းက နတ်ဆိုးဂိုဏ်းခေါင်းဆောင်တွေ အကုန်လုံးက သိုင်းလောကကို အုပ်စိုးချင်ခဲ့ကြတာ မဟုတ်ဘူးလား? သူက အရမ်းသန်မာတယ်၊ ဘယ်လိုလုပ် သူက အချစ်မှာပဲ ပျော်မွေ့ချင်နေတာလဲ?

သူ့ချစ်သူမှာလည်း သာမညောင်ညပင်... သူ့ဘေးရှိ အရိပ်သက်တော်စောင့်လေးသာ ဖြစ်နေ၏။

သို့သော် သူတို့သည် နတ်ဆိုးဂိုဏ်းခေါင်းဆောင်က ရူးနေသည်ဟု ခံစားရလျှင်တောင်မှ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကို မသတ်ချင်တော့ကြောင်း သူတို့ ဝန်ခံရမည်ဖြစ်သည်။

ဤလူဟာ... တကယ်ပင် ဆိုးရွားသည်များကို မပြုလုပ်ခဲ့ချေ။

သူ့ရုပ်ရည်ကို အကဲခတ်ခြင်းအားဖြင့် သူတို့သည် သူက အသက်ငယ်ရွယ်မှန်း သိကြသည်။ သူတို့ ကလေးတစ်ဦးကို အနိုင်ကျင့်ဖို့မလိုပေ။

ကောင်းပြီ၊ တကယ်တော့ သူတို့မှာ သူများကို “အနိုင်ကျင့်”ဖို့ အရည်အချင်းမရှိဘူး။ သူက အရမ်းသန်မာတယ်!

ကျူးလျန်ယင်းက သိုင်းလောကတွင် နံပါတ်တစ်ပညာရှင်ဟု ဆိုကြသည်။ ရလဒ်ကမူ တောင်နောက်တွင် လူများ ရှိနေသေးသည်။ သူတို့က ကျူးလျန်ယင်းထက် အသက်ပိုငယ်ပြီး ကျူးလျန်ယင်းထက် ပိုမိုသန်မာသည်။ သူနဲ့ယှဉ်ရင် ကျူးလျန်ယင်းက ဘာလဲ?

သိုင်းပညာရှင်များကို အရိပ်သက်တော်စောင့်များက ဖမ်းဆီးကာ အချုပ်ချထားသည်။ အရိပ်သက်တောင်စောင့်များသည် သူတို့ သူတို့၏အတွင်းအားကို မလည်ပတ်နိုင်အောင် သူတို့ကို ကြွက်သားပျော့ဆေးမှုန့် ကျွေးထားကြသည်။

ဤဆေးကို နတ်ဆိုးဂိုဏ်းမှ ထွက်ခွာလာချိန်တွင် ယန်ကျင်းဇီက အထူးတလည် ယူဆောင်လာခဲ့သည်။ ပမာဏမှာ ဤသိုင်းပညာရှင်များ အချိန်အကြာကြီး သောက်နိုင်သည့်အထိ လုံလုံလောက်လောက် များပြား၏။

ဤသိုင်းပညာရှင်များ ဆေးစားပြီးနောက် အရိပ်သက်တော်စောင့်ဆယ်ဦးသည် သူတို့ကို စောင့်ကြည့်ရန် တာဝန်ကျပြီး အခြားသော အရိပ်သက်တော်စောင့်များက ထွက်ခွာသွားကြသည်။

ဤသိုင်းပညာရှင်များကို စောင့်ကြည့်ရန် တာဝန်ကျသော အရိပ်သက်တော်စောင့်များမှာ ယန်ကျင်းဇီနှင့်အတူ လျှို့ဝှက်လမ်းကြောင်းမှတဆင့် ထွက်ခွာရန်အတွက် ယန်ရှိူ့ စီစဉ်ခဲ့သော အရိပ်သက်တော်စောင့်ဆယ်ဦး ဖြစ်သည် — သူတို့သည် အစောက တိုက်ပွဲတွင် မပါဝင်ခဲ့ဘဲ အလွန်တက်ကြွနေကြသည်။

ဤသိုင်းပညာရှင်များ ယန်ကျင်းဇီနှင့် အခြားသူများကို လာရောက်ဝန်းရံတိုက်ခိုက်ချိန်မှာ ညသန်းခေါင်ယံချိန် ဖြစ်နေပြီး အလှည့်အပြောင်းတချို့ ဖြစ်ပြီးနောက်တွင်မူ လင်းထိန်နေပြီပင်။

အရိပ်သက်တော်စောင့်များသည် ဤသိုင်းပညာရှင်များကို မနှိပ်စက်ဘဲ မိုးလင်းပြီးနောက် ပြတင်းပေါက်များကို ဖွင့်ခဲ့ကြသည်။

အခန်းမှာ အလွန်လင်းထိန်နေပြီး ထိုသိုင်းပညာရှင်များမှာ သူတို့ကို စောင့်ကြည့်နေသော အရိပ်သက်တော်စောင့်များ၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

ဤအရိပ်သက်တော်စောင့်များတွင် ကွဲပြားသော ရုပ်ရည်များ ရှိသော်ငြား စိတ်နေသဘောထားမှာ တူညီလုနီးပါး ဖြစ်သောကြောင့် ၎င်းက သူတို့ဟာ ဆင်တူသည်ဟု လူများကို ခံစား‌ရစေသည်။ ဤအခိုက်အတန့်တွင် သူတို့ဟာ အနည်းငယ် စိတ်ပူနေပုံရသည်။

“ သခင်က သူ့မှတ်ဉာဏ်ကို ဆုံးရှုံးထားတယ်လို့ အရင်က ငါ ထင်ခဲ့တယ်။ ငါ သူ ပေးထားတဲ့ အိမ်စာ မလုပ်ရသေးဘူး။ ”

“ ငါရောပဲ... ”

“ အခု လုပ်ကြမလား? ”

“ လုပ်မှဖြစ်မယ်! ”



……

ဤလူများသည် စကားပြောပြီးနောက် စားပွဲများနှင့် ထိုင်ခုံအချို့တို့ကို အမည်မသိနေရာမှ ရလာကာ စတင်စာရေးကြတော့သည်။

သိုင်းပညာရှင်များ : “ ... ” ဤလူများ ပြောနေသော “အိမ်စာ” မှာ သိုင်းပညာလေ့ကျင့်ရေးဟု သူတို့ ထင်ခဲ့သည်။ သို့ရာတွင် အဆုံး၌မူ... သူတို့က စပြီးစာရေးနေကြတာလား?

ကျူးလျန်ယင်း၊ ရှောင်လင်ဘုန်းကြီးနှင့် အခြားသူများသည် ဤအရိပ်သက်တော်စောင့်များကို ကြည့်နေစဉ် ယခင်က လက်ဝဲရံ ပြောခဲ့ဖူးသည့် အရိပ်သက်တော်စောင့်များ၏ အကြောင်းကို ရုတ်တရက် တွေးမိလိုက်ကြသည်။

လက်ဝဲရံသည် သူတို့ကို အရိပ်သက်တော်စောင့်များ မည်သို့လေ့ကျင့်ပေးခံရကြောင်း ပြောပြဖူးပြီး ဤအရိပ်သက်တော်စောင့်များမှာ လူသားမဟုတ်ဟုလည်း ပြောခဲ့သေးသည်။

မနေ့က သူတို့သည် ဤအရိပ်သက်တော်စောင့်များ ပုံမှန်ဖြစ်သည်ကို တွေ့ခဲ့ရသည်။ လက်ဝဲရံ သူတို့ကို ပြောသည်မှာ အလိမ်အညာဟု သူတို့ ထင်ခဲ့ကြသည်။ ယခု ကြည့်ရသည်မှာ... လက်ဝဲရံ မလိမ်ခဲ့ချေ။

ဤအရိပ်သက်တော်စောင့်များက ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ နတ်ဆိုးဂိုဏ်းခေါင်းဆောင်နှင့် သက်ဆိုင်လောက်သည်။

နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဟာ အမျိုးသားအချစ်တော်အဖြစ် ဟန်ဆောင်ရန် လက်ဦးမှုရယူခဲ့ပြီး သူ၏ အရိပ်သက်တော်စောင့်များက ပုံစံပြောင်းသွားခဲ့သည်။ ဘာများ အရမ်းထူးဆန်းနေလို့လဲ?

ယခု... သူတို့သည် သူတို့၏ ရွေးနုတ်ဖိုး မည်မျှကျသင့်မည်ကိုသာ သိ‌ချင်တော့သည်။

ဆိုတော့ နတ်ဆိုးဂိုဏ်းခေါင်းဆောင်က ဘယ်အချိန်မှာ သူတို့ဆီကို လာပြီး ဒီကိစ္စအကြောင်း ရှင်းရှင်းလင်းလင်း ပြောပြမှာလဲ?

ယန်ကျင်းဇီသည် ဤလူများကို မေ့လုနီးပါးပင်။

မနေ့ညတွင် သူသည် ယန်ရှိူ့ကို သေသေချာချာ ရှင်းပြခဲ့ပြီး ယန်ရှိူ့က သူ့လိမ်ညာ‌မှုကြောင့် စိတ်မဆိုးမှန်း သေချာအောင် လုပ်ပြီးနောက် သူသည် ယန်ရှိူ့ကို အခန်းထဲသို့ ပြန်ခေါ်သွားပြီး သူ အပြီးမသတ်ရသေးသည်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်...

ထို့နောက် သူသည် ယန်ရှိူ့က ကစားရန် အနည်းငယ် ရှက်နေသည်ကို တွေ့လိုက်ရသည်။

မတူညီတဲ့ ပျော်စရာနောက်တစ်မျိုးပဲ!

ယန်ရှိူ့ : “ ... ”

ယန်ရှိူ့ ကစားရန် ခက်ခဲသည်။

သခင်က သူ့ကို တကယ် သဘောကျသည်။ ဤသည်ကို သဘောပေါက်ပြီးနောက် သူ စတင်စိတ်ပူမိသည်။

သခင် “အတိတ်မေ့”ပြီးနောက် သူက အရမ်းအတင့်ရဲတယ်၊ သခင်က သူ့ကို မကြိုက်ဖြစ်မလား?

သူ သခင့်ရဲ့အထောက်အထားကို ဖုံးကွယ်ဖို့ လူတွေကို တမင်သက်သက် ခိုင်းခဲ့တယ်၊ သခင် စိတ်ဆိုးမလား?

သူက တကယ်ပဲ သခင့်ကို အထင်လွဲခဲ့တယ်၊ ဒါ မှားနေတယ်မလား?

ယန်ရှိူ့သည် အစပိုင်းတွင် များစွာတွေးခဲ့သော်လည်း နောက်ပိုင်းတွင် ဘာမှမတွေးတော့ပေ။

သူ အမှန်တကယ်ပင်... အလွန်သက်တောင့်သက်သာရှိသည်။

နောက်နေ့တွင် ယန်ရှိူ့သည် နေသုံးချက်ထိုးချိန်မှ အိပ်ရာနိုးလာခဲ့သည်။

သူ စစနိုးနိုးချင်းတွင် သူသည် မနေ့ညမှ အရာရာဟာ အိပ်မက်သာ ဖြစ်သည်ဟုပင် သံသယဝင်ခဲ့ပြီး ထို့နောက်တွင် သူသည် သူ့လက်မောင်းပေါ်၌ ပွန်းပဲ့ဒဏ်ရာတစ်ခုကို တွေ့လိုက်ရသည်။

၎င်းမှာ ကျူးလျန်ယင်းကြောင့် ဖြစ်ခဲ့ပြီး သူ မနေ့ညက အိပ်မက်မမက်ခဲ့ပေ။

သူ လျိုကျိချင်းကို နတ်ဆိုးဂိုဏ်းကို ဖမ်းမလာခင်ကတည်းက တကယ်ပဲ သခင်က သူ့ကို ကြိုက်နေခဲ့တယ်!

သူသည် လုံးဝ မခံစားမိဘဲ သတိလည်း မပြုမိပေ...

သို့သော် ၎င်းမှာ အံ့ဩစရာမကောင်းချေ။

ထိုအချိန်တွင် သူသည် နေ့စဉ် ကမောက်ကမဖြစ်နေခဲ့ပြီး သူ့မှတ်ဉာဏ်မှာ အလွန်မရှင်းလင်းပေ။ သူသည် သူ့သခင်ကို ကာကွယ်ရန်မှလွဲ၍ ဘာမှမသိချေ။

သဘောကျခြင်း သို့မဟုတ် အချစ်ဟာ မည်သို့ဖြစ်မှန်းလည်း သူ လုံးဝ မသိခဲ့။

သခင်က သူ့ကို တစ်နှစ်တာလုံး နည်းနည်းချင်းစီ သင်‌ကြားပေးခဲ့သောကြောင့်သာ မဟုတ်လျှင် သူသည် ဘာကိုမှ မသိ၊နားမလည်သော အရိပ်သက်တော်စောင့် ဖြစ်နေဦးမည်ပင်။

သခင်က ဘာလို့ အရမ်းကောင်းရတာလဲ?

သူများတွေ သခင့်ကို လုယူသွားခွင့်ကို သူ သေချာပေါက် ခွင့်မပြုဘူး!

ယန်ရှိူ့သည် သူ့ဘေးရှိ အိပ်ပျော်နေသော သခင့်ကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက်များ တရိပ်ရိပ် ဖြစ်ပေါ်နေသသည်။

ဤအခိုက်အတန့်တွင် သူသည် သူ့သခင် မျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသည် : “ အားရှိူ့၊ မင်း ကိုယ့်ကို ဒီလိုကြည့်နေမယ်ဆိုရင် ကိုယ် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ”

ယန်ရှိူ့သည် ယန်ကျင်းဇီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ့သခင်က... ဘယ်နားမှာ ထိန်းချုပ်ထားတာလဲ?

ယန်ရှိူ့က အလွန်မသိနားမလည်ပုံပေါ်သည်... ယန်ကျင်းဇီသည် ထလှည့်ကာ သူ့ကို ဖိချပြီးနောက် ယန်ရှိူ့၏ လည်ပင်းကို နမ်းလိုက်သည်။

“ ကျင်းဇီ... ” ယန်ရှိူ့၏မျက်နှာမှာ နီမြန်းသွားသည်။

ယန်ကျင်းဇီသည် ဆက်နမ်းကာ နမ်းပြီးနောက် ပြောလိုက်သည် : “ ကိုယ် မင်းကို အမှတ်အသားအများကြီး ပေးထားတယ်။ မင်း ကြွားရတာ ကြိုက်တယ်မလား? နောက်ကျရင် မင်း ကြွားလို့ရပြီ။ ”

ယန်ရှိူ့ : “ … ”

ဒါဆို အရင်က သူ သူများတွေကို သူ့သခင်က သူ့ကို အရမ်းချစ်ကြောင်း ကြွားနေတာတွေ၊ တကယ်တော့ သခင်က အကုန်လုံးကို သိနေခဲ့တာလား?

ယန်ရှိူ့၏မျက်နှာမှာ ပိုမိုနီရဲသွားတော့သည်။


____