၈၅
Viewers 9k

ရှီရန်မိတ်ကပ်လိမ်းပြီးပြီး​နောက်အဖြူရောင်ဝတ်စုံဝတ်ထားကာ ရိုက်ကွင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

သူမအနားကဖြတ်သွားသောဝန်ထမ်းများက မချီးမွမ်းဘဲမ​နေနိုင်ကြ​ပေ။

"သူမက နတ်သမီးနဲ့တူတယ်။"

"သူမရဲ့ မိတ်ကပ်နဲ့ဆံပင်က အရမ်းလှတယ်။"

"သူမက ရုပ်ရည်လှပတယ်လို့ ငါထင်တယ်။ ရှေးခေတ်ဝတ်စုံနဲ့အရမ်းလှနေမယ်ဆိုတာကို ငါမသိခဲ့ဘူး"

ရိုက်ကွင်းနေရာက အစုံအလင်ပြင်ဆင်လုနီးပါးဖြစ်သည်။

ရှီရန်သည် ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဇာတ်ညွှန်းကိုလှန်လိုက်သည်။ သူမ၏မှတ်သားထားသောလက်​ရေးသည် နေရာတိုင်းတွင် အနက်ရောင်နှင့်အနီရောင်ရှိသည်။

ယနေ့ ရိုက်ကူးမည့်ပထမဆုံးဇာတ်ကွက်ကဒုတိယအမျိုးသမီးဇာတ်ဆောင်ပိုင်လန်နဲ့ ပထမအမျိုးသားခေါင်းဆောင်ရှောင်ချန်းတို့ ပထမဆုံးတွေ့ဆုံမှု ဖြစ်သည်။

ပိုင်လန်၏ဘဝအလှည့်အပြောင်းဇာတ်ကွက်လည်း ဖြစ်သည်။

ပိုင်လန်သည် ကမ္ဘာ့အကြီးဆုံးအိမ်ကြီးရခိုင် ပုန်းကွယ်​နေ​သောမြူအဖွဲ့၏အကြီးဆုံးသမီးဖြစ်သည်။ သူမသည် ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရသည်။

တစ်ကြိမ်​လောက် သူမက ခိုးထွက်ပြီး မယုံသင့်သူကို ယုံကြည်ခဲ့သဖြင့် အခြားသောဂိုဏ်းပေါင်းစုံမှတပည့်အချို့ကြောင့် အပျိုရည်ပျက်လုနီးပါး ဖြစ်ခဲ့ရသည်။

ရှောင်ချန်းသည် သူမကိုကယ်တင်ရန် ကောင်းကင်မှဆင်းသက်လာသူဖြစ်သည်။

ထိုအချိန်မှစ၍ ပိုင်လန်၏နှလုံးသားတွင် ထိုမြင်ကွင်းကို သေရာပါစွဲမက်သွားသည်။

"အစမ်းလေ့ကျင့်ဖို့ လူတစ်ယောက်လိုသေးလား" ပိုင်ကျင်းထျန်လျှောက်လာသည်။

အနက်ရောင်၀တ်စုံရှည်ကို သူ ဝတ်ဆင်ထားသည်။ သူ့ဆံပင်ကို မြင့်အောင်ချည်ထားပြီး သူ့မျက်ခုံးရှည်များက မိုးမခပင်လိုဖြစ်​နေသည်။

လက်ထောက်သည် လိမ္မာပါးနပ်စွာဖြင့် ရှီရန်ဘေးတွင် ထိုင်ခုံတစ်လုံးကိုရွှေ့လိုက်သည်။

ပိုင်ကျင်းထျန်တွင် သူရဲကောင်းတစ်ယောက်၏ထက်မြက်သောကျက်သရေက ဖြာထွက်​နေကာ သူ့ဝတ်လုံကို ပင့်ပြီး ထိုင်လိုက်သည်။

သူက ဇာတ်ညွှန်းကို ဖတ်သည်။ "ပထမ ဇာတ်ကွက်က ပိုင်လန် ထိကပါးရိကပါးလုပ်ခံ​နေရတာ။ ဒါက နည်းနည်းတော့ခက်တယ်။"

"အင်း" ရှီရန် ခေါင်းညိတ်လိုက်သည်။

အပြစ်ကင်းစင်သောမိန်းမပျိုလေးသည် အသ​ရေဖျက်ခံရပြီး သူမ၏စိတ်ခံစားမှုများကို လိမ္မာပါးနပ်စွာ ထိန်းချုပ်ရမည်။

"အဆင်ပြေပါတယ်။ ကျွန်တော် မင်းနဲ့အရင်လေ့ကျင့်ပေးမယ်"  ပိုင်ကျင်းထျန်က ညင်သာစွာ ပြုံးလိုက်သည်။

"ကောင်းပါပြီ ကျေးဇူးပါ" ရှီရန်က ပြန်ပြုံးပြသည်။

ဝမ်ယု​ဖေး၏သီးသန့်အဝတ်လဲခန်း၌

ရှောင်ရှီးက တံခါးကိုတွန်းဖွင့်ပြီး အထဲကိုခုန်​ပေါက်ဝင်လာသည်။

"အဲ့လောက်တောင်ပျော်နေတာလား?" ဝမ်ယု​ဖေးသည် သူမကိုမြင်သောအခါ သ​ဘောကျစွာပြုံးလိုက်သည်။

"မမယု​ဖေး၊ ခန​နေ ရှီရန်ရဲ့ဖျော်ဖြေမှုကို ကြည့်ရအောင်။"

ဝမ်ယု​ဖေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဘာလို့ ရုတ်​တရက်​ သူမရဲ့သရုပ်ဆောင်တာကို ကြည့်​ချင်​ရတာလဲ"

"ညီမ စပရိုက်တစ်ခုပြင်ဆင်ထားတယ်။ မမယု​ဖေး၊ ရှိုးကောင်းကောင်းကို ကြည့်ဖို့ပြင်ဆင်ထားလိုက်​တော့" ရှောင်ရှီးက ဆန်းဆန်းပြားပြားပြောသည်။

သူမကို ယခုလိုမြင်လိုက်ရ၍ ဝမ်ယု​ဖေး၏မျက်လုံးထဲတွင် လေးနက်သောအဓိပ္ပါယ်တစ်ခုပေါ်လာပြီး သူမသည် ညင်သာစွာပြုံးလိုက်သည်။

သူတို့ ရိုက်ကူး​ရေး​နေရာကိုသွားကြသည်။

ရိုက်ကူး​ရေး​နေရာကိုအကုန်ပြင်ဆင်ထားပြီး ဒါရိုက်တာလီသည် မော်နီတာတွင် ထိုင်နေပြီဖြစ်သည်။

အရာအားလုံးက သူ့နေရာတွင်သူရှိ​နေသည်။

'အက်ရှင်'

ပိုင်လန်နေရာတွင် သရုပ်ဆောင်သောရှီရန်သည် သူမ၏နောက်ကျောကို နံရံတွင်ကပ်ထားသည်။

လူလေးယောက်က သူမကို ဝိုင်းထားစဉ် စိုစွတ်နေသောမျက်လုံးများက ထိတ်လန့်စွာပြူးကျယ်သွားသည်။

ယောက်ျားလေးယောက်က တူညီ​သောလေ့ကျင့်ရေးအဝတ်အစားကိုဝတ်ထားသည်။

သူတို့သည် ပိုင်လန်ကို မရိုးမသားပြုံးကာဝန်းရံလာကြသည်။

"ဘယ်မိသားစုရဲ့ မိန်းမပျို​လေးက အရမ်းလှနေတာလဲဆိုတာကို ငါသိချင်မိတယ်။" သူတို့ထဲက တစ်ယောက်က စိတ်ပျက်စရာ​ကောင်းစွာ ပြုံးပြီး ပိုင်လန်၏မျက်နှာကို ထိရန်လက်လှမ်းလိုက်သည်။

နူးညံ့သောအထိအတွေ့က သူ့ကို ပို၍မောက်မာစွာ ရယ်မောစေသည်။

ပိုင်လန်၏နူးညံ့သောခန္ဓာကိုယ်သည် တုန်ယင်နေကာ ထိုလှပသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

"ကျေးဇူးပြုပြီး... ကျွန်မကို သွားခွင့်​ပေး... ဖေဖေက ရှင်တို့ကို​ငွေပေးပါလိမ့်မယ်"

သူမ အသံတုန်တုန်ယင်ယင်ဖြင့် တောင်းပန်လိုက်သည်။

"ရက်ရောတဲ့ဆုလာဘ်က မိန်းမပျိုလေးထက် ဘယ်လိုပိုဆွဲဆောင်မှု ရှိနိုင်မှာလဲ။" ယောက်ျားက ပြောပြီး အဝတ်အစား ချွတ်စပြုလာသည်။

ပိုင်လန်က ထိတ်လန့်သွားပြီး သူမ အော်ဟစ်အကူအညီတောင်းချင်သည်။

မထင်မှတ်ပဲ ထိုယောက်ျားက သူမပါးစပ်ကို အရင်ဖုံးအုပ်လိုက်ပြီး ထိတ်လန့်တကြားနှင့်ကြံရာမရဖြစ်၍မျက်ရည်များစီးကျလာသည်။

လူလေးယောက်က ရှေ့ကိုတိုးလာပြီး ပိုင်လန်၏အင်္ကျီကို သူတို့လက်များနဲ့ ဆွဲနေသည်။ ကင်မရာကနေကြည့်ပါက ထိုလူက ပိုင်လန်၏လည်ပင်းနားဆီသို့ ငုံ့​နေပြီဖြစ်သည်။

"မလုပ်နဲ့...မလုပ်နဲ့... ကျေးဇူးပြုပြီး...မလုပ်ပါနဲ့..." ပိုင်လန်ငိုချလိုက်သည်။

ထိုအချိန်တွင် အဝေးနေရာမှသရုပ်​ဆောင်သောမင်းသားတစ်​ယောက်သည် ရှီရန်၏ရင်ဘတ်ဆီသို့ လက်လှမ်းလိုက်သည်။

နှာဘူးထသောအပြုံးသည် သူ့မျက်လုံးပေါ်တွင် တောက်ပနေသည်။

သူ့လက်ချောင်းက ဝတ်စုံကို မထိနိုင်ခင် သူ့လက်ကောက်ဝတ်ကရုတ်တရက်ဆုပ်ကိုင်ခံလိုက်ရသည်။

နောက်တစ်စက္ကန့်တွင်

"ဂျွပ်-"

"အား"

သရုပ်ဆောင်သည် ဒူးထောက်၍ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။

နာကျင်လွန်း၍ အံကြိတ်လိုက်သည်။ သူ့နဖူးပေါ်မှချွေးစေများ ထွက်လာသည်။

မြင်ကွင်းက ရိုက်ကွင်းရှိလူတိုင်းကို ထိတ်လန့်စေသည်။

"ကတ်" ဒါရိုက်တာလီက အလျင်စလိုအော်လိုက်သည်။

ချက်ချင်းဆိုသလို ဝန်ထမ်းတစ်ယောက်က သရုပ်ဆောင်ကို ကူညီရန်ရောက်လာသည်။

"ဘာဖြစ်တာလဲ?" ဒါရိုက်တာက သူနဲ့အတူလိုက်လာပြီးအုပ်ထားသောလက်ကိုတွေ့၍မေးလိုက်သည်။

သရုပ်ဆောင်က ရှီရန်ကို စိုက်ကြည့်လိုက်သည်။

"ဒါရိုက်တာ၊ ဒီမင်းသမီးကို အဲ့ဒီမေးခွန်းမေးသင့်တယ်။ သူမ ဘာလို့ ရုတ်တရက် ကျွန်​တော့်လက်ကောက်ဝတ်ချိုးလိုက်တာလဲ မသိဘူး"

ချိုးလိုက်တာလား?!

အားလုံးက မင်းသား၏လက်ကောက်ဝတ်ကို မြင်၍ ထိတ်လန့်တကြားဖြစ်ပြီး ငြိမ်သက်နေသောရှီရန်ဘက်ကို လှည့်ကြည့်လိုက်သည်။

'ဘုရားရေ။'

ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ။

ကြိုးဖြင့်အဆွဲခံထားရ​သော ပိုင်ကျင်းထျန်သည် လမ်းလျှောက်လာပြီး ရှီရန်ကို အသံနိမ့်နိမ့်ဖြင့်​မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

ရှီရန်သည် သရုပ်ဆောင်၏နေရာဆီသို့ မေးစေ့ကို မြှောက်ပြကာ ပြောလိုက်သည်။ "ကျွန်မတို့ ရိုက်ကူးနေရင်း သူက ကျွန်မရင်ဘတ်ကို လာကိုင်ဖို့လုပ်​ခဲ့တာ​လေ။"

ထိုသရုပ်​​ဆောင်က ရှီရန်ကို တအံ့တသြကြည့်မိသည်။

ရှီရန်က ဤမျှလောက်အထိ တိုက်ရိုက်ပြောလိမ့်မည်လို့ သူ မမျှော်လင့်ထားပေ။

သူမ​နေရာတွင် တခြားမင်းသမီးဖြစ်ခဲ့ပါက ဗလက္ကာရမှုအဖြစ်သာ​ပြောကြ​ပေမည်။

အချိန်တန်သောအခါတွင် သူသည် အခြားနည်းလမ်းဖြင့်ငြင်းခုံနိုင်သည်။

"-ီး နှာဘူး​ကောင်။"

"ဒီလူက ကောက်ကျစ်လွန်းတယ်။ အခြေအနေကို အခွင့်ကောင်းယူနေတယ်။"

"သူက တခြားလူ​တွေကိုအခွင့်ကောင်းယူနိုင်ပေမယ့် ရှီရန်ကို အခွင့်ကောင်းယူဖို့တောင်တကယ်သတ္တိရှိနေတယ်။ ဒီလူကအရင်က ခေတ်စားနေတဲ့ရှာဖွေမှုတွေကို မမြင်ဖူးတဲ့ပုံပဲ"

"အဖွဲ့သားထဲမှာ ဒီလိုကောင်စုတ်မျိုးရှိနေသေးရင် ဘယ်လိုလုပ်ကြမလဲ။"

လူအုပ်ကြီးက ကျိန်ဆဲကြသည်။

သရုပ်ဆောင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့ကိုယ်သူ ကာကွယ်ခဲ့သည်။ "မလုပ်ခဲ့ဘူး။ သူမ ကျွန်​တော်ကိုမှားစွပ်စွဲ​နေတာ"

"ကျွန်​​တော်က အရံတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်အပေါ် ရာဇ၀တ်မှုတစ်ခုကို နာမည်တပ်လို့မရဘူး မဟုတ်လား"

လူတိုင်းက ဝေခွဲမရဖြစ်နေပုံပေါက်သည်ကိုမြင်၍ သူ ချက်ချင်းထပ်​လောင်း​ပြောသည်။ "ပြီး​တော့ ဒါက ရိုက်ကွင်းတစ်ခု​လေ။ ကျွန်တော်မှာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ရှိတယ်"

သူ စကားပို​ပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။ သူသည် မှားယွင်းစွပ်စွဲခံရ၍ငြင်းခုံရန် ကြိုးစားနေပုံပေါ်သည်။

"ငါ ကြည့်ရ​သ​လောက် သူကလိမ်​​နေပုံမပေါ်ဘူး"

"ဒါက တကယ်ကို နားလည်မှုလွဲတာမဖြစ်နိုင်ဘူးမလား"

"ဒီလိုဇာတ်ကွက်မျိုးမှာ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့အနည်းအများတော့ရှိမှာပေါ့။ နားလည်မှုလွဲတာက ပုံမှန်ပါပဲ။"

"ဘယ်​​လောက်​ပဲပုံမှန်ဖြစ်ပါ​စေ လူတစ်​ယောက်ရဲ့လက်​​ကောက်​ကို​တော့ မချိုးသင့်ဘူးမဟုတ်​လား။"

"ရက်စက်လိုက်တာ။"

ဝမ်ယု​ဖေးနှင့်သူမ၏လက်ထောက်တို့သည် အဝေးတွင်ရပ်၍ ထိုမြင်ကွင်းကိုကြည့်ကြသည်။

"အဲ့ဒီမင်းသားကို ဒီလိုလုပ်ဖို့စီစဉ်ထားခဲ့တာလား။" ဝမ်ယု​ဖေးက ဘဝင်ခိုက်စွာပြုံးနေသောရှောင်ရှီးကိုကြည့်လိုက်သည်။

ရှောင်ရှီးသည် ၎င်းအတွက် အမှတ်ယူနေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တာ​ပေါ့။ ပထမဆုံးဇာတ်ဝင်ခန်းက စော်ကားခံရတဲ့ ရိုက်ကွက်တစ်ခုလို့ သတင်းကြားခဲ့လို့ ဒီအရံကို ရှာခဲ့တာ"

"အစက အဲဒီလူ  ရှီရန်ကိုထိပြီး သူမ​ပြောရမယ့်စကားတွေကို မေ့သွားအောင်လုပ်ဖို့ စိတ်ကူးထားတာ။ သူမ ဒီလောက်မြန်မြန်ဆန်ဆန်တုံ့ပြန်ဖို့ မမျှော်လင့်ထားဘူး။"

ဝမ်ယု​ဖေးက ညင်သာစွာပြုံးလိုက်သည်။ "သူမရဲ့ တုံ့ပြန်မှုက မြန်ပေမယ့်ရက်စက်တယ်။ ဒါက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။"

"မှန်တာ​ပေါ့။ ဒါက ပိုတောင်ကောင်းသေးတယ်။ ညီမတို့မှာ အသုံးပြုလို့ရတဲ့အကြောင်းအရာတွေ ပိုများလာတာ​ပေါ့။"

ရှောင်ရှီးစကားပြောနေစဉ် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရိုက်ကူးသည့် လုပ်ဆောင်ချက်ကို ဖွင့်ကာ ရှီရန်ဆီသို့ ချိန်ရွယ်လိုက်သည်။

မင်းသားက အ​တောမသတ်နိုင်​သေး​ပေ။ သူက ရှီရန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။ "ငါက အရံတစ်ယောက်မို့ အနိုင်ကျင့်ဖို့ လွယ်တယ်လို့ မင်းထင်နေတာလား"

"ငါသရုပ်ဆောင်နေတာ နှစ်အတော်ကြာပြီ။ တကယ်လို့ ငါက မင်းပြောသလိုနှာဘူး​ကောင်သာဆိုရင် ငါ ဒီမှာရှိနေနိုင်အုံးမှာလား။ ဒါရိုက်တာက ငါ့ကို ရွေးခဲ့မှာတောင်မဟုတ်ဘူး။"

နားထောင်နေစဉ် ဒါရိုက်တာလီ မျက်မှောင်ကြုတ်ခြင်းကပိုနက်နဲလာသည်။ ရှီရန်ဘက်သို့ လှည့်လိုက်သည်။ "ရှီရန် အ​တွေးလွန်သွားတာများလား။"

ရှီရန်၏နှုတ်ခမ်းသည် အေးစက်စွာ ကွေးတက်သွားချိန်တွင် သူမ၏မျက်လုံးများတွင် ပြင်းထန်သောအရိပ်တစ်ခု လင်းလက်သွားသည်။

"ကျွန်​​မက ကျွန်​မရဲ့ ဆုံးဖြတ်​ချက်​ကို ယုံကြည်​တယ်​။ သူက ဝန်​ခံမှာမဟုတ်​တဲ့အတွက်​ ရိုက်ကူးထားတာကို ပြန်​ကြည့်​လို့ရတယ်​။"

သရုပ်ဆောင်ကလည်း ကြောက်မ​နေ​ပေ။ "အို​ကေ​လေ၊ ပြန်ကြည့်ကြည့်။ ငါ ဘာကိုမှ မကြောက်ဘူး"

ကင်မရာကို မည်ကဲ့သို့ရှောင်ရှားရမလဲဆိုသည်ကို သူသိနိုင်​လောက်သည်အထိ နှစ်ပေါင်းများစွာကြာအောင် သူ သရုပ်ဆောင်ခဲ့သည်။

'ရှီရန်က ဒီနေ့ ဘာမှမတွေ့နိုင်ဘူးလို့တောင်ထင်မိမှာမဟုတ်ဘူး။'

၎င်းကိုတွေးပြီး သူက ကျယ်လောင်စွာဆက်ပြောသည် "မင်းကို ငါအခွင့်ကောင်းယူနေတာကို ကင်မရာက မရိုက်မိဘူးဆိုရင် ငါ့ရဲ့ ဆေးဖိုးတွေကို မင်း ပေးဆောင်ပြီးလူသိရှင်ကြား တောင်းပန်ရမယ်"

"အို​ကေ" ရှီရန်သည် မျက်လုံးများကို ကျဥ်း​မြောင်းလိုက်သည်။ "တကယ်လို့ သက်သေအထောက်အထားတွေ့ရင်ကော ဘယ်လိုလုပ်မှာလဲ"

မင်းသားက “တွေ့ရင် ငါ ဒူးထောက်ပြီး တောင်းပန်မယ်” လို့ ကတိပြုသည်။

"ကောင်းပြီ၊ ပြန်ဖွင့်ကြည့်ရအောင်။" ဒါရိုက်တာလီက သူ့နဖူးကို ကူကယ်ရာမဲ့ ပွတ်လိုက်သည်။

ထိုအဖွဲ့သည် မော်နီတာဆီသို့ ဦးတည်သွားသည်။