Ch 8
Viewers 2k

🌷 Chapter 8

 

 

 

"A Thousand Miles of Spring Scenery"မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ထင်ရှားကျော်ကြားသည့် ပန်းချီဆရာ ဖီနော့၏လက်ရာမြောက် ပန်းချီကားတစ်ချပ်ဖြစ်သည်။ ထိုပန်း ချီကားအမည်ကပင် ဤပန်းချီဆရာမှာ ဖေးမိသားစု၏ဘိုးဘေးတစ်ဦးဖြစ်ကြောင်းဖော်ပြနေသည်။

 

ပန်းချီကားသည် အကြောင်းတစ်ခုကြောင့်ပျောက်ဆုံးသွားခဲ့ပြီး နှစ်နှစ်ဆယ်ကျော်ကြာမှသာပြန်လည်ရရှိခဲ့သည်။ ယခုအခါတွင် ဖေးမိသားစု၏စုဆောင်းမှုထဲတွင် လုံးဝပျက်စီးမှုမရှိဘဲ ထိန်းသိမ်းထားရှိပြီး တစ်ခါတစ်ရံမှသာပြသလေ့ရှိသည်။

 

"ဒီပန်းချီကားကို ဘာလုပ်ဖို့လဲ"

 

နန်ယု၏ပထမတောင်းဆိုချက်နှစ်ခုကို ဖေးရှင်းလင် ခန့်မှန်းထားသော်လည်း တတိယတောင်းဆိုချက်ကမူ သူ့အတွက် အလွန်စိတ်ရှုပ်ထွေးစရာပင်။

 

"A Thousand Miles of Spring Scenery" ပန်းချီကားသည် အလွန်တန်ဖိုးရှိသည်။ လေလံတင်ရောင်းချမည်ဆိုပါက ယွမ် သန်း ၃၀၀ ကျော်ရနိုင်သည်။  အချို့သော နာမည်ကျော်လက် ရာကြီးများနှင့် မယှဉ်နိုင်သေးသော်လည်း ၎င်းတန်ဖိုးမှာအ လွန်မြင့်မားသည်။

 

သို့သော် နန်ယုအတွက်မူ ၎င်းတို့မှာအဓိပ္ပာယ်မရှိပေ။

 

"အိုး၊ ကျွန်မအဘိုးမွေးနေ့က လာမယ့်နှစ်မှာရှိနေတယ်လေ၊ ဒါကြောင့် အဲ့ပန်းချီကားကို လက်ဆောင်ပေးချင်လို့ ရမလား"

 

နန်ယု အပြစ်ကင်းစင်ဟန်ဆောင်၍ မလိုအပ်သယောင်ထင်ရသည့် အဖြေအားပေးလိုက်သည်။

 

ကောင်းမွန်သောပန်းချီကားများစွာရှိနေပါလျက် နန်ယုသည် ဖေးမိသားစု၏ပန်းချီကားအား အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။

 

ဖေးယီကျန့်မှာ ဖေးမိသားစု၏အကြီးအကဲဖြစ်သော်လည်း အရာအားလုံးက သူ့ပိုင်ဆိုင်မှုမဟုတ်ချေ။ စည်းကမ်းထိန်း သိမ်းရေးဌာနမှ အကြီးအကဲများသည်လည်း ၎င်းတို့၏တာဝန်သက်တမ်းအတွင်း အချို့သောအခွင့်အရေးများရှိကြသည်။

 

နန်ယုအတွက်မူ ထိုအချက်သည် မပြောဘဲသိနိုင်သည်။ ပုံမှန်အခြေအနေတွင် ၎င်းပန်းချီကားကိုယူရန် သူမကြိုးစားမှုသည် အောင်မြင်မည်မဟုတ်။

 

စည်းကမ်းထိန်းသိမ်းရေးဌာနအကြီးအကဲ ဖေးရှင်းလင်နှင့် ဖေးယီကျန့် နှစ်ဦးစလုံး သဘောတူမှသာဖြစ်နိုင်သည်။

 

ဖေးယီကျန့် သဘောတူလိမ့်မည်ဟု နန်ယု သေချာသလောက်ရှိသောကြောင့် ဖေးရှင်းလင်ကိုသာ စည်းရုံးနိုင်လျှင် "A Thousand Miles of Spring Scenery" ပန်းချီကားအား သူမရရှိမည်ဖြစ်သည်။

 

"မဒမ်ဖေး၊ သခင်ကြီးနန်ကို ပန်းချီကား လက်ဆောင်ပေးချင်တယ်ဆိုရင် ကျွန်တော့်ရဲ့စုဆောင်းမှုထဲမှာ 'A Thousand Miles of Spring Scenery' ထက်တန်ဖိုးမနည်းတဲ့ တခြားပန်းချီကားတွေရှိပါတယ်..."

 

"မလိုချင်ပါဘူး! အဲ့တစ်ခုပဲ လိုချင်တာ!"

 

ဖေးရှင်းလင်စကားမဆုံးခင် နန်ယု ဖြတ်ပြောလိုက်သည်။

 

ထိုနှစ်ဦးသား အကြည့်ချင်းစကားစစ်ထိုးနေကြရာ နောက်ဆုံးတွင် နန်ယု တိုးတိုးလေးပြောလိုက်သည်။

 

"ယီကျန့် ပေးလိုက်တာပါလို့ ကျွန်မအဘိုးကို ပြောလိုက်ပါ့မယ်"

 

ကိစ္စရှင်းသွားပြီ။

 

ဖေးရှင်းလင် ထိုအမျိုးသမီးရည်ရွယ်ချက်အား ချက်ချင်းနား လည်သွားသည်။

 

ချမ်းသာသောမိသားစုများ၏ဇနီးမယားအများစုမှာ သူတို့၏ ဘဝအခြေအနေအားသိရှိကြသော်လည်း ချစ်ခင်ကြင်နာဟန် ဆောင်လေ့ရှိသည်။

 

"A Thousand Miles of Spring Scenery" ပန်းချီကားသည် ဖေးမိသားစုအတွက် ထူးခြားသောအဓိပ္ပာယ်ရှိသည်။ ထိုပန်းချီကားတွင် ဖေးမိသားစု၏လျှို့ဝှက်ဘဏ္ဍာများဝှက်ထားသည်ဟု ဒဏ္ဍာရီများကပြောဆိုကြသည်။ သို့သော် ၎င်းမှာ အဓိပ္ပာယ်မဲ့သော စကားသာဖြစ်သည်။

 

မည်သို့ပင်ဆိုစေ၊ ဖေးယီကျန့်သည် ဤပန်းချီကားကို သူ့မိသားစုဆွေမျိုးသားချင်းများအား ပေးအပ်ရန်ပင် ဆန္ဒရှိသည်ဆိုပါက ၎င်းသည် နန်ယုအား သူမည်မျှတန်ဖိုးထားကြောင်း ရှင်းလင်းစွာ ပြသခြင်းပင်။ ယနေ့ခေတ် လူငယ်များကြားတွင် "ငွေကြေးရှိရာတွင် အချစ်ရှိသည်" ဟူသော စကားတစ်ခွန်းရှိပြီး ဖေးရှင်းလင် ၎င်းတွင် အမှန်တရားအချို့ပါဝင်သည်ဟု ယုံကြည်သည်။

 

နန်ယုမှာ သဘာဝအားဖြင့်မာနကြီးပြီး အပြင်လူများ၏အထင် သေးခံရခြင်းကို မလိုချင်ပေ။ ထို့ကြောင့် သူမ မိသားစုနှင့် အခြားသူများအထင်ကြီးစေရန် ဤပန်းချီကားအားအတင်းတောင်းဆိုခြင်းဖြစ်သည်။ ထိုအကြောင်းပြချက်မှာ အလွန်ခိုင်မာသည်။

 

မေးခွန်းမှာ ဤကိစ္စအတွက် "A Thousand Miles of Spring Scenery" ပန်းချီကားအား ပေးအပ်သင့်သလား ?

 

၎င်းအားခမည်းခမက်များဖြစ်သော နန်မိသားစုအားပေးလျှင်ပင် ဖေးမိသားစု၏ပိုင်ဆိုင်မှုမဟုတ်တော့ဘဲ အထူးအခြေအ နေများမရှိပါက ပြန်လည်ရယူ၍မရနိုင်တော့ပေ။

 

"သခင်မလေး၊ ဒါတော့ မဖြစ်နိုင်ပါဘူး"

 

"ဒီပန်းချီကားက ဖေးမိသားစုအတွက် အရမ်းအရေးပါတယ်၊ ဒါကို ပေးလိုက်ရင် မိသားစုအကြီးအကဲရော၊ ကျွန်တော်ရော မိသားစုဝင်တွေကို ရှင်းပြနိုင်မှာမဟုတ်ဘူး" ဟု ဖေးရှင်းလင် အလေးအနက်ပြောလိုက်သည်။

 

နန်ယုဒေါသထွက်သွားသည်။

 

"ဟင့်အင်း အဲ့လိုဆိုမှတော့ စကားပြောရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

 

သို့သော် "A Thousand Miles of Spring Scenery" နှင့် ပတ် သက်၍ နန်ယု ဒေါသမှာအဓိပ္ပာယ်မရှိပေ။ ဖေးရှင်းလင် သူမအား လေးနက်စွာကြည့်နေပြီး သူ့တိတ်ဆိတ်မှုမှာ ပြတ်သားသောငြင်းဆိုမှုပင်။

 

နောက်ဆုံးတွင် နန်ယု အလျှော့ပေးလိုက်သည်။

 

"ဒါဆို 'Starry Sky' ကိုယူမယ်၊ ရတယ်မလား"

 

'Starry Sky' ပန်းချီကားမှာ 'A Thousand Miles of Spring Scenery' ထက် တန်ဖိုးသိသိသာသာနည်းပြီး ယွမ် သန်း ၂၀ ခန့်သာ ရှိသည်။

 

သို့သော် ၎င်းအား ဖေးယီကျန့်မိခင်မှ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး သူမ၏ခေတ်တွင် နာမည်ကျော် ပန်းချီဆရာမတစ်ဦးဖြစ်ခဲ့သည်။ ကွယ်လွန်ပြီးနောက်ပိုင်းတွင် ၎င်း၏တန်ဖိုးမှာ အဆမ တန်မြင့်တက်လာခဲ့သည်။

 

ဖေးမိသားစုတွင် ဖေးယီကျန့်၏ မိခင်လက်ရာများစွာစုဆောင်း ထားရှိပြီး 'Starry Sky' မှာ ထင်ရှားကျော်ကြားသော လက်ရာတစ်ခုဖြစ်သည်။

 

"ဒါကိုတော့ မိသားစုအကြီးအကဲနဲ့ တိုင်ပင်ရပါဦးမယ်"

 

ဖေးရှင်းလင်ကမူ ထိုပန်းချီကားသည် 'A Thousand Miles of Spring Scenery' နှင့် ယှဉ်လျှင် ဘာမှမဟုတ်ဟု ခံစားရသော ကြောင့် သဘောတူလိုက်သည်။

 

သို့သော် ၎င်းမှာ ဖေးယီကျန့်မိခင်၏နောက်ဆုံးလက်ရာဖြစ်သောကြောင့် သူတစ်ဦးတည်းဆုံးဖြတ်၍မရပေ။ သို့သော် ဖေးယီကျန့် စရိုက်ကိုကြည့်ပြီး သူငြင်းလိမ့်မည်မဟုတ်ဟု ဖေးရှင်းလင်ထင်မြင်မိသည်။

 

ဖေးယီကျန့်သည် အခမ်းအနားများအားဂရုစိုက်သူမဟုတ်ပေ။ သူ့မိဘများ မတော်တဆမှုဖြစ်ပွားခဲ့ချိန်တွင်ပင် ထိုစဉ်က ဆယ်နှစ်သားအရွယ် ဖေးယီကျိန့် စိတ်ဓာတ်ကျသည်ကို ဖေးရှင်းလင် မမြင်ခဲ့ရသလို သူ မျက်ရည်တစ်စက်ပင်မကျခဲ့ချေ။

 

ကနဦးညှိနှိုင်းမှုပြီးနောက် ဖေးရှင်းလင်နှင့် အဖွဲ့ နန်ယု၏အိမ်မှ ထွက်ခွာသွားကြသည်။ မနက်ဖြန်တွင် နောက်ဆုံးထား၍အ ကြောင်းပြန်ကြားပေးမည်ဖြစ်ပြီး အဆင်ပြေပါက ပန်းချီကားအား ယနေ့ပင်ပို့လာနိုင်မည်ဖြစ်သည်။

 

သူတို့ထွက်ခွာသွားပြီးနောက် အိမ်တော်ထိန်းကျိုးမှာ တစ်ခုခုပြောရန် တုံ့ဆိုင်းနေပုံရသည်။ အိမ်အကူ ဖေးယွင်ကျင်းအား အပေါ်ထပ်ခေါ်သွားပြီးနောက် နန်ယု ပြုံးလိုက်သည်။

 

"အိမ်တော်ထိန်းကျိုး၊ ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ"

 

အိမ်တော်ထိန်းကျိုး အသံတိုးတိုးလေး ချောင်းဟန့်လိုက်ပြီး "သခင်မလေး၊ ကျွန်တော် ဝင်မစွက်ဖက်ချင်ပါဘူး၊ ဖေးမိသားစုမှာ အကြီးအကဲဖေးယီကျန့်ဆိုတာ ရှိနေသေးတယ်လေ..."

 

ဖေးယီကျန့် အလုပ်ကိစ္စဖြင့် ခရီးထွက်နေသည်မှာ လပေါင်းများစွာရှိပြီဖြစ်ရာ ဖေးမိသားစုသည် ပိုလို့ပင်ရန်လိုလာသည်။ နန်ယု တောင်းဆိုသည်အားကြားရသောအခါ အိမ်တော်ထိန်းကျိုး သူ့သခင်မလေး မတရားခံနေရပြီဟု ခံစားခဲ့ရသည်။

 

တကယ်တမ်းတွင် ထိုအိမ်ရှိလူတိုင်းမှ နန်ယုအား "သခင်မ" ဟု ခေါ်ဝေါ်ကြသော်လည်း အိမ်တော်ထိန်းကျိုးကမူ "သခင်မလေး" ဟုသာ ဆက်လက်ခေါ်သည်။ ဖေးယီကျန့်အပြုအမူများအပေါ် သူ မကျေနပ်သောကြောင့်ဖြစ်နိုင်သည်။

 

"အိမ်တော်ထိန်းကျိုး"

 

နန်ယု ထိုကိစ္စတွင် ကြင်နာတတ်သည့် ထိုအဘိုးအိုအား ကြည့်ပြီး ရိုးသားစွာ ပြန်ပြောလိုက်သည်။

 

"စိတ်မပူပါနဲ့၊ ကျွန်မအခြေအနေကို ကျွန်မ ကိုယ်တိုင်သိပါတယ်"

 

သူမသည် ပျော်ရွှင်သော တစ်ကိုယ်တော်ဘဝအား ရရှိရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်းသာ။ နန်ကျီနှင့် ဖေးယီကျန့်တို့ကြား  ကိစ္စများအားဖြေရှင်းနိုင်သရွေ့ ဖေးယွင်ကျင်းသည် ပုံမှန်အတိုင်း ဒေါသထွက်နေဦးမည်ဆိုလျှင်ပင် သူမကို မည်သူမျှ ဒုက္ခပေးနိုင်မည်မဟုတ်ဟု နန်ယုယုံကြည်သည်။

 

ယနေ့ သူမတောင်းဆိုခဲ့သည့် "Starry Sky" နှင့် ပတ်သက်၍ အစကတည်းက "A Thousand Miles of Spring Scenery" အားတောင်းဆိုရန်မစဉ်းစားခဲ့ပေ။ သူမကိုယ်တိုင်လည်း ပွဲတစ်ခုတက်ရုံနှင့် ထိုပန်းချီကားအား ရနိုင်မည်မဟုတ်ကြောင်းသိထားသည်။

 

နန်ယု တကယ်လိုချင်သည်မှာ "Starry Sky" ဖြစ်ပြီး ၎င်းမှာ သူ့ အရန်အစီအစဉ်ဖြစ်သည်။

 

ဖေးယီကျန့် ကွာရှင်းရန် ငြင်းဆိုလာခြင်း သို့မဟုတ် ဖေးမိသားစုမှ ပြဿနာရှာလာခြင်းကဲ့သို့သော အခြေအနေမျိုးအ တွက် "Starry Sky" သည် အကောင်းဆုံးလက်နက်ဖြစ်လာမည်။

 

ထိုပန်းချီကားတွင် လျှို့ဝှက်ချက်တစ်ခုပါဝင်ပြီး နောက်ပိုင်းတွင် ဖေးယွင်ကျင်းအတွက် ဖေးမိသားစုအားဖြိုချရာတွင် အရေးပါသောအရာတစ်ခုဖြစ်လာနိုင်သည်။

 

ထိုညနေတွင် နန်ယု လုံခြုံစွာထုပ်ပိုးထားသည့် "Starry Sky" ကိုလက်ခံရရှိခဲ့သည်။ ၎င်းမှာ လာမည့်စနေနေ့တွင် ကျင်းပမည့် ပေထန်မိသားစုပွဲသို့ ဖေးယွင်ကျင်းနှင့်အတူ တက်ရောက်ရတော့မည်ဖြစ်သည်။

 

ထိုအကြောင်းကို နန်ကျီအား ပြောပြသောအခါ သူမ သေချာ ပေါက် အဆူခံခဲ့ရသော်လည်း နန်ကျီ၏ဝေဖန်မှုများသည် ဖေးယိကျိန့်နှင့် ဖေးမိသားစုအား အဓိကဦးတည်ခဲ့သည်။

 

နန်ယုမှ သူ့ပျော်ရွှင်မှုမှာ အခြားသူများအမြင်ထက်ပိုအရေး ကြီးသည်ဟုပြောပြီး အားပေးနှစ်သိမ့်ခဲ့သည်။

 

သို့သော် နန်ကျီ၏အမြင်တွင်မူ သူ့ညီမသည်ပြင်းထန်သောမတရားမှုအား ခံစားနေရသည်ဟုထင်မြင်ပြီး ဒေါသထွက်ခဲ့သည်။

 

နန်ယု အကြောင်းအရာအားလျင်မြန်စွာပြောင်းလိုက်ပြီး နိုင်ငံ ရပ်ခြားတွင် 'ပျားရည်ဆမ်းခရီး' ထွက်နေသော မိဘများထံမှ ဤကိစ္စအား လျှို့ဝှက်ထားရန် သူ့ကိုတောင်းဆိုလိုက်သည်။

 

ဖခင်ဖြစ်သူ နန်ကုမ္ပဏီကို နန်ကျီအားလွှဲအပ်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ရာ ထိုစုံတွဲသည် ကမ္ဘာပတ်ပြီးခရီးထွက်ခဲ့ကြသည်။ တစ်နှစ်၏အချိန်အများစုကို ပျော်ရွှင်စွာကုန်ဆုံးကြသည်။

 

၎င်းမှာ နန်ယု အိပ်မက်မက်ခဲ့သော ပျော်ရွှင်သည့်ဘဝဖြစ် သည်။

 

သူ အနိုင်ကျင့်ခံရသည်ဟု လုံးဝမခံစားရပေ။ ပျော်ရွှင်သောဘဝနှင့် ဖေးမိသားစုအပေါ် ထိန်းချုပ်နိုင်သောအခွင့်အရေးတစ်ခုရရန် ပွဲတစ်ခုတက်ရုံမျှဖြင့် လုံလောက်သည်ဟု သူ ယူဆသည်။

 

အခြားသူများ၏အမြင်မှာ သူ့အတွက် အဘယ်ကြောင့် အရေးပါမည်နည်း။

 

တစ်နေကုန်အိမ်ထဲတွင်နေလျှင် လူများက သူ့အကြောင်းမကောင်းပြောကြမည် မဟုတ်ပေလော။ ဖေးယီကျန့် မရှိကြောင်း သူတို့သိကြမည် မဟုတ်ပေ။

 

တစ်ပါးသူအား လှောင်ပြောင်လိုသူများ သို့မဟုတ် အခွင့် ကောင်းယူလိုသူများသည် အမြဲတမ်းဝေဖန်ရန်အခွင့်အရေးများကို ရှာဖွေနေကြသည်။

 

နစ်နာသည်ဟု ခံစားရခြင်းသည် သင် ဂရုစိုက်သောအခါမှသာ ခံစားရသည့်အရာ ဖြစ်သည်။ နန်ယုအတွက်မူ သူမနှင့် ဖေးမိသားစုမှာ ယခုအခါ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြစ် သည်။

 

ပိုက်ဆံအလုံအလောက်ရပြီဆိုလျှင် သူ ထွက်ပြေးမည်ဖြစ် သည်။

 

မည်သူမျှ ပိုက်ဆံအများကြီးရှိခြင်းကို မညည်းညူကြပေ။

 

 

ကလေးကကျောင်းမသွားချင်ရင် ဘယ်လိုလုပ်မလဲ ??

 

တစ်နေ့တွင် ဤကဲ့သို့သော ပြဿနာမျိုးနှင့်ရင်ဆိုင်ရမည်ဟု နန်ယု တစ်ခါမျှ မတွေးထားခဲ့ပေ။

 

သာယာသော စနေ၊ တနင်္ဂနွေပိတ်ရက်ဖြစ်သည်။ အလုပ်မရှိဘဲ မိဘများ၏ငွေဖြင့် နေထိုင်သည့် နန်ယုအတွက်မူ စနေ၊ တနင်္ဂ နွေပိတ်ရက်များမှာ ပုံမှန်ရက်များကဲ့သို့ပင် ဖြစ်သည်။ အလုပ်အတွက် စောစောထရန်မလိုသလို အရေးတကြီးလုပ်ရမည့် ကိစ္စလည်းမရှိပေ။

 

သို့ဖြင့် မနက်အိပ်ရာနိုးသောအခါ ဧည့်ခန်းတွင် ဖေးယွင်ကျင်းမှာ အိမ်တော်ထိန်းကျိုး၏ခြေသလုံးအား ဖက်ထားသည်ကို တွေ့ရသဖြင့် သူမ သုံးစက္ကန့်မျှ စဉ်းစားလိုက်သည်။

 

ယနေ့ တနင်္လာနေ့၊ မနက် ၉ နာရီခွဲဖြစ်သည်။ ပုံမှန်ဆိုလျှင် ဖေးယွင်ကျင်း ကျောင်းတွင်ရှိနေရမည်။

 

"အိမ်တော်ထိန်းကျိုး"

 

ပြဿနာရှိနေသော ထိုနှစ်ဦး၏အာရုံမှာ နန်ယုထံရောက်လာသည်။

 

နောက်တစ်စက္ကန့်အကြာတွင်-

 

အိမ်တော်ထိန်းကျိုး ကယ်တင်ရှင်တစ်ဦးအားတွေ့ရှိလိုက်သကဲ့သို့ ဖြစ်နေသည်။ ဖေးယွင်ကျင်း ခေါင်းငုံ့ထားသော် လည်း သူ့ဖက်တွယ်မှုမှာ ပိုမိုတင်းကျပ်လာသည်။

 

"သခင်မလေး၊ သခင်လေးက ကျောင်းမသွားချင်ဘူး!" ဟု အိမ်တော်ထိန်းကျိုး အရင်တိုင်တန်းလိုက်သည်။

 

နန်ယု: "ဘာလို့လဲ"

 

မေးခွန်းမှာအိမ်တော်ထိန်းကျိုးအား ရည်ရွယ်သော်လည်း အိမ်တော်ထိန်းမှာမူ မသိပေ။

 

ဤမူလတန်းကျောင်းကို ဗီလာအိမ်ရာမှ ကလေးများအတွက် အထူးဖွင့်လှစ်ထားခြင်းဖြစ်သည်။ တက်ရောက်သည့် ကလေးများမှာ ချမ်းသာသူများ သို့မဟုတ် အထူးအခွင့်အရေးရသူ များဖြစ်ကြသည်။ အဆောက်အအုံများနှင့် ဆရာများမှာအဆင့်အတန်းမြင့်သည်။ ကလေးများမှာ ၎င်းတို့၏ရွယ်တူများဖြင့် ကစားရသည်ကို ပိုကြိုက်သင့်သည်မဟုတ်ပါလား ?

 

ယခင်က ရန်ဖြစ်ခဲ့ခြင်းကြောင့် ဖေးယွင်ကျင်း စိတ်ထဲတွင်နာကျည်းမှုဖြစ်သွားသည်လားဟု အိမ်တော်ထိန်းကျိုးတွေးမိ သည်။ ထို့ကြောင့် သူ စိတ်ရှည်လက်ရှည် ရှင်းပြပြီးနောက်တစ်ကြိမ် ထိုသို့ဖြစ်လာမည် မဟုတ်ကြောင်း အာမခံသည်။

 

သို့သော် ဖေးယွင်ကျင်း ခေါင်းခါလိုက်ပြီးအိမ်တော်ထိန်းကျိုး ခြေသလုံးအား တိတ်တိတ်လေးဆက်ဖက်ထားသည်။

 

"ဒါဆို မသွားနဲ့လေ၊ ဘာလိုချင်သေးလဲ"

 

နန်ယု ပြောလိုက်ပြီး မနက်စာစားရန် ထမင်းစားခန်းသို့သွားတော့သည်။

 

အိမ်တော်ထိန်းကျိုး: "..." သူ့ခြေထောက်ပေါ်မှ အင်အားတိုးလာသည်ကို ခံစားရသည်။

 

အကြီးရော၊ အငယ်ပါ ကလေးများသည် အဘယ်ကြောင့် ဤမျှဆိုးသွမ်းကြပါသနည်း။

 

အခုကျောင်းမသွားချင်ဘူးဆို‌တော့ နောက်ကျရင်ကောကျောင်းမသွားတော့ဘူးလား ??

 

အိမ်တော်ထိန်းကျိုး ရုတ်တရက် ပင်ပန်းသလိုခံစားရသော် လည်း ယုံကြည်စိတ်ချရသော လူကြီးတစ်ဦးအနေဖြင့် သူ ဒူးထောက်ထိုင်ချလိုက်ပြီး ကလေး၏ရှုထောင့်မှ နားလည်ရန် ကြိုးစားကာ ဖေးယွင်ကျင့်အား ညင်သာစွာပြောဆိုလိုက်သည်။

 

နန်ယု မနက်စာစားပြီး ပြန်ထွက်လာသောအခါ အဘိုးအိုနှင့် ကလေးမှာ မတင်းမာနေဆဲပင်။

 

အိမ်တော်ထိန်းကျိုး၏စိတ်အားထက်သန်စွာ တိုက်တွန်းပြော ဆိုမှုကို မြင်သောအခါ နန်ယုလျှောက်သွားပြီး ဖေးယွင်ကျင်း ၏အင်္ကျီကော်လံအားဆွဲမကာ ကြောင်ကလေးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းလိုက်သည်။

 

အိမ်တော်ထိန်းကျိုး၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားရသည်။

 

 

"!!!!"

 

သခင်မလေးက ဘယ်တုန်းက ဒီလောက်အားသန်သွားတာလဲ။

 

ဖေးယွင်ကျင်း ပိန်သည်ဆိုသော်လည်း ပေါင်သုံးဆယ်နီးပါး ရှိသည်။ နန်ယု သူ့အား လက်တစ်ဖက်တည်းဖြင့်မလိုက်ခြင်းဖြစ် သည်။

 

ဖေးယွင်ကျင်း တုံ့ပြန်မှုမှာ ပိုပြင်းထန်သည်။

 

 "...ကျွန်တော့်ကို ချပေးပါ! ပြန်ချပေးပါ!"

 

နန်ယု ထိုသို့ပြုလုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ့မျက် နှာတစ်ခုလုံး နီရဲလာပြီး မီးခိုးများထွက်လာတော့မလိုဖြစ်နေ သည်။

 

"ဘာလို့ ကျောင်းမသွားချင်တာလဲ"

 

ဖေးယွင်ကျင်း ထပ်မံတိတ်ဆိတ်သွားပြီး မူလက ရုန်းကန်နေသော သူ့ခန္ဓာကိုယ်မှာလည်း တောင့်ခဲသွားပြီး သစ်သားရုပ်ကလေးကဲ့သို့ဖြစ်နေသည်။

 

နန်ယု အိမ်တော်ထိန်းကျိုး၏ စိုးရိမ်ပူပန်နေသော အမူအရာအား မြင်သောအခါ အနည်းငယ်ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးလိုက်သည်။

 

 "မင်း တကယ် ကျောင်းမသွားချင်ဘူးလား"

 

ဖေးယွင်ကျင်း၏ကလေးဆန်သော စိတ်ဖြင့် အန္တရာယ်တစ်ခုအား အာရုံခံမိသော်လည်း အမည်မသိသောအကြောင်းအရင်းတစ်ခုကြောင့် သူ ခေါင်းခါလိုက်သည်။

 

"အရမ်းကောင်းတယ်"

 

နန်ယု ခေါင်းညိတ်လိုက်ပြီး ဖေးယွင်ကျင်းအား ပြန်ချပေး လိုက်သည်။

 

"အိမ်တော်ထိန်းကျိုး၊ ကျောင်းအုပ်ကြီးကိုဖုန်းဆက်ပြီး ဒီနေ့ ကျောင်းက ကလေးတွေကို ဒီအိမ်ကိုဖိတ်ထားတယ်လို့ပြောလိုက်ပါ"

 

ဖေးယွင်ကျင်း: "!!!!"

 

သူ၏ကြီးမားပြီးဝိုင်းသော မျက်လုံးများရုတ်တရက်ပိုလို့ပင် ပြူးကျယ်သွားပြီး အစားခိုးစားမိသော ရှဉ့်ကလေးကဲ့သို့နေရာတွင် တောင့်ခဲသွားသည်။

 

"မဖြစ်ဘူး! မဖြစ်ဘူး!"

 

ဖေးယွင်ကျင်း အိမ်တော်ထိန်းကျိုးလို နန်ယုအားတွယ်ကပ်ရန် သတ္တိမရှိပေ။ သို့သော် သူ သတိရလာသည်နှင့် ခေါင်းအား ကြက်တူရွေးတစ်ကောင်ကဲ့သို့ ဆက်တိုက်ခါလိုက်သည်။

 

"ကန့်ကွက်မှုက အကျုံးမဝင်ဘူး"

 

နန်ယု၏ရက်စက်ပြီး ကြင်နာမှုမရှိသောစကားများကြောင့် ဖေးယွင်ကျင်း စိတ်ဓာတ်ကျသွားသည်။

 

သူ အိမ်တော်ထိန်းကျိုးအား တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း အိမ်တော်ထိန်းကျိုးမှာမူ မျက်နှာကျက်ကိုသာကြည့်နေခဲ့သည်။

 

"သူတို့ ကျွန်တော့်ကိုလှောင်ရယ်ကြတယ်"

 

အသံမှာ တိုးတိုးလေးဖြစ်သော်လည်း နန်ယု ရှင်းရှင်းလင်း လင်းကြားလိုက်ရသည်။ ခဏမျှစဉ်းစားပြီးနောက် သူမ နား လည်သွားပုံရသည်။

 

"မင်းကြောင့် သူတို့ ငါ့ကိုရယ်နေကြတယ်လို့ထင်တာလား"

 

ဖေးယွင်ကျင်း ခေါင်းအား ပိုငုံ့လိုက်ပြီး သူ့အင်္ကျီထောင့်စွန်းကို ဆွဲထားသည့်လက်မှာတင်းကျပ်သွားရသည်။ သူ ပြန်မဖြေသော်လည်း ထိုအတိုင်းတွေးနေသည်မှာ ရှင်းလင်းနေသည်။

 

ထိုဝတုတ်လေးမှာ သူ့အား ပထမဆုံးရယ်သောသူမဟုတ်ပေ၊ သူ့ဆီသို့ပြေးလာပြီး ပထမဆုံးရယ်သော သူသာ။

 

ဖေးယွင်ကျင်း အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်သည်။ ဆရာများ၏ရံဖန်ရံခါ လှမ်းကြည့်သောအကြည့်များတွင် မသက်မသာဖြစ်သော ခံစားချက်များစွာပါဝင်နေသည်ကို သူ ခံစားနိုင်သည်။

 

၎င်းတို့က သူအား အသက်ငယ်သေးသည်ဟုထင်ကြသည် သို့မဟုတ် အလွန်လျှို့ဝှက်သည်ဟုထင်ကြပေမည်။  သို့သော် ဖေးယွင်ကျင်းသည် သာမန်ကလေးတစ်ဦးမဟုတ်ပေ။ သူသည် စိတ်ခံစားမှုပြင်းထန်ပြီး ထက်မြက်ကာ သူ့ဘဝအတွေ့ အကြုံကို ကောင်းစွာသိသည်။

 

သူ့မွေးမိခင်မှာ အလွန်ဆိုးရွားသောအရာများလုပ်ခဲ့ကြောင်းကိုလည်း သူ သိသည်။ ထိုအရာများအား သူ့ကလေးထိန်းမှ အကြိမ်ကြိမ် ပြောပြခဲ့ဖူးသည်။

 

ဖေးယွင်ကျင်း သူငယ်တန်းကျောင်းမသွားလိုကြောင်း အိမ်တော်ထိန်းကျိုးအား ဒီနှစ်ရက်အတွင်းပြောပြရန် ကြိုးစားခဲ့သည်။ သို့သော် အိမ်တော်ထိန်းကျိုးမှာ ကလေး၏ဆိုးသွမ်းမှုတစ်ခုသာဖြစ်သည်ဟု ထင်မှတ်ပြီး အလေးအနက်မထားခဲ့ပေ။ ယခုမနက်မှသာ သူငယ်တန်းကျောင်းအပေါ် ဖေးယွင်ကျင်း၏ပြင်းထန်သော မုန်းတီးမှုအားခံစားမိခဲ့သည်။

 

သူ့ကိုသာ လှောင်ရယ်လျှင် ကိစ္စမရှိပေ။ သို့သော် ထိုဝတုတ်လေး၏အဘွားနှင့် မနေ့က ရောက်လာသည့်လူများ၏ စကားများမှာ သူ့အန်တီ ( နန်ယု )ကိုပါ သူ့ကြောင့် သွယ်ဝိုက်၍ ထိခိုက်စေသည်ကို ဖေးယွင်ကျင့် ရုတ်တရက်နားလည်စေခဲ့သည်။

 

၎င်းတို့သည် သူ့အန်တီကိုပါ လှောင်ရယ်နေကြလေသည်။

 

ငါ့ကြောင့် အခြားသူတွေ ငါ့အန်တီကိုရယ်လို့မဖြစ်ဘူး၊ မဟုတ်ရင် သူ သေချာပေါက် ငါ့ကိုမုန်းတော့မှာပဲ !!

 

အဲ့တော့ ကျောင်းမသွားတာပဲ ကောင်းတယ်။