Ch 12
Viewers 5k

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း


အပိုင်း  ၁၂




“အိမ်မှာ အားလုံးအဆင်ပြေရဲ့လား။ ဘယ်သူလိုက်ပို့တာလဲ။”



စုတုန်သည် လက်ကိုဆေးကြောပြီးနောက် သူ့ရုံးခန်းသို့ ပြန်လာခဲ့သည်။ သူ့အပေါ်ကုတ်အင်္ကျီကို ချွတ်ကာ အဝတ်ဘီရိုထဲမှ သန့်ရှင်းသော နောက်တစ်ထည်ဖြင့် လဲလှယ်ဝတ်ဆင်လိုက်သည်။



စုရှီသည် ခုံပုလေးတစ်ခုပေါ်တွင်ထိုင်ရင်း သူမအစ်ကိုကြီး၏ ရုံးခန်းကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ စုတုန်၏ မေးခွန်းကိုကြားသောအခါ သူမက ပြန်ဖြေလိုက်သည်။



“ဦးလေး လိုက်ပို့တာ။ ဒုတိယအစ်ကိုက ဒီတစ်ပတ် အိမ်မပြန်လာလို့ ဦးလေးကို အစားအသောက်နဲ့ ပုစွန်အချဥ် လာပို့ခိုင်းတာ။ ပြီးတော့ သူနဲ့ခန တွေ့ချင်လို့ လာလည်တာ။ ဒုတိယအစ်ကိုရောဟင်။ သူ့ကိုမတွေ့မိပါလား။”



သူ့အဆောင်တွင် လဲလျောင်းနေသော ရှီးယန်နန်ကို စဉ်းစားမိသောအခါ စုတုန်သည် သူ့နဖူးကိုပွတ်သပ်လိုက်ပြီး အားမတန်မာန်လျှော့ဖြင့် ပြောလိုက်သည်။



“သူက ကိုကြီးအဆောင်မှာရှိတယ်။ အဖွားကိုပြောလိုက် ယန်နန်က အရွယ်ရောက်နေပြီ၊ သူ့ဘာသာသူ ထမင်းရှာစားနိုင်တယ်လို့။ ဦးလေးကို အမြဲတမ်း ထမင်းဟင်း လာပို့ခိုင်းမနေနဲ့တော့။ သူလည်း အသက်ကြီးလာပြီ၊ ပြီးတော့ ကိုကြီးလည်း ဒီမှာရှိနေတာပဲ။”



စုရှီက ခေါင်းညိတ်၍ ပြောလိုက်သည်။ “အဖွားက ဦးလေးကို အစ်ကို့ဆီ တကူးတက လာပို့ခိုင်းတာ မဟုတ်ပါဘူး။ ဦးလေးက ဒီနားက ဖြတ်သွားမှာမို့လို့ပါ။”



ထိုသို့ကြားရသောအခါမှ သူသည် စိတ်သက်သာရာရသွားသည်။ စုတုန်သည် အချိန်ကိုကြည့်ကာ ပြောလိုက်သည်။



“၁၁ နာရီကျော်နေပြီ။ ဦးလေးက ဘယ်အချိန်လောက် လာခေါ်မယ်လို့ ပြောသွားသေးလဲ။”



“မွန်းလွဲပိုင်းလောက်။ ဦးလေးက ခရိုင်အစိုးရရုံးကို သွားစရာရှိသေးလို့တဲ့။ အသေးစိတ်တော့ မမေးလိုက်ဘူး။ သူအလုပ်ပြီးရင် ဆေးရုံကိုဝင်ပြီး သမီးကိုလာရှာမယ်လို့တော့ ပြောထားတယ်။ ဘာဖြစ်လို့လဲဟင်။”



“ဘာမှမဖြစ်ပါဘူး။ ခဏနေရင် ကိုကြီး လူနာတွေလှည့်ကြည့်ရမှာ။ ညီမလေးကို လျှောက်လည်ဖို့ ခေါ်သွားနိုင်မှာမဟုတ်ဘူး။ ယန်နန်ဆီ သွားမလား။ သူ့ကို နိုင်ငံပိုင်စားသောက်ဆိုင်မှာ တစ်ခုခုသွားစားဖို့ ခေါ်သွားခိုင်းလိုက်မယ်။ နေ့လယ်ကျရင် ယန်နန်ကို ရုပ်ရှင်လိုက်ပြခိုင်းပြီး အဝတ်အစားလေး ဘာလေးဝယ်ပေါ့။”



စုတုန်သည် သူ့ညီမငယ်လေးက နုနယ်သည်ကို သိသည်။ သူမကို ဒီအတိုင်းတစ်ယောက်တည်း ထားခဲ့လျှင် ပျင်းနေလိမ့်မည်။



စုရှီက ခေါင်းခါကာ ပြောလိုက်သည်။ “အပြင်မှာ အရမ်းပူတယ်။ အပြင်မထွက်ချင်ဘူး။ အစ်ကိုကြီး၊ အစ်ကိုကြီး လူနာလှည့်ကြည့်တဲ့အခါ သမီးလိုက်လို့ရလား။”



“ကိုကြီးနဲ့လိုက်လို့ ညီမလေးက ဘာအကျိုးရှိမှာမို့လို့လဲ။”



စုရှီက ပြောလိုက်သည်။ “ညီမလည်း အနာဂတ်မှာ ဆရာဝန်တစ်ယောက် ဖြစ်ချင်တာလေ။ ဘာလို့ အစ်ကိုကြီးနဲ့လိုက်ပြီး ကြိုမလေ့လာရမှာလဲ။”



စုတုန်သည် လူနာလှည့်ရန်အတွက် ပြင်ဆင်ထားသော မှတ်တမ်းစာအုပ်ကိုထုတ်ကာ မတ်တပ်ထရပ်လိုက်ပြီး သူ့ ညီမ၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။



“မင်းရဲ့ လက်ရှိအဆင့်နဲ့တော့ ဆရာဝန်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။”



စုရှီသည်လည်း မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကိုကြီးရယ်။ ညီမ ကြိုးစားနေပါပြီ။”



စုတုန်သည် သူ့ညီမကို “မရဘူး” ဟု ပြောရန် အမြဲတမ်းခက်ခဲလေ့ရှိသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့်သာ ပြောနိုင်ခဲ့သည်။ “ဒါဆို ခဏနေရင် ကိုကြီးနောက်လိုက်ခဲ့၊ ကြည့်ရုံပဲကြည့်နော်၊ စကားမပြောရဘူး။ တချို့လူနာတွေက အထူးအခြေအနေတွေရှိတယ်၊ အဲ့အခါကျ မင်းအပြင်မှာပဲ စောင့်ရမယ်၊ ကြားလား။”



သူ့ညီမ ကြားကြောင်း သေချာသွားပြီးနောက် စုတုန့်သည် သူနာပြုကောင်တာသို့ လှမ်း၍ လက်ပြကာ ပြောလိုက်သည်။



“ရှောင်ကျန်း၊ ရှောင်လီ သွားကြစို့။ နေ့လယ်စာမစားခင် လူနာတွေ လှည့်ကြည့်ရအောင်။”



စုရှီသည် သူမ၏ အရင်ဘဝတွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် သင်ကြားခဲ့ဖူးသူဖြစ်ရာ သူမ၏ သဘောတရားပိုင်းဆိုင်ရာ အသိပညာမှာ ခိုင်မာလှသည်။ သူမအစ်ကိုနောက်သို့ လိုက်ပါရင်း သူသည် လူနာများကို စစ်ဆေးသည့်အခါနှင့် နွေးထွေးစွာ ပြောဆိုဆက်ဆံသည့်အခါတွင် သုံးနှုန်းသော ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို နားလည်နိုင်ခဲ့သည်။



အမှန်တကယ်တွင် သူမသည် အရင်ဘဝ၌ သူမ၏ ဆရာနှင့်အတူ အလုပ်သင်ဆင်းခဲ့ဖူးသည်။ သို့သော် ယခုလက်ရှိ ဆေးပညာစံနှုန်းများသည် သူမ၏ အနာဂတ်ဘဝနှင့် အတော်ပင်ကွာခြားလှသည်။



မည်သို့ပင်ဆိုစေကာမူ ဆေးကျောင်းသူတစ်ယောက်၏ လမ်းကြောင်းကို လျှောက်လှမ်းလိုပါက ပတ်ဝန်းကျင်ကို စောစီးစွာ လေ့လာခွင့်ရခြင်းသည် ကောင်းမွန်သောအရာပင် ဖြစ်သည်။



ထိုအချိန်က လူအများစုသည် နာမကျန်းဖြစ်သည့်အခါ ဆေးရုံတွင် တက်ရောက်ကုသခြင်းကို ရွေးချယ်လေ့မရှိကြပေ။ အနာဂတ်ကာလများတွင် ဆေးရုံကုတင်များ အလွန်လိုအပ်နေသည်နှင့် မတူညီပေ။



ထို့ကြောင့် သူတို့သည် နောက်ဆုံးလူနာဆောင်သို့ လျင်မြန်စွာ ရောက်ရှိသွားကြပြီး တံခါးဝတွင် စောင့်ကြည့်နေသော စုစန်ယကို အံ့ဩစရာမရှိဘဲ တွေ့ရှိခဲ့ကြသည်။



စုစန်ယသည် တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေရင်း အဖြူရောင် ဆရာဝန်ကုတ်ကို ဝတ်ဆင်ထားသော စုတုန့်ကို အဝေးမှမြင်လိုက်ရသောအခါ သူမမျက်လုံးထဲရှိ အံ့အားသင့်မှုများကို မထိန်းချုပ်နိုင်ခဲ့ပေ။



စုတုန်နှင့် စုရှီတို့ မောင်နှမနှစ်ယောက်မှာ အမှန်တကယ်ပင် ရုပ်ရည်ချောမောလှသည်။ သူမသည် ကြီးပြင်းလာသောတစ်လျှောက်လုံး သူတို့ထက်ပို၍ ဆွဲဆောင်မှုရှိသောသူကို မမြင်ဘူးခဲ့ပေ။



သို့သော် စုတုန်နှင့် ရှီးယန်နန်တို့သည် ချစ်သူများဖြစ်နေသည်ကို တွေးမိသောအခါ သူမ စက်ဆုပ်ရွံရှာစွာဖြင့် နှာမှုတ်လှောင်ပြောင်လိုက်သည်။



သူမတို့အဖွဲ့ လူနာဆောင်၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ စီစဉ်စရာရှိသည်များကို စီစဉ်ရန် အပြင်သို့ထွက်သွားခဲ့သော ကောင်းလျန်လည်း ပြန်ရောက်လာခဲ့သည်။



အဖြူရောင်ကုတ်များ ဝတ်ဆင်ထားသောအဖွဲ့ကို မြင်သောအခါ သူသည် အလျင်အမြန် ချဉ်းကပ်လာပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။



“ဆရာ၊ ကျွန်တော်တို့ တပ်ခွဲမှူးမှာ တစ်ခုခုများ ဖြစ်နေလို့လားခင်ဗျာ။”



စုတုန်သည် သူ့လက်ကို လျင်မြန်စွာယမ်းပြကာ ပြောလိုက်သည်။ “နေ့လယ်စာမစားခင် ပုံမှန်လူနာလှည့်ကြည့်တာပါပဲ။ စိတ်ပူစရာမလိုပါဘူး။”



“အော်။ ဒါဆို တော်သေးတာပေါ့၊ တော်သေးတာပေါ့။ ဆရာ၊ ကျေးဇူးပြုပြီး အထဲကို အမြန်ဝင်ပါ၊ ဆရာ။” ကောင်းလျန်သည် စိတ်အေးသွားပြီး ချက်ချင်း တံခါးကိုဖွင့်ကာ အားလုံးကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ အထဲသို့မဝင်မီ သူသည် စုစန်းယကို အနားကပ်မခံဘဲ တပ်ခွဲမှူးကို အနှောင့်အယှက်မပေးအောင် ကူညီပေးခဲ့သော သူနာပြုကိုပင် ကျေးဇူးတင်စကားဆိုလိုက်သေးသည်။



စုစန်ယသည် စုရှီပါ လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ထိတ်လန့်သွားပြီး အလျင်အမြန် နောက်မှလိုက်သွားခဲ့သည်။ သို့သော် သူမသည် တံခါးဘောင်သို့ မရောက်မီမှာပင် ကောင်းလျန် သည် တံခါးကို ရုတ်တရက် “ဒုန်း” ခနဲမြည်အောင်ပိတ်လိုက်ရာ သူမသည် အပြင်ဘက်တွင် ကျန်နေခဲ့သည်။



ထိုမြင်ကွင်းကို မြင်လိုက်ရသူများ - “...”



လူတိုင်း၏ နားမလည်နိုင်သော အကြည့်များကို ရင်ဆိုင်ရင်း ကောင်းလျန်သည် သူ့ခေါင်းကို အနေရခက်စွာကုတ်ကာ ပြောလိုက်သည်။



“အမ်၊ အပြင်က အဲ့ဒီအမျိုးသမီးက ကျွန်တော်တို့တပ်ခွဲမှူးရဲ့ အနားယူချိန်ကို နှောင့်ယှက်နိုင်လို့ပါ။”



စုတုန်သည် မျက်ခုံးပင့်ကာ မေးလိုက်သည်။ “သူက ခင်ဗျားတို့တပ်ခွဲမှူးရဲ့အသက်ကို ကယ်ခဲ့တဲ့သူ မဟုတ်ဘူးလား။”



အနည်းဆုံးတော့ သူသည် စုစန်ယ အော်ဟစ်ပြောဆိုနေသည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်။



ကောင်းလျန်က မဲ့ပြုံးပြုံးလိုက်သည်။



“မဟုတ်ပါဘူး။ သူသာ ရုတ်တရက်ကြီးပေါ်မလာခဲ့ရင် ကျွန်တော်တို့တပ်ခွဲမှူးက ပြည်သူတွေရဲ့လုံခြုံရေးကို စိုးရိမ်ပြီး သေနတ်ထိသွားမှာမဟုတ်ဘူး။”



ထိုအဖြေကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း စုတုန်သည် ဆက်မေးမနေတော့ဘဲ တရားဝင်စစ်ဆေးမှုကို စတင်လိုက်သည်။



စုရှီသည် လူအုပ်၏ နောက်တွင်ရပ်ရင်း လူနာခုတင်ပေါ်မှလူကို စပ်စုစွာဖြင့် အကဲခတ်ကြည့်ရှုနေခဲ့သည်။



စုစန်ယ စွဲလန်းနေသော ထိုလူတွင် မည်သည့်အရာက ထူးခြားနေသည်ကို သူမ သိချင်နေခဲ့သည်။ မမျှော်လင့်ဘဲ သူမသည် နက်ရှိုင်းပြီး လေးနက်သော မျက်လုံးအစုံနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။



စုရှီ မျက်တောင်ခတ်လိုက်မိသည်။ သူမသည် လူအုပ်ထဲတွင် သတိမထားမိလောက်အောင် ရပ်နေရင်း ခိုးကြည့်ရုံလေး ကြည့်နေသည်ဟု ထင်ခဲ့သည်။ သူမသည် သူနှင့် မည်သို့မည်ပုံ အကြည့်ချင်းဆုံသွားခဲ့ပါသနည်း။ ဤလူသည် အလွန်အကင်းပါးလှသည်။ သူသည် စစ်သားတစ်ယောက်ဟု ခေါ်ဆိုထိုက်ပေသည်။



မည်သို့ပင်ဆိုစေကာမူ စုရှီသည် ကြောက်ရွံ့မသွားခဲ့ပေ။ သူမသည် ခုတင်ပေါ်မှလူကို ပြုံးပြလိုက်ပြီး နောက်ထပ်ချောမောသောလူတစ်ယောက်ပါလားဟု စိတ်ထဲမှ တိတ်တခိုး လေးစားနေခဲ့သည်။



သူသည် အစ်ကိုကြီး စုတုန်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ချောမောသူ မဟုတ်သလို သူမ၏ ဒုတိယအစ်ကို ယန်နန်ကဲ့သို့ ပုန်ကန်တတ်ပြီး စကားပြောပွင့်လင်းသူလည်း မဟုတ်ပေ။ သူမရှေ့မှလူသည် အသက်သိပ်မကြီးလှဘဲ နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိဟန်တူသည်။



 ထက်မြက်သောမျက်ခုံးများ၊ ကြယ်တာရာများကဲ့သို့တောက်ပသော မျက်လုံးများ၊ ဖြောင့်စင်းသောနှာတံနှင့် တင်းတင်းစေ့ထားသော ပါးလွှာသောနှုတ်ခမ်းများက ဂုဏ်သိက္ခာနှင့် ဖြောင့်မတ်တည်ကြည်ခြင်းကို ပေါ်လွင်စေသည်။



ထို့အပြင် ခုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း သူ့ခြေထောက်များ မည်မျှရှည်လျားသည်ကို မြင်နိုင်ပေသည်။ ခုတင်သည် သူ့ခြေထောက်များအတွက် သေးငယ်လွန်းနေပုံရပြီး ထိုအချက်က သူသည် ဒုတိယအစ်ကို ယန်နန်ထက် အရပ်မနိမ့်ကြောင်းကို ဆိုလိုသည်။



စုရှီ စိတ်ထဲမှ လေချွန်လိုက်သည်.. ထိပ်တန်းအဆင့် ချောမောခန့်ညားသူတစ်ဦးပင်။ စုစန်ယသည် သူ့ကို အဘယ်ကြောင့် ဤမျှစူးစိုက်ကြည့်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။



စုတုန်သည် တရားဝင်စစ်ဆေးမှုကို ပြုလုပ်နေစဉ် စုရှီသည်လည်း အာရုံစိုက်ကာ စုတုန်နှင့် လူနာကြားမှ စကားပြောဆိုမှုများကို ဂရုတစိုက်နားထောင်နေခဲ့သည်။



မိနစ်အနည်းငယ်ကြာပြီးနောက် ထိုအဖွဲ့သည် ဆေးရုံခန်းထဲမှ တဖွဲဖွဲထွက်လာကြသည်။



စုတုန်သည် သူ့နားကြပ်ကို နားမှဖြုတ်ကာ သူ့ညီမကို ပြောလိုက်သည်။“နိုင်ငံပိုင်စားသောက်ဆိုင်ကို တကယ်မသွားချင်တော့ဘူးလား။”



စုရှီ ပြတ်ပြတ်သားသား ခေါင်းခါကာ ပြောလိုက်သည်။ “မသွားတော့ဘူး။ အပြင်မှာ အရမ်းပူတယ်။”



“ကောင်းပြီလေ။ ဆေးရုံစားဖိုဆောင်ကလည်း မဆိုးပါဘူး။ အဲ့မှာပဲ နေ့လယ်စာစားကြတာပေါ့။ နေ့လယ်ကျရင် ကိုကြီးရုံးခန်းမှာ နားနေလိုက်။”



“ညီမကတော့ရတယ်။”



သူတို့ထွက်သွားပြီးနောက် ဆေးရုံခန်းထဲသို့ ခိုးဝင်ရန်ကြိုးစားနေသော ဇွဲကောင်းလှသည့် စုစန်ယကို စောင့်ကြည့်နေသော ကောင်းလျန်သည် တင်းမာသောမျက်နှာထားဖြင့် တံခါးရှေ့တွင် တန်းရပ်လိုက်သည်။



စုစန်ယ၏ မျက်နှာသည်လည်း မကောင်းပေ။ သူမသည် စုရှီနှင့် ရှဲ့ကျန်းတို့ တွေ့ဆုံသည်ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမသည် စိုးရိမ်နေသော်လည်း ထုတ်မပြနိုင်ခဲ့ပေ။ သူမသည် တောင့်တောင့်တင်းတင်းဖြင့် ပြောလိုက်သည်။



“ငါက နင်တို့တပ်ခွဲမှူးရဲ့ အသက်ကယ်တင်ရှင်နော်။ ငါ့ကို အထဲမဝင်အောင် တားတာက မသင့်တော်ဘူး မဟုတ်ဘူးလား။”



ကောင်းလျန် မျက်မှောင်ကြုတ်လိုက်သည်။ “တော်လိုက်တော့။ မင်းသာမရှိရင် ငါတို့တပ်ခွဲမှူးက ဒီမှာ လှဲနေရမှာလား။”



စုစန်ယ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမသည် အရင်ဘဝက စုရှီ၏ဦးလေးက တစ်စုံတစ်ယောက်ကို ကြွားလုံးထုတ်နေစဉ်ကသာ ကြားသိခဲ့ဖူးခြင်းဖြစ်သည်။ စုရှီ၏ ခင်ပွန်းကို ရှီးယန်နန်က ကယ်တင်ခဲ့သည့်ပုံပင်။



 သို့သော် သူမသည် တိကျသောအချိန် သို့မဟုတ် ဒဏ်ရာအခြေအနေကို မသိခဲ့ပေ။ သူမ၏ ပေါ်ပေါက်လာမှုက ရှဲ့ကျန်း၏ အခြေအနေကို ပိုဆိုးသွားစေခဲ့သည်လား။



သို့သော် သူမသည် ဤအခွင့်အရေးကို လက်လွှတ်မခံချင်သောကြောင့် သူမအသံကို နူးညံ့စေကာ ပြောလိုက်သည်။ “ဒါဆိုလည်း ရှဲ့ကျန်းက ငါ့ရဲ့အသက်ကယ်တင်ရှင်ပဲလေ။ ငါ… ငါ သူ့ကိုပြုစုဖို့ နေသင့်တယ်။”



ကောင်းလျန် မျက်လုံးများကို မှေးလိုက်သည်။ သူမသည် အခွင့်အရေးကို အရယူရာတွင် တကယ်ကို တော်ပေသည်။ သူသည် တပ်ခွဲမှူးနှင့်အတူ အတန်ကြာနေထိုင်ခဲ့သော်လည်း ဒီလိုအရှက်မရှိသောသူကို တစ်ခါမှမကြုံဖူးခဲ့ပေ။ ထိုအချိန်တွင် သူ စကားများများပင် မပြောချင်တော့ပေ။



သူသည် စိတ်မရှည်ဖြစ်လာသည့်အချိန်တွင် အလျင်စလို လျှောက်လာသော ခြေသံများ နီးကပ်လာခဲ့သည်။ သူသည် မော့ကြည့်လိုက်ရာ နောက်ဆုံးတွင် သူတို့စောင့်မျှော်နေသောသူကို တွေ့လိုက်ရသည်။ သူက သွားဖြဲ၍ ရယ်လိုက်သည်။ “ခိုင်ထောင် ဒီအမျိုးသမီးပဲ။ သူက သူလျှိုလို့ ငါသံသယရှိတယ်၊ ငါတို့တပ်ခွဲမှူးကို တမင်ပစ်မှတ်ထားနေတာ။ သူ့ကိုခေါ်သွားပြီး သေချာစစ်ဆေးမေးမြန်းလိုက်။”



???



အရင်က စုစန်ယ၏ မျက်နှာပေါ်တွင် အတုအယောင်နူးညံ့သိမ်မွေ့မှုရှိခဲ့သော်လည်း ယခုမူ ကြောက်လန့်တကြားဖြစ်ခြင်းသာ ကျန်တော့သည်။ ရဲများက သူမကို ထိန်းသိမ်းလိုက်သည့်အခိုက်အတန့်တွင် သူမသည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။



“ကျွန်မ… ကျွန်မ သူလျှိုမဟုတ်ဘူး။ ပြည်သူ့လွတ်လပ်ရေးတပ်မတော်က လူတွေကို စွပ်စွဲလို့ မရဘူး။ ကျွန်မ… ကျွန်မ အပြစ်မရှိဘူး။”



စုစန်ယ ကြောက်လန့်နေခဲ့သည်။ သူမသည် မသိနားမလည်သူဖြစ်လျှင်ပင် သူလျှိုတစ်ယောက်ဖြစ်လျှင် သေဒဏ်ကျမည်ကို ဆိုလိုကြောင်းကို သိသည်။



သူမ၏ အရင်ဘဝက သေခြင်းတရားအား ကြောက်ရွံ့ခဲ့ရမှုကို တွေးမိသောအခါ သူမ၏ တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။ သူမသည် ကောင်းမွန်သောယောက်ျားတစ်ယောက်ကို လုယူပြီး အနာဂတ်တွင် တစ်စုံတစ်ယောက်၏ တန်ဖိုးထားမှုကို ခံယူချင်ရုံသာဖြစ်သည်။ သူမသည် အမှန်တကယ်ပင် သူလျှိုမဟုတ်ခဲ့ပေ။



ကောင်းလျန်၏ စကားလုံးများမှာ စူးရှလှသည် -  “မင်းက သူလျှိုမဟုတ်ဘူးလို့ ပြောနေတာလား။ ဒါဆိုရင် ငါတို့တပ်ခွဲမှူးနာမည်က ရှဲ့ကျန်း ဆိုတာ မင်းဘယ်လိုသိလဲ။ ပြီးတော့ ငါတို့တပ်ခွဲမှူး အဲ့ဒီလမ်းကြားထဲမှာ ရှိနေမယ်ဆိုတာကိုရော ဘယ်လိုသိတာလဲ။ မှတ်မိလား? ငါတို့က လျှို့ဝှက်တာဝန်နဲ့လာတာ။”



စုစန်ယသည် တုန်ယင်နေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။ ရှဲ့ကျန်းသည် မည်သည့်လမ်းကြားတွင် ပေါ်လာမည်ကို သူမ လုံးဝမသိခဲ့ပေ။ သူမသည် အမှန်တကယ်ပင် မျက်မမြင်ကြောင်တစ်ကောင်က ကြွက်သေတစ်ကောင်ကို မတော်တဆတိုက်မိသလို ဖြစ်ခဲ့ခြင်းဖြစ်သည်။



လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း သူမသည် ခရိုင်မြို့သို့ မဆင်မခြင်ပြေးလွှားကာ အခွင့်အရေးတစ်ခုရရန် မျှော်လင့်ချက်ဖြင့် သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ လမ်းကြားများထဲသို့ ယက်ကန်ယက်ကန် ဝင်ရောက်ခဲ့သည်။



ထိုလူ၏ အမည်မှာ ရှဲ့ကျန်း ဖြစ်သည်ကို သူမ သိနေသည်ကတော့ စုရှီကို အလွန်မုန်းတီးသော သူမအနေဖြင့် စုရှီ၏ယောက်ျားအမည်ကို မည်သို့မသိဘဲနေနိုင်မည်နည်း။



သို့သော်… ဒီကိစ္စအားလုံးကို သူမ မည်သို့ရှင်းပြနိုင်မည်နည်း။ ယဉ်ကျေးမှု တော်လှန်ရေးပြီးဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမသည် ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း အခိုင်အမာပြောဆိုပါက သူမကို သေဒဏ်ချမှတ်လိမ့်မည်မဟုတ်ပါလား။



ဤသို့တွေးမိသောအခါ သူမသည် အရုပ်ကြိုးပြတ်ဖြစ်သွားပြီး မျက်ရည်များ တသွင်သွင်စီးကျလာခဲ့သည်။ အချိန်ကို နောက်ပြန်လှည့်နိုင်လျှင်၊ တစ်ရက် သို့မဟုတ် နေ့တစ်ဝက်ဆိုလျှင်ပင် ကောင်းမည်ဟု သူမ နောင်တရနေခဲ့သည်။ သူမနှင့် မသက်ဆိုင်သော အရာများကို ဘယ်တော့မှ စိတ်ကူးယဉ်မည်မဟုတ်ဟု သူမ ကတိပြုခဲ့သည်။



မဟုတ်ဘူး၊ သူမ ဒီမှာဆက်နေလို့မဖြစ်ဘူး။



သူမသည် လွတ်မြောက်ရန် လိုအပ်သည်။ သို့သော် ဘဝနှစ်ခုစလုံးတွင် သူမသည် ဤကဲ့သို့သောအဖြစ်အပျက်မျိုးကို တစ်ခါမှမကြုံဖူးခဲ့ပေ။ သူမ၏ ခြေထောက်များသည် ကြောက်ရွံ့မှုကြောင့် အားအင်ကုန်ခမ်းနေခဲ့ပြီး အကြိမ်အနည်းငယ် ရုန်းကန်သော်လည်း တစ်လက်မမျှပင် မရွေ့နိုင်ခဲ့ပေ။



ထိုရဲသား၏ အမည်မှာ ခိုင်ထောင် ဖြစ်ပြီး သူသည် တစ်ချိန်က ရှဲ့ကျန်း၏ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သည်။ ထို့နောက် သူသည် တာဝန်ပြောင်းရွှေ့ခံခဲ့ရသည်။ သူသည် သူ့ဇာတိမြို့သို့ ပြန်လာပြီး မကြာသေးမီက ရာဇဝတ်စုံစမ်းစစ်ဆေးသူတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် စုစန်းယ၏ မျက်နှာပေါ်ရှိ အပြစ်ရှိသောအရိပ်အယောင်ကို အလွယ်တကူမြင်နိုင်ပြီး တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်းသိရှိလိုက်သည်။



ထို့ကြောင့် သူ သူမကို တန်း၍ လက်ထိပ်ခတ်ကာ ပြောလိုက်သည်။



“ဆက်မငိုနဲ့တော့။ မင်းအပြစ်မရှိရင် ငါတို့က မင်းကို မှားယွင်း မစွပ်စွဲဘူး။”



ထို့နောက် သူသည် လှည့်၍ လှမ်းပြောလိုက်သည်။ “ရှဲ့ကျန်းကို နှုတ်ဆက်တယ်လို့ ပြောပေးပါ။ သူ့ကို ရဲစခန်းမှာ ခဏထိန်းသိမ်းထားပြီး အလုပ်ပြီးရင် မင်းတို့နဲ့လာစကားပြောမယ်။”



ထိုရုတ်ရုတ်သဲသဲ အဖြစ်အပျက်သည် လူအုပ်ကို ဆွဲဆောင်ခဲ့ပြီး ထိုအထဲတွင် သူမ အစ်ကိုကြီးနှင့် ညစာအတူစားရန် စီစဉ်နေသော စုရှီလည်း ပါဝင်ခဲ့သည်။



စုရှီသည် ဤမြင်ကွင်းတစ်ခုလုံးကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ပြီး ရက်အနည်းငယ် မတွေ့လိုက်ရုံဖြင့် စုစန်ယသည် ရဲစခန်းသို့ မည်သို့ရောက်ရှိသွားသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။



သူမသည် ယခင်က စုစန်ယက သူမအစ်ကိုနှင့် အစ်ကိုကြီးတို့၏ ကိစ္စများကို နေရာအနှံ့ လျှောက်ပြောမည်ကို စိုးရိမ်ခဲ့ဖူးပြီး အရန်အစီအစဉ် အမျိုးမျိုးကို စိတ်ကူးပုံဖော်ထားခဲ့သည်။



‘တကယ့်ကို လူကောင်းတစ်ယောက်ပဲ။’ စုရှီသည် ရှဲ့ကျန်း ရှိရာဘက်သို့ ကျေးဇူးတင်သောမျက်လုံးများဖြင့် ကြည့်လိုက်သည်။



“ဘော့စ်၊ အပြင်က အမျိုးသမီးက တကယ်ကိုသံသယဖြစ်စရာပဲ။ သူက ခင်ဗျားနာမည်ကိုသိတယ်။ သူက ခင်ဗျားနာမည် ရှဲ့ကျန်းကို ပြောသွားတယ်။”



တံခါးကိုပိတ်ပြီးနောက် ကောင်းလျန်သည် စိတ်သက်သာရာရသွားပြီး ရှဲ့ကျန်းဆီသို့ ချက်ချင်းချဉ်းကပ်ကာ အဖြစ်အပျက်ကို သတင်းပို့လိုက်သည်။



ရှဲ့ကျန်းသည် အံ့ဩမသွားခဲ့ပေ။ သူသည် အပြင်ဘက်မှ နာမည်မသိသော ထိုအမျိုးသမီးက သူ့အတွက်လာခြင်းဖြစ်ကြောင်းကို ကြိုတင်သိရှိပြီးသားဖြစ်သည်။



“ခိုင်ထောင်ကို သူ့ကို သေချာစစ်ဆေးခိုင်းလိုက်။”



ကောင်းလျန် ခေါင်းညိတ်လိုက်သည်။ “အဲ့အတွက် စိတ်မပူပါနဲ့ ဘော့စ်။ စကားမစပ်၊ ခင်ဗျား ဗိုက်ဆာနေပြီလား။ ခဏလေးစောင့်ပါ။ ကျွန်တော် စားဖိုဆောင်ကို ခင်ဗျားအတွက် ငါးစွပ်ပြုတ်လုပ်ပေးဖို့ မှာထားတယ်။ ၁၂ နာရီအတွက် စီစဉ်ထားတာဆိုတော့ ၁၀ မိနစ်ပဲလိုတော့တယ်။”



ရှဲ့ကျန်း ခေါင်းညိတ်လိုက်ပြီး စကားမပြောခဲ့ပေ။ သူ ဗိုက်ဆာသည်ဟု မခံစားရသေးပေ။



ကောင်းလျန်သည် ရှဲ့ကျန်း၏ တိတ်ဆိတ်မှုကို ကျင့်သားရနေပြီဖြစ်သောကြောင့် သူ တန်း၍ ပြောလိုက်သည်။



“ဘော့စ်၊ ဆရာဝန်စုက အရမ်းချောတာပဲ။ ကျွန်တော် သူ့ကို နှာခေါင်းစည်းတပ်ထားတာပဲ မြင်ဖူးတာ၊ ဒါပေမဲ့ သူဒီကိုလာတဲ့အခါမှာတော့၊ အမလေးဗျာ၊ ဒီလောက်ချောတဲ့ ယောက်ျားတစ်ယောက်ကို တစ်ခါမှမမြင်ဖူးဘူး။ ဖန်အန်းက ဒီလောကမှာ ရှိနေသေးသလိုပဲ။ ကျွန်တော်က တပ်ရင်းမှူးက ကျွန်တော်မြင်ဖူးသမျှထဲမှာ အချောဆုံးလူလို့ ထင်ခဲ့တာ၊ ကျွတ်စ်ကျွတ်စ်… ပြီးတော့ ဟိုကောင်မလေး၊ သူလည်း လှတယ်။ နောက်နှစ်အနည်းငယ်ကြာလို့ သူကြီးလာရင် သူ့အစ်ကို့ကို ရှုံးမှာမဟုတ်ဘူး။ အနာဂတ်မှာ ဘယ်ကောင်လေးက သူ့ကို အိမ်ခေါ်သွားမလဲ မသိဘူး။”



ထိုမိန်းကလေး၏ ပြုံးနေသောမျက်နှာပုံရိပ်များသည် ရှဲ့ကျန်း၏ စိတ်ထဲ ပေါ်လာခဲ့သည်။ သူ့အကြည့်များသည်လည်း နူးညံ့သွားသည်။ အမှန်ပင် သူမသည် အလွန်လှပပြီး အမူအရာတိုင်းက ပေါ်လွင်နေသော မျက်နှာသွင်ပြင်မျိုးမင်။ အထင်ရှားဆုံးအရာမှာ သူမ၏ မျက်လုံးအောက်ရှိ ပန်းပုံသဏ္ဌာန် အမှတ်လေးဖြစ်သည်။ သူမသည် ငယ်ရွယ်သော်လည်း သတ္တိရှိပုံရသည်။



ကောင်းလျန်သည် သူ၏ အထိန်းအကွတ်မဲ့သောစကားများကို ဆက်ပြောနေစဉ် ရှဲ့ကျန်းက ဖြတ်ပြောလိုက်သည်။ “မဟုတ်တာတွေ မပြောနဲ့၊ သူမက ကလေးလေးပဲရှိသေးတယ်။”



“ကျွန်တော်သိပါတယ်၊ ကျွန်တော်က အားကျလို့ပါ။ အဲ့ဒီကောင်မလေးက တကယ်ကိုချောတာ၊ အရုပ်ဆိုင်က အရုပ်တွေထက်တောင် ပိုလှသေးတယ်။ အနာဂတ်မှာ ဘယ်ကောင်လေးက သူ့ကိုလက်ထပ်မလဲမသိဘူး၊ ကျွတ်စ်ကျွတ်စ်။”



“ဟတ်ချိုး။”



“ဘော့စ်၊ ဘာလို့နှာချေတာလဲ။ အအေးပတ်သွားတာလား။”



“ပါးစပ်ပိတ်ထား။”



“……”