Chapter : 18 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [15] )
Viewers 3k

Chapter : 18 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [15] )

ရွှယ်ချွမ်း၏ ကိုယ်ပိုင်အမှတ်အသားကို ဖုံးကွယ်ထားခြင်းသည် သူမ၏ လျှို့ဝှက်တာဝန် ဖြစ်နိုင်ဖွယ်ရှိသည်။ အကြောင်းမှာ ရှန့်ချန့်ယန်က သူမကို ဖော်ထုတ်လိုက်ပြီးနောက်ပိုင်းတွင် ရွှယ်ချွမ်းသည် ပျော်ရွှင်ပုံမရခဲ့ပေ။

ဟိုင်ရိသည် ထိုစကားကို စဥ်းစားနေခဲ့၏။

"ဒါဆို မင်းက တစ္ဆေဆိုရင် .....ခင်ဗျား.... မဟုတ်လား"

သူသည် သူ့ကိုယ်သူ သံသယဝင်လာခဲ့သည်။ ရှန့်ချန့်ယန်သည် လူသတ်သမား မဟုတ်နိုင်ဟု သူ ထင်မြင်လာ၏။

ရှန့်ချန့်ယန် : "သူ(မ)က သတ်နိုင်တယ်... သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး.. ဒါပေမယ့် အဲဒါတွေက ဓားဒဏ်ရာတွေ မဟုတ်ဘဲ ‌တစ္ဆေလက်သည်းရာတွေလို့ ထင်တယ်"

"အချစ်"

( TN - ချန်ဇယ်ကို ခေါ်လိုက်တာပါ )

ရှန့်ချန့်ယန်က မေးလိုက်သည်။

"ကျွန်တော်ပြောတာမှန်လား"

ချန်ဇယ်သည် ထိုစဥ်က ဘာမှမသိဘဲ ငိုင်နေခဲ့သည်။ ထိုစကားများကို ကြားလိုက်ရသည့်အခါ သူမသည် သေဆုံးသူကို ကြည့်ရန် မျက်လုံးများကို မော့လိုက်၏။ သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားသည်။

"အဲလိုလား ဒါဆို မင်းတို့ ကိုယ်တိုင် သွားကြည့်လို့ရတယ်၊ ငါ မသေချာဘူး၊ မှားမြင်တာအတွက် တာဝန်မယူနိုင်ဘူး"

ရှန့်ချန့်ယန်သည် ရုတ်တရက် ထရပ်လိုက်ပြီး ခြေလှမ်းကျဲနှစ်လှမ်းဖြင့် သေဆုံးသူထံ ရောက်ရှိသွားသည်။ သူသည် သူမ၏ လက်မောင်းအင်္ကျီလက်များကို တစ်ချက်တည်းဖြင့် သပ်တင်လိုက်၏။ ဒဏ်ရာနှစ်ခုစလုံးသည် လတ်ဆတ်နေဆဲဖြစ်သည်။ နှစ်ခုစလုံးသည် အပေါ်ပိုင်းတွင် ကျဥ်းမြောင်းပြီး အလယ်ပိုင်းတွင် အနည်းငယ် ပိုကျယ်၏။ ၎င်းတို့သည် ထိုးသွင်းဒဏ်ရာများနှင့် အလွန်ဆင်တူသော်လည်း ခြစ်ရာများအကြောင်း ပြောဆိုပါက ထိုအရာများနှင့် ပို၍ပင် ဆင်တူနေသည်။

ရှန့်ချန့်ယန်သည် ရွှယ်ချွမ်းကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျား အခု ခင်ဗျားရဲ့ အချိန်ဇယားကို ပြောပြလို့ ရပြီလို့ ထင်တာပဲ"

ရွှယ်ချွမ်းက သူမသည် အားလုံးထဲတွင် သံသယအဝင်ခံရဆုံးသူ ဖြစ်နေပြီဆိုသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။ လူတိုင်း၏ မျက်နှာအမူအရာများကို ဂရုတစိုက် ဆန်းစစ်ကြည့်ရှုပြီးနောက် သူမက ပြန်ဖြေလိုက်၏။

"သူပြောတာနဲ့ မတူပါဘူး၊ အဲလိုဆိုရင် ဒီဂိမ်းက အရမ်းရှုပ်ထွေးသွားလိမ့်မယ်၊ ဘယ်သူက ကစားနိုင်မှာလဲ၊ ကျွန်မက ရွှယ်ချွမ်း၊ ယွိရှန့် မဟုတ်ဘူး"

ရှန့်ချန့်ယန်သည် သူမကို ဂရုမစိုက်ဘဲ၊ အလွန်ယဥ်ကျေးစွာပင် မေးလိုက်သည်။

"ခင်ဗျားရဲ့ အချိန်ဇယားကရော"

ရွှယ်ချွမ်း : "ကျွန်မ ရှင့်ကို ည ၇ နာရီမှာ တွေ့တယ်"

"ရှင့်ရဲ့ စေ့စပ်ထားသူက ဘာမှ ကောင်းတာမဟုတ်ဘူးဆိုတာရယ် သူနဲ့အတူ ထွက်မသွားဖို့ရယ် ရှင့်ကို ပြောတယ်"

ရှန့်ချန့်ယန်သည် ခေါင်းညိတ်လိုက်ပြီး သူမအား ဆက်ပြောရန် တိတ်တဆိတ် တိုက်တွန်းလိုက်သည်။

ရွှယ်ချွမ်းသည် စိတ်ရှည်လက်ရှည်ဖြင့် ပြောပြ၏။
"အဲဒီနောက် ကျွန်မ အခန်းထဲ ပြန်လာခဲ့တယ်၊ ပြန်ရောက်တော့ လေမတိုက်ဘဲ ချယ်ရီပင်က ထူးထူးဆန်းဆန်း ရွေ့နေတာကို တွေ့လိုက်ရတယ်၊ ယွိရှန့်က သစ်ပင်ထဲက ထွက်လာတာကိုလည်း ဝိုးတဝါး မြင်လိုက်ရသေးတယ်၊ ကျွန်မ အရမ်းကြောက်ပြီး ကျွန်မရဲ့ အရုပ်ကို ထုတ်ယူပြီး လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့တာ၊ ပြတင်းပေါက်တွေကို ပိတ်ပြီးနောက် ကျွန်မ အပြင်ထပ်မထွက်တော့ဘူး"

"ည ၉ နာရီ ၁၅ မိနစ် နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးက ကျွန်မကို လာတွေ့တယ်"
ဖျင်ကျယ့် : "အာ ဟုတ်တယ်၊ မင်းက အဲဒီတုန်းက အရမ်းထိတ်လန့်နေတဲ့ ပုံစံမျိုးနဲ့"

ရွှယ်ချွမ်း : "ကျွန်မ ကြောက်သွားတာ"
ဟိုင်ရိသည် ထိုစကားကို အလေးအနက် မှတ်ယူလိုက်သည်။

"ဒါဆို ည ၉ နာရီ ၁၅ မိနစ် နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးက ခင်ဗျားအခန်းထဲမှာ အမြဲရှိနေခဲ့တာလား"

ရွှယ်ချွမ်း : "မဟုတ်ဘူး၊ သူ ည ၁၀ နာရီမှာ ပြန်သွားတာ၊ သူက သေဆုံးသူရဲ့ ချစ်သူကို ဖမ်းမိပြီလို့ ကျွန်မကို လာပြောတာ"

ဟိုင်ရိ နားထောင်ရင်း သူ၏ မျက်ခုံးတွန့်များသည် တဖြည်းဖြည်း ပို၍ တင်းမာလာသည်။ သတိမထားမိဘဲ သူသည် ရှန့်ချန့်ယန်ကို ကြည့်လိုက်၏။ ရှန့်ချန့်ယန်က သူ့ကို သတိထားမိသည့်အခါ သူ့ထံသို့ တိုးလာပြီး ကိုယ်ကိုင်းကာ သူ့စကားကို နားထောင်ပေးခဲ့သည်။

တစ်စုံတစ်ရာ ပြောစရာ ရှိသည်ဟု ထင်ပုံရ၏။ သို့သော် ဟိုင်ရိတွင် တကယ်တမ်း ဘာမှမရှိခဲ့ပေ။ ထို့ကြောင့် သူသည် ဘာမှမဆိုင်သော မေးခွန်းတစ်ခုကို မေးလိုက်ရုံသာ ရှိတော့သည်။

"မင်း ဘယ်လိုထင်လဲ"

ရှန့်ချန့်ယန်က ပြုံးလိုက်သည်။

"မသိဘူး"

နောက်ကျောကို တောက်ပနေသော နေမင်းဆီသို့ လှည့်ထားသော အပြုံးပိုင်ရှင် ရှန့်ချန့်ယန်သည် အလွန်ချောမောနေခဲ့သည်။

ဟိုင်ရိသည် သူ့၏ချောမောမှုတွင် လုံးဝကို ဆွဲဆောင်ခံလိုက်ရ၏။ သူ့နှလုံးသားတွင် အခြားမည်သည့်အရာမှ ပိုမိုအရေးကြီးနိုင်တော့မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ သူ၏မျက်နှာသည် လှုပ်လို့မရသော ကျောက်တုံးတစ်ခုထက် ဘာမှမပိုနိုင်တော့ပေ။ သူသည် တကယ်ကို သရုပ်ဆောင်ကောင်းသည်ဟု ခံစားခဲ့ရသည်။

ဆိုလိုသည်မှာ သူတို့သုံးယောက်သာ အရုပ်နှစ်ရုပ် ကွဲပြားကြောင်း သိရှိခဲ့ကြ၏။ ရွှယ်ချွမ်းသည် ရှန့်ချန့်ယန်ကို တစ်ခုခု ဖုံးကွယ်ရန် ကူညီနေခြင်း မဟုတ်ဘဲ၊ သူမ မလုပ်ရဲသောကြောင့် ထိုအကြောင်းကို ပြောမပြခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းအရာသည် ရှန့်ချန့်ယန်နှင့် ရွှယ်ချွမ်းကြားတွင် ဆက်စပ်မှုမရှိကြောင်းကိုလည်း ဆိုလိုသည်။ ထိုနှစ်ဦးသည် ပူးပေါင်းနေကြခြင်း မဟုတ်ပေ။ ထိုကဲ့သို့ ရှင်းပြလိုက်သည့်အခါ အရာအားလုံးသည် နေရာတကျ ဖြစ်သွား၏။

အမှန်ကား ဟိုင်ရိသည် သူ့ကိုယ်သူ အမြဲတမ်း ဉာဏ်ကောင်းသည်ဟု ထင်ခဲ့သည်။ ထိုကဲ့သို့သော ဂိမ်းမျိုးသည် သူ့ကို စိတ်မသက်မသာ ဖြစ်စေခြင်းမရှိခဲ့ပေ။ သို့သော် ထိုအချိန်တွင်မူ သူသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

လူတိုင်း၏ မျက်နှာအမူအရာများကို ကြည့်လိုက်သည့်အခါ သူတို့အားလုံးသည် အတွေးများနေကြပြီး ရှုပ်ထွေးမှုထဲတွင် နစ်မြောနေပုံရ၏။

ဟိုင်ရိသည် သဘောပေါက်သွားသည်။ ရှန့်ချန့်ယန်သည် ထိုဂိမ်းကို တကယ် ကစားတတ်သူပင်။

ဖျင်ကျယ့် : "ရှင့်ဇီ၊ မင်းရဲ့ ဇာတ်လမ်းကို ပြောပြပါဦး"

"ကျွန်တော် အရင်က ပြောခဲ့ဖူးသလိုပဲ၊ ကျွန်တော့်အစ်မကို သေဆုံးသူက သတ်ပစ်ခဲ့တာ"

ရှန့်ချန့်ယန်သည် သူ၏ စကားလုံးများကို သေဆုံးသူထံသို့ ချောချောမွေ့မွေ့ ပြောင်းလိုက်သည်။

"ထမင်းစားချိန်ရောက်ပြီ၊ ဘယ်တော့စားမှာလဲ"

သို့သော် သေဆုံးသူသည် တစ်လက်မမှပင် မလှုပ်ရှားခဲ့ပေ။ သူမ၏ မျက်လုံးများသည် လူတိုင်းကို အချိန်တိုင်း ကြည့်နေပြီး၊ သူမ၏ နီရဲနေသော နှုတ်ခမ်းများသည် သိမ်မွေ့သောအပြုံးတစ်ခုကို ဖန်တီးနေသည်။ သို့သော် သူမသည် ရှန့်ချန့်ယန်၏ စကားလုံးများကို လုံးဝ လျစ်လျူရှုထားခဲ့၏။

ဟိုင်ရိသည် အချိန်ကို ကြည့်လိုက်သည်။ နေ့လည် ၁၂ နာရီ မထိုးသေးဘဲ၊ နေ့လည်စာစားရန် သတ်မှတ်ထားသောအချိန် မရောက်သေးခြင်း ဖြစ်နိုင်၏။

ပူပန်မှုမရှိဘဲ ရှန့်ချန့်ယန်က ဆက်လက်ပြောလိုက်သည်။

"သေဆုံးသူက သူတစ်ပါးရဲ့ ပုံပန်းသဏ္ဍာန်ကို စုပ်ယူဖို့ ဘယ်လိုမှော်ပညာတွေ သင်ယူခဲ့သလဲဆိုတာအတွက်၊ ပြန်ပေးရတဲ့ တန်ဖိုးက ကလေးမွေးဖွားနိုင်စွမ်းလို့ ထင်တယ်... ခန့်မှန်းကြည့်တာပါပဲ၊ အာမခံချက်တော့ မရှိဘူး"
ထို့ကြောင့် အချိန်ဇယားများနှင့် ဇာတ်လမ်းများအားလုံးသည် ပေါ်လွင်ထင်ရှားလာခဲ့ပြီဖြစ်သည်။
သေဆုံးသူသည် ယွိရှန့်၏ မိခင်အရင်း မဟုတ်ခဲ့ပေ။ သေဆုံးသူက ယွိရှန့်ကို ကိုယ့်ကိုယ်ကို သတ်သေအောင် လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယွိရှန့်သည် သူမကို လက်စားချေရန် တစ္ဆေအဖြစ် ပြောင်းလဲသွားပုံရ၏။ မေးခွန်းမှာ ထိုအရာအားလုံးကို မည်သူက အတိအကျ စီစဥ်ပေးခဲ့သလဲဆိုသည်ပင်။

ကျင်းထျန်သည် ည ၁၀ နာရီတွင် သေဆုံးသူကို သွားရောက်ရှာဖွေခဲ့သည်။ ချန်ဇယ်သည် ည ၁၀ နာရီ ၅ မိနစ်တွင် ကြိုးဖြင့်လည်ပင်းညှစ်သတ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသည် ည ၁၀ နာရီ ၁၅ မိနစ်တွင် သူ၏အခန်းထဲ၌ သေဆုံးနေသော သခင်မကြီးကို တွေ့ရှိခဲ့၏။

ထိုသူများထဲမှ တစ်ယောက်ယောက်သည် လိမ်နေခြင်း ဖြစ်နိုင်ပြီး၊ သို့မဟုတ် တစ်ယောက်ယောက်သည် သဲလွန်စအချို့ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့ ရှာဖွေတွေ့ရှိနိုင်ခဲ့သမျှ အရာအားလုံးသည် ထိုနေရာတွင်ပင် ရှိနေခဲ့၏။ လူသတ်သမားသည် မည်သူပင်ဖြစ်စေကာမူ လူတိုင်းသည် အလွန်ကောင်းမွန်စွာ ကစားခဲ့ကြသည်ဟု ဟိုင်ရိက တွေးလိုက်သည်။

သို့သော် သူသည် လူတိုင်းက ရွှယ်ချွမ်းကို လူသတ်သမားဟု စိတ်ထဲတွင် ယုံကြည်နေကြသည်ကိုလည်း သိ၏။

ရွှယ်ချွမ်းက ရုတ်တရက် မေးလိုက်သည်။

"ရှင့်ဇီ၊ ကျွန်မ တစ်ခါမှ မမေးဖူးဘူး၊ ရှင် အိပ်နေတဲ့အချိန်မှာ ရှင့်အတွက် သက်သေခံပေးနိုင်တဲ့သူ ရှိလား"

ရှန့်ချန့်ယန်သည် ချန်ဇယ်ကို ထပ်မံ၍ ဗြောင်ကျကျပင် အရိပ်အမြွက် ပြောလိုက်၏။

"အချစ်ပေါ့"

ချန်ဇယ်သည် သူ့ကို သေအောင်မုန်းသော်လည်း ပြန်မဖြေဘဲ နေ၍မရခဲ့ပေ။

"ငါ သက်သေခံနိုင်တယ်၊ သူ အခန်းထဲက လုံးဝ မထွက်ခဲ့ဘူး"

ရွှယ်ချွမ်းသည် စကားပြောခြင်း ရပ်လိုက်သည်။

ဖျင်ကျယ့် ညည်းညူလိုက်၏။
"ဘယ်သူက လူသတ်သမားလဲ၊ ငါ ဒီပွဲကို နိုင်ရင် ထွက်သွားလို့ရပြီကို! ငါ ထွက်သွားလို့ မရတော့တာလား"

"နည်းနည်းခက်လိမ့်မယ်"

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

သူသည် လှည့်ပြီး ဟိုင်ရိကို မေးလိုက်၏။

"ခင်ဗျားမှာ စားစရာတစ်ခုခု ရှိလား၊ ကျွန်တော် ဗိုက်ဆာလွန်းလို့ သေတော့မယ်"

ဟိုင်ရိသည် သူ၏ အရင်က ဗိုက်ဆာကြောင်း ညည်းညူမှုကို ကြားပြီးသားဖြစ်သည်။ သူ့တွင် စားစရာတစ်ခုခု ရှိခဲ့ပါက အချိန်အကြာကြီး မထုတ်ဘဲ နေမည်မဟုတ်ပေ။ သို့သော် ဤမေးခွန်းကို ကြားပြီးနောက် သူသည် ဆက်လက်ရှာဖွေခဲ့၏။

တကယ်တမ်း ဘာမှမရှိခဲ့သောကြောင့် သူသည် ဘာမှမတတ်နိုင်စွာ ပြောလိုက်သည်။

"သည်းခံလိုက်ဦး၊ ထမင်းစားချိန်နီးနေပြီ"

ရွှယ်ချွမ်း : "ရှင့်ဇီ၊ ရှင်က လူသတ်သမားပဲ၊ မှန်လား"

ရှန့်ချန့်ယန်သည် လှည့်လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို အဲ့လိုမေးလို့ရတယ်၊ ဒါပေမယ့် ကျွန်တော်က တကယ်လို့ လူသတ်သမား ဖြစ်နေရင်တောင် ဘာလို့ ဝန်ခံရမှာလဲ"

ရွှယ်ချွမ်း : "ရှင်နဲ့ ရှင့်ရဲ့စေ့စပ်ထားသူက လူသတ်သမားနဲ့ အပေါင်းအပါပဲ၊ အားလုံးက ကျွန်မကို ပုံချဖို့ပဲ"

"ကျွန်တော်နဲ့ သူလား"

ရှန့်ချန့်ယန်က ချန်ဇယ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟေး၊ ခင်ဗျားမှာ စားစရာတစ်ခုခု ရှိလား"

ချန်ဇယ် : "လစ်စမ်းပါ"

ရွှယ်ချွမ်းသည် လှောင်ပြောင်သလို ရယ်မောရင်း မျက်လုံးများကို မှိတ်လိုက်သည်။ သူပြောသော တစ်ခွန်းမှ သူမ မယုံကြည်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။

ဟိုင်ရိ : "သက်သေအထောက်အထား ရှိလား၊ ငါတို့ သက်သေအထောက်အထားကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်"

ရွှယ်ချွမ်း : "သက်သေအထောက်အထားကို အာရုံစိုက်မယ် ဟုတ်လား"

"ရှန်းရှင့်နဲ့ အဲဒီဖုယွမ်လား ဘာလား အဲလူက ပထမညမှာတင် သေသွားကြတာ၊ သူတို့အားလုံးက အသတ်ခံလိုက်ရတာဆိုတော့ ရှင်တို့ စဥ်းစားကြည့်...အဲဒီနှစ်ယောက်က ဘယ်သူ့ကို စော်ကားခဲ့လဲဆိုတာ..."

🌟🌟🌟