Chapter : 21 ( ငါက မင်းအမေပဲ [1] )
ဟိုင်ရိသည် သူ၏သားအပေါ် စိုးရိမ်ပူပန်မှုများဖြင့် ရူးသွပ်မတတ် ဖြစ်နေသည်။ သူ၏သားတွင် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရ၏။
ရှန့်ချန့်ယန်ကမူ သကြားလုံးငုံကာ ဘောင်းဘီအိတ်ထဲ လက်နှိုက်လျက် ဆယ်ကျော်သက်ဆန်ဆန် ပုံစံဖြင့် နောက်မှ လမ်းလျှောက်လာနေသည်။ ဟိုင်ရိသည် မကြာခဏဆိုသလို နောက်လှည့်ကြည့်မိပြီး နှလုံးရောဂါဖြစ်မတတ် ခံစားနေရ၏။ တတိယအကြိမ်မြောက် ဟိုင်ရိနောက်လှည့်ကြည့်လိုက်သောအခါ...
ရှန့်ချန့်ယန် : "အိပ်ရာကထတာ လည်ပင်းတောင့်နေလို့လား
ဟိုင်ရိ : "နည်းနည်းမြန်မြန်လျှောက်"
ရှန့်ချန့်ယန် : "ဘာလို့လဲ"
ဟိုင်ရိသည် ရှန့်ချန့်ယန်နောက်တွင် လမ်းလျှောက်နေသည်ကို ရှက်ရွံ့နေမိသည်။ သူ၏ပုံပန်းသဏ္ဍာန်က ပြိုင်ဘက်ကင်းပြီး တင်ပါးများတွင် ရွှံ့များပေကျံခြင်းမရှိသော်လည်း ရှင်းပြမရသော မသက်မသာဖြစ်မှုကို ခံစားနေရသည်။
"သကြားလုံးက ဘယ်ကရတာလဲ၊ ငါ့ကိုလည်း တစ်ခုပေး"
ထိုအချိန်တွင် ရှန့်ချန့်ယန်က သူ၏ဘောင်းဘီအိတ်အားလုံးကို မွှေနှောက်ရှာဖွေကာ Alpenliebe သကြားလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဟိုင်ရိ : "မင်း ဘယ်ကရခဲ့တာလဲ"
"မိန်းကလေးတစ်ယောက်က ပေးခဲ့တာ"
ရှန့်ချန့်ယန် အမှုမဲ့ အမှတ်မဲ့ ပြန်ပြောလိုက်သည်။
"အာ..."
ဟိုင်ရိက တွန့်ဆုတ်သွားကော ပြုံးလိုက်ပြီး
"ငါ စားလို့ကော ရလား"
ရှန့်ချန့်ယန်သည် သူ့ကို အကြည့်စူးစူးပေးလာသည်မှာ ပြန်ယူသွားတော့မည့်အတိုင်းပင်။
"မလိုချင်ရင် ပြန်ပေး"
ဟိုင်ရိကလည်း လျင်မြန်စွာ ဖောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထိုသကြားလုံးသည် သူ၏ကလေးဘဝအရသာဖြစ်ပြီး ရှန့်ချန့်ယန်ကလည်း သူ၏လက်ကို လွှတ်ပေးလိုက်၏။
နှစ်ယောက်သား ပခုံးချင်းယှဉ်ကာ ထာဝရကဲ့သို့ လမ်းလျှောက်လာခဲ့ကြသည်။ လမ်းတစ်လျှောက် သေးငယ်သော ချုံပုတ်တစ်ခုကို ဖြတ်ကျော်လာခဲ့ပြီး သစ်တောမှ ဖြာကျလာသော နေရောင်ခြည်သည် ငါးဖမ်းပိုက်ကဲ့သို့ စစ်ထုတ်ထားပုံရ၏။
ဟိုင်ရိသည် လမ်းဘေးနှစ်ဖက်စလုံးတွင် ဂျုံခင်းများ တန်းစီနေသည်ကို တွေ့လိုက်ရသည်။ မိုးကုတ်စက်ဝိုင်းတွင် ကြီးမားသော မှိုတိမ်တိုက်ကြီးတစ်ခုကို မြင်ရပြီး လူ့နှလုံးသားကို ထိခိုက်စေနိုင်သော ဝမ်းနည်းဖွယ်ငိုကြွေးသံတစ်ခုကို ထုတ်လွှတ်ရင်း တိမ်တိုက်ကြီးကို ဖြတ်ကျော်နေသော အသားစားဝေလငါးကြီးကို မြင်လိုက်ရ၏။
ပြင်ပတွင် အလွန်ပူပြင်းသောနေ့ဖြစ်ပြီး ဟိုင်ရိသည် သူနှင့်အတူ ဤရှုခင်းကို မြင်နေရသူမှာ ရှန့်ချန့်ယန်ဖြစ်ကြောင်း သတိပြုမိသွားသည်။
ဟိုင်ရိသည် စိတ်ခံစားမှုဖြင့် သက်ပြင်းချကာ...
"ဒီနေရာက တော်တော်လှတာပဲ"
"ရှုခင်းက ကောင်းသားပဲ"
ရှန့်ချန့်ယန်ကမူ သကြားလုံးငုံထားပြီး မိုးကုတ်စက်ဝိုင်းရှိ မှိုတိမ်တိုက်ကြီးကို မျက်မှောင်ကြုတ်ကြည့်ရင်း...
"ဝေလငါးသေရင် သူ့အလောင်းက တိရစ္ဆာန်အများကြီးအတွက် အစာဖြစ်လိမ့်မယ်"
"အမျိုးပေါင်း တစ်သောင်းနှစ်ထောင်"
ဟိုင်ရိက အတိအကျ ပြောလာသည်။
"တကယ်တော့ ဒါကို ကျဆုံးသော ဝေလငါး မဟုတ်ဘဲဝေလငါးကျဆုံးခြင်းလို့ခေါ်ရမှာ"
ဟိုင်ရိက ရှန့်ချန့်ယန်ကို ကြည့်ကာ ပြုံးလိုက်သည်။ ရှန့်ချန့်ယန်မှာ အံ့အားသင့်ကာ မျက်ခုံးပင့်သွား၏။
ဟိုင်ရိပြောလာသည်။
"သူတို့ဘာလို့ ဒီကောင်းကင်မှာ ရှိနေရတာလဲဆိုတာ နားမလည်ဘူး"
"ဒါလူသားတွေရဲ့ ကာလကြာရှည်စွာ တောင့်တခဲ့တဲ့ဆန္ဒပဲ"
ရှန့်ချန့်ယန်၏ အသံသည် တုန်ယင်နေသည်။
"ကြီးကျယ်ခမ်းနားပြီး လှပတဲ့အရာတွေရှိဖို့ပေါ့"
မည်သို့ပင်ဖြစ်စေ ဟိုင်ရိကမူ အလွန်ကောင်းသည်ဟု ခံစားမိသည်။
"သူတို့က တကယ်ကို ကြီးကျယ်ခမ်းနားပြီး လှပပါတယ်"
ထိုစကားလုံးများကို ကောင်းမွန်စွာ အသုံးပြုထား၏။
ဟိုင်ရိ : "ဝေလငါးတစ်ကောင်ပြုတ်ကျရင် ငါတို့လည်း ကာကွယ်ခံရမလား မသိဘူး"
"ဝတ္ထုလျှော့ ဖတ်ပါ"
ရှန့်ချန့်ယန်ပြောလိုက်သည်။
"သူတို့က ကျွန်တော်တို့နဲ့ တူညီတဲ့ကမ္ဘာမှာ မရှိဘူး"
ဟိုင်ရိ : "ငါက အကောင်းမြင်တတ်ရုံပါ ကောင်လေးရာ... မင်းက အဆိုးမြင်လွန်းတယ်၊ သား"
ဟိုင်ရိသည် ထိုစကားလုံးကို မတော်တဆ လွှတ်ခနဲ ပြောမိလိုက်သည်။ ဟိုင်ရိသည် အတွင်းစိတ်ထဲမှနေ၍ 'သေရော' ဟု ရေရွတ်လိုက်၏။
ရှန့်ချန့်ယန်သည် သူ၏နှလုံးသားထဲတွင် အနှစ်သက်ဆုံးသူ ဖြစ်သည်။ လူတစ်ယောက်သည် အခြားသူတစ်ဦးကို အလွန်အကျွံ ချစ်ခင်တွယ်တာသောအခါ မိခင်ကဲ့သို့ ဖြစ်လာတတ်၏။
ဟိုင်ရိသည် ထိုအချက်ကို သက်သေပြနိုင်သည်။ ရှန့်ချန့်ယန်ကို စခရင်ပေါ်မှ ကြည့်ရင်း အမြဲစောင့်ကြည့်ခဲ့ရသည့် အချိန်များတွင် ရှန့်ချန့်ယန်ကို သူ၏ကိုယ်ပိုင်သားကဲ့သို့ အမှန်တကယ် သဘောထားခဲ့သည်။ ထို့ကြောင့် ၎င်းသည် လျှာချော်သွားခြင်းဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အချိန်ကို သူနောင်တရခဲ့၏။ အဆင်မပြေမှုမှာ သိသာထင်ရှားသည်။
သို့သော် ရှန့်ချန့်ယန်က အများကြီးမပြောခဲ့ပေ။ သူသည် ဟိုင်ရိကို ကြည့်ပြီး ပြုံးမပြသေးသော်လည်း အပြုံးတစ်ခုနှင့်တူသော အမူအရာကို ပြုလုပ်လိုက်၏။ ၎င်းသည် သူသည် အခြေခံကျသော နူးညံ့သိမ်မွေ့မှုများကို စဉ်းစားနေသည်ဟု ပြင်းပြင်းထန်ထန် ခံစားရစေသည်။
ဟိုင်ရိ : "ဟားဟား"
ရှန့်ချန့်ယန် : "ဟားဟား"
ဟိုင်ရိ : "လူသတ်သမားအနေနဲ့ မင်းဘယ်လို..."
"ခင်ဗျားကျွန်တော့်ကိုကြိုက်လား"
ရှန့်ချန့်ယန် သူ၏အမေး စကားအပေါ် ထပ်ဆင့်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်ရဲ့ပရိသတ်လား"
ဟိုင်ရိ ပြန်ဖြေရုံသာ တတ်နိုင်သည်။
"အဲဒါကို မင်းကိုအရင်ကတည်းက ပြောဖူးပါတယ်"
ရှန့်ချန့်ယန် : "ဆောရီး၊ ကျွန်တော်မယုံခဲ့ဘူး"
ဟိုင်ရိ : "အခုယုံပြီလား"
ရှန့်ချန့်ယန်သည် သူ၏ Weibo အကောင့်ကို မြင်ခဲ့ကြောင်း အကြောင်းအရာကို ထုတ်မပြောခဲ့ပေ။
"ခင်ဗျားဘာလို့ ကျွန်တော့်ကိုကြိုက်တာလဲ"
ဟိုင်ရိသည် အနည်းငယ် ရှုံးနိမ့်သွားကာ ပြန်မဖြေမီ ခဏမျှ စဉ်းစားနေခဲ့သည်။
"မင်းကအရမ်းတော်တယ်"
ရှန့်ချန့်ယန် တစ်စုံတစ်ရာ မပြောမီ ဟိုင်ရိက ထပ်ဖြည့်ပြောလိုက်၏။
ဟိုင်ရိ : "မင်းက ခပ်မိုက်မိုက် ကလေးပဲ"
ရှန့်ချန့်ယန်: "ကျွန်တော် ဘယ်လိုပုံစံနဲ့ မိုက်တာလဲ"
ဟိုင်ရိက သူ့ကို လက်ညှိုးထိုးပြကာ...
"မင်းဘယ်လောက်မိုက်လဲဆိုတာ မင်းမသိတာက မင်းရဲ့အမိုက်ဆုံးအပိုင်းပဲ၊ မင်းအဖွဲ့ထဲက ဂျပန်ကောင်လေးကို ငါအရမ်းစိတ်ဆိုးဖူးတယ်၊ သူက ဟန်ဆောင်တာအရမ်းတော်တယ်၊ သူ့ပရိသတ်တွေ မျက်စိကန်းနေတာလား၊ သူက အမြဲတမ်းအဲဒီလိုပဲလား"
"အာ..."
ရှန့်ချန့်ယန်က ထိုကိစ္စကို စဉ်းစားပြီး...
"သူက ပိုတောင် ဟန်ဆောင်တတ်သေးတယ်"
ထိုလူအကြောင်း တွေးလိုက်သည်နှင့် ဟိုင်ရိသည် စစိတ်တိုလာစေ၏။
"ငါသည်းမခံနိုင်တော့ဘူး!"
"သူက မင်းကို မနာလိုဖြစ်နေတာ"
ဟိုင်ရိ ထောက်ပြနေသည်။
"မင်းက သူ့ထက်လည်း ပိုချောတယ် သီချင်းတောင် လုပ်တတ်သေးတယ်၊ ငါမြင်တာတော့ မင်းကို မနာလိုဖြစ်လွန်းလို့ ရူးသွားတော့မယ့်အတိုင်းပဲ"
ဤအရာများကို ဆွေးနွေးပြောဆိုနေစဉ် ဟိုင်ရိသည် ရုတ်တရက် ခပ်တည်တည်ပုံစံ ပျောက်ကွယ်သွားပြီး စကားများများပြောတတ်သူ ဖြစ်လာ၏။
"ဂျပန်နိုင်ငံကို သွားပြီး Variety Show တစ်ခုမှာ ပါဖို့ မင်းတို့အဖွဲ့သွားခဲ့တုန်းက အဲလူက မင်းကိုအဖွဲ့မဖွဲ့ဘဲ တမင်တကာ ဖယ်ထုတ်ခဲ့တာ မဟုတ်ဘူးလား"
ရှန့်ချန့်ယန်သည် သူဘာပြောနေသည်ကို သတိမရနိုင်လုနီးပါး ဖြစ်နေသည်။ သူမှတ်မိအောင် ကြိုးစားခဲ့သော်လည်း မှတ်မိခြင်း မရှိခဲ့ပေ။
"အဲဒါ ဘယ်တုန်းကလဲ"
"မင်းတို့ လမ်းမပေါ်က လူစိမ်းတွေဆီက ပိုက်ဆံချေးရတဲ့ မစ်ရှင်တစ်ခု လုပ်ခဲ့ရတယ်လေ"
ဟိုင်ရိ၏ မှတ်ဉာဏ်ထဲတွင် ထိုအဖြစ်အပျက်သည် သူ့မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့်အတိုင်း ရှင်းလင်းစွာရှိနေ၏။
ဟိုင်ရိ : "သူ ဘာလို့ မင်းကို မခေါ်သွားတာလဲ"
ရှန့်ချန့်ယန် နောက်ဆုံးတော့ မှတ်မိသွားသည်။
"ကော၊ အဲဒါ လွန်ခဲ့တဲ့ သုံးနှစ်ကလေ"
ဟိုင်ရိ : "ငါ့မှတ်ဉာဏ်ထဲမှာ ခုထိ လတ်လတ်ဆတ်ဆတ်ပဲ၊ ငါ့ခေါင်းတလားထဲထိ ပါသွားမယ်ထင်တယ်"
ရှန့်ချန့်ယန် : "ဖြစ်နိုင်ပါတယ်၊ သူကျွန်တော့်ကို သိပ်မကြိုက်ဘူး''
ဟိုင်ရိ : "ဘယ်လောက်တောင် စက်ဆုပ်စရာကောင်းလဲ၊ မင်း ခြေအိတ်မလျှော်ဘူးလို့ အင်တာဗျူးမှာတောင် ပြောသေးတယ်မလား"
ရှန့်ချန့်ယန် : "ကျွန်တော် တကယ်မလျှော်ဘူး"
ဟိုင်ရိ : "အဲဒါ သူပြောသင့်တဲ့စကားလား...ဟမ်...ဘာကြီး...မင်းမလျှော်ရင် ပုံမှန်ဘာဝတ်တာလဲ"
"ကျွန်တော်က တစ်ပတ်စာ ခြေအိတ်တွေ စုပြီး တစ်ပြိုင်တည်း လျှော်တာ"
ရှန့်ချန့်ယန် ပြန်ဖြေလိုက်သည်။
"သူ အဲဒါ ဘယ်တုန်းက ပြောတာလဲ"
ဟိုင်ရိ : ...
ရှန့်ချန့်ယန် : "စိတ်ဆိုးစရာ ဘာရှိလို့လဲ"
"ချီးပဲ"
ဟိုင်ရိ တုံ့ပြန်လိုက်၏။
"ငါ့ကို စိတ်ဆိုးအောင်မလုပ်နဲ့၊ မင်းပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်"
ရှန့်ချန့်ယန် : ?
ဟိုင်ရိ : "မင်း ဘာသိလို့လဲ"
ရှန့်ချန့်ယန် : ???
ရှန့်ချန့်ယန်မှာ အလွန်အမင်း စိတ်ရှုပ်ထွေးသွားပြီး ခဏအကြာတွင် တုံ့ဆိုင်းစွာ မေးလိုက်သည်။
ရှန့်ချန့်ယန် : "အဲဒါ ကျွန်တော့်ကိစ္စ မဟုတ်ဘူးလား"
ဟိုင်ရိ : "မင်းက လိမ္မာပါးနပ်မှု နည်းတယ်"
ထိုစကားများကို စဉ်းစားကြည့်ပြီးနောက် ရှန့်ချန့်ယန်သည် ပျော်ရွှင်လာ၏။
"ကောင်းတယ်၊ ခင်ဗျားစကားက ယုတ္တိရှိတယ်"
ဟိုင်ရိ : "သူ့ပရိသတ်တွေက မင်းကို အင်တာနက်ပေါ်မှာ တစ်နေကုန် ဆဲနေကြတာ မင်းက သူတို့ဆရာသမားရဲ့ ခြေရာကို နင်းနေလို့တဲ့၊ သူတို့ဆရာသမားက ဆိုးရွားတဲ့ပတ်ဝန်းကျင်ကို ဖန်တီးခဲ့ပြီး မင်းကို ဖယ်ထုတ်ခဲ့တာ၊ အဲဒါကြောင့် သူတို့ဒီလောက် မထိန်းချုပ်နိုင်ဖြစ်နေကြတာ"
"ဒါ ဘယ်တုန်းကလဲ"
ရှန့်ချန့်ယန်မှာ အမှောင်ထဲတွင် ရှိနေဆဲဖြစ်သည်။
ဟိုင်ရိ : "တစ်ချိန်လုံးပဲ၊ မင်းတို့ စတင်ပွဲဦးထွက်ကတည်းကပဲလေ မင်းမသိခဲ့ဘူးလား"
ရှန့်ချန့်ယန် : "မသိဘူး၊ ကျွန်တော့်အကြောင်း ဆဲစရာ ဘာရှိလို့လဲ"
ဟိုင်ရိ : "မင်းက မင်းနာမည်ကို ပုံမှန်ရှာမကြည့်ဘူးလား"
"မရှာဘူး"
"ဒါဆို မင်း အွန်လိုင်းမှာ ပုံမှန်ဘာလုပ်လဲ"
"Comments တွေဖတ်တယ်"
ရှန့်ချန့်ယန် ပြောပြ၏။
"ကျွန်တော့်ကို မန်းရှင်းခေါ်တာတွေ tag တွဲတာတွေ ဒါတွေအားလုံး ဖတ်ရတာ အချိန်ယူရတယ်"
ဟိုင်ရိ : ?
ဟိုင်ရိ : "မင်း တစ်ခါမှ ကိုယ့်ကိုယ်ကို ရှာမကြည့်ဖူးဘူးလား"
ရှန့်ချန့်ယန်က သူ့ဖုန်းကို သံသယဖြင့် ထုတ်ယူလိုက်ပြီး သူ့နာမည်ကို ချက်ချင်းရှာကြည့်ချင်ပုံရသည်။ ဟိုင်ရိက သူ့ကို တားလိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်ပေးလိုက်၏။
ဟိုင်ရိ : "ဒါ ကောင်းတဲ့အကျင့်ပဲ"
ဟိုင်ရိ ရုတ်တရက် နောင်တရသွားသည်။
ဤစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စများကို သူ မပြောသင့်ခဲ့ပေ။
ရှန့်ချန့်ယန်သည် အားလုံးကို သိသည်ဟု သူထင်ခဲ့သည်။ တစ်စုံတစ်ယောက်၏ ပရိသတ်များက သူ့ကို ဆဲနေကြပြီး တစ်စုံတစ်ယောက်က သူ့ကို ဖယ်ထုတ်နေကြောင်းကို သူသိသည်ဟု ထင်ခဲ့၏။
သို့သော် ရှန့်ချန့်ယန်သည် ဤအရာများအားလုံးကို မသိဘဲနေလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။
ထိုသို့ဆိုလျှင် သူဘာလို့ အဲဒါတွေကို ဆက်ပြောနေသေးတာလဲ။
ဟိုင်ရိ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"မေ့လိုက်တော့"
ရှန့်ချန့်ယန် : "ဘာကို မေ့လိုက်ရမှာလဲ၊ အခုချိန်ထိ ကျွန်တော့်ကို ဆဲနေတဲ့သူတွေ ရှိသေးလား"
"မရှိတော့ဘူး"
ဟိုင်ရိ ဖြေလိုက်သည်။
"အချိန်အကြာကြီးကတည်းက ဘယ်သူမှ မရှိတော့ဘူး၊ အခုခေတ်စားနေတာက မင်းအကြောင်း ပြန်ပြောင်းပြောကြတာပဲ"
ရှန့်ချန့်ယန်သည် သူ့ဖုန်းကို ထပ်ထုတ်ရန် ပြင်လိုက်သည်။
"ကျွန်တော် တစ်ချက်ကြည့်ကြည့်မယ်"
ဟိုင်ရိက သူ့ကို နောက်တစ်ကြိမ် တားလိုက်ပြီး ဖုန်းထုတ်ခြင်းကို တားဆီးပြန်၏။ သူပြန်လှည့်ကြည့်ကာ...
"ဘာကြည့်မလို့လဲ၊ အဲဒါတွေ အားလုံးက အတိတ်က ကိစ္စတွေပဲ"
၎င်းမှာ အမှန်ပင်။ ရှန့်ချန့်ယန် မည်သည့်စကားမှ မဆိုတော့ပေ။
ဟိုင်ရိသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် အားပေးစကားဆိုရန် ပြင်လိုက်သည်။
"မင်းက အရူးလေးပဲ၊ လူတွေက မင်းကို နှစ်ပေါင်းများစွာ ဆဲနေခဲ့တာတောင် မင်းဘာမှမသိခဲ့ဘူး၊ ဘာလို့ ကိုယ့်ကိုယ်ကို မရှာကြည့်ခဲ့တာလဲ"
ရှန့်ချန့်ယန် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်မှာ ထိခိုက်လွယ်တဲ့ နှလုံးသားရှိလို့ပေါ့၊တတခြားဘာဖြစ်နိုင်ဦးမှာလဲ"
"သူတို့က ကျွန်တော့်အတိတ်က ဓာတ်ပုံတွေကိုတောင် ထုတ်လာကြတာ"
ရှန့်ချန့်ယန် ပြောပြနေ၏။
"ပြီးတော့ သီချင်းဆိုတာ မကောင်းလို့၊ မျက်နှာအမူအရာ မကောင်းလို့ ကျွန်တော့်ကို ဆဲခဲ့ကြတယ်၊ အဲဒါတွေကို ရှာကြည့်တာက ဆဲဆိုတာကို တောင်းဆိုသလိုပဲ ဖြစ်နေလို့ ကျွန်တော် ကြည့်တာကို ရပ်လိုက်တာ"
ဟိုင်ရိ : "သူတို့ကို လျစ်လျူရှုလိုက်၊ အဲဒါတွေ အားလုံးက အသရေဖျက်တာပဲ"
ရှန့်ချန့်ယန် : "ခင်ဗျားက တကယ့်ကို တကယ့်ပရိသတ်ပဲ"
"ဒါပေါ့"
ဟိုင်ရိ ပြောလိုက်သည်။
"အခုမှ သိတာလား"
ရှန့်ချန့်ယန်သည် ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းရင်း ရယ်မောလိုက်သည်။ ဟိုင်ရိသည် သူ၏ ကောင်ဆိုးလေး ပုံစံသည် အလွန်ဆွဲဆောင်မှုရှိသည်ဟု ခံစားမိပြီး ဓာတ်ပုံရိုက်ချင်စိတ် ပေါ်လာ၏။
ရှန့်ချန့်ယန်သည် ဆွဲဆောင်မှုရှိပြီး အလွန်ယောက်ျားဆန်သော စိတ်နေစိတ်ထားရှိသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့လှုပ်ရှားမှုတိုင်းသည် အရွယ်မရောက်သေးသူတစ်ဦး၏ အနည်းငယ်ရင့်ကျက်မှုနှင့် ရောနှောကာ အမျိုးသားတစ်ယောက်၏ အရှိန်အဝါများ ဖျာထွက်နေသည်။
သူသည် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသော စစ်မှန်သည့် ယောက်ျားပီသသော ဆွဲဆောင်မှုရှိ၏။ ရှန့်ချန့်ယန်တွင် သူ့အဖွဲ့၌ ပရိသတ်အများဆုံး မရှိသော်လည်း သူ့ပရိသတ်များ၏ ဝယ်ယူနိုင်စွမ်းသည် အခြားသူများကို အဝေးကြီး ကျော်လွန်နေသည်။ အမျိုးသား Idol များ၏ Single Album များ အားလုံး၏ အဆင့်သတ်မှတ်ချက်တွင်ပင် သူသည် အဆင့်မြင့်နေသေး၏။
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ရှေ့တွင် အလွန်ထင်ရှားစွာ ရှုပ်ထွေးသော ခံစားချက်ဖြင့် ရပ်နေသည်ကို မြင်သောအခါ ရင်ထဲတွင် မွန်းကြပ်နေသည်။
သူ့အကြည့်ကို သတိပြုမိတော့ ရှန့်ချန့်ယန်က သူ့ကိုယ်သူ အပေါ်အောက် ကြည့်လိုက်သည်။
''ဘာဖြစ်လို့လဲ"
ဟိုင်ရိက မျက်နှာလွှဲလိုက်သည်။
''ဘာမှမဟုတ်ဘူး"
ဟိုင်ရိသည် ရှန့်ချန့်ယန်ဘဝ၏ သေးငယ်သော အချက်အလက်များအပေါ် စပ်စုချင်စိတ်မှာ အလွန်နက်ရှိုင်း၏။
''မင်း Diet လုပ်ခဲ့တာလား''
( TN : Diet ဆိုတာ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန်ရဖို့ အစားလျှော့စားတာမျိုးပါရှင် )
ရှန့်ချန့်ယန် : "ဟုတ်တယ်၊ ကျွန်တော် အရိပ်တောင် ပျောက်တော့မလို သောက်ကျိုးနည်း ပိန်သွားတယ်"
ဟိုင်ရိ : ''ဟားဟားဟား၊ မင်းက ဒီလောက်ပိန်နေမှတော့ ဘာလို့ ဆက်ပြီး Diet လုပ်နေသေးတာလဲ"
''သူတို့အားလုံးက Diet လုပ်နေကြတာ"
ရှန့်ချန့်ယန်က ပြောပြသည်။
"ကျွန်တော့်ကို ထမင်းစားချိန်မှာ ဘယ်သူမှ လိုက်မစားပေးဘူး၊ စားချင်စိတ်လည်း မရှိတော့ ကျွန်တော်လည်း Diet လုပ်လိုက်ပြီး ဘာမှ မလုပ်တော့ဘူး''
ဟိုင်ရိ : "မိုက်တဲ့ကလေးပဲ"
ရှန့်ချန့်ယန်က သူ့ကို သတိပေးလိုက်သည်။
''ခင်ဗျားကို ကျွန်တော်အကြာကြီး သည်းခံလာခဲ့ပြီ၊ ကျွန်တော့်ကို အဲဒီလို မခေါ်နဲ့တော့၊ ကျွန်တော့်အမေတောင် ကျွန်တော့်ကို အဲဒီလို မခေါ်ဘူး''
ဟိုင်ရိ ရယ်မောလိုက်၏။
🌟🌟🌟