Chapter : 30 ( မီး မိန်းကလေး [5] )
နောက်တစ်နေ့တွင် ဟိုင်ရိတစ်ယောက် သူ၏အခန်းတံခါးခေါက်သံကြောင့် နိုးလာ၏။ သူသည် မနေ့ညက ၂ နာရီအထိ ဇာတ်ညွှန်းကို ဖတ်နေရ၍ စိတ်ရှုပ်ထွေးနေပြီး အနည်းငယ် အိပ်မပျော်ဖြစ်ခဲ့သည်။ သူ အိပ်ပျော်ကာစသာရှိသေး၊ ရှန့်ချန့်ယန်က လာခေါက်နေပြီဖြစ်၏။
ဟိုင်ရိ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ နံနက် ၁၀ နာရီ ရှိနေပြီ။ အိပ်ရာထကာစဖြစ်၍ အနည်းငယ် မျက်နှာဖောရောင်နေပြီး ဆံပင်များလည်း ရှုပ်ပွနေသည်။
သူ တံခါးဖွင့်ပြီးနောက် အပြင်ဘက်မှ မည်သူဖြစ်သည်ကိုပင် မကြည့်ဘဲ ရေချိုးခန်းသို့ တန်းဝင်ကာ သွားတိုက်ရန် ပြင်ဆင်လိုက်၏။
ရှန့်ချန့်ယန်က သူ့နောက်မှ ဝင်လာပြီး ဆိုဖာပေါ်သို့ ပစ်ထိုင်ချလိုက်သည်။ သူ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်၏။
ဟိုင်ရိ၏အခန်းသို့ သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ မည်သည့်အရာကိုမျှ မထိရဲဘဲ အလွန်ယဉ်ကျေးစွာနေခဲ့သည်။
ဟိုင်ရိက သွားတိုက်ရင်း မေးလိုက်၏။
''စားပြီးပြီလား''
''မစားရသေးဘူး"
ရှန့်ချန့်ယန်က သူ၏ မပီကလာပြောစကားကို တုပကာ ပြောလိုက်သည်။
''ခင်ဗျား ကျွန်တော့်ကို ဝယ်ကျွေးမှာလား''
ဟိုင်ရိ : ''ပိုက်ဆံမရှိဘူး"
ရှန့်ချန့်ယန် ထရပ်လိုက်ရာ ဟိုင်ရိ၏ ခေါင်းရင်းဘက်တွင် ပိတ်မထားသေးသည့် ဝိုင်ဖြူပုလင်းတစ်လုံးကို တွေ့လိုက်ရသည်။
ဇာတ်ညွှန်းစာအုပ်ကို ပုလင်းအောက်တွင် ထားထားပြီး အနီရောင်ဖြင့် မှတ်သားချက်များ ပြုလုပ်ထားသည်ကိုလည်း တွေ့ရ၏။
နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သည်နှင့် ဟိုင်ရိတစ်ယောက် ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ပြီးကြောင်း သိသာသည်။
သူ ဘာမှမပြောဘဲ ဟိုင်ရိ ရေချိုးသည်ကို ကြည့်နေလိုက်၏။
ဟိုင်ရိ ရေချိုးခန်းထဲက ထွက်လာသောအခါ တစ်ကိုယ်လုံး လန်းဆန်းပေါ့ပါးနေပြီး လုံးဝကို အခြားတစ်ယောက်လို ဖြစ်နေသည်။ သူက ကြေညာလိုက်၏။
''သွားကြစို့"
ဟိုင်ရိသည် နောက်တစ်နေ့ ပွဲစတင်သည်အထိ ရှန့်ချန့်ယန်နှင့် ဇာတ်ညွှန်းကို ပြန်လည်လေ့ကျင့်နေခဲ့သည်။
အများစုမှာ ရှန့်ချန့်ယန်က အထပ်ထပ်အခါခါ ပြန်ပြောပြသည်ကို နားထောင်ရင်း ကုန်ဆုံးခဲ့ရ၏။
ရှန့်ချန့်ယန်သည် အနုပညာစွမ်းရည် အတော်လေးရှိသူဖြစ်ပြီး စာသားများကို အလွတ်ကျက်စရာ မလိုသလို၊ ခံစားချက်များကိုလည်း တမင်တကာ စဉ်းစားနေစရာမလိုပေ။
အခြေခံအားဖြင့်၊ သူသည် သူ့၏ပင်ကိုယ်ဗီဇအပေါ်တွင်သာ မှီခိုကာ ဇာတ်ကောင်ထဲ ဝင်ရောက်ခဲ့သည်။ သူ ဘယ်လိုပဲ သရုပ်ဆောင်သည်ဖြစ်စေ၊ သူကြည့်ကောင်းသည်မှာ ဟိုင်ရိ၏အရေပြားပေါ်တွင် ကြက်သီးမွေးညှင်းများ အထပ်ထပ်ထစေခဲ့၏။
ထိုအခါမှသာ ဟိုင်ရိက ၎င်းတို့သည် ၎င်းတို့၏ စိတ်ကျေနပ်မှုအတွက်သာ ဖြစ်၍ ငွေကြေးတောင်းခံခြင်းမရှိသည်ကို သိရှိရသည်။
ဆိုလိုသည်မှာ လက်မှတ်များမရှိ၍ ပိုမိုများပြားသော လူများပင် လာရောက်ကြည့်ရှုကြလိမ့်မည်။
ဟိုင်ရိ၏ခြေထောက်များ ပို၍ပင် အားမရှိတော့ဘဲ၊ တစ်ကိုယ်လုံး တောင့်တင်းနေခဲ့၏။
ရှန့်ချန့်ယန်သည် ဤအချိန်တစ်လျှောက်လုံး စိတ်ပေါ့ပါးနေခဲ့သည်။ သူက ညက ဖျော်ဖြေပွဲမတိုင်ခင် သူ့ရဲ့သီချင်းစာသားတွေကို အလွတ်မကျက်ထားဘူးလို့တောင် ပြောခဲ့ပြီး တစ်ခါတရံ မေ့သွားတာမျိုးတောင် ရှိခဲ့ပေမယ့် စိုးရိမ်ပူပန်တာမျိုး အနည်းငယ်မှ မရှိခဲ့ပေ။
ဆံပင်ဝါက ဟိုင်ရိကို ပြော၏။
''သူ စင်ပေါ်ရောက်ရင် ပြန်မှတ်မိသွားမှာပါ၊ အခုက တီထွင်ဖို့ ပျင်းနေတာ၊ စင်ပေါ်ရောက်ရင် မေ့သွားရင်တောင် တစ်ခုခု လုပ်နိုင်မှာပါ''
သို့သော်လည်း ဟိုင်ရိတွင် ဤစွမ်းရည်မျိုး မရှိပေ။ သူ၏စာသားအနည်းငယ်ကိုပင် သုံးနာရီအထိ လေ့ကျင့်ပြီးမှ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အိပ်ရာဝင်ခဲ့ရသည်။
နောက်တစ်နေ့တွင် သူသည် ရှန့်ချန့်ယန်အတွက် တံခါးဖွင့်ပေးလိုက်၏။ ပန်ဒါမျက်လုံးများနှင့် မျက်နှာဖောရောင်နေသည်။ ထို့နောက် ရေချိုးခန်းထဲက ထွက်လာသောအခါတွင် သူသည် လန်းဆန်းတက်ကြွပြီး ချောမောသော လူငယ်လေးတစ်ယောက်အဖြစ် တစ်ဖန်ပြန်ဖြစ်လာခဲ့၏။
ရှန့်ချန့်ယန်က အံ့သြစွာဖြင့် လျှာတစ်ချက်ထုတ်ကာ သူ့ကိုယ်သူ 'Return My Elegance Punch' သုံးထားသလားဟု မေးလိုက်သည်။ ဟိုင်ရိ၏ တုံ့ပြန်မှုသည် ပင်ပန်းနွမ်းနယ်မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
( TN : 'Return My Elegance Punch' - Flirting Scholar ဆိုတဲ့ 1993 ခုနှစ်က ဟောင်ကောင် ဟာသရုပ်ရှင်တစ်ခုမှာ ကျော်ကြားတဲ့ စာပေလက်ရာပျက်လုံးတွေထဲက တစ်ခုဖြစ်ပြီး ဒီလှုပ်ရှားမှုက လှပတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုလိုတာပါ )
''စကားနည်းနည်းပဲပြော''
ဟိုင်ရိသည် တစ်သက်တာလုံး ဤကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်စေမည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ရှန့်ချန့်ယန်၏ တစ်ကိုယ်လုံး နီရဲသောဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းဝတ်စုံသည် သူ့ကိုယ်လုံးနှင့် အလွန်လိုက်ဖက်ညီစွာ ပြုလုပ်ထားသည့် အတိုင်းပင် ဖြစ်နေ၏။ ဆံပင်အဖြူရောင်အတုက သူ့ခေါင်းကို ဖုံးအုပ်ထားပြီး မျက်နှာအလှပြင်ထားမှုက သူ့ကို တောက်ပပြီး လှပသော အမျိုးသမီးတစ်ဦး၏ပုံစံ ဖြစ်စေသည်။ ပုံစံသည် အနောက်တိုင်းဆန်လှ၏။ ဟိုင်ရိ အံ့သြမှင်တက်သွားသည်။
သူ ရှန့်ချန့်ယန်၏ စင်ပေါ်ဝတ်စုံကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူသည် ၁၉၀ စင်တီမီတာ ရှိသော ဧရာမသတ္တဝါတစ်ကောင်ဖြစ်သည်ဟူသော အချက်သည် သူ့စိတ်ထဲမှ လုံးဝပျောက်ကွယ်သွား၏။
ထိုအချိန်တွင် ဤအလှပဂေးသည် စကတ်အကွဲအောက်မှ ခြေထောက်များကို ချိတ်ထားပြီး ပါးစပ်တွင် တုတ်ထိုးသကြားလုံးတစ်လုံးဖြင့် ခုံပေါ်တွင် ဘေးတစောင်းထိုင်ကာ ဖုန်းကြည့်နေသည်။
ဟိုင်ရိ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤပုံရိပ်ကို စကားလုံးအနည်းငယ်ဖြင့် မည်သို့မျှ ဖော်ပြ၍မရနိုင်ကြောင်း ခံစားလိုက်ရ၏။
ရှန့်ချန့်ယန်က အသံကြားတော့ သူ့ကို မော့ကြည့်လိုက်သည်။
''ခင်ဗျား မိတ်ကပ်လိမ်းထားလား''
''အာ...''
ဟိုင်ရိ ပြောလိုက်သည်။
''ကော မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်''
ရှန့်ချန့်ယန် : ?
ဟိုင်ရိ : ''စကတ်အကွဲအောက်မှာ ယောက်ျားလေးအတွင်းခံဘောင်းဘီ မဝတ်လို့ မရဘူးလား''
ရှန့်ချန့်ယန် အောက်ငုံ့ကြည့်လိုက်သည်။
''ကျွန်တော် နောက်မှ ပြန်ဆွဲတင်လိုက်မယ်''
ဟိုင်ရိ : ...
ဆံပင်ဝါ ဝင်လာသည်။ ရှန့်ချန့်ယန်၏မျက်နှာပေါ်မှ ဂရုမစိုက်သော အသွင်အပြင်ကို မြင်တော့ သူက တိုက်တွန်းလိုက်၏။
''အိုကေ၊ စကြစို့''
ရှန့်ချန့်ယန်က သူ၏ဖုန်းကို ချလိုက်ပြီး၊ သူ၏ဝတ်စုံကို ဆွဲချကာ၊ လမ်းလျှောက်ထွက်သွားပြီး စင်ပေါ်သို့ တိုက်ရိုက်တက်ရန် လုပ်နေပြီဖြစ်သည်။ ဆံပင်ဝါက သူ့ကို ပြန်ဆွဲကာ ပါးစပ်ထဲမှ တုတ်ထိုးသကြားလုံးကို ဆွဲထုတ်ပြီး သူ၏ ပါးစပ်ထဲ ထည့်လိုက်၏။
''သွား၊ ယန်ကော၊ ကံကောင်းပါစေ၊ ခင်ဗျားကအကောင်းဆုံးပဲ!''
ရှန့်ချန့်ယန်က မှန်ကန်သင့်မြတ်သည့်အတိုင်းပင် ပြန်ဖြေလိုက်သည်။
''ဟုတ်တာပေါ့''
သူ ထွက်သွား၏။ ခဏအကြာတွင် ကလေးမလေးအဖြစ် သရုပ်ဆောင်သည့် မီးမိန်းကလေးသည် စင်ပေါ်မှ ထွက်ခွာပြီး နောက်ပြန်လှည့်လာခဲ့သည်။ ရှန့်ချန့်ယန်၏ အသံကို တစ်ခဏမျှပင် ကြာမြင့်ခြင်းမရှိဘဲ ကြားရ၏။
သူက တမင်တကာ သူ့အသံကို မပြောင်းလဲခဲ့သော်လည်း ပထမဆုံး နားထောင်လိုက်သည်နှင့် အနည်းငယ် ထူးဆန်းနေခဲ့သည်။ သို့သော် သူ ပါးစပ်ဖွင့်လိုက်သည်နှင့် သူ့ဖျော်ဖြေမှုထဲတွင် လူတိုင်းကို နစ်မြုပ်စေသည့် လှုံ့ဆော်မှုတစ်ခု ရှိနေခဲ့ပြီး သူ့အရပ်အမောင်းနှင့် အသံကို လုံးဝ လစ်လျူရှုထားခဲ့၏။
ဟိုင်ရိမှာ အနည်းငယ် စိုးရိမ်စိတ်ရှိနေဆဲပင်။ ဤမွန်းလွဲပိုင်းတွင် ရှန့်ချန့်ယန် ခေါ်လာခဲ့သော ကလေးမလေးမှာ အတော်လေး လေ့ကျင့်မှုရှိပုံရပြီး ဟိုင်ရိထက် ပိုမိုတည်ငြိမ်သည်။
ဟိုင်ရိသည် အိမ်သာသို့ စိုးရိမ်တကြီး ပြေးဝင်နေစဉ်တွင် ထိုကလေးမလေးသည် ရှန့်ချန့်ယန်၏ အံဆွဲများကို ကျွမ်းကျင်စွာ ရှာဖွေပြီး မုန့်များရှာဖွေနေ၏။
၎င်းသည် ပြဇာတ်ရုံရှိ မည်သူအတွက်မျှ ပထမဆုံး ဖျော်ဖြေမှုမဟုတ်သလို ဟိုင်ရိကသာ ကြက်ကလေးတစ်ကောင်လို ကြောက်နေခဲ့သည်။
ကလေးမလေး၏ဖခင်အဖြစ် သရုပ်ဆောင်သော မင်းသားက ဟိုင်ရိကို လက်ညှိုးထိုးကာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူ တွေ့ရှိရသည်မှာ ဟိုင်ရိသည် တကယ်ကို စိုးရိမ်နေပြီး သူ့ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်၏။
''ခင်ဗျား ဗြောင်ကျကျလုပ်ရင်တောင် ကိစ္စမရှိဘူး၊ အများဆုံးဖြစ်မှာက ခင်ဗျား စင်ပေါ်က မောင်းထုတ်ခံရတာလောက်ပဲ''
ဟိုင်ရိ : ...
ဟိုင်ရိ : ''သူတို့ မင်းကို စင်ပေါ်ကနေပါ မောင်းထုတ်မှာလား''
ရှန့်ချန့်ယန်က သူ့ပခုံးကို ဆွဲကိုင်ပြီး ဆွဲခေါ်သွားကာ မင်းသားကို တောင်းပန်လိုက်သည်။
''ကျွန်တော် သူနဲ့ ကိစ္စလေးတစ်ခု ရှိလို့ပါ ခဏလောက်''
ထို့နောက် သူသည် ဟိုင်ရိဘက်သို့ လှည့်ကာ
''အဲဒါမျိုး ဖြစ်မှာမဟုတ်ဘူး၊ မကြောက်ပါနဲ့''
ဟိုင်ရိ : ...
''ဒီကျွန်တော်မျိုးက လုပ်လို့မရဘူး!''
ဟိုင်ရိက ညည်းတွားလိုက်သည်။
''ငါအရမ်း စိတ်လှုပ်ရှားနေတယ်''
ရှန့်ချန့်ယန် : ''ခင်ဗျား အရမ်းချောတာပဲ၊ ပရိသတ်က ခင်ဗျားကို သဘောကျမှာ သေချာတယ်။ စာသားတွေ မေ့သွားရင်တောင် ပြုံးပြလိုက်ပါ၊ ကျွန်တော် ခင်ဗျားအစား ဆက်လုပ်ပေးမယ်၊ မလန့်ပါနဲ့၊ ပြုံး.. ကျွန်တော့်ကို ပြုံးပြပါဦး''
ပြောရမည်ဆိုလျှင်... ရှန့်ချန့်ယန်သည် ဟိုင်ရိကို စိတ်အေးအောင် လုပ်ပေးရာတွင် အလွန်တော်သည်။
မျက်စိတစ်မှိတ်အတွင်း ဟိုင်ရိ စိတ်သက်သာရာရသွား၏။
ထိုအချိန်တွင်ပင် ရှန့်ချန့်ယန် စင်ပေါ်တက်သွားခဲ့သည်။
ဟိုင်ရိတစ်ယောက် သူ့တစ်ယောက်တည်း နောက်ကွယ်တွင် ရပ်ကျန်ခဲ့၏။
သူ့ရင်ထဲတွင် စကားလုံးတစ်လုံးတည်းသာ ရှိသည်။
ပြေး!
အရမ်းကြောက်တယ်၊ အရမ်းကြောက်တယ်၊ အရမ်းကြောက်တယ်၊ အရမ်းကြောက်တယ်။
ဟိုင်ရိသည် အိမ်သာသွားရင်း အပြင်ဘက်ကို တိတ်တိတ်လေး တစ်ချက်ကြည့်လိုက်ရာ လူများ ပင်လယ်ပြင်လို စည်ကားနေခြင်းကို တွေ့လိုက်ရသည်။
ပွဲလမ်းသဘင်ဆန်သော၊ ပြင်းထန်သော ဆူညံသံများ။ ဤကဲ့သို့ တိတ်ဆိတ်သောနေရာတွင် လူများစွာ စုဝေးနေခြင်းသည် ရယ်စရာပင်။
ဟိုင်ရိ၏ ခေါင်းထဲ ချာလည်သွားသည်။ ပူးဝင်နေသည့်အတိုင်း ပါးစပ်မှ သူ၏စာသားများကို ဆက်တိုက် ရွတ်ဆိုနေခဲ့၏။ နောက်ဆုံးတွင် ဆံပင်ဝါ ဝင်လာပြီး သူ့ကို ပြောလိုက်သည်။
''ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ၊ ခင်ဗျား အလှည့် ရောက်နေပြီ!''
ဟိုင်ရိ၏ ခေါင်းထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ အရာအားလုံးကို မေ့သွားခဲ့သည်။
အရာအားလုံးကို မေ့သွား...
အရာအားလုံး...
...
ဟိုင်ရိသည် တံခါးအဖွင့်ကို ဖက်တွယ်ထား၏။
''မဟုတ်ဘူး၊ ငါ မသွားဘူး ငါ အကုန်လုံး မေ့သွားပြီ!''
''ခင်ဗျား မေ့သွားရင်တောင် သွားရဦးမှာပဲ!''
ဆံပင်ဝါက အော်လိုက်သည်။
''ခင်ဗျား အဲဒီမှာ ရပ်နေရုံပဲဖြစ်ဖြစ် သွားရဦးမှာပဲ! တခြားနည်းလမ်းမရှိဘူး၊ သွားကြစို့!''
ဟိုင်ရိ : ''ငါ မလုပ်ဘူး...''
''သွားကြစို့!''
ဆံပင်ဝါ က ဟိုင်ရိ၏ လက်ချောင်းများကို တစ်ချောင်းချင်းစီ ဖြုတ်ယူလိုက်သည်။ သူ ဖြုတ်ယူလိုက်သည့် လက်ချောင်းတိုင်းအတွက် ဟိုင်ရိက တစ်ချောင်းချင်း ပြန်တင်၏။ ဆံပင်ဝါက ပွစိပွစိပြောနေသည်။
''သွားကြစို့!''
ဟိုင်ရိ : ''မသွားဘူး!''
''ရှောင်လိုက်''
ကလေးမလေး၏ အသံက နောက်ဘက်မှ ထွက်ပေါ်လာသည်။ ဟိုင်ရိနှင့် ဆံပင်ဝါတို့ တပြိုင်နက်တည်း နောက်လှည့်ကြည့်လိုက်ရာ ကလေးမလေးသည် ရှန့်ချန့်ယန်၏ erhu ကို ကိုင်ဆောင်ကာ ဟိုင်ရိ လက်ဖြင့် ဆုပ်ကိုင်ထားသော ဘက်သို့ ပြေးဝင်လာသည်ကို တွေ့ရသည်။ ဟိုင်ရိ ကြောက်လန့်တကြားဖြင့် မေ့လဲလုနီးပါး ဖြစ်သွား၏။ သူ၏ ဦးနှောက် ချွတ်ယွင်းသွားပြီး သူ မသိစိတ်ကပင် သူ့လက်ကို လွှတ်ကာ erhu ကို ဖမ်းလိုက်သည်။ ဆံပင်ဝါက သူ့ကို လည်ပင်းမှ ဆွဲမကာ သယ်သွားပြီး စင်ပေါ်သို့ လွှင့်ပစ်လိုက်၏။
ဟိုင်ရိ : ...
အချိန်ကိုက် ဖြစ်နေသည်။ ရှန့်ချန့်ယန်သည် ထူးဆန်းသော အကြည့်များကို ခံနေရပြီး သူ၏ဒုက္ခများကို မေ့ပျောက်ရန် ဂီတကို အသုံးပြုကာ ခက်ခဲသောအချိန်ကို ဖြတ်သန်းနေရ၏။
ဟိုင်ရိသည် လမ်းဘေးမှ လမ်းဘေးလူဆိုးတစ်ဦးဖြစ်သည်။ သူတွင် သေချာသော အလုပ်အကိုင်မရှိသော်လည်း ချောမောသောရုပ်ရည်ရှိပြီး အမျိုးသမီးများအပေါ်တွင် အလွန် ယဉ်ကျေး၏။
သူနှင့် ရှန့်ချန့်ယန်တို့၏ ပထမဆုံးတွေ့ဆုံမှုမှာ ပန်းဆိုင်တစ်ခု၏ ဝင်ပေါက်တွင် ဖြစ်သည်။ ထိုနေရာတွင် ဆင်းရဲနွမ်းပါးသော ရှန့်ချန့်ယန်သည် သူ၏သူငယ်ချင်းများနှင့်အတူ လတ်ဆတ်သော ပန်းစည်းတစ်စည်းကို ဝယ်ယူနိုင်ခြင်းမရှိခဲ့ပေ။
ထိုအချိန်က ရှန့်ချန့်ယန်သည် ပန်းဆိုင်၏ ဝင်ပေါက်တွင် မိုက်မဲသော၊ ညှိုးငယ်သော မျက်နှာဖြင့် ရပ်နေ၏။
သို့သော် သူ လှည့်ကြည့်လိုက်ပြီး ဟိုင်ရိ သူ့ဘက်သို့ လျှောက်လာသည်ကို မြင်သောအခါ မြူခိုးများကို ဖောက်ထွင်းဝင်ရောက်လာသော နေရောင်ခြည်တစ်ခုနှင့် တူနေသည်။
ဟိုင်ရိသည် သူ၏အကြည့်ထဲသို့ ဆွဲဆောင်ခံလိုက်ရ၏။ ၎င်းသည် ပြဇာတ်တစ်ခုလုံးဖြစ်သည်ကို သူသိသော်လည်း သူ့နှလုံးသားမှာ လှုပ်ရှားနေခဲ့သည်။ သူ မသိစိတ်ကပင် စင်ပေါ်သို့ လျှောက်တက်သွားပြီး ရှန့်ချန့်ယန်ကို ပြောလိုက်၏။
''လှပတဲ့ အမျိုးသမီးလေး၊ နှင်းဆီပန်းစည်းတစ်စည်း ပေးရမလား''
ရှန့်ချန့်ယန်က ခေါင်းငုံ့ပြီး သဲ့သဲ့လေး ပြုံးလိုက်သည်။
ဟိုင်ရိ၏ ခေါင်းထဲ ချာလည်သွားသည်။ သူ လူငယ်သခင်တစ်ယောက် ကဲသလိုမျိုး စူးစူးဝါးဝါး ပြောလိုက်၏။
''ဒီအမျိုးသမီးကို နှင်းဆီပန်းစည်းတစ်စည်း ပေးချင်တယ်၊ အလှဆုံးတစ်ခု ပေးပါဦး''
ဟိုင်ရိသည် နှင်းစက်များတင်နေသော နှင်းဆီများကို ရှန့်ချန့်ယန်ထံ ပေးလိုက်၏။ အမျိုးသမီးများအားလုံး မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။ ဟိုင်ရိက ယဉ်ကျေးသော ပုံစံဖြင့် ဆက်ပြော၏။
''လှပသောသူမအတွက် လတ်ဆတ်သော ပန်းများ''
ရှန့်ချန့်ယန်က ၎င်းတို့ကို လက်ခံယူပြီး ရှားရှားပါးပါး အပြုံးတစ်ခုကို ပြသလိုက်သည်။
၎င်းတို့နှစ်ဦးတွင် တိုတောင်းသော ဆွဲငင်တွန်းလှန်သည့် အခန်းတစ်ခန်း ရှိခဲ့သည်။ ရှန့်ချန့်ယန်သည် ဖန်လုံအိမ်ထဲမှ ထွက်ပြေးမည်ဖြစ်ပြီး ဟိုင်ရိက သူ့နောက်သို့ ချက်ချင်းလိုက်မည်။ ရှန့်ချန့်ယန်သည် စက်ဘီးစီးမည်ဖြစ်ပြီး ဟိုင်ရိက တက္ကစီဖြင့် သူ့နောက်လိုက်မည်။ ရှန့်ချန့်ယန် အိမ်ပြန်ရောက်သောအခါ ဟိုင်ရိက အောက်တွင် စောင့်နေပြီး သူ၏ပြတင်းပေါက်ကို ကြည့်နေမည်ဖြစ်ရာ ရှန့်ချန့်ယန်က လိုက်ကာများကို ပိတ်လိုက်သောအခါ ဟိုင်ရိက စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားမည်ဖြစ်၏။
သို့သော် ရှန့်ချန့်ယန်က နောက်တစ်နေ့ ကျောင်းသွားသောအခါ ဟိုင်ရိသည် ဂိတ်တွင် ထပ်မံပေါ်လာပြန်သည်။ သိသာစွာ ပျော်ရွှင်အံ့သြနေသော်လည်း ရှန့်ချန့်ယန်က မကျေနပ်ဟန်ဆောင်ကာ ခံငြင်းခဲ့သည်။ ဟိုင်ရိသည် အဖြူရောင်အင်္ကျီနှင့် အနက်ရောင်ဝတ်စုံတစ်စုံလုံးကို ဝတ်ဆင်ထား၏။ သူ၏ခြေထောက်များ ရှည်လျားပြီး ခါးသွယ်လျ၍ လူကြီးလူကောင်းဆန်ပြီး တက်ကြွနေပုံရသည်။
စင်ပေါ်မှ ပရိသတ်သည် ဤသည်ကို မြင်သောအခါ ကြင်နာသော အပြုံးများကို ပြသခဲ့၏၊ အဘယ်ကြောင့်ဆိုသော် ဤဇာတ်ဆောင်နှစ်ဦးသည် ကြည့်ရှုရ အလွန်ကောင်းမွန်ပြီး ၎င်းတို့၏ သရုပ်ဆောင်မှုကလည်း ဆွဲဆောင်မှုရှိသောကြောင့်ဖြစ်သည်။
ဟိုင်ရိက ရှန့်ချန့်ယန်ကို တားလိုက်၏။
''ညစာ လိုက်ကျွေးရမလား''
ရှန့်ချန့်ယန်က ဤတစ်ကြိမ်တွင် သူ့ကို ချက်ချင်း ငြင်းပယ်ခြင်းမရှိတော့ပေ။ မျှော်လင့်ချက်ရှိသည်ကို မြင်သောအခါ ဟိုင်ရိက ချက်ချင်း ဆက်ပြောလိုက်သည်။
''မင်းအိမ်နားမှာပဲ။ ဒါ အစားအသောက်တစ်ခုပဲ၊ တခြားဘာမှ မဟုတ်ဘူးလို့ ကတိပေးတယ်''
နောက်တစ်ခန်းတွင် ရှန့်ချန့်ယန်၏ အတွင်းစိတ်ပြောစကား ပါဝင်သည်။ သူ ဟိုင်ရိကို ကြိုက်ပေမယ့် ဟိုင်ရိက သူ့ကို သစ္စာရှိလိမ့်မည်ဟု မယုံကြည်နိုင်သည်ကြောင့် သူ့စိတ်က အမြဲတစေ လှုပ်ခတ်နေ၏။ သို့ပေမယ့် ထိုလူ၏ ဆွဲဆောင်မှုများကို သူ ရိုးရိုးလေးသာ မကျော်ဖြတ်နိုင်ခြင်းကြောင့် ထိုလူ့လက်ထဲကိုသာ ထိုးဝင်မိမှာက ရှောင်လွှဲမရသည့် အရာတစ်ခုဖြစ်နေခဲ့သည်။
ဟိုင်ရိက စင်နောက်ဘက်မှာ စီစဉ်ထားသော ထမင်းစားပွဲတွင် ထိုင်ပြီး ရှန့်ချန့်ယန် ထိုအခန်းကို သီဆိုနေသည်ကို နားထောင်နေခဲ့သည်။ အမှန်ကား ရှန့်ချန့်ယန် သီဆိုသည်ကို သူ အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ဒီတစ်ကြိမ်လောက်ကောင်းခြင်း မရှိခဲ့ဖူးပေ။
တချို့လူတွေက စင်ပေါ်မှာ တောက်ပဖို့ပဲ မွေးဖွားလာတာ။ လူဦးရေ များလေလေ၊ သူတို့ ပိုမိုတောက်ပလေလေပဲ။
🌟🌟🌟