Chapter 189
_ ဧကရာဇ်မင်းမြတ်၏မိသားစု
ချန်ရုံက ဝမ်ဟုန့်အား မျက်မှောင်ကြုတ်လျက်စိုက်ကြည့်လိုက်သည်။ဝမ်ဟုန့်ထံမှ ရေထုသဖွယ်ကြည်လင်နေသောမျက်ဝန်းတို့နှင့် နူးနူးညံ့ညံ့အကြည့်များဖြင့်ရင်ဆိုင်လိုက်ရသောအခါတွင် သူမသည် တစ်နေရာသို့ ရုတ်ချည်းပင် အကြည့်လွှဲမိသွားတော့လေ၏။
" ချီလန် ... ကျွန်မ ဘာလုပ်သင့်တယ်လို့ထင်လဲ ... "
ချန်ရုံ၏မေးခွန်းကြောင့် ဝမ်ဟုန်က တစ်ချက်ပြုံးပြီး အပြင်မှ ယင်းကူအား လှမ်းပြောလိုက်သည်။
" သံတမန်ကိုခဏစောင့်ဖို့ပြောလိုက်ပါ ... အားရုံ ရေမိုးချိုးပြီး အဝတ်အစားလဲလို့ရအောင် ... "
" ဟုတ်ကဲ့ပါ ... "
ရင်းကူထွက်သွားသောအခါတွင်လည်း ဝမ်ဟုန်မှာ ချန်ရုံ့အား စေ့စေ့ကြည့်ရှုနေဆဲပင်။
သူက နှစ်သိမ့်သောလေသံဖြင့် “မကြောက်ပါနဲ့ ... မင်းမှာကိုယ်တစ်ယောက်လုံးရှိတယ် " ဟုပြောပြီး ရှည်လျားသွယ်လျသည့် လက်ချောင်းများဖြင့် ချန်ရုံ၏မျက်နှာကို ပွတ်သပ်နေလေသည်။
" ဟုတ်ပြီ ... "
သို့သော်လည်း ချန်ရုံက တိုတိုတုတ်တုတ်သာပြန်လည်ဖြေကြားပြီး ဝမ်ဟုန့်အား ညင်သာစွာတွန်းဖယ်ကာ အရှေ့သို့ထွက်သွားတော့သည်။
ကျန်ရစ်သူဝမ်ဟုန်မှာ ချန်ရုံ့၏တောင့်တင်းဖြောင့်စင်းနေသောနောက်ကျောပြင်အား မျှော်ကြည့်လျက် ' အကြောတင်းလိုက်တဲ့မိန်းကလေး ... ' ဟု တွေးတောနေခဲ့လေ၏။
ရေမိုးချိုးသန့်စင်ပြီးသည့်နောက်တွင် ချန်ရုံမှာ အဝတ်အစားသစ်များကိုလဲလှယ်ကာ ကျောင်းတော်ပင်မဝင်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။ဧကရာဇ်မင်းစေလွှတ်လိုက်သောလှည်းယာဥ်က သူမအား အပြင်ဘက်တွင် စောင့်နေသည်။
ချန်ရုံထွက်လာသည်ကို မြင်သောအခါ မိန်းမစိုးတစ်ဦးက " အသင့်ပြင်ထားကြ ... " ဟု အော်ဟစ်အချက်ပေးလိုက်လေ၏။
ချန်ရုံမှာ ယင်းမိန်းမစိုးအား အရိုအသေပြု၍ လှည်းယာဉ်ပေါ်သို့တက်သွားခဲ့သည်။လှည်းရထားစတင်ထွက်ခွာသွားသောအခါ သူမက အနောက်သို့တစ်ချက်ပြန်လှည့်ကြည့်လိုက်လေ၏။
ဝမ်ဟုန် လိုက်ပါမလာပေ။
ချန်ရုံတစ်ယောက် အကြည့်များအားရုတ်သိမ်းပြီး အရှေ့သို့ပြန်လှည့်ထိုင်နေလိုက်သည်။
လှည်းရထားမှာ တာအိုကျောင်းတော်မှ ထွက်လာပြီး လမ်းမများပေါ်သို့ ဝင်ရောက်ခဲ့သည်။
ချန်ရုံမှာ လမ်းပေါ်သို့မည်သည့်အချိန်က နောက်ဆုံးထွက်ခဲ့ကြောင်းကိုမမှတ်မိပေ။သူမ၏အသွင်အပြင်မှာ လူအများအား ဆွဲဆောင်လွန်းသည်ဖြစ်ရာ မလိုလားအပ်သောရှုပ်ထွေးပွေလီမှုအပေါင်းကိုရှောင်ရှားရန်အတွက် ချန်ရုံမှာ အပြင်ထွက်လိုသောဆန္ဒအား အမြဲနှိမ့်ချခဲ့သည်။
လမ်းသွားလမ်းလာများ ၊ မြင်းစီးသူများနှင့် အခြားလှည်းရထားများက တော်ဝင်လှည်းယာဥ်အတွက် လမ်းဖယ်ပေးကြသည်။ကန့်လန့်ကာတွင်ပါဝင်သော အပေါက်သေးသေးလေးမှတစ်ဆင့် ဖြတ်သန်းကူးလူသွားသော လမ်းသွားလမ်းလာများအား ချန်ရုံ သတိပြုမိသည်။
လှည်းရထားမှာ ယခုအချိန်တွင် မိုးမခပင်လမ်းကြားထဲသို့ဝင်ရောက်နေသည်။ဤသည်မှာ ဝူအစေခံများနှင့် ယွီမိန်းကလေးများ၏ ဧည့်သည်တော်များလက်ခံရာနေရာပင်။ရောင်စုံနဖူးစည်းအလံစာတမ်းများက အထပ်မြင့်များပေါ်မှ လွင့်ပျံလာကာ စိတ်ကူးထဲမှ မိန်းမလှလေးများလည်း ပေါများလွန်းသောနေရာဖြစ်သည်။
အပေါ်ထပ်ရှိလူများမှာ လသာဆောင်တန်းကို မှီ၍ အောက်ဘက်ရှိလူများအား လက်ညှိုးထိုးပြပြီး ရယ်မောနေကြသည်။ချန်ရုံစီးနင်းလာသောလှည်းယာဉ်က ၎င်းအဆောက်အဦးအနီးသို့ရောက်သွားသောအခါ ထိုထဲမှမိန်းကလေးတစ်ဦးက အစိမ်းရောင်ပုလွေကိုလှမ်းယူကာ သံစဉ်အချို့အား တီးမှုတ်လာသည်။တီးမှုတ်သူမိန်းကလေး၏ ဆွေးမြေ့ဖွယ်ရာအကြည့်များက ရှေ့တစ်နေရာတွင် ရှိနေလေ၏။
တေးသွားထွက်ပေါ်လာပြီး သိပ်မကြာမီမှာပင် မိန်းမလှတစ်ဦး ထပ်မံထွက်ပေါ်လာပြီး အလားတူပင်ထိုနေရာသို့ စူးစိုက်ကြည့်နေပြန်သည်။
“သူလေးက ဘယ်မိသားစုကလဲ ... တံတားနားမှာ မြင်းကို မှီပြီးရပ်နေတဲ့ ခပ်ဖြူဖြူကောင်လေးက ဘယ်သူလဲဟင် ... ”
ထိုမိန်းကလေး၏လေသံမှာ အလွန်ပင်ချိုသာကွန့်မြူးနေသည်။
ချန်ရုံအပါအဝင် ကျန်လူအားလုံးမှာ ထိုနေရာသို့ အကြည့်ရောက်သွားကြတော့လေ၏။
သူတို့၏လက်ဝဲဘက်တွင်ရှိသောမိုးမခပင်များနှင့် ပန်းပင်များ ဖုံးလွှမ်းနေသည့်တံတားငယ်တစ်ခုအောက်တွင် ရေများ စီးဆင်းနေလျက်ရှိသည်။ မိုးမခပင်များအောက်တွင်မူ ကောင်ချောလေးတစ်ယောက်က မြင်းနှင့်အတူတကွ မတ်မတ်ရပ်နေသည်။သူ့ထံတွင် ဖြူစင်သော အသားအရည် ၊ ကြည်လင်သော မျက်လုံး၊ နှင်းဆီရောင် နှုတ်ခမ်း သားများရှိပြီး အလွန်တရာပင်ချောမောသည်။
ထိုတစ်ယောက်မှာ ....
ပိန်ပါးပြီးလှပတင့်တယ်သောထိုတစ်ယောက်မှာ စွင်းယန်ပင်ဖြစ်လေ၏။
သူက ဤနေရာသို့အဘယ်ကြောင့်ရောက်နေရသနည်း။ကျန့်ခန်းသို့မည်သည့်အချိန်က ရောက်ရှိလာခြင်းဖြစ်မည်နည်း။ရန်မင်းနှင့် အတူလိုက်ပါလာခြင်းပင်ဖြစ်ပေမည်။
စွင်းယန်မှာ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သောကြောင့် ကျန့်ခန်းအားဝင်ရောက်ရန် ရန်မင်းအတွက် ပိုမိုလွယ်ကူခဲ့လိမ့်မည်။
ချန်ရုံမှာ တွေးတောနေရင်းဖြင့် နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိလေသည်။
အခြေအနေအရ ရန်မင်းသည် ကျန့်ခန်းမှ တော်တော်နှင့်ပြန်သေးဦးမည့်ပုံမပေါ်ချေ။
အတွေးပေါင်းစုံက သူမ၏ဦးနှောက်ထဲသို့ ဝင်ရောက်ကူးလူလာခဲ့ပြီး ချန်ရုံမှာ ကန့်လန့်ကာအား လှစ်ဟရန်ပြင်လိုက်သည်။
ချန်ရုံ စွင်းယန်အား မျက်နှာထုတ်ဖော်ပြသလုဆဲဆဲတွင် တစ်စုံတစ်ဦးက သူမ၏မြင်လွှာထဲသို့ရောက်ရှိလာသည်။
ထိုသူမှာ ရန်မင်း၏နံဘေး၌ မကြာခဏရှိတတ်သောအစောင့်တပ်သားတစ်ဦးပင်။
ယင်းတပ်သားက စွင်းယန်၏အနောက်၌ရပ်ကာ တစ်စုံတစ်ရာအား တိုးညင်းစွာပြောနေလေ၏။စကားတစ်ကြောင်းနှစ်ကြောင်း အဆုံးတွင်ပင်လျှင် စွင်းယန်၏မျက်နှာမှာ မာကြောခက်ထန်ပြီး မျက်ခုံးတန်းများက တွန့်ချိုးသွားခဲ့သည်။ထိုအချိန်တွင် ချန်ရုံ၏လှည်းရထားမှာ ယင်းနေရာအား ဖြတ်သန်းမောင်းထွက်သွားခဲ့သည်။
ချန်ရုံမှာကန့်လန့်ကာအားဆွဲကိုင်ထားသောသူမ၏လက်အား ရုတ်သိမ်းလိုက်ပြီး တစ်ကိုယ်တည်းပြုံးလိုက်လေ၏။
ယခုအချိန်၌ သူမသည် ကျန့်ခန်း၌ နာမည်ဂုဏ်သတင်းကျောစောနေပြီဖြစ်ပြီး စွင်းယန်သာ သူမအား တကယ်တမ်းလာရှာလိုလျှင် မည်သည့်အချိန်မဆို လာရှာ၍ရသည်။
အနောက်သို့လှည့်ကြည့်လိုက်သောအခါ အနီရောင်အဆောက်အဦးထက်မှ အမျိုးသမီးငယ်များ၏ပါးစပ်ထဲတွင် ဂုဏ်သတင်းမွှေးပျံ့နေဆဲဖြစ်သည့်စွင်းယန်အား လှမ်းတွေ့ရလေ၏။ချန်ရုံ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားခဲ့ပြီး သူမ၏နှလုံးသားထဲတွင်လည်း နွေးထွေးမှုဖြင့် ပြည့်နှက်သွားသည်။
လှည်းရထားမှာ အင်ပါယာမြို့ထံသို့ ဆက်လက်ဦးတည်ခဲ့လေ၏။ရှုပ်ထွေးပွေလီသောမြို့ပြနှင့် နီးကပ်လာလေလေ ၊ လမ်းမပေါ်၌ လှည်းယာဉ်တန်းများအား ခပ်စိပ်စိပ်တွေ့လာရလေလေပင်။
တဖြည်းဖြည်းနှင့် နန်းတော်ဂိတ်တံခါးအား လှမ်းမြင်နေရပြီဖြစ်သည်။
ချန်ရုံက အသက်ပြင်းပြင်းရှူလိုက်ပြီး ဆံပင်နှင့်အဝတ်အစားများအား ကျကျနန ပြန်လည်ပြင်ဆင်လိုက်လေ၏။
ထိုအချိန်တွင် ကျောက်သားများပေါ်သို့ခြေလှမ်းရာမှဖြစ်ပေါ်လာသောစည်းချက်ညီခြေသံများနှင့်အတူ သီချင်းညဉ်းသံတစ်ခုကို ကြားလိုက်ရသည်။
" ဝတ်ရုံလက်ကိုရွှေ့လျားလို့ရယ် ...
လှသွေးကြွယ်တဲ့ခင်ပျိုကွယ် ....
ကြွယ်ဝချမ်းသာလွန်းတဲ့အရပ်မှာ ရိက္ခာပဒေသာပင်တောင်မှအချည်းအနှီးဖြစ်ရတယ် ... "
ယင်းတေးသွားစာပိုဒ်မှာ ချီးမြှောက်ခြင်းသဘောသက်ရောက်သော်လည်း ဆိုညဥ်းဟန်က ကူကယ်ရာမဲ့သောမှိုင်တွေသည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ချန်ရုံတစ်ယောက် အလိုလိုပင်လှည့်ကြည့်သွားမိသည်။ထိုအခါ ရှုပ်ထွေးနေသောဆံနွယ်အစုံနှင့်ဦးခေါင်းနောက်ဘက်တစ်ခုအား တွေ့ရှိလိုက်ရလေ၏။၎င်းတေးသွားစာပိုဒ်အား ထပ်တလဲလဲဆိုညဉ်းနေပြီးနောက်တွင် ထိုသူထံမှ ရုတ်တရက် ညည်းတွားသံ ထွက်ပေါ်လာသည်။သူသည် ယခုအချိန်၌ ကြေကွဲစွာဖြင့် ငိုချင်းချနေပြီး တေးသီချင်းမှာလည်း ဆို့နင့်ဖွယ်ရာဖြစ်သွားခဲ့သည်။
ချန်ရုံထိုသို့ကြည့်နေခိုက်တွင် အပြင်ဘက်မှ မိန်းမစိုးတစ်ဦးက စူးရှရှလေသံဖြင့် အော်ဟစ်လိုက်လေ၏။
" ထပ်ပြီးတော့ ဟွမ်အိမ်တော်က အရူးကောင်ပဲလား ... အင်ပါယာမြို့တော်မှာ ဒီလိုမလျော်မကန်တာတွေကို လာလုပ်နေနိုင်သေးတယ် ... ဘယ်လောက်အထိ အသက်ရှင်နိုင်မလဲ ကြည့်ကြသေးတာပေါ့ ... "
မိန်းမစိုး၏မလိုမုန်းထားဖြစ်နေသောလေသံကြောင့် ချန်ရုံတစ်ယောက် အံ့အားသင့်သွားသည်။ဤတေးစာပိုဒ်မှာ မှားယွင်းနေသည်မျိုးလည်း မဟုတ်ပါ။
ထိုအချိန်တွင်ဖုန်ခိုးဖုန်ငွေ့များနှင့်အတူ နန်းတော်တံခါးက ဖြည်းညင်းစွာပွင့်ဟလာခဲ့သည်။ယင်းနောက်တွင် အထဲမှ မြင်းစီးသူရဲတစ်ဦးက အရှိန်အဟုန်ဖြင့်ထွက်လာပြီး သူ၏စီးတော်မြင်းမှာလည်း ခုန်ဆွခုန်ဆွဖြစ်နေခဲ့လေ၏။
ကျန့်ခန်းကဲ့သို့ သာယာဝပြောသောတိုင်းပြည်မျိုးတွင် ငယ်ရွယ်သောမင်းမျိုးမင်းနွယ်များမှာ လမ်းခရီးသွားလာရေး၌ပင် အစေခံများ၏အကူအညီကိုယူတတ်ကြသည်။
မြင်းခွာသံအား မည်သည့်အချိန်၌ ကြားနိုင်ပါ့မည်နည်း။
လှည်းရထားတစ်ဒါဇင်ခန့်၏ကန့်လန့်ကာများမှာ တစ်ချိန်တည်း၌ပင် လစ်ဟလာပြီး လူအများအပြားက မြင်းစီးသူရဲအား လှမ်းကြည့်နေကြတော့သည်။
ယခုအချိန်တွင် ယင်းမြင်းစီးသူရဲက တေးဆိုသူထံသို့ ဦးတည်နေလေ၏။
ချန်ရုံမှာ အမှုမဲ့အမှတ်မဲ့သာ တစ်ချက်ကြည့်လိုက်ခြင်းဖြစ်သော်လည်း လွင့်ပျံနေသောဖုန်မှုန့်များကြားတွင် သူမ၏ မျက်လုံးများက ဝိုင်းစက်သွားတော့သည်။မြင်းစီးသူမှာ တေးသွားသီဆိုနေသူ၏အနားသို့တိုးကပ်သွားပြီး လေးမြားကိုထုတ်ကာ နောက်ကျောအားလှမ်းပစ်ရန် ချိန်တွယ်နေသောကြောင့်ဖြစ်သည်။
မသိစိတ်အရ အော်ဟစ်မိတော့မည်ဖြစ်ရာ ချန်ရုံမှာ သူမပါးစပ်ကိုယ်သူမ လက်ဖြင့်အုပ်ထားလိုက်လေ၏။
ထိုအချိန်မှာပင် မြင်းစီးသူက လေးကြိုးအား လွှတ်ပစ်လိုက်တော့သည်။
_ ဝှစ် _
လေးမြားပစ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် စူးရှသောဖြိုခွင်းသံက လေထုထဲသို့ တိုးဝင်လာသည်။ယင်းမြားတံက တေးဆိုသူ၏နောက်ကျောထဲသို့နစ်ဝင်သွားခဲ့ပြီး သွေးများဖြာခနဲပန်းထွက်လာ၏။
ထိုအခါတေးဆိုသူက ရူးသွပ်နေသူတစ်ဦးသဖွယ်အော်ဟစ်ကာ ခေါင်းအား ဖြည်းညင်းစွာလှည့်လာသည်။
လေတစ်ချက်အဝေ့တွင် သူ၏နှစ်ဆယ့်ငါးနှစ်အရွယ်ထက်မပိုသည့်နုပျိုချောမောသောမျက်နှာက ပေါ်လွင်လာခဲ့သည်။
တေးဆိုသူမှာ သိသိသာသာတောက်ပနေသောမျက်ဝန်းများဖြင့် မြင်းစီးသူရဲအား စိုက်ကြည့်နေသည်။သူကဖြည်းညင်းစွာ နောက်ပြန်ဆုတ်သွားပြီး ထို့နောက်တွင်မူလေးမြားတံအား ဆွဲထုတ်ပစ်လိုက်တော့၏။
ထိုအခါ ထိုးစိုက်ရာနေရာမှ သွေးများဖြန်းခနဲပန်းထွက်လာပြီး အနီးနားရှိ လှည်းရထားများထံမှကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မင်းမျိုးမင်းနွယ်တစ်ဦးက သူ၏လှည်းရထားထဲသို့ပြန်လည်တိုးဝင်ကာ လက်နှစ်ဖက်ဖြင့်ခေါင်းကိုဖွက်ထားလျက် " သွေး ... သွေးတွေအများကြီးပဲ ... သွေးကြောက်တယ် ... အီးဟီးဟီး " ဟု အော်ဟစ်ငိုကြွေးလေသည်။
ထိုအခါ အခြွေအရံမိန်းကလေးနှစ်ဦးက အနီးသို့တိုးကပ်လာကြပြီး တစ်ဦးက ထိုသူ၏ဦးခေါင်းအားခပ်ဖွဖွပုတ်နေပေးနေလျက် ကျန်တစ်ဦးမှာ စိတ်သက်သာရာရရန် ချော့မြူပေးနေရှာသည်။
တေးသီကြူးသူလူငယ်က မြားကိုဆွဲနုတ်ပြီးနောက် မြင်းစီးသူအား စိုက်ကြည့်နေရင်းဖြင့် သူ၏ပါးစပ်ထဲသို့ သွေးစွန်းမြားအား ဖြည်းညင်းစွာထည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ အထက်တန်းလွှာများ၏ငိုရှိုက်သံများနှင့် အော်ဟစ်သံများက ပိုကျယ်လောင်လာသည်။
ဆိုးရွားသည့်အနံ့အသက်ကြောင့် ချန်ရုံ လှည့်ကြည့်လိုက်သောအခါ သူမနှင့်အတူလိုက်ပါလာသောမိန်းမစိုးမှာ ကြောက်ရွံ့တုန်လှုပ်နေပြီး သူ၏အောက်ပိုင်းကလည်း စိုစွတ်နေကာ မြေပြင်ပေါ်တွင် ဗွက်အိုင်တစ်ခု ရှိနေ၏။
တေးသီကြူးသူလူငယ်က မြားထိပ်မှသွေးများအား မြည်းစမ်းပြီး မြားတံအား ပစ်ချလိုက်လေသည်။ယင်းနောက်တွင်သူက မြင်းစီးသူရဲနှင့် အင်ပါယာမြို့တော်ကို ကြည့်ရှုကာ ရုတ်တရက် ရယ်မောလာတော့သည်။
သူ၏နောက်ကျောမှသွေးများစိမ့်ထွက်နေပြီး ဝတ်ရုံတစ်စုံလုံးက အရောင်ပြောင်းလျက်ရှိလေ၏။ယခုအချိန်တွင် သူက သွေးရူးသွေးတန်းရယ်မောကာ မျက်ရည်များလည်း ဝေ့ဝိုက်နေသည်။
" ချောင်အားမန်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ ... သူသာ ကျုပ်တို့ရဲ့စိတ်အားထက်သန်မှုဗဟိုလွင်ပြင်ကို ယုတ်လျော့စေတဲ့ဝူရှူမဟာမိတ်အဖွဲ့နဲ့ စစ်ပွဲမနွှဲခဲ့ရင် ... သူ သီလမဲ့ပြီးအရည်အချင်းမရှိသလို သူ့မျိုးဆက်တွေကပါ တစ်ပုံစံတည်းလိုက်တူမနေခဲ့ရင်... ကျုပ်တို့ ဝေ့အင်ပါယာကို ဘယ်သူက အနိုင်ယူနိုင်မှာတဲ့လဲ ... ဒီလိုညစ်ညမ်းတဲ့ကမ္ဘာကြီးလည်း ဒီနေ့အထိရှိနေဦးမှာလား ... ဒီလိုအသုံးမကျတဲ့လူတွေလည်းရှိနေဦးမှာလား ... အရည်အချင်းမရှိတဲ့ စစ်မာမိသားစုက အင်ပါယာကိုခြယ်လှယ်နေနိုင်မှာတဲ့လား ... ဟားဟားဟားး "
တေးစာပိုဒ်မှာ သိမ်မွေ့ခဲ့သော်လည်း ယခုအချိန်တွင်သူ၏စကားလုံးတိုင်းက အုပ်ချုပ်ရေးအကြီးအကဲများအား တိုက်ရိုက်ပြောဆိုနေခြင်းပင်။
မြင်းစီးသူမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးနီရဲလာသည်။သူက ထိုတစ်ယောက်အား လေးဖြင့်ထပ်မံချိန်ရွယ်လိုက်လေ၏။
သို့သော်လည်း တစ်ဖက်လူငယ်၏ရယ်မောသံက ပိုပို၍သာကျယ်လောင်လာသည်။သူ၏ဆံပင်များက လေထဲတွင်လွင့်ဝဲနေပြီး ခန္ဓာကိုယ်မှာလည်း ပြိုလဲလုဆဲဆဲကျောက်စိမ်းတောင်ကြီးသကဲ့သို့ တုန်ယင်နေခဲ့သည်။
" ကျုပ်က ဟွမ်အိမ်တော်ကကျန်းဆုပဲ ... ခင်ဗျား ကျုပ်ရဲ့အသက်ကို နုတ်ယူဖို့ မထိုက်တန်ဘူး ... "
မာန်မာနများထုံလွှမ်းနေသောမထီမဲ့မြင်ရယ်မောသံများကြားတွင် လူငယ်၏ညာဘက်လက်က မိုးကြိုးအဟုန်ဖြင့်ရွေ့လျားသွားကာ မြားတံအား သူ၏ရင်ဘတ်၌ ကိုယ်တိုင်ထိုးစိုက်လိုက်တော့သည်။
အသားစိုင်အားထိုးဖောက်သံနှင့်အတူ သွေးများဖြာထွက်လာပြန်၏။တစ်ချိန်တည်းမှာပင် မြင်းစီးသူရဲထံမှ မြားတံကလည်း ထိုသူ၏ပုခုံးထဲသို့ စိုက်ဝင်သွားသည်။
လူငယ်မှာရယ်နေသေးသော်လည်း ထိုသို့ပြုလိုက်တိုင်းတွင် သူ၏အာခံတွင်းထဲမှ သွေးများလျှံကျလာသည်။
သူ၏ရယ်မောသံများရပ်တန့်မသွားမီ အချိန်မည်မျှကြာရှည်ခဲ့မှန်း ချန်ရုံမသိလိုက်ပါ။၎င်းလူငယ်၏ပိန်သွယ်မြင့်မားသောခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာလဲကျသွားပြီး ထပ်မံမလှုပ်ရှားတော့ပေ။
သူလဲကျသွားသောနေရာ၌ သွေးများအိုင်နေလေ၏။
ချန်ရုံက လှည်းယာဉ်တွင်း၌ မတ်တပ်ထရပ်ကာ ၎င်းနေရာသို့လှမ်းကြည့်ပြီးဦးညွှတ်လိုက်သည်။ယင်းနောက်တွင် သူမက မျက်ဝန်းအစုံကိုမှိတ်ပြီး လေးနက်စွာရေရွတ်လိုက်တော့၏။
" ရှင်က ဟန်သူရဲကောင်းတစ်ယောက်မှန်း ကျွန်မ သိပါတယ် ... "
အပြင်ဘက်တွင်မူ အော်သံ ၊ ညဉ်းညူသံ ၊ အမိန့်ပေးသံများဖြင့် ပြည့်နှက်နေသည်။
" သွားလေ ... မြန်မြန် "
" ဒီမှာဘာလုပ်နေမလို့လဲ ... လာလေ ... "
" အီးဟီးဟီး ... အမေရေ ... "
"တကယ်ကို ရွံစရာပဲ ... မြေပြင်က သွေးတွေနဲ့ ညစ်ပတ်သွားပြီ ... "
အော်ဟစ်သံများကြားတွင် လေးလံထိုင်းမှိုင်းသောလေသံတစ်သံအား ချန်ရုံကြားလိုက်ရသည်။
"လမ်းပေါ်မှာ အထက်တန်းလွှာတစ်ယောက်ကို တကယ်ကြီး သတ်ပစ်တာလား ... ဥပဒေကြောင်းအရခွင့်ပြုမထားဘူးလို့ထင်နေတာ ... ပိုပိုပြီး ရူးချင်စရာတွေဖြစ်လာတာပဲ ... "
မငြိမ်မသက်ဖြစ်မှုများကြားတွင် ချန်ရုံ၏လှည်းယာဥ်က တစ်ဖန်ပြန်လည်ရွေ့လျားလာခဲ့သည်။
မကြာမီမှာပင် နန်းတော်တံခါးအား ဖြတ်ကျော်၍ အထဲသို့ရောက်ရှိခဲ့လေ၏။
လှည်းယာဉ် အဝေးသို့ရွေ့လျားလာသည်နှင့်အမျှ ဆူညံသံများနှင့် သွေးထွက်သံယိုအခြေအနေများက အနောက်တွင် ကျန်ရစ်ခဲ့သည်။ကျယ်ဝန်းလှသည့်ကျောက်ပြားခင်းလမ်းအားဖြတ်ကျော်အပြီးတွင်မူ အရိပ်ရသောလမ်းသွယ်တစ်ခုထဲသို့ ဝင်ရောက်မောင်းနှင်လာခဲ့တော့၏။
ဤနေရာတွင် အစေခံများနှင့် မိန်းမစိုးများ ကူးလူသွားလာနေကြသည်။နန်းတွင်းရှိမောင်းမမိသံများမှာ နွေဦးရာသီအတွက်ပင် အလွန်ပါးလွှာလွန်းသည့် လှတပတရောင်စုံဝတ်စုံများအား ဝတ်ဆင်ထားကြသည်။သူမတို့၏ဇာပါးဝတ်ရုံလွှာများအား ဖောက်လျှိုး၍ အတွင်းဝတ်အရောင်များနှင့် ပုံသဏ္ဌာန်များကိုပင် ကွင်းကွင်းကွက်ကွက်မြင်နိုင်လေသည်။
ချန်ရုံမှာ ၎င်းတို့ထံမှ ပြင်းပြသောရေမွှေးရနံ့များအား အနံ့ခံကာ နွေဦးမြင်ကွင်းအား ကြည့်ရှုနေခဲ့၏။
လှည်းယာဉ်မှာ အရှေ့သို့ဆက်လက်ရွေ့လျားနေဆဲပင်။
စိမ်းလန်းစိုပြေသည့်မက်မွန်တောအားဖြတ်ကျော်နေဆဲအချိန်တွင် ညာဘက်တွင်ရှိသောအပန်းဖြေမဏ္ဍပ်အတွင်းမှ အသံတစ်သံထွက်လာခဲ့သည်။
" အဲဒီမိန်းကလေးက ဘယ်မိသားစုကလဲ "
၎င်းမေးခွန်းမှာ ချန်ရုံ့ကို ဦးတည်မေးနေကြောင်း သေချာပေသည်။ချန်ရုံ့အား ဦးစီးခေါ်ဆောင်လာသောမိန်းမစိုးဖြစ်သူမှာ ဘောင်းဘီများစိုရွှဲသွားသည်ဖြစ်၍ နန်းတော်ထဲရောက်သည်နှင့်တစ်ပြိုင်နက် သူက ချန်ရုံ့ကို အခြားမိန်းမစိုးငယ်တစ်ဦးထံသို့ လက်လွှဲပေးပြီး ထွက်ခွာသွားခဲ့သည်။
မိန်းမစိုးငယ်မှာ ၎င်းစူးရှသောအသံကြောင့် ချက်ချင်းပင် တုန်လှုပ်သွားခဲ့ပြီး ဦးညွှတ်လျက်ပြန်လည်ဖြေကြားရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း မိန်းမစိုးငယ် မည်သည်ကိုမှ မပြောကြားရသေးမီမှာပင် တစ်ဖက်လူက " လှည်းကို ဒီမောင်းခဲ့ ... " ဟု ခပ်ပြတ်ပြတ်ပြောကြားလာခဲ့၏။
ထိုအခါ လှည်းယာဉ်မောင်းသူမှာလည်း နှုတ်ဆိတ်စွာဖြင့် ၎င်းမဏ္ဍပ်ဆီသို့ ဦးတည်မောင်းနှင်သွားလေသည်။
မဏ္ဍပ်အနီး၌ မိန်းမစိုးခြောက်ယောက်ခန့်နှင့် အခြွေအရံများရှိပြီး အလယ်၌ အသက်သုံးဆယ်ကျော် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ဦးရှိပေ၏။လက်ရှိတွင် ထိုတစ်ယောက်က နံဘေးမှမိန်းမစိုးများ၏လက်မောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ၏မျက်နှာမှာလည်း ချွေးသံတရဲရဲဖြစ်နေသည်။သူ၏ခြေထောက်များကြားနှင့် ကျယ်ပြောလှသော၀တ်ရုံအောက်တွင် တစ်စုံတစ်ခုက လှုပ်ရှားနေသည်။
ချန်ရုံမှာ ထိုဝတ်ရုံအောက်၌ အမျိုးသမီးတစ်ဦး၏ရုပ်သွင်အား မြင်လိုက်ရလေ၏။ယခုအချိန်၌ သူမ၏ဦးခေါင်းက တဆတ်ဆတ်တုန်ခါနေပြီး မြင့်ချည်နိမ့်ချည်ဖြစ်နေသည်။
ချန်ရုံ၏မျက်နှာမှာ ချက်ချင်းပင်နီရဲသွားပြီး သူမက နှုတ်ခမ်းကိုဖိလျက် အကြည့်အမြန်လွှဲလိုက်သည်။
ထိုအချိန်တွင် ယင်းလူက ခြေထောက်များကိုဆန့်ထုတ်လိုက်ပြီး အောက်မှမိန်းကလေးအား ခဏတာဆွဲထုတ်လိုက်၏။ထို့နောက်တွင် သူက တင်ပါးများအားရွှေ့ကာ အနေအထားပြောင်းထိုင်ပြီး အောက်ဘက်မှမိန်းကလေးအား ကနဦးကအတိုင်းပင် ပြန်လည်ပြုမူစေသည်။
ချန်ရုံမှာ နှုတ်ခမ်းများအား တင်းတင်းစေ့ထားမိသည်။ယခုလေးတင် ကွပ်မျက်ခံခဲ့ရသောလူငယ်၏တေးသွားစာပိုဒ်က သူမ၏နားထဲသို့တိုးဝင်လာခဲ့ပြီး ချန်ရုံ့ခမျာ ထိုကဲ့သို့ပင် အော်ဟစ်သီဆိုပစ်ချင်လာသည်။ဤသည်မှာ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုမှ ထွက်ပေါ်လာသောတွန်းအားတစ်ခုပင်။
မိန်းမစိုးငယ် ပြန်လည်ဖြေကြားနိုင်ရန်ရုန်းကန်နေရစဉ်တွင်ပင် ထိုလူက မောပန်းနေသည့်ပုံစံဖြင့် လက်ယမ်းပြသည်။
" ဝမ်ဟုန့်ရဲ့အလှပဂေးလေးလား ... တော် ... တော် ... အခုမတွေ့ချင်သေးဘူး ... "
ထိုအခါ ချန်ရုံ၏လှည်းရထားမှာလည်း ပြန်လည်ကွေ့ပတ်ကာ ဧကရာဇ်မင်းမြတ်ရှိရာဆီသို့သာ ဆက်လက်ဦးတည်သွားခဲ့သည်။