【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၂၁】
Chapter 21
ရေနွေးစိမ်နေသော လူနှစ်ယောက်က ပြင်းပြင်းထန်ထန် နမ်းနေကြသည်။
ရေချိုးခန်းသည် တိတ်ဆိတ်နေပြီး နှလုံးခုန်သံများကိုပင် ကြားနိုင်လောက်အောင် ကြည်လင်လာကာ လွင့်မျောနေသော ရေခိုးရေငွေ့များဖြင့် ဖုံးအုပ်ထားသည်။
သို့သော် အလွန်ချိုမြိန်သည့်အခိုက်အတန့်တွင် ရေချိုးကန်သည် ရုတ်တရက် ပျော့ပျောင်းသောအသံထွက်လာပြီး ဖယောင်းကဲ့သို့ အရည်ပျော်သွားသည်..။
ရေနွေးများ ကြမ်းပြင်တစ်ခုလုံး စင်သွားပြီး စိုရွှဲနေသော ကြွက်ကြီးသည် ထိတ်လန့်သွား၏။ ၎င်း၏ရှေ့သွားများဖြင့် ရေချိုးကန်ကိုပိတ်ထားသော ပလတ်စတစ် တစ်ခုကိုကိုက်ကာ နံရံတစ်လျှောက် အော်ဟစ်ရင်း ထွက်ပြေးသွားသည်။
လင်ဖု၏မျက်နှာက ပြာနှမ်းသွားသည်။
"အိုး။ အဲဒီမကောင်းတဲ့ကောင်က ထပ်ရောက်လာပြန်ပြီ။" စူးချုံသည် ပေါက်နေသောရေချိုးကန်မှ အမြန်ထွက်ပြီး ဖိနပ်တစ်ရံကို ကျွမ်းကျင်စွာ ကောက်ယူလိုက်သော်လည်း ကြွက်ကြီးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ စူးချုံသည် ဒေါသတကြီး ဖိနပ်ကို ချလိုက်ပြီး မကျေမနပ်ဖြစ်စွာ ပြောသည်။ "ဒီကောင်က ပရိဘောဂတွေကို ကိုက်စားရတာကြိုက်တယ်။ ငါ့သုံးချောင်းထောက်ထိုင်ခုံကိုလည်း သူပဲကိုက်သွားတာ။"
လင်ဖုသည် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းပြီး ပြောလိုက်သည်။ "မကြောက်ပါနဲ့။ မနက်ဖြန် ကိုယ် ရှောင်ကျန်းကို ကျွမ်းကျင်တဲ့ ကြွက်နှိမ်နင်းရေးသမားတွေ ရှာခိုင်းပြီး တခြားပိုးမွှားတွေကိုပါ တစ်ခါတည်း ရှင်းခိုင်းလိုက်မယ်။"
စူးချုံက ကျေနပ်စွာ ပြုံးလိုက်သည်။ "ကောင်းပြီ… မင်း အခုလေးတင် မကြောက်ဘူးမလား။"
လင်ဖုသည် ရယ်မောပြီး သူ့ဆံပင်တွေကို မိမိုက်စွာ ပွတ်သပ်ရင်း "ဘယ်လိုလုပ်ကြောက်ရမှာလဲ။"
"ကောင်းပြီ။" စူးချုံသည် ရေချိုးကန်၏ အကြွင်းအကျန်ပေါ်မှာ ထိုင်နေဆဲဖြစ်သော လင်ဖုကို ကူညီရန် လက်လှမ်းပြီး ပတ်ပတ်လည်ကို သတိရှိစွာ ကြည့်လိုက်သည်။ "ထတော့၊ ရေချိုးရအောင်။"
သူတို့ခန္ဓာကိုယ်ပေါ်က ဆပ်ပြာများကို ဆေးကြောပြီးနောက် နှစ်ယောက်သား အခြောက်ခံပြီး စုံတွဲညအိတ်ဝတ်စုံကို ဝတ်လိုက်သည်။
လင်ဖုသည် သူ့ခြေထောက်ပေါ်က တဘတ်အခြောက်နှင့်အတူ ကုတင်အစွန်းမှာထိုင်နေသည်။ စူးချုံသည် သူ့ခြေထောက်ပေါ်တွင် ခေါင်းအုန်းရင်း နာခံစွာ လဲလျောင်းနေပြီး သူ့ဆံပင်ကို ဆံပင်မှုတ်ပေးရန် တောင်းဆိုလိုက်သည်။ သူ့မျက်နှာက နီရဲနေပြီး ရေပူကြောင့် နီမြန်းနေသလားမသိချေ။
"ဒီလိုမျိုးလုပ်ကြည့်ချင်နေတာကကြာပြီ။" လင်ဖုသည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏သွယ်လျသောလက်ချောင်းများက စူးချုံ၏စိုစွတ်နေသောဆံပင်ကို ညင်သာစွာ ပွတ်သပ်ရင်း သူ၏တခြားလက်တစ်ဖက်က ဆံပင်မှုတ်စက်ကို ကိုင်ထားကာ သူ့မျက်လုံးများက နူးညံ့နေသည်။
ထိုအချိန်တွင် ကုတင်အောက်မှ ဆူညံသံများထွက်ပေါ်လာသည်။
အလွန်အတွေ့အကြုံရင့်ကျက်သော စူးချုံသည် နားစွန့်ကာ လင်ဖုကို ချက်ချင်း တွန်းထုတ်ပြီး ကုတင်အောက်သို့ ကြည့်လိုက်သည်...
ကြွက်ကြီးတစ်ကောင်သည် ပါးစပ်ထဲတွင် ချိုချဉ်ကိုကိုက်ကာ S ပုံသဏ္ဌာန်လမ်းကြောင်းအတိုင်း လျှပ်စီးလျှက်သလို ကုတင်အောက်မှ ပြေးထွက်လာခဲ့သည်။
"ငါ့ချိုချဉ်ကိုမထိနဲ့။" ဆင်းရဲခြင်းနတ်ဘုရားလေးသည် အလွန်ဒေါသထွက်ကာ ကြမ်းပြင်ပေါ်က ဖိနပ်ကိုကောက်ယူပြီး ကြွက်ဆီသို့ ပစ်ပေါက်လိုက်သည်။ ဖိနပ်ထိမှန်သွားသော ကြွက်သည် ယိမ်းယိုင်သွားပြီး ၎င်း၏အသက်အတွက် ထွက်ပြေးရင်း တစ်ခဏချင်း ပျောက်ကွယ်သွားသည်။
"အဲဒါက နောက်တစ်ကောင်ပဲ၊ ဒီအကောင်က အထူးသဖြင့် ငါ့အစာတွေကို ခိုးစားတဲ့ကောင်ပဲ…" စူးချုံက ဝမ်းနည်းစွာ ရှင်းပြသည်။ "ဒီကောင်က ကြက်သွန်ဖြူတောင် ခိုးစားတယ်။"
နတ်ဘုရားလေးသည် ကြွက်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို အချိန်အတော်ကြာအောင် ခံခဲ့ရသည်။ ကြွက်များကို သုံးစက္ကန့်အတွင်း ခွဲခြားသိနိုင်ရုံသာမကဘဲ မတူညီသော ကြွက်များ၏ စားသောက်မှုအကြိုက်ပုံစံကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ပါသည်။
စူးချုံ စကားပြောနေရင်း လှည့်လိုက်ပြီး တစ်ချိန်ချိန်တွင် လင်ဖုသည် ကုတင်ပေါ်တွင် မတ်တတ်ရပ်နေကာ လက်တစ်ဖက်တွင် ဆံပင်မှုတ်စက်ကိုကိုင်ပြီး တခြားတစ်ဖက်တွင် တဘက်ကိုကိုင်ထားသည်။ သူက သူ့ကို နူးညံ့စွာ နှစ်သိမ့်ပေးသည်။ "မကြောက်ပါနဲ့ ကလေး၊ အဲဒါက ကြွက်ကလေးပါ။"
"ငါမကြောက်ပါဘူး။ မင်းဘာလို့ ကုတင်ပေါ်မှာ မတ်တတ်ရပ်နေတာလဲ… အိုး တောင်းပန်ပါတယ်၊ ငါ ကြွက်ကိုရိုက်ဖို့ မင်းဖိနပ်ကို သုံးလိုက်မိတယ်။ အဲဒါကြောင့် မင်းက ကုတင်ပေါ် မတ်တတ်ရပ်နေတာကို…" စူးချုံသည် ကြွက်ကိုရိုက်ရန် အသုံးပြုလိုက်သော ဖိနပ်ကိုကောက်ယူပြီး ပြောလိုက်သည်။ "ငါမင်းအတွက် ပြန်ဆေးပေးမယ်။"
အချစ်ကြောင့် IQ သိသိသာသာကျဆင်းသွားသော စူးချုံသည် ဘရွတ်လေးကိုယူကာ ပိုးသတ်ဆေးနှင့် ဆေးမှုန့်ကို အသုံးပြုကာ လင်ဖု၏ဖိနပ်ကို တိုက်နေစဉ် သီချင်းညည်းနေပြီး လင်ဖုသည် ကြွက်မပေါ်လာခင်ကတည်းက ဖိနပ်စီးထားတယ်ဆိုတာ သတိမပြုမိချေ…
တံခါးနောက်ကွယ်ရှိ အိပ်ခန်းထဲတွင် လင်ဖုသည် ကုတင်ပေါ်တွင် မတ်တတ်ရပ်နေပြီး ရှင်ဘုရင်ကဲ့သို့ သူ့ဖုန်းထဲကို အော်လိုက်သည်။ "အခုနောက်ကျနေပြီဆိုတာ ငါသိတယ်။ သူတို့ကို ပိုက်ဆံနှစ်ဆပေးလိုက်။ အခု သူတို့ကို လာခိုင်းလိုက်။"
ဖုန်းတစ်ဖက်တွင် ရှောင်ကျန်းသည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ကြွက်နှိမ်နင်းရေးကျွမ်းကျင်သူ၏ ဖုန်းနံပါတ်ကို စတင်ရှာဖွေတော့သည်။
အိုး… ပန်းဖြူလေးက ကြွက်ကြောင့် အရမ်းကြောက်ပြီး ငါတို့ဥက္ကဋ္ဌလင်ရဲ့ ရင်ခွင်ထဲကို ပစ်ဝင်ပြီး အော်ဟစ်ငိုယိုနေတာဖြစ်မယ်။
"ဟယ်လို၊ ဒါက xx ပိုးမွှားထိန်းချုပ်ရေးကုမ္ပဏီကလား…" ရှောင်ကျန်းက ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
အိုး… ဒီည မင်းတို့တွေ ဒီအိမ်က ကြွက်အားလုံးကို မရှင်းနိုင်ရင် ငါတို့ဥက္ကဋ္ဌလင်က မင်းတို့အားလုံးကိုသူနဲ့သင်္ဂြိုလ်လိမ့်မယ်။
TK Team Chapter 21