Chapter (9)
အိမ်ပြန်ပြီ
ယွိစစ်ကျဲ စကားမပြောဘဲ ဖန်းချူကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး နက်မှောင်သောမျက်လုံးများက ခံစားချက် မပြတတ်သလိုပင်။
ဖန်းချူမှာ သူ့အကြည့်အောက်တွင် ကျောရိုးအောက်သို့ အေးစက်သွားသလို ခံစားလိုက်ရပြီး ဤအကြောင်းပြချက်က သင့်မသင့် သူ့ကိုယ်သူ ထပ်ခါတလဲလဲ မေးခွန်းထုတ်နေမိသည်။ နောက်ဆုံးတော့ သူ ပျင်းနေပြီး သူ့ရည်းစားဟောင်းကို ဖုန်းထဲကနေ ရှင်းထုတ်လိုက်ခဲ့တာသာ။
အမှောင်ထုကြောင့် ဖန်းချူ၏ အနည်းငယ်နီမြန်းနေသော မျက်နှာကို မမြင်ရပေ။ သူသည်လည်း ဤလေထုအတွက် ဘုရားသခင်ကို မယုံနိုင်လောက်အောင်ပင် ကျေးဇူးတင်နေမိသည်။
ထိုအချိန်တွင် ယွိစစ်ကျဲရဲ့ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခုကို သူ တွေ့လိုက်ရသည်။
ဖန်းချူ : ငါသေပြီ။
သူ စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။ သူ့အလိမ်အညာက တုံးလွန်းခဲ့လေသလား။ သူ့ပေါင်းကို ဖက်ထားချင်တဲ့ လိုလားတောင့်တဖို့ ကြိုးစားမှုက ဗြောင်ဆန်လွန်းခဲ့လေသလား။ ဒါက အရည်အချင်းကို မျက်စိကန်းသလို ကြည့်မိခြင်းရဲ့ အကျိုးဆက်ပါပဲ။ မဟုတ်ရင် သူ့သူငယ်ချင်းစာရင်းမှာ အစွမ်းထက်တဲ့ သူငယ်ချင်းတစ်ယောက်က ရှိနေခဲ့ဦးမှာ။ အဆောင်လက်ဖွဲ့ တစ်ခုအနေနဲ့တောင် တော်တော်အသုံးဝင်မယ့် အရာတစ်ခုပင်။
ဖန်းချူ ခေါင်းငုံ့သွားပြီး :"အမ် ငါအရင်သွားလိုက်ဦးမယ်..."
ယွိစစ်ကျဲ : “ခဏနေဦး”
ဖန်းချူ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်ရာ ယွိစစ်ကျဲသည် ရှည်လျားကြော့ရှင်းသော လက်များဖြင့် ဘောင်းဘီရှည်ထဲမှ အနက်ရောင်ဖုန်းကို ဆွဲထုတ်ကာ QR ကုဒ်ကို အသာအယာနှိပ်လိုက်သည်။ ဖုန်းကို လက်မနှင့် လက်ညှိုးကြားတွင် ကိုင်ကာ ဖန်းချူအား သနားညှာတာစွာ လွှဲပေးလိုက်သည်ကို တွေ့လိုက်ရပေသည်။
ထိုတိတ်ဆိတ်ပြီး ခံ့ညားသော အမူအရာက QR ကုဒ်ဖွင့်ခြင်းနှင့် တော်ဝင်လက်ဆောင် တစ်ခုအလား။
ဖန်းချူ ခဏတာ အံ့အားသင့်သွားပြီး စိတ်ခံစားမှုများ လွှမ်းသွားသည်။ ပထမဆုံးအကြိမ်အဖြစ် QR ကုဒ်က ရွှေရောင်တောက်ပနေသည်ဟုပင် ခံစားခဲ့ရသည်။ သူသည် ယွိစစ်ကျဲဖုန်းကို လက်နှစ်ဘက်ဖြင့် တလေးတစားကိုင်ကာ သူ့ကိုယ်ပိုင်ဖုန်း (အချက်ပြမှုရရှိထားသည့်) ကို အမြန်ထုတ်ကာ ကုဒ်ကို စကင်န်ဖတ်လိုက်သည်။ ပြီးတာနဲ့ သူငယ်ချင်း တောင်းဆိုချက်ကို ပေးပို့လိုက်၏။
ယွိစစ်ကျဲက အနည်းငယ် ခေါင်းညိတ်ကာ သူထွက်သွားနိုင်ကြောင်း ညွှန်ပြလာတဲ့အခါ ဖန်းချူ ဝမ်းသာအားရ ထွက်ခွာသွားခဲ့သည်။ ယွိစစ်ကျဲက သူ့အကြောင်းပြချက်ကို ယုံသွားပုံပဲ။
ယွိစစ်ကျဲသည် ထိုနေရာတွင် ရပ်လျက် တစ်ဖက်လူ၏ ပျောက်ကွယ်သွားသော အသွင်ကို ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် တစ်ယောက်တည်း ရယ်မောလိုက်၏။ သူ့လက်ချောင်းများက ဖုန်းကို ညင်သာစွာပွတ်ရင်း သူငယ်ချင်းတောင်းဆိုမှုကို ကြည့်လိုက်ရာ ပရိုဖိုင်ပုံသည် လှပသော စစ်ထုတ်မှု ထည့်သွင်းထားသည့် လူငယ်တစ်ဦး၏ ဆယ်လ်ဖီပုံဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်ကနှင့် မတူတော့ဘဲ သူကောင်းကောင်း အလုပ်လုပ်နေပုံပဲ။
တစ်ခုတည်းသော ခြားနားချက်မှာ အရေးမပါသော ဖန်းချူ မရှိတော့ခြင်းပင် ဖြစ်သည်။
ယွိစစ်ကျဲ တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူ့အမူအရာက ပုံမှန်အတိုင်း ဂရုမစိုက်သလို ပြန်ဖြစ်သွားသည်။ အဆက်အသွယ်များကို ဖွင့်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။
"ကျန့်ကျစ်ရွေ့ရဲ့ အပျော်စီးသင်္ဘော.... လာပြီး အရှုပ်အထွေးတွေကို ရှင်းပစ်တော့..."
……………………
ဖန်းချူ ဧည့်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ ဆဲလ်ဖုန်းအချက်ပြမှုများ ပြန်လည်ရရှိပြီးကတည်းက လူတိုင်းသည် စိုးရိမ်တကြီး ဖုန်းခေါ်ဆိုမှုများဖြင့် ပွတ်လောရိုက်နေ၏။ အချို့သည် ရဲထံ၊ အချို့က မိသားစုနှင့် သူငယ်ချင်းများထံ ဖုန်းဆက်နေကြသည်။ သို့သော် ဆူညံသံများက ကြောက်ရွံ့မှု၏ အငွေ့အသက်ကို ဖယ်ထုတ်လိုက်နိုင်တာတော့ အမှန်ပင်။
လူသားတွေဟာ အမြဲတမ်း လိုက်လျောညီထွေ ရှိတတ်ကြတာချည်းသာ။ အကျပ်အတည်းကို ရှောင်လွှဲခြင်းဖြင့် လူများ အချင်းချင်း အတင်းအဖျင်း ပြောလာကြသည်။ နောက်ဆုံးတော့ ဒီနေ့ ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားတယ် မဟုတ်ပါလား။
ဤသည်မှာ စကားဝိုင်းအတွက် ကျိန်းသေ မိန်းပွိုင့် ဖြစ်လာလိမ့်မည်။
ဖန်းချူ သူ့ဘာသာသူ 'ငါသိသလောက် မင်းတို့အားလုံး မသိကြပါဘူး... ငါကကိုယ်တိုင် ရှေ့တန်းမှာ ရှိနေခဲ့တာ!' တွေးရင်း မာန်မာနတစ်ခုက သူ့ရင်ထဲမှာ တိုးဝင်လာသည်။ သို့သော် သူသည် သစ္စာရှိသော သူငယ်ချင်းသာ ဖြစ်ခဲ့သည်။ သူသည် သူ့သူငယ်ချင်းနှင့် ပြန်လည်ဆက်သွယ်ခဲ့ပေမယ့် ယွိစစ်ကျဲရဲ့ ဇာတ်လမ်းကို ဖြန့်ဝေမှာတော့ မဟုတ်ပေ။
ယွိစစ်ကျဲက အရမ်းနှိမ့်ချတတ်လွန်းသည်။
ဆက်သွယ်ရေး ပြန်လည် ကောင်းမွန်လာပြီးနောက် မကြာမီတွင် စပိဘုတ်တစ်စင်း ချဉ်းကပ်လာသည်။ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာနှင့် ပြည်သူများအား အမြန်ထိန်းချုပ်နိုင်ခဲ့ပြီး အားလုံးကို တည်ငြိမ်အေးချမ်းစေခဲ့သည်။ ခေါင်းဆောင်က ထက်မြက်သော လူငယ်အရာရှိတစ်ဦး ဖြစ်ပြီး ထင်ရှားသောအသွင်အပြင်နှင့် အရပ်ရှည်ရှည် ဖြောင့်စင်းသော ကိုယ်ဟန်အနေအထား ရှိသော်လည်း သူသည် မယုံနိုင်လောက်အောင် ကြင်နာတတ်ကာ ချဉ်းကပ်ရလွယ်ကူကာ လူတိုင်း၏ အချက်အလက်များကို စေ့စေ့ငုငု မှတ်တမ်းတင်နေခဲ့သည်။
မကြာမီ အပျော်စီးသင်္ဘောသည် ကမ်းဘက်သို့ ဖြည်းညှင်းစွာ ဆိုက်ကပ်လာပြီး လူများကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။ ဖန်းချူလည်း လူစီးဆင်းမှုနောက်ကို လိုက်သွားခဲ့ပြီး သူ့ခြေထောက်တွေ မြေပြင်ကိုထိလိုက်တာနဲ့ ရုတ်တရက် လက်တွေ့ဘ၀ကို ပြန်ရောက်သွားသလို ခံစားလိုက်ရလေ၏။ ဒီညက တော်တော် စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပေသည်။
ဒါပေမယ့် အခု သူဘယ်လိုအိမ်ပြန်ရမလဲ။
ညဉ့်နက်သန်းခေါင်ဖြစ်၍ တက္ကစီစီးရန် အဆင်မပြေပေ။ အခြားယာဉ်မောင်းများကို မသိသောကြောင့် ကုန်းတက်ခရီးသည်အတွက် အန္တရာယ်ရှိပေသည်။ သူစိတ်ပူနေချိန်မှာပဲ အနက်ရောင် ဇိမ်ခံဆီဒင်ကားက သူ့ဘေးနားကို ဖြည်းညှင်းစွာ ဆွဲတက်လာ၏။
မှန်ပြတင်းပေါက် ကျလာစဥ် လော်ကျင့်ယိရဲ့ ဖော်ရွေတဲ့ ခေါင်းလေး ထွက်လာသည်။ သူက ပြုံးပြီး။
"ရှောင်ဖန်း... မင်းဘယ်မှာနေတာလဲ ငါလိုက်ပို့ပေးရမလား?"
အလို! သူဌေးက အရမ်းသဘောကောင်းတာပဲ!
ဖန်းချူမှာ အိမ်ပြန်ရန် အလျင်လိုနေပြီး ငြင်းရန်မစဉ်းစားခဲ့ပေ။ သူသည် အခြားတံခါးကို ဖွင့်ကာ ဝင်ထိုင်ချလိုက်သည်။ အထဲသို့ဝင်ပြီးမှသာ သူ့အပြုအမူက မသင့်လျော်နိုင်ကြောင်း နားလည်သွားခဲ့သည်။ နောက်တစ်ခုက သူ့ရှေ့ကလူက သူဌေးကြီးလေ။ သူက အနည်းငယ် ရှက်ရွံ့စွာ ပြုံးလိုက်ရင်း။
"အမ်... ဒါက ခင်ဗျားအတွက် အရမ်းဒုက္ခပေးသလို ဖြစ်နေမလား မသိဘူး"
ဝင်ပြီးမှပဲ ပြောလိုက်ရတာကြောင့် ဖန်းချူတောင် ကြောင်တောင်တောင် ဖြစ်သွားသလို ခံစားရလေသည်။ သို့သော် လော်ကျင့်ယိက ဗုဒ္ဓကဲ့သို့ ပြုံးပြကာ ဘာမျှမကျေနပ်တာ မရှိဘဲ ခေါင်းခါလျက်။
"ဘာမှ ပြဿနာမရှိပါဘူး... လမ်းကြုံတာပဲဟာ!"
ဒါပေမယ့် ငါဘယ်မှာနေလဲလို့တောင် မမေးရသေးဘူး၊ လမ်းကြုံတယ်လို့ ပြောတာ တကယ်အဆင်ပြေရဲ့လား...
ဖန်းချး ခဏလောက် စဉ်းစားပြီးနောက် သူ့အထက်လူကြီးကို သဘောကျစွာ ကြည့်လိုက်သည်။ ထောက်ထားစာနာပြီး ဉာဏ်ကောင်းလိုက်တာ။ ဒီလို သူဌေးကြီးတောင်မှ လူတွေကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းကောင်းတယ်။ သူ့ဆီက တကယ် သင်ယူသင့်တယ်။
ယနေ့တော့ ဥက္ကဌလော်ဆီက လူများကို သီလဖြင့် အနိုင်ယူနိုင်စွမ်းကို သူတွေ့မြင်ခဲ့ရသည်။ ဖန်းချူ သူ့ကို ရိုးသားစွာ ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ်!"
လော်ကျင့်ယိက သူ့ဗိုက်ကို ပွတ်သပ်ပြီး ရယ်မောရင်း :"ပြောစရာမလိုပါဘူး ဘာမှမဖြစ်ဘူး ဒါနဲ့ မင်းနဲ့ လူကြီးမင်းယွိက ဘယ်တုန်းက တွေ့ခဲ့တာလဲ"
"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က"
လော်ကျင့်ယိ၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာပြီး သူက ထပ်ပြုံးပြပြန်သည်။
"အိုး? အိုး အိုး... ဒါဆို မင်းတို့တကယ်ပဲ သူငယ်ချင်းဟောင်းတွေကိုး..."
ဖန်းချူ အရှက်မဲ့စွာ ရယ်မောလိုက်ပြီး: "ပြောလို့ရပါတယ်"
တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ နှစ်နှစ်လောက် ရှိပေမယ့် အရင်က အရမ်းရင်းနှီးလာတဲ့အတွက် သူ မရှက်ပါဘူး။
ဖန်းချူ လော်ကျင့်ယိ၏အကြည့်များကို ပို၍ရင်းနှီးလာခဲ့သည်။ မြေခွေးအိုတစ်ယောက်အနေနဲ့ လူတွေကို ဘယ်လိုဖတ်ရမယ်ဆိုတာ သိသလို သူ၏ ထိုးထွင်းသိမြင်မှုကလည်း ထက်မြက်သည်။ ဖန်းချူအပေါ် ယွိစစ်ကျဲ၏ ကာကွယ်မှုသည် ခင်မင်ရင်းနှီးမှုထက် ကျော်လွန်ကြောင်း သူသဘောပေါက်နေသည်။ ဒါဟာ ပြင်းထန်ပြီး မယိမ်းယိုင်တဲ့ အကာအကွယ်တစ်ခုပဲ။
ဤကမ္ဘာကြီးတွင် ယွိစစ်ကျဲနှင့် ကောင်းမွန်သော ဆက်ဆံရေးကို မွေးမြူခြင်းက မှန်ကန်သော အရာဖြစ်သည်။ ယွိစစ်ကျဲကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ တွေးရင်း အစပိုင်းမှာတော့ သူ တွန့်ဆုတ်နေခဲ့၏။ သာမာန်လူများအတွက်မူ သူသည် မယုံနိုင်လောက်အောင် ချမ်းသာပြီး အောင်မြင်နေပုံရသော်လည်း ယွိစစ်ကျဲအတွက်မူ သူက ဘာမှမဟုတ်ပေ။ သူ့ကာကွယ်အောက်က ဒီလောက်ကောင်းတဲ့ ရတနာတစ်ခု ရှိဖို့လည်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့။
လော်ကျင့်ယိ ဖန်းချူကို စူးစူးစိုက်စိုက်ကြည့်ရင်း ကြင်နာတတ်လာပြီး။
"မင်းဘယ်အေးဂျင့်အတွက် အလုပ်လုပ်နေတာလဲ ဖန်းချူ"
ဖန်းချူ အလွန်ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူ့ကို ဂရုစိုက်လာပြီလား။ ယွိစစ်ကျဲရဲ့ နာမည်က တကယ်ကို အသုံးဝင်သားပဲ။
“ကျွန်တော်က အစ်ကိုချိုင်ရှင်း လက်အောက်ကပါ”
သူ အမြန်ပြန်ပြောလိုက်သည်။
လော်ကျင့်ယိ ခဏလောက် စဉ်းစားလိုက်သည်။ ချိုင်ရှင်းသည် ကုမ္ပဏီတွင် အချိန်အတော်ကြာ တာဝန်ယူပြီး စေတနာထား ဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း သူ့လက်အောက်တွင် နာမည်ကြီးကြီးသူတစ်ဦးမျှ မရှိခဲ့ဘဲ သူ၏စွမ်းဆောင်ရည်မှာ သာမန်မျှသာဖြစ်သည်။ ဒီကောင်က တကယ်ကံကောင်းတာပဲ။
ဖန်းချူ ငတုံးလေးလို ရယ်မောလိုက်ပြီး သူ့ကံကြမ္မာက ပြောင်းလဲတော့မည်ဟု ခံစားလိုက်ရသည်။
နှစ်ယောက်သား ချစ်ခင်သော အပြုံးများ ဖလှယ်ကြပြီး နှစ်ယောက်စလုံး၏ သဘောထားကို အပြည့်အဝ ကျေနပ်လာကြသည်။ ကားတစ်စီးလုံးလည်း ပျော်ရွှင်မှု၊ ကျေနပ်မှုတို့ဖြင့် ပြည့်သွားသည်။
ရှေ့က ကားဒရိုင်ဘာပင် တုန်လှုပ်သွား၏။
သူသည် လော်ကျင့်ယိနှင့် သင်္ဘောပေါ်တွင် တစ်နေကုန် လိုက်ပါမလာသောကြောင့် ဘာဖြစ်သွားသည်ကို မသိပေ။ ဒါပေမယ့် လော်ကျင့်ယိဆီမှာ နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ရာ သူ့သားကိုတောင် နာမည်မကြီးသူ တစ်ယောက်အပေါ် ဆက်ဆံသလို ဒီလောက်ကြင်နာတာ တစ်ခါမှမတွေ့ဖူးခဲ့။
သူ့သူဌေးက အဖြောင့်ကြီးမှန်း သေချာ မသိခဲ့ဘူးဆိုရင်တော့ အချစ်စစ်ကို တွေ့သွားပြီလို့ ထင်မိမှာပင်။ လော်ကျင့်ယိကတော့ ဒရိုင်ဘာ၏ အမူအရာကို ဘာမှမမြင်ဟန်ဆောင်ကာ လေးနက်ပြီး တိတ်ဆိတ်နေခဲ့သည်။ ဒီလျှို့ဝှက်ချက်ကို သူကိုယ်တိုင် သိမ်းထားချင်ခဲ့တာ။
ဖန်းချူအိမ်ကို ရောက်ချိန်မှာတော့ သူတို့ မြို့ကို တစ်ပတ် လှည့်ပတ်လုနီးပါး ဖြစ်သွားပြီ။ သူတို့သည် မရေမတွက်နိုင်သော လမ်းလွှဲများကို ဖြတ်ခဲ့ကြသော်လည်း သူ့သူဌေးက လမ်းလွှဲခြင်းကို မကျေမနပ်ဖြစ်ပြီး စိတ်မရှည်တော့ပေ။ ဤသည်မှာ ဤလူငယ်သည် သာမန်လူမဟုတ်သောကြောင့် ကားမောင်းသူအား အပြစ်မဆိုခဲ့။
ဖန်းချူ ကားပေါ်မှ ဆင်းကာ သူဌေးအား ကျေးဇူးတင်စွာဖြင့် လက်ပြနှုတ်ဆက်၍ ပျော်ရွှင်စွာ အိမ်ပြန်ခဲ့သည်။
အိမ်ပြန်ရောက်တာနဲ့ ဖုန်းကို အမြန်ဖွင့်လိုက်သည်။
အပျော်စီးသင်္ဘောပေါ်မှာ ယွိစစ်ကျဲကြောင့် မဟုတ်ဘဲ လော်ကျင့်ယိကြောင့် သူ့ဖုန်းကိုသုံးရတာ အရမ်းရှက်နေခဲ့တာ။ သူတကယ် မနေနိုင်တော့သဖြင့် ချက်ချင်း group chat ကိုဖွင့်ပြီး ဒေါသတကြီးနဲ့ စာရိုက်ပါတော့၏။ မျှဝေချင်လွန်းလို့ အရမ်း စိတ်လှုပ်ရှားနေပြီ။
'ကမ္ဘာလုံးဆိုင်ရာချူချူဖန်ကလပ်' ဟုခေါ်သော သူ၏အကောင်းဆုံး သူငယ်ချင်းများအဖွဲ့ချတ် ဖြစ်သည်။
နာမည်အရ ဖန်းချူက အဖွဲ့ကို စီမံခန့်ခွဲသူလို့ ပြောနိုင်ပါ၏။ ပြီးတော့ အားလုံးက အဖွဲ့ထဲမှာ ရှိနေတုန်းပဲ ဆိုတဲ့အချက်က သူ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ ပြသနေတာပင်။
ဖန်းချူ : "အားလုံး ထွက်လာကြ! ထွက်လာကြ! ဒီည ငါတွေခဲ့တာ ဘယ်သူလဲ သိလား! *စိတ်လှုပ်ရှားစွာဖြင့်*"
ဘယ်သူမှ မဖြေဘူး။
ဖန်းချူ : "ငါ ရည်းစားဟောင်းကို တွေ့ခဲ့တာ... အား အားအားးးးး"
ဆယ်စက္ကန့်ကြာသော်
လုမင်ရှီး : "ငါ ဘောင်းဘီကို ချွတ်ပြီးပြီ... မင်းငါ့ကို ပြကြည့်ပါလား"
ချိုင်ရှင်း : စကားသံမဲ့.jpg
ရှောင်းခယ် : စကားသံမဲ့.jpg
ဖန်းချူ : "သူက တကယ်ချမ်းသာတာ... မင်းတို့ မသိဘူးလား ဘယ်လောက်ချမ်းသာလဲ ဆိုရင် ငါတို့သူဌေးကြီး လော်ကျင့်ယိကတောင် သူ့ကို အရမ်းယဉ်ကျေးလွန်းတဲ့အထိ ချမ်းသာနေတာပဲ... ပြီးတော့ သူက ငါ့အပေါ် ခံစားချက်တွေ ရှိနေသေးပုံပဲ!"
လုမင်ရှီး : "ငါမင်းကို နှိုးပေးရမလား?"
ရှောင်းခယ် : "ဒါက ဇာတ်ညွှန်းအသစ်လား။ ချစ်စရာလေး..."
ချိုင်ရှင်း -"စကားမပြောချင်ဘူး"
ဖန်းချူ - "မင်းတို့ငါ့ကို မယုံဘူးလား အမှန်ပဲလို့ ငါတို့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ မျှော်လင့်ချက် ရှိတယ်လို့ ငါထင်တယ်... အဲဒီအချိန်ရောက်ရင် အရင်းအမြစ်တွေ ပြတ်တောက်မှာ မဟုတ်ဘူး... ငါ ဘယ်လို ပြန်ရောက်လာတယ်ဆိုတာ မင်းတို့သိလား ဥက္ကဌလော်က ငါ့ကို ကိုယ်တိုင် ပြန်ခေါ်လာခဲ့တာ... ငါအပေါ် အရမ်းကောင်းတယ် တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူလို့တောင် ပြောသွားသေးတယ်!"
ချိုင်ရှင်း အဖွဲ့ချတ်မှ ထွက်သွားတော့သည်။
ဖန်းချူ ချိုင်ရှင်းကို ကျွမ်းကျင်စွာ ပြန်ဆွဲထည့်လိုက်သည်။
ချိုင်ရှင်း : "..."
ဖန်းချူ : "မင်းတို့အားလုံးက ဥက္ကဌလော်ကို ချဉ်းကပ်လို့ မလွယ်ဘူးလို့ ထင်တယ်ပေါ့... ဒါ လုံးဝမှန်တယ်လို့ ငါ မထင်ဘူး။ သူက ကြင်နာပြီး ချဉ်းကပ်ရလွယ်တဲ့သူပဲ.... မင်းတို့ သူ့ကို ချဥ်းကပ်ပုံက မမှန်တာပဲ ဖြစ်မယ်!"
လုမင်ရှီး အဖွဲ့ချတ်မှ ထွက်သွားသည်။
ဖန်းချူ သူ့ကိုလည်း ကျွမ်းကျင်စွာ အုပ်စုထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။
လုမင်ရှီး : "..."
ရှောင်းခယ် ကသာ အဖွဲ့မှ ထွက်ခွာမသွားပေ။ သူက အိမ်စာလုပ်နေတုန်းမို့ ခဏခဏ စစ်ဆေးနေရတာကြောင့် ဝင်လိုက်ထွက်လိုက် မလုပ်နိုင်ချေ။
ဖန်းချူသည် ခဏတာမျှ စိတ်လှုပ်ရှားစွာ စကားစမြည် ပြောပြီးနောက် လူတိုင်း ရုတ်တရက် စာပြန်တာ ရပ်သွားသည်ကို တွေ့လိုက်ရသည်။
ဖန်းချူ : "အားလုံး အိပ်ပျော်နေကြပြီလား???"
ဟေ့ ငါ့ကို မယုံကြဘူးလား။ ဖန်းချူ ဟစ်အော်လိုက်သည်။
ဒီနေ့ WeChat မှာ လူသေတစ်ယောက်ကို ထပ်ထည့်ထားတယ်လို့ မင်းတို့ကို ငါ မပြောရသေးဘူးနော်။ ငါပြောလိုက်ရင် မင်းတို့ သေအောင်ကြောက်သွားလိမ့်မယ်။
ဒါပေမယ့် အဖွဲ့ထဲကလူတွေအားလုံး တိတ်ဆိတ်ပြီး စည်းစနစ်တကျနဲ့ ထွက်သွားတာမို့ နောက်ဆုံးမှာ မခြိမ်းခြောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ စိတ်သဘောထား ကြီးမားသူသာလျှင် အဖွဲ့မှ ထွက်ခွာလိုသော လူအစုအဝေးကို သည်းခံနိုင်မည် ဖြစ်သည်။
ကျေနပ်စွာဖြင့် ဖုန်းကိုချကာ ဝမ်းသာအားရ ရေချိုးပြီး အိပ်ရာဝင်ခဲ့သည်။
………………
ထိုညတွင် ဖန်းချူ အိပ်မက်တစ်ခုမက်ခဲ့သည်။
သူ့အိမ်မက်ထဲမှာ သူတို့နှစ်ယောက်စတွေ့တဲ့အချိန်ကို ပြန်ရောက်သွားခဲ့၏။ သူဟာ ယွိစစ်ကျဲကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး သူတို့ရဲ့ စိတ်အားထက်သန်မှု ပြင်းပြင်းထန်ထန်နဲ့ အတူတူရှိခဲ့ကြသည်။
ဇာတ်လမ်းရဲ့ အစောပိုင်းအပိုင်းက အတော်လေး ပုံမှန်ပါပဲ။
သို့သော် သူတို့နှစ်ယောက် လမ်းလျှောက်ခါနီးတွင် ယွိစစ်ကျဲ၏အဖေ ရုတ်တရက်ပေါ်လာသည်။ ယွိစစ်ကျဲဟာ အလွန်ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်သည်။ အမွေဆက်ခံဖို့ ရာဇပလ္လင်ရှိတဲ့ မိသားစုမျိုးပေါ့။
ယွိအဖေ :"မင်းတို့ လမ်းခွဲမလား ဒါမှမဟုတ် ယွိစစ်ကျဲ မင်း အိမ်ထဲက ထွက်သွားမလား"
သို့သော် ယွိစစ်ကျဲသည် စစ်မှန်သော ချစ်ခြင်းမေတ္တာအတွက်ကြောင့် ဖန်းချူနှင့်ရှိရန် အရာအားလုံးကို စွန့်လွှတ်ဖို့ မတုန်မလှုပ်ခဲ့ပေ။ ၎င်းတို့ကို မခွဲနိုင်တော့ချိန် ယွိစစ်ကျဲဖခင်က ဖန်းချူကို အာရုံစိုက်ခဲ့၏။
"ဒီမှာ ဆယ်သန်း... ယွိစစ်ကျဲကို ထားခဲ့!"
နောက်တော့ ဇာတ်လမ်းက သိသိသာသာ လှည့်သွားသည်။ ဖန်းချူသည် ဆယ်သန်းအတွက် ယွိစစ်ကျဲနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့သည်။
ငွေကိုယူ၍ ထွက်ပြေးသွားပြီးနောက် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါးယောက်အထိ အဆက်မပြတ် ရည်းစားထားပစ်ကာ အပျော်အပါး လွန်ကဲသော ဘဝဖြင့် ညစ်ညမ်းစွာ နေထိုင်ခဲ့သည်။
ယွိစစ်ကျဲသည် ဖန်းချူ ငွေကို တကယ်ယူ၍ ထွက်ပြေးထားဖို့ မမျှော်လင့်ထားခဲ့ပေ။ သူ့အဖေက အိမ်မှာ ပိတ်လှောင်ထားပြီး အကြင်နာကင်းမဲ့တဲ့လူကလည်း သူ့ကို စွန့်ပစ်သွားတဲ့အပြင် နောက်ထပ် ရည်းစားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကိုတောင် ထားပစ်ခဲ့သဖြင့် ဒေါသတကြီးနဲ့ သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေပစ်လိုက်သည်။
ထို့နောက်တွင် သူ၏လှပသော အိပ်မက်လေးက အိပ်မက်ဆိုး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ယွိစစ်ကျဲ သေဆုံးပြီးနောက်တွင် သူ၏စိတ်ဝိညာဥ်မှာ မငြိမ်မသက်ဖြင့်ကာ ဖန်းချူကို ခြောက်လှန့်ပြီး လက်စားချေမည့် တစ္ဆေဖြစ်လာခဲ့သည်။ ယွိစစ်ကျဲသည် သူ၏ ချစ်သူအသစ် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါးယောက်ကို ခြောက်လန့်သတ်ပစ်ခဲ့ပြီး နောက်မှ မဆုတ်မနစ် လိုက်ခဲ့လေသည်။ ဖန်းချူ ကြောက်လန့်တကြား ထွက်ပြေးသွားပြီး ခြေလှမ်းတစ်လှမ်း မတော်တဆ လှေကားပေါ်မှ ပြုတ်ကျသွားတော့သည်။
'ဝုန်းကနဲ' အသံဖြင့် ကုတင်ခြေရင်းသို့ လူးလဲ ပြုတ်ကျသွားသော ဖန်းချူ ထိတ်လန့်စွာ နိုးလာခဲ့သည်။
သူ့နဖူးကို နာကျင်စွာ ထိလိုက်လေ၏။ အဲဒါကြီးက ကြောက်စရာ ကောင်းလိုက်တာ။ ဒီလို ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတစ်ခု ရှိခြင်းဟာ အပျော်စီးသင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့တာနဲ့ ဆက်စပ်နေရမည်။
ပြီးတော့ ဒီအိပ်မက်က အရမ်းမိုက်တယ်။ ဆယ်သန်းလောက်နဲ့ လမ်းခွဲရမယ့်သူမျိုးလား။ အနည်းဆုံး သန်းတစ်ရာလောက်မှ ရမယ်ကွ။
ဖန်းချူ သူ့နဖူးမှ ချွေးအေးများကို သုတ်လိုက်ပြီး အချိန်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ နောက်နေ့မနက်တောင် ရောက်နေပြီ။
ပြတင်းပေါက်မှ စိမ့်ဝင်နေသော နေရောင်သည် နေ့ခင်းဘက် သာယာမှုကို ခံစားရစေသည်။ အားအင်တွေ ပြည့်နှက်နေတဲ့ နောက်တစ်နေ့ ရောက်လာတော့မည်။ ဖန်းချူ သူ့ဖိနပ်တစ်ရံကို ချွတ်လိုက်ပြီး ရေချိုးရန် အဆင်သင့်ဖြစ်နေသည်။ သူ မနက်တိုင်း ပထမဆုံးလုပ်ခဲ့တာက သူ့ကိုယ်သူ ထက်ထက်မြက်မြက်လေး ဖြစ်အောင်..… ခဏနေဦး သူ တစ်ခုခု မေ့သွားပြန်ပြီလား...?
သန်းတစ်ရာ၊ သန်းတစ်ရာ...
အား မဟုတ်ဘူး!
ဖန်းချူ သူ၏ WeChat Moments ပို့စ်ကို မနေ့ကတည်းက မဖျက်ခဲ့မိကြောင်း ရုတ်တရက် သတိရမိသည်။
"ငါ တစ်ဘီလီယံလောက် လွတ်သွားသလို ခံစားရတယ်!"
နောက်ဆုံးတွင်တော့ သူ WeChat တွင် ယွိစစ်ကျဲနှင့် ပြန်လည် ချိတ်ဆက်ထားခဲ့သည်။ မြင်သွားပြီး နားလည်မှုလွဲသွားရင် ဘယ်လိုလုပ်မလဲ။ ဖန်းချူ သူ့ဖုန်းကို အမြန်ဆွဲထုတ်ကာ WeChat ကိုဖွင့်ကာ နားလည်မှုလွဲသွားနိုင်သည့် အထောက်အထားများကို တိတ်တဆိတ် ဖျက်ရန် ပြင်ဆင်နေသည်။
ဒါပေမယ့် ဖျက်ခါနီးမှာ အသိပေးချက်တစ်ခု ပေါ်လာ၏။
ဖန်းချူ: "မဖျက်ခင် ငါကြည့်ကြည့်လိုက်ဦးမယ်"
သူ ပို့စ်အသစ်ကို နှိပ်လိုက်သည်။ သူ့လက်ချောင်းများ တဆတ်ဆတ်တုန်ကာ အမူအရာမှာလည်း တဖြည်းဖြည်း အေးခဲသွားသည်။
"ယွိစစ်ကျဲက ဒါကို like လုပ်သွားတယ် ~~"
စာရေးသူ၏မှတ်ချက်-
ဖန်းချူ :ငါ့ပရိသတ်အဖွဲ့မှာ အခု လူသုံးယောက်ပဲ ရှိတာကို မကြည့်နဲ့၊ အနာဂတ်မှာ ပိုကြီးလာမှာ သေချာတယ်!!! (တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်ဖြင့်)