Chapter (12)
တရားဝင်အမှုကို ထမ်းဆောင်ခြင်း
လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် ခန်းမထဲတွင် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်လျက် ထိုင်နေကြပြီး ဟုန်ကျွင့်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆိုလာသည်။
"မင်းရဲ့ နှလုံးသွေးကြောထဲမှာ! အရမ်းကောင်းတာပဲ နောက်ဆုံးတော့ ငါရှာတွေ့ပြီ!!"
ဟုန်ကျွင့်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က အစားအသောက်နှင့် နေထိုင်ရေး အကြောင်း ရိုးရိုးရှင်းရှင်းပင် မတွေးနိုင်ခဲ့ပေ။ သူ့နှလုံးမီးအိမ်အကြောင်းသာ နေ့တိုင်း တွေးနေခဲ့ပြီး ယခုတော့ ကြီးကြီးမားမား စိတ်ပူပင်မှုမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
"ဘယ်လိုထုတ်ပြီး မင်းဆီပြန်ပေးရမှာလဲ"
လီကျင်လုံ မေးတော့ ဟုန်ကျွင့်လည်း ကူကယ်ရာမဲ့ သူ့လက်တွေကို ဖြန့်ပြီး။
"ငါ မင်းကိုယ်ထဲမှာ ခေတ္တ သိမ်းထားလိုက်မယ်"
လီကျင်လုံက စကားမပြောဘဲ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
ဟုန်ကျွင့်သည် ယောင်ကျင်း နန်းတော်ဆီ စာတစ်စောင် ရေးပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်လိုပို့ရမလဲ။ ကျောက်ကျစ်လုံကို ပြန်သွားပြီး စာကို ပို့ပေးဖို့ တောင်းဆိုရမလား။ ဒါပေမဲ့ ဒီငါးကြင်းနတ်ဆိုးဟာ ပျင်းရိပြီး ခြေဖဝါးနာမှာကို အရမ်းကြောက်တဲ့အတွက် သွားမှာ မဟုတ်။ လမ်းလျှောက်ရတာလည်း ဝေး၊ တစ်ယောက်တည်း သွားရတာလည်း အန္တရာယ်ရှိလေသည်။ ချင်းရှူံက ယောင်ကျင်းနန်းတော်မှာ မရှိနေတော့မှာကိုလည်း စိုးရွံ့မိသည်။
တကယ်ကို ခက်ပါ၏။ ဟုန်ကျွင့် လီကျင်လုံကို မော့ကြည့်ရင်း တွေးနေခဲ့ရာ သူ့မှာ ပြောစရာတွေ ရှိလာသလို ခံစားလာရသည်။
"ဒီနှလုံးမီးအိမ်ကို ငါ့ထဲမှာ သိမ်းဆည်းထားရင်... ငါ့မှာ အပြောင်းအလဲတွေ ရှိလာမှာလား"
"ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး"
ဟုန်ကျွင့် ဆောလျင်စွာ ရှင်းပြသည်။
"အတွင်းအင်္ဂါငါးပါးမှာ နှလုံးက မီးနဲ့ သက်ဆိုင်တယ်လေ နှလုံးမီးအိမ်က မင်းရဲ့နှလုံးကို ကာကွယ်ပေးလိမ့်မယ်... ဒါ့အပြင် ဒီမီးအိမ်ရဲ့ စွမ်းအားက ဖြူစင်သန့်ရှင်းပြီး အလင်းက ဖြောင့်မတ်ခြင်းတရားနဲ့ ပြည့်စုံတယ်...လုံးဝ ဆိုးကျိုးမဖြစ်ဘူး"
လီကျင်လုံ နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်ပြသော်လည်း သူ့စိတ်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေရဆဲဟု ထင်ရပြီး သူ့အမူအရာကို သတိကပ်ထားပုံဖြင့် နောက်ဆုံးတွင် မေးလာခဲ့သည်။
"ဒါဆို ငါ့မှာ မှော်အစွမ်းတွေ ရှိလာမှာလား?"
"အာ?" ဟုန်ကျွင့် ကြောင်အသွား၏။
"မ... မဖြစ်နိုင်ဘူး...ထင်တယ် မင်းရဲ့ သွေးကြောတွေထဲမှာ မှော်အစွမ်းမရှိဘူး မင်းကို မှော်လက်နက်ကို ပေးလိုက်ရင်တောင် မင်းအဲဒါကို အသက်မသွင်းနိုင်လောက်ဘူး"
လီကျင်လုံက သူ့ကိုယ်သူ နှစ်သိမ့်ပေးသည့် သဘောဖြင့် ဆိုလာခဲ့သည်။
"ငါနားလည်ပါတယ်.... ငါက သေမျိုးပဲလေ"
ဟုန်ကျွင့်လည်း တစ်ဖက်သား၏ စိတ်ပျက်အားငယ်နေသည့် လေသံကို ရုတ်တရက် နားလည်သွားကာ မေးလိုက်သည်။
"မင်းက သေမျိုး မဖြစ်ချင်ဘူး မဟုတ်လား"
လီကျင်လုံက ဟုန်ကျွင့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း... မော့ရစ်ကန်း၊ ဟိုင်မြန်းဟော်ပီး၊ ချိုးယုံစစ်...မင်းတို့အားလုံးရဲ့ သွေးကြောတွေထဲမှာ မှော်အစွမ်းတွေ ရှိတယ် မဟုတ်လား"
ဟုန်ကျွင့် ဤပြဿနာကို တွေးတောလေ့ မရှိပေ။ အခြားလူ ၃ ဦးသည် လှုပ်လှုပ်ရှားရှား တိုက်ခိုက်တာတွေ မလုပ်ဖူးသော်လည်း အားထိုက် ထိုနေ့တွင် ပွတ်တိုက်ရုံဖြင့် မီးကို ထုတ်နိုင်ခဲ့တာတော့ ထင်ထင်ရှားရှားပင်။
"ဟုတ်တယ်" ဟုန်ကျွင့် ရိုးရိုးသားသား ပြန်ဖြေသည်။
"အဲဒီမှော်စွမ်းအင်က ဘယ်ကလာတာလဲ"
လီကျင်လုံ ထပ်မေးသည်။ ဟုန်ကျွင့်ခမျာ လီကျင်လုံရဲ့ မေးခွန်းကြောင့် အံ့ဩသွားခဲ့သည်။
“ကောင်းကင်ကြောင့် မွေးလာတာလေ”
ငါးကြင်းနတ်ဆိုးက ခန်းမအပြင်ဘက်က နေပူထဲမှာ လဲလျောင်းရင်း။
“မင်း အဲဒါကို မစဉ်းစားနေနဲ့... မဟုတ်ရင် မင်းကိုဘယ်လိုလုပ် သေမျိုးလို့ ပြောပါ့မလဲ”
လီကျင်လုံက အဆုံးတွင် ဆိုလာခဲ့သည်။
"လောလောဆယ် နှလုံးမီးအိမ်အကြောင်း တခြားသူတွေကို မပြောနဲ့ဦး"
"မင်းက သေမျိုးလူသား ဆိုပေမယ့် မင်းမှာ အစွမ်းထက်တဲ့ ဓားတစ်ချောင်းရှိတယ်လေ... မင်းရဲ့ဓားက အံ့သြစရာ ကောင်းတယ် ငါ့ရဲ့ငါးရောင်ခြင်း နတ်အလင်းကိုတောင် ဖောက်နိုင်တယ်..... ငါ့အဖေရဲ့ မီးကိုတောင်..."
"ဟေး!"
ငါးကြင်းနတ်ဆိုးမှာ ဟုန်ကျွင့်တစ်ယောက် နှစ်သိမ့်ပေးရင်း သူ့မိသားစုရဲ့ နောက်ခံကို ထပ်ပြီး ထုတ်ဖော်မပြနိုင်အောင် အပြင်ကနေ လှမ်းတားလိုက်သည်။ လီကျင်လုံသည် ထိုစကားကို ကြားသောအခါ ရုတ်တရက် တက်ကြွလာပြီး မတ်တပ်ထရပ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။
“ဒါအရင်က တိရန်ကျယ်ရဲ့ ဓားပဲ”
ဟုန်ကျွင့် နောက်ဆုံးတော့ ဓားကို ကောင်းကောင်း ကြည့်နိုင်ပြီ။ လီကျင်လုံသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်နှယ် ပြောလာခဲ့သည်။
"ငါ ငယ်ငယ်ကတည်းက တိရန်ကျယ်ကို သဘောကျခဲ့တာ... သူ့လက်ဆင့်ကမ်းခဲ့တဲ့ စာအုပ်တစ်အုပ်ကို ဖတ်ဖူးတယ် နတ်ဆိုးတွေအကြောင်း၊ ဆိတ်ကွယ်ရာတွေအကြောင်း ဇာတ်လမ်းတွေနဲ့ ထန်ပြည်ထောင်ရဲ့ မသေနိုင်တဲ့ နတ်ဆိုးတွေနဲ့ နှစ်ရာနဲ့ချီပြီး မပျောက်ကွယ်သွားဘဲ လူဝင်စားမယ့် နတ်ဆိုးတွေ အကြောင်းတွေလည်း ပါတယ်"
ဟုန်ကျွင့် ဓားသွားကို လှမ်းကိုင်လိုက်ပြီး "အဲဒါကြောင့် မင်းက တခြားလူတွေလို မဟုတ်ဘဲ နတ်ဆိုးနှင်သူ ဖြစ်ချင်ခဲ့တာလား?"
လီကျင်လုံက ဓားကို လှမ်းကိုင်ထားတဲ့ ဟုန်ကျွင့်ရဲ့ သွယ်လျတဲ့ လက်ချောင်းတွေကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
"အဲ့လိုတော့လည်း မဟုတ်ဘူး... ဒါက မွေးရာပါ သဘာဝကြောင့်လည်း ဖြစ်နိုင်တယ်... ငါက အဲဒါကို စွဲလန်းတဲ့စိတ်နဲ့ မွေးလာခဲ့တာ"
“အဲ့စာအုပ်ရဲ့နောက်ကျောမှာ စာပိုဒ်တစ်ပိုဒ် ရှိပါတယ်... တိကုန်း ပြောခဲ့တဲ့စကားက လာမယ့်နှစ်ပေါင်း တစ်ရာအတွင်းမှာ ထန်ပြည်ထောင်ကြီးက အရာအားလုံးကို ဖျက်ဆီးပစ်မယ့် ကပ်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်.... ဒါပေမဲ့ သူမွေးဖွားလာခဲ့တာက အချိန်မှားသွားခဲ့တယ်တဲ့ သူက အသက် ၆၀ နီးပါးရှိနေပြီ သူ့မှာ ထန်မင်းဆက်ကို ကာကွယ်ဖို့ အရေးကြီး တာဝန်ကို ဆက်ခံမယ့်သူ မရှိဘူး... တိကုန်းရဲ့ စာအုပ်နဲ့ ဓားကို ဆက်ခံမယ့်သူက ထန်ပြည်ထောင်ကြီးနဲ့ ဒီလောကကို စောင့်ကြပ်ပေးရမယ်တဲ့!"
ဟုန်ကျွင့်သည် ဤစကားကို ကြားသောအခါ လီကျင်လုံ၏ လေးနက်မှုကြောင့် ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ လောကကြီးရဲ့ မငြိမ်မသက်ဖြစ်မှုမှာ သေချာပေါက် မဟုတ်သော်လည်း ချုံမင်နဲ့ ချင်းရှူံ သူ့ကို တာဝန်ပေးသည့် တာဝန်အရ ကမ္ဘာပေါ်တွင် နတ်ဆိုးများစွာ ပုန်းခိုနေလေသည်။ ချန်အန်းမှာ မငြိမ်မသက် ဖြစ်တာက ရှောင်လွှဲလို့ မရချေ။
"စာအုပ်က ဘယ်မှာလဲ"
ဓားကို ကြည့်ပြီးနောက် ဟုန်ကျွင့် ချက်ချင်း ထမေးလိုက်သည်။ သူ့အဖေ ချုံမင်နှင့် ချင်းရှူံတို့ပြောသော "ကောင်းကင်နတ်ဆိုး" ကို သတိရသွားတာကြောင့် ရုတ်တရက် သိချင်လာသည်။
"ငါ့အဖေ မီးရှို့လိုက်ပြီ"
လီကျင်လုံ ပြန်ပြောပြီးနောက် သူ့မျက်လုံးများက ဟုန်ကျွင့်လက်ထဲက ဓားကို စူးစိုက်ကြည့်နေလေသည်။
"သူတို့က အဲဒါကို မယုံဘူး... အဲဒီစကားတွေက တိကုန်း အသက်လာလို့ ပေါက်ကရတွေ လျှောက်ပြောနေတာလို့ပဲ ထင်နေကြတာ"
ဟုန်ကျွင့် ခဏလောက် စဉ်းစားပြီး ဒီဓားရဲ့ဇာစ်မြစ်ကို မသိပေမယ့် သူက အထူးစစ်သည်လက်နက်မျိုး မဟုတ်မှန်း သိတဲ့အတွက် မေးလိုက်သည်။
"ဒီဓားကို မင်းဘယ်မှာတွေ့တာလဲ"
လီကျင်လုံ: "ဒါကို အနောက်ဈေးက လုပ်ငန်းရှင်တစ်ယောက်ရဲ့ လက်ထဲမှာ တွေ့ခဲ့တယ်... တိကုန်း ကွယ်လွန်ပြီး ဆယ်စုနှစ်တွေ ကြာတော့ ကျွိပေါင်ကျွမ်းက လေလံပွဲတစ်ခုမှာ မတော်တဆ ရှာတွေ့ခဲ့တာ... အဲဒါကို တိုင်းတစ်ပါးသားတွေလက်ထဲ မကျရောက်အောင် ငါ့ပစ္စည်းတွေ ရှောင်ပြီး ဝယ်ခဲ့တယ်..... ဟူး... ငါဘာလို့မင်းနဲ့ ဒီလိုတွေ ပြောနေမိမှန်း မသိဘူး..."
ဟုန်ကျွင့်:"?"
လီကျင်လုံက သက်ပြင်းတစ်ချက် ချလိုက်ပြီး။
"မင်းက ငါ့ကိုယုံတဲ့သူ ဖြစ်နေလို့ ဖြစ်နိုင်တယ်"
"မော့ရစ်ကန်းနဲ့ တခြားသူတွေလည်း မင်းကိုယုံမှာပါ..."
ဟုန်ကျွင့်မှာ ဓား၏ဇစ်မြစ်ကို မသိသော်လည်း တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားမိလေသည်။
"သူတို့နဲ့ စကားအများကြီး မပြောချင်ပါဘူး... ထားပါတော့...."
ထိုအချိန်တွင် ဟုန်ကျွင့်သည် "တန်ဖိုးမရှိသော" နှင့် "အချိန်မှားပြီး မွေးဖွားခြင်း" ကဲ့သို့သောကမ္ဘာပေါ်တွင် ဒုက္ခများစွာရှိကြောင်း မသိခဲ့ပေ။ သို့သော် လီကျင်လုံ အကြောင်း တဖြည်းဖြည်းနဲ့ သူ့ကို နည်းနည်း နားလည်လာသလို ခံစားလာရသည်။
"မှန်တယ်!!" ဟုန်ကျွင့် အကြံတစ်ခု ရသွားသည်။
"သေမျိုးတွေမှာ မှော်စွမ်းအင် မရှိပေမယ့် သိုင်းပညာ လေ့ကျင့်မှုကို အားကိုးနိုင်တယ်မလား ငါမှတ်မိတယ်..."
"ဟုန်ကျွင့်!"
ငါးကြင်းနတ်ဆိုးက သူ့မျက်နှာကို အပြင်ကနေ ငါးကြော်လို လှည့်ပြီး လှမ်းအော်လေသည်။
"သူ့ကို ထပ်မနာကျင်စေနဲ့တော့!"
ဟုန်ကျွင့်သည် သူ့ကိုယ်သူ ပြဿနာအိုးမှန်း သိသလို လီကျင်လုံကို ထပ်မံ အရှက်ရစေမည်ဟု စိုးရိမ်သောကြောင့် လောလောဆယ်တော့ ဘာမှ ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ပထမတော့ လီကျင်လုံလည်း ဟုန်ကျွင့်ဟာ ပျင်းရိပြီး ပြဿနာပဲ ရှာတတ်တဲ့ သခင်လေးတစ်ယောက်လို့ ထင်ခဲ့သည်။ သူ့ကို သိလာပြီးတဲ့နောက်မှာ ဟုန်ကျွင့်ဟာ သူထင်ထားသလို မဟုတ်ဘူး ဆိုတာ ရုတ်တရက် နားလည်ရသည်။ အပြင်ကို စောင့်ငဲ့ကြည့်တော့မှ မော့ရစ်ကန်းသည် အားထိုက်၊ ချိုးယုံစစ်တို့နှင့်အတူ ပြန်လာခဲ့သည်။
"တွေ့ပြီ"
ချိုးယုံစစ်သည် သူ့ချွေးတွေကို သုတ်ရင်း အော်ပြောလာ၏။ သူ့ခမျာ မောပန်းနွမ်းနယ်လို့ နေ၏။ သူပေးလာတဲ့ သေတ္တာငယ်လေးကို ဖွင့်ကြည့်တော့မယ့် အချိန်မှာပဲ ဟုန်ကျွင့် အမြန် လှမ်းတားလိုက်ပြီး။
"နှာခေါင်းကို အုပ်ပြီး လေမတိုက်တဲ့ နေရာကို ရှာရအောင်... မဟုတ်ရင် ဝတ်မှုန်တွေ ပျံသွားတာနဲ့ နှာချေလိုက်ရင် အားလုံးကို မေ့သွားတတ်တယ်...."
"လူတိုင်းကတော့ နေ့တစ်ပိုင်းလုံး ရှာနေကြတာ"
မော့ရစ်ကန်း ရယ်ရမလား ငိုရမလား မသိတော့ပေ။
"မင်းတို့နှစ်ယောက်က ဒီမှာ လက်ဖက်ရည် ထိုင်သောက်နေတာလား"
လီကျင်လုံလည်း ချောင်းဆိုးပြီး နတ်ဆိုးနှိမ်နင်းဌာနရဲ့ ခေါင်းဆောင် ဂုဏ်သိက္ခာကို ဆက်လက် ထိန်းထားလိုက်လေသည်။ အားထိုက်ကလည်း သိသာထင်ရှားစွာ နောက်ယောင်ခံလိုက်ပြီး ပြောလိုက်သေးသည်။
"ခေါင်းဆောင် ဒီအတွက် ပေးချေမှာလား"
လီကျင်လုံ ပိုက်ဆံအိတ်ကို ထုတ်လိုက်စဥ် အားထိုက်က ပြောလေ၏။
“စုစုပေါင်း ငွေစပေါင်း သုံးထောင်နှစ်ရာ ရှိတယ်”
လီကျင်လုံ : "……………………"
"ငွေသုံးထောင်နှစ်ရာ?"
လီကျင်လုံ အလန့်တကြား ထအော်လိုက်၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"ဟုတ်တယ်..."
အားထိုက်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့က လီကျင်လုံကို နားမလည်နိုင်စွာ ကြည့်နေကြရာ အားထိုက်က ဆိုလေသည်။
"ဝိညာဉ်ထွက်ပန်း... ဝတ်မှုန်လေးချောင်းပါတယ်... ဝတ်မှုန်တစ်ချောင်းကို ငွေပြား ၈၀၀ ကျတယ်လေ..."
လီကျင်လုံမှာ အချိန် အကြာကြီး စကားမပြောနိုင်တော့ပေ။ ခဏအကြာတွင် သူတို့ လေးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတာကို တွေ့လိုက်ရသည်။
"နတ်ဆိုးနှင်သူတွေသုံးတဲ့ ပစ္စည်းတွေ အားလုံးက ဒီလောက်တောင် စျေးကြီးတာလား?"
"ငါပဲ အဲဒါကို အရင် ပေးချေလိုက်ပါမယ်"
မော့ရစ်ကန်းက ဝင်၍ အကြံပြုလိုက်သည်။ လီကျင်လုံသည် လုံဝူစစ်သူကြီး ရာထူးက ဆင်းခဲ့ရပြီး အခန်းများကို ပြုပြင်ဖို့အတွက်လည်း ငွေအမြောက်အမြား သုံးခဲ့ရသည်။
"ငါ မင်းကို ရှစ်ရာ အရင်ပေးထားပါ့မယ်"
“မေ့လိုက်ပါ... ငါပဲ ဒကာခံလိုက်ပါ့မယ်” အားထိုက်က ပြန်ဖြေသည်။
မော့ရစ်ကန်း: "လူတိုင်းက အလှူငွေလို ထည့်ဝင်ကြရင်ရော... အားထိုက်က ချမ်းသာတယ်... ပိုက်ဆံတွေ အားလုံးကို သူ့ကို ပေးချေခိုင်းလိုက်လည်း အဆင်ပြေပါတယ်"
လီကျင်လုံ မတ်တပ်ထရပ်ပြီး "မဖြစ်ဘူး..."
"ခေါင်းဆောင်... ထိုင်ပါ ထိုင်ပါ"
ချိုးယုံစစ်က ခပ်မြန်မြန် ပြုံးပြီး ပြောလေ၏။
"ခေါင်းဆောင်ကို ပိုက်ဆံပေးခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ.... ခေါင်းဆောင်က အတိတ်က အာဃာတတွေကို ဂရုမစိုက်ခဲ့ဘူးလေ... လူတွေကို ကြုံသလို ရိုက်နှက်တာကို အပြစ်မတင်ပါဘူး ဟုတ်တယ်မလား ဟုန်ကျွင့်?"
ဟုန်ကျွင့် ချက်ချင်းဆိုသလို ပုလဲတွေကို ထုတ်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ် အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့အတွက် ငါတို့ကို အပြစ်မတင်ပါနဲ့ ငါလည်း ပိုက်ဆံပေးပါ့မယ်..."
"ဟုန်ကျွင့်!"
အားလုံးက ဝမ်းနည်းမှုတွေနဲ့ ဒေါသတွေ ရောပြီး တညီတညွတ်တည်း အော်လိုက်ကြတော့သည်။ မူလက ချိုးယုံစစ်၊ အားထိုက်နဲ့ မော့ရစ်ကန်းတို့သည် လီကျင်လုံထံမှ ဝိညာဉ်ထွက်ပန်းဝတ်မှုန်ကို အသုံးပြုပုံ စကားလုံးအချို့ကို ညှစ်ထုတ်ရန် အချိန်အတော်ကြာ စီစဉ်နေခဲ့ကြသော်လည်း ဟုန်ကျွင့်က ထိုစကားကို ထုတ်ဖော်ပြောဆိုလာခဲ့ရာ အားလုံး၏ မျက်နှာများမှာ ခဏတာမျှ အပြာရောင် သမ်းသွားတော့သည်။
"ငါပြောတာမှားသွားတာလား"
လီကျင်လုံကတော့ ဒီအကြောင်းအရာကို ဆက်မပြောချင်တော့တဲ့အတွက် အားလုံး ရပ်တန့်ဖို့ သူ့လက်ကို မြှောက်လိုက်သည်။
"ငွေကို အများသူငှာနဲ့ ဆိုင်တာလို့ ယူဆတယ်... နောက်ကျမှ တရားရုံးကနေ ပိုက်ဆံတောင်းလိုက်မယ်... အခုတော့ သေတ္တာထဲ ခဏဖယ်လိုက်ပြီး နောက်တစ်ရက်မှ နည်းနည်းချင်း ထုတ်ယူကြမယ်”
သူထရပ်၍ ခန်းမအပေါ်ဆုံးရှိ စင်ပေါ်ကို ဝတ်မှုန်နှင့် ပြည့်နေသော သေတ္တာအား တင်ထားလိုက်သည်။
"ဒါက ဘာလဲ?"
မော့ရစ်ကန်းက လီကျင်လုံလက်ထဲက စာလိပ်ကိုတွေ့တော့ မေးမြန်းလိုက်သည်။
"တလီတရားရုံးက ပို့လိုက်တဲ့ အမှုကိစ္စ"
"မဟုတ်သေးဘူးနော်...."
သူတို့သုံးယောက်က ထပ်ပြီး ညည်းတွားတော့သည်။
"အပြင်ထပ်သွား ရဦးမှာလား"
ဟုန်ကျွင့်: "စိတ်ဝိညာဉ်ထွက်ပန်းရဲ့ ဝတ်မှုန်ကို ရှာရတာ ခက်လားဟင်... ပင်ပန်းလွန်းလို့လား"
"အနောက်ဈေးမှာ ဘယ်သူမှမရှိဘူး"
ချိုးယုံစစ်က ပြောပြသည်။
"အားထိုက်က ငါတို့ကို အဲဒါရှာဖို့ ကျွိပေါင်ကျွမ်းရဲ့ မြေအောက်က မှောင်ခိုဈေးကို ခေါ်သွားတယ်.... အဲ့ကုန်သည်ကြီးတွေက မဝယ်နိုင်ခင်မှာ မိန်းမတွေလို ၀တ်ဆင်ပြီး သူတို့ကို ကပြခဲ့ရသေးတယ်လေ.... တစ်နာရီတောင်ကွ!"
"ဒါပေမဲ့ မင်းတို့နောက်မှာ မြက်ပင်တွေ ဘာလို့ရှိနေတာလဲ"
ငါးကြင်းနတ်ဆိုးက သူတို့သုံးယောက်ရဲ့ နောက်ကနေ လှမ်းပြောလေသည်။
"မင်းတို့ မြို့ပြင်ထွက်ဆော့ပြီး လျှောက်သွားခဲ့တာလား"
ဟုန်ကျွင့်နဲ့ ငါးကြင်းနတ်ဆိုးတို့ကတော့ သုံးယောက်သားရဲ့ ဒုက္ခရောက်စေမှု ပူးပေါင်းကာကွယ်ပေးရန် မဲဆွယ်လို့ မရတဲ့အထဲ ပါလေသည်။ အပြောမြန်တာကြောင့် တားဆီးနိုင်ခြင်း မရှိသော်လည်း အားလုံးက ချက်ချင်း ရယ်မောကာ အကြောင်းအရာကို ပြောင်းလဲလိုက်ကြသည်။ အားထိုက်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"အိုး! ရောက်လာပြီ ဆိုမှတော့ ဒီအမှုကို ဖြေရှင်းပြီး အလှူငွေထည့်ဖို့ အချိန်ရောက်ပြီ!"
ချိုးယုံစစ် - "ဟုတ်တယ် ဟုတ်တယ် တိုင်းပြည်အတွက် အကျိုးပြုပေးဖို့ လိုနေသေးတယ်"
မော့ရစ်ကန်းကလည်း သူ့လက်တွေကို ပွတ်သပ်ပြီး ပြောလိုက်လေသည်။
"ကြည့်ရအောင် ထိတ်လန့်စရာကောင်းတဲ့ ကိစ္စများရှိလား... ညီအစ်ကိုတို့ မင်းတို့အတွက် ငါ အခုပဲချက်ချင်း ဖြေရှင်းပေးမယ်"
လီကျင်လုံလည်း သူတို့ သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ လိုက်မရှာတော့ဘဲ
"လူ့အသက်ကို မစိုးရိမ်ရသရွေ့ မနက်ဖြန်မှ လုပ်လို့ရတယ်... ကြည့်ကြည့်ရအောင်..."
ပြောပြီးနောက် သူက ခေါင်းငုံ့ကာ လက်ထဲတွင် စာလိပ်ကို ဖြည်လိုက်ကာ စားပွဲပေါ်တွင် ပြားပြားကပ်ကာ ဖတ်လိုက်သည်။
"စက်တင်ဘာလ ၅ ရက်မှာ အဖြူရောင် ခြင်္သေ့ကြောင်ကြီး တစ်ကောင်ဟာ နင်ဖန်းလမ်း သခင်မချင်းကော်ရဲ့ နန်းဆောင်မှာ ပျောက်သွားခဲ့တယ်... ၆ပေရှည်ပြီး အပြာရောင်နဲ့ ရွှေရောင် ယင်းယန်မျက်လုံးတွေ ရှိတယ်…”
စက်တင်ဘာ ၂၃၊ ထျန်းပေါင် ဆယ်နှစ်မြောက်။
နတ်ဆိုးနှင်ဌာန၏ ပထမဆုံးအမှု - ကြောင်ရှာခြင်း။
ခက်ခဲမှု- ငါးရိုးအဆင့်
ဒေသ- ချန်အန်းတစ်မြို့လုံး
ဒီအမှုမှာ ပါဝင်ပတ်သက်သူ- လက်ယာအမတ်ကြီး ယန်ကော်ကျုံးရဲ့ညီမ၊ သခင်မချင်းကော်ရဲ့ နေအိမ်။
ဖြစ်ရပ်မှန်များ- စက်တင်ဘာ ၅ရက်နေ့တွင် သခင်မချင်းကော် မွေးမြူထားသည့် ချစ်လှစွာသောကြောင် ချင်းအာသည် ညဘက်တွင် အိမ်မှ ထွက်ခွာခဲ့ပြီး ပျောက်ဆုံးသွားခဲ့ရာ သူမ ဘယ်နေရာမှာ ရှိနေသလဲ မသိရသေးကြောင်း အစေခံ၏ ပြောကြားချက်အရ သိရသည်။ ဤကာလအတွင်း ယွိလင်စစ်တပ်၊ ရှန်ဝူစစ်တပ်၊ လုံဝူစစ်တပ်နဲ့ ရွှမ်ကျားစစ်တပ်တို့ အပါအဝင် တပ်ခြောက်တပ်သည် ချန်အန်းမြို့ထဲ၌ ဆယ်ရက်ကြာ ရှာဖွေခဲ့ရာ မအောင်မြင်ခဲ့သောကြောင့် ထန်မင်းဆက်၏ နတ်ဆိုးနှင်ဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။
ဆုလာဘ် - ဧကရာဇ်ကိုယ်လုပ်တော်နှင့် သခင်မချင်းက ကြီးကြီးမားမား ဆုချမည် ဖြစ်သည်။
ထိုအချိန်တွင် လီကျင်လုံ၏ မျက်နှာသည် ပို၍ပို၍ ရုပ်ဆိုးလာခဲ့ရာ ချိုးယုံစစ် မနေနိုင်တော့ဘဲ ဝင်ဆိုလိုက်လေ၏။
"ခေါင်းဆောင်အတွက် ရေနည်းနည်းလောက် ငှဲ့ပေးကြပါဦး... သူ့မျက်နှာက အဆင်မပြေတော့ဘူး!"
"ဝယ်ထားတဲ့ ဝတ်မှုန်ကို ခေါင်းဆောင်ကို ပေးသုံးလိုက်ရင်ရော? "
ဟုန်ကျွင့် အကြံ ပေးကြည့်လိုက်သည်။
"ဒုက္ခမပေးနဲ့!"
အားလုံးက ဟုန်ကျွင့်ကို လှည့်အော်လိုက်တာကြောင့် ဟုန်ကျွင့်လည်း ရပ်သွား၏။
မော့ရစ်ကန်းက ရေနွေးကြမ်း ငှဲ့ပေးကာ အားထိုက်က ခွက်ကလေးကို လီကျင်လုံလက်ထဲ ထည့်ပေးသည်။ ဟုန်ကျွင့်လည်း လီကျင်လုံ စိတ်လျှော့နိုင်အောင် သူ့နောက်ကျောကို စာနာစိတ်ဖြင့် ပွတ်သပ်ပေးလိုက်သည်။ အချိန်အတော် ကြာပြီးနောက် လီကျင်လုံတစ်ယောက် နောက်ဆုံးတွင် သူ၏ အသက်ရှုသံကို မျိုချနိုင်လိုက်သည်။
နတ်ဆိုးနှင်ဌာနကို ပြန်လည် တည်ထောင်ထားပေမယ့် ပထမဆုံး လက်ခံရရှိတဲ့ ကိစ္စကတော့ ယန်ယွိဟွမ်ရဲ့ အဋ္ဌမမြောက် ညီမလေးအတွက် အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကို ရှာဖွေပေးဖို့ပဲ ဖြစ်နေသည်။ ဒါက နတ်ဆိုးနှင်ဌာန အတွက် ကြီးမားတဲ့ စော်ကားမှုတစ်ခုပါပဲ။
"ဒါက အရမ်းခက်မှာ... ချန်အန်းက ဒီလောက်ကြီးတာ ငါတို့ ဘယ်လိုရှာရမလဲ"
ဟုန်ကျွင့် ထပ်ပြောလိုက်သည်။
"မဖြေရှင်းနဲ့!"
လီကျင်လုံက အမှုတွဲစာလိပ်ကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်ပြီး။
"ပြန်ပေးလိုက်! ရှက်စရာကောင်းလိုက်တာ!"
လူတိုင်းသည် ကူကယ်ရာမဲ့ ဖြစ်သွားကြသော်လည်း ခေါင်းညိတ်စမြဲပင်။ သူတို့က ထိုသို့သောရလဒ်မျိုးကို မျှော်လင့်ထားပုံရသည်။
နောက်နေ့ မနက်စောစောမှာ သူတို့လေးယောက်ဟာ သမ်းဝေရင်း နတ်ဆိုးနှင်ဌာနထဲမှ ထွက်လာခဲ့ကြသည်။ လီကျင်လုံက သူတို့ကို ချန်အန်းရဲ့ အဓိကလမ်းမကြီးပေါ် ခေါ်ချလာခဲ့သော်လည်း ငြီးငွေ့တဲ့ အမူအရာတွေနဲ့ လမ်းတလျှောက်က ဆိုင်တွေမှာ စုံစမ်းနေကြလေသည်။
"ခေါင်းဆောင်ရေ... ငါတို့လည်း တစ်ညလုံး ဒီအကြောင်းကို တွေးခဲ့ပြီးပြီ... ကြောင်ရှာနိုင်တဲ့ မှော်အစွမ်းဆိုတာ တကယ်မရှိဘူးရယ်"
လီကျင်လုံက သူ့အင်္ကျီလက်တွေကို ခါလိုက်ပြီး ဆို၏။
"ရှာကြည့်... ဘာပဲဖြစ်ဖြစ် အလုပ်မရှိတဲ့ အချိန်ပဲမလား"
ဒီလိုနဲ့ သူတို့လေးယောက် လူချင်း ကွဲသွားကြသည်။ ချန်အန်းရဲ့ အရှေ့၊ အနောက်၊ မြောက်နဲ့တောင် ထောင့်လေးထောင့်ကို တစ်ယောက်ချင်း ခွဲသွားပြီးတော့ ခြင်္သေ့ကြောင်တစ်ကောင် ဘယ်မှာရှိလဲဆိုတာကို မေးမြန်းပါတော့သည်။ စစ်တပ်၆တက်သည် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးသား ဖြစ်၍ ချန်အန်းက လူအများအပြားကိုလည်း စစ်ဆေး မေးမြန်းခဲ့ပြီဟူသည့် အကြောင်းပြချက်က ထောက်ပြထားသည်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ သတင်းသစ်တွေ ထွက်ထားမလား မပြောတတ်ဘူးလေ။
ဟုန်ကျွင့်က ချန်အန်း၏ တောင်ဘက်တွင် တာဝန်ရှိထားသည်။ ထိုနေရာသို့ လမ်းလျှောက်ရန် တစ်နာရီခန့် ကြာသည်ဟူသော ဖော်ပြချက်အရ ကြောင်သည် မြို့အပြင်ကို ထွက်ပြေးနိုင်လောက်သည်ဟု သံသယရှိခဲ့သည်။
"ခုန်ဟုန်ကျွင့်!"
ဟုန်ကျွင့် ရှည်လျားသော လမ်းမပေါ်မှ ထွက်ခွာလာသည်နှင့်အမျှ မော့ရစ်ကန်းက လက်ဝှေ့ယမ်းပြကာ သူ့အား ကျော်တက်ရန် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုတို့ မင်းကို သွားကစားဖို့ လာခေါ်တာ... သွားရအောင်” မော့ရစ်ကန်းက ဆိုသည်။
"အလုပ် မလုပ်တော့ဘူးလား" ဟုန်ကျွင့် မေးလိုက်သည်။
"မင်း သူ့အတွက် ကြောင်ရှာဖို့ တကယ်စီစဉ်နေတာလား"
"ဟုတ်တယ်လေ... သူက လူကောင်းတစ်ယောက်လို့ ငါထင်တယ်"
မနေ့ညက အဖြစ်အပျက်အပြီးတွင် လီကျင်လုံအပေါ် ၏ အထင်အမြင်မှာ အနည်းနှင့်အများ ပြောင်းလဲသွားသောကြောင့် ၎င်းတို့ သုံးဦးအား အကျဉ်းချုံး ရှင်းပြကာ ခေတ္တမျှ လျစ်လျူရှုလိုက်ပါသည်။ လီကျင်လုံသည် ထန်မင်းဆက်ကြီးအတွက် အတွက် အမှန်တကယ် တစ်ခုခုလုပ်လိုသောကြောင့် နတ်ဆိုးနှင်ဌာနသို့ ရောက်ရှိလာကြောင်း ပြောပြခဲ့သည်။
သို့သော် သူသည် ရုံးတော်ကနေ သေလောက်အောင် ရှုတ်ချခံထားရသောကြောင့် သူ့ကိုယ်သူလည်း မကူညီနိုင်ဘဲ ဖြစ်နေခဲ့သည်။ သူတို့သုံးယောက် စကားပြောနေကြစဉ် ဟုန်ကျွင့် ရုတ်တရက် သဘောပေါက်သွားတာက ဒီသုံးယောက်ဟာ သူတို့ကိုယ်သူတို့ တစ်ကိုယ်တည်းသမားဟု ယူဆကြကာ လီကျင်လုံကိုတော့ လူအဖြစ် မမှတ်ယူခဲ့ကြပေ။
"ကမ္ဘာပေါ်မှာ အနာကျင်ဆုံး အရာက မင်းနဲ့မဆိုင်တဲ့ အရာတစ်ခုကို တောင်းဆိုနေတာပဲ"
အားထိုက်က နားထောင်ပြီးနောက် ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဒါပဲလား သူဘာလို့ အစောကတည်းက ရှင်းရှင်းလင်းလင်း မရှင်းပြတာလဲ” မော့ရစ်ကန်းကလည်း ဆိုလိုက်သည်။
ဟုန်ကျွင့်က ခဏလောက် တွေးပြီး ပြောလာ၏။
"ငါ သူ့ကိုကူပြီး ရှာပေးလိုက်ဦးမယ်.... မတွေ့မှ မင်းတို့ကို ထပ်ပြောပြမယ်"
ကျန်သုံးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ နောက်ဆုံးတော့ မော့ရစ်ကန်းကပဲ အရင်စပြောရ၏။
“ဒီလိုဆိုမှတော့…”
မော့ရစ်ကန်းက သူ့လက်ကိုဖြန့်ပြီး ဟုန်ကျွင့်ကို ရှာတွေ့အောင် ကူညီပေးဖို့ တောင်းဆိုခဲ့လိုက်သည်။ အဲဒီနောက် သူတို့လေးယောက်ဟာ နေ့လည်စာစားချိန်မှာ အရှေ့ဈေးမှာတွေ့ဖို့ သဘောတူပြီးနောက် ခွဲထွက်သွားခဲ့ပါ၏။