ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (10)
အရိပ်
ဝူရှဲ့ အစတုန်းကတော့ မျက်နှာသေက သူ့ကိုခြောက်လန့်ဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့ပေမယ့် သူ့ရဲ့ အမူအရာနဲ့ အပြုအမူတွေကို ကြည့်ပြီးတော့ သူက ဒီလိုလူလို မဟုတ်ဘူးဆိုတာ သေချာလေသည်။
မျက်နှာသေဆီက ဆက်တိုက် အသံတွေ ထွက်နေပေမယ့် သူ့ပါးစပ်က မလှုပ်ချေ။ ဝူရှဲ့တို့ လေးယောက်မှာ သူ့ကို ကြည့်ပြီး အေးခဲလွန်းလို့ စကားတောင် မပြောရဲတော့ပေ။ ဒီမျက်နှာသေက နှစ်ထောင်ချီ ကျုံးကျီကြီးများ ဖြစ်နေမလား။
ဦးလေးသုံးလည်း ထိတ်လန့်လာသည့် အမူအရာများ ပေါ်လာကာ ဖန့်ကျစ်ကို ဆွဲထုတ်လိုက်သည်။ ရုတ်တရက် မျက်နှာသေက တိတ်ဆိတ်သွားပြန်သည်။ ဂူထဲမှာ ဘာသံမှ မကြားရတော့ချေ။ ဘယ်လောက်ကြာကြာ တိတ်ဆိတ်သွားမှန်းတောင် မသိပေ။ စိတ်မရှည်တော့ဘဲ သူဘာဖြစ်နေတာလဲလို့ မေးတော့မယ့် အခိုက် ခေါင်းတလား အဖုံးက ရုတ်တရက် ကြမ်းတမ်းစွာ လှုပ်ခါလာခဲ့သည်။
အဲဒီအခါမှာ အတွင်းမှ တုန်လှုပ် ချောက်ချားစရာ ကောင်းတဲ့ အေးစက်တဲ့ အသံတစ်ခု ထွက်ပေါ်လာလေ၏။ အဘိုးရဲ့ မှတ်စုထဲမှာ ရေးထားတဲ့ အသံနဲ့ အလွန်ဆင်တူပါသည်။ ၎င်းမှာ တကယ်ကို ဖားအော်သံလိုပင်။
တခွေမှာ ထိုအရာ မြင်တော့ အရမ်းထိတ်လန့်သွားပြီး ခြေထောက်တွေက ပျော့လာကာ မြေပြင်ပေါ်ထိုင်ချလိုက်မိသည်။ ဦးလေးသုံးကတော့ ဒီလိုကမ္ဘာကြီးကို မြင်တွေ့ခဲ့ဖူးတာကြောင့် သူ့ခြေထောက်တွေ လှုပ်ခါသွားပေမယ့် လဲကျမသွားချေ။
အသံကို ကြားပြီးနောက် မျက်နှာသေရဲ့ မျက်နှာက အလွန် အေးစက်သွားတော့သည်။ သူက ချက်ချင်း ဒူးထောက်လိုက်၏။ ဝူရှဲ့တို့လည်း မြန်မြန်ပဲ သင်ယူလိုက်ပြီး သူလုပ်တဲ့အတိုင်း ဒူးထောက်လိုက်ကြသည်။
မျက်နှာသေက ခေါင်းကို အနည်းငယ် မြှောက်ထားလျက် စာလုံးပေါင်း ရွတ်နေသကဲ့သို့ ထူးဆန်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဦးလေးသုံးမှာ အေးစက်စက် ချွေးတွေ တဖွဲဖွဲနဲ့ ကျလျက် တိုးတိုးလေး ပြောလိုက်သည်။
“သူနဲ့စကားပြောနေတာလား”
ကျောက်ခေါင်းတလားကြီးက နောက်ဆုံးတွင် တည်ငြိမ်သွားကာ တုန်ခါမှု ရပ်သွားခဲ့သည်။ မျက်နှာသေက ပြန်ထကာ ပြောလာခဲ့၏။
“မိုးမလင်းခင် ဒီကနေ ထွက်သွားရမယ်”
ဦးလေးသုံးက ချွေးတွေကို သုတ်လိုက်ပြီး
"အစ်ကိုလေး.... အခုနက ကျုံးကျီဘိုးဘေးကြီးနဲ့ ညှိနှိုင်းနေတာလား?"
မျက်နှာသေက
"ဒီနေရာက ဘာကိုမှ ထပ်မကိုင်နဲ့.... ဒီခေါင်းတလားထဲက သခင်က အရမ်း အစွမ်းထက်တယ်.... သူထွက်လာရင် ဒီထဲက ဘယ်တော့မှ ထွက်နိုင်တော့မှာ မဟုတ်ဘူး"
ဖန့်ကျစ်က ဘာဖြစ်နေမှန်း မသိသေးဘဲ ပြုံးပြုံးလေးနဲ့ မေးလာ၏။
"ဒီကအစ်ကိုလေး.... မင်း ခုနက ပြောခဲ့တာ နိုင်ငံခြား ဘာသာစကားလား?"
မျက်နှာသေက သူ့ကို လျစ်လျူရှုပြီး ခေါင်းတလား အနောက်ဘက်က လမ်းကြောင်းကို ညွှန်ပြလိုက်သည်။
"ညင်ညင်သာသာ သွား.... ခေါင်းတလားကို မထိနဲ့!"
ဦးလေးသုံးလည်း ခေါင်းညိတ်လိုက်သည်။ ရိုးရိုးသားသား ပြောရရင် သူတို့ဘေးမှာ ဒီလိုလူ ရှိနေတာကြောင့် သတ္တိတွေ အများကြီး တိုးလာခဲ့သည်။ ဦးလေးသုံးက အရင်ထွက်သွားကာ မျက်နှာသေက နောက်ဆုံးမှ လိုက်လာ၏။
တခွေတစ်ယောက် ခေါင်းတလား အနားက ဖြတ်ကျော်သွားတဲ့အခါ သူ့ကျောကို နံရံနဲ့ ဖိကပ်ထားပြီး ခေါင်းတလားနဲ့ ခပ်လှမ်းလှမ်းမှာ နေဖို့ အစွမ်းကုန် ကြိုးစားနေလေသည်။ သူ့ပုံစံက အရမ်းရယ်စရာ ကောင်းနေပေမယ့် ဒီအချိန်မှာတော့ ဘယ်သူမှ သူ့ကို ရယ်ဖို့ စိတ်မဝင်စားပါဘူး။
သင်္ချိုင်းဂူလမ်းသည် အောက်ဘက်သို့ စောင်းသွားကာ ကမ္ပည်းစာများနှင့် သင်္ချိုင်း၏ တစ်ဖက် တစ်ချက်စီတွင် ထွင်းထုထားသော ကျောက်စာများ ရှိသည်။ ၎င်းတို့ကို ကြည့်မိသော်လည်း ဆိုလိုရင်းကို နားမလည်ချေ။ အမှန်တော့ ဝူရှဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းမှာ ပါ၀င်နေတာကြောင့် ဒါတွေကို သုတေသနပြုပြီးရင် စကားလုံးတချို့ကို နားလည်နိုင်ပါသည်။
ဒါပေမဲ့ ဒီစကားလုံးတွေ အားလုံးကို နားလည်တယ် ဆိုရင်တောင် သတ်ပုံလုံးဝ မရှိတဲ့အတွက် အဓိပ္ပာယ်ကို နားလည်ဖို့ အရမ်းခက်ခဲပါလိမ့်မည်။ ရှေးကလူတွေက တိုတိုတုတ်တုတ်နဲ့ ကျွမ်းကျင်စွာ ပြောကြတတ်ကြသည်။
ဘုရင်တစ်ပါးက သူ့စစ်ရေးအကြံပေးကို မေးခွန်းတစ်ခု မေးခဲ့တာကို သွားသတိရမိသည်။ စစ်အကြံပေးက ခေါင်းညိတ်ပြီး ပြုံးပြီးပြောတဲ့စကားက "အမ်"။ ဘုရင်က ပြန်စဉ်းစားတယ်။ ဒါကို သဘောတူတာလား ကန့်ကွက်တာလားဆိုပြီး အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည်။
အလုပ်အလွန်အကျွံ ဖျားနာပြီး ဆုံးပါးခါနီးအချိန်ထိ စစ်ရေးအကြံပေး ပြောခဲ့တဲ့ စကားကို စဉ်းစားနေတုန်းပင်။ အဖြေကို ပြောပြဖို့ စစ်အကြံပေးကို မေးလိုက်တဲ့အခါ စစ်ရေးအကြံပေးက ရယ်ကာ “အမ်” ဟု ထပ်ပြောလေရာ ဧကရာဇ်မင်းလည်း ချက်ချင်းပဲ ကွယ်လွန်လေသည်။
ဦးလေးသုံးသည် အလွန်ဂရုတစိုက်ဖြင့် ခြေလှမ်း တစ်လှမ်းစီကို လှမ်းနေရာ အချိန်အတော် ကြာသွားခဲ့သည်။ မိုင်းတွင်းမီးအိမ်၏ အမှောင်ထုထဲ ထိုးဖောက် ဝင်ရောက်မှု စွမ်းအားမှာ အလွန်ပြင်းထန်ခြင်း မရှိပေ။ ရှေ့တွင် မှောင်နေပြီး နောက်တွင်လည်း မှောင်နေသည်။
ဤခံစားချက်သည် ရေလိုဏ်ဂူထဲတွင် ရှိစဉ်ကကဲ့သို့ပင်။ သိပ်အဆင်မပြေဘူးလို့ ခံစားရသည်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတဲ့အခါ ဥမင်လိုဏ်ခေါင်းက အပေါ်ကိုတက်သွား၏။ လမ်းတစ်ဝက်ကို ရောက်လာပြီ ဆိုတာ အားလုံး သိကြလေသည်။
အဲဒီအချိန်မှာ တွင်းတစ်တွင်းကို တွေ့လိုက်ရတာကြောင့် ဦးလေးကတော့ အံ့သြလို့ မဆုံး ဖြစ်သွားခဲ့သည်။ သူတို့အရင် တခြားတစ်ယောက်ယောက်က အရင်ဝင်လာတာ ဖြစ်နိုင်လို့ စစ်ဆေးဖို့ အလျင်အမြန် ပြေးသွားခဲ့သည်။
ဒီကျင်းကို တူးထားတာ မကြာသေးဘူး ဆိုတာ မြေကြီးကို ကြည့်ရုံနဲ့ကို သိနိုင်သည်။ သို့နှင့် ဝူရှဲ့လည်း ဦးလေးသုံးကို မေးကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လူတစ်စု ဒီတောင်ကြားထဲကို ဝင်လာတယ်လို့ အဘိုးကြီး ပြောသေးတယ်နော်... သူတို့ တူးထားတာများလား?"
“ဒါတော့ မပြောနိုင်ပေမယ့် တွင်းကို အလျင်စလို တူးထားတဲ့ပုံစံအရ အထဲကို ဝင်ဖို့ လုပ်ထားသလို မဟုတ်ဘဲ အပြင်ထွက်ဖို့ ပိုလုပ်ထားသလိုပဲ.... ငါတို့တကယ် ပစ္စည်း အလုခံလိုက်ရပြီ ထင်တယ်"
"စိတ်ဓာတ်မကျပါနဲ့ သခင်သုံးရယ်... သူတို့ပစ္စည်းကောင်းတွေ ရသွားရင်တော့ ဒီအတိုင်းပဲ ထွက်သွားမှာပဲလေ... ကြည့်ရတာ တစ်ခုခုတော့ ဖြစ်သွားမယ် ထင်တယ် ဘာပဲဖြစ်ဖြစ် ရတနာတွေက ဒီမှာရှိနေလောက်သေးတယ်"
ဖန့်ကျစ်က နှစ်သိမ့်လိုက်သည်။
ဦးလေးသုံးလည်း ခေါင်းညိတ်ပြီး ဆက်လျှောက်လာခဲ့ကြသည်။ သူတို့အတွက် တစ်စုံတစ်ယောက်က လမ်းဖောက်ပေးသွားပြီ ဆိုမှတော့ သူတို့ဖက်ကလည်း တုံ့နှေးနေလို့ မရတော့ဘူး။
အရှိန်မြှင့်ပြီး နောက်ထပ် ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ခဲ့ကြရာ ပိုထူထပ်တဲ့ စင်္ကြံလမ်း တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ ဒီအပိုင်းက သူတို့ ပထမဝင်လာခဲ့တဲ့ အခန်းထက် နှစ်ဆလောက် ပိုကျယ်ပြီး အလှဆင်တာက ပိုပြီးတော့ သပ်ရပ်သည်။
လက်ရှိနေရာက အဓိက သင်္ချိုင်းဧရိယာမှာ ရှိနေပုံရသည်။ စင်္ကြံ၏အောက်ခြေတွင် အလွန်ဖောက်ထွင်း မြင်ရသော ကျောက်စိမ်း တံခါးကြီးတစ်ခု ရှိလေသည်။ ယခုအခါ ကျယ်ပြောစွာပွင့်နေပေပြီ။ အတွင်းမှ တစ်စုံတစ်ယောက်က ၎င်းကိုဖွင့်ထားတာ ဖြစ်လိမ့်မည်။
ကျောက်စိမ်းတံခါးဘေးတွင် ဆာလောင်နေသော သရဲတစ္ဆေ နှစ်ကောင်လို ရုပ်တုရှိကာ တစ်ယောက်က လက်ထဲတွင် တစ္ဆေခြေသည်း တစ်ချောင်းကို ကိုင်ချက် ကျန်တစ်ယောက်က သူ့လက်ထဲတွင် တံဆိပ်တုံး တစ်ခုကို ကိုင်ဆောင်ထားကာ အားလုံးက အမှောင်အတိ ဖုံးနေသည်။
(ဘာသာပြန် - ချီလင်ကို တစ္ဆေလက်တွေ ဝိုင်းဆွဲထားတဲ့ ကျောက်စိမ်းတံဆိပ်တုံးတောင် သတိရသွားတယ်)
ဦးလေးသုံးမှ ကျောက်စိမ်းတံခါးကို စစ်ကြည့်တော့ အပေါ်က ယန္တရားဟာ ပျက်ဆီးထားတာကို တွေ့လိုက်ရသည်။ တံခါးပေါက်က အက်ကွဲရာကို ဖြတ်ဝင်သွားခဲ့ကာ အတွင်းပိုင်း နေရာက ကျယ်ပြီး မည်းမှောင်နေ၏။ မိုင်းတွင်းအလုပ်သမားရဲ့ မီးအိမ်ရဲ့ ပါဝါက မလုံလောက်လို့ အလင်းရောင် သိပ်မရချေ။
ဒါပေမဲ့ အားလုံး အကြမ်းဖျင်းတော့ ခန့်မှန်းမိနေပါပြီ။ ဒါက အဓိကသင်္ချိုင်း ဧရိယာ ဖြစ်နိုင်သည်။ ဖန့်ကျစ်က မိုင်းတွင်းမီးအိမ်နဲ့ ထွန်းရင်း အော်လာ၏။
"ဘာလို့ ခေါင်းတလားတွေ ဒီလောက်များနေတာလဲ?"
ခိုင်ခံ့တဲ့ အလင်းရင်းမြစ် မရှိရင် အုတ်ဂူထဲမှာရှိတဲ့ အရာတွေကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ခက်ခဲပေ။ ဝူရှဲ့ သူ့မျက်လုံးတွေကို သေချာဖွင့်ကာ သင်္ချိုင်းအလယ်မှာ ခေါင်းတလားတွေ အများကြီး ရှိနေတာကို တွေ့ရလေသည်။ ကြည့်လိုက်တာနဲ့ သေသေချာချာ စီချထားတာနဲ့ မတူဘဲ အစီအရင်တစ်ခုလို လုပ်ထားတယ်ဆိုတာ သိနိုင်သည်။
သင်္ချိုင်း၏ထိပ်တွင် ပုံမှန်ကျောက်ပြားများဖြင့် ကာရံထားသော နံရံဆေးရေး ပန်းချီများဖြင့် ခေါင်မိုးကြီး တစ်ခုလည်း ရှိသည်။ နားမလည်နိုင်သော လျှိုဝှက် စကားလုံးများဖြင့် ပြည့်ကျပ်နေ၏။ ဝူရှဲ့ မိုင်းတွင်းမီးခွက်ကို မြေပြင်မှာ ထားလိုက်သည်။
ဖန့်ကျစ်လည်း သူ့လက်ထဲက မီးအိမ်ကို သူတို့ ဖြတ်သွားခဲ့သည့် လမ်းကြောင်းအတိုင်း ကိုင်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် အုတ်ဂူဘေးတွင် နောက်ထပ် အခန်းနှစ်ခန်း ရှိနေတာကို တွေ့လိုက်ရသည်။
ဝူရှဲ့လည်း ဦးလေးသုံးနဲ့အတူ ကျွန်တော်သည် ပထမ နံရံသို့ လျှောက်သွားကာ မီးနဲ့ ထိုးကြည့်လိုက်သည်။ ဤခေါင်းတလားသည် သူတို့ပထမဆုံး ဖြတ်လာတုန်းက မြင်ခဲ့ရသည့် ခေါင်းတလားနှင့် လုံးဝ ကွဲပြားသည်။ ခေါင်းတလားပေါ်က စာတွေကို ကြည့်ပြီး ဝူရှဲ့ တစ်စိတ်တစ်ပိုင်းသာ နားလည်၏။
စာသားများသည် ခေါင်းတလား ပိုင်ရှင်၏ အသက်ကို ဖေါ်ပြထားခြင်း ဖြစ်ပေသည်။ ဤခေါင်းတလား ပိုင်ရှင်သည် လုတိုင်းပြည်၏ မင်းသားဖြစ်ကာ တစ္ဆေနက္ခတ်ဖြင့် မွေးဖွားလာသောကြောင့် မရဏတိုင်းပြည်မှ ယင်စစ်သားများကို ငှားရမ်းနိုင်သည်။
ထို့ကြောင့် တိုက်ပွဲတွင် ရန်သူက တွန်းလှန်နိုင်ခြင်း မရှိသဖြင့် ရန်သူတို့ လုပြည်ကို စစ်ရှုံးခဲ့သည်။ မြို့စားက သူ့အား မင်းသားလုရှန်ဘွဲ့ ပေးအပ်ခဲ့သည်။ တစ်နေ့တွင် လုရှန်သည် မြို့စားကို ရုတ်တရက် တွေ့ရန် တောင်းဆိုခဲ့သည်။
မရဏပြည်မှ တပ်များကို နှစ်ပေါင်းများစွာ ချေးယူခဲ့သောကြောင့် ယခုတွင် မြေကြီးအောက်၌ ပုန်ကန်နေသော တစ္ဆေ ကလေးတစ်ယောက်ရှိ၍ မြေအောက်သခင်ကို ကျေးဇူးဆပ်ရန် မြေအောက်ကမ္ဘာသို့ ပြန်သွားရမည်။ (မူရင်းစာသား၌ ထိုသို့ရေးသားထားခြင်း မဟုတ်ပေ)
ထိုအခါ မြို့စားသည် ချက်ချင်းပင် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ပေးပြီး မင်းသားလုရှန်လည်း ကွယ်လွန်သွားခဲ့သည်။
လုမြို့စားက သူပြန်လာမယ်လို့ တွေးထားတာကြောင့် သူ့အလောင်းကို ထိန်းသိမ်းထားဖို့ ဒီမြေအောက်နန်းတော်ကို တည်ထောင်ခဲ့ပြီး သူပြန်လာတဲ့အခါ သူ့ကို ဆက်ပြီး အစေခံနိုင်ဖို့ မျှော်လင့်နေ၏။
သူတိုက်ခိုက်ခဲ့သော တိုက်ပွဲများ အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ အားလုံးနီးပါးက သူ၏ တစ္ဆေတံဆိပ်တုံးကို ထွန်းညှိလိုက်သည်နှင့် တပြိုင်နက် ဆိုးသွမ်းသော စစ်သည်အများအပြားသည် မြေအောက်မှ ထွက်လာကြပြီး လူတို့၏ အသက်ဝိညာဉ်များကို ခိုးယူသွားကြသည်ဟု ဆိုထားသည်။
ဝူရှဲ့ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဖန့်ကျစ်က သက်ပြင်းချလိုက်ကာ
"ဒီလောက်တောင် အစွမ်းထက်တယ်လား... ကံမကောင်းစွာပဲ သူ စောစောစီးစီး သေသွားခဲ့တယ်.... မဟုတ်ရင် လုတိုင်းပြည်က ခြောက်နိုင်ငံကို ပေါင်းစည်းထားတဲ့ နိုင်ငံ ဖြစ်သွားလိမ့်မယ်"
ဝူရှဲ့ ရယ်ချလိုက်မိသည်။
"ဒါက သိပ်မသေချာပါဘူး.... ရှေးခေတ်က လူတွေက ကြွားလုံးထုတ်တတ်ကြတယ်.... ဘုရင်လုရှန်က ယင်ဓာတ်ရှိတဲ့ စစ်သားတွေကို ငှားနိုင်တယ်.... ချီတိုင်းပြည်မှာလည်း ကောင်းကင်က စစ်သားတွေ ငှားနိုင်တယ်.... တောင်တန်းနဲ့ပင်လယ် ဂန္တာဝင်စာအုပ်ကို ခင်ဗျား ဖတ်ဖူးတယ်မလား?"
"ဘာပဲဖြစ်ဖြစ်... အခု ငါတို့က ဘယ်သူ့သင်္ချိုင်းကို ဖွင့်ဖြစ်တယ် ဆိုတာကို နောက်ဆုံးတော့ သိရပြီမလား? ဒါပေမဲ့ ဒီမှာ ခေါင်းတလားတွေ အများကြီး ရှိတာ ဘယ်ဟာက သူ့ခေါင်းတလားလဲ?"
ဖန့်ကျစ်က မေးလိုက်သည်။
တခြား ခေါင်းတလား အများအပြားကို လှည့်ကြည့်သည်။ အကုန်လုံးက ပုံသဏ္ဌာန်နဲ့ အရွယ်အစားတွေ တူညီကြပြီး ရေတွက်ကြည့်ရာ စုစုပေါင်း ခုနစ်ခုရှိကြောင်း တွေ့ရှိလိုက်သည်။ ခေါင်းတလား၇ခုက ခုနှစ်စင်ကြယ်ကို ရည်ညွှန်းလေသည်။
ဝူရှဲ့ သူနားမလည်တဲ့ နံရံပေါ်က စာလုံးတချို့ကို လေ့လာနေတုန်းမှာပဲ တခွေက ထအော်လာ၏။
"ကြည့်စမ်း.... ဒီခေါင်းတလားက ပွင့်နေတယ်"
လှမ်းကြည့်လိုက်တော့ တကယ် ပွင့်နေတာကို တွေ့ရလေသည်။ ခေါင်းတလားအဖုံးက ခေါင်းတလားနဲ့ လုံး၀ အလုံပိတ်ထားတာ မဟုတ်ဘဲ ခေါင်းတလားပေါ်က နေရာ အတော်များများမှာ ဖွင့်ထားတဲ့ သဲလွန်စတွေ ရှိနေသည်။
ဦးလေးသုံးသည် လွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုဆိ၍ ခေါင်းတလား အဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ အတွင်းဘက်ကို အလင်းရောင် ဝင်သွားတဲ့အချိန် ဖန့်ကျစ်ရဒ့ ထူးဆန်းသော အသံကြောင့် အားလုံး စိတ်ရှုပ်ထွေးစွာ ပြေးလာကြည့်ကြ၏။
"ဘာလို့အထဲမှာ နိုင်ငံခြားသားက ရှိနေတာလဲ?"
တစ်ချက် ကြည့်လိုက်တော့ အထဲမှာ နိုင်ငံခြားသား တစ်ယောက် တကယ်ရှိနေတာကို တွေ့လိုက်ရသည်။ သူလည်း နိုင်ငံခြားသား တစ်ယောက် ဆိုပေမယ့် အလောင်းကို ကြည့်ရတာ သေသွားတာ တစ်ပတ်တောင် မပြည့်သေးပုံပင်။
ဖန့်ကျစ် ထိုလူအား ဆွဲကြည့်မည်အလုပ် မျက်နှာသေက သူ့ပခုံးကို ဆုပ်ကိုင်လိုက်၏။ ပြင်းထန်စွာ အင်အားသုံးထားပုံ ရတာကြောင့် နာကျင်လွန်းသဖြင့် ဖန့်ကျစ်မှာ မဲ့ပြုံးကြီး ပြုံးနေရလေသည်။
"မလှုပ်နဲ့.... ခေါင်းတလားသခင်က သူ့အောက်မှာ"
အနီးကပ် ကြည့်လိုက်တော့ နိုင်ငံခြားသားအလောင်းရဲ့ အောက်မှာ အလောင်း တစ်လောင်းရှိနေ၏။ ဘယ်လိုပုံစံလဲ ဆိုတာ မမြင်ရဘူး။ ဦးလေးသုံးက မြည်းနက်ခွာကို ထုတ်ယူလိုက်ပြီး
“ဒါက လူမည်းဖြစ်နိုင်တယ်..."
အဲဒီအချိန်မှာ တခွေက ဝူရှဲ့ အဝတ်တွေကို အနောက်ကနေ ဆွဲပြီး ဘေးကို အသာလေး ဆွဲထုတ်လိုက်သည်။
သူက ပုံမှန်အချိန်တွေမှာ အတော်လေး ရွှင်လန်းနေပေမယ့် အခုတော့ ထူးထူးဆန်းဆန်း ဖြစ်နေသည်။ ဝူရှဲ့လည်း ဘာမှားနေလဲလို့ မေးလိုက့တော့ သူက နံရံပေါ်က မိုင်းတွင်းမီးအိမ်ကနေ ထိုးကျနေတဲ့ သူတို့ရဲ့ အရိပ်ကို ညွှန်ပြပြီး
“ကြည့်.... အဲဒါ မင်းရဲ့ အရိပ်ပဲမလား?”
ဝူရှဲ့လည်း ဒေါသတကြီးနဲ့
"ဘာလို့ အရိပ်တွေတောင် ကြောက်နေတာလဲ"
တခွေ အမူအရာက သိပ်မကောင်းချေ။ သူပြောတာကို ကြားတော့ တခွေပါးစပ်က တုန်ရီလာ၏။ သူ့ခမျာ စကားမပြောနိုင်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်းကာ အရိပ်များကို ညွှန်ပြပြီး
"ဒါက ငါ့ဟာ.... အဲဒါဖန့်ကျစ်နဲ့ သခင်သုံး... ဒါက အစ်ကိုလေး... မင်းတွေ့ပြီမလား? မင်းနဲ့ပေါင်းမှ စုစုပေါင်း ငါးယောက်ပဲ ဟုတ်တယ်မလား?"
ဝူရှဲ့လည်း ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေ့လိုက်ရတာကြောင့် တခွေလိုပဲ တံတွေး မျိုချလိုက်မိသည်။ တခွေက သူတို့နဲ့ အတူပေါ်ပေမယ့် သူတို့နဲ့မဆိုင်တဲ့ ထူးဆန်းတဲ့အရိပ်ကို ညွှန်ပြပြီး ငိုလုမတတ် ပြောလာခဲ့သည်။
"အဲဒါက ဘယ်သူ့အရိပ်လဲ?"