(16)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (16)

လက်ကလေးတစ်ဖက်



ဝူရှဲ့သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှေးဟောင်း ပစ္စည်း ပွတ်တိုက်သန့်စင်ခြင်း လုပ်ငန်းမှ လူများကို ကြည့်ရှုခြင်းတွင် အတွေ့အကြုံများစွာ စုဆောင်း ရရှိခဲ့သည်။ ထိုလုပ်ငန်းသည် သူ့မျက်လုံးကို အကောင်းဆုံးစမ်းသပ်ပေး​လေသည်။


မျက်လုံးဖြင့် အရာဝတ္ထုနှင့် လူကို မြင်နိုင်ရန် လိုအပ်သည်။ ဒီလိုလူမျိုးဆီက သတင်း အချက်အလက်တွေ တောင်းတဲ့အခါ သူ့စကားကို ဝင်နှောင့်ယှက်တာထက် မယုံသလို ယောင်ဆောင်တာက ပိုကောင်းတာကြောင့် သူက ပြောလိုက်သည်။


“မင်းပြောတာက တစ်ခုခု လိုနေသလိုပဲ.... မင်းတကယ်သိရင် မင်းဒီမှာ ဒီဂူသင်္ချိုင်းထဲမှာ ခေါင်းမပါတဲ့ သရဲ တစ်ကောင်လို လုပ်နေသေးလဲ?"


မျှော်လင့်ထားသလိုပဲ ဖက်တီးက ဝူရှဲ့မျက်နှာကို ဓာတ်မီးနဲ့ ထိုးလိုက်ပြီး 


"မင်းငါ့ကို မယုံသေးဘူးလား? ကောင်လေး ဖန့်ယဲငါက ဒီကို မလာခင် တစ်လကျော်လောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာ.... ဒီဘုရင်လုရှန် ဆိုတာဘာလဲ မင်းသိလား? ယင်စစ်သားတွေကို ချေးငှားတာ ဘယ်လိုဖြစ်တာလဲ သိလား? တစ္ဆေတံဆိပ်တုံးက ဘာလဲ မင်းသိလား?"


ဝူရှဲ့ စကား ပြန်မပြောဖြစ်တာကို မြင်တော့ သူက ဂုဏ်ယူစွာနဲ့ ပြုံးပြီး 


"ငါမင်းကို ပြောပြမယ်.... အဲဒီဘုရင်လုရှန်က နာမည်ကသာ နားထောင်လို့ ကောင်းတာ တကယ်တော့ သူက စစ်သူ​ကြီး တစ်ယောက်လိုပဲ... ပြီးတော့ ရှင်းရှင်းပြောရရင် သူက ငါတို့လိုပဲ ဂူဖောက်သူတစ်ယောက်"


ဦးလေးသုံးကလည်း အလားတူ စကားမျိုး ပြောခဲ့တာကို ရုတ်တရက် သတိရမိပေမဲ့ သူတို့ ဘယ်လို အဖြေရှာခဲ့လဲဆိုတာ နားမလည်နိုင်သေးဘူး။ ဖက်တီးက ဆက်ပြောလေသည်။


"ဒါပေမယ့် သူတို့က ငါတို့ထက် သာတယ်ကွ... ငါတို့ကို အနိုင်ယူပြီး ဂူဖောက်နိုင်တဲ့ ဂူဖောက်ဘုရင်တွေပဲ... ပိုးထည်စာအုပ်ထဲက မှတ်တမ်းတွေအရ ဘုရင်လုရှန်ရဲ့ တပ်ဖွဲ့ဝင် အများစုက နေ့ဘက်မှာ အနားယူပြီး ညဘက်မှာ ချီတက်ကြပြီး မကြာခဏဆိုသလို စစ်တပ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်နေရာမှာ ရုတ်တရက် ပေါ်လာတတ်တယ်... သူတို့ သွားရောက်လည်ပတ်တဲ့ နေရာတွေက ခဏခဏဆိုသလို 'သင်္ချိုင်းအပျက်အစီး' ရှိတဲ့နေရာတွေ ဆိုတော့ ယင်စစ်သားအားလုံး ပေါ်ပေါက်လာတာလို့ ပြောကြတာပေါ့... ရုပ်ဝါဒီ တော်လှန်ရေးသမားတွေ ရှိတဲ့ ဒီကမ္ဘာပေါ်မှာ ယင်စစ်သားတွေကို ခေါ်ယူနိုင်တဲ့ ပစ္စည်းက ဘယ်နားကရှိမှာလဲ? သင်္ချိုင်းတွင်းတူးပြီး သင်္ချိုင်း မြေဆီလွှာတွေကို တစ်ယောက်ယောက်က တွေ့သွားတဲ့အခါ ဘုရင်လုရှန်က သင်္ချိုင်းပိုင်ရှင်ရဲ့ ဝိညာဉ်တွေနဲ့ ယင်စစ်သားတွေကို ချေးငှားခဲ့တယ်ဆိုတဲ့ စိတ်ကူးက နေရာတိုင်းမှာ ပျံ့နှံ့သွားတာ... အဲဲဒီအချိန်တုန်းက ဒီအကြောင်းကို အရမ်း အယူသီးကြလို့ နောက်ပိုင်းကျတော့ အံ့ဖွယ်နည်းတွေနဲ့ ရေပန်းစားလာခဲ့တာ"


ဝူရှဲ့ သိပ်မယုံသလို ပြန်ပြောလိုက်သည်။


"ဒီအချက်အလက်ပေါ် အခြေခံပြီး ဒီလို ကောက်ချက်ဆွဲထားမှတော့ မင်းတို့ထင်သလို ဟုတ်ပါ့မလား?"


ဖက်တီးက နှောင့်ယှက်ခဲ့ခြင်းအတွက် အပြစ်တင်သလို ဝူရှဲ့အား ကြည့်လိုက်ကာ။


“ဒါက ဒီအထောက်အထားလေးတွေ ဆိုတာထက် အများကြီး ပိုတယ်ကွ! တိုက်ရိုက် အထောက်အထားကတော့ သမိုင်း မှတ်တမ်းတွေအရဆို ဒီခုနစ်စင်ကြယ် ခေါင်းတလားကို သင်္ချိုင်းဓားပြတွေက ပထမဆုံး အသုံးပြုခဲ့တာ... မရေမတွက်နိုင်တဲ့ သင်္ချိုင်းတွေကို လုယက်ခဲ့တော့ သူတို့သေရင် တန်ပြန်ခံစားရမှာ ကြောက်နေကြလို့ သူတို့ အတွေ့အကြုံတွေကို သုံးပြီး ဒီခေါင်းတလားတွေကို လုပ်ခဲ့တာ... သင်္ချိုင်းဖောက်သူတွေကို တုံ့ဆိုင်းစေပြီး ဆက်မလှုပ်ရှား နိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်းမက ပင်မခေါင်းတလား တစ်ခုကလွဲလို့ ကျန်တဲ့ ခေါင်းတလား ၆ခုကို မှားဖွင့်ရင် သေခြင်းတရားက လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး.... အထဲမှာ စက်ယန္တရား ဒါမှမဟုတ် စုန်းအတတ်ကို ရေးဆွဲထားတာ... စုန့် မင်းဆက်ပြီးနောက် အရည်အချင်းရှိပြီး ထက်မြတ်တဲ့ လူတချို့က ဒီအခြေအနေကို တဖြည်းဖြည်း ဖြေရှင်းလာခဲ့တာပဲ....ဒါကိုရှေ့ဆက် ဒီဇိုင်းဆွဲဖို့က အရှက်ရစရာ အလုပ်တစ်ခုကနေ ဆင်းသက်လာပြီး သာမန်လူတွေက ကံမကောင်းဘူးလို့ ထင်နေကြတယ်လေ... ပြီးတော့ သင်္ချိုင်းတစ်ခုတည်းမှာ ခေါင်းတလား ခုနစ်ခုထည့်ထားတာက အရမ်း ဖြုန်းတီးရာ ကျတယ်မလား?"


ဝူရှဲ့မှာ ဒီဖက်တီးမှာ ဒီလောက် လေးနက်တဲ့ ဗဟုသုတတွေ ရှိလိမ့်မယ်လို့ မမျှော်လင့်ထားမိချေ။ သူ မလေးစားဘဲတော့ မနေနိုင်လိုက်။ ဖက်ဆီး စကားမဆုံးသေးဘူးလို့ ထင်မိတဲ့အတွက် မေးလိုက်သည်။


"မင်းပြောတဲ့အတိုင်း ဘယ်ဟာက ပင်မခေါင်းတလားလဲ ဆိုတာ ပြောပြနိုင်တဲ့ နည်းလမ်းရှိလား?"


ဖက်တီးက သူ့ပုခုံးကို ပုတ်လာ၏။ သူ့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားတာကို တွေ့ရတော့ အရမ်းဂုဏ်ယူသွားပုံဖြင့်။


“ကောင်လေး... မင်းတော်တော်လေး စိတ်အားထက်သန်သားပဲ သင်ယူတာကောင်းတယ်... သေချာနားထောင်... ဒီအရာတွေကို ပိုင်းခြားတတ်ဖို့ လိုတယ်... ​ခုနှစ်စင်ကြယ်ခေါင်းတလားထဲမှာ ဘယ်ဟာက ပင်မခေါင်တလားလဲ ဆိုတာ ဖြေရှင်းဖို့ နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး.... ဒါပေမဲ့ ငါတို့မှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိရမယ်... လူတော်တော်များများက ခုနှစ်စင်ကြယ် ခေါင်းတလားကို တွေ့ရင် စိတ်ဆန္ဒအလျောက် အကြိမ်အနည်းငယ် ဂါဝရပြုပြီး ထွက်သွားကြမှာ... ဘိုးဘေးတွေ သူတို့ကို အပြစ်မတင်ကြအောင်ပေါ့....စစ်ပွဲကြီးကာလ အတွင်း တောင်ပေါ်က ပြောင်းရွှေ့လာတဲ့ တာအိုဘုန်းကြီး တချို့မှာ စားစရာမရှိ၊ အဝတ်အစားမရှိနဲ့...တခြားနည်းလမ်း မရှိလို့ နောက်ဆုံးတော့ စည်းကမ်းတွေကို ဖောက်ဖျက်လိုက်ရတာပဲ.... အဲဒီအချိန်မှာ ပညာရှင်တစ်ယောက်က ခေါင်းတလားရဲ့ ထောင့်ကို စောင်းဖို့ ကြိုးနှစ်ချောင်းကို သုံးပြီး ဖောက်တဲ့ နည်းလမ်းတစ်ခုကို ထွင်ခဲ့တယ်... ခေါင်းတလားရဲ့ အောက်ခြေမှာ အပေါက် သေးသေးလေး ရှိတယ်။ အပေါက်ထဲကို ထိုးဖောက်ဖို့ သံချိတ်ကိုသုံးပြီး ကြည့်လို့ရတယ် ဒီနည်းနဲ့ ခေါင်းတလားထဲမှာ ဘာတွေပါလဲ ဆိုတာ မင်း ဆုံးဖြတ်နိုင်တယ်"


ဝူရှဲ့ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သင်္ချိုင်းဓားပြတွေနဲ့ ဒီဇိုင်နာတွေကြားက ဉာဏ်ပညာတိုက်ပွဲဟာ စာအုပ်တစ်အုပ်ကို တကယ်ပဲ ရေးထုတ်နိုင်ခဲ့လေသည်။ ရုတ်တရက် ဖက်တီးက သူ့အနားကို တိုးတိုးတိတ်တိတ် ရောက်လာကာ။


"ဒါပေမဲ့ ဒီမှာက ကျောက်ခေါင်းတလား ၇ခု ရှိတယ်... ၇ခုလုံးက အတုဖြစ်နေမှာ ကြောက်ရတယ်... ဒီဘုရင်လုရှန်ရဲ့ ဂူသင်္ချိုင်းကလည်း အတုအယောင် ဖြစ်​နေမှာကိုတောင် ကြောက်ရတယ်”


သူက သူတို့ပြုတ်ကျလာတဲ့ နေရာကနေ ဘာကောင်မှ ထွက်မလာဘူး ဆိုတာကို သိဖို့ သူ့ဝံပုလွေမျက်လုံးတွေနဲ့ ကျောက်လမ်းကို ငုံ့ကြည့်လိုက်ပြီး ဆက်ပြေလေ၏။


“အစကတော့ ဒါကို ရှင်းမပြနိုင်ပေမယ့် အဲဒီကျောက်တုံး လမ်းဝင်္ကပါထဲကို ရောက်သွားတဲ့အချိန်မှာ ဒါက အနောက် ကျိုးဂူသင်္ချိုင်းဆိုတာ ရုတ်တရက် သိလိုက်ရတာ” 


ဝူရှဲ့လည်း အံ့ဩသွားကာ။


“ဒါက လက်သမားဆရာတွေ သူတို့လွတ်မြောက်ဖို့ တူးထားတဲ့ ဥမင်မဟုတ်ဘူးလား?”


အဲဒီအချိန်မှာ ဖန့်ကျစ်ကလည်း ဝင်ပြောလာ၏။ 


"ငါစောစောက မင်းကိုပြောပါတယ်.... ဒါက ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်တဲ့ ဝင်္ကပါ ပါလို့.... အလုပ်သမားတွေက သူတို့ လွတ်ရာလမ်းကို တူးနေတာ မင်းမြင်ဖူးလို့လား? ဘယ်သူက ဒီလောက် စိတ်ဝင်စားနေမှာလဲ?" 


ဝူရှဲ့ အံ့သြသွားသည်။ သူ တစ်ခုခုကို တွေးနေပုံပေါ်သော်လည်း စိတ်ပဲ ရှုပ်ထွေးလာခဲ့သည်။ သူ့ခမျာ အဓိကအချက်ကို နားမလည်နိုင်ခဲ့ဘဲ။


"တစ်ယောက်ယောက်က တခြားတစ်ယောက်ရဲ့ သင်္ချိုင်းထိပ်မှာ ကိုယ့်သင်္ချိုင်းကို ဘယ်လိုလုပ် တည်ဆောက်နိုင်မလဲ? ဒါက သူတို့ရဲ့သားစဉ်မြေးဆက်တွေကို မျိုးဖြတ်ပစ်ချင်တာကြောင့် များလား?"


ဖက်တီး သူ့ပါးစပ်ကို ပွတ်သပ်ရင်း ပြောလာ၏။


"မင်းလည်း ဂူသင်္ချိုင်းဖောက်တဲ့သူပဲ... ဖုန်းရွှေဆိုတဲ့ စကားလုံးကို ထုံးစံအတိုင်း ကြားဖူးမှာပါ... ငါတို့လို ဂူဖောက်သူတွေက အထင်သေး အခံရဆုံးပဲ... ဖုန်းရွှေက ငါတို့ကို ပြန်တိုက်ဖို့ လမ်းပြတာကလွဲရင် တခြားအသုံးဝင်တဲ့ နေရာ ဘယ်မှာရှိလဲ ငါတကယ် စဥ်းစားလို့ မရဘူး... ဖုန်းရွှေက ပညာရပ်တစ်ခု ဆိုပေမယ့် ရှေးလူကြီးတွေရဲ့ အသိပညာနဲ့ လူသေတွေရဲ့ အသိပညာပဲ.... ငါတို့လို ဆိုရှယ်လစ်လူငယ်တွေနဲ့ ဘာမှမဆိုင်ပါဘူး” 


ဖက်တီးက သူ့ရင်ဘတ်ကို ပုတ်ရင်း အားရပါးရ ပြောပြနေသည်။


"ဒါ့အပြင် ဒါက တခြားသူရဲ့ ဂူသင်္ချိုင်းမှာ ကိုယ့်ကိုယ်ကို လာမြှုပ်ထားသလိုပဲ... ဖုန်းရွှေမှာ ဆိုရိုးစကား တစ်ခုရှိတယ်.... အဲဒါကို ဘယ်လိုခေါ်ပါလိမ့်... ဘယ်လိုခေါ်ပါလိမ့်... နဂါးအမှတ်ရှာဖွေခြင်း ဆိုလား? အဲ့နာမည်နဲ့တူတယ်.... ဒီအပေါ်ယံ နာမည်တွေကို ထားလိုက်ရအောင်... ဘာပဲဖြစ်ဖြစ် တခြားတစ်ယောက်ယောက်ရဲ့ သင်္ချိုင်းမှာ နောက်တစ်ယောက်ကို သင်္ဂြိုဟ်ထားတာပဲ... ဒီမှာ ဂဏန်းဗေဒင်နဲ့ ပုံစံက သင့်လျော်သရွေ့တော့ ဖြစ်နိုင်တာမို့ ဘုရင်လုရှန်ရဲ့ ရုပ်အလောင်းကို အနောက် ကျိုအုတ်ဂူမှာ ဝှက်ထားရမှာ ဖြစ်ရမယ်... လုံးဝ အမှား မရှိနိုင်ဘူး!"


သူပြောတာကို ကြားတော့ ဖန့်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး 


"ဘာလဲ မင်းလို ဝက်ဝံကြီးကလည်း ဖုန်းရွှေကို နားလည်တယ်ပေါ့?"


ဖက်တီးက ဒေါသတကြီးဖြင့်။


"ဘာနားလည်တာ နားမလည်တာလဲ? ငါ နားမလည်ရင် ဒီလောက် အများကြီးကို ဘယ်လိုလုပ် သိနိုင်မှာလဲ?" 


ဖန့်ကျစ်မှာ ရယ်ချင်ပေမယ့် ရယ်လိုက်တဲ့အခါ ဒဏ်ရာက နာကျင်သွားတာကြောင့် ဗိုက်ကို အသာဖိထားရသည်။


"ဟင့်... ဒီအဓိပ္ပာယ် မရှိတာတွေကို မင်းဘယ်နားက ကြားလာမှန်းတော့ ငါမသိဘူး.... မင်းဖုန်းရွှေကို တကယ်သိရင် ငါတို့ကို ဒီဝင်္ကပါထဲကနေ ထွက်နိုင်အောင် လုပ်ပေးပါ့လား?"


ဖန့်ကျစ် ပြောတာကို ကြားတော့ ဝူရှဲ့လည်း တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။ 


"ဟုတ်သားပဲ! ခင်ဗျားတို့ အစောတုန်းက ကျွန်တော့်ကို ထားခဲ့ပြီး ထွက်ပြေးသွားတာလား? ကျွန်တော် သေလောက်အောင် ကြောက်သွားတာ သိရဲ့လား? ဦးလေးသုံးနဲ့ တခြားသူတွေ ဘယ်မှာလဲ?"


ဖန့်ကျစ်က ခက်ခက်ခဲခဲဖြင့် သူ့ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ရင်း ပြောလာခဲ့သည်။


"ငါလည်း သေချာမသိဘူး.... အဲဒီအချိန်တုန်းက အစ်ကိုလေး ဒီဖက်တီးစုတ်နောက် လိုက်သွားတော့ ငါလည်း လိုက်သွားခဲ့တာ... သခင်သုံးက မလိုက်ဖို့ တားပေမယ့် ဒီကောင်လေး ငါတို့ကိုတွေ့တာနဲ့ ထွက်ပြေးသွားတာ ဆိုတော့ သူ့မှာ အရေးကြီးတာ တစ်ခုရှိရမယ်လို့ ငါထင်ခဲ့တာ... ဒီကောင်လေးက ငါတို့နဲ့မတူတဲ့ ရည်ရွယ်ချက် တစ်ခုနဲ့လာနေတာလို့ ငါအမြဲတမ်း ခံစား​နေရတယ်.... ဒါနဲ့ပဲ သူ့နောက်ကို လိုက်သွားခဲ့တာ... "


ဖန့်ကျစ်က မျက်မှောင်ကြုတ်ပြီး ရှုပ်ယှက်ခတ်စွာ ပြောပြသည်။


“ငါ မိနစ်အနည်းငယ်လောက် ပြေးသွား​ပြီးတော့ ငါ့ရှေ့မှာ သင်္ချိုင်းလမ်းကြားထဲမှာ တစ်ခုခုကို ရုတ်တရက် တွေ့လိုက်ရတယ်.... မီးကိုယူပြီး ထွန်းလိုက်တော့ အဲဒီပစ္စည်းက ချက်ချင်း ပျောက်သွားရော... နည်းနည်း စိတ်လှုပ်ရှားနေတော့ အဲဒီနေရာကို လျှောက်သွားလိုက်တယ် ဒီအချိန်မှာ ကျောက်တုံးတွေ ကြားထဲမှာ လူတစ်ယောက်ရဲ့ လက်ငါးချောင်းလို ပုံစံလိုဟာကြီး ညှပ်နေတာ တွေ့လိုက်ရတာပဲ”


ဖက်တီးမှာ လန့်ဖျပ်သွားပြီး တစ်ခုခု ပြောချင်သလို ပါးစပ်လှုပ်သွားသော်လည်း နောက်ဆုံးတွင် ဘာသံမှ ထွက်မလာခဲ့ပေ။


ဖန့်ကျစ်က အဲဒီ့အချိန်ရဲ့ အသေးစိတ် အချက်အလက် အားလုံးကို ပြန်ပြောပြလေသည်။


"ဒါနဲ့ ငါလည်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်... သိချင်စိတ်ဆိုတာ ထိန်းချုပ်လို့ မရဘူးဆိုတာ မင်းလည်း သိပါတယ်.... အခု ပြန်စဉ်းစားကြည့်တော့... တကယ် ကြောက်စရာ ကောင်းလွန်းတယ်... အဲဒီလက်က ရုတ်တရက် ပြေးထွက်လာပြီး ငါ့လည်ပင်းကို ညှစ်လာမယ်လို့ တကယ် မမျှော်လင့်ထားဘူး.... သူ့အားကအရမ်းပြင်းလွန်းလို့ အကြပ်ရှူတောင် ကြပ်တယ် အဲဒီအချိန်တုန်းက ငါဘာလုပ်ရမှန်း မသိဘူး... ကံကောင်းချင်တော့ ငါ့မှာ ဓားမြောင်တစ်လတ် ပါလာခဲ့တယ်လေ... ငါလက်တစ်ဖက်နဲ့ အဲဒီလက်ကို ဖြတ်ဖို့ကြိုးစားရင်း ခြေထောက်တွေနဲ့လည်း နံရံကို ပိတ်ကန်လိုက်တယ်.... အဲဒီလက်ကောက်ဝတ်က ကြောက်ခမန်းလိလိ ပါးလွှာပြီး လက်ချောင်းတွေထက် နည်းနည်းပဲ ပိုထူတယ်ကွ.... သူ့အားတွေကို ဘယ်က ရလာမှန်း မသိဘူး ငါဓားနဲ့ ဖြတ်လိုက်တော့မှ နံရံက အက်ကွဲကြောင်းထဲ ပြန်ဆုတ်သွားတာ” 


ဖန့်ကျစ်က သူ့လည်ပင်းကို ထိလိုက်ကာ 


“ဒီနံရံရဲ့ နောက်ကွယ်မှာ ထူးဆန်းတာတွေ ရှိမယ် ထင်တာပဲ.... အဲဒါကို စစ်ဆေးကြည့်ဖို့ နံရံကို ဘယ်လက်နဲ့ ခေါက်ပြီး ညာလက်နဲ့လည်း လျှောက်ထိကြည့်တာ ရုတ်တရက် ဘာကို သွားထိမိလိုက်လဲ မသိဘူး.... တစ်ကိုယ်လုံး ပြုတ်ကျသွားတယ်! အဲဒီကနေ ပြုတ်ကျပြီး အခန်းထဲမှာ ကျောက်လမ်းကြားကို တွေ့ခဲ့တယ်.... ကံကောင်းတော့ ငါ့ခန္ဓာကိုယ်က ဒဏ်ရာ သိပ်မရသွားဘူး... အချိန်အတော်ကြာအောင် သွားပြီး နောက်ဆုံးတော့ ခုန်ချနိုင်လိုက်တယ်... မဟုတ်ရင် သခင်၃နဲ့ ဘယ်အချိန်ကျမှ ပြန်တွေ့ရမလဲ မသိတော့ဘူး"


“ဒါဆို ဦးလေးသုံးနဲ့ တခြားသူတွေ ဘယ်ရောက်နေလဲ မသိဘူးပေါ့....” 


ဝူရှဲ့ သက်ပြင်းချလိုက်သည်။ ဖန့်ကျစ်လည်း ဦးလေးသုံးနဲ့ တခြားသူတွေ ပျောက်နေတာကိို လိုက်ရတော့ အရမ်းစိုးရိမ်နေပုံရ၏။ ဝူရှဲ့ ဖက်တီးဘက်ကို လှည့်ပြီး မေးလိုက်သည်။


"ဖက်တီးစုတ်.... မင်းကရော ဘယ်လိုလုပ် ဆင်းလာတာလဲ? အမှန်အတိုင်း ပြောစမ်း.... မင်း ဒီတစ္ဆေကောင်ကို နှိုးလိုက်တာမလား?" 


"ဟေး နင် ပြောချင်တာက ငါက မင်းတို့ထက်စာရင် တော်သေးတယ်ပေါ့လေ... အဲဒီနေရာကို ပြေးသွားတော့ ဘယ်နားက ပေါ်လာမှန်းမသိတဲ့ အဘိုးကြီးက အဲဒီမကောင်းဆိုးဝါးကို ခေါ်ထုတ်ပြီးနေပြီ... ငါ့နောက်က လိုက်လာတဲ့ အဲဒီကောင်လေးလည်း မြင်တယ်... ငါလည်း လှည့်ပြီး ထွက်ပြေးလာရတာ... ငါ့ခွန်အားနဲ့ အဲဒီမကောင်းဆိုးဝါးကို တိုက်ရမယ်ဆိုရင် နိုင်ဖို့ မဖြစ်နိုင်ဘူး.... ခဏကြာကြာ ပြေးပြီးတော့ အဲဒီအစ်ကိုလေး ဆိုတဲ့လူက ငါ့ရှေ့မှာ ရပ်ပြီး ဘာဖြစ်တာလဲ နားမလည်ခင် နံရံကို ကန်ပစ်လိုက်တာ ငါပြုတ်ကျလာတာပဲ..သူငါ့ကိုကယ်မယ်လို့ ထင်ခဲ့တာ.... ဒါပေမယ့် မဟုတ်ဘူးဟေ.... အောက်မှာ ပိုးကောင်တွေ အများကြီး ရှိနေမယ်လို့ ငါလည်း ဘယ်ထင်ပါ့မလဲ? အဲ့အကြောင်းတွေးရင်.....ကြက်သီးတောင် ထတယ်"


စကားပြောပြီး ချိန်မှာတော့ ပိုးကောင်တွေ နောက်တစ်ခါ ထပ်ကိုက်မှာကို ကြောက်နေသလိုဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်နေတော့သည်။ 


ဖန့်ကျစ်က ဝူရှဲ့ကို တစ်ချက် ကြည့်လိုက်ပြီး 


"ဒီလူက ဒီရှေးဟောင်းသင်္ချိုင်းကို ကောင်းကောင်း သိ​နေပုံရတယ်.... ဒီလူ မလွယ်ဘူး တစ်ခုခုတော့ တစ်ခုခုပဲ" 


ဝူရှဲ့ အမြဲတွေးနေတာက အအေးပုလင်း (မျက်နှာသေ) သူ့အနားမှာ ရှိနေသမျှ အရမ်းလုံခြုံတယ်လို့ ခံစားခဲ့ရပေမယ့် ဖန့်ကျစ် ဒီလိုပြောလာတဲ့အခါ အဲဒီကောင်လေးက အရာအားလုံးကို ခန့်မှန်းနိုင်သလိုပဲ။ လမ်းတစ်လျှောက်မှာ ကောင်လေးက အရမ်းသိနေပုံရပြီး သံသယဖြစ်စရာတောင် ကောင်းနေသေးသည်။  


ဝူရှဲ့ သူ့အိတ်ထဲကနေ ဖက်တီးဆီက တွေ့ထားတဲ့ ဖိသိပ်ထားတဲ့ ဘီစကွတ် အနည်းငယ်ကို ထုတ်လိုက်သည်။ အစား မစားရတာ ကြာပြီဆိုတာ သတိရသွားတာနဲ့ ထုတ်ပြီး လူတိုင်း စားလိုက်ကြသည်။ ဖန့်ကျစ် နည်းနည်းပဲစား​လေသည်။ သူ့ဗိုက်က ပေါက်ထားတာကြောင့် အရမ်းစားရင် သွေးတွေ ယိုထွက်တတ်တာမို့ ​ဖြစ်သည်။ 


ဘယ်အချိန် အပြင်ထွက်ရမှန်း မသိတဲ့အတွက် ချန်ထားသင့်၏​။ ဒီလိုပြောတဲ့အခါ ဖက်တီးမှာ စားချင်ပေမယ့် အလွန်အကျွံစားဖို့ ရှက်သွားသည်။ ကြုံခဲ့ရတာတွေကို ပြန်ပြောပြရင်း သူတို့ တဖြည်းဖြည်း သက်သာရာ ရသွားခဲ့သည်။ 


သူတို့ ခဏလောက် တိတ်တိတ်ဆိတ်ဆိတ် နေပြီး တခြားအကြောင်းတွေ ပြောနေကြသည်။ ဒီလိုထိုင်တာက ရွေးချယ်မှု မဟုတ်ဘူး ဒါမှမဟုတ် သူတို့ ကံစမ်းဖို့ ကျောက်လမ်းထဲကို သွားသင့်တယ်လို့ ဖန့်ကျစ်က ပြောတာလာကြောင့် မထွက်ခွာခင် နည်းနည်း အနားယူကြဖို့ ဆုံးဖြတ်လိုက်သည်။ 


ကြောင်စီစီနဲ့ တစ်ရေးတစ်မော အိပ်မောကျပြီး နိုးတဝက် အိပ်တစ်ဝက်နဲ့ နိုးလာတော့ ဖက်တီးက သူ့မျက်ခုံးမွှေးတွေကို ဖျစ်ညှစ်ပြီး မျက်တောင်တွေ ခတ်ပြနေတာကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲ ဒီဖက်တီးက သိပ်စိတ်မချရဘူး၊ နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်တယ်လို့ ထင်မိသည်။ 


ရှေး​ဟောင်းသင်္ချိုင်းထဲမှာ လူတွေကို ကြောက်အောင် ခြောက်ဖို့ ရွှံ့အိုးကို ခေါင်းပေါ်တင်ဖို့ ပတ်ပြေးနေဖို့ ဘယ်သူက စဥ်းစားမိမှာလဲ? အဲဒီလူက ရဲရင့်လွန်းတာ မဟုတ်ရင် ပျော့ညံ့လွန်းတာပဲ။ အခုဒီမှာ သူတို့ထဲက တစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး ၃ ယောက် ပျောက်ဆုံးနေတယ်။ အဲဒီလို အခြေအနေမျိုးမှာတောင် သူက ဒီလိုမျက်နှာ လုပ်ပြဖို့ စိတ်ဝင်စားနေတုန်းပဲ။


ဒါပေမဲ့ ဒီအချိန်မှာ ဖန့်ကျစ်တောင်မှ သူကို မျက်စောင်းထိုးနေတာကို တွေ့လိုက်ရ၏။ ကြောက်စရာကောင်းတဲ့ စိတ်ရောဂါက ကူးစက်နိုင်တာလား? သူတို့နှစ်ယောက်က ဘယ်ဘက်ပခုံးကို အဆက်မပြတ် ပွတ်သပ်ရင်း ပါးစပ်လှုပ်နေတာကို တွေ့လိုက်ရသည်။


"လက်၊ လက်!" 


သူတို့ခေါင်းပေါ်မှ ချွေးအေးများကို မြင်လိုက်ရပြီး ထူးဆန်းသလို ခံစားလိုက်ရသဖြင့် ကိုယ့်လက်ကို ကြည့်လိုက်တော့ ဘာအမှားမှ မရှိချေ။ ထူးဆန်းတာက သူပခုံးဖြစ်နိုင်မလား? ဝူရှဲ့ သူ့ခေါင်းကို ပေါ့ပေါ့ပါးပါး လှည့်ကြည့်လိုက်တော့ ရုတ်တရက် သူ့ပခုံးပေါ်မှာ အစိမ်းရောင် လက်လေးတစ်ဖက်ကို တွေ့လိုက်ရတော့သည်။