ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (21)
စိမ်းပြာမျက်လုံး မြေခွေးရုပ်အလောင်း
ဝူရှဲ့ အံ့ဩသွားပြီး
"ဒါက အရမ်းရင်းနှီးတဲ့ အသံပဲ.... ဒီအသံက ဦးလေးသုံးရဲ့ အသံ မဟုတ်ဘူးလား?"
ဦးလေးသုံးက ချောက်ကမ်းပါးမှာ မဟုတ်ဘူးလား? ဘယ်လိုလုပ် အသံက အနီးနားမှာ ရှိပုံပေါ်နေရတာလဲ? ဝူရှဲ့ လှည့်ကြည့်ဖို့ ကြိုးစားလိုက်ပေမယ့် ဖက်တီးကလွဲလို့ ဘယ်သူမှ မတွေ့တော့ရတာကြောင့် အံ့သြသွားခဲ့သည်။ ရုတ်တရက် ဦးလေးသုံး ပြောတာကို ထပ်ကြားလိုက်ရသည်။
“မင်းလက်မှာ သွေးတွေထွက်နေတယ်... အလောင်းရဲ့ ပါးစပ်ထဲကို ရောက်သွားတာနဲ့ အလောင်းက ချက်ချင်း ထသွားမှာမမို့ လျှောက်မလှုပ်သေးနဲ့”
အသံရဲ့ ရင်းမြစ်ကို ရှာကြည့်လိုက်တော့ နောက်ဆုံးမှာ ကျောက်စိမ်း သလွန်ကြီးအောက်က ထွက်လာတာကို တွေ့လိုက်ရလေသည်။ ကျောက်စိမ်းသလွန်က အရောင်အသွေး ကြွယ်ဝတဲ့အတွက် အောက်ဘက်မှာ ဘာရှိလဲဆိုတာ မမြင်ရတာကြောင့် ဝူရှဲ့လည်း ကမန်းကတန်း အော်မေးလိုက်သည်။
“ဦးလေးသုံး.... ဦးလေး ဒီကျောက်စိမ်းသလွန် အောက်မှာလား"
“နောက်မှ ရှင်းပြမယ်... မင်းငါ့ပြောတဲ့အတိုင်း အလောင်းကောင်ရဲ့ ဦးခေါင်းကို နှိမ့်ချပြီး လက်မကို လည်ချောင်းပေါ်တင်ပြီး ခေါင်းနောက်ကို ပွတ်သပ်ပေးရမယ်.... မှတ်ထား မင်း သူ့ကို ကိုင်ထားရမယ်...မဟုတ်ရင် လည်ချောင်းထဲကို သော့မျိုချမိသွားလိမ့်မယ်!"
ဝူရှဲ့ သဘောတူသံ ပြုလိုက်ပြီး သူ့စကားနောက်လိုက်ကာ အမျိုးသမီး အလောင်းရဲ့ လည်ချောင်းကို ထိပြီး တစ်ချက်နှိပ်လိုက်ရာ ပါးစပ်ထဲမှ သော့တစ်ချောင်း ပြုတ်ကျလာသည်။ သော့က ကျောက်စိမ်း သလွန်ပေါ်ကို ပြုတ်ကျသွားတာနဲ့ သူ့ပုခုံးက လက်တွေ ပြေလျော့သွားတယ်လို့ ခံစားလိုက်ရသည်။ အမျိုးသမီးအလောင်းက ပြိုကျလာပြီး သူမရဲ့ ခန္ဓာကိုယ်က ကျောက်စိမ်း သလွန်ပေါ်မှာ ပြန်လည် လဲလျောင်းသွားသည်။
နောက်ဆုံးတော့ လွတ်မြောက်သွားပြီလို့ တွေးရင်း သက်ပြင်းချကာ သက်သာရာရာ ရသွားခဲ့သည်။ ထိုအချိန်တွင် ဦးလေးသုံးက ထပ်ပြောလာ၏။
“တူလေး မင်းဘေးမှာ ဖက်တီးကောင်ရှိလား?”
ဖက်တီးက သော့ကို ကောက်ကိုင်ပြီး သေသေချာချာ လေ့လာနေသည်။ ဝူရှဲ့လည်း ခေါင်းညိတ်ပြီး
"ရှိတယ်!"
ဦးလေးသုံးက ဟန်ကျိုး ဒေသိယစကားဖြင့် ရုတ်တရက် ပြောလာ၏။
"သူ့မှာ အရိပ်ရှိမရှိ ကြည့်လိုက်..."
ထိုစကားကို ကြားတော့ ဝူရှဲ့လည်း အံ့အားသင့်သွားခဲ့ကာ သူဆိုလိုရင်းကို နားမလည်နိုင်သေးခင် ဖက်တီးရဲ့ ခြေဖဝါးကို တည့်တည့် ငုံ့ကြည့်လိုက်တော့ သူ့အရိပ်က ကျောက်စိမ်းကုတင်ရဲ့ အရိပ်နဲ့ ဖုံးကွယ်နေတာကို မြင်လိုက်ရသည်။ သိပ်မရှင်းတာကြောင့် သူ့မှာ အရိပ်ရှိမရှိ ရှာလို့ မရချေ။ ဝူရှဲ့ နည်းနည်းတော့ စိတ်ရှုပ်သွား၏။
“ကျွန်တော် အခု ရှင်းရှင်းလင်းလင်း မမြင်ရဘူး”
ထိုအခါ ဦးလေးသုံးသည် အလွန်ထိတ်လန့်တကြားနှင့် ပြောလာသည်။
"နားထောင် မကြောက်နဲ့.... ငါဒီဘက်ကို လာနေတုန်း ဖက်တီးရဲ့ အလောင်းကို မြင်ခဲ့တယ်... သူ့ကို သတိထားရမယ် ဖြစ်နိုင်တာကတော့ သူအခု လူသားတစ်ယောက်တော့ မဟုတ်နိုင်တော့ဘူး"
ဝူရှဲ့ကတော့ ဖက်တီးရဲ့ ပါးပြင်တွေ နီရဲနေတာတွေ့တော့ သူ့အမူအရာနဲ့ လှုပ်ရှားမှုတွေက သရဲတစ္ဆေလို မဟုတ်ဘူးလို့ တွေးမိလေသည်။
“ဦးလေးသုံး အမြင်မှားတာများလား?”
“မဟုတ်ဘူး.... ဒါသူပဲဖြစ်ရမယ် ငါ မမှားဘူး.... သူက သင်္ချိုင်းဖောက်တဲ့ နောက်ဆုံးအသုတ်ထဲက တစ်ယောက် ဖြစ်နိုင်တယ်.... အမျိုးသမီးအလောင်းရဲ့ ပါးစပ်ထဲကသော့ကို မင်းလက်ထိုးထည့်ပြီး ထုတ်ဖို့ တွန်းအားပေးခဲ့တာက သူမင်းကို ဒုက္ခပေးချင်နေလို့ပဲ ဖြစ်မယ်"
ရုတ်တရက် ဝူရှဲ့လည်း ကြောက်သွားပြီး
"ဦးလေးပြောတဲ့အတိုင်းဆို ကျွန်တော်ရှေ့က ဒီကောင်လေးက သရဲလား?"
"ဟုတ်တယ် သူဘာပဲပြောပြော မယုံနဲ့.... နတ်ဆိုး သရဲတွေကို တားဆီးဖို့ မင်းပတ်ဝန်းကျင်မှာ တစ်ခုခု ရှိမလား ရှာကြည့်"
အဲဒီအချိန်မှာ ဖက်တီးက ခေါင်းမော့ပြီး သူ့ကို ကြည့်လာတော့သည်။ သူ့မျက်လုံးတွေက အရမ်းကြောက်စရာ ကောင်းနေသလို ထူးဆန်းနေသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် လှမ်းကြည့်လိုက်မိသည်။
သံချပ်ကာ အလောင်းဆီကို ကမန်းကတမ်း ပြေးကြည့်လိုက်တော့ အစောက ဓားနဲ့ ချိတ်ဆက်ထားတဲ့ သံချပ်ကာ အလောင်းကောင်ရဲ့ ခါးပတ်ကို တွေ့လိုက်သည်။ ဝူရှဲ့လည်း ရှေးလူကြီးတွေက သူတို့ရဲ့ ခါးပန်းမှာ တစ္ဆေတွေ နှိမ်နင်းဖို့ စကားလုံးတွေကို ထွင်းထုထားတတ်တာကို သတိရသွားရာ မြန်မြန်ပဲ ကောက်ယူလိုက်သည်။
ခါးပတ်ပေါ်က စကားလုံးတွေက အရမ်းမိုက်နေပေမယ့် သူတို့လုပြည်ရဲ့ ဘာသာစကား အစစ်အမှန်ပဲ ဆိုတာ တစ်ချက်လောက် ကြည့်ရုံနဲ့ သိနေပါသေးသည်။
ဒီလူက ဘုရင်လုရှန်လား? ဒါဆို ဒီအမျိုးသမီးအလောင်းက ဘယ်သူလဲ? သူ့မိန်းမများလား?
ဒီအကြောင်းကို ခဏလောက် စဉ်းစားပြီး မျက်လုံးတွေ မလှုပ်မယှက်ဘဲ ခါးပတ်ပေါ်က စာလုံးတွေကို စကင်န်ဖတ်ကြည့်လိုက်သည်။ ဒီစကားလုံး အများစုကို နားမလည်ပေမယ့် ရွှေမှုန့်နဲ့ ခြေရာခံထားတဲ့ "ယန်ရှီပေါင်တိ" ဆိုတဲ့ စာလုံးကတော့ ဖတ်ရတာ အရမ်းလွယ်ပါ၏။
သရဲတစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ စာလုံးပေါင်းများ ဖြစ်လေသည်။ ဝူရှဲ့လည်း ပျော်သွားသည်။ အဲဒီအချိန်မှာမှ သူ တစ်ခုခုကို စဉ်းစားမိသွားတာကြောင့် ဦးလေးသုံးကို ပြန်မေးလိုက်သည်။
"ထူးဆန်းလိုက်တာ.... ဒီကျောက်စိမ်းကုတင်က ထင်သာမြင်သာလည်း မရှိပါဘူး...ဦးလေး ကျွန်တော်တို့ကို ဘယ်လိုလုပ် မြင်ရတာလဲ?"
“ငါလည်း မသိဘူး.... ဖောက်ထွင်းမြင်ရတဲ့ မှန်တစ်ချပ်လိုပဲ အောက်ခြေကနေ ရှင်းရှင်းလင်းလင်းကို မြင်နေရတာ... ငါ လမ်းလျှောက်လာတော့ မင်း အမျိုးသမီး အလောင်းရဲ့ ပါးစပ်ထဲက သော့ကို ယူဖို့ ကြိုးစားနေတာကို တွေ့လိုက်တယ်... အဲဒါကြောင့် ငါမင်းကို ဆက်သွယ်လိုက်တာ ကံကောင်းလို့ မင်းငါ့စကားကို ကြားရလို့ မဟုတ်ရင် မင်းလက်ကို အလောင်းက ကိုက်ဆွဲထားရင် ကြောက်စရာကောင်းမှာ သေချာတယ်"
ဝူရှဲ့ကတော့ တစ်ခုခု မှားနေသလို ခံစားနေရလေသည်။ ထို့ကြောင့် သူ့စိတ်ထဲ ပြောလိုက်မိသည်။
'ဒီကျောက်စိမ်းကုတင်က မကျယ်ဘူး.... ကျောက်စိမ်းကုတင်ပေါ်မှာ အလောင်း နှစ်လောင်းကလည်း အရမ်းနီးကပ်နေတယ်.... ဒီမှာ လရောင်က သိပ်မတောက်ပဘူး ဒီအလင်းရောင် အောက်မှာ အလောင်းနှစ်လောင်းကို ဖြတ်ပြီး ငါတို့ကို ရှင်းရှင်းလင်းလင်း မြင်ဖို့က နည်းနည်းတော့ မဖြစ်နိုင်ဘူးလို့ ထင်ရတယ်'
ဝူရှဲ့ ဖက်တီးကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူက သော့ကို လေ့လာနေတုန်းပဲ။ သူ့ပုံစံကို မြင်လိုက်တော့ ရုတ်တရက် တစ်ခုခု မှားနေသလို ခံစားလိုက်ရပြန်သည်။
ဟန်ကျိုး ဒေသိယဘာသာ စကားဖြင့် သူတို့ ပြောနေတာကို နားမလည်သော်လည်း ဖက်တီးရဲ့ စရိုက်အတိုင်းသာ ဆိုရင် အနှောင့်အယှက် ဝင်လုပ်မှာ သေချာသည်။ သူတစ်ချိန်လုံး သော့ကို အကြာကြီး စိုက်ကြည့်နေဖို့က လုံးဝမဖြစ်နိုင်ပေ။
ဝူရှဲ့ ကျောက်စိမ်း ကုတင်ပေါ်က ဆင်းပြီး ဖက်တီးရဲ့ ပုခုံးပေါ် လက်တင်လိုက်သည်။ သူ့ကို စမ်းသပ်ဖို့ လုပ်မလို့ဆိုပေမယ့် မထင်မှတ်ပဲ သူသာမန်အတိုင်း ပုခုံးကို ပုတ်လိုက်တာက ဖက်တီးရဲ့ တုံ့ပြန်မှုကို အတော်လေး ကြီးသွားစေ၏။ သူရုတ်တရက် ဒေါသတကြီးနဲ့ မျက်လုံးဖွင့်လာပြီး
“ကောင်လေး... လတ်စသတ်တော့ မင်းငါ့ကို တစ်ချိန်လုံး လိမ်နေတာပဲကွ!"
ပြောပြီးနောက် သူက ဓားသွားကို လက်ထဲကမြှောက်ပြီး ဝူရှဲ့ဘက်ကို ထိုးချလိုက်သည်။ ဝူရှဲလည်း အရမ်းတုန်လှုပ်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားမိသည်။
"မင်းဘာလုပ်နေတာလဲ!"
ဖက်တီးရဲ့ မျက်လုံးတွေ နီရဲနေပြီး သူပြောတာကို လုံးဝ နားမထောင်တော့ဘဲ ပြေးလာပြီး ဓားနဲ့ထိုးလိုက်ပြန်သည်။ ဖက်တီးရဲ့ လှုပ်ရှားမှုတွေက တော်တော်လေး ထက်မြက်လှသည်။ ပြေးရင်ပြေး မပြေးရင် ဓားထိုးခံရမှာ သေချာပေ၏။ ဟိုဟိုဒီဒီ ပြေးရင်း ကျောက်လှေကားထစ်တွေကနေလည်း ဆင်းပြီး ဆူဆူညံညံ အော်ဟစ်ပြေးလိုက်သည်။
“မင်းကို ငါမပြေးဖို့ ပြောနေတယ်နော်!!”
ဖက်တီးက အော်ပြီး သူ့နောက်ကို အသဲအသန် ပြေးလိုက်နေတာက မိမိဘဲ သူ့အဖေကို သတ်လိုက်မိသလိုမျိုးနဲ့။
ကျောက်တုံး လမ်းအတိုင်း အမြန် ပြေးဆင်းလာခဲ့သည်။ ဖက်တီးမှာ ဗိုက်ကဖောင်း နေပေမယ့် သူပြေးတာ အရမ်းမြန်သည်။ ကျောက်စင်္ကြံက ခပ်တိုတိုလေးပေါ် ပြေးပြီး နည်းနည်း ကြာကြာလောက် ပြေးပြီးတော့ အဆုံးမှာ ကျောက်ပလ္လင် အနားကို ရောက်သွားတော့သည်။ မြေပြင်မှာ ကျောက်တုံးတွေ အများကြီး ရှိနေပေမယ့် နွယ်ပင်တွေကို နင်းမိရင်လည်း ဝက်အူချောင်းတွေ ထပ်ဆွဲထားရလိမ့်မည်။
သူတကယ် နတ်ဆိုးတစ္ဆေ တစ်ကောင်ဖြစ်သွားပြီး သူ့ကျောပေါ် တက်ခွချင်နေတာလားလို့ တွေးလိုက်မိတော့သည်။ ဒါပေမဲ့ ဘယ်နတ်ဆိုးက လူတစ်ယောက်ကို ဓားနဲ့ လိုက်ထိုးလို့လဲ။
ဒီအချက်ကို တွေးကြည့်မိချိန် အရှေ့မှာလမ်းက မရှိတော့ချေ။ ဝူရှဲ ခြေထောက်တွေကို ဘရိတ်အုပ်ပြီး လက်ထဲက ခါးပတ်ကို ကြာပွတ်အနေနဲ့ ဝေ့ယမ်းလိုက်တဲ့အခါ ဖက်တီးလည်း ရှောင်လိုက်သည်။ ဝူရှဲ့ အရှေ့ကို ပြေးကာ ဖက်တီးလက်ကို ကိုက်ပစ်လိုက်ပြီး သူက ဒီကမ္ဘာပေါ်မှာ သရဲလက်ကို ကိုက်ရဲတဲ့ ပထမဆုံး လူပဲလို့ တွေးလိုက်တော့သည်။
ဖက်တီးလည်း နာကျင်စွာ အော်ဟစ်ပြီး ဓားက မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ဝူရှဲ ပြေးပြီး ကျောက်စင်္ကြံ အပြင်ဘက်အထိ ဓားကို ကန်ထုတ်ပစ်လိုက်သည်။
အဲဒီအချိန်မှာ ဖက်တီးဆိုတဲ့ လူက သူ့ကို မြေပြင်ပေါ်တွန်းချပြီး သူ့လည်ပင်းကို ရုတ်တရက် လှမ်းဖမ်းလိုက်သည်။
“ငါ မင်းကို လည်ပင်း ညှစ်သတ်ပစ်မယ်”
ဝူရှဲလည်း စိတ်ပျက်လက်ပျက်နဲ့ ဖက်တီးလည်ပင်းကို ခါးပတ်နဲ့ ပြန်ရစ်ပတ်လိုက်သည်။ မင်းက ရက်စက်တယ် ဆိုတော့ ငါကလည်း မကြင်နာတော့ဘူး မင်းကို ငါတိုက်မယ်ဆိုတဲ့ အတွေးတစ်ချက်က ဝင်လာခဲ့၏။
သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် အသည်းအသန် တိုက်ခိုက်နေ၏။ လည်ပင်း ညှစ်သတ်ခြင်း၏ အဓိက သော့ချက်မှာ တစ်ဖက်လူကို သတ်ပစ်ရန်သာ ဖြစ်သည်။ ဖက်တီး သူ့လက်ကို လုံးဝ ဆုပ်ကိုင်မထားတာကို မြင်လိုက်ရသောအခါ ဝူရှဲ့ သူ့လျှာထဲက တံတွေးတွေကို ထွေးမိလုနီးပါး ကိုက်ပစ်လိုက်သည်။ အခြေအနေ ကောင်းပုံရပေမယ့် အရည်အချင်းက အရမ်းဆိုးလှသည်။
သူကိုင်ထားတဲ့ ခါးပတ်ကို နွားသားရေဖြင့် ပြုလုပ်ထားပြီး ခါးပတ်ပေါ်တွင် အကြေးခွံများကဲ့သို့ ကြေးဝါချပ်ဝတ် တန်ဆာများကို တပ်ဆင်ထားသည်။ နွားသားရေ ကွဲထွက်သွားသောအခါ ထိုကြေးဝါ ချပ်ဝတ်တန်ဆာများသည် ပန်းပွင့်များကဲ့သို့ သူ့မျက်နှာပေါ် ကျလာပြီး "ယန်ရှီးပေါင်တိ" ဟု ရေးထားသော ချပ်ဝတ်တန်ဆာ အပိုင်းအစကလည်း ပြုတ်ကျသွားသည်။
ထိုအခိုက် ပါးစပ်ကနေ လည်ချောင်းထဲကို ခါးသက်သက် အရည်တွေ ချက်ချင်း စီးကျလာသလို ခံစားလိုက်ရ၏။ ဒီချပ်ဝတ် တန်ဆာတွေက အလောင်းကိုယ်ကနေ ထွက်လာတာကို သတိရလိုက်တဲ့အခိုက် ရုတ်တရက် ပျို့အန်ချင်သလို ဖြစ်လာတော့သည်။ ထိုစဥ် မျက်လုံးရှေ့က မြင်ကွင်းက မှုန်ဝါးသွားသလို အနက်ရောင် မြူတစ်ခုက ဖုံးလွှမ်းသွားသည်။
ဝူရှဲ့ အရမ်းစိတ်ရှုပ်သွားကာ ဖက်တီးကောင်က သူ့ကို လည်ပင်း ညှစ်သတ်လိုက်တာ ဖြစ်နိုင်မလားဟု တွေးမိလေသည်။ သူ့ပါးစပ်ထဲက ခါးသီးတဲ့ အရသာက ပိုပြင်းထန်လာပြီး သူ့ရှေ့ကအရာတွေက ပိုရှင်းလင်းလာတာကို တွေ့လိုက်ရသည်။ ပြီးတော့ ရုတ်တရက် နိုးလာသလိုမျိုး ကျောက်စိမ်းကုတင်ပေါ်က ဖက်တီးဟာ ချက်ချင်းဆိုသလိုပဲ သူ့ကိုယ်ပေါ် ဖိမိသွားတာကို တွေ့လိုက်ရ၏။
သူ့မျက်လုံးက စိမ်းပြာရောင် ပြောင်းနေကာ သူ့လည်ပင်းကို လာညှစ်ထားသည်။ နောက်ပြီး သော့က အမျိုးသမီးအလောင်းရဲ့ ပါးစပ်ထဲက ပြုတ်ကျမလာသေးချေ။ သူမလက်တွေက သူ့ပခုံးပေါ်မှာ တင်းတင်းကျပ်ကျပ် ချိတ်ထားဆဲပင်။ မြင်ကွင်းက အလွန်ကို ဖရိုဖရဲ ဖြစ်နေတော့သည်။
အခုမှပဲ အရာအားလုံးဟာ ထင်ယောင်ထင်မှားတွေ ဖြစ်နေမှန်း သိလိုက်ရလေ၏။
သူ့ဘေးနားက မျက်လုံးပြာ မြေခွေးရုပ်အလောင်းကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာဖုံးက မြေပြင်ပေါ်မှာ ရှိနေတုန်းပင်။ အပေါက်ထဲက မျက်လုံးနှစ်လုံးက သူတို့ဘက်ကို လှည့်လာပြီး တည့်တည့် စိုက်ကြည့်နေသည်။
ဖက်တီးကောင်က အခုနက မကြည့်ဖို့ပြောနေတာ အံ့သြစရာ မဟုတ်တော့ပေ။ ဒီမျက်လုံးပြာပြာနဲ့ မြေခွေးရုပ်အလောင်းရဲ့ မျက်လုံးတွေက ဆိုးရွားလွန်းလှသည်။ ဖက်တီးရဲ့ အားကလည်း သန်မာပေ၏။ အခုမှ နိုးလာတာတောင် သူ့ပါးစပ်ထဲက လက်သည်း သံချပ်ကြေးနီ အချပ်က အရည်ပျော်သွားပြီ ဆိုတာ သိလိုက်ရသည်။
မြေခွေးအလောင်းရဲ့ လက်ထဲမှာ ခရမ်းရောင် ရွှေသေတ္တာကို ရုတ်တရက် တွေ့လိုက်ရတော့ သူ့ရင်ထဲ ဒိတ်ကနဲ လန့်သွားသည်။ သိပ်မတွေးနေဘဲ လက်ကို အသဲအသန် ဆန့်ထုတ်လိုက်ပြီး ထိုသေတ္တာကို ဖမ်း၍ ဖက်တီးရဲ့ ခေါင်းကို ရိုက်ချပစ်လိုက်၏။
ဖက်တီးက အော်ဟစ် ကျိန်ဆဲပြီး သူ့လက်တွေကို တင်းတင်းကျပ်ကျပ် ဖိလာသည်။ ဝူရှဲ့ သူစိတ်ထဲ အော်ဟစ်နေမိ၏။ ဒီဖက်တီးစုတ် သူ့ကိုတကယ် သေအောင် လည်ပင်းညှစ်ဖို့ ကြိုးစားနေတာလား? သူ့နှလုံးသားက ရုတ်တရက် ပြင်းထန်လာပြီး ပြန်သတ်ပစ်ဖို့ ကြံလိုက်မိသော်လည်း လက်တွေ မြှောက်လိုက်တဲ့အခါ ခွန်အားက လုံးဝကို ကွဲပြားသွားသည်။
ပေါက်ကွဲသံ တစ်သံကို ကြားလိုက်ရပြီး ဖက်တီးရဲ့ မျက်လုံးတွေ မှိတ်သွားခဲ့သည်။ လည်ပင်း ညှစ်ထားမှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ခါလုနီးပါး ဖြစ်သွား၏။ ထိုစဥ် သူ့လည်ပင်းပေါ်က လက်တွေ ပြေလျော့သွားကာ ဖက်တီးတစ်ယောက် သူ့ကိုယ်ပေါ် လဲကျလာတော့သည်။
ဖက်တီး ပြိုကျလာတဲ့ အရှိန်က သူ့တစ်ကိုယ်လုံးကို ကွဲလုမတတ်ပင်။ လည်ပင်းကို ဖြေလျှော့ပြီး ပါးစပ်ထဲက သွေးတွေကြောင့် ချောင်းဆိုးလိုက်ရ၏။
အံဒီအချိန်မှာ မျက်လုံးစိမ်းပြာ မြေခွေး အလောင်းကောင်ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် ကျယ်သွားပုံရတယ်လို့ မြင်လိုက်ရသည်။ ထူးဆန်းတဲ့ စွမ်းအားတစ်ခုက သူ့ကို ကြည့်ဖို့ ဆွဲဆောင်သွားနေသည့်နှယ် သူ့စိတ်တွေ ရှုပ်ထွေးလာပြန်သည်။
ဝူရှဲ စိတ်ဓာတ်ကျလာပြီး မနေနိုင်တော့ဘဲ ဖက်တီးကို အလောင်း ကုတင်ပေါ်ကနေ တွန်းချလိုက်တော့သည်။ ဖက်တီးဆိုတဲ့ ကောင်က ကြီးလွန်းလို့ တင်းတင်းကြပ်ကြပ် ဖိလိုက်တဲ့ ဖိအားကြောင့် ထူးဆန်းတဲ့ ခံစားချက်က ချက်ချင်းပဲ ပျောက်သွားသည်။
ဝူရှဲ သူ့လည်ပင်းကို ပွတ်သပ်ပေးကြည့်တော့ သူ့လည်ပင်းမှာ လက်ချောင်းရာ ပုံသဏ္ဌာန်တွေတောင် ထင်နေပြီ။ သူ့တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေသည်။ စိမ်းပြာ မျက်လုံးနဲ့ မြေခွေးရုပ်အလောင်းရဲ့ မျက်လုံးတွေက အရမ်းပြင်းထန်လွန်းပေသည်။
သူသာ ခါးပတ်ပေါ်က အေးစက်စက် အပြားကြီးကို မမျိုချမိရင် ဖက်တီးနဲ့သူ နှစ်ယောက်ထဲက တစ်ယောက် သေသွားလိမ့်မည်။ လူသတ်လက်နက် အဖြစ်သုံးလိုက်တဲ့ ခရမ်းရောင်ရွှေသေတ္တာကို ကြည့်လိုက်တော့ သော့ပေါက်လေးကို တွေ့လိုက်ရသည်။ သက်ပြင်းတစ်ချက် ချပြီး မထိန်းနိုင်ဘဲနဲ့ အမျိုးသမီး အလောင်းရဲ့ ပါးစပ်ကို ကြည့်လိုက်၏။
သူ့စိတ်ထဲလည်း တွေးလိုက်မိသည်။
အဲဒီအလောင်းဆီက သော့နဲ့ ဒီသေတ္တာကို ဖွင့်ရမှာလား?