(23)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (23)

ကြေးခေါင်းတလား


ဝူရှဲ သူမျက်လုံးတွေနဲ့ တစ်ချက်တည်း စိုက်ကြည့်ပြီး မျက်လုံးတွေကို မခွာနိုင်ပေမယ့် ခါးပတ်ပေါ်က ကြေးနီလို အခွံတွေကြောင့်လား မသိဘူး ခေါင်းကို လှည့်လို့မရပေမယ့် ထင်ယောင်ထင်မှားတွေ မဖြစ်လာတော့ချေ။ ခဏလောက် မျက်လုံးတွေကို မှိတ်ထားလိုက်ပေမယ့် စိတ်တွေ အရမ်း ကြည်လင်နေသည်။


အဲဒီအချိန်မှာ ဦးလေးသုံးနဲ့ တခြားသူတွေက သူ့ဆီ ပြေးလာနေတဲ့ အသံကို ရုတ်တရက် ကြားလိုက်သည်။ 'မကောင်းတော့ဘူး'လို့ စိတ်ထဲကနေ အော်လိုက်မိသည်။ ဒီမြေခွေးအလောင်းရဲ့ မှော်ပညာကို တစ်ခါမှ မမြည်းစမ်းဖူးတဲ့အတွက် သူတို့အနေနဲ့ ဘယ်လောက် အစွမ်းထက်မှန်း မသိကြသေးချေ။


အရမ်း မြန်မြန်ကြီး ရောက်လာရင် တစ်ခုခုဖြစ်မှာ သေချာတယ်။ သူတို့ကို သတိပေးဖို့ အော်ချင်ပေမယ့် လည်ချောင်းထဲမှာ တစ်ခုခုက ကပ်နေသလိုပဲ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားပေမယ့် ဘာသဲမှ ထွက်မလာနိုင်ခဲ့ပေ။ စိုးရိမ်စိတ်က သူ့သွေးကြောတွေ ပေါက်ထွက်လုမတတ် ဖြစ်လာသည်။ 


ရုတ်တရတ် စိတ်အားထက်သန်မှုက တဖျပ်ဖျပ် ပေါ်လာပြီး သူ့လက်ကို အနည်းငယ် လှုပ်ရှားနိုင်တာကို တွေ့လိုက်ရသည်။ ချက်ချင်းပင် ပစ္စတိုသေနတ်ကို လက်ဟန်ပြလိုက်ရာ ဖန့်ကျစ်က ပစ္စတိုကိုထုတ်၍ မြေခွေးအလောင်း၏ ခေါင်းကို ချိန်ထားလိုက်သည်။ ဝူရှဲမှာတော့ စိတ်ထဲတွင် အော်ဟစ်လျက်။ 


'ဖန့်ကျစ် ဒီတစ်ခါတော့ ခင်ဗျား ပိုထက်မြက်ရမယ်... ဒီလှုပ်ရှားမှုကိုတောင် မရရင် ခင်ဗျား တကယ် တုံးနေလို့ပဲ'


တစ်ချက်နှိပ်ရုံနဲ့ သေနတ်သံက ထွက်​ပေါ်လာပြီး စိမ်း​ပြာမျက်လုံး မြေခွေးအလောင်းရဲ့ ဦးခေါင်းက လုံးဝ လွင့်ထွက်သွားသည်။ အဲဒီအချိန်မှာ သူက ပါးစပ်ကို ဖွင့်လိုက်မိတော့ အလောင်းကောင်ရဲ့ အရည်တွေက သူ့မျက်နှာနဲ့ ပါးစပ်တွေကို လာစင်လေရာ ဝူရှဲလည်း အန်ထွက်လုမတတ် ဖြစ်သွားသည်။ 


အဲ့ဒီအရာက အညစ်အကြေးတွေ စားတာထက်ကို ပိုရွံရှာစရာ ကောင်းတယ်လေ။ နောက်လှည့်မကြည့်ခင် ဗိုက်ထဲက အန်ထွက်လုနီးပါး ဖြစ်နေပြီ။ ဖန့်ကျစ်က ဒဏ်ရာကို လက်တစ်ဖက်နဲ့ အုပ်ပြီး နောက်လက်တစ်ဖက်ကနေ သူ့ကို အိုကေဆိုတဲ့ အမူအရာ လုပ်ပြလာတာကို အဝေးက လှမ်းမြင်လိုက်ရသည်။ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး အလောင်းကောင်ရဲ့ အရည်​တွေကို သုတ်ပစ်လိုက်သည်။


ဦးလေးသုံး ရှိနေတဲ့ နေရာမှ ယဇ်ပလ္လင်ကြားတွင် အကွာအဝေးတွင် တစ်ခုရှိနေကာ နွယ်ပင်များက ရှိနေသဖြင့် အလွန်အန္တရာယ် များလှသည်။ သို့သော် ဦးလေးသုံးက အလွန်လိမ္မာပါးနပ်သည်။ သူက နွယ်ပင်များကို ဆွဲဆောင်ရန်အတွက် ကျောက်ခဲများကို အသုံးပြုကာ ဖြတ်ကျော်လာခဲ့သည်။ ခဏကြာသော် သူတို့အားလုံး ယဇ်ပလ္လင်ပေါ်သို့ တက်လာကြ၏။ 


သူတစ်ခုခု ဖြစ်သွားမှာကို အရမ်း ကြောက်နေတော့ သူ အဆင်ပြေရဲ့လား ဆိုတာကို သိဖို့ ချက်ချင်းပဲ လာကြည့်​လေသည်။ ဦးလေးသုံးင သူ့ကိုယ်ပေါ်က အနံ့ခံပြီးတာနဲ့ မျက်မှောင်ကြုတ်ပြီး အော့အန်လုမတတ် ဖြစ်သွား၏။


ဝူရှဲ အစကတော့ သိပ်မတွေးမိပေမယ့် ဦးလေးသုံးက ဒီလိုဖြစ်သွားတာကို မြင်တော့ ထခုန်ပြီး ပွေ့ဖက်ပေးလိုက်တော့သည်။ ထိုအခါ ဦးလေးသုံးမှာ ရွံလွန်းလို့ အနောက်ကိုပါ လဲကျလုမတတ် ဖြစ်သွားလေသည်။ 


သူတို့အားလုံး လုံခြုံတယ် ဆိုတာကို တွေ့လိုက်ရတော့မှ ဝူရှဲလည်း တစ်ခုခုကို တွေးပြီး မေးလိုက်သည်။


"ဦးလေးသုံး.... ဘာလို့ ပင်မသင်္ချိုင်းထဲမှာ ကျွန်တော့်ကို တစ်ယောက်တည်း ထားခဲ့တာလဲ? ကျွန်တော့်မှာ ကြောက်လွန်းလို့ သေတော့မလို့... ဒီလိုနေရာကြီးမှာ ကျွန်တော် တစ်ယောက်တည်း ဘယ်လိုလုပ် နေနိုင်မှာလဲ?"


ဒါကိုကြားပြီးနောက် ဦးလေးသုံးက သူ့လက်တွေကို ဖယ်လိုက်ပြီး တခွေကို ခေါင်းခေါက်ပစ်လိုက်သည်။


"သောက်ကျိုးနည်း ဒီကောင့်ကို ဘာမှ မထိဖို့ ပြောခဲ့ပေမယ့် သူက နားမထောင်ဘူးလေ" 


ဦးလေးသုံးက ဖြစ်ပျက်ခဲ့တာကို ပြောပြလာသည်။ သင်္ချိုင်းရဲ့ နောက်နားတစ်ခန်းမှာ သင်္ချိုင်းနံရံတစ်ခု တွေ့ခဲ့သည်။ ယေဘုယျအားဖြင့်တော့ ရှေး​ဟောင်း ဂူသင်္ချိုင်းတွေ အုတ်ဂူနံရံတစ်ခု ရှိတယ်ဆိုရင် အဲဒီအုတ်ဂူရဲ့နောက်ကွယ်မှာ လျှို့ဝှက်အခန်း တစ်ခန်းရှိရမယ်။


အဲဒီရှေးဟောင်း ဂူသင်္ချိုင်းရဲ့ လျှို့ဝှက်တံခါးက အောက်ကို ပွင့်နေတာကြောင့် ဦးလေးသုံးဟာ လိမ္မာပါးနပ်စွာနဲ့ ယန္တရားကို တစ်ချက်ကြည့်လိုက်ဖို့ ပြင်ပေမယ့် ကံမကောင်းစွာပဲ တခွေက ဦးလေးသုံး မသိခင်မှာ ယန္တရားကို ဖိထားပြီးသား ဖြစ်သွားပြီ။ 


ပြီးတော့ ဝူရှဲတို့လိုပဲ သူတို့လည်း အနောက် ကျိုးမင်းဆက်ရဲ့ ဂူသင်္ချိုင်းထဲ ပြုတ်ကျသွားတော့သည်။ အဲဒီ့နောက်မှာတော့ ဇာတ်ကွက်က တော်တော်ကို လှည့်ပတ်သွားပုံရသည်။ ဦးလေးသုံးမှာ စကားပြောရင်းနဲ့ ပိုပိုပြီး ဒေါသထွက်လာ၏။ သူ့စကားတွေက တဖြည်းဖြည်း မသက်ဆိုင်တဲ့ နေရာတွေကို သွားနေတာကြောင့် ဝူရှဲလည်း လက်ကာ တားလိုက်တော့သည်။ 


ဦးလေးသုံးက 


“မင်းက ငါပြောတာကို မယုံဘူးပေါ့.... ဒါကို ကြည့်စမ်း” 


သူက သူ့နောက်ကျောကနေ အနက်ရောင်သေတ္တာကို ထုတ်ယူပြီး နှိပ်လိုက်တာနဲ့ သေနတ်တစ်လက်အဖြစ် ပြောင်းသွားသည်။ ဝူရှဲ သေနတ်နဲ့ ပတ်သက်တဲ့ ​လေ့လာမှု​တချို့ လုပ်ဖူးတာကြောင့် ဒီသေနတ်နဲ့ ပတ်သက်တဲ့ အရာတွေကို အရမ်းနာမည်ကြီးတဲ့ အတွက် မြင်လိုက်တော့ အံ့သြသွားလေသည်။ 


၎င်းသည် ကိုးမီလီမီတာ ရှိသော ရှေးခေတ်သုံး ခေါက်သေနတ် တစ်မျိုးဖြစ်သည်။ ၎င်းသည် ပစ္စတို ကျည်ဆန်များကို ပစ်လွှတ်နိုင်ကာ တရုတ်စီးကရက် တစ်ပုံးအရွယ်ခန့် ရှိပြီး အလေးချိန်က ကယခြောက်ပေါင်အောက်သာ ရှိတာကြောင့် အသုံးပြုရ လွယ်ကူသည်။ ၎င်းမှာ သေးငယ်သော အရွယ်အစားကြောင့် အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။


အဲဒီသေနတ်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ အားလုံးကို အလောင်းတွေထဲကနေ ထုတ်ယူလာခဲ့တာလို့ ဦးလေးသုံးက ပြောလေသည်။ ဆိုတော့ ကျည်ဆန်အပေါက်တွေနဲ့ ပြည့်နေတဲ့ ဒီနေရာဟာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့ပုံ ပေါ်၏။


ဝူရှဲ သေနတ်ကို သေသေချာချာ စစ်ဆေးကြည့်တော့ တော်တော် အံ့ဩသွားရသည်။ အရင်က ဝင်လာဖူးတဲ့ ဂူဖောက်သူတွေက တော်တော်လေး အဆင်သင့် ပြင်လာခဲ့ကြပုံပင်။ အနည်းဆုံးတော့ သူတို့ထက် အများကြီး ပိုကောင်းတဲ့ ပစ္စည်းတွေ ပါလာတယ်လေ။ ဝင်လာပြီးနောက် ဒီလူတွေ ထွက်မသွားနိုင်ဘဲ ဒီနေရာမှာ သေသွားတာလား? မသေရင် အခုဘယ်ရောက်နေမလဲ?


ယဇ်ပူဇော်တဲ့ စင်မြင့်ကို မှီ၍ တွေးတောနေစဥ် ဤအလွန် ခိုင်မာပုံရသော ကျောက်စင်္ကြံ၏ ပူဇော်စင်သည် သူ့အားကို မခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူ့အလေးချိန် အားလုံးကို မှီမချလိုက်မီတွင် ပူဇော်စင်က ရုတ်တရက် လှုပ်ခါကာ တစ်ဝက်လောက်အထိ မြုပ်သွားရာ သူတို့အားလုံး လန့်ဖျပ်သွားပြီး ထောင်ချောက်တစ်ခုခုကို ထိမိပြီဟု ထင်မိသောကြောင့် အမြန်ပဲ ဝပ်နေလိုက်ကြသည်။


သူတို့ ခြေထောက် အောက်ကနေစပြီး တောက်လျှောက်သွားနေတဲ့ စက်သံတွေကို ဆက်တိုက် ကြား​နေရသည်။ နောက်ဆုံး အဝေးက ကျောက်စင်ပေါ်ကနေ ကျယ်လောင်တဲ့ အသံကြီး တစ်ခု ထွက်လာ၏။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အနောက်မှာ သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ သစ်ပင်ထဲကနေ ကြီးမားသော ကွာဟချက်တစ်ခု ထွက်ပေါ်လာပြီး သံကြိုးများဖြင့် ချုပ်ထားသော ကြေးဝါခေါင်းတလားကြီး ပေါ်လာသည်။ အဲဒီသံကြိုးတွေကို သစ်ပင်ကိုယ်ထည်နဲ့ ပေါင်းစပ်ထားပြီး ကြေးခေါင်းတလားကို အကြိမ်ပေါင်းများစွာ ရစ်ပတ်ထား၏။


ဦးလေးသုံးက အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။


“လတ်စသတ်တော့ ခေါင်းတလားအစစ်က ဒီရောက်နေတာကိုး”


တခွေက ဝမ်းသာအားရ အော်ပြောလိုက်သည်။ 


"ကောင်းလိုက်တဲ့ ပစ္စည်းကြီး.... ဒီလို ခေါင်းတလား အကြီးကြီးနဲ့ဆို စျေးတန်တယ်မလား? ဒီတစ်ခေါက်လာတာ အလကား မဖြစ်တော့ဘူး!"


ဦးလေးသုံးက ခေါင်းညိတ်ပြပြီး 


"တန်တယ် တန်တယ်....ငလူးတဲ့မှ တစ်ချိန်လုံး အဲဒီပိုက်ဆံအကြောင်းကိုပဲ တွေးမနေလို့ မရဘူးလား? ငါမင်းကို ဘယ်လောက်ပြောပြော မင်းဂရုမစိုက်ဘူး... အဲဒါ အခေါင်း မဟုတ်ဘူး....ခေါင်းတလား လို့ ခေါ်တယ်! တစ်ချိန်လုံး ငါ့မျက်နှာကို ပျက်ရအောင် မလုပ်နဲ့!"


တခွေက သူ့ခေါင်းကို ကုတ်လိုက်ပြီး စကားမပြောရဲတော့ချေ။ ဝူရှဲလည်း အနီးကပ် ကြည့်လိုက်တော့ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရတာကြောင့် ဦးလေးသုံးအား ပြောလိုက်သည်။


"ထူးဆန်းလိုက်တာ.... တခြားသူတွေရဲ့ ခေါင်းတလားတွေဆို သံရိုက်ပြီးတာနဲ့ ပြန်ဖွင့်ဖို့ အစီအစဥ် မရှိနိုင်ဘူး... ဒီအနေအထားကို ကြည့်လိုက် ဒီကျောက်တုံးကို တခြားသူတွေ ရှာတွေ့နိုင်အောင် ခေါင်းတလားပိုင်ရှင်က ဒီဇိုင်းထုတ်ထားသလိုပဲ.... သင်္ချိုင်းပိုင်ရှင်က တခြားလူတွေ သူ့ရဲ့အခေါင်းကို တစ်နေ့နေ့မှာ ဖွင့်လာအောင် စီစဉ်ခဲ့တာများလား? ပြီးတော့ ဒီသံကြိုးတွေပဲ... ကြည့်ရတာ တင်းတင်းကြပ်ကြပ် ချည်ထားတာဆိုတော့ ခေါင်းတလားကို ပြုပြင်ဖို့ သုံးချင်ပုံမရဘူး.....အထဲက တစ်ခုခု ထွက်လာမှာကို တားဆီးဖို့ ချည်နှောင်ထားသလိုပဲ"


ဦးလေးသုံးလည်း အနီးကပ် ကြည့်ကာ ဝူရှဲပြောတာ အမှန်ပင် ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် မနေနိုင်စွာ ကြည့်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မယုံနိုင်စရာ ကိစ္စများကို ကြုံတွေ့ခဲ့ရပြီးပြီ။ အထဲက ဘာမကောင်းဆိုးဝါးများ ရှိနေလဲ။ ဒါဆို ဖွင့်လိုက်တာ ပိုကောင်းလား မဖွင့်လိုက်တာက ပို​ကောင်းမလား။


ဦးလေးသုံးက အံကြိတ်ကာ 


"ဒီသင်္ချိုင်းထဲက အဖိုးတန် ရတနာတွေက ဒီအထဲမှာ ရှိမယ်ထင်တယ်။ မယူသွားရင် လာရတာ အလကားပဲ ဖြစ်သွားမယ်... ဒါပေမဲ့ အထဲမှာ ကျုံးကျီတစ်ကောင် ရှိနေရင် ဘယ်လိုလုပ်မလဲ? သေနတ်တွေ အမြောက်တွေ ရှိနေပြီဆိုရင်တောင် မဖြစ်နိုင်​သေးဘူး... ဘာပဲဖြစ်ဖြစ် သူထွက်လာရင်တော့ ငါတို့အားလုံး တိုက်ခိုက်လိုက်ရအောင်"


ဝူရှဲ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ တတိယဦးလေးက ဆက်ပြောလာ၏။ 


"ဒါ့အပြင် ငါတို့ လာခဲ့တဲ့လမ်းအတိုင်း ပြန်သွားဖို့က မဖြစ်နိုင်​တော့ဘူး.... ဒီချောက်ကမ်းပါးပေါ်က အပေါက်တိုင်းလိုလိုက ကျောက်တုံးတွေရဲ့ ဝင်္ကပါတွေဆီကို ဦးတည် သွားနေကြတာ... ပြန်သွားရင် အချိန် ဘယ်လောက် ကုန်ကျမလဲ မသိဘူး.... အကောင်းဆုံး နည်းလမ်းက အပေါ်ကနေ တက်သွားဖို့ပဲ ရှိတော့တယ်"


ဂူခေါင်မိုးပေါ်မှ အက်ကွဲကြောင်းများကို မော့ကြည့်လိုက်ရာ လရောင်သည် ဂူခေါင်မိုးမှ တောက်ပနေသော်လည်း အလွန် အားနည်းလှသည်။ ဦးလေးသုံးက ဧရာမသစ်ပင်ကို ညွှန်ပြလိုက်ပြီး 


“ဒီဧရာမသစ်ပင်ကြီးရဲ့ ထိပ်ကို ကြည့်လိုက်... ဂူခေါင်မိုးနဲ့ အရမ်းနီးတယ် သစ်ပင်ကနေ ဂူထိပ်အထိ ပေါက်နေတဲ့ နွယ်ပင်တွေ အများကြီးရှိတော့ သဘာဝလှေကားနဲ့တောင် တူတယ်... သစ်ပင်တစ်ပင်လုံးမှာ အကိုင်းအခက်တွေ အများကြီးရှိတယ် ဆိုတော့ ငါတို့အတွက် တောင်တက်ရသလိုပဲ လွယ်ကူနိုင်တယ်"


ဖန့်ကျစ်က 


"သခင်သုံး... ဘာလို့ ပေါက်ကရတွေ ပြောနေတာလဲ.... အဲဒီသစ်ပင်က လူစားတဲ့အပင်နော် အဲဒီသစ်ပင်ကို တက်ပြီး သွားတာက သေလမ်း သွားရှာနေတာပဲ မဟုတ်ဘူးလား?"


“ဒီသစ်ပင်ကို ခေါင်းကိုးလုံးမြွေထင်းရှူးပင် လို့ ခေါ်တယ်... ငါအစောကတည်းက တွေးမိပြီးသား... အဲဒီသစ်ပင်တွေက ဒီကျောက်တုံးကို ဘယ်လိုမှ မထိရဲဘူးဆိုတာ မမြင်ဘူးလား? ဒီကျောက်တုံးတွေက ခေါင်းကိုးလုံး မြွေထင်းရှူးပင်ကို အနိုင်ယူဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ ထျန်းယင် ကောင်းကင်နှလုံး ကျောက်တုံးလို့ ခေါ်တယ်.... ငါတို့ ကျောက်ပြာ နည်းနည်းယူပြီး အမှုန့်ဖြစ်အောင် ပွတ်တိုက်မယ် ပြီးရင် ငါတို့ကိုယ်ပေါ် သေချာ လိမ်းလိုက်ကြရအောင်"


တခွေက စိုးရိမ်တကြီး မေးလာ၏။


"အလုပ်ဖြစ်ပါ့မလား"


ဦးလေးသုံးကတော့ သူ့ကို စိုက်ကြည့်ပြီး ကျိန်စာတိုက်တော့မယ် ဆိုတာ သိတာကြောင့် ဝူရှဲ ဝင်ပြောလိုက်တော့သည်။


"ကောင်းပြီ.... စမ်းကြည့်ရအောင် စမ်းကြည့်ရင် ငါတို့ သိလိမ့်မယ်"


စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း လှုပ်ရှားကြတော့သည်။ တခွေက ဖက်တီးကို သူ့နောက်ကျောမှာ ထမ်းပြီး ဦးလေးသုံးက ဖန့်ကျစ်ကို ကူညီပေးလိုက်သည်။ ဝူရှဲ ပစ္စည်းတွေ ထုပ်ပိုးပြီး ဂူကို ပြန်ကြည့်လိုက်တော့ ငါတို့အားလုံး လုံခြုံသွားပြီလို့ပင် ခံစားနေရသည်။ သို့သော် သူ ဂူအပေါက်ထဲကို ပြန်ကြည့်လိုက်မိ၏။ မျက်နှာသေရော ဘယ်လိုနေမလဲ မသိဘူး။ ဦးလေးသုံးက သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သတိထားမိတာကြောင့်


"သူ့ရဲ့ အရည်အချင်းက သူ့ကို သေချာပေါက် ကာကွယ်ပေးနိုင်တယ် မင်း စိတ်မပူပါနဲ့" 


ဝူရှဲလည်း ခေါင်းညိတ်လိုက်၏။ ရှင်းရှင်းပြောရရင် မျက်နှာသေ အတွက်တော့ သူ့မှာ စိတ်ပူပိုင်ခွင့် မရှိပါဘူး။ တစ်ဖက်လူရဲ့ အရည်အချင်းက သူ့ထက် အဆမတန် သာလွန်နေပြီး သူ့မှာပိုင်နိုင်မှုလည်း ရှိပုံပေါ်သည်။ စိတ်ပူရမယ်ရင် တစ်ဖက်လူကတောင် သူ့ကို စိတ်ပူနေမှာပင်။


ဝူရှဲ လက်ထဲမှာ သေနတ်ကိုင်ပြီး ရှေ့ကနေ လျှောက်သွားသည်။ ဦး​လေးသုံးတို့က နောက်က လိုက်လာရင်း ကျောက်စင်ပေါ်ကို ဖြည်းညှင်းစွာ လျှောက်သွားကြသည်။ သူအစောက အမြန် ပြေးဆင်းလာလိုက်တာနဲ့ သေသေချာချာ မကြည့်ခဲ့ပေ။ ကျောက်စင်္ကြန်ကြီးက ထျန်းရှင်း ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတာ တွေ့လိုက်ရသည်။ 


ကျောက်ပြားတွေက အရမ်းကြီးပြီး ဘယ်လို ယူလာလဲတော့ မစဥ်းစားတတ်ချေ။ လှေကားထစ်တွေမှာ ထွင်းထားတဲ့ သမင်ဦးခေါင်း ကြိုး​ကြား အရုပ်တွေလည်း ရှိသေးသည်။ ဒီလိုမျိုး ကျောက်ထွင်းလက်ရာက ရှားပါးတာကြောင့် ဝူရှဲ အံဩသွားခဲ့သည်။ ဒါပေမဲ့ ဒီဘုရင်လုရှန်က မင်းသားအဆင့် ဘယ်လောက်ရှိလို့ သင်္ချိုင်းရဲ့ သတ်မှတ်ချက်တွေက ဘာကြောင့် ဒီလောက် ထူးထူးခြားခြား ဖြစ်နေရတာလဲလို့ တွေးမိလေသည်။ 


ယခုအချိန်တွင် သူတို့သည် သစ်ပင် အရှေ့သို့ ရောက်နေပြီ။ ထိုအခါမှ အပေါက်သည် သူ့အလိုလို ပွင့်လာတာ မဟုတ်ဘဲ အတွင်းမှ သံကြိုးတစ်ဒါဇင်ကျော်ဖြင့် စုတ်ပြဲထွက်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


သူတို့ရှေ့က ကြေးခေါင်းတလားသည် အနည်းဆုံး နှစ်မီတာခွဲ ရှည်လျားပြီး ၎င်းပေါ်တွင် ကမ္ပည်း စာများဖြင့် ထူထပ်စွာ ရေးထိုးထားကြောင်း မြင်ရ၏။


စစ်မတ်ကာလ၏ ဇာတ်ကောင် အမည်များသည် အတော်လေး ရှုပ်ထွေးပြီး ချီနှင့် လုတို့၏ ဇာတ်ကောင်များကို ထိုအချိန်က ပညာရှင်များသာ အသုံးများခဲ့သည်။ ချူပြည်နယ်သည် လုပြည်နယ်ကို သိမ်းပိုက်ပြီးနောက် လုပြည်နယ်၏ ယဉ်ကျေးမှု အများအပြားကိုလည်း သိမ်းယူခဲ့ပြီး ၎င်းတို၏ စာ​ပေ အရေးအသားသည် လုပြည်နယ်နှင့် အတော်လေး ဆင်တူလှသည်။  


သူတို့ ​ခေါင်းပေါ်တွင် ရှိနေသည့် အပျက်အစီး အများစုသည် ထိုကာလ၏ အပျက်အစီးများ ဖြစ်သည်။ ထို့ကြောင့် ဝူရှဲလည်း ဤကမ္ပည်းစာများအကြောင်း အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သည်။


ဒီအချိန်မှာ လူတိုင်းက သင်္ချိုင်းဂူရဲ့ ပိုင်ရှင်ကို နှိုးမိမှာ ကြောက်​နေသလိုမျိုး နှုတ်ဆိတ်နေကြသည်။ ဦးလေးသုံးက ခေါင်းတလားကို ခေါက်လိုက်ရာ အထဲမှ ခပ်မှိုင်းမှိုင်း ပဲ့တင်သံတစ်ခု ထွက်ပေါ်လာပြီး သေချာပေါက် ပစ္စည်းတွေနဲ့ ပြည့်နှက်နေတာ ထင်ရှားပေသည်။ ဦးလေးသုံးသည် သူ ထိုအရာများကို ကျွမ်းကျင်ကြောင်း သိသောကြောင့် တိုးတိုးလေး မေးလာ၏။


“ဘာရေးထားလဲ နားလည်လား?"


ဝူရှဲ ခေါင်းခါလိုက်ပြီး 


“အသေးစိတ်တော့ နားမလည်နိုင်ပေမယ့် ဒီခေါင်းတလားရဲ့ ပိုင်ရှင်က ကျွန်​တော်တို့ရှာနေတဲ့ ဘုရင်လုရှန်ပဲဆိုတာ သေချာတယ်.... အဲဒီ့စကားလုံးက သူ့အသက် ဖြစ်နိုင်တယ်... သူက အသက် ငါးဆယ်အရွယ်မှာ ကွယ်လွန်သွားတာ...သူက သားသမီးမရှိဘဲ ဆုံးပါးသွားခဲ့ပြီး သူသေဆုံးသွားတဲ့ မြင်ကွင်းက ကျွန်တော်တို့ အရင်က သိခဲ့တဲ့အတိုင်းပဲ.... သူရုတ်တရက် လုနန်းတော်ရှေ့မှာ သေဆုံးသွားခဲ့တာ။ ကျန်တာတွေကတော့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းတွေပဲ"


ထိုအချိန်က လုပြည်ရဲ့ သာဘာစကားကို သူ စိတ်မဝင်စားသောကြောင့် အကြိမ် အနည်းငယ်မျှသာ ကြည့်လိုက်ပြီး စာဖတ်ခြင်းကို ရပ်လိုက်သည်။


"ဒါဆို ဒီစကားလုံးတွေက ဘာကိုဆိုလိုတာလဲ"


တခွေက မေးလာ၏။ ခေါင်းတလားရဲ့ အလယ်မှာ "ချီ" ဆိုတဲ့ စာလုံးလေး ရေးထားတာကို တွေ့လိုက်ရပြီး အောက်မှာ "ချူယင်မောင်"(丑寅卯) ဆိုတဲ့ စာလုံးရှည်ကြီး တစ်ကြောင်းကိုလည်း တွေ့လိုက်ရသည်။ ထိုစကားလုံးများသည် အထူးကြီးမားပြီး ပိုမိုစွဲမက်ဖွယ် ကောင်းသည်။ 


ထိုကိန်းဂဏန်းများသည် နေ့တစ်နေ့ရဲ့ အချိန်ကာလ တစ်ခုဖြစ်ကြောင်း သိသော်လည်း နွေဦး၊ ဆောင်းဦးကာလနှင့် စစ်ဖြစ်ဆဲကာလများအတွင်း ကျိုးမင်းဆက် ကျရှုံးသွားကာ မင်းသားတွေ အားလုံးက ကိုယ့်လမ်းကိုယ်သွားကြပြီး ထိုကာခရဲ့ ပြက္ခဒိန်က တော်တော်ကို ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ဝူရှဲလည်း ဘယ်နေ့လဲဆိုတာ အတိအကျတော့ မသိချေ။ 


"ဒါက ခေါင်းတလားရဲ့ ရက်စွဲကို အမှတ်အသား ပြုထားတာ ဖြစ်မယ် ဒါပေမဲ့ ဘယ်နေ့လဲတော့ မသိဘူး"


ကမ္ပည်းစာတွေကို လေ့လာနေတုန်း ဦးလေးသုံးတစ်ယောက် ခေါင်းတလားကို ဖွင့်နည်းကို လေ့လာနေပြီ။ သံကြိုးတွေကို လှုပ်ခါလိုက်သည်။ သံကြိုး တစ်ချောင်းစီက တစ်လက်မ အထူရှိက အဲဒီတုန်းက တရုတ်နိုင်ငံဟာ သံထည်ခေတ်ကို ဝင်ခါစမို့ သံထည်တွေနဲ့ ဇိမ်ခံပစ္စည်းများ သုံးလာကြသည်။ နှစ်များစွာကြာပြီးနောက် ၎င်းတို့အများစုသည် ဆိုးရွားစွာ အို​ဟောင်းလာခဲ့လို့ အခြေခံအားဖြင့် အလှဆင်ခြင်း အဖြစ်သာ အသုံးပြုနိုင်သည်။ 


ဝူရှဲ သူတို့ကို ဖယ်ခိုင်းကာ သေနတ်ကျည်ဆံနဲ့ သံကြိုးကို ပစ်ထည့်လိုက်သည်။ ထို့နောက် အနည်းငယ် ဆွဲလိုက်တဲ့အခါ သံကြိုးများက မထင်ထားလောက်အောင် ပြတ်တောက်သွားကာ အနေအထားကို ပြင်ဆင်ရန် အနည်းငယ်သာ ကျန်ရှိတော့သည်။


ထိုစဥ် ဦးလေးသုံးက သူ့​ကို နောက်ပြန်ဆုတ်ခိုင်းပြီး 


"အဲဒါကို လေ့လာနေတာ ရပ်လိုက်တော့ သူပွင့်လာမှ ထပ်ပြောရအောင်!"


သူစကားပြောပြီးသည်နှင့် အခေါင်းသည် သူ့အလိုလို တုန်ခါသွားကာ အတွင်းမှ အသံဗလံများ ထွက်ပေါ်လာသည်။ ပထမတော့ ဝူရှဲ နားကြားမှားတယ်လို့ ထင်ပြီး တခြားတစ်ယောက်ယောက်ကို မေးတော့မယ်လို့ တွေးမိလိုက်ချိန်မှာ ရုတ်တရတ် ပြန်ပြီး ထိတ်လန့်သွားမိပြန်သည်။ အခု ရှင်းရှင်းလင်းလင်း ကြားလိုက်ရတဲ့ အသံကြောင့် ရင်ထဲမှာ အေးစက်သွားသလို ခံစားလိုက်ရသည်။ 


ဒီအရာကြီးက အမှန်တကယ်ကို ပြဿနာ ရှိနေခဲ့လေပြီ။ 





ဘာသာပြန် - 丑寅卯 တရုတ် ရှေးခေတ်သုံး အချိန်နာရီပါ။

丑 ပေကျင်းစံတော်ချိန် 1:00 ကနေ 3:00

寅 ပေကျင်းစံတော်ချိန် 3:00 ကနေ 5:00

卯 ပေကျင်းစံတော်ချိန် 5:00 ကနေ 7:00


အသွေးလည်း မသိလို့ ပြေးရှာထားတာ